Mar Mar Aye - 447

“ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ်” အမှတ် (၄၄၇)
ပိတောက်လမ်း ဆိုရအောင်
မာမာအေး
စက်တင်ဘာ ၆၊ ၂၀၁၂





သောတရှင်များ ကျန်းမာတော်မူကြပါစရှင် ...

မာအေးချစ်တဲ့သောတရှင်တွေ ဂီတ၀ါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။



အသံဖိုင် - http://soundcloud.com/moemakamedia/bbc447

သောတရှင်တို့ရေ … အရင်တပါတ်က အခုနှစ် (၂၀၁၂) (၁၉)ကြိမ်မြောက် ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲကြီးမှာ ၀ါသနာရှင် ပထမတန်းအဆင့် အမျိုးသမီးပြိုင်ပွဲဝင်တို့အတွက် ပြဋ္ဌာန်းထားခဲ့တဲ့ ခေတ်ဟောင်းသီချင်းနဲ့ ကါလပေါ်သီချင်း ဆယ်ပုဒ်ထဲမှာ ပါဝင်တဲ့ 'ပိတောက်လမ်း' သီချင်းကို ဘယ်လိုဆိုရမလဲ၊ ခက်ခဲတါလေးတွေ ပြောပြဘို့ စိတ်ကူးမိတဲ့အကြောင်း ပြောထားခဲ့ပါတယ်ရှင်။

'ပိတောက်လမ်း' သီချင်းက ဘယ်စာ ဘယ်နေရာမှာ ဘယ်လိုဆွဲဆိုရမယ်၊ ဘယ်နှစ်သံဆွဲဆိုသွားရမယ် စတဲ့ ဆိုနည်းတွေ အရင် ဒီသီချင်း ဘယ်က စတင်တယ် ဆိုတာကိုလဲ ပြောပြထားသင့်တယ်လို့ ယူဆတဲ့အတွက် ပြောပြဦးမယ်လေ။

'ပိတောက်လမ်း' ဟာ တကြိမ်မက အသံပြန်ပြန်သွင်းဖြစ်တဲ့သီချင်းဖြစ်လေတော့ ပရိသဒ်အတွက် မရိုးနိုင်တဲ့ သီချင်းမျိုးလို့ ဆိုရမှာပေါ့ရှင်။ ပထမဆုံး ရုပ်ရှင်နောက်ခံတေးအဖြစ် ဆိုခဲ့ပါတယ်။ ပိတောက်ရိပ်ဝယ်ဇါတ်ကါးထဲက မင်းသားဝင်းဦးရဲ့ အလွမ်းခံစားချက်နောက်ခံတေးအဖြစ် အရုပ်နဲ့ဇါတ်နဲ့ကိုက်အောင် ရေးစပ်ပေးခဲ့သူကတော့ အတီး၊ အရေး၊ အဆို ဘယ်လိုလာလာ ကေါင်းလှတဲ့အနုပညာရှင်ပါလို့ ပညာရှင်အချင်းချင်းက လေးစားရတဲ့ 'စန္ဒရားချစ်ဆွေ' ဖြစ်ပါတယ်။
ဒီလို နာမည်ယူထားတာကိုကြည့်ရင် တူရိယာပညာရှင်အနေနဲ့ သူ့ဂီတဘ၀စတယ်လို့ သိနိုင်တာပေါ့ရှင်။

သူဟာ ရေဇလာနဒီဝိုင်းတဲ့ ဧရာဝတီတိုင်းရဲ့ 'ဟင်္သာတ' ရယ်လို့ အမည်ပေးထားတဲ့ အနောက်နန်းမတော်မမြကလေး မွေးဖွားခဲ့ရာ ဂါမာဇါတိကလာရှိတဲ့သူပါဘဲ။ သူ့ဖခင်ကလဲ စန္ဒရားဆရာပါ။ ဟင်္သာတက ရုပ်ရှင်ရုံရဲ့ တီးဝိုင်းခေါင်းဆောင်ဖြစ်လို့ သူဟာလဲ မာအေးလိုဘဲ ခလေးဘ၀ ရုပ်ရှင်ထဲကစဖြစ်ခဲ့တာပါ။ ပြည်တွင်းစစ်မီးတောက်လောင်ညီးတဲ့ကါလက ရန်ကုန်ကို ရောက်ချလာသတဲ့ရှင်။

အကိုချစ်ဆွေနဲ့မာအေးဆုံကြတဲ့အချိန်ဦးက 'မာမာအေး' နာမည်တေါင်မှ မပေးရသေးပါဘူး။ 'ချိုတေးရှင်တူရိယာအဖွဲ့' ဆိုတဲ့ ဂီတစာဆိုကိုရဲအောင် တည်ထောင်တဲ့ အဖွဲ့မှာ 'မြင့်မြင့်အေး' နာမည်နဲ့ အသံလွှင့်တော့ တ၀ိုင်းထဲသားလို့ ခေါ်ရမှာပေါ့။ နောင် မာမာအေး လို့ ဖြစ်လာတော့လဲ အလုပ်တွေ အတူလုပ်ခဲ့တာ များစွာပါဘဲ။

'ပိတောက်လမ်း' ဟာ ရုပ်ရှင်တွေ ဇါတ်လမ်းနဲ့အကိုက် ရေးဖွဲ့အသုံးပြုတဲ့စရိုက် တွင်ကျယ်စဉ်အချိန်က ရုပ်ရှင်သီချင်းကေါင်းတွေထဲမှာ အပါအ၀င်ပါ။
'ပိတောက်ရိပ်ဝယ်' ဇါတ်ကါးမှာ ခုထိ လူကြိုက်နေတဲ့ နောက်သီချင်းတပုဒ်က ဆရာရွှေပြည်အေး ရေးပေးတဲ့ 'ပိတောက်ရိပ်ဝယ်'ပါ။ မင်းသား ၀င်းဦး ဆိုခဲ့ပါတယ်။

ပိတောက်လမ်းကို ၁၉၆၀ ခုနှစ်ဦးပိုင်းက သုခုမရုပ်ရှင်ခြံထဲမှာ အသံသွင်းခဲ့ပါတယ်။ အသံဖမ်းပေးတဲ့သူကတော့ ဒီကနေ့ ဇါတ်ပို့မင်းသါးကြီး ဦးမောင်မောင်မြင့် ဖြစ်ပါတယ်။ ပိတေါက်လမ်းဟာ မေ့ကွက်ကိုရှာ နာမည်မရခင် ဆိုဖြစ်ခဲ့တဲ့သီချင်းပါ။ ရုပ်ရှင်မှာ ဆိုပြီးမှ အသံလွှင့်ဖြစ်ပါတယ်ရှင်။
တေးသံရှင်ဓါတ်ပြားကုမ္မဏီ တည်ထောင်ဖြစ်တဲ့အခါမှာ ကိုယ်ပိုင် ထုတ်ဝေ ဖြန့်ချိခဲ့ပါသေးတယ်။ ကက်ဆက်ခေတ်ရောက်ပြန်တော့ စန္ဒရားချစ်ဆွေရေးတဲ့ သီချင်းတွေချည်းစုပြီး 'မေ့ကွက်ကိုရှာ' ငွေရတုကြိုတေးများ ခေါင်းစဉ်နဲ့ မာမာအေး တေးဂီတလုပ်ငန်း မူပိုင် ထုတ်ဝေတဲ့အခါ ပြန်ဆိုခဲ့ပါတယ်။ နောက်ဆုံးကတော့ လှိုင်းတေးသံသွင်းအတွက် ထပ်ဆိုပေးခဲ့ပြန်တာဘဲ။ စဆိုတုန်းက မာအေး (၁၇-၁၈)အရွယ်ပေါ့။ အသံသေးသေးဘဲလေ။ အကိုချစ်ဆွေပြောတော့ အဲဒီတုန်းက Key E နဲ့ ဆိုသတဲ့။ အသံလွှင့်ခဲ့တဲ့အချိန်က စပြီးတော့ Key D လို့ ပြောပါတယ်။ ခုဆိုရင်တော့ မာအေး ဘယ်အသံနဲ့ ဆိုဖြစ်မလဲ မသိသေးပါဘူး။

အခုလဲ ၀ါသနာရှင် ပထမအဆင့် အမျိုးသမီးပြိုင်ပွဲဝင်တွေ သူတို့အဆင်ပြေတဲ့ ကြိုက်တဲ့ Key - အသံနဲ့ ရွေးပြီး ဆိုကြ ပြိုင်ကြမှာမို့ ပိတောက်လမ်းကို မာအေး ဘယ်လိုဆိုထားတယ် ဆိုတာလေးကို လေ့လာနိုင်အောင် သရုပ်ခွဲဘို့ရာ နားဆင်ကြည့်ပါနော်။ ဒီနေ့ ခြေဆင်းပိုဒ် စကြည့်ရအောင်လား။

* အို .... ကိုယ်တယောက်ထဲ .... ပိတောက်လမ်းဝယ် လျှောက်စမ်းချင်ပါတယ်

ဒါက ပိတောက်လမ်းရဲ့ နိဒါန်း - ခြေဆင်းပိုဒ်ပေါ့နော်။ စာသားအားလုံးမှ (၁၄) လုံးဘဲ ရှိတာပါ။ အဲဒါကို 'အို' မှာ တခါ၊ 'ကိုယ်တယောက်ထဲ' မှာ တခါ၊ 'ပိတောက်လမ်းဝယ်' မှာ တခါ၊ 'လျှောက်စမ်းချင်ပါတယ်'က တခါ၊ ပေါင်း (လေးခါ) ဖြတ်ပြီး ဆိုရပါတယ်။ တခါစီမှာ ဘယ်လို ဆိုတာလဲ -

* ပထမ 'အို' စာတလုံးထဲကို အသံ (၄)သံ ဆိုထားပါတယ်။ ဘယ်လိုမျိုးလဲ ဆိုတော့ 'အို ၀ိုး ၀ို ၀ို' ဒီလို ဆိုပါတယ်။ 'အို' ဆိုတဲ့ ပထမဆုံးတသံနဲ့ ၀ိုးဝိုဝို - ဆိုတဲ့ အဆွဲက သုံးသံ ဖြစ်ပါတယ်ရှင်။

* ဒုတိယ - 'ကိုယ်တယောက်ထဲ' စာမှာကျတော့ 'ယောက်' မှာ တသံဆက်ဆိုပါ။ 'ကိုယ်တယောက်' - ဝေါက် ဒါမျိုး။ 'ထဲ' စာလုံးကို 'ထဲ' အဲအဲအယ်၊ အဲအဲအယ်၊ အဲအဲအယ် - ဟဲ့ဟယ် လို့ ဆိုပါတယ်။ နောက် ပိတောက်လမ်းအန်းအံ အန်းအံ အန်းအံ အန်းဝယ် လို့ ဆိုပါတယ်။ 'လမ်း' ဆိုတဲ့ နေရာကို ပီပြင်အောင် ဆိုပါ။ ဒီခြေဆင်းဟာ အပြီးသတ်မှာ ပြန်လာဦးမှာမို့ပါဘဲ။
နောက်ပိုင်းမှာ ဆိုရမယ့် 'လမ်း' ဆိုပေါက်နဲ့ ခွဲထားလို့ ဂရုစိုက်စေချင်ပါတယ်။

* အဆုံးသတ်က 'လျှောက်စမ်းချင်ပါတယ်' တဲ့။ လျှောက်စမ်း အန်းအန်းအန်း ချင်ပါ အာ တယ်။

မာအေးလဲ ဘယ်ကီးနဲ့ ဆိုပြမိလဲ မသိပါဘူး။ အတီးမပါဘဲ ဆိုရတော့ ဒီလေါက်ပဲပေါ့နော်။ အဆုံးက ဆိုပုံကို နည်းနည်း လျှော့ထားတာ တခုဘဲ ကွာမှာပါ။ မာအေးကတော့ အဆုံးသတ်နေရာကို ဘယ်သံနဲ့ဆိုရတာ ကြိုက်ပါတယ်။ နောက်တပါတ်မှာမှ ဆက်ပြောပေးပါဦးမယ်။


ဘီဘီစီ အသံလွှင့်ဌာန http://www.bbc.co.uk/burmese/ ၏ ထုတ်လွှင့်ချက်ကို ကူးယူ ဖော်ပြသည်။

စာစီစာရိုက် လုပ်အားပေး- မျိုးဇော်

Comments