Mar Mar Aye - 448



“ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ်” အမှတ် (၄၄၈)

ပိတောက်လမ်း ဆိုရအောင် - ၂
မာမာအေး
စက်တင်ဘာ ၁၄၊ ၂၀၁၂






(အသံဖိုင်)

သောတရှင်များ ကျန်းမာတော်မူကြပါစရှင် ...

မာအေးချစ်တဲ့သောတရှင်တွေ ဂီတ၀ါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ … ရှေ့တပါတ် ကြာသပတေးနေ့က (၁၉) ကြိမ်မြောက် ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲကြီးမှာ မာအေးဆိုခဲ့တဲ့ 'ပိတောက်လမ်း' သီချင်းကို
ဝါသနာရှင် ပထမတန်းအဆင့် အမျိုးသမီး အဆိုပြိုင်ပွဲဝင်တွေအတွက် ပြဋ္ဌာန်းခဲ့တဲ့ သီချင်းတွေထဲမှာ ပါလာတာနဲ့ ဒီသီချင်းကို မာအေး ဘယ်လိုတွေး၊ ဘယ်လိုဆိုခဲ့သလဲ လို့ ပြောပြနေတာ ခြေဆင်း အစလေးဘဲ ရှိပါသေးတယ်။ ဒါကြောင့် ဒီနေ့ ဆက်ပြောရမယ်။ အခု ပထမပိုဒ်၊ ပထမအခေါက်ကို နားဆင်ကြပါရှင်။ ဒီအပိုဒ်က အတီးပြီးရင် ဒုတိယတခေါက် ပြန်ဆိုရသေးတာမို့ ခွဲပြောရတာပါ။ ဒီသီချင်းကို အပိုဒ်နှစ်ပိုဒ် ဆိုရရင် ဆိုပုံ မထပ်အောင် ဆိုတဲ့ညဉ် ရှိတဲ့အတွက်ပါဘဲ။

*ပိတောက်လမ်း။ - တလွင့်လွင့်ကြွေ ... ပန်းချွေချွေ၊ ရွှေရည်လျှမ်းပေတယ်၊ စမ်းရေကျသံ သာမောဘွယ်၊ တီးတိုးရယ်သံ ကိုယ့်ကိုလှောင်လေသလားကွယ် xx ထုံသင်းကြိုင်လှောက် ရွှေပိတောက်ချိုကြည်ကြည်ရယ်၊ ငိုရီငိုရီ စသလား၊ ကိုယ့်အပါးထဲ လွင့်လွင့်ပျံတယ်၊ အတိတ်ရယ် ဇါတ်ကြောင်း၊ ပြန်ပြောင်း မပြောလိုပါဘူးကွယ်၊ ချစ်သူခြင်းပန်းရဂုံအလယ်၊ ချစ်သူခွာပြေး ... ဟို ... အဝေးနယ် xx

မာအေးရဲ့အဆိုကျောင်းကလေး ဖွင့်ထားတုန်းကတော့ သီချင်းသင်တဲ့အခါ ဒီလိုဘဲဖွင့်ပြတာပါဘဲ၊ သီချင်းစာကို - ကိုယ်တိုင်လိုက်ရေး, မှတ်သား လေ့ကျက်ဖို့ ရွတ်ပြပေးခဲ့တာပေါ့၊ အခု လေလှိုင်းထဲမှာဆိုတော့ ရွတ်ပြပေးဘို့ အချိန်မရပါဘူး။ ပြိုင်မယ့်သူတွေဘဲလေ။ စာအလွတ်ကျက်ရအောင်ဆောင်ထားကြတော့မယ် ထင်ပါတယ်။ ဂီတစာဆို စန္ဒရားချစ်ဆွေက ဒီသီချင်းရဲ့ အဓိပ္ပါယ်နဲ့အကိုက် အသံအလိုက် ရေးစပ်ထားတာ သိတ်လှပါတယ်။ ဆိုတဲ့သူဖက်ကလဲ စါသါးတွေနဲ့ ထပ်တူ နားလည်ဘို့၊ ခံစားဘို့၊ သီဆိုဘို့ အရေးကြီးတာမို့ စာကိုဖတ်ပြီးတော့ ရင်ထဲမှာ ရုပ်ရှင်လို ပုံတွေထင်လာအောင် မြင်လာအောင် ကြည့်ခဲ့ရင် ဘာတွေ့မှာလဲ?

စမ်းချောင်းကလေးတစင်း အပြေးဆင်းနေတဲ့ကမ်းစပ်တနေရာမှာ ၀ါရွှေမွှေးကြိုင် ပင်လုံးမြိုင်ဝေတဲ့ ပိတောက်ပင်ခြေလောက်က တယောက်သော ဖေါ်ကွဲသူဟာ ... ကြွေရာရာလိုက်မွှေးတဲ့ ၀ါခြောက်ခြောက် အပွင့်လေးတွေ ပေါလောပေါလော မျောရှာပြီကေါ လို့ အတောမသတ် စီးရာက မပြန်တတ်တဲ့ ရွေ့လျှောသံကို ရယ်ပြန်သလား ထင်မှတ်မှားနေတယ်။ အတိတ်အကြောင်းတွေကို ပြန်မပြောချင်တော့ပါဘူး - ဆုံခဲ့ဖူးတဲ့ ပန်းရဂုံမှာ ရှောင်ခွာထွက်ပြေးသွားတဲ့ အဝေးကချစ်သူကို လွမ်းမောနေတာ - တွေ့ရတယ်မို့လား မာအေးတော့ အဲဒီလို သဘောပေါက်တာပါဘဲ။

ဒီအပိုဒ်ကို (၂)လို့ မှတ်လိုက်ပါ၊ နရည်စည်းနဲ့လိုက်ရပါမယ်၊ စစချင်း စည်းဝါး မ၀င်ထားပါဘူး။ "တလွင့်လွင့်ကြွေ ပန်းချွေချွေ ရွှေရည်လျှမ်းပေတယ်" ဆိုတာ စာတဖြတ်မှာ 'တယ်' ဆိုတဲ့စာအရောက်က စပြီး '၀ါး'ချက်နဲ့ စည်းဝါးခွင်ကို စတင်ရမှာဖြစ်ပါတယ်ရှင်။ ဘယ်လိုဆိုမှာလဲ နားဆင်ပါ။

စာကြောင်းတွေ စည်းဝါးအလိုက် ခွဲပြောပေးပါမယ်။ နံပါတ်စဉ်နဲ့ပေါ့။

၁။ "တလွင့်လွင့်ကြွေ ပန်းချွေချွေ ရွှေရည်လျှမ်းပေတယ်"
ဒီစာကြောင်းမှာ 'ကြွေ' နဲ့ 'ပေ' ဆိုတဲ့ စာနှစ်လုံးကို 'ဆိုပေါက်'ထည့်ထားပါတယ်။ 'ကြွေ'(ဟေ)၊ 'ကြွေ'ကို 'ဟေ'ဆိုတဲ့အသံထွက်နဲ့ ဆက်ဆွဲထားတာမျိုးပါ၊ 'ပေ' ဆိုတဲ့စာမှာ (အေ့အေအေ)လို့ သုံးသံအရစ်ဆိုပုံကလေးပြီးမှ 'တယ်' လို့ ဆိုပါ၊

၂။ "စမ်းရေကျသံ သာမောဘွယ်" ၊ ဒီစာရှိတဲ့စည်းတစည်းမှာ 'ဘွယ်'ဆိုတဲ့စာကို အသံတသံဆက်ထားပါတယ် - ဘွယ်(အယ်) + ဒါမျိုး ဆိုရတာပါ။

၃။ "တီးတိုးရယ်သံ ကိုယ့်ကိုလှောင်လေသလားကွယ်" xx
ဒီစာကြောင်းမှာ 'လား' ဆိုတဲ့ စာနေရာမှာ ဆိုပေါက်ရှိပါတယ်၊ 'လား'အာ,(အာအားအား)ကွယ် လို့ ဆိုပါမယ် (လေးသံဆွဲတာမျိုးပါ) ပြီးရင် အတောနာရည်တစည်းစာ စောင့်ရပါမယ်

၎။ "ထုံသင်းကြိုင်လှောက် ရွှေပိတောက်ချိုကြည်ကြည်ရယ်"
ဒီတစည်းစာမှာ ဆိုပေါက်မပါပါဘူး

၅။ "ငိုရီငိုရီ စသလား"
ဒီတစည်းထဲမှာ နောက်ဆုံးက 'လား' နေရာမှာ (အာ အာ အား အာ)လို့ အသံလေးသံ ဆွဲဆိုထားပါတယ်

၆။ "ကိုယ့်အပါးထဲ လွင့်လွင့်ပျံတယ်"
ခုစာကြောင်းပါ တစည်းစာမှာတော့ "ပါး"နေရာမှာ ဆိုပေါက်လုပ်ပါတယ်။ ကိုယ့်အပါး (ဟာဟားဟား)သုံးသံ ကြားခံပြီးမှ "ထံ"ကို ဆိုရပါမယ်။ ဒါဆိုရင် ကိုယ့်အပါး (ဟာဟားဟား)ထံ လွင့်လွင့်ပျံတယ် ဖြစ်သွားတာပေါ့

၇။ "အတိတ်ရယ် ဇါတ်ကြောင်း၊ ပြန်ပြောင်း မပြောလိုပါဘူးကွယ်"
ဒီစာပိုဒ်မှာတော့ 'ကြောင်း' ဆိုတဲ့နေရာမှာ ဆိုပေါက်လုပ်ပါတယ်။ "ကြောင်း"ကို (ဟောင်ဟောင်း) လို့ အသံဆက်နှစ်သံကို နှုတ်ခမ်းပြန်ပိတ်ရင်း ငုံပြီး ဆွဲဆိုပါ၊ ဒါမျိုးလေ
"အတိတ်ရယ် ဇါတ်ကြောင်း (ဟောင်ဟောင်း)"

၈။ "ချစ်သူခြင်းပန်းရဂုံအလယ်"
ဒီစာကြောင်းမှာ နောက်ဆုံး "အလယ်" နေရာမှာ (သုံးသံဆွဲအရစ်) ဆိုပုံ ဆိုရပါမယ်။
"အလယ်"

၉။ "ချစ်သူခွာပြေး ... ဟို ... အဝေးနယ်" xx
ဒီစာကြောင်းမျာ နောက်ဆုံး "နယ်" ဆိုတဲ့ စာလုံးမှာ သုံးသံဆွဲ လေးသံရောက်မှ အသံကို အဆုံးချရပါတယ်။ နယ် (အဲ့ အယ် အယ် ... အယ်) အဲဒါမျိုးပေါ့။

မာအေး အခုပြောပြတာ ပထမပိုဒ်ပေါ့နော်၊ ပိတောက်လမ်းရဲ့ ပထမပိုဒ်ဟာ စည်းလွှတ်ထားတ့ထိပ်အတွက် အပါအ၀င် နရည် (၁၀)စည်း ရှိပါတယ်။ မဟာသီချင်းများပုံစံအတိုင်း အတီးပြီးလို့ နောက်တခေါက် ပြန်ဆိုတဲ့အခါ ဆိုပုံအနည်းငယ် ပြောင်းပါတယ်။ ကိုယ်ကြိုက်သလိုဆိုပါ၊ မာအေးက ကိုယ်ပိုင်ထုတ်ခဲ့တဲ့ မေ့ကွက်ကိုရှာ အခွေက ပိတောက်လမ်းနဲ့တိုက်ပြီး ပြောပြတာပါ။
နိုင်ငံတော်က ဘယ်မူကို ပေးမလဲ မသိလို့ပါရှင်။ ဘယ်မူဖြစ်ဖြစ် သိတ်ကြီးလဲ မကွာနိုင်ပါဘူး။ ဒုတိယအခေါက်ရဲ့ စစချင်း 'တလွင့်လွင့်ကြွေ' မှာတော့ ... ပိတောက်ပွင့်လေးတွေ လေထဲမှာ လွင့်လာတာမျိုး စိတ်ကူးနဲ့ 'ကြွေ' ဟေး ဟေအေ ဟေအေ၊ ဟေအေ လို့ ဆွဲဆိုထားပါတယ်၊ ပထမအခေါက်မှာ ဆိုပေါက်ထည့်မထားတဲ့ နံပါတ် (၄) အကြောင်း နောက်ဆုံးမှာ "ရယ်" ဆိုတဲ့စာ ရှိတယ်။ အဲဒီဟာကို အမဲ့ဆိုလေးနဲ့ နွဲ့လိုက်တော့ ထုံသင်းကြိုင်လှောက် ရွှေပိတောက်ချိုကြည်ကြည်ရဲ့ (ဟဲ့) လို့ အသံထွက်လိမ့်မယ် - ရှိုက်သံမကျတကျလေး လုပ်ကြည့်ပါနော။

ဘီဘီစီ အသံလွှင့်ဌာန http://www.bbc.co.uk/burmese/ ၏ ထုတ်လွှင့်ချက်ကို ကူးယူ ဖော်ပြသည်။

စာစီစာရိုက် လုပ်အားပေး- မျိုးဇော်



Comments