ရှာဖွေရေး ...

Loading...
Burmese Community News and Media Station –
PO Box 825, Yangon General Post Office, Yangon, Myanmar
PO Box 320-207, San Francisco, CA 94132-0207, USA –
send email to editors @ moemaka.net ((510) 854-6501)

Nyein Chan Aye - Essay

ကိုဖေများ များစေချင်
ငြိမ်းချမ်းအေး
ဧပြီ ၁၂၊ ၂၀၁၂




ခုအချိန်လို သင်္ကြန်နားနီးတဲ့အချိန်ဆို သင်္ကြန်သီချင်းတွေနဲ့အတူ ကျနော့်ရင်ထဲကိုရောက်ရောက်လာတတ်တာက ဆရာဇော်ဂျီရဲ့ နွေဦး ကျက်သရေဆိုတဲ့ စာတမ်းငယ် အက်ဆေးလေးတစ်ပုဒ်ပါ။ ဆရာဇော်ဂျီရဲ့ နွေဦးကျက်သရေဆိုတာထက် ဆရာဇော်ဂျီ ကိုယ်တွေ့ကြုံဖူးခဲ့ ဟန်တူတဲ့ အဲ့စာတမ်းငယ်ထဲက ကိုဖေဆိုတဲ့ လူတစ်ယောက်အကြောင်းဆိုရင် ပိုမှန်မယ်။ ခုလို အခါကြီးရက်ကြီးမျိုးမှာ ဇီဝိတဒါန နွားလွှတ် ကုသိုလ်ယူပွဲအတွက် အရပ်ထဲလှည့် တက်တက်ကြွကြွ လိုက်လံအလှူခံ နှိုးဆော်လေ့ရှိတဲ့ လူတယောက်ပေါ့။

နွေပေါက်လို့ ပိတောက်ရနံ့သင်းပျံ့တဲ့အချိန်ရောက်ရင် ဘုန်းကြီးကျောင်းထွက် ကိုဖေဟာ အဖော်ကာလသား သုံးလေးယောက်နဲ့အတူ ပြွေ မှုတ်၊ အိုးစည်၊ လင်းကွင်းတီးပြီး ပျော်ပျော်ပါးပါး အလှူခံလှည့်တော့တာပဲ။ ပြီးတော့ နွားသတ်ရုံသွား၊ အရပ်ကလှူတဲ့ပိုက်ဆံနဲ့ အသတ်ခံရ တော့မယ့် နွားတကောင်ဝယ်၊ နွားချိုဖျားမှာ ပိတောက်ပန်းဆင်၊ နွားတကိုယ်လုံးကို သနပ်ခါးအမွှေးအကြိုင်လိမ်းပြီး တခါ ပြွှေသမား၊ အိုး စည်သမားတွေရဲ့ အတီး၊ အမှုတ်၊ အကအခုန်နဲ့အတူ အရပ်ထဲထပ်လှည့်၊ ရပ်ရွာရဲ့စေတနာ၊ သဒ္ဒါတရားကြောင့် သတ္တဝါတစ်ခုရဲ့အသက်ကို ကယ်ခဲ့နိုင်ကြောင်းသက်သေပြပြီး ကိုယ့်ကုသိုလ်ကို ကိုယ်ပြန်မုဒိတာပွားစေတယ်။ နှစ်စဉ်နှစ်တိုင်း မြန်မာ့ရှေးရိုးရာအစဉ်အလာ နွားလွှတ်ပွဲ ကို အင်တိုက်အားတိုက်လုပ်လေ့ရှိတဲ့ ကိုဖေကို တခါတော့ လောကဓာတ်ကျောင်းသား ဆရာဇော်ဂျီက “ကိုဖေရယ်... နွားလွှတ်ပွဲလုပ်တာ တော့ ကောင်းပါတယ်။ ဒါပေသိ တစ်နှစ်မှ တစ်ခါလွှတ်တာဆိုတော့ ဘယ်အရာရောက်မလဲ။ နေ့တိုင်း၊ နာရီတိုင်း၊ မိနစ်တိုင်းလွှတ်နိုင်မှ ဟန် မှပေါ့ဗျ” လို့ စောဒကတက်ဖူးတယ်။ အဲ့တော့ ကိုဖေက “ကိုရင် အဲ့သလိုတွေးမယ်ဆို တွေးသင့်ပါရဲ့။ နို့ပေမဲ့ ဒီလိုတွေးကြည့်ပါအုံးလေ။ တ ကယ်ဆိုတော့ သူ့အသက်ကိုကယ်ရမယ်ဆိုတဲ့တရားဟာ နွားအတွက်သာ ဘယ်ဟုတ်မလဲ၊ သတ္တဝါခမ်သိမ်းအတွက်ဖြစ်သင့်တာပေါ့။ ဒီ တော့ ခုနွားလွှတ်ပွဲ နှစ်စဉ်ကျင်းပခြင်းက ဘေးသင့်နေတဲ့သတ္တဝါမှန်သမျှ၊ ဒုက္ခိတသတ္တဝါမှန်သမျှဟာ ကယ်အပ်၊ စောင့်ရှောက်အပ်တဲ့ သတ္တဝါတွေပါလားဆိုတဲ့ အသိတရားကို ဖြစ်ထွန်းစေတာပေါ့။ ဒီအသိတရားရဖို့ ခုလို နွေပေါက်တိုင်း နွားလွှတ်ပွဲကနေတဆင့် နှိုးဆော်နေတဲ့ သဘောပေါ့” လို့ ပြန်ဖြေတယ်။

ကိုယ်တွေ့ သို့မဟုတ် စိတ်ကူးဇာတ်လမ်းထဲက ကိုဖေမှတဆင့် ဆရာဇော်ဂျီပေးလိုက်တဲ့ “ကျင်းပတဲ့ပွဲက အရေးမဟုတ်၊ ကျင်းပတဲ့ပွဲရဲ့ အ နှစ်သာရသဘောကသာ အရေးပါတယ်” ဆိုတဲ့ အယူအဆမှာ စဉ်းစား၊ တွေးခေါ်၊ ကျင့်ကြံ၊ လုပ်ဆောင်ရမယ့် သဘောတွေ အများကြီးပါတယ်။

လူတွေဟာ မကောင်းမှုမှာ မွေ့လျော်တယ်၊ မကောင်းတဲ့ အကျင့်စရိုက်ဟာ ကူးစက်မြန်တယ်၊ စသည်ဖြင့် မှတ်ယူလေ့ရှိတယ်။ ဒါပေမယ့် ကိုဖေလို လူတစ်ဦးချင်းက လူ့အဖွဲ့အစည်းအတွက် ကောင်းမွန်တဲ့သဘောပါတဲ့ အလုပ်သေးသေးလေးတစ်ခုကို ယုံယုံကြည်ကြည်နဲ့ တ စိုက်မတ်မတ် ရှေ့ဆောင်လမ်းပြ ရပ်ထဲ၊ ရွာထဲ၊ လူအသိုင်းအဝန်းထဲမှာ လုပ်ပြနိုင်ရင် ကောင်းမှု၊ ကောင်းတဲ့ အကျင့်စရိုက်ဟာလည်း ကူး စက်မြန်ပါတယ်။ တပါတည်း လူတစ်ဦးချင်းစီရဲ့ အလုပ်သေးသေးလေးတွေရဲ့ ကောင်းကျိုးရလဒ်၊ သို့မဟုတ် ဖော်ဆောင်တဲ့သဘောက လည်း လူ့အဖွဲ့အစည်းအတွက် အကြီးကြီးဖြစ်နေတတ်တယ်ဆိုတဲ့သဘောကိုလည်း ပေါ်လွင်လာစေပါတယ်။ ဥမမာဆိုရရင် သိပ်မကြာခင် က ရန်ကုန်က အငှားယာဉ်မောင်းဆရာရဲ့ ရိုးရိုးသားသားနဲ့ (နိုင်ငံခြားသား) ပိုင်ရှင်ကျန်ခဲ့တဲ့ ငွေနဲ့ပစ္စည်းတွေ ပြန်ပေးတဲ့လုပ်ရပ်မျိုးပေါ့။

ကျနော်ဟာ နောက်ပိုင်း လူမှုဗေဒ သဘောတရား စာအုပ်တွေဖတ်လာနိုင်တဲ့ အရွယ်ရောက်တော့ လေ့လာသင်ယူလာရတဲ့... အကြာင်းအရာ အဖြစ်အပျက်ကလေးတွေကြောင့် ကြီးမားတဲ့ ခြားနားချက်၊ အကျိုးတွေဖြစ်စေတဲ့ “နည်းခြင်း နိယာမ” တို့၊ လူမှုထုံးတမ်းအစဉ်အလာတွေဟာ လူ့အသိုင်းအဝန်းထဲမှာ ရောဂါသဖွယ် လျင်လျင်မြန်မြန် ကူးစက်တဲ့သဘောတို့၊ စတဲ့ ခက်ခဲတဲ့ လူမှုဗေဒသဘောတရားတွေကို ငယ်စဉ်က ဆရာဇော်ဂျီရဲ့ ကိုဖေက အနှစ်သဘောကို သင်ပေးခြင်းခံရပြီးဖြစ်တဲ့အတွက် နားလည်သဘောပေါက်ဖို့ လွယ်လာခဲ့တယ်။ လူမှုဗေဒ သီ အိုရီတစ်ခုဖြစ်တဲ့ “ကျိုးနေတဲ့ ပြတင်းပေါက်များကို ပြင်ခြင်း” ဆိုတဲ့သဘောမှာ “အဆောက်အအုံတစ်ခုမှာ ပြတင်းပေါက်တချို့ကျိုးပဲ့နေတာကို မပြင်ဘဲ ဒီအတိုင်းထားရင် အခြားပြတင်းပေါက်တွေလည်း ကျိုးပဲ့လာနိုင်တဲ့အလားအလာ ပိုများတယ်။ အပြင်က ခိုးဝှက်ဝင်ရောက်ဖျက် စီးလာနိုင်မှုကလည်း ပိုများစေတယ်။ ကျိုးနေတဲ့ ပြတင်းပေါက်တပေါက်ချင်းကိုပြင်သွားရင် အဲ့သလို ကျယ်ပြန့်တဲ့ထိခိုက်မှု ကြုံလာဖို့ အ လားအလာ နည်းသွားစေတယ်” လို့ဆိုတယ်။ လမ်းဘေးမှာ အမှိုက်တစ်စ၊ နှစ်စ စပုံမိရင် နောက်ပိုင်း အမှိုက်ပုံကြီးဖြစ်လာစေတယ်ဆိုတဲ့ သဘောနဲ့ အတူတူပဲ။ ဒီသီအိုရီကိုဖတ်ရတော့ ကျိုးနေတဲ့ ပြတင်းပေါက်ကလေးတစ်ခုကို တတ်နိုင်သလောက် တနိုင်တပိုင်ပြင်နေတဲ့ ကိုဖေ ကို မြင်လာမိတယ်။ “ကျိုးနေတဲ့ ပြတင်းပေါက်များကိုပြင်ခြင်း” လူမှုဗေဒသဘောတရားကို ရာဇဝတ်မှုထူပြောတဲ့ ၁၉၈၀ နှောင်းပိုင်း နယူး ယောက်မြို့ မှုခင်းကျဆင်းရေးမှာ လက်တွေ့အသုံးချကြည့်တော့ အသေးအဖွဲကအစ လျစ်လျူရှု သည်းမခံပဲ အကောင်းဆုံးဖြစ်အောင် လုပ် ရမယ်။ အင်္ဂလိပ်လို “zero tolerance” ဆိုတဲ့သဘောကြောင့် ၁၉၉၀ နောက်ပိုင်းမှာ ရာဇဝတ်မှုတွေ သိသိသာသာကျဆင်းလာတယ်ဆို တာလည်း တွေ့ရတယ်။

လူတစ်ယောက်ဟာ ရိုးရာအစဉ်အလာ၊ ခေတ်ထုံးတမ်း၊ ဝါသနာ၊ အသက်မွေးဝမ်းကြောင်း၊ အလုပ်တာဝန် စတဲ့အကြောင်းအမျိုးမျိုးကြောင့် အကြာင်းအရာအမျိုးမျိုး၊ အဖြစ်အပျက်အမျိုးမျုး အလုပ်အမျိုးမျိုးမှာ ဝင်ရောက်ပတ်သက်လုပ်ကိုင်ရလေ့ရှိတယ်။ ကိုယ်လုပ်ရတဲ့ နေရာ၊ ဌာန၊ ရာထူး အကြီးအသေး၊ အနိမ့်အမြင့်အလိုက် ကိုယ်လုပ်တဲ့အလုပ်ရဲ့ ပမဏက အကြီးအသေး ကွာလေ့ရှိတယ်။ ဒါပေမယ့် ကိုယ်လုပ်ရတဲ့ အလုပ်၊ ကိုယ်လုပ်ရမယ့် အလုပ်၊ ကိုယ်လုပ်သင့်တဲ့အလုပ်ကို အသေး၊ အကြီး၊ အနည်း၊ အများ သဘောမထားပဲ မှန်မှန်ကန်ကန်နဲ့ အ ကောင်းဆုံးဖြစ်အောင်လုပ်ပြနိုင်ရင် အလုပ်ရဲ့ရလဒ်က သေးကောင်းသေးနိုင်ပေမယ့် လူ့အသိုင်းအဝန်းမှာ အတုယူနိုင်လောက်အောင် စံပြနေ ထိုင်လုပ်ဆောင်နေတယ်ဆိုတဲ့ အလုပ်ရဲ့နောက်ကွယ်သဘောက ကြီးမားစေတယ်။

ကျနော်တို့ရဲ့ လူ့အဖွဲ့အစည်းဟာ ကြီးမားရှုပ်ထွေးတဲ့ စက်ပစ္စည်းအကြီးစားကြီးနဲ့တူတယ်။ မိတ်ဆွေတို့၊ ကျနော်တို့ဟာ စက်ပစ္စည်းကြီးရဲ့ သေးငယ်တဲ့အစိတ်အပိုင်း ပင်နယံ၊ ခွေးသွားစိတ်လေးပဲ ဖြစ်ကောင်းဖြစ်မယ်။ ဒါပေမယ့် အဲ့သေးငယ်တဲ့ ခွေးသွားစိတ်လေးရဲ့ ကောင်းမွန် မှန်ကန်စွာ လုပ်ဆောင်နေတဲ့ အလုပ်ကြောင့် ကြီးမားတဲ့ စက်ကြီးလည်ပတ်နေနိုင်ခြင်း ဖြစ်တယ်။ အဲ့သလိုပဲ မိတ်ဆွေတို့၊ ကျနော်တို့ရဲ့ အ လုပ်ဟာ လေယာဉ်အင်ဂျင်စက်ရဲ့ သေးငယ်တဲ့အစိတ်အပိုင်းလေးတစ်ခုကို ထုတ်လုပ်ခြင်းဖြစ်နိုင်တယ်။ ဒါပေမယ့် အဲ့ဒီသေးငယ်တဲ့ အ စိတ်အပိုင်းလေးတွေကို စံချိန်မီ၊ အရည်အသွေးမီ၊ အကောင်းဆုံးဖြစ်အောင်မထုတ်လုပ်ခဲ့ရင် ကြီးမားတဲ့ လေယာဉ်ပျံကြီးတစ်ခုလုံး ပျက်ကျ ဆုံးရှုံးနိုင်စေတယ်။

လူတချို့က “နှမ်းတစ်လုံးနဲ့ ဆီမဖြစ်ပါဘူး” လို့ ဆိုလေ့ရှိတယ်။ ဒါပေမယ့် အဲ့ဒီနှမ်းတစ်လုံးဟာ နှမ်းရဲ့အရည်အသွေး၊ နှမ်းရဲ့ဂုဏ်ရည် ပြည့် ဝရင် ဆီတစ်စက်တော့ အနည်းဆုံးဖြစ်စေမှာပါ။ အဲ့သလို အရည်အသွေးမီနှမ်းလုံးတွေစုပေါင်းမိရင် ဆီတစ်အိုးတော့ ဖြစ်စေမှာပါ။ နှမ်းတစ် လုံးချင်းက နှမ်းရဲ့ဂုဏ်ရည်မမီ၊ အလုပ်မလုပ်ရင်တော့ ဆီတစ်အိုးဖြစ်လာဖို့လမ်းက အစကတည်းကရှိလာမှာမဟုတ်ပါဘူး။

ကျနော်တို့ဟာ ခက်ခဲကြမ်းတမ်းတဲ့ခေတ်ဆိုးတွေကိုဖန်တီးခဲ့တဲ့ အင်အားကြီးမားတဲ့ စနစ်ဆိုးကို တိုက်ခိုက်တဲ့နေရမှာလည်း “မြင့်မိုတောင် ကို ဇီးစေ့နဲ့ မပေါက်ချင်ပါနဲ့” လို့ပြောလေ့ရှိတယ်။ အဲ့သလို မြင့်မိုတောင်တမျှ မြင့်မားတည်တံ့ ခိုင်မြဲတယ်လို့ယူဆရတဲ့ စနစ်ဆိုးတွေကို သမိုင်းအဆက်ဆက် ဇီးစေ့သေးသေးလေးတွေနဲ့ပေါက်ခဲ့ကြလို့ အချိန်၊ နေရာ၊ အဖြစ်အပျက်၊ အကြောင်းအရာ တိုက်ဆိုင်တဲ့တစ်နေ့၊ ရှေးခေါမဒဏ္ဍာရီထဲက အာခိလိခြေဖနောင့်လို၊ ဆရာဦးဝင်းတင်ရဲ့ ဂဏန်းမျက်စေ့လို အားနည်းတဲ့နေရာကိုရှာနိုင်ပြီး ထိခိုက်အောင်လုပ် နိုင်ခဲ့ကြလို့ အင်အားကြီးမားလှပါပြီဆိုတဲ့ စနစ်ဆိုးတွေ ဗုံးဗုံးလဲ ပြိုကျပျက်စီးခဲ့ရတာပေါ့။

ကျနော်တို့ဟာ သေးငယ်တဲ့ နှမ်းစေ့လေး၊ ဇီးစေ့လေးတွေဖြစ်ပေမယ့် နှမ်းစေ့ကောင်း၊ ဇီးစေ့ကောင်းလေတွေအနေနဲ့ ကိုယ်လုပ်ရတဲ့ အ လုပ်သေးသေးလေးတွေကို အရိုးသားဆုံးနဲ့၊ အကောင်းဆုံးဖြစ်အောင် ကြိုးစားလုပ်ဆောင်၊ နေထိုင်၊ ကျင့်ကြံသွားရင်း လူမှုအသိုင်းအဝန်းမှာ စံပြနေထိုင်သွားရင် မှတ်ကျောက်တင်ခံနိုင်တဲ့ ကျောက်ကောင်းလေးတွေလို တန်ဖိုးရှိပြီး လူမှုပတ်ဝန်းကျင်အတွက် အကျိုးရှိလာစေမှာ ဖြစ် ပါတယ်။

ကိုယ်နေထိုင်တဲ့ လူ့အသိုင်းအဝန်းသေးသေးလေးမှာ ကောင်းမွန်အကျိုးရှိတဲ့ အလုပ်သေးသေးလေးတွေကို တနိုင်တပိုင် အကောင်းဆုံး လုပ်ဆောင်တာဝန်ကျေရင်း လူ့အဖွဲ့အစည်းမှာ အတုယူအားကျကူးစက်လာစေပြီး လူထုယဉ်ကျေးမှုအနေနဲ့ ဖော်ဆောင်နိုင်အောင် ကြိုး စားကြပါစို့လို့ တိုက်တွန်းနှိုးဆော်ရင်း ကိုဖေလိုလူ အများအပြားပေါ်လာစေဖို့ နှစ်သစ်ကူးဆုတောင်းအနေနဲ့ ဆန္ဒပြုလိုက်ပါတယ်။

Ref:
1) The Glory of Summer by Zawgyi from Collected works of Saya Zawgyi, Vol.1, 1993, page: 59-63.
2) The Tipping Point: How Little Things Can Make a Big Difference by Malcolm Gladwell, 2000.