Friend of MoeMaKa - 2011 - Daw Naw Ohn Hla


၂၀၁၁ ခုနှစ်ရဲ့ မိုးမခမိတ်ဆွေများအဖြစ် ဒေါ်နော်အုန်းလှကို ဂုဏ်ပြုပါတယ်
မိုးမခ၊ ဇန်န၀ါရီ ၂၊ ၂၀၁၂
၂၀၁၁ ခုနှစ် မြန်မာ့အရေးလှုပ်ရှားသူများအနက် မိုးမခမိတ်ဆွေများအဖြစ် ဂုဏ်ပြုရန် အင်္ဂါဆုတောင်းအဖွဲ့ လှုပ်ရှားသူ ဒေါ်နော်အုန်းလှကို မိုးမခစာနယ်ဇင်းအဖွဲ့က ရွေးချယ်လိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး စုဝေးဆုတောင်းလှုပ်ရှားမှု စဉ်ဆက်မပြတ်ဆောင်ရွက်ခဲ့သူ၊ နိုင်ငံရေးအကျဉ်းသားတဦးအဖြစ် စစ်အစိုးရ၏ ဖမ်းဆီးထောင်ချခြင်း ခံရသည့်အပြင် စစ်အစိုးရ၏ ထောက်လှမ်းရေးများ၊ လုံခြုံရေးအဖွဲ့ဝင်များ၏ လိုက်လံအနှောက်အယှက်ပေးမှုများ၊ အကြမ်းဖက်မှုများကို ကြံ့ကြံ့ခံ ရင်ဆိုင်ခဲ့သူ တဦးဖြစ်ပါတယ်။ ( နိုင်ငံရေးဖြစ်စဉ်အကျဉ်း၊ ဒေါ်ချိုချိုအေး ပြောပြမှု )
၂၀၁၁ ရဲ့ မိုးမခမိတ်ဆွေများအဖြစ် ဂုဏ်ပြုရန် ရွေးချယ်ခဲ့တဲ့ အဓိကအချက်ကတော့ ၂၀၁၀ မေလမှာ သူရဲ့ နောက်ဆုံးအကျဉ်းထောင်ဒဏ် ၂ နှစ် (၁၉ လခန့် တောင်ငူထောင်တွင်ကျခံခဲ့ပြီး) လွတ်မြောက်လာခဲ့သည့်နောက်ပိုင်းမှာ နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး လှုံဆော်မှု၊ နိုးဆော်မှုတွေ ဆက်လက်လုပ်ကိုင်ခဲ့ခြင်း၊ ၂၀၁၁ စက်တင်ဘာ ၂၆ ဆူးလေဘုရားရင်ပြင်မှာ ရွှေဝါရောင်နှစ်လည်နဲ့ နိုင်ငံရေးအကျဉ်းသားများအတွက် ချီတက်ဆုတောင်းမှုများ ဆောင်ရွက်ရာမှာလည်း လက်ရှိအစိုးရနဲ့ အတိုက်အခံနိုင်ငံရေးအင်အားစုများ ၂ ဖက်စလုံးထံက ဝေဖန်မှုများကို ခံယူပြီး မိမိယုံကြည်မှုကို ဆက်လက်ရပ်တည် ဆောင်ရွက်ခဲ့ခြင်း၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန်တို့ကလည်း တိုင်းပြည်အတွက် ဆောင်ရွက်နေကြသလို မိမိတို့ကလည်း တိုင်းပြည်အတွက် မိမိတို့ရဲ့ အခမ်းကဏ္ဍက ဆောင်ရွက်နိုင်သမျှကို ဆောင်ရွက်ကြရမှာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ အင်န်အယ်ဒီပါတီနဲ့ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ပါတီမှတ်ပုံတင်ရေးနဲ့ ရွေးကောက်ပွဲဝင်ရေး ဆုံးဖြတ်ချက်ကို မိမိယုံကြည်ချက်နဲ့ ရပ်တည်ချက်အတိုင်း ကန့်ကွက်မှုများ၊ မေးခွန်းထုတ်မှုများ ပြုလုပ်ခဲ့သူ ဖြစ်ပါတယ်။
ဒေါ်နော်အုန်းလှဟာ နိုင်ငံရေးအရေးလှုပ်ရှားသူမြန်မာပြည်သူတဦးအနေနဲ့ အခက်အခဲ အတားအဆီးများ၊ ဖိနှိပ်မှု၊ ဖမ်းဆီးမှုများ၊ အကြမ်းဖက်မှုများကို ရင်ဆိုင်သူ၊ ၂၀၁၁ ခုနှစ် မြန်မာ့နိုင်ငံရေး အပြောင်းအလဲကာလမှာ အာဏာရအဖွဲ့အစည်းများသာမက အတိုက်အခံနိုင်ငံရေးအင်အားစုများနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်သူတဦး အဖြစ်အနေနဲ့၎င်း၊ လာမယ့် ၂၀၁၂ ကာလမှာလည်း ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေး အာမခံချက်များအတွက် နိုင်ငံသားတိုင်းရဲ့ တာဝန်ဖြစ်တဲ့ ရဲရဲဝံ၀ံ မေးခွန်းထုတ်ရေး၊ အဖြေရှာရေး၊ ဆက်လက်ပြီးတော့လည်း ယုံကြည်ချက်အတိုင်း မဆုတ်မနစ် လှုပ်ရှားရေးတို့ကို ဖော်ကျူးနေတဲ့နမိတ်ပုံအနေနဲ့ မိုးမခမိတ်ဆွေများအဖြစ် ဂုဏ်ပြု မှတ်တမ်းတင်လိုက်ပါတယ်။
မိုးမခမိတ်ဆွေများ ရန်ပုံငွေက မြန်မာငွေ ကျပ် ၄ သိန်းကို ဒေါ်နော်အုန်းလှကို ဂုဏ်ပြုတဲ့အနေနဲ့ ပေးအပ်မှာ ဖြစ်ပါတယ်။ မြန်မာပြည်ပမှာရော မြန်မာပြည်တွင်းမှာပါ မည်သည့် အခမ်းအနားမှ ကျင်းပမှာ မဟုတ်ပါဘူး။ မည်သည့် စာရွက်စာတမ်း၊ ဆုတံဆိပ်တွေလည်း ပေးနိုင်မှာ မဟုတ်သလို ဂုဏ်ပြုခြင်း ခံရသူထံကလည်း မည်သည့် လက်မှတ်ထိုးလက်ခံပြေစာတွေ တောင်းဆိုမှာ မဟုတ်ကြောင်း ပြောကြားလိုပါတယ်။
ဒေါ်နော်အုန်းလှကို မိုးမခမိတ်ဆွေတဦး ဖြစ်ခွင့်ရတဲ့အတွက် ကျနော်တို့က ဂုဏ်ယူမိပါတယ်။ နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေ။

Comments