ရွှေမင်းသားဖောင်ဒေးရှင်းရဲ့ လေးနှစ်မြောက်နှစ်ပတ်လည်ပွဲ
တာရာဝေယံ၊ ရန်ကုန်
မေလ ၉၊ ၂၀၁၂
မေလ ၉၊ ၂၀၁၂
ရွှေမင်းသားဖောင်ဒေးရှင်းရဲ့ လေးနှစ်မြောက်နှစ်ပတ်လည်ပွဲကို ဒီနေ့နံနက် ၉း ၀၀ နာရီက ရန်ကုန်မြို့၊ မင်းရဲကျော်စွာလမ်းမှာရှိတဲ့ UMFCCI (စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်) ခန်းမမှာ ကျင်းပခဲ့ပါတယ်။ ဒီအခမ်းအနားကို သီတဂူဆရာတော် ရှင်ဉာဏိဿရ၊ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင် ဆန်းစုကြည်၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုဌေးကြွယ်၊ နိုင်ငံရေး၊ စီး ပွားရေး၊ လူမှုရေး၊ အနုပညာနယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များ၊ အနယ်နယ်အရပ်မှ မသန်မစွမ်းသူများ၊ အလှူရှင်များ ပရိသတ်စုစုပေါင်း တထောင်ကျော် တက်ရောက်ခဲ့ကြပါတယ်။
ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ) ရဲ့နာယကတစ်ဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်က ဂုဏ်ပြုအမှာစကားပြောကြားရာမှာတော့ မသန်စွမ်း သူတွေဆီက မိမိတို့က ပြန်လည်သင်ယူရကြောင်း၊ မြေမြှုပ်မိုင်းကြောင့် မသန်မစွမ်းဖြစ်ရသူတွေဆိုရင်လည်း တကယ်မသန်စွမ်းသူတွေက မိုင်းအထိခံရသူတွေပဲလား၊ မိုင်းထောင်တဲ့သူတွေပဲလား၊ ဒါမှမဟုတ် ဒီလိုမျိုးကိစ္စရပ်တွေကို မတားဆီးနိုင်တဲ့ မိမိတို့ကိုယ်တိုင်ပဲလားလို့ မေးခွန်းထုတ်သွားပါ တယ်။ ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်းပြောအပြီးမှာ ဒေါ်သီတာညိုလေးရေးဆွဲတဲ့ ပုလင်းပန်းချီကို ဦးမြတ်သူဝင်းက ဂုဏ်ပြုပေးအပ်ခဲ့ပါတယ်။
ဒီနောက်မှာတော့ မသန်စွမ်းကလေးတွေရဲ့စွမ်းရည်ပြခြင်း၊ ပညာသင်ဆု ချီးမြှင့်ခြင်း၊ အလှူငွေများလက်ခံခြင်း၊ ၀ှီးချဲများပေးအပ်ခြင်း စတဲ့ အစီအစဉ်များအပြီးမှာ အဖွဲ့ရဲ့သြ၀ါဒါစရိယဆရာတော် ရှင်ဉာဏိဿရက သြ၀ါဒစကားချီးမြှင့်ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါတယ်။