Wednesday, February 29, 2012

Ku Mojo - Cartoon

ကင်ဆာမဟုတ်တဲ့ ... ဆင်ဆာ
ကာတွန်း - ကူမိုးကြိုး
မတ်လ ၁၊ ၂၀၁၂


Phoe Htet- Essay

နှစ်သက်မိသော မျက်ရည်များ
ဖိုးထက်
မတ် ၁၊ ၂၀၁၂



အမှန်အတိုင်းသာဝန်ခံရလျှင် နိုင်ငံရေးဆိုတာ မစားကောင်းသောအသီးလို့ ကျနော်ခံယူခဲ့သည်။ ထိုအယူအဆအတိုင်း နေထိုင် ဖြတ်သန်း လာသဖြင့် ယခုခေတ် နိုင်ငံရေးခေါင်းဆောင်တွေဆိုလျှင် ဗိုလ်ချုပ်သမီးငယ် ဘမျိုးဘိုးတူ စိတ်ဓာတ်ရှိသည့် ဒေါ်အောင်ဆန်းစုကြည်ကို သိ သည်။ နောက် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်ဆိုသူများထဲကမှ ကိုမင်းကိုနိုင်ကိုသိသည်။ ဒါတောင်မှ ပေါ်ဦးဆိုသည့် သူ့နာမည် အရင်းကိုတောင် ကြီးမှသိခြင်းဖြစ်သည်။

တကယ်တော့ ၈၈ ဆိုသည့်ခုနှစ်မှာ ကျနော်က ချာတိတ်ပေါက်စ။ ၈၈ အရေးအခင်းကြီးတုံးမှာ ကျနော်က မူလတန်းကျောင်းသား။ အရေး အခင်းကြီးမှာ ကျနော် မှတ်မှတ်ရရရှိခဲ့တာ နှစ်ခုဘဲရှိသည်။ တစ်ခုက ကျနော်တို့သားအမိ ဗွီဒီယိုသွားသွားကြည့်သည့် ဗွီဒီယိုရုံပိုင်ရှင်သမီး စင်မြင့်ထက်မှ တရားဟောခြင်းဖြစ်သည်။ ဖနောင့်တစ်ချက်ပေါက်ရင် မီးဟုန်းဟုန်းတောက်စေရမယ်ဆိုပြီး ငေါက်ငေါက်ငမ်းငမ်း ဟောပြော ခြင်းအား ဘာကိုကြောက်မှန်းမသိ ကျနော်ကြောက်ခဲ့သည်။

ဒုတိယမှတ်မိတာက ကျောက်သယ်သောကားကြီးနှင့် ကျနော်တို့နေသောရွာမှ မန္တလေးကျုံးအထိသွားကာ ဆန္ဒပြလူပင်လယ်ကြီးနှင့် ပူးပေါင်းခြင်း၊ ကျနော့်လက်မှာက ဘယ်သူလာထည့်ပေးသွားမှန်းမသိသော “ကျွန်ုပ်တို့ ငြိမ်းချမ်းစွာဆန္ဒပြနေသည်” ဆိုသည့် ဆိုင်းဘုတ်လေး ကိုင်ထားခဲ့သည်။ မူလတန်းကျောင်းသား ချာတိတ်အရွယ်၊ ဆိုင်းဘုတ်နှင့် မြောက်ကြွ မြောက်ကြွမျက်နှာကိုကြည့်ကာ လူတွေ ပြုံးစိ ပြုံးစိ လုပ်သွားတာမှတ်မိသည်။ ရေခဲချောင်းတွေစားရသည်။ ကောက်ညှင်းပေါင်းလည်း စားခဲ့ရသည်ထင်သည်။ အအေးတွေလည်း သောက် သည်။ အိမ်ပြန်ရောက်တော့ အစားစုံကာ ကျနော်အပြင်းဖျားသည်။ ထိုတွင် ၈၈ နှင့် ကျနော် အဆက်အသွယ်ပြတ်သွားတော့သည်။

“နိုင်ငံရေးများ သွားမစလေနဲ့။ ဘ၀ပျက်သွားမယ် ဘာမှတ်နေလဲ” ဆိုသည့်ဝန်ထမ်း အမေ့စကားသံနှင့်အတူ နိုင်ငံရေးနှင့် အတော်ဝေးခဲ့သည်။ ပါတ်ဝန်းကျင်သူငယ်ချင်းတွေထဲမှာ နိုင်ငံရေးလုပ်တဲ့သူလဲ ဘယ်သူမှမရှိပါဘူးလေဆိုပြီး ဖြတ်သန်းခဲ့သည်။ နိုင်ငံရေးဆိုတာ နှဖူးခေါင်းစီး စီး၊ လူအုပ်ကြီးနဲ့ လိုက်အော်၊ ထောက်လှမ်းရေးတွေ အချိန်မရွေးလာခေါ်တာ လိုက်နိုင်ရမည်ဟု မှတ်ခဲ့သည်။ နိုင်ငံရေးလုပ်ဖို့ ငါ့အသက် ငယ်သေးတယ်ဆိုပြီး တွေးကာနေခဲ့သည်။ သို့သော် ကျော်ကိုကို၊ နေဘုန်းလတ်တို့ကိုတွေ့ပြီး မျက်နှာကို ဘယ်နားထားရမှန်းမသိဖြစ်ကာ မျက်နှာပြောင်ဘဲတိုက်ရသည်။

မရှက်တမ်းသာဝန်ခံရလျှင် နိုင်ငံရေးအသိ ဆင်းရဲလွန်းခဲ့သည်။ ထို့ကြောင့် အခုနောက်ဆုံး ကိုမင်းကိုနိုင် ထောင်မှပြန်လွတ်လာတော့ ကျောင်းနံရံမှာ ဒေါင်းအလံတွေပြန်စိုက်မည်ဆိုပြီး ကြွေးကြော်သံကို ကျနော်မခိုက်။ မခံစားရ။ ၈၈ အရေးတော်ပုံကြီးသည် မြန်မာ့နိုင်ငံ ရေးသမိုင်းမှာ အရေးပါအရာရောက်သည်ဆိုတာကို အသက်ကြီးကာမှ သတိထားမိလာသည်။ ၈၈ မျိုးဆက်ကျောင်းသားဟုဆိုလိုက်လျှင် ကိုမင်းကိုနိုင်ကိုဘဲသိသည်။ ကိုဂျင်မီ၊ ကိုဌေးကြွယ်၊ မမီးမီးတို့ကို သိသလိုလိုရှိသော်လည်း တကယ်တော့မသိ။

သို့သော် ဗိုလ်ချုပ်အောင်ဆန်းရုပ်ရည်နှင့်ဆင်တူသော ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်ဆိုပြီး ကိုကိုကြီးကို ရည်ညွန်းကြတော့ ကျနော်သတိထားမိသွားသည်။ စကားပြောပုံက ကိုမင်းကိုနိုင်တို့နှင့်မတူ။ ကိုမင်းကိုနိုင်က တက်တက်ကြွကြွ၊ ထက်ထက်မြက်မြက် ခေါင်း ဆောင်ပီပီ စည်းရုံးနိုင်စွမ်းရှိပုံရသည်။ ကိုကိုကြီးကျတော့ စာဖတ်နာသောလူတစ်ယောက် စကားပြောနေသလိုမျိုး။ ချင့်ချင့်ချိန်ချိန်၊ နှိုင်းနှိုင်းဆဆ။

ဒီလိုဆိုတော့ ကိုမင်းကိုနိုင်တို့စကားပြောတာ ဗြဲလျှမ်းကြီးလို့ဆိုလိုချင်တာလားဟုအမေးရှိလာလျှင် မဟုတ်ဘူးလို့ဘဲဖြေရမည်။ ကျနော့် ပုဂ္ဂလိကခံစားချက်က ကိုကိုကြီးကို ပိုသဘောကျနေသောကြောင့် တစ်ဖက်သတ်မျက်နှာလိုက်ကာ အမှတ်ပေးခြင်းဖြစ်မည်။

အစ်ကို ကိုကိုကြီး ထောင်မှထွက်ထွက်ခြင်း အင်တာဗျူးတစ်ခုမှာ ပြောသောစကားရှိသည်။

“ကျနော်တို့နေ့စဉ် ကြုံတွေ့နေရတဲ့လူမှုရေး၊ စီးပွားရေးဒုက္ခတွေ၊ အကျပ်အတည်းတွေဟာ နိုင်ငံရေးကြောင့်ဖြစ်တယ်။ နိုင်ငံရေးဟာ အခြေ ခံဖြစ်တယ်။ ကျနော်တို့ နိုင်ငံသားတယောက် ချင်းစီဟာနိုင်ငံရေးနဲ့ မပတ်သက်လို့ မရဘူး။ ကိုယ်ကိုယ်တိုင် တပိုင်တနိုင်ပါဝင်ကြမှဖြစ်မယ် ဆိုတာကို ကျနော်တို့ နိုင်ငံသူနိုင်ငံသားတွေကိုပြောချင်ပါတယ်”

ကိုကိုကြီးစကားကို ကိုမင်းကိုနိုင်၏ ဒေါင်းတွေ၊ ကျောင်းတွေပါသောစကားထက် ပိုသဘောကျသည်။ ကျနော့်ရင်ထဲကို ပိုရောက်သည်။ ကျောင်းကို ကျောင်းလိုမတက်ခဲ့ရသော မျိုးဆက်လူငယ်တစ်ယောက်ဟု ကျနော့်ကိုအမြင်ရှိကြလျှင် ကျနော့်ခံစားချက်ကို နားလည်ကြမည် ထင်သည်။

အခု နောက်ဆုံး သရက် NLD ရုံးဖွင့်ပွဲအသွားခရီး မော်တော်ပေါ်မှာ အင်တာဗျူးရင်း မျက်ရည်ကျနေသော ကျနော့်လူကြီး ကိုကိုကြီးငိုတာ တွေ့ရတော့ ဒါမှငါ့လူကြီးကွဟု အားရမိသည်။ ခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး ငိုရသလားဟု အပြစ်တင်ကောင်းတင်နိုင်ကြသည်။ ကျနော့် အမြင်က တမျိုးဖြစ်သည်။ စိတ်ထားနူးညံ့သော၊ အနုပညာအခံစိတ်ရှိသောခေါင်းဆောင်များသည် ကလေးလေးကို ခဏ ခဏ မျက်ရည်ကျ မနေလျှင်ပြီးရော။ လူသားပီပီ ခံစားချက် ပြင်းထန်လွန်းလာလျှင် မျက်ရည်ကို ထိန်းထိန်းသိမ်းသိမ်း ကျခွင့်ပေးလိုက်တာ သူတို့ခံစားချက်ကို လေးစားရာရောက် မည်ထင်သည်။

ကျနော့်လူကြီးကျသောမျက်ရည်တွေသည် ၀မ်းနည်းမျက်ရည်မဟုတ်။ မခံချင်စိတ်များဖြင့် ဂလဲ့စားခြေချင်သည့် အမုန်းမျက်ရည်များ မဟုတ်တာ သေချာသည်။ နိုင်ငံအတွက် သူလျှောက်လှမ်းချက်သောလမ်းကို လျှောက်နေရပြီဆိုသည့် ၀မ်းသာကြည်နူးမှုကြောင့် ကျသော မျက်ရည်တွေဘဲ ဖြစ်မည်ထင်သည်။ သူ့ဆီက ဒီလိုမျက်ရည်များများ ထပ်တွေ့ချင်ပါသေးသည်ဟု တွေးမိလျှင် ကျနော့်ကို ခွင့်လွှတ်ကြစေ ချင်သည်။

Saung Yun La - Poem

အရာရာအားလုံး … ဟောင်းနွမ်းလွန်းနေလို့
ဆောင်းယွန်းလ
မတ် ၁၊ ၂၀၁၂



အရင်တုန်းက ငါတို့တတွေလည်း

အခု မင်းတို့လိုပါပဲ
ဖြစ်ခဲ့ဖူးတယ် ဖြစ်ခဲ့ဖူးကြတယ်….

သီချင်းတပုဒ်ထဲမှာ သူငယ်ချင်းနှစ်ယောက်
လက်ဖက်ရည်တခွက်ကို
တယောက်တဝတ် သောက်တတ်ခဲ့ကြဖူးတယ်…

ကဗျာတပုဒ်ထဲမှာလည်း သူငယ်ချင်းနှစ်ယောက်
ဆေးပေါ့လိပ်တလိပ်ကို
တယောက်တဖွာ အိပ်ရာဝင်ခဲ့ကြဖူးတယ်…

ငါတို့ထက်ကျစ်လစ်တဲ့ လက်သီးဆုပ်တွေတောင်
ငါတို့လက်သီးတွေလောက် မကျစ်လစ်ခဲ့ကြဘူး…

ငါတို့ထက်အားကောင်းတဲ့ လက်မောင်းတွေတောင်
ငါတို့လက်မောင်းတွေလောက် အားမကောင်းခဲ့ကြဘူး…

အဲသလို…
ပြောရင်း …ဆိုရင်း …နေရင်း ….ထိုင်ရင်း ….
ကုန်လွန်ခဲ့ကြ… တက်လှမ်းခဲ့ကြ …ဖြတ်သန်းခဲ့ကြ…

ပြန်မရနိုင်တော့မယ့် နာရီတွေက
ရာသီစာ ကဗျာတပုဒ်ထက် ပိုပြီး …..နက်နက်နဲနဲ…

အခုတော့….
ငါတို့အားလုံးတွေရဲ့ဘဝတွေထဲမှာ
အရင်အတိုင်းဆိုတာတွေထက် ပိုလွန်းတဲ့ မလိုအပ်မှုများနဲ့
မှားယွင်းစွာ ခါးသီးဟောင်းနွမ်းနေကြ…

ဖြစ်နိုင်ရင်…..
လွန်ခဲ့တဲ့ အနှစ်၂၀ ကျော်ကာလကို
တညလောက် ပြန်ရကြည့်ချင်တယ်….။ ။

Nay Myo Aye - USDP the fools


ကာတွန်း နေမျိုးအေး - ကြံ့ဖွတ်လူမိုက် ဒုစရိုက်
မတ် ၁၊ ၂၀၁၂

ဟိုတယ်ဝန်ထမ်းအား ပါးရိုက်မှု မြို့နယ်ရုံးမှ ခရိုင်ရုံးသို့ ပြောင်းလဲ စစ်ဆေးခွင့်ပြု


ဖေဖေါ်ဝါရီ ၂၉၊ ၂၀၁၂ (YPI) by Yangon Press International



ပုဇွန်တောင်မြို့နယ် တရားရုံးသို့ ရုံးချိန်းလာရောက်သည့် ဂျပန်နိုင်ငံသား Okahashi Takashi အား တရားရုံးရှေ့တွင် မြင်တွေ့ရစဉ်။ (ဓါတ်ပုံ မူပိုင် YPI)

ပြီးခဲ့သည့်လ ၂၈ ရက်နေ့က ဂျပန်နိုင်ငံသားတဦးက Orchid Hotel အမျိုးသမီး ၀န်းထမ်းတဦးကိုပါးရိုက်ခဲ့သည့် အမှုအား လက်ရှိ အမှုစစ်ဆေးမည့် ပုဇွန်တောင်မြို့နယ် တရားရုံးမှ ခရိုင်တရားရုံးသို့ ပြောင်းရွှ့စစ်ဆေးသွားရန် ခွင့်ပြုလိုက်ကြောင်း ဟိုတယ် မန်နေဂျင်း ဒါရိုက်တာ ဦးဌေးအောင်က ပြောသည်။

မြို့နယ် တရားရုံးမှ ခရိုင်တရားရုံးသို့ ပြောင်းရွှေ့ အမှုရင်ဆိုင်ရခြင်းမှာ ကာယကံရှင်ဟိုတယ် ၀န်ထမ်းအမျိုးသမီး၏ ဆန္ဒကြောင့် ပြောင်းရွှေ့စစ်ဆေးရခြင်းဖြစ်ကြောင်း ကာယကံရှင် ဒေါ်အေးအေးကြည်က ပြောသည်။

“ပုဇွန်တောင် တရားရုံးက ဒီအမှုကို တရားမျှတစွာစစ်ဆေးပေးမယ်လို့ မခံစားရဘူး၊ဒါကြောင့် ခရိုင် တရားရုံးကိုပြောင်းလဲ စစ်ဆေးပေးဖို့ တောင်းဆိုတာ ဒီနေ့ ပြောင်းလဲစစ်ဆေးခွင့်ရလိုက်တယ်” ဟုသူမက ပြောသည်။

ပြီးခဲ့သည့် လ ၂၈ ရက်နေ့က Orchid Hotel တွင် တည်းခိုနေသော ဂျပန်နိုင်ငံသား Mr.Okahashi Takashi ကညဘက်တွင် ဟိုတယ်သို့ သက်သေအထောက်အထား မပြည့်စုံသည့် အမျိုးသမီးတဦးအားခေါ်လာရာ ဟိုတယ်ဝန်ထမ်းအမျိုးသမီး ဒေါ်အေးအေးကြည်က တားဆီပြောဆိုရာ ဂျပန်နိုင်ငံသား ကသူမကို ပါးရိုက်ခဲ့သည်။

ထိုသို့ ပါးရိုက်ခံခဲ့ ရသည်ကို ပုဇွန်တောင်မြို့နယ် ရဲစခန်းသို့ သွားရောက်တိုင်ကြားရာ ပါးရိုက်ခဲ့သည့် သက်သေအထောက်အထား ဆေးစာရွက်ရှိမှ အမှုဖွင့် အရေးယူနိုင်မည်ဟု ပြောဆိုခဲ့ရာမှ ၎င်းအမှုမှာ နာမည်ကြီးသွားခဲ့ပြီး ပြည်ထဲရေး ၀န်ကြီးဌာနမှလာရောက် စစ်ဆေးအမှုဖွင့်ပေးခဲ့သည်။
ဝန်ထမ်းအမျိုးသမီးက ဂျပန်နိုင်ငံသားအား ကိုယ်ထိလက်ရောက်စော်ကားမှုဖြင့် အမှုဖွင့် ထားသကဲ့သို့ ဂျပန်နိုင်ငံသားကလည်း သူမကို ၎င်းအား အင်အားသုံးတားဆီမှု နှင့် ၎င်း၏ပိုက်နက်အတွင်းဝင်ရောက်ခွင့်မပြု ခြင်း စသည် တို့ဖြင့် တရားပြန်ဆွဲထားသည်။

ပြီးခဲ့သည့် ၂၂ ရက်နေ့တွင် စတင်အမှုရင်ဆိုင်ကြပြီး ယနေ့ ၂၉ ရက်ရုံးချိန်းတွင် ၀န်ထမ်းအမျိုးသမီး တောင်းဆိုထားသည့်အတိုင်း ခရိုင်တရားရုံးသို့ ပြောင်းရွှေ့စစ်ဆေးခွင့် ပြုကြောင်း ပုဇွန်တောင် မြို့နယ်တရားရုံးက အမိန့်ချမှတ်လိုက်သည်။

“ကျွှန်မကအမှန်မှာ အမှုက အေးအေးဆေးဆေး ပြီးသွားမယ်ဆိုရင်ပြီးသွားမှာပဲလေ ၊အခုတော့ တရားရုံးသွားတော့ ဂျပန်ကတရားပြန်ဆွဲထားတယ်တဲ့ ၊အဲနေ့မှာပဲ ကျွှန်မတို့ က အာမခံတယောက်သိန်းနှစ်ရာလိုတယ်တဲ့ အကယ်လို့ ညနေလေးနာရီမှ မပေးရင် အဖမ်းခံရမယ် ၊အချုပ်ခံရမယ်တဲ့၊ကျွှန်မက ဟိုတယ်ကနောက်ခံရှိနေလို့ပေါ့ အကယ်လို့ ကျွန်မနေရာမှာဆင်းရဲသား ဖြစ်နေရင် ကိုယ့်အမှုကမှန်နေရင်တောင် အာမခံ မပေးနိုင်လို့ အချုပ်ထဲကနေအမှုရင်ဆိုင်ရမဲ့ သဘောရှိတယ်” ဟု ဒေါ်အေးအေးကြည်က မီဒီယာများအား ပြောကြားသည်။

ဒါ့အပြင် သူကမတို့ ကိုဂျပန်နိုင်ငံသားက တရားစွဲဆိုထားသည့်အကြောင်းအရာကိုလည်း ရဲစခန်းမှအသိပေးခြင်း မရှိဘဲ တရားရုံးသွားခါနီး တရက်အလိုကျမှသာ သိခွင့်ရခဲ့ပြီး ဘုမသိဘမသိနှင့် တရားရုံးသွားခဲ့ရကြောင်း ထို့ ကြောင့်အမှုကို အမှန်အတိုင်း အမှုမှန်ပေါ်ပေါက် လာသည်အထိ တရားရင်ဆိုင်သွားမည်ဟုဆိုသည်။

လက်ရှိ အဆိုပါ အမှုကို ဟိုတယ်ဝန်ထမ်း အမျိုးသမီးဘက်က လိုက်ပါကူညီဆောင်ရွက်ပေးနေသူ မြန်မာနိုင်ငံဧည့် လမ်းညွှန်အသင်းက ကိုနေလင်းထိုက်ကလည်း အဆိုပါအမှု အမှုမှန်ပေါ်ပေါက်တဲ့အထိ အဆင့်ဆင့် တရားရင်ဆိုင်သွားရန်အတွက် ကူညီဆောင်ရွက်ပေးသွားမည်ဟုဆိုသည်။

“ဂျပန်အမှုနဲ့ပတ်သတ်ရင် ကျောက်ပန်းတောင်းကအမှုဆို ဆိုက်ကယ်သမားက သေဒဏ်ကျတယ်လေ မြန်မာနိုင်ငံအနေနဲ့ လောလောဆယ်မှာနိုင်ငံခြားဧည့်သည်တွေရင်းနှီးမြှပ်နှံသူတွေကိုဆွဲဆောင်နေတော့ နိုင်ငံခြားသားတွေကို အတိုင်းအတာတခုအထိဦးစားပေးသတ်မှတ်ပြီး ကာကွယ်ပေးနေတယ်လို့ ယူဆချင်ရင် ယူဆလို့ရတယ် ဒါပေမဲ့ဒီလိုအဖြစ်အပျက်တွေက ကျွှန်တော်တို့ရဲ့ အမျိုးသားအကျိုးစီးပွား အတွက်ပါ၊အမှုမှန်ပေါ်တဲ့အထိ ရင်ဆိုင်သွားမှာပါ” ဟုဆိုသည်။
အဆိုပါအမှုကို လာမည့် ၁၄ ရက်နေ့တွင် ခရိုင်တရားရုံးတွင် စစ်ဆေးသွားရန် ရှိသည်။ ။
(မူရင်းလင့်ခ www.facebook.com/ygnpress )

ကျောင်းတိုက်မှ ထွက်ခွာပေးမည်မဟုတ်ဟု ဦးဃောသိတ ဆို

ဖေဖေါ်ဝါရီ ၂၉၊ ၂၀၁၂ (Yangon Press International )



သုံးရက်အတွင်းကျောင်းမှ ဆင်းပေးရန် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့မှ အမိန့်ထုတ်ပြန်ခြင်း ခံခဲ့ရသော်လည်း မိမိအနေဖြင့် လက်ရှိနေထိုင်သည့် လိပ်ပြာကန်ကျောင်းမှ ထွက်ခွာပေးမည် မဟုတ်ဟု နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးလည်းဖြစ်သူ ဦးဇင်းဦးဃောသိတက ပြောကြားသည်။

ယင်းအနေဖြင့် ယနေ့တွင် တိုင်းသာသနာရေးဦးစီးဋ္ဌာနသို့ သွားရောက်မေးမြန်းရာ ယင်းဋ္ဌာနမှတာဝန်ရှိသူတစ်ဦးက အထက်ပါအတိုင်း အမိန့်ထုတ်ပြန်ထားသော်လည်း တန်ခူးလအထိ နေခွင့်ရှိသည်ဟု လျှောက်ထားခဲ့ကြောင်း ဦးဃောသိတကပြောသည်။

‘ နဂိုကတည်းက ဦးဇင်းက ကျောင်းကထွက်ပေးဖို့ မစဉ်းစားထားဘူး။ ခုလိုပြောတော့ပိုကောင်းသွားတာပေါ့။’’ ဟု ၎င်းကပြောသည်။

လိပ်ပြာကန်ကျောင်းတိုက်ပိုင်မြေများအား ပဓာနနာယကဆရာတော်ဦးဇောတိက မှ ခွဲစိတ်ရောင်းချမှုကို ကျောင်းတိုက် နာယကဆရာတော်များထံ ဦးဆောင်တိုင်ကြားသဖြင့် ဦးဇောတိကမှ ၎င်းအား နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ထံ ပြန်လည်တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း ဦးဃောသိတက ပြောသည်။

Mar Mar Aye - 413

“ပြောပြစရာတွေလည်း တပုံကြီးရှိသေးတယ်” အမှတ် (၄၁၃)
မာမာအေး
မတ် ၁၊ ၂၀၁၂


"…ဧရာဝတီအရေးကလဲ အေးခဲ့ပြီတဲ့ရှင့်၊ ကိုယ်မောင်ကိုယ်ဖွား သွေးချင်းအစုအဖွဲ့များနဲ့လဲဘဲ၊ နွားကွဲကျားကိုက် မဖြစ်ထိုက်တော့ဘူးလို့ စိတ်ကူးရသယောင်၊ လင်းရောင်တန်းတွေ၊ ဂီတမာလာ ငုံလွှာပန်းတွေ 'စုလေး' ခေါင်းမှာ ဝေတဲ့ အခြေအနေတွေလဲ မြင်နေရပါလား…"

interview with DVB chief


ဒီဗွီဘီ ပြည်တွင်းသတင်းထောက်များ တရားဝင် ရပ်တည်ခွင့်ရရေး ဦးကျော်ဆန်း စဉ်းစားပေးမည်
DVB အင်တာဗျူး
ဖေဖော်ဝါရီ ၂၉၊ ၂၀၁၂


ဦးအေးချမ်းနိုင်နှင့် ဦးကျော်ဆန်း တွေ့ဆုံစဉ် (ဓာတ်ပုံ - ဒီဗွီဘီ)

ဒီမိုကရက်တစ်မြန်မာ့အသံက သတင်းထောက်တွေ ပြည်တွင်းမှာ တရားဝင်လာရောက် သတင်းယူဖို့ မြန်မာအစိုးရက သဘောတူလိုက်ပါတယ်။

Khin Nyunt and Khin Shwe

ဦးခင်ညွန့်ကို ဦးခင်ရွှေ ကျေးဇူးဆပ်ပြီ
ခင်ဦးသာ/ဧရာဝတီ
ဖေဖော်ဝါရီ ၂၉၊ ၂၀၁၂

ဦးခင်ညွန့်၊ ဦးခင်ရွှေတို့ ယခင်က ဆက်စပ်မှု ဓာတ်ပုံမှတ်တမ်း။
မကြာသေးမီက အကျယ်ချုပ်မှ ဦးခင်ညွန့် လွတ်မြောက်စဉ် ပထမဦးဆုံး သွားရောက်တွေ့ဆုံသူများထဲတွင် ဦးခင်ရွှေက ထိပ်ဆုံးတွင် ပါဝင်ခဲ့သည်ကို FaceBook စာမျက်နှာများတွင် တွေ့ခဲ့ရသည်။

Tuesday, February 28, 2012

More visitors to Burma, pressing for lifting sanctions

မြန်မာပြည်သို့ လည်ပတ်သည့်ပြည်ပဧည့်သည်ဦးရေ များပြား၊ ပိတ်ဆို့မှုဖွင့်ပေးရေး ဖိအားသဖွယ်ဖြစ်
မိုးမခအထောက်တော် ၀၀၂၊ ဖေဖော်ဝါရီ ၂၉၊ ၂၀၁၂
၂၀၁၂ ဇန်န၀ါရီလဆန်းမှစတင်ပြီး မြန်မာပြည်သို့ လာရောက်လည်ပတ်သည့် ပြည်ပဧည့်သည်ဦးရေ များစွာတိုးတက်လာသည်ဟု မြန်မာပြည်သို့ လေ့လာရေးထွက်ခဲ့သည့် NPR ရေဒီယိုသတင်းထောက်က ၎င်းသတင်းဆောင်းပါးတွင် ထုတ်ဖော်ပြောဆိုလိုက်သည်။
မြန်မာပြည်တွင်းသို့ ဧည့်ဗီဇာဖြင့် လာရောက်သည့် ပြည်ပခရီးသည်များ တိုးတက်လာကြောင်း၊ လက်ရှိအစိုးရကိုယ်တိုင်ကလည်း ၂၀၁၂ ကို ခရီးသွားနှစ်သဖွယ် ဖြစ်လာအောင် ကြိုးစားပြင်ဆင်နေပုံရကြောင်း၊ အာဆီယံဆိုင်ရာ လုပ်ငန်းများ၊ ညီလာခံများသာမက အခြားနိုင်ငံများက လေ့လာရေးအဖြစ် ၀င်ရောက်လာသည့် ဧည့်သည်များ အစုအဖွဲ့များကိုလည်း မြန်မာအစိုးရက ကောင်းမွန်စွာ လက်ခံနေကြောင်း အဆိုပါ ရေဒီယိုသတင်းတွင် ထုတ်ဖော်ပြောဆိုထားသည်။
နိုင်ငံခြားသတင်းထောက်များ၊ လုပ်ငန်းရှင်များ၊ အစိုးရအဖွဲ့များ၊ အစိုးရမဟုတ်သည့် အစုအဖွဲ့များကို သိန်းစိန်အစိုးရနှင့် ရွှေမန်းလွှတ်တော်က လက်ခံတွေ့ဆုံသည့် အကြိမ်အရေအတွက်သည် အဆိုပါပုဂ္ဂိုလ်တို့ အတိုက်အခံများနှင့် တွေ့ဆုံသည့်အကြိမ်ထက် ပိုမိုများပြားသည်ဟု သတင်းသုံးသပ်သူက ပြောဆိုသည်။
နိုင်ငံတကာက ဧည့်ပရိသတ်လာရောက်လည်ပတ်မှု များပြားလာခြင်းသည် လက်ရှိအစိုးရအပေါ် ပိတ်ဆို့အရေးယူမှုများ ရုတ်သိမ်းဖို့ ဖိအားသဖွယ် တွန်းအားသဖွယ် ဖြစ်နေသည်ဟု မြန်မာပြည်တွင်းရှိ မြန်မာအီးဂရက်က ဦးဆောင်သူတဦးဖြစ်သူ ဦးလှမောင်ရွှေက ပြောဆိုကြောင်း သတင်းဆောင်းပါးတွင် ကောက်နုတ်ထားသည်။ ၂၀၁၀ ရွေးကောက်ပွဲတွင် စစ်အစိုးရ၏ အရပ်ဝတ်ကြံ့ဖွံ့ပါတီ အာဏာရပြီးနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အတိုက်အခံနိုင်ငံရေးအင်အားစုများကို လွတ်လပ်ခွင့်ပေးခြင်း၊ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခြင်းတို့ကြောင့် မြန်မာပြည်သည် တိုးတက်သည့် အပြောင်းအလဲကို ရှေ့ရှုနေပြီဟု အမေရိကန်၊ ဗြိတိန်နှင့် အီးယူရှိ အစိုးရပိုင်းနှင့် နိုင်ငံရေးသမားအချို့က သုံးသပ်လျက်ရှိသည်။
(Photo, AFP, Getty Images - 2012, February, Burmese exile, Ko Aung Naing Oo seen with family at his return)

ကချင်ပြည်နယ် ပဋိပက္ခများကို နိုင်ငံရေးနည်းဖြင့်ဖြေရှင်းရန် ၈၈ မျိုးဆက်က ဆန္ဒရှိ


by Yangon Press International on Tuesday, 28 February 2012 at 00:13 ·
မြစ်ကြီးနား၊ ဖေဖေါ်ဝါရီ ၂၈၊ ၂၀၁၂ (YPI)
ကချင်ပြည်နယ်တွင် ယခုဖြစ်ပွားနေသည့် လက်နက်ကိုင် ပဋိပက္ခများသည် မြန်မာနိုင်ငံအတွက် လက်ငင်းဆောင်ရွက်ရမည့် ပြဿနာများဖြစ်၍ နိုင်ငံရေးကြောင့်ဖြစ်သည့် ပဋိပက္ခကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် အလေးအနက်ဆန္ဒပြုသည်ဟု ၈၈ မျိုးဆက်ကျောင်းသားများက ၎င်းတို့၏သဘောထားကိုယနေ့ ကြေညာလိုက်သည်။
ကချင်ပြည်နယ်သို့ ယခုလ ၂၃ ရက်နေ့က ရောက်ရှိခဲ့သည့် ၈၈ မျိုးဆက်ကျောင်းသား အဖွဲ့မှ ခေါင်းဆောင်များက ယနေ့နံနက် မြစ်ကြီးနားမြို့တွင် ကချင်ပြည်နယ်ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲ တရပ်ကိုပြုလုပ်စဉ် ယခုကြေညာချက်ကို ထုတ်ပြန်ကြေညာ ခဲ့ခြင်းဖြစ်သည်။
၈၈ ကျောင်းသားခေါင်းဆောင် တဦးဖြစ်သည့် ကိုပြုံးချိုက “ ကချင်ပြည်နယ် မှ ဖြစ်ပေါ်နေတဲ့  မြစ်ဆုံကိစ္စနဲ့ ကချင်စစ်ဘေးသင့် ကိစ္စတွေကို အကျဉ်းထောင်ထဲမှာ ရှိစဉ်က မီဒီယာက ရရှိတဲ့ သတင်းအရ သိရတယ်
ကျွန်တော်တို့ သူငယ်ချင်းတွေ အားလုံး လွတ်လာပြီး စုပြီး တိုင်ပင်လိုက်တဲ့အခါမှ ကျွန်တော်တို့ ရှေ့ဆက်လုပ်သွားမဲ့ လုပ်ငန်းစဉ်တွေထဲမှာ  တိုင်းရင်းသားတွေ ရဲ့ပဋိပက္ခကိစ္စတွေ ကိုလည်း ကျွန်တော်တို့ အာရုံစိုက်သင့်တယ်ဆိုတဲ့ အချက်တချက်ပါလာတယ်”  ဟု YPI သို့ပြောသည်။
၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ ကချင်ပြည်နယ်သို့ ရောက်ရှိနေစဉ်အတွင်း ယခုလ ၂၄ ရက်နေ့တွင် မြစ်ဆုံ တန်ဖဲရွာ၌ ပြုလုပ်သည့် မြစ်ဆုံကျေးဇူးပဲ့တင်သံ အခမ်းအနားသို့လည်း တက်ရောက်ခဲ့ကြသည်။ ၎င်းနောက် မြစ်ကြီးနားမြို့ရှိ ဒုက္ခသည်စခန်းများသို့ သွားရောက်ကာ အကူအညီ ပစ္စည်းငွေများပေးအပ်ခြင်း၊ ဒုက္ခသည်များနှင့် ရင်းနှီးစွာ စကားပြောဆို အားပေးခြင်းတို့ လုပ်ဆောင်ခဲ့ကြသည်။

ကိုပြုံးချိုမှပင် ၎င်းတို့ အဖွဲ့အနေဖြင့်  ကချင်ပြည်နယ်ရှိ အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ဆက်လျက် ဆောင်ရွက်သွားမည့် အကြောင်း၊ လက်တလောဖြေရှင်းရမယ့် အချက်တွေက ဘာတွေလဲဆိုတာလည်း ၎င်းတို့အနေဖြင့် သိခဲ့ရပြီး ယင်းအချက်မှာ တတ်နိုင်သမျှ ငြိမ်ချမ်းရေးကို အမြန်ဆုံး ဖေါ်ဆောင်ဖို့ ဖြစ်သည်ဟုလည်း ပြောဆိုသွားသည်။
၈၈ မျိုးဆက်ကျောင်းသားအဖွဲ့မှ ခေါင်းဆောင်များမှာ ပြီးခဲ့သည့် ဇန်န၀ါရီလ ၁၃ ရက်တွင် အကျဉ်းထောင် အသီးသီးမှ လွတ်မြောက်လာပြီးနောက် ကချင်ပြည်နယ်သို့ ယခုအကြိမ်သည် ပထမဆုံးလာရောက်သည့် ခရီးစဉ်လည်း ဖြစ်သည်။
ကချင်ပြည်နယ်တွင် ကေအိုင်အိုနှင့် အစိုးရအကြား ၁၉၉၄ ခုနှစ်မှ စတင်ရရှိခဲ့သည့် အပစ်အခတ်ရပ်စဲရေး (ငြိမ်းချမ်းရေး) မှာ ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့တွင်ပျက်ပြယ်ခဲ့ပြီးနောက် တိုက်ပွဲများ ဆက်တိုက်ဆိုသလိုဖြစ်ပွားခဲ့သည်။ တိုက်ပွဲများဖြစ်ပွားခြင်းကြောင့် ဒေသခံ ၃ သောင်းနီးပါးမှာ မြစ်ကြီးနားအပါအ၀င် အခြားမြို့များနှင့် တရုတ်နယ်စပ်မြို့များသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။     ။

Cartoon Nay Myo Aye - Best Loser in Burma


ကာတွန်းနေမျိုးအေး - အနိုင်လိုချင် အရှုံးပေး၊ နှလုံးအေးတဲ့ဆေး
ဖေဖော်ဝါရီ ၂၉ ၊ ၂၀၁၂

Ku Mojo - Cartoon

ဂျုံး ... ဂျုံး ... ဂျက် ... ရွှီး ... ဒီမိုကရေစီခရီး
ကာတွန်း - ကူမိုးကြိုး
ဖေဖော်ဝါရီ ၂၉၊ ၂၀၁၂


Maung Swan Yi - Poem

ငါတို့ရွာက သစ်ပင်များ
မောင်စွမ်းရည်
ဖေဖော်ဝါရီ ၂၈၊ ၂၀၁၂




အညာကျေးလက်

ကုန်းတက်ကုန်းဆင်း၊ ကုန်းကျင်းထဲမှာ
ဆူးခက်ကာတဲ့ ရွာကလေး။
ရွာကလေးမှာ
ရွာပြင်ရွာတွင်း
သူငယ်ချင်းလို ရင်းနှီးကျွမ်းဝင်
သစ်ပင်ကြီးငယ်၊ ဖက်တွယ်ဆင်းတက်
ကိုင်းခက်နိမ့်မြင့် အဆင့်အဆင့်မှာ
ပွင့်ပုံသီးပုံ၊ ပျားအုံ ပုတ်သင်
ဘယ်အပင်မှာ
ဘာရှိတာကို ငါမသိတာ မရှိခဲ့။

မြို့ပြနဲ့ဝေး၊ မြစံနဲ့ဝေး
ကျေးတော ကျောက်ကုန်း
သဲကျောက်တုံးတို့
ကျောက်ဖြုန်း စရစ်ဖွေး။

ကျောက်စရစ်ကုန်း
နုန်းမြေမတင်
ရှားစောင်း မိုးနံ
ဇီး ခံပင်
ပုတက်က၀င်၊ ဖွတ်ကထွက်
နွားကျောင်းသား တို့များသူငယ်ချင်း
ဝါးရင်းတုတ်နဲ့နှက်။

မိုးခေါင်ရေရှား၊ တို့များကျေးရွာ
မိုးအကျ၊ ပျိုးကြဲစိုက်ကြရှာ။
ပဲပြောင်းနဲ့ နှမ်း၊ ၀ါ
ယာရှိသူက ယာကိုစိုက်
ယာမရှိသူက အငှားလိုက်
မရှိလဲစိုက် ရှိလဲစိုက်
တရွာလုံး ရုန်းကြအစုလိုက်။

ထန်းပင်ရှိသူ ထန်းပင်တက်
အုန်းပင်ရှိသူ အုန်းပင်တက်
မရှိသူက ထန်လျှောက်ရက်
ထန်းဖူး အုန်းရွက် တောင်းနဲ့ခွက်။

ရွာ့အရှေ့ဖက် ညောင်ညိုပင်
တပင် နှစ်ပင် သုံးလေးပင်
အုတ်ပလ္လင်နဲ့ ရေချမ်းစင်။
ညောင်ပင်ရိပ်တွင် လူတွေနား
ညောင်သီး ကျေးငှက်စား။

အညာကတမာ၊ ၀ါတာတာ
ခါးသက်ဖန်ဆိမ့် အရသာ
ရွာအ၀င်လမ်း တမာတန်း
ရွက်နုဖူး ဦးသူခူးစတမ်း။

ရွယ်လယ်ရပ်က မန်ကျီးပင်
ရွက်နုသီးနု ဟင်းအချဉ်။
အသီးခြောက်ရင် လေခြွေကောက်
ဘုန်းကြီးဖျော်ရည်သောက်။

ရွာမြောက်ဖက်က ခံတက်ပင်
နွေဦးပေါက်လျှင် ရွက်နုလွင်
လက်ထည့်ချဉ် သူ့အရွက်
မြို့ကြီးသူတွေ လျှာရင်းမျက်။

ရွာတောင်ဖက်က ထနောင်းစု
စိမ်းလွင်ရွက်နု မေပျိုလု
ရွက်နုအသုပ် ဆွမ်းဟင်းခွက်
ဆရာတော်ကြီး အလွန်မက်။

ရွာ့အနောက်ဖက် သင်္ချိုင်းမြေ
ပဒိုင်းပင်တွေ တောထနေ။
ရူးချင်သူတွေ သွားလို့ခူး
မခူးခင်က ရူး။

ကဗျာဆရာ သူ့ရပ်ရွာ
နွေဦးပေါက်တိုင်း ပြန်ချင်ရှာ
တမာလဲခူး ထနောင်းဖူး
ပုတက်လဲတူး ဖွတ်လဲတူး
ပဒိုင်းပွင့်ဖူး သူမခူး။

မခူလဲရူး၊ ခူးလဲရူး
ရွာကိုလွမ်းလို့ ထွန့်ထွန့်လူး ...။

Monday, February 27, 2012

Workers on strike host press confress

ဝါဏိဇ္ဖတရားရုံး၏ အဆုံးအဖြတ် တရားမျှတရန်မသေချာဟု ဦးဖိုးဖြူဆို

by Yangon Press International on Monday, 27 February 2012 at 08:53 ·
ဖေဖေါ်ဝါရီ ၂၇၊ ၂၀၁၂ ၊ (YPI)


တိုင်ရီဖိနပ်စက်ရုံမှ ဆန္ဒပြအလုပ်သမားများ၏ လိုလားချက်များကို ၀ါဏိဇ္ဖတရားရုံးသို့ တိုင်ကြားထားသော်လည်း ယင်းတရားရုံးမှ ချမှတ်မည့်ဆုံးဖြတ်ချက်မှာ တရားမျှတမှုရှိရန် မသေချာကြောင်း ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ အလုပ်သမားများအရေးကို လိုက်ပါဆောင်ရွက်ပေးလျက်ရှိသည့် ရှေ့နေဦးဖိုးဖြူက  ပြောသည်။


“ အရင်အတွေ့အကြုံတွေအရပြောရရင် ၀ါဏိဇ္ဖရုံးက အလုပ်သမားတွေဘက်ကို အများကြီးလိုက်လျောတာမရှိဘူး။ သိပ်မျှော်လင့်ထားလို့မရဘူးဆိုတာ ထင်ရှားတယ်” ဟု ၎င်းကဆိုသည်။


ထိုသို့တရားမျှတရန်မသေချာသော်လည်း ၀ါဏိဇ္ဖရုံးသို့ တိုင်ကြားရခြင်းမှာ အလုပ်သမားများ၏ ဆန္ဒပြတောင်ဆိုမှုကို  ဥပဒေကြောင်းအရ ရှင်သန်စေလို၍ဖြစ်ကြောင်း ၎င်းကပြောကြားသည်။


 
ယနေ့ကျင်းပသည့် တိုင်ရီ စက်ရုံ အလုပ်သမား ဆန္ဒပြမှုနှင့် ပတ်သက်သည့်သတင်းစာရှင်းလင်းပွဲမှ အလုပ်သမားများ


ဦးဖိုးဖြူက “ ဆန္ဒဆက်ပြလို့ အလုပ်သမားတွေထဲက တစ်ယောက်ယောက်ကို အာဏာပိုင်က ဖိအားပေးမယ်ဆိုရင် ကျန်တဲ့သူတွေက ကြောက်လန့်ပြီး သပိတ်ပြိုကွဲသွားလိမ့်မယ်။ ဒါကြောင့် ၀ါဏိဇ္ဖကိုတင်ဖို့ ရွေးရတာပါ” ဟု ပြောသည်။


ယခုကဲ့သို့ ၀ါဏိဇ္ဖတရားရုံးသို့ တိုင်ကြားထားသော်လည်း မည်သည့်အချိန်တွင် ဆုံးဖြတ်ချက်ချမည်ကိုလည်း မိမိတို့အနေဖြင့် မသိရကြောင်း၊  ထို့ကြောင့် တိုင်ကြားစာတွင်  တရားရုံးမှ ဆုံးဖြတ်ချက်ချသည့် အချိန်အထိ အလုပ်သမားများအား  လစာပေးထားရန်ကိုလည်း ထည့်သွင်းတောင်းဆိုထားကြောင်း အလုပ်သမားခေါင်း ဆောင်တစ်ဦးက ဆိုသည်။


ဆန္ဒပြအလုပ်သမားခေါင်းဆောင်တစ်ဦးကလည်း ၀ါဏိဇ္ဖတရားရုံး၏ ဆုံးဖြတ်ချက် တရားမျှတခြင်းမရှိပါက ဆက်လက်ဆန္ဒပြသွားမည် ဖြစ်ကြောင်းပြောသည်။
“ ကျွန်မတို့ လိုလားချက်တွေ မရမခြင်း တောင်းဆိုသွားမှာပါ” ဟု ၎င်းကပြောသည်။




တိုင်ရီဖိနပ်စက်ရုံမှ အလုပ်သမားများအနေဖြင့် နေ့စဉ်ကြေး တစ်နာရီလျှင် ၇၅ ကျပ်မှ ၁၅၀ သို့တိုးမြှင့် ပေးရန်နှင့် ရက်မှန်ကြေးအား တစ်လလျှင် ၆၀၀၀ ကျပ်မှ ၈၀၀၀ ကျပ်သို့တိုးမြှင့်ပေးရန်ဆန္ဒပြတောင်းဆိုကြခြင်းဖြစ်သည်။ စက်ရုံပိုင်ရှင်ဘက်မှမူ နေ့စဉ်ကြေး တစ်နာရီလျှင် ၁၀၀ နှင့် လစဉ်ကြေးတစ်လလျှင် ၇၀၀၀ အထိသာ တိုးမြှင့်ပေးခဲ့သည်။


တိုင်ရီဖိနပ်စက်ရုံတွင် ဆန္ဒပြအလုပ်သမားပေါင်း  ၁၈၆၂  ဦးရှိပြီး ၀ါဏိဇ္ဖရုံးသို့ တိုင်ကြားရန်ကို ၁၃၁၁ ဦးက သဘောတူလက်ခံခဲ့သည်။ ကျန်ရှိအလုပ်သမားများအနက် ၂၂၇ ဦးမှာ စက်ရုံမှ တိုးမြှင့်ပေးသည့် လစာကို လက်ခံကာ လုပ်ငန်းခွင်သို့ပြန်လည်ဝင်ရောက်ခဲ့သည်။


ယခုအချိန်တွင် ယင်းအလုပ်သမားများအနေဖြင့် ၀ါဏိဇ္ဖတရားရုံးအပြင် လွှတ်တော်များရှိ ဥပဒေဆိုင်ရာကော်မတီများသို့ပါ တိုင်ကြားထားသည်။


ယခုကိစ္စသည် နှစ်အတန်ကြာအတွင်း အလုပ်သမားများ၎င်းတို့အခွင့်အရေးကို လူသိရှင်ကြား ဆန္ဒပြတောင်းဆိုသည့် အဖြစ်အပျက်တရပ်လည်း ဖြစ်သည်။


ယခင်နှစ်များက အလုပ်သမား ဆန္ဒပြမှုဖြစ်ပွားလျင်  ရဲလုံခြုံရေး တင်းကြပ်စွာချထားခြင်း ပြင်ပမှ အလုပ်သမားများ အရေးဆောင်ရွက်သူများ ၀င်ရောက်ကူညီခြင်းမပြုနိုင်အောင် ယူနီဖောင်းဝတ်နှင့် အရပ်ဝတ် လုံခြုံရေး အဖွဲ့ဝင်အများအပြား ချပြီး တားမြစ်ခြင်းတို့ကိုသာ တွေ့မြင်ရလေ့ ရှိသည်။


ယခုလက်ရှိ မြန်မာနိုင်ငံသုံးစွဲနေသည့် အလုပ်ရှင် အလုပ်သမား ပဋိပက္ခဥပဒေမှာ ကိုလိုနီခေတ်ကတည်း ကပြဋ္ဌာန်းထားသည့် ဥပဒေဖြစ်ပြီး အခြားသော နိုင်ငံများမှာကဲ့သို့ ဥပဒေဖြင့် အနိမ့်ဆုံး လုပ်ခသတ်မှတ်ချက် ပြဋ္ဌာန်းထားခြင်းမျိုးလည်း မရှိသေးပေ။
ဝါဏိဇ္ဖတရားရုံးဆိုသည်မှာ အလုပ်ရှင်နှင့်အလုပ်သမားများကြားဖြစ်ပွားလျက်ရှိသည့် ပဋိပက္ခများကို ကိုင်တွယ်သည့်တရားရုံးဖြစ်သည်။        ။

Kun Sit Kaung - Poem


မြစ်ဆုံ
ကွန်စစ်ကောင်း
ဖေဖော်ဝါရီ ၂၈၊ ၂၀၁၂



လာခဲ့ ...

အစ်ကိုလဲ လာခဲ့
ညီလေးလဲ လာခဲ့
အစ်မလဲ လာခဲ့
ညီမလေးလဲ လာခဲ့
သူငယ်ချင်းတွေလဲ လာခဲ့
မိတ်ဆွေတွေလဲ လာခဲ့
အားလုံးကို ပေါင်းစုမှ
အင်အားတစ်ခုကို ရမှာပေါ့။

ယူခဲ့
ချစ်ခင်မှုကို ယူခဲ့
လေးစားမှုကို ယူခဲ့
ရိုးသားမှုကို ယူခဲ့
မြင့်မြတ်မှုကို ယူခဲ့
ဇွဲလုံ့လကို ယူခဲ့
သတ္တိကို ယူခဲ့
အားလုံးကို ပေါင်းစုမှ
စွမ်းဆောင်ရွည်တစ်ခုကို ရမှာပေါ့။

လာခဲ့ကြ
အားလုံးလာခဲ့ကြ
ယူခဲ့ကြ
အားလုံးယူခဲ့ကြ။ ။

Ku Mojo - Cartoon

ပြောင်းတာတွေက ပြောင်းပေမယ့် ... ဟောင်းတာတွေက ဟောင်းဆဲကွယ့် ...
ကာတွန်း - ကူမိုးကြိုး
ဖေဖော်ဝါရီ ၂၈၊ ၂၀၁၂


News and Media

တန်ဖဲရွာမှ မြစ်ဆုံ၏ ကျေးဇူးပဲ့တင်သံ
တာရာဝေယံ
ဖေဖော်ဝါရီ ၂၈၊ ၂၀၁၂

ဧရာဝတီမြစ်ဆုံရေကာတာ တည်ဆောက်ရေးနဲ့ပတ်သက်ပြီး ကချင်ပြည်နယ် မြစ်ဆုံအတနီးက တန်ဖဲရွာမှာ မြစ်ဆုံကျေးဇူး ပဲ့တင်သံ မိတ်ဆုံစားပွဲကို ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်နေ မနက် ၁၁ နာရီမှ နေ့လည် ၁ နာရီအထိ ကျင်းပခဲ့ပါတယ်။ ၈၈ မျိုးဆက်ကျောင်းသားခေါင်း ဆောင် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ကိုမြအေး၊ ကိုပြုံးချိုအပါဝအ၀င် ၁၆ ဦး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင်များ ဖြစ်ကြတဲ့ ဆရာဦးအုန်း၊ ဒေါ်ဒေ၀ီသန့်ဇင်၊ တော်ဝင်နှင်းဆီ ဦးစိုးညွှန့်၊ ကာတွန်း အော်ပီကျယ်တို့နှင့်အတူ အနုပညာရှင်များ၊ NGO အဖွဲ့ဝင်များ၊ ကဗျာဆရာများ၊ ဒေသခံများ ၂၀၀ ကျော် တက်ရောက်ခဲ့တဲ့မြင်ကွင်းကို တင်ပြထားပါတယ်။ မြစ်ဆုံကိစ္စဟာ ခေတ္တရပ်နားထားတဲ့အတွက် ကျေးဇူးတင်ရပေးမယ့် ထာဝရစိတ်အေးရအောင် ရေရှည်မှာ ဆောင်ရွက်ရမယ့် အခြေအနေတွေအတွက် ကတိပြုနိုင်ခဲ့တဲ့ ပွဲလို့ဆိုရမှာပါ။















Ashin Pyin Nyar Nanda introduce Burmese Monks Behind Bars Book in English


အရှင်ပညာနန္ဒနှင့် မော်ရာစတီဖင် စီစဉ်သော စာတမ်းဖတ်ပွဲ အီသကာမြို့မှာ ကျင်းပ
မိုးမခအထောက်တော် (ယူတီကာ)။ ဖေဖော်ဝါရီ ၂၈၊ ၂၀၁၂
(သံတိုင်နောက်က မှတ်တမ်းများ) သို့မဟုတ် အကျဉ်းတိုက်ထဲက ဘ၀မှတ်စုများ အမည်ရှိ စာတမ်းဖတ်ပွဲကို အရှင်ပညာနန္ဒနှင့် မော်ရာစတီဖင် စီစဉ်ပြီး အီသကာမြို့က Buffalo Street Books တွင် ၂၆ ဖေဖော်ဝါရီ (တနင်္ဂနွေ) က ကျင်းပခဲ့သည်။  အရှင်ပညာနန္ဒသည် ပြည်ပရောက်ဘုန်းတော်ကြီးတပါးဖြစ်ပြီး နယူးယောက်ပြည်နယ်၊ ယူတီကာမြို့က  သန္တိသုခကျောင်းတိုက်တွင် သီတင်းသုံးကျောင်းထိုင်လျက်ရှိသည်။ ဆရာတော်သည် မိုးမခမီဒီယာ၏ ပင်တိုင်စာရေးဆရာတဦးအဖြစ် အညတရ ရဟန်းတော်များအကြောင်းကို ရေးသားလျက်ရှိသည်။ မော်ရာစတီဖင်သည် အီသာကာ ကောလိပ် လွတ်လပ်သောသတင်းဌာန Parker Center က အယ်ဒီတာတဦးဖြစ်သည်။ 


အဆိုပါစာအုပ်တွင် သံဃာတော် (၁၁)ပါး၏ ကိုယ်တွေ့မှတ်တမ်းများကို စုစည်းထားခြင်းဖြစ်ပြီး ၎င်းတို့သည် မြန်မာစစ်အုပ်စု၏ ဖမ်းဆီး နှိပ်စက် အကျဉ်းချခြင်း၊ အဓမ္မလူဝတ်လဲ စော်ကားခြင်းတို့ကို ရင်ဆိုင်ခဲ့ကြသူများ ဖြစ်သည်။ သူတို့၏ ကိုယ်တွေ့ ဘ၀မှတ်တမ်းများကို အရှင်ပညာနန္ဒက စုစည်းပုံနှိပ်ထုတ်ဝေခြင်း ဖြစ်ပါသည်။ အဆိုပါ အင်္ဂလိပ်ဘာသာဖြင့် ပုံနှိပ်စာအုပ်ကို တအုပ်လျင် ၁၀ ဒေါ်လာနှုန်းဖြင့် ၀ယ်ယူနိုင်ပြီး ရောင်းရငွေကို အကျဉ်းကျနှင့် အကျဉ်းမှ လွတ်မြောက်လာသော ပုဂ္ဂိုလ်များအား ကူညီထောက်ပံ့ရန် International Burmese Monks Association သို့လှူဒါန်းမည် ဟု သိရသည်။

News and Media

မြစ်ကြီးနားမြို့ မနောကွင်းမှ ဒေါ်အောင်ဆန်းစုကြည်၏ စည်းရုံးရေးဟောပြောပွဲ
တာရာဝေယံ
ဖေဖော်ဝါရီ ၂၈၊ ၂၀၁၂

မြန်မာနိုင်ငံအထက်ပိုင်းကို စည်းရုံးရေးခရီးလှည့်လည်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြစ်ကြီးနားမြို့မနောကွင်းမှာ ပြုလုပ်ခဲ့တဲ့ ဟောပြောပွဲကို ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက် မနက် ၉ နာရီမှ ၁၀ နာရီအထိပြုလုပ်ခဲ့ပါတယ်။ ဒေသခံ ကချင်တိုင်းရင်းသားတွေ၊ ရပ်မိရပ်ဖတွေ၊ မြို့ခံ အဲန်အယ်လ်ဒီပါတီဝင်တွေနဲ့ လူထုသောင်းချီပြီး တက်ရောက်ခဲ့ကြတဲ့ မြင်ကွင်းတွေပါ။

ဒေါ်အောင်ဆန်းစုကြည် ပြောကြားတဲ့ ပင်လုံစိတ်ဓာတ်၊ ပြည်တွင်းငြိမ်းချမ်းရေး၊ နိုင်ငံဖွံ့ဖြိုးရေးနဲ့ တွေ့ဆုံဆွေးနွေးရေး စတဲ့ အချက်တွေကို ပြည်သူလူထုက လှိုက်လှိုက်လှဲလှဲ ထောက်ခံကြိုဆိုကြတဲ့ မြင်ကွင်းတွေကို တွေ့နိုင်ပါတယ်။