Oakland - Dhamma Ayeyake - Buddha Day


 ဥက္ကလံ ဓမ္မအေးရိပ် စာရေးတံမဲကုသိုလ်ပွဲ စည်ကားစွာ ကျင်းပ
ကျော်နိုင်၊ မေ ၇၊ ၂၀၁၂
ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စ္စကိုဘေးဧရိယာရှိ ဥက္ကလံမြို့ ဓမ္မအေးရိပ်ကျောင်း၊ မြန်မာသက္ကရာဇ် ၁၃၇၄ ကဆုန်လပြည့် ဗုဒ္ဓနေ့  မေ၊ ၅၊ ၂၀၁၂ စနေနေ့မှာ ကျောင်းထိုင်ဆရာတော်က ဦးစီးကြီးမှူးကျင်းပသော သံဃိကဒါန မဟာဒုဂ် စာရေးတံမဲပွဲကို စည်ကားအောင်မြင်စွာ ကျင်းပခဲ့ပါတယ်။


နံနက်ခင်းမှာ စတင်ပြီးတော့ ၈း ၃၀ နာရီ - ဗုဒ္ဓဘိသေက အနေကဇာတင်ခြင်း၊ ၉း ၀၀ နာရီ - အခမ်းအနားဖွင့်ပွဲ၊ မြန်မာပြည်က ကြွရောက်လာတဲ့ မဟာစည်သြ၀ါဒါစရိယဆရာတော် ဘဒ္ဒနဇ္တဋိလ မဟာထေရ်အရှင်သူမြတ်မှ ငါးပါးသီလပေး တရားတော် ချီးမြင့်တော်မူခြင်း၊ မဟာဒုဂ် စာရေးတံမဲပွဲနှင့် ပတ်သက်တဲ့ အကြောင်းအရာများ ဟောကြားပါတယ်။ အဲသည်နောက် တက်ရောက်လာသူ ဧည့်ပရိသတ်အပေါင်းက ရေစက်သွန်းချ အမျှအတန်းပေးဝေပြီး သံဃာတော်များကို ပဒေသာပင်များနှင့် လှူဘွယ်ဝတ္ထုအစုစုတို့ကို မဲချ လှူဒါန်းကြပါတယ်။ ပြီးနောက် မိမိအိမ်မှာ ဆွမ်းပင့်ကပ်မယ့် သံဃာတော်များကို ဆွမ်းအလှူရှင်များက မဲနှိုက်ကြခြင်း၊ မဟာဒုဂ်ဘုရားကို အလှူရှင်များက မဲနှိုက်ကြခြင်းတို့ ဆောင်ရွက်ကြပါတယ်။

 
 နေ့လည် (၁၂း၃၀) နာရီမှာ မဟာစည်ဆရာတော်ဘုရားကြီးက အလှူရှင်များကို တရားတော်များချီးမြှင့်၍ ရေစက်သွန်းချ အမျှပေးဝေခြင်း၊ နေ့လည် (၂း၀၀) နာရီမှာ နှစ်ကျိတ်ရှစ်ဆူဘုရား ပူဇော်ပွဲ ကျင်းပခြင်း၊ ညနေ (၇း၀၀) နာရီတွင် အလှူရှင်များမှ အကျွေးအမွေးများဖြင့် ဧည့်ခံပြီး မဟာစည်သြ၀ါဒါဆရာတော်ဘုရားကြီးမှ ကဆုန်လပြည့် ဗုဒ္ဓနေ့ တရားတော်များကို ဟောကြားချီးမြင့်ခဲ့ပါတယ်။

 

Comments