News and Media

တိပိဋကကျောင်းရဲ့ (၆) ကြိမ်မြောက် ကထိန်အလှူမင်္ဂလာ
ကျော်ဟုန်း
နိုဝင်ဘာ ၁၉၊ ၂၀၁၂

 အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ပြည်နယ် 24625, 10Ave, SE, Kent , WA 98030 မှာတည်ရှိတဲ့ တိပိဋကဘုန်းကြီးကျောင်းမှာ (၆) ကြိမ်မြောက် ကထိန်သင်္ကန်းကပ်လှူပွဲကို (နိုဝင်ဘာ ၁၇၊ ၂၀၁၂) ရက်၊ စနေနေ့ က ပြုလုပ်ခဲ့ကြပါတယ်။

ဒီ ကထိန်ပွဲကို တိပိဋကဘုန်းကြီးကျောင်းရဲ့ ဂေါပကနဲ့ အကျိုးတော်ဆောင်များက ဦးစီးကျင်းပခဲ့တာဖြစ်ပါတယ်။ ကရင်စာပေနှင့် ယဉ်ကျေးမှု အသင်းက အဖွဲ့ သားများ၊ ဆီယက်တဲလ်၊ ခန့် (တ်) မှာနေထိုင်ကြတဲ့ ပြည်ပရောက်မြန်မာပြည်သားများကလဲ ဝိုင်းဝန်းပါဝင်ခဲ့ကြပါတယ်။  အစီအစဉ်ကို မနက် (၁၀) နာရီမှာ စတင်ခဲ့ပြီး  ဘုရားဆွမ်းကပ်ခြင်း၊ သံဃာတော် (၉) ပါးအား ဆွမ်းကပ်လှုခြင်း၊ ဝတ်ရွတ်ပူဇော်ခြင်း၊ က ထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများ၊ နဝကမ္မငွေကပ်လှူခြင်း၊ ကထိန်ပွဲလှည့်လည်ခြင်းနဲ့ တရားနာရေစက်ချခြင်းများပြုလုပ်ခဲ့ကြပါတယ်။


 ဝတ်ရွတ်ပူဇော်ပွဲခြင်းဟာ ခုဆိုရင် ဒုတိယအကြိမ်ဖြစ်ပါတယ်။ ဝတ်ရွတ်ပွဲကို မအန်း၊ ကရင်စာပေနှင့် ယဉ်ကျေးမှုအသင်းမှ ဒေါ်စိန်မြတို့က ဦးဆောင်ပြီး မခင်ခင်စိုး (ကရင်နီ)၊ မစုသန္တာထွန်း (ဗမာ)၊ နော်ကြည်ကြည်ဝင်း (ကရင်)၊ နော်မူးကူ (ကရင်) နဲ့  ရှမ်းတိုင်းရင်းသားကြီးတဦးတို့ ကလဲ ပါဝင်ပူဇော်ကြပါတယ်။

ယခုနှစ် ကထိန်ပွဲမှာ တိပိဋကကျောင်းထိုင်ဆရာတော် ဦးနန္ဒသာရအပြင် ချင်းပြည်နယ်၊ မင်းတပ်မြို့ ၊ တောင်ပုလု ပရိယတ္တိ ပဋိပတ္တိကျောင်းမှ တောင်တန်းသာသနာပြုဆရာတော်ကြီး ဦးပညာသိရီ။ ရန်ကုန်မြို့ ၊အောင်မြေသာယာကျောင်း၊ ငါးထပ်ကြီးမှ ဦးကဝိသာရ။   အမေရိကား ဖရီးမောင့်၊ ကုသလကာရီကျောင်းမှ ဦးကောသလ္လ။   အမေရိကား၊ လာစ်ဗီးဂက်စ်၊ ဇေယျဓမ္မရိပ်သာမှ ဦးမာဃိန္ဒ။ ဓမ္မဂုဏ်ရည်ကျောင်းမှ ဦးတိက္ခဥာဏ။ ဝါရှင်တန်ပြည်နယ်၊ တာကွီးလား၊ သီရိလင်္ကာဘုန်းတော်ကြီး (၂) ပါးဖြစ်တဲ့ ရှင်ဗုဒ္ဓဝံသနှင့် ရှင်ဒေဝနန္ဒ။  ကနေဒါနိုင်ငံ၊ ဆာရေး ဘီစီ၊ မြန်မာ့ဗုဒ္ဓကျောင်းမှ ဦးစန္ဒတို့ ကို ကထိန်သင်္ကန်းများကပ် လှူခြင်း၊ နဝကမ္မငွေများကပ်လှူခြင်းများ ပြုလုပ်ခဲ့ကြပါတယ်။ ကြွရောက်လာတဲ့  ပိရိသတ်များကို  တောင်တန်းသာသနာပြု တောင်ပုလုဆရာတော် ဦးပညာသိရီမှ ရေစက်ချတရားဟောကြားပေးပါတယ်။





ဆရာတော်(၉)ပါးကို သင်္ကန်းဒွိစုံ (၇၀)၊သီးခြားတဦးခြင်းလှူသည့် နဝကမ္မငွေအလှူများအပြင် ငွေပဒေသာပင်ကြီး (၃)ခိုင်၊ တိပိဋကကျောင်း အလှူဖြတ်ပိုင်းဖြင့် ငွေ(၃၀၀)ဒေါ်လာတို့  လှူဒါန်းနိုင်ခဲ့ကြောင်းသိရပါတယ်။ သံဃာတော်များကို ဆွမ်း၊ ချိုချဉ်ခဲဖွယ်များကို စုပေါင်းကပ်လှူခဲ့ပြီး ဓမ္မမိတ်ဆွေများအတွက် မုံ့ ဟင်းခါးကို မဆင့်၊ မစန်းစန်းဦးတို့ ကလှူဒါန်းပါတယ်။

လက်ဖက်ရည်ချိုနဲ့ ပူတင်းကို  ကိုမွန်း၊ မအန်းတို့ က လှူဒါန်းခဲ့ကြောင်းသိရပါတယ်။

တိပိဋကကျောင်းရဲ့ (၆)ကြိမ်မြောက် ကထိန်သင်္ကန်းကပ်လှူပွဲမှာ ဗုဒ္ဓဘာသာဝင်များဖြစ်ကြတဲ့ ဗမာ၊ကရင်၊ ကယား၊ ချင်း၊ရှမ်းတိုင်းရင်း သားများနဲ့  ပြည်ပရောက်မြန်မာပြည်သားများ စုံစုံလင်လင် တက်ညီလက်ညီ ပါဝင်ဆင်နွဲ ကုသိုလ်ယူခဲ့ကြ၊ရိုးရာဓလေ့ထိန်းသိမ်းကြတဲ့မြင်ကွင်းကို ကြည်နူးဖွယ်တွေ့ မြင်ခဲ့ရပါတယ်။       ။

Comments