အယ်ဒီတာ့လက်ရေး (၉ )
မောင်ရစ်၊ ဧပြီ ၁၃၊ ၂၀၁၂
မြန်မာနှစ်ကူး အမေရိကန်ဘောလုံးသမား၏ မေတ္တာစာ
ကြားဖြတ်အလွန် တိုင်းနဲ့ပြည်နယ်ပွဲ ပြီင်္းတော့ ကာကွယ်ရေးဦးစီးချုပ်ဖလားပွဲ
လား
ဧပြီ ၁ မှာ ကြားဖြတ်ရွေးကောက်ပွဲပြီးသွားပြီပေါ့။
ကာတွန်းရေးတဲ့သူဆိုတော့ ဘောလုံးပွဲနဲ့ပဲ နှိုင်းပြီး တွေးမိတယ်။ အခုဟာက ခြေစစ်ပွဲအောင်သွားတာ။
နောက် ၃ နှစ်မှာ တိုင်းနဲ့ပြည်နယ် ဖလားပွဲကို ၀င်ကန်ကြတော့မယ်။ ဆရာဦးဝင်းတင်နဲ့
အင်တာဗျုးတော့ ရယ်စရာတခုအနေနဲ့ မေးကြည့်ဖို့ ကြိုးစားမိသေးတယ်။ တိုင်းနဲ့ပြည်နယ်
ဖလားပွဲကို ကန်နိုင်ပြီဆိုတော့ ဘယ်တော့ ကာကွယ်ရေးဦးစီးချုပ်ဖလားပွဲကို ၀င်ကန်နိုင်မလဲ
… လို့။
အဝေးကြီးက လာရတာ၊ တနှစ်ကြာတယ်
ခြေစစ်ပွဲအောင်ပြီဆိုတော့ သုံးသပ်ဝေဖန်တာတွေ
အများကြီးထွက်လာတယ်။ အနှစ် ၂၀ ကျော်ကို အကျအဆုံးတွေ အဆုံးအရှုံးတွေ စွန့်လွှတ်စွန့်စားမှုတွေနဲ့
ကြံ့ကြံ့ခံခဲ့ကြရတဲ့ ကန္တာရခရီးကြမ်းကြီးကနေ ၂၀၁၀ ဒီဇင်ဘာမှာ အကျယ်ချုပ်က လွတ်မြောက်တယ်။
နောက် တနှစ်ကျော်အကြာ ၂၀၁၂ ဧပြီမှာ အင်န်အယ်ဒီပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ လွှတ်တော်ထဲ
ဝင်ရောက်ဖို့ သေချာသွားပြီ။ (ထင်တာပဲနော်)
အဲသည်အတွက် လာရတဲ့ ခရီးမှာ မှတ်တိုင်တွေက
အများကြီးပဲ။ လူမှုလုပ်ငန်းတွေနဲ့ မိတ်ဆွေ ကွန်ယက်တွေနဲ့ လှုပ်ရှားတာတွေ၊ လက်မှတ်ထိုးကင်ပိန်းလုပ်ခဲ့တာတွေ၊
မီဒီယာတွေကနေ လူထုနဲ့ မေးခွန်းတွေ အဖြေတွေ လုပ်ခဲ့တာတွေ၊ နယ်မြို့အချို့ကို ခရီးတိုလေးတွေ
ထွက်ခဲ့တာတွေနဲ့ တဖြေးဖြေး အလွတ်တန်းမှာ ခြေစွမ်းပြနေရာကနေ ၂၀၁၁ ဇူုလိုင် ၂၅ မှာ
ဦးအောင်ကြည်နဲ့ ပြန်လည်တွေ့ဆုံနိုင်ချိန်ဟာ အချိုးအကွေ့ အစဖြစ်တယ်လို့ ပြောနိုင်မယ်
ထင်ပါတယ်။
နောက်တော့ သြဂုတ်မှာ ဦးသိန်းစိန်နဲ့တွေ့၊ အောက်တိုဘာမှာ
ဇာဂနာနဲ့ တွေ့၊ မင်းသားမင်းသမီး အနုပညာရှင်တွေနဲ့ တွေ့၊ မီဒီယာပေါင်းစုံက ၀န်းရံ၊
ရွေးကောက်ပွဲအကြို ခြေစမ်းပွဲကို ၀င်ကန်မယ်ဆိုပြီး လက်ရွေးစင် ၄၈ ဦး နဲ့ ပွဲဦးထွက်ဖို့
ပြင်ဆင်လိုက်တယ်။ အဲသည်နောက်မှာ ပြည်သူလူထုတရပ်လုံးရဲ့ အကြောက်တရားကနေ ရုန်းကန်ထကြွမှုကြီးဟာ
ကမ္ဘာကြီး တုန်သွားတယ်။
ဘယ်လိုဘောလုံးပွဲ မျိုးလဲ၊ ဥရောပဘောလုံးလား၊ အမေရိကန် ဘောလုံးလား
အခုကန်တဲ့ ဘောလုံးပွဲက အမေရိကန်ဘောလုံးနဲ့
ဆင်တာပဲ။ Offense နဲ့Defense အသင်းတွေ တလှည့်စီ လူခွဲကန်တဲ့ စနစ်လို့ မြင်မိတယ်။ အမေရိကန်ဘောလုံးက
အာရှနဲ့ ဥရောပဘောလုံးလို အသင်းသား ၁၁ ဦးစီ အကုန်လုံး ကွင်းထဲဆင်းပြီး ဘောလုံးတလုံးထဲ
ဝိုင်းလု ၀ိုင်းကန်ကြတာမျိုးမဟုတ်ဘူး။ တိုက်စစ်တလှည့် ခံစစ်တလှည့် အသင်းလူခွဲပြီး
ကစားတယ်လေ။ ဒီဖက်က တိုက်စစ်ကစားမယ်ဆိုရင် ဟိုဖက်က ခံစစ်အသင်းနဲ့ ထုတ်ပြီး ခံတယ်။
တလှည့်စီ တိုက်ခွင့်၊ ခံခွင့်ပေးတယ်။ တိုက်စစ်တဖွဲ့၊ ခံစစ်တဖွဲ့၊ တိုက်စစ်မှူး၊
ခံစစ်မှူး၊ တိုက်စစ် မန်နေဂျာ၊ ခံစစ်မန်နေဂျာ တဦးစီ တသင်းတည်းမှာ ရှိတယ်။ ဒါကို
အချိန်ကုန်ခံပြီး ကစားတာကို ပရိသတ်က စိတ်ရှည်လက်ရှည် ကြည့်ရှုအားပေးတာပဲ။ မိနစ် ၉
ဝ နဲ့ ပြီးတဲ့ ပွဲမျိုးတွေ မဟုတ်ဘူးလေ။
ကြည့်လေ၊ အရင်ကဆို မြန်မာစစ်အာဏာရှင်တွေဆိုတာ
တဥတည်းကပေါက်တဲ့ တသွေးတသံတပုံစံတည်းဆိုသလိုမျိုး မဟုတ်လား။ တပ်မတော်တဖွဲ့လုံးက
တသဘောတည်းနဲ့ ကျောင်းသားတွေကို သတ်တယ်၊ လူတွေကို ထောင်ချတယ်။ တိုင်းရင်းသားတွေ စစ်ဆင်တယ်။
သံဃာတော်တွေကို နှိမ်နှင်းတယ်။ တကြိတ်တည်း၊ တဥာဏ်တည်း လို့ ဆိုကြတယ်။ လူခွဲပြီး
လုပ်ကြတယ် မှ မရှိတာ။
အခုကျတော့ တပ်မတော်က
တိုင်းရင်းသားတွေ စစ်ဆင်တယ်။ ကြံ့ဖွတ်က အတိုက်အခံနဲ့ ဆွေးနွေးတယ်။ အရင်အဖွဲ့က ဖမ်းထားသူတွေကို
အခုအဖွဲ့က ပြန်လွှတ်ပေးတယ်။ ဟိုတုန်းကသူတွေနဲ့ အခုလူတွေဆိုတာက နတ်ရေကန်ထဲကျသွားသလိုလို၊
မိုးကြိုးပဲ ပစ်လိုက်သလိုလို ပြောင်းလွယ် ပြင်လွယ် ဟိုလိုလို ဒီလိုလိုတွေ
ဖြစ်ကုန်တယ် မဟုတ်လား။ ဒါက ဟိုဖက်ကလည်း တိုက်စစ်အဖွဲ့၊ ခံစစ်အဖွဲ့ လူခွဲပြီး ကစားလာကြတယ်လို့
မြင်မိတယ်။ သူတို့တွေ အချင်းချင်း ကွဲကုန်ပြီ၊ ပြဲကုန်ပြီ၊ ပျော့ကုန်ပြီ၊ ဆန်ပြုတ်ဖြစ်ပြီ၊
ဘာညာနဲ့ ချဲတွက်သလို ဖော်တဲ့ခေတ်က ကုန်ပြီနဲ့ တူပါတယ်။
ဒီဖက်ကလည်း လူခွဲပြီး ကန်နေကြရတာပဲလို့ ထင်ပါတယ်။ နိုင်ငံရေးပါတီကြီးမှာ
စုစည်းညီညွတ်တဲ့ အင်အားကို တည်ဆောက်ပြီး ရင်ဆိုင်နေရသလို Rights Group, Social
Support Groups, Civil Society, Associations & Unions, Media Watch Dogs စတဲ့
လူထုအခြေပြု အရပ်သားအဖွဲ့အစည်းတွေ အပြိုင်းအရိုင်း ထူထောင်ပြီး မြန်မာ့လူ့ဘောင်သစ်ကို
ကျားကန်ကြဖို့ လူခွဲပြီး လက်တွဲပြီး လုပ်ကြရမယ့် အချိန်ရောက်နေပြီလို့ ထင်မိတယ်။
ဇာဂနာလို ဖြစ်ချင်တာနဲ့ ကတုံးတုံးပြလို့မရ၊ ကိုကျော်သူလိုဖြစ်ချင်တာနဲ့ မုတ်ဆိတ်မွေး
အရှည်ထားတိုင်းလဲမဖြစ်၊ တမိုးလုံး ရဲတိုက်ဖြစ်ကုန်ရင်လည်း စစ်တုရင်ပွဲမှာ အရုပ်တွေ
မစုံပဲ ဖြစ်ကုန်မှာပေါ့။
လုူခွဲပြီး တိုက်စစ်အဖွဲ့၊ ခံစစ်အဖွဲ့တွေ ရှိလာကြရင် ဘောလုံးတလုံးတည်းကို လုကန်တာမျိုးထက် တဖက်အသင်းက လူခွဲထားတဲ့ ဗျူဟာအဖွဲ့တွေကို
ခွဲပြီး ရင်ဆိုင်တာ ပြန်လှန် ကန်ကျောက်နိုင်တာမျိုးတွေ မြင်ကြရလိမ့်မယ် ထင်ပါတယ်။
ရွာပြန်ပြီး အနားယူမယ်၊ ခြံစိုက်မယ် အချိန်မကျသေး
အမေရိကန်ဘောလုံးပွဲဆိုတာက အချိန်ယူပြီး
ကန်ကြတာပဲ။ အားနဲ့ မာန်နဲ့ တွန်းတိုက် ကစားကြတာပဲ။ အမေရိကန်ဘေ့စ်ဘောလဲ ခံစစ် တိုက်စစ်
တလှည့်စီပဲ။ တပွဲနိုင်ရုံနဲ့ ပြီးပြီ၊ အိမ်ပြန်လို့ ရပြီ ဆိုတာမျိုး မဟုတ်ဘူး။
တိုက်စစ်အသင်းက ယူထားသမျှ အမှတ်တွေကို ခံစစ်အသင်းက အားနည်းနေလို့ တဖက်အသင်းက အမှတ်အသာယူသွားတာမျိုးတွေ
ရှိတတ်တယ်။
ဒီလောက် ကြားပွဲတွေ၊ ခြေစစ်ပွဲတွေ အောင်ရုံနဲ့ တက်ထောင်တာတွေ၊
ကျောက်ဆောင်ပေါ် အတင်းတက်တာတွေ၊ စိတ်ပျက် အားလျော့ပြီး လမ်းချော်တာတွေ၊ လမ်းဘေးဆင်းတာတွေ
လုပ်ကြဖို့တော့ အချိန်မရောက်သေးဖူး ထင်မိတယ်။ ရောက်နေတဲ့ နေရာတွေမှာ အခုလို အချိန်နဲ့
အခြေအနေလေး ရတုန်း ပိုပြီး အသာစီးရအောင် အင်အားရှိအောင် ပြင်ဆင် အားယူထားရမယ်လို့
မြင်မိတယ်။
နောက်တခုကတော့ အာရှဘောလုံးက မိနစ် ၉၀ ကျော်ရင် အချိန်ပို၊
အချိန်ပိုကျော်ရင် ပယ်နယ်တီနဲ့ ဆုံးဖြတ်ကြတာကလား၊ အင်း အမေရိကန်ဘောလုံးနဲ့ ဘေ့စ်ဘော
(သူလည်း ဘောလုံးပဲ၊ သေးတာကွာတယ်)ကတော့ သက်လုံ၊ သမ္ဘာ၊ ကံ၊ အင်အား၊ ဥာဏ်တွေနဲ့ အသက်ကြီးသူ၊
ငယ်သူတွေ အတူတူ လက်တွဲပြီး ကစားကြရတာမျိုးဆိုတော့ ငယ်လို့ ကြီးလို့ဆိုပြီး ခွဲခြားနေစရာ
မလိုပါ။ ကိုယ်နဲ့သင့်တော်တဲ့ နယ်မြေနဲ့ ကျွမ်းကျင်မှုတွေမှာ အချင်းချင်းလက်တွဲပြီး
ကစားနေကြဖို့ပဲ လိုပါတယ်။
ကြားဖြတ်ပွဲပြီးချိန်မှာ ပြည်သူလူထုဟာ အင်အားအပြည့်နဲ့ လန်းဆန်းတက်ကြွလို့
နေတာကို မြင်နေရတယ်။ သူတို့ရဲ့ လက်နက်က အသည်းကြားက မဲတပြားမဟုတ်လား။ ရန်သူတွေက သေနတ်လက်နက်အားကိုး
မတော်မတရား အကြမ်းဖက်မှုတွေ မကျုးလွန်ရဲအောင် သူတို့ရဲ့ မဲလက်နက်တွေကို အဆင်သင့် တိုက်ချွတ်
ပြင်ဆင် မောင်းတင်ထားကြပြီ။ နေရာ ဒေသ ထောင့်ပေါင်းစုံက ဒီမိုကရေစီလိုလားတဲ့ အင်အားစုတွေကလည်း
ကျွမ်းကျင်ရာ လိမ္မာ လူခွဲပြီး ဆက်ကစားကြရဦးမယ်။ အကုန်လုံးတော့ ခေါင်းပေါင်းပဲ ပေါင်းကြမယ်လို့တော့
မဖြစ်ဘူး။ အဲသလိုဆိုရင် ကာတွန်းသမားတွေ ရေးစရာတွေ ရကုန်မှာပေါ့။
