Kyaw Home- Photo News

ပြည်ပရောက် ၈၈ နဲ့ မျိုးဆက်သစ်များရဲ့ (၁၄) ကြိမ်မြောက် အောရီဂွန် မြန်မာ့နှစ်သစ်ကူးသင်္ကြန်
ကျော်ဟုန်း
မေလ ၁၊ ၂၀၁၂

အမေရိကန်ပြည်ထောင်စု အော်ရီဂွန်ပြည်နယ်၊ ပို့လန်းမြို့ရှိ ရပ်ဆယ် အလယ်တန်းကျောင်းခန်းမမှာ ၂၀၁၂ ဧပြီ ၂၈ ရက်နေ့က (၁၄) ကြိမ် မြောက် မြန်မာ့နှစ်သစ်ကူးသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားခဲ့ပါတယ်။













အဆိုပါသင်္ကြန်ပွဲတော်ကို ဦးဆောင်ခဲ့ကြသူများဖြစ်တဲ့ ပြည်ပရောက် ၈၈ များဖြစ်ကြတဲ့ ကိုလှစိုး၊ ကိုကျော်လွင်စိုးနဲ့ ကိုထွန်းထွန်းတို့က “ပို့လန်းမှာ သင်္ကြန်ပွဲကျင်းပလာတာ (၁၄) ကြိမ်ရှိသွားပြီ။ အခုလို နှစ်စဉ်မပျက် အောင်အောင်မြင်မြင်ကျင်းပနိုင်ခဲ့တာ ဒီမှာရောက်နေတဲ့ တိုင်းရင်းသားတွေရော မျိုးဆက်သစ်တွေပါ ပူးပေါင်းပါဝင်ခဲ့တာကြောင့်ပါ။ မိခင်မြေနဲ့ဝေးကွာနေပေမယ့် မျိုးဆက်သစ်တွေကို မိရိုးဖလာ ယဉ်ကျေးမှုတွေကို မြတ်နိုးတတ်ဖို့၊ အမြစ်တွယ်စေဖို့အတွက် ရည်ရွယ်ပြီး ကျင်းပတာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။

မြန်မာတိုင်းရင်းသားများဖြစ်ကြတဲ့ ကရင်လူမျိုးများလဲ ရိုးရာကရင်ဒုံးယိမ်းအကနဲ့ ဖျော်ဖြေသွားကြသလို သင်္ကြန်သီချင်း၊ မြန်မာအကများကို လူငယ်များက မိမိတို့နှစ်သက်ရာသီချင်းများနဲပ သီဆိုဖျော်ဖြေသွားကြသလို အော်ရိုလာတီးဝိုင်းမှ ဂီတပညာရှင် ကိုခင်စိုးက မေတ္တာဖြင့် ကူညီတီးခတ်ပေးခဲ့ပြီး စက်ပိုင်းဆိုင်ရာနည်းပညာပိုင်းမှာတော့ ၀ါရှင်တန်ပြည်နယ်က ကိုထက်ကြံက တာဝန်ယူပံ့ပိုးကူညီခဲ့ပါတယ်။

ဖို့ဝိန်းမြို့၊ အင်ဒီယာနာပြည်နယ်မှ ကိုရဲဝင်းအောင်ကတော့ သင်္ကြန်ပွဲတော်နဲ့လိုက်ဖက်ညီလှတဲ့ သံချပ်များကို ရေးစပ်ပေးခဲ့ပြီး ပြည်ပရောက် ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (အေဘီအက်စ်ဒီအက်စ်) မှ ကျောင်းသားဟောင်းများနဲ့ မျိုးဆက်သစ်လူငယ်များက ဖျော်ဖြေတင် ဆက်ခဲ့တာဖြစ်ပါတယ်။

“သဘာဝကပေးတဲ့အမွေ၊ မြန်မာပြည်မှာ ပြည့်လို့ စုံလို့ ...
ဘိုးဘွားအဆက်ဆက် ငါတို့အမွေ
ကိုယ်ကျိုးသုံးတာ အာဏာရှင်အဆက်ဆက် ....
ဂက်စ်တွေထွက်သမျှအကုန်ရောင်းတာ ..လျှပ်စစ်မီးတော့ ပြန်ဝယ်သုံးမတဲ့ ....
မြစ်ဆုံပိတ်လို့ စက်တွေဆင် ထွက်သမျှစွမ်းအင် တရုတ်ကို ရောင်းဖို့ ....
ပြည်သူအတွက် နည်းနည်းမပါ ...ဖယောင်းတိုင် မီးခွက်ရိုးရာမပျက် ...” စတဲ့ ရဲရဲတောက်စားသားများနဲ့ ခေတ်ကိုထင်ဟပ်စေပြီး ပြောင် မြောက်တဲ့သံချပ်များကြောင့် ပရိဿတ်များ သဘောကျနှစ်ခြိုက်ခဲ့တာ တွေ့ရပါတယ်။

ထို့အပြင် Burma Generation of Oregon လူငယ်များအဖွဲ့ကလည်း လိုအပ်သလို ပါဝင်ဆောင်ရွက်ခဲ့တာကိုတွေ့ရပြီး အသင်းတံဆိပ်ပုံပါ တီရှပ်များကိုလည်း ရောင်းချခဲ့ပြီး ပွဲတော်မှာ ရံပုံငွေရှာဖွေခဲ့ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်ဟောင်းဖြစ်သူ မစန်းစန်းမော်က BGO လူငယ်အဖွဲ့ကို အော်ရီဂွန်မှာ တည်ထောင်တာ (၂) နှစ်ပြည့်ပြီဖြစ်ကြောင်း၊ ဒီအသင်းကနေ မဖြူဖြူသင်းဦးစီးဆောင်ရွက်နေတဲ့ AIDS ဝေဒနာရှင်များ ကူညီစောင့်ရှောက်ရေးအဖွဲ့ကို ငွေများလှူဒါန်းခဲ့ပါတယ်။ နောင်တွင်လည်း သာသနာရေး၊ ပြည်တွင်းလူမှုအထောက်အကူပြုလုပ်ငန်းတွေကို လုပ်ဆောင်နေကြတဲ့အဖွဲ့များထံ ငွေများလှူဒါန်းနိုင်ဖို့အတွက် အစီအစဉ်ရှိပါကြောင်း သတင်းမီဒီယာများသို့ ရှင်းပြပြီး အဖွဲ့ဝင်လူငယ်များနဲ့ မိတ်ဆက်ပေးပါတယ်။

၎င်းအပြင် မွန်တိုင်းရင်းသားလူငယ်များအဖွဲ့ကလည်း ကြွရောက်လာတဲ့ပရိတ်ဿတ်များကို မုန့်ဟင်းခါး၊ မြန်မာထမင်းဟင်း၊ ဒံပေါက်ထမင်း၊ ရွှေရင်အေး၊ မုန့်လုံးရေပေါ်၊ ရေခဲမုန့် စသည့် စားသောက်ဖွယ်ရာစုံစုံလင်လင်တို့ဖြင့် စတိုဒီသာ ကျွေးမွေးခဲ့ပါတယ်။

ယခုနှစ် (၁၄) ကြိမ်မြောက် သင်္ကြန်ပွဲကို အိုကလန်း၊ ဖို့ဝိန်း၊ ၀ါရှင်တန်၊ ဆန်ဖရန်စစ္စကိုမှ ၈၈ များကလည်း တကူးတက လာရောက် ပါဝင်ဆင်နွှဲတာကို တွေဲ့ရပါတယ်။ ဧည့်ပရိတ်ဿတန် (၂၀၀) ကျော်ခန့် တက်ရောက်ခဲ့တဲ့ မြန်မာရိုးရာနှစ်ကူးသင်္ကြန်ပွဲမှာ အမေရိကားရောက် မြနမာတိုင်းရင်းသားများရဲ့ ပြည်ထောင်စုစိတ်ဓာတ်ကို မြင်တွေ့ခဲ့ရတာကတော့ ကြည်နူးစရာအကောင်းဆုံး မြင်ကွင်းပဲ ဖြစ်ပါတယ်။

Comments