Friday, May 18, 2012

Kyaw Thu - FFSS Yangon Activity,

ဇာတ်သဘင်မျိုးဆက်များ လက်ဆင့်ကမ်းခဲ့သူ
ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်)
မေ ၁၉၊ ၂၀၁၂

စိန်မာဒင်အမည်ဖြင့် တခေတ်တခါက လူကြိုက်များခဲ့ပြီး မြန်မာနိုင်ငံသဘင်ပညာရှင်များ အစည်းအရုံး (ဗဟို) ၏ ဥက္ကဋ္ဌဖြစ်သူ ဦးစိန်မာဒင် အသက် (၇၉) နှစ်သည် ၁၃.၅.၂၀၁၂ ရက်နေ့ နံနက် (၇း ၄၅) နာရီအချိန်တွင် သုခကမ္ဘာအထူးကုဆေးရုံကြီး၌ အစာအိမ်၊ အူလမ်းကြောင်းနှင့် ကျောက်ကပ်ရောဂါဖြင့် ကွယ်လွန်သွားခဲ့ရာ နာရေးကူညီမှုအသင်း (ရန်ကုန်) မှ သွားရောက်၍ ကျန်ရစ်သောရုပ်ခန္ဓာအား သယ်ဆောင် ၍ ရေဝေးသုဿန်အအေးခန်းသို့ ကူညီဖေးမပို့ဆောင်ပေးခဲ့ပြီး ၁၇.၅.၂၀၁၂ ရက်နေ့ နေ့လည် (၁) နာရီအချိန်၌ ရေဝေးသုဿန်တွင် ဈာပန အခမ်းအနားအား ကျင်းပပြုလုပ်ခဲ့သည်။ ယင်းအခမ်းအနားတွင် အနုပညာရှင်များ၊ ဆွေမျိုးမိတ်သင်္ဂဟအပေါင်းများနှင့်အတူ နာရေးကူ ညီမှုအသင်း (ရန်ကုန်) မှ အသင်းသား/သူများတို့မှ စည်ကားသိုက်မြိုက်စွာ ကူညီဖေးမခဲ့ကြသည်။

ဦးစိန်မာဒင်သည် “မဟာရန်ကုန်စံပြ” ဇာတ်သဘင်အားထူထောင်ခဲ့ရာ ယနေ့ချိန်ထိ သက်တမ်းအားဖြင့် (၄၈) နှစ်တိုင်ခဲ့ပြီဖြစ်သည်။ “ဖိုးတ ဝမ်နှင့် ရွှေမင်းသား” ဇာတ်ထုပ်၊ မြနန်းရှင် သိုက်သမိုင်းစသည့် သိုက်သမိုင်းများလည်း အောင်မြင်မှုများရရှိခဲ့ပြီး “အရိန္ဒမာ” ဇာတ်တော်ကြီး ဖြင့်လည်း အောင်မြင်ခဲ့သူတစ်ဦးဖြစ်သည်။ မြန်မာပြည်ရှိ ပရိသတ်များ၏အမြင်တွင်စိမ်းနေသည့် ဘဲလေးအကအား တခေတ်တခါတုန်းက “အသည်းအေးတဲ့ ဘဲလေး” အဖြစ် မိတ်ဆက်ခဲ့သူတစ်ဦးလည်းဖြစ်သည်။ နာမည်ကြီးလူကြိုက်များသည့် ဇာတ်မင်းသားတစ်ယောက် ဖြစ်ရုံမက သားနှင့်မြေးများဖြစ်သည့် မိုးဝင်း၊ မိုးမင်းနှင့် ဟန်ဇာမိုးဝင်းတို့၏ခေတ်တွင်လည်း ဇာတ်သဘင်လောက၌ လျှမ်းလျှမ်းတောက် အောင်မြင်ကျော်ကြားသူများဖြစ်အောင် ပြုစုပျိုးထောင်နိုင်ခဲ့သူတစ်ဦးလည်းဖြစ်ပေသည်။









Post a Comment