Saturday, December 31, 2011

Tu Maung Nyo - Who is going to win in next election ...

ဘယ်သူတွေပြိုင်လို့ ဘယ်သူတွေနိုင်မှာပါလိမ့်
တူမောင်ညို ။ ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်
“ကြားဖြတ်ရွေးကောက်ပွဲ” နဲ့ပတ်သက်ပြီး ဆက်ပြောရအုံးမယ်။
၂၀၁၂ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှာ “ကြားဖြတ်ရွေးကောက်ပွဲ” ကျင်းပမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကျင်းပရေးကော်မရှင် ကထုတ်ပြန်ကြေညာလိုက်ပါပြီ။ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်လွှတ်တော် တွေမှာ သက်ဆိုင်ရာလွှတ်တော်အလိုက်လစ်လပ်နေတဲ့ မဲဆန္ဒနယ် (၄၈) နေရာကို ထုတ်ပြန်ကြေညာထားပါပြီ။
လစ်လပ်နေတဲ့နေရာ (၄၈) နေရာကိုလေ့လာစိစစ်ကြည့်တဲ့အခါ ပထမအချက်အနေနဲ့ လစ်လပ်သွားတဲ့ နေရာအားလုံးဟာ ကြံ့ဖွံ့ပါတီ (USDP) က အနိုင်ရထားခဲ့တဲ့ နေရာတွေဖြစ်တယ်။
 ဒုတိယအချက်က အဲဒီနေရာ(၄၈)နေရာက ရွေးချယ်ခံရသူ(၄၈)ဦး အနက်(၃၅) ဦးဟာ လက်ရှိအစိုးရ အုပ်ချုပ်ရေးယန္တယား ထဲက အဓိကနေရာတွေကို ရယူထားကြသူတွေဖြစ်ပါတယ်။
သမ္မတ ၁ ဦး နဲ့ ဒုတိယသမ္မတ ၂ ဦး၊ ပြည်ထောင်စုဝန်ကြီး ၂၂ ဦး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ၁ ဦး၊ ပြည်ထောင်စု စာရင်းစစ်ချုပ် ၁ ဦး နဲ့ ဒုတိယဝန်ကြီး ၈ ဦး အဖြစ် အုပ်ချုပ်ရေးယန္တယားထဲမှာ ပါဝင်နေကြပါတယ်။
တတိယအချက်က ကြံ့ဖွံ့ပါတီ(USDP)က လစ်လပ်သွားတဲ့ သူ့ရဲ့နေရာအားလုံးမှာ ပါဝင်ယှဉ်ပြိုင်မှာလား/မယှဉ်ပြိုင်ဘူးလား ဆိုတာကလည်း အခုအချိန်အထိ ပြောသံဆိုသံမကြားရသေးဘူး။ ဒီတိုင်းတော့ လက်ပိုက်ကြည့်နေမယ်မထင်ပါဘူး။  
သမ္မတဦးသိန်းစိန်ရဲ့မဲဆန္ဒနယ်ဖြစ်တဲ့၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊  ဒုတိယသမ္မတသီဟသူရဦးတင်အောင်မြင့်ဦးရဲ့ မဲဆန္ဒ နယ်ဖြစ်တဲ့၊နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ လယ်/ဆည်ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်ရဲ့နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ နိုင်ငံတော် သမ္မတရုံးဝန်ကြီး ဦးကျော်စွာခိုင်ရဲ့နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်တွေမှာ ဘယ်ပါတီက၊ ဘယ်သူတွေဝင်ရောက်ယှဉ်ပြိုင် အရွေးခံကြ မလဲ။
ဝန်ကြီးဌာန၂ခုစီကို ကိုင်တွယ်ထားတဲ့ ပြည်ထောင်စုဝန်ကြီးဦးကျော်ဆန်းရဲ့ပုလဲမြို့နယ်မဲဆန္ဒနယ် နဲ့  ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်ရဲ့မင်္ဂလာတောင်ညွန့် မဲဆန္ဒနယ် တွေမှာ ဘယ်ပါတီတွေက၊ ဘယ်သူတွေဝင်ရောက်ယှဉ်ပြိုင်အရွေးခံကြမလဲ။
ဒီတော့ ရှေ့လျှောက် (၂၀၁၂ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၃ ရက်နေ့မတိုင်ခင်အထိ)  ဘယ်ပါတီတွေက ဘယ်လိုနေရာတွေမှာ ဘယ်လိုအရေအတွက်နဲ့ဘယ်သူတွေ ဝင်ရောက်ယှဉ်ပြိုင်ကြမလဲဆိုတာတွေကြားရသိရတော့မှာပါ။
ကုန်ကျစရိတ် ရှုဒေါင့်ကနေကြည့်ရင်ပဲ၊  (၄၈) နေရာလုံးဝင်ရောက်ယှဉ်ပြိုင်ဖို့ဆိုရင် ကိုယ်စားလှယ်လောင်းမှတ်ပုံတင်ကြေး က ချည်း၊ ကိုယ်စားလှယ်လောင်းတစ်ဦးကျပ် ၅ သိန်းနှုန်းနဲ့ သိန်းပေါင်း (၂၄၀) ကုန်ကျမှာပါ။
အဲဒီ ကျပ် ၅ သိန်းက ရွေးကောက်ပွဲမှာ နိုင်-နိုင်/ရှုံး- ရှုံး ပြန်ရမှာမဟုတ်ပါဘူး။ ဒါ့အပြင် ခရီးစရိတ်အပါအဝင် အခြားသော မဲဆွယ်ရေးဆိုင်ရာ ကုန်ကျစရိတ်တွေ မပါသေးပါဘူး။
 ကြံ့ဖွံ့ပါတီနဲ့ (တစည)တို့ကလွဲရင် အခြားပါတီတွေအတွက်ငွေရေးကြေးရေးဆိုတာ  ကြီးမားလှတဲ့အခက်အခဲတွေထဲက တစ်ခု ဖြစ်ပါတယ်။ ကြံ့ဖွံ့ပါတီနဲ့ (တစည)တို့သာ (အဆောက်အအုံ၊ ငွေကြေးစတဲ့) တိုင်းပြည်ပိုင်ပစ္စည်းတွေကို စာရင်းမရှင်းပဲ မောင်ပိုင်စီးခဲ့ကြ တာလည်းဖြစ်တယ်။
ကြံ့ဖွံ့ပါတီဟာ စစ်အုပ်စု/စစ်အစိုးရထိပ်သီးတွေခေါင်းဆောင်ပြီး ၁၉၉၃ ခုနှစ်ကတည်း “အသင်း” ဆိုတဲ့ အမည်နဲ့ လူစုခဲ့တာဖြစ် ပါတယ်။ ဒါကြောင့် ငွေကြေးဘက်ကရော၊ စည်းရုံးဖွဲ့စည်းမှုဖက်ကရော “ရှင်ဘုရင့်ပုဆိုး ပိုးချည်း” ဖြစ်နေတဲ့ ကြံ့ဖွံ့ပါတီ တဖြစ်လဲ အသင်း ဖြစ်ပါတယ်။
အခုမှစတင်ဖွဲ့စည်းကြရတဲ့နိုင်ငံရေးပါတီများအတွက်တော့ နိုင်ငံရေးပါတီတစ်ခုအဖြစ် “တရားဝင်”ရပ်တည်နိုင်ဖို့ “တည်ထောင် ခွင့်”၊ “မှတ်ပုံတင်ခွင့်” စတဲ့ ဖိနှိပ်ချုပ်ချယ်တဲ့ အဆင့်အမျိုးမျိုးသော အခက်အခဲ၊ရွေးကောက်ပွဲဝင်ပြန်တော့လည်း ကိုယ်စားလှယ်လောင်း မှတ်ပုံတင်ကြေး၊အထွေအထွေမဲဆွယ်စရိတ်စတဲ့ ငွေကြေး ဆိုင်ရာအခက်အခဲ၊ မဲဆန္ဒရှင်ပြည်သူလူထုကို အိမ်တိုင်ရာရောက်သွားရောက် စည်းရုံးရာမှာကြုံတွေ့ကြရတဲ့ ပိတ်ပင်ကန့်သတ်မှု အခက် အခဲ စတဲ့အခက်အခဲပေါင်းစုံကို ရင်ဆိုင်ကြရမှာဖြစ်ပါတယ်။ 
ဒါ့ကြောင့် ၂၀၁၂ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှာ ကျင်းမယ့် “ကြားဖြတ်ရွေးကောက်ပွဲ” ဟာ  “၂၀၁၀ နိုဝင်ဘာ ၇ ရွေးကောက်ပွဲ” မှာ ပါတီငယ်တွေ ခါးသီးစွာကြုံတွေ့ခဲ့ကြရတဲ့ “ညနိုင်/မနက်ရှုံး” ဖြစ်ရတဲ့ “ကြိုတင်မဲ” မသမာမှုတွေ ကင်းရှင်းပါ့မလား။
“ရွေးကောက်ပွဲ” မှန်သမျှ ( ပုံမှန် ၅ နှစ် ၁ ကြိမ်ရွေးကောက်ပွဲ/ ကြားဖြတ်ရွေးကောက်ပွဲ) ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး လက်ထဲမှာဖြစ်ပါတယ်။ ဦးတင်အေး ဟာ မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ် ကရွေးချယ်ခံရတဲ့ ကြံ့ဖွံ့ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ဖြစ်ပါတယ်။
ယခင် (နအဖ)စစ်ကောင်စီဝင်တစ်ဦးဖြစ်ပြီး၊ ဒုတိယဗိုလ်ကြီးဟောင်းတစ်ဦး ဖြစ်တယ်ဆိုတာကိုလည်းသတိပြုကြရပါမယ်။
 “ပါတီစွဲ” ကင်းရမယ်လို့ တဖောင်ဖောင်ပြောနေပေမယ့် “အုပ်ချုပ်ရေးနဲ့ဥပဒေပြုရေးကဏ္ဍတွေ”ထဲက သော့ချက်ကျတဲ့ နေရာ မှန်သမျှကို ကြံ့ဖွံ့ပါတီဝင် လွှတ်တော်အမတ်မင်းများကသာ ချုပ်ကိုင်ရယူထားပါတယ်။
၂၀၁၂ ခုနှစ်၊ ဧပြီလ “ကြားဖြတ်ရွေးကောက်ပွဲ” မှာ ဘယ်သူတွေပြိုင်လို့ ဘယ်သူတွေနိုင်မှာပါလိမ့်။

Than Win Hlaing - Articles

အဘိဓာန်ဆရာကြီး ဦးဟုတ်စိန် (ခရစ် ၁၈၉၀ - ၁၉၈၄)
သန်းဝင်းလှိုင်
ဇန်န၀ါရီ ၁၊ ၂၀၁၂


‘ပဒတ္ထမဉ္ဖူသာ ပါဠိ - မြန်မာအဘိဓာန်ကြီး’ နှင့် ‘အများသုံး မြန်မာ-အင်္ဂလိပ် - ပါဠိအဘိဓာန်’ ပြုစုခဲ့သော သုတေသနပညာရှင် အဘိဓာန်ဆရာကြီး ဦးဟုတ်စိန်သည် ပုသိမ်မြို့ ဇာတိဖြစ် သည်။ ၁၂၅၁ ခု၊ တပို့တွဲလပြည့်ကျော် ၁ရက်၊ (၁၈၉၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၄ ရက်) အင်္ဂါ နေ့တွင် ဖွားမြင်သည်။ မိဘများမှာ ကုန်သည်ကြီးဦးဘွန်ဖောင်နှင့် ဒေါ်ကြင်မှုန်တို့ဖြစ်သည်။

အဖဦးဘွန်ဖောင်နှင့် အမိ ဒေါ်ကြင်မှုန်တို့သည် ဗုဒ္ဓဘာသာကို အလွန်ကိုင်းရှိုင်းရိုသေသူများဖြစ်သည်။ ပုသိမ်မြို့၊ နိဂြောဓါလမ်းရှိ ‘ခါတော်မှီ ကျောင်းတိုက်’ ၏ ဒကာ/ဒကာမများ ဖြစ်သည်။

ဆရာကြီးဦးဟုတ်စိန် ၈ နှစ်သားအရွယ်သို့ရောက်သောအခါ မိဘများသည် ရန်ကုန်မြို့ သို့ ပြောင်းရွေ့အခြေချနေထိုင်ခဲ့ကြသည်။ ရန်ကုန် မြို့တွင် နေထိုင်စဉ် ဆရာကြီးဦးဟုတ်စိန် သည် ရှေ့ဦးစွာ ရန်ကုန်မြို့၊ ၂၁ လမ်းရှိ ဆရာဦးဖိုးအေး၏အစိုးရအထောက်အပံ့ခံ မြန်မာစာသင် ကျောင်းတွင် တက်ရောက်ပညာသင်ကြားခဲ့သည်။

ဆရာဦးဖိုးအေး၏ကျောင်းမှာ မူလတန်းကျောင်းဖြစ်သည်။ ကျောင်းတွင်ဆရာဆို၍ ဦးဖိုးအေးတစ်ဦးသာရှိသည်။ သူငယ်တန်းမှ စတုတ္ထတန်းအထိ အတန်းအားလုံးကို ဆရာဦးဖိုးအေးကပင် ဒိုင်ခံသင်ကြားပြပေးသည်။

ထိုကျောင်းတွင် ဆရာကြီးဦးဟုတ်စိန်သည် ၂ နှစ်မျှ ပညာသင်ကြးခဲ့သည်။ ထို့နောက် အင်္ဂလိပ်စာသင်ကြားပေးသော စဥ့်အိုးတန်း အေဘီအမ်ကျောင်းတွင် အင်္ဂလိပ်စာမသင်ကြားခဲ့ရသဖြင့် အေဘီအမ်ကျောင်းတွင် ပထမတန်းမှစပြန်နေရသည်။ အေဘီအမ်မှ စတုတ္ထတန်းအောင်သောအခါ ထိုစဉ်က ဗရင်ဂျီကျောင်းဟုခေါ်သည့် စိန်ပေါကျောင်းတွင် ပြောင်းရွှေ့ပညာဆည်းပူးသည်။

ဆရာကြီးဦးဟုတ်စိန်သည် သတ္တမတန်းအရောက်တွင် စာမေးပွဲ ၀င်ရောက်ဖြေဆိုရာ မြန်မာတစ်ပြည်လုံးတွင် ‘ပထမ’ ရ၍ အောင်မြင်ခဲ့သည်။ ထိုခေတ်က သတ္တမတန်းစာမေးပွဲမှာ အစိုးရစစ်ဖြစ်သည်။ သတ္တမတန်းအောင်လျှင်ပင် အစိုးရဌာနများတွင် ၀င်ရောက်လုပ်ကိုင်နိုင် သည်။

ဆရာကြီးသည် သတ္တမတန်းမှစ၍ စကောလားရှစ်ဆုလည်း ရခဲ့သည်။

ထို့နောက် ဆရာကြီးသည် တရားလွတ်တော်ရုံးချုပ်သို့ ပြောင်းရွှေ့အမှုထမ်းသည်။ ရှေး ဦးစွာ စာရင်းကိုင်လုပ်သည်။ ထို့နောက် ဘီလစ်လက် ထောက် တရားလွှတ်တော် အတွင်းဝန်၊ မူလဘက်အတွင်းဝန်၊ အမွေနှင့်ပစ္စည်းထိန်းဝန် စသည့်ရာထူးများကို အဆင့်ဆင့်တိုးတက်ရရှိ ခဲ့သည်။ ထိုအတွင်း ဆရာကြီးသည် ဘီအယ်လ် (B.L) စာမေးပွဲကို ၀င်ရောက်ဖြေဆိုရာ အောင်မြင်ခဲ့သည်။

ဆရာကြီးသည် အစိုးရ၀န်ထမ်းအဖြစ်မှ ပင်စင်အငြိမ်းစားယူပြီးသောအခါ တရားလွှတ်တော်ရှေ့နေကြီးအလုပ်ကို ဆက်လက်လုပ်ကိုင်ခဲ့ သည်။

ဆရာကြီးသည် ဘာသာစကားတို့ကို အထူးဝါသနာပါ၍ ကျနစွာ လေ့လာလိုက်စား သော ပညာရှင်ကြီးဖြစ်လေသည်။ သူသည် မြန်မာစာ၊ အင်္ဂလိပ်ဘာသာ၊
ပါဠိဘာသာ သုံးဘာသာကို တတ်မြောက်ရုံမျှနှင့်မတင်းတိမ်။ တရုတ်၊ ဟိန္ဒီဘာသာစသည့်တို့ကို လေ့လာလိုက်စားခဲ့ သည်။ ထို့နောက်မိမိတတ်ကျွမ်းသော ပညာတို့ကို ပြည်သူလူထုအား ဖြန့်ဖြူးရန် ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ ထို့ကြောင့် ရုံးလုပ်ငန်း တာဝန်များကို ထမ်းဆောင်စဉ်၊ တဖက်ကလည်း ပညာရှာမှီးသော အဘိဓာန်များကို အပင်ပန်းခံပြုစုခဲ့သည်။

ဆရာကြီးသည် ကောလိပ်၌
ပါဠိဘာသာကို ဆည်းပူးစဉ် အာရ်စီချီးလ်ဒါးစ်၏ ပါဠိအင်္ဂ လိပ်အဘိဓာန်ကို လက်ကိုင်ပြုခဲ့သည်။ ထို့နောက် ပါဠိစာပေများကို တိုးတက်လေ့လာလိုက်စားရာမှ မိလိန္ဒပဥှာ၊ ဒီပ၀ံသ၊ ဓမ္မပဒအဋ္ဌကထာ၊ ဇာတကာအဋ္ဌကထာပါဌ်တို့ကို ဖတ်ရှုလေ့လာခဲ့ သည်။ သည်တွင် အနက်မရှင်းသော ပုဒ်တို့ကိုတွေ့သဖြင့် အဆိုပါအဘိဓာန်၌ ရှာဖွေကြည့် သည်။ အချို့သာတွေသည်။ အများအပြားမှာ မတွေ့ရ။ ထို့ကြောင့် စုံလင်ပြည့်စုံသော ပါဠိ- အင်္ဂလိပ် အဘိဓာန်ကြီးတစ်စောင်ကို မိမိကိုယ်တိုင်ပြုစုတော့မည်ဟူ၍ ကြံရွယ်ခဲ့သည်။ ကြံရွယ်သည့်အတိုင်း မိလိန္ဒပဥှာ၊ ထေရီဂါထာအဋ္ဌကထာ၊ ဇာတကအဋ္ဌကထာ၊ ဓမ္မပဒအဋ္ဌကထာတို့၌တွေ့ရသော ပုဒ်တို့ကို စ၍စုဆောင်းသည်။ နှစ်အနည်းငယ်ကြာသောအခါ သတင်းတစ်ခု ကြားသိရသည်။ လန်ဒန်ပါဠိကျမ်းစာအသင် (Pali Text Society of London) က ပြည့်စုံကျယ်ဝန်သော ပါဠိ-အင်္ဂလိပ်အဘိဓာန်ကြီးပြုစုနေရာ မကြာမီထုတ်ဝေတော့မည့်သတင်း ဖြစ်သည်။ သည်တွင် ဆရာကြီးသည် သူ၏အကြံအစည်ကို စွန့်လွှတ်လိုက်ရလေသည်။

ထို့နောက် ၁၂၉၉ ခုနှစ်လောက်တွင် ဗြိတိသျှဘားမား ရုပ်ရှင်ကုမ္ပဏီက မူလ ဟံသာဝတီတိုက်ပိုင်ရှင် မစ္စတာရစ်ပလေထံမှ ဟံသာဝတီပုံနှိပ် တိုက်နှင့်ရှိသမျှပစ္စည်းအားလုံးကို ၀ယ်ယူလိုက်သည့်အထဲတွင် ရိုက်နှိပ်ပြီးသော်လည်း မချုပ်မဖုံးရသေးသော ပိဋကတ်ပါဠိတော် အဋ္ဌ ကထာစသည့် ပါဠိကျမ်းဂန်တို့ များစွာပါရှိသည်။ ယင်းတို့ကို ဗြိတိသျှဘားမားတိုက်က ချုပ်ဖုံးစေ၍၊ ချုပ်ဖုံးခ ကျသရွေ့သာ အဖိုးနှုန်း ၁ိ-၄ ပဲစီထား၍ အလှူသဘောဖြင့် ရောင်းချခဲ့သည်။ ရဟန်းရှင်လူအများကလည်း ၀မ်းမြောက်ဝမ်းသာ ၀ယ်ယူခဲ့ကြသည်။

သည်တွင် ဆရာကြီးဦးဟုတ်စိန်တွင် အကြံကောင်းတစ်ခုပေါ်လာသည်။ ထိုကျမ်းတို့ကို ရဟန်းရှင်လူတို့ ဖတ်ရှုလေ့လာရာ၌ အထောက် အကူဖြစ်စေသော ပြည့်စုံကျယ်ဝန်းသော ပါဠိ-မြန်မာ အဘိဓာန်ကျမ်းကြီးတစ်စောင်လိုအပ်ပြီ။ ထိုလိုအပ်ချက်ကိုလည်း မိမိကြိုးပမ်း ဖြည့် စွမ်းတော့မည်။ လန်ဒန် ပါဠိကျမ်းစာအသင်းကထုတ်ဝေသော ပါဠိ-အင်္ဂလိပ်အဘိဓာန်ကဲ့သို့ အထူးစုံလင်သော ပါဠိ-မြန်မာအဘိဓာန်ကို မိမိ တစ်ကိုယ်တည်း မလျှော့သောဇွဲလုံ့လဖြင့် ပြုစုတော့မည်ဟူ၍ သန္နိဋ္ဌာန်ချလိုက်သည်။

သို့ဖြင့် ဓမ္မပဒ၊ အဋ္ဌကထာ၊ ဇာတကအဋ္ဌကထာ၊ ၀ိသုဒ္ဓိမဂ်အဋ္ဌကထာ၊ ဒိဃနိကာယ့်၊ မဇ္ဈမနိကာယ်၊ အဂုင်္တ္တနိကာယ်၊ ၀ိနည်းပါဠိတော်၊ ၀ိနည်းကဋ္ဌကထာ၊ အဘိဓမ္မာခုနှစ်ကျမ်း၊ ပစ္စည်းဗျာကရုဏ်း၊ ပဒရှုပသိဒ္ဓိ၊ မောဂ္ဂလ္လာန်ဗျာကရုဏ်း စသည်တို့၌တွေ့ရသော ပုဒ်တို့ကို ညှိနှိုင်းကာ ‘ပဒတ္တပဉ္ဖူသာ ပါဠိ-မြန်မာအဘိဓာန်’ ကြီးကို ရုံးလုပ်ငန်းတစ်ဖက်နှင့်ပင် ပြုစုသည်။ ၁၉၄၀ ပြည့်နှစ်မှ စတင်လုပ်ဆောင်ရာ၊ ၁၉၅၂ ခုနှစ်တွင် ပြီးစီးသည်။ နှစ်ပေါင်း ၁၂ နှစ်ကြာမျှ ပြုစုခဲ့ရသည်။ နှစ်ကြာသည်နှင့်အမျှ အထူးလည်းပြည့်စုံသည်။ အဘိဓာန်၌ ပုဒ်ပေါင်း ၅၀,၀၀၀ (ငါးသောင်း) ကျော် ပါဝင်သည်။ အနက်ဖွင့်ဆိုထားသည်မှာလည်း အလွန်စနစ်ကျသည်။ ခိုင်လုံလှသည်။ ပြည့်စုံလှသည်။

ယင်းအဘိဓာန် ပြုစုပြီးစီးသောအခါ ပုံနှိပ်ထုတ်ဝေရန် အရေးပေါ်လာသည်။ ယင်းကို မည်သည့်ပုံနှိပ်တိုက်ကမှ မထုတ်ဝေနိုင်။ သည်တွင် သက်ဆိုင်ရာတို့နှင့် ဆွေးနွေးညှိနှိုင်းသည်။ ကျယ်ဝန်းပြည့်စုံလှသဖြင့် ၄-တွဲခွဲ၍ ထုတ်ဝေရသည်။ ကျမ်းအရွယ်မှာ ၆ ½၏” x ၉” ရှိသည်။ ၄ တွဲမှာ စုစုပေါင်း စာမျက်နှာ ၁၁၈၀ ရှိသည်။ ပထမတွဲ ၁၉၅၄ ခုနှစ်တွင် ထုတ်ဝေနိုင်သည်။ ဒုတိယတွဲကို ၁၉၅၆ ခု၊ မတ်လတွင် ထုတ်ဝေနိုင်သည်။ တတိယတွဲကို ၁၉၅၉ ခု၊ စက်တင်ဘာ လတွင် ထုတ်ဝေနိုင်သည်။ စတုတ္ထတွဲကို ၁၉၅၉ ခုနှစ်တွင် ထုတ်ဝေနိုင်ခဲ့သည်။ တစ်တွဲလျှင် အုပ်စုစုပေါင်း ၃၀၀၀ စီ ပုံနှိပ်ထုတ်ဝေနိုင်သည်။

ဤပါဠိ-မြန်မာ အဘိဓာန်ကြီးအတွက် ဆရာကြီးသည် စာမူခ လုံးဝမယူပေ။ တစ်တွဲလျှင် ၁၀ အုပ်စီသာ စာအုပ်မေတ္တာလက်ဆောင်ယူသည်။ တိုင်းပြည်သို့ မိမိပညာကို စေတနာ အပြည့်အ၀ဖြင့် လှူဒါန်းခြင်းပြုသည်။ အစိုးရပုံနှိပ်တိုက် မင်ကျမင်နကောင်းကောင်း၊ စာရွက် ကောင်းကောင်းဖြင့် ပုံနှိပ်ထုတ်ဝေပေးရာ ဆရာကြီးက ၀မ်းမြောက်ဝမ်းသားရှိခဲ့ပေသည်။

ဆရာကြီးသည် မိမိပြုစုသော ထိုပါဠိ-မြန်မာအဘိဓာန် စာအုပ်များကို မိမိအိတ်ထဲမှငွေ ဖြင့် ငွေငါးထောင်ဖိုးခန့် ၀ယ်ယူပြီး၊ ဆရာတော်ကြီးများနှင့် သင့်လျော်ရာ ရဟန်းတော်များကို လှူဒါန်းခြင်းပင် ပြုခဲ့ပေသည်။

ထိုပါဠိ-မြန်မာအဘိဓာန်သည် အလွန်ပြည့်စုံသည်။ အလွန်စနစ်ကျသည်။ အလွန်ခိုင်မာ၍ အလွန်အသုံးဝင်သည်။
ပါဠိဘာသာလိုက်စားသော ပညာရှင်များနှင့် ရဟန်းအများပင် အမြတ်တနိုးလေ့လာကြသည်။ လက်စွဲပြုကြသည်။ ယခုအခါ အုပ်ရေ ၃၀၀၀ မှာ ကုန်သွားပြီ။ ၀ယ်မရနိုင်တော့ပေ။ ထို့ကြောင့် ဆရာကြီးက ၁၉၈၃ ခု၊ ဇန်န၀ါရီလတွင် သာသနာရေးဦးစီးဌာ နသို့ မူပိုင်ထုတ်ဝေခွင့်ကို အပြီးလှူဒါန်း လိုက်လေသည်။

အဆိုပါ ပါဠိ-မြန်မာအဘိဓာန်ကို ပထမအကြိမ် ပုံနှိပ်ထုတ်ဝေပြီးချိန်ဖြစ်သော ၁၉၅၉ ခုနှစ်တွင် ဆရာကြီးသည် အသက် ၇၀ အရွယ်ရှိနေပြီ။ အသက်ကြီးသော်လည်း ကျန်းမာရေး ကောင်းဆဲ၊ ဉာဏ်အားကောင်းဆဲ၊ ဇွဲသတ္တိကောင်းဆဲပင်။

ထို့ကြောင့် ပဒတ္ထမဉ္စူသာ ပါဠိ-မြန်မာ အဘိဓာန်၌ရှိသော ပါဠိစကား၊ မြန်မာစကားတို့ကို ရှေ့နောက်ပြန်၍စဉ်က မြန်မာ-ပါဠိအဘိဓာန်ကို ပြုစုပြန်သည်။ ပြီးသောအခါ အနီးစခန်းဆရာတော်အား ပြသသည်။ ဆရာတော်က ထိုအဘိဓာန်မှာ ကောင်းမွန်သော်လည်း အများအတွက် ကား အသုံးမ၀င်နိုင်ဟူ၍ မှတ်ချက်ချခဲ့သည်။

သည်တွင် ဆရာကြီးသည် အများသုံးအဘိဓာန်ကြီးတစ်ဆူ ဖြစ်မြောက်ရန် ကြံစည်ကြိုး စားပြန်သည်။ ဆရာကြီးသည် မိမိရေးသား စီစဉ်ပြီး ဖြစ်သော မြန်မာပါဠိစကားတို့စပ်ကြား၌ ဆီလျော်ရာ အင်္ဂလိပ်စကားအနက်ကို ထည့်ပြီးလျှင် ‘မြန်မာ-အင်္ဂလိပ်-ပါဠိအဘိဓာန်’ ကြီးကို တီထွင်ရေးသား ပြုစုသည်။ ပြုစုရာတွင် ပါဠိ-မြန်မာ၊ အင်္ဂလိပ်၊ ဟိန္ဒီ၊ သက္ကသ စသည့်ကျမ်း ပေါင်းများစွာ ကိုးကားညှိနှိုင်းပြုစုသည်။ ရှေးဦးစွာ တရားလွှတ်တော်ရှေ့နေကြီးအလုပ်ကို လုပ်ကိုင်ရင်း တစ်ဖက်ကပြုစုသည်။ ပြုစုရာမှာ မိမိရည်မှန်းသော အချိန်ကာလအတွင်း ပြီးစီးစေလိုသဖြင့် ၁၉၆၉ ခုမှစ၍ ရှေ့နေလုပ်ငန်းကို လုံးဝရပ်စဲလိုက်သည်။ အဘိဓာန်အလုပ်ကိုပင် ဇောက်ချလုပ်ကိုင်ခဲ့သည်။

ထိုအချိန်၌ ဆရာကြီးသည် အသက် ၇၉ နှစ်အရွယ်ရှိနေပြီ။ ဆရာကြီး၏ လုပ်ငန်းမှာ မည်သူမျှ အကူအညီမပေးနိုင်။ မည်သူကမှလည်း သူ့ကိုယ်စား ၀င်မလုပ်နိုင်။ တစ်ယောက် တည်းပင် ဉာဏ်စွမ်းအားစိုက်၍ ပြုစုခဲ့သည်။ ၁၉၇၇ ခုနှစ်၊ သြဂုတ်လတွင်မှ ပြီးစီးသည်။ နှစ်ပေါင်း ၃၀ ကြာမျှ ပြုစုခဲ့ရသည်။ ထိုအဘိဓာန်ပြီးစီးချိန်တွင် ဆရာကြီးသည် အသက် ၈၇ နှစ်အ ရွယ် ရှိနေပြီ။

ဆရာကြီးပြုစုပြီးသော ထိုအများသုံး မြန်မာ-အင်္ဂလိပ် အဘိဓာန်တွင် ဝေါဟာရပုဒ်ရေ ပေါင်း ၆၀,၀၀၀ (ခြောက်သောင်း) ကျော်ပါဝင်သည်။ ၇ ½” x ၁၀” (စွယ်စုံကျမ်း) အရွယ်ရှိ သည်။ ထို့ပြင် မြန်မာ၊ အင်္ဂလိပ်၊ ပါဠိ စကားသုံးမျိုးပါဝင်နေသဖြင့် ပုံနှိပ်ရန်မလွယ်။ ငွေအရင်း အနှီးကလည်း အလွန်ကြီးမားလှသည်။ ထုတ်ဝေမည့်သူ ရှာရန်မလွယ်။ သည်တွင် ဆရာကြီးသည် မိမိငွေကြေားဖြင့်ပင် စိုက်ထူ၍ ပုံနှိပ်ထုတ်ဝေခဲ့သည်။ ပုံနှိပ်ရာတွင် စာမျက်နှာ ၅၀၀ ကျော်အရောက်တွင် ပရုအမှားများကို စိစစ်ကြည့်ရာ အလွန်များပြားနေသည်ကို တွေ့ရသည်။ သည်တွင် ယင်းတို့ဖျက်ဆီးပစ်ကာ အစမှာပြန်၍ ပုံနှိပ်ခဲ့ရပြန်သည်။ ပရုကို ပါဠိပိုင်းဆိုင်ရာအ တွက် ဆရာကြီးကိုယ်တိုင် ဖတ်ပေးသည်။ အင်္ဂလိပ်နှင့် မြန်မာအပိုင်းအတွက် ဆရာကြီး၏ ဒုတိယသားဦးစောလှိုင်က နှစ်သိန်းခန့် ကုန်ကျခဲ့သည်။ ဤ ‘အများသုံး မြန်မာ-အင်္ဂလိပ်-ပါဠိ အဘိဓာန်’ သည် ၁၉၇၈ ခုနှစ်ပြီးစီးသည်။ ပထမဦးဆုံး မြန်မာအင်္ဂလိပ် ပါဠိအဘိဓာန်ပင် ဖြစ် သည်။ ပထမဆုံးဖြစ် လင့်ကစား အထူးပြည့်စုံကြွယ်ဝသည်။ ပေါရာဏများ၊ ခေတ်မီ ဝေဟာရ များ၊ ပညာရပ်အသီးသီးဆိုင်ရာ ဝေါဟာရများ ပါဝင်သည်။ အနက် ဖော်ထားသည်မှာလည်း တိကျသည်။ ခိုင်လုံသည်။ အလွန်အသုံးဝင်သော၊ အထူးအကျိုးရှိသော၊ တန်ဖိုးမဖြတ်နိုင်သော အဘိဓာန်ကြီး ပင်ဖြစ်သည်။

ဆရာကြီးသည် ယင်းအဘိဓာန်အုပ်ရေ ၅၀၀ ခန့်ကို သြ၀ါဒစရိယအဖွဲ့ဝင်ဆရာတော်ကြီးများ၊ တက္ကသိုလ်များစာကြည့်တိုက်၊ မြန်မာစာ အဖွဲ့နှင့် အခြားသင့်လျော်ရာအဖွဲ့များ၊ မိတ် ဆွေသင်္ဂဟများ စသည်တို့ကို လှူဒါန်းခဲ့သည်။

ဆရာကြီးဦးဟုတ်စိန်သည် အများသုံး မြန်မာ-အင်္ဂလိပ်-ပါဠိအဘိဓာန်ကြီးကိုပြုစုပြီးနောက် ‘တရုတ်-အင်္ဂလိပ်အဘိဓာန်’ ကို ဆက်လက်ပြု စုရာ ပြီးဆုံးသွားပြန်ပြီ။ သို့သော် ယနေ့တိုင် ပုံမနှိပ်ရသေးပေ။

ဆရာကြီးသည် အရက်မသောက်၊ ဆေးလိပ်မသောက်။ ရုပ်ရှင် စသည့်ပွဲသဘင်တို့ကို မကြည့်။ ကျန်းမာရေးကိုမူ အထူးဂရုပြုသည်။ ငယ်ရွယ်စဉ်က တင်းနစ်အမြဲကစားသည်။ အသက်ကြီးလာသောအခါ အမြဲလမ်းလျှောက်သည်။ တစ်နေ့တွင် ၇ မိုင်ခန့်လျှောက်သည်။

ဆရာကြီးဦးဟုတ်စိန်သည် ဒေါ်မြမေနှင့်လက်ထပ်ကာ သားသမီးခြောက်ယောက် ထွန်းကားခဲ့သည်။ ဇနီးမမြမေသည် ၁၉၇၉ ခုနှစ်က ကွယ်လွန်သွားခဲ့သည်။

ထူးခြားသည်မှာ ဆရာကြီးသည် အစိုးရ ၇ တန်းစာမေးပွဲနှင့် တက္ကသိုလ်ဝင်ခွင့် အင်းထရင့်စာမေပွဲတွင် မြန်မာတစ်ပြည်လုံး၌ ပထမရ၍ အောင်မြင်သည့်နည်းတူ၊ ဆရာကြီး၏ ဒုတိ ယသား ဦးစောလှိုင်(B.Sc, B.L) ဗဟိုတရားရုံး ရှေ့နေကြီးကလည်း ၁၉၃၆ ခု၊ ၁၀ တန်းစာမေး ပွဲတွင် မြန်မာတစ်ပြည်လုံး၌ ပထမရ၍ အောင်မြင်သည်။ ထိုမျှမက ဆရာကြီးဦးဟုတ်စိန်၏မြေးဖြစ်သူ ဗဟိုအမျိုးသမီးဆေးရုံကြီးမှ ဒေါက်တာသန်းသန်းတင် (M.B.B.S (Rgn). Med.Sc (OG)) (ဦးစောလှိုင်၏သမီး) ကလည်း ၁၉၆၄ခု၊ ၁၀ တန်းစာမေးပွဲတွင် မြန်မာ တစ်ပြည်လုံး၌ ပထမရ၍အောင်မြင်ခဲ့သည်။ ကျောင်းသူဘ၀၌ နှစ်ထပ်ကွမ်းလူရည်ချွန် ဖြစ်ခဲ့သည်။ ထို့အပြင် ဆရာကြီး၏မြစ်ဖြစ်သူ (ဦးစောလှိုင်၏မြေး) ကလည်း ၁၀ တန်းစာမေးပွဲတွင် (၆) ဘာသာဂုဏ်ထူးဖြင့် မြန်မာတစ်ပြည်လုံး၌ ပထမရ၍ အောင်မြင်ခဲ့ပြန်သည်။ ဆွေစဉ်မျိုးဆက်လေးဆက်တိုင် ပညာထူးချွန်ကြသည်မှာ အံ့ဖွယ်ပင်။

ဆရာကြီးဦးဟုတ်စိန်သည် ပုဂ္ဂိုလ်ထူးပင်ဖြစ်သည်။ သူသည် ပညာလည်းထူးချွန်သည်။ ထူးထူးခြားခြား အသက်ရှည်သည်။ စာမူခငွေ ကြေးကိုမမှုဘဲ ခေတ်အဆက်ဆက် အကျိုးပြုနိုင် မည့် အဘိဓာန်ကြီးများကို တစ်ဦးတည်း ဒိုင်ခံပြုစုနိုင်သူဖြစ်သည်။ ထိုသို့ ပြုစုနိုင်သော်လည်း ဉာဏ်ခံကြီးသည်။ ဇွဲသတ္တိကောင်းသည်။ အားမာန်အပြည့်အ၀ရှိသည်။ စေတနာသဒ္ဒါန်တရား ထက်သန်သည်။ ဆရာကြီး သည် ငွေးကြေး ကို အဓိကမထား။ တိုင်းပြည် ပညာမျက်စိပွင့်လင်း မှုကိုသာ အဓိကာထားသူဖြစ်သည်။ မြတ်နိုးကြည်ညိုဖွယ် ကောင်းသော မြန်မာ့ဂုဏ် ဆောင် စံပြပညာရှင်ကြီးပင်ဖြစ်သည်။

ထို့နောက် တရားလွှတ်ရှေ့နေကြီးနှင့် အဘိဓာန်ကျမ်းပြု ဆရာကြီး ဦးဟုတ်စိန်သည် ၁၉၈၄ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်သွားခဲ့လေသည်။

ကိုးကား
၁။ မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် (၁၉၈၅) စာမျက်နှာ ၂၅၇-၂၅၈။
၂။ မင်းယုဝေ “အဘိဓာန်ဆရာကြီးဦးဟုတ်စိန်” ရှုမ၀မဂ္ဂဇင်း၁၉၈၄ ၊ ဖေဖော်ဝါရီလ စာ ၁၄၂-၁၄၇။
၃။ မင်းယုဝေ ‘အံ့ချီးဖွယ်အလှူရှင်’ ရတနာမွန်မဂ္ဂဇင်း တွဲ ၁၁၊ မှတ် ၁။ (၁၉၈၄ ခု၊ ဇန်န ၀ါရီလ) စာ ၁၈-၁၉။

Gyaw Dee - 2011 Poem


အသစ်စက်စက် သစ်ပင်
ဂျော်ဒီး
ဇန်န၀ါရီ ၁၊ ၂၀၁၂

သစ်ပင် တပင်ဟာ
နှစ်သစ်မှာ
အရာရာ..
အသစ်စက်စက်  ဖြစ်ချင် ရှာတယ်..

သွား...ရော်ဝါနေတဲ့  သစ်ရွက်တွေ
ခြွေ..

သွား...ဆွေးမြေ့  နေတဲ့  ကိုင်းခြောက်တွေ
ချိုး...

အိုး..ရှုပ်ပါတယ်
ဖုထစ်ရွတ်တွ နေတဲ့ 
ရေသောက်မြစ်ပါ  ..ခုတ်ထစ်
နုတ်နုတ်စင်းပစ်...

လာ..၀င်းလက်  အဆင်းမက်စရာ  ထင်ရတဲ့ 
သစ်သီး..အသစ်စက်စက်  တွေ  တပ်ဆင်
သစ်ရွက်..အသစ်စက်စက် တွေ  ချပ်ရပ်

ဟော..နှစ်သစ် ရဲ့  နောက်တရက်မှာ
အသစ်စက်စက်  သစ်ပင်ဟာ
အသစ်စက်စက်ကြီးနဲ့   လက်ပြ နှုတ်ဆက် သွားရှာပေါ့ ..။      ။

Maung Nyein Aye - 2011 Poem

ကျနော်တို့ဘ၀လမ်းတွေအတွက်ကဗျာဟာမရှိမဖြစ်ရာသီပဲ
မောင်ငြိမ်းအေး
ဇန်န၀ါရီ ၁၊ ၂၀၁၂

- ကဗျာတွေကို ခင်ဗျားချစ်သလား....
ကဗျာတွေကို ခင်ဗျားဖတ်သလား...
ဒီမေးခွန်း တွေအတွက် အချိန်ယူစဉ်းစားချင်သေးသပဆိုရင်လည်းစဉ်းစား
ချစ်တယ်လည်း မဟုတ်ဘူး မုန်းတယ်လည်းမဟုတ်ဘူး
ဒီလိုပဲ ဖတ်ဖြစ်နေတာပါလို့ ပုခုန်းကလေးတွန့်ပြီး ပြောလည်း ကျနော်ကျေနပ်တယ်
ကဗျာ ဖတ်တယ်ဆိုရင်ပဲ ခင်ဗျားဟာ အမယ်မင်းမေ့သား....ထွားလာလိုက်တာဖြစ်နေပြီ။
- ခေတ်ပေါ်ကဗျာတွေကို နားမလည်ဘူးလို့အတော်များများကပြောကြတယ်
နားမလည်ရင် မဖတ်နဲ့ပေါ့ ..ဒါဇော်ဇော်အောင် ပြောတာပဲ
ကျနော်က ဇော်ဇော်အောင် မဟုတ်ဘူး..မောင်ငြိမ်းအေး
ကဗျာတွေကို လိင်စိတ်နိုးကြားစအချိန်မှာ ချစ်မိတဲ့မိန်းမလိုသဘောထား
အတက်နိုင်ဆုံး အတူအိပ်နိုင်အောင် ကြိုးစားစမ်းပါဗျာလို့ ကျနော်ကပြောမယ်
နားမလည်တာနဲ့တင် ခင်ဗျားကကဗျာကို မယားပါသားလိုလုပ်တော့မှာလား
အဲဒီလိုဆိုရင်တော့ကဗျာနဲ့ခင်ဗျား အဝေးကြီးဝေးသွားတော့မှာပေါ့
ကဗျာနဲ့ဝေးပြီဆိုတာနဲ့ ခင်ဗျားဘ၀ကနှစ်ပိုင်းတစ်ပိုင်းဖြစ်ပြီးအေးစက်သွားပြီ။
- ခင်ဗျားက အစ်ဇင် သမားလား အစ်ဇင် ကိုကိုးကွယ်သူလား
ခင်ဗျားက တရား သမားလား ဘုရား ကို ကိုးကွယ်သူလား
တစ်ချို့က အစ်ဇင် ကိုဘုရားလိုကိုးကွယ်တယ်
တစ်ချို့က ဘုရား ကိုအစ်ဇင်လိုပူဇော်တယ်
ဘာပဲဖြစ်ဖြစ် ကဗျာကို အစ်ဇင်လိုခင်ဗျားယုံကြည်နိုင်သလား
ကဗျာကို ဘုရားလိုခင်ဗျားဆည်းကပ်နိုင်သလား
အစ်ဇင်လိုပဲယုံကြည်ယုံကြည် ဘုရားလိုပဲ ဆည်းကပ်ဆည်းကပ်
ကဗျာကိုယုံကြည်ဆည်းကပ်နေသမျှတော့ ခင်ဗျားဘ၀မှာဘာမှဖြစ်မှာမဟုတ်ဘူး
ဘာမှမဖြစ်ဘူးဆိုတာ ခင်ဗျားမဖြစ်ချင်တာတွေမဖြစ်တော့ဘူးလို့ပြောတာ
ကဗျာက အဲလိုခင်ဗျားဘ၀ကိုထွန်းညှိပေးလိမ့်မယ် အသေအချာ။
- ခင်ဗျား အချုပ်တန်းဆရာဖေ ကိုသိသလား
တွေးမိတိုင်းအရိုးနာသည်အမျိုးပါဆဲချင်ပေါ့လေး....တဲ့သူရေးတာ
အခုခင်ဗျားအဲဒီလို မခံစားနေရဘူးလား ကျနော့်ကိုပြော
အဲဒါကဗျာပဲလေ ကဗျာဆိုတာခေတ်ရဲ့တိုက်စားမှုမှာမျောပါမသွားဘူး..ဒါ့ကြောင့်
အမြဲတမ်းသစ်လွင်လတ်ဆတ်ပြီး လူထုရဲ့အသံဖြစ်နေတာပေါ့
လူထုရဲ့အသံကိုမပြတ်တမ်း ခင်ဗျားကြားနေရပြီဆိုရင် ခင်ဗျားဟာ
လူထုအတွက် ဒီမိုကရေစီတည်ဆောက်ရေးမှာ ပိုးစုန်းကြူးတစ်ကောင်တော့ ဖြစ်သွားပြီ
အဲဒါ ကဗျာကြောင့်ပေါ့ ကဗျာကြောင့် ကဗျာကြောင့်။
- " အခုလိုအသက်အရွယ်မှာတော့ ကဗျာတွေကိုပိုကြိုက်တယ်"
အဲဒါလူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ပြောတာ
"ကဗျာဆိုတာ လူ့စဉ်းစားဥာဏ်ရဲ့ပဲ့တင်သံ
လူ့နှလုံးသားရဲ့ခုန်လှုပ်သံ
လူ့စိတ်ဓာတ်ရဲ့မြည်ဟီးသံ
လူ့မျှော်လင့်ချက်ရဲ့သီကျူးသံ
ကဗျာဆိုတာကျွန်မတို့ရဲ့ရုန်းကန်သံ"
အဲဒါဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ရေးတဲ့ကဗျာ
ကဗျာတွေဟာ တစ်ပုဒ်လုံးမှမဟုတ်ဘူး..တစ်ပိုဒ်
တခါတလေ တစ်ကြောင်းတည်းကတင် အတွေးအခေါ်အသစ်တွေရသတဲ့
ဒါကို ခင်ဗျားမယုံကြည်ဘူးဆိုရင် အောက်ကကဗျာစာကြောင်းကိုဖတ်ကြည့်လိုက်
" ကျနော်က ကိုယ့်ပါတီပဲဆိုပြီး မဲထည့်လိုက်မယ်ဆိုတဲ့သူမျိုးမဟုတ်ဘူး"
ဘယ်လိုလဲ မိတ်ဆွေ ခင်ဗျားဘယ်လိုအတွေးအခေါ်အသစ်ရလိုက်သလဲ
ကျနော့်ကဗျာတစ်ပုဒ်လုံးကတော့ ကောင်းချင်မှကောင်းမယ်
ဒါပေမယ့် ကဗျာတွေကို ဖတ်ဖြစ်အောင်ဖတ်ဖို့အောက်ဆီဂျင်လုပ်ပရစေ။
- ကျနော်က ကဗျာကိုမြန်မာလိုချစ်ပြီး
မြန်မာကိုကဗျာအတောင်ပံတပ်ပေးချင်နေသူသာဖြစ်တယ်။
ISM= ၀ါဒ

ကာတွန်းဇော်မှိုင်း (ဥက္ကလံ) - ၂၀၁၂ နှုတ်ခွန်းဆက်


ကာတွန်းဇော်မှိုင်း (ဥက္ကလံ) - ၂၀၁၂ နှုတ်ခွန်းဆက်
ဇန်န၀ါရီ ၁၊ ၂၀၁၂

Nyein Wai - Bye 2011


လက်ပြ ချန်ရစ် ၂၀၁၁
ငြိမ်းဝေ၊ ဇန်န၀ါရီ ၁၊ ၂၀၁၂
ခြင်းလုံးတစ်လုံး ဆိုတော့လည်းပဲ
နှစ်ထပ် ဖဝါးစာ မိသွားတဲ့ ၂၀၁၁ ဟာ
ခြင်းလုံးလို ခြာလပတ် လည်ပြီး ကျန်နေရစ်ခဲ့ရတာကိုပဲ
ဝမ်းနည်း နေလေရော့ သလား။
၂၀၁၁ ဟာ           
ထောင်မြင်လို့ ရာ စွန့်ခဲ့တဲ့ ၂၀၁၂ ရဲ့ ရေခင်းသံကို
မျောက်မင်းအူသံဆိုပြီး သူ့နားမှာ ကြားခဲ့တယ်။
သူ့စင်ကို ကိုယ့်စင်လုပ်ရမယ်ဆိုတဲ့
မဟာ တက်ကနစ်
သူ့အလံကို တိုက်ဖို့
သူ့အလံကို ကောက်ထောင်ရမယ်ဆိုတဲ့
မဟာ အလှည့်အပြောင်း
( ၂၀၁၁ ရေ…)
ခင်ဗျား ခေါင်းနဲ့ မဆန့်တဲ့ ရေစီးကြောင်းသစ်
၂၀၁၂ ဖြစ် မငြင်းနဲ့။
ငါတို့
မိုင် ခြောက်ထောင် ခရီးရှည် ချီတက်ခဲ့ပြီးပြီ
ပင်လယ် တစ်ထောင် လက်ပစ်ကူးခဲ့ပြီးပြီ
ဓါးတောင် ဟူသမျှ ကျော်ခဲ့ကြပြီးပြီ
ဒါပေမယ့်
တခါမှ ခေါင်းနဲ့ လမ်းလျှောက် မကြည့်ခဲ့ကြသေးဘူး။

ငါတို့
ခွန်အားကို ရှာဖွေခဲ့ကြတယ်
ခွန်အားကို ယုံကြည်ခဲ့ကြတယ်
ခွန်အားကို အသုံးပြုခဲ့ကြတယ်
ခွန်အားကို အကြွင်းမဲ့ ကိုးကွယ်ခဲ့ကြတယ်
ဒါပေမယ့်
ပျော့ပြောင်းခြင်းဟာ
ပိုပြီး ဝေးဝေးပြေးတယ်
ပိုပြီး သန်မာတယ်ဆိုတာကို ဆုပ်ကိုင်ဖို့ရာ
လက်လှမ်း မမီခဲ့ကြဘူး။
ကိုယ့်ကျတော့ နေချင်သလို နေပြီး
ကိုယ်ဖြစ်ချင်သလို သူများကို ဖြစ်စေချင်တဲ့ ၂၀၁၁
နင့်ကို တလိုင်းတို့လက်
ခွေးသေ ဝက်သေ နေရစ်ခဲ့တော့ ဆိုတဲ့စကားနဲ့
ငါ မထားရစ်ခဲ့ချင်သော်ငြား…
ဘယ်ဟာမှ
သေခန်း ရှင်ခန်း ပြတ်လို့မရလေဘူး
အရာရာဟာ ဟေတုပစ္စယော ဆိုသော်ငြား…
ငါကလည်း မထားခဲ့ချင်
နင်ကလည်း မနေခဲ့ချင်သော်ငြား…
နေရစ်ခဲ့တော့ ၂၀၁၁။    ။

၃၁၊ ၁၂၊ ၂၀၁၁
ည ၁၁ : ၁၆



literature, music and film in 2011


၂၀၁၁ ထဲက စာပေ၊ ဂီတ၊ ရုပ်ရှင်
မျိုးဇော် နှင့် ညွန့်ထွေး
ဒီဇင်ဘာ ၃၁၊ ၂၀၁၁


စာပေ၊ ဂီတ၊ ရုပ်ရှင်လောကသားတွေ လူမှုရေးလုပ်ငန်းတွေကို ပိုမိုစိတ်ဝင်စားလာတာကို ၂၀၁၁ နှစ်ဆန်းကတည်း တွေ့ကြရမှာပါ။ ငလျင်၊ ရေ၊ မီး အန္တရာယ်များနဲ့ ကြုံသူတွေကို အပြေးအလွှား သွားရောက် ကူညီ အားပေးသူတွေထဲမှာ သူတို့လည်း ထိပ်ဆုံးက ပါခဲ့သလို ဧရာဝတီမြစ်အရေးအတွက်လည်း စုစည်းတွဲချိတ်မိလာကြပါတယ်။

Kama Pale - Young Loves


ငယ်ချစ်များ ... သို့
ကမာပုလဲ
ဇန်န၀ါရီ ၁၊ ၂၀၁၂
အသက်က ငါးဆယ်ထဲ ၀င်ခဲ့ပြီ
အရပ်က ပိုရှည်မလာတော့ဘူး
သံသရာက
ခံနိုင်ရည်ထက် ပိုနေတယ် ...။
လမ်းတွေက ကွေ့ကွေ့ကောက်ကောက်
(ကိုယ့်အတ္တ အတွက် ကိုယ်မကွေ့တတ်ခဲ့ဘူး)
အမြင့်မို့
တက်ရရင်လည်း အူလျားဖါးလျား
အဆင်းမို့
သက်ရရင်လည်း ဒလိမ့်ခေါက်ကွေး ...။
ခုတလော
စိတ်တွေ လေးလေးလံလံ ဖြစ်နေတယ်
မကြီးမငယ်ကြီးနဲ့
ချစ်တဲ့အကြောင်းတွေ ခဏခဏ ပြော
ဒီအရွယ်ကြီး ရောက်ခါမှ
အသည်းကလည်း အထပ်ထပ်ကွဲ
အဲဒီလို အသည်းကွဲတိုင်းလည်း
သူ့ခမျာ ငိုလို့မဆုံးပြန်ဘူး။
သူငိုတယ်
မိခင်ပျောက်
ကလေးများကို တွေ့တဲ့အခါ ...
သူငိုတယ်
သစ္စာမဲ့သူတွေရဲ့ လက်ထဲ
သေလုမျောပါး ဖြစ်နေရရှာတဲ့
အနာဂတ်တွေဘက်က ကိုယ်တိုင်ခံစားရတဲ့အခါ ...
သူငိုတယ်
မျက်နှာပြောင်တိုက်နေတဲ့
ငြိမ်းချမ်းရေး အတုကို
အိမ်ဦးခန်းတွေမှာ
အခန့်သား တွေ့နေရတဲ့အခါ ...
သူငိုတယ်
ခေတ်ပျက်မာနတွေအောက်မှာ
ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံးနေတဲ့
လူ့ဂုဏ်သိက္ခာကို တွေ့တဲ့အခါ ...။
သူငိုတယ်
သူငိုတယ်
သူငိုနေပါတယ်
နောက် တရက်၊ နှစ်ရက်ဆို
နှစ်သစ်တဲ့
မျက်ရည် အသစ် အသစ်တွေနဲ့
သူ့အတွက်ပါ ငိုရဦးမှာလား
ပြောကို ... မတတ်တော့ပါဘူး။
  ဘာပဲဖြစ်ဖြစ်
ခုတလောမှာ
အသက်တွေပေးပြီး ချစ်ခဲ့တဲ့
ဘ၀တွေပေးပြီး ချစ်မြဲချစ်နေတဲ့
ငယ်ချစ်တွေကို ...
သိပ်ကို သတိရရ နေမိတယ်။    ။

(၂၉၊ ၁၂၊ ၂၀၁၁)

Mar Mar Aye's song for new year

မာမာအေးရဲ့ နှစ်သစ်ကူး သီချင်း
ဒီဇင်ဘာ ၃၁၊ ၂၀၁၁

 
ငြိမ်းချမ်းမြေမှာ ပျော်ပါစေ
မာမာအေး နှစ်သစ်ကူး ဆုတောင်းသီချင်း
ဇန်န၀ါရီ ၁၊၂၀၁၂

ကချင် ကယား ကရင် ချင်း နဲ့ ဗမာ မွန် ရခိုင် ရှမ်းတွေ .. တမိုးအောက်မှာနေ ..အငြိုးဖျောက်ကာ မသွေ ..
မောင်နှမတတွေ သွားကြစို့ ဟေ .. ငြိမ်းချမ်းတဲ့မြေ .. လာလေ ...
တောင်ပေါ်နေနေ .. မြေပြန့် နေနေ ...
တပြည်ထဲဖွားတဲ့ နောင်ရင်းဆွေ ...
တညီထဲအားနဲ့ ဆောင်ကျဉ်းလေ ...
အတည်မြဲသွားမယ့် အောင်ခြင်းတွေ ...။
မြင်ပါတယ် အဝေးကဆွေ ...
အစဉ်လာမပျယ် ရှေးသမယအခြေ ...
ရွှင်စရာကွယ် တေးမျှဝေ ...
ပျော်စေ ...အောင်ပါစေ ...။

 နှစ်သစ်ကူးမှာ အားလုံးပျော်မြူးရပါစေ
 မာမာအေး    


Former Political Prisoners sent 2012 new year greetings

နိုင်ငံရေးအကျဉ်းသားဟောင်းများ၏ အကျဉ်းထောင်တွင်းကရဲဘော်များသို့ နှစ်သစ်နှုတ်ခွန်းဆက်စာများပို့
မိုးမခ။ ဒီဇင်ဘာ ၃၁၊ ၂၀၁၁
ဦးဝင်းတင်နှင့် နိုင်ငံရေးအကျဉ်းသားဟောင်း ၇၀ ကျော် ၏ အကျဉ်းထောင်တွင်းက ရဲဘော်များသို့ နှစ်သစ်နှုတ်ခွန်းဆက် အမှတ်တရစာများ ရေးသားပေးပို့ထားသည်ကို သည်နေရာမှာ ရယူဖတ်ရှုနိုင်ပါသည်။
နိုင်ငံရေး အကျဉ်းသားတွေဆီ အားပေးစကား အတူတူရှိနေတယ်ဆိုတဲ့ စကားလက်ဆောင်ကို လိုက်စုစည်းပေးသူတွေကတော့ ကိုခင်ဇော်၊ ကိုဇော်ရဲဝင်း ကိုသက်ဦး၊ ကိုဘသက်အောင်အစရှိတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ ဖြစ်ပါတယ်။ 

Former Political Prisoners send message to political prisoners in prisons

နိုင်ငံရေးအကျှုဉ်းသားဟောင်းများက အကျဉ်းထောင်ထဲမှ နိုင်ငံရေးအကျဉ်းသားများသို့ ၂၀၁၂ နှစ်သစ်နှုတ်ခွန်းဆက်
မိုးမခ၊ ဒီဇင်ဘာ ၃၁၊ ၂၀၁၁ 
ဟံသာဝတီ ဦးဝင်းတင်၏ နှုတ်ခွန်းဆက်စကား
နိုင်ငံရေးအကျဉ်းသားဆိုတာ အကြောင်း ၂ ချက် ကြောင့် ထောင်ထဲရောက်တယ်။ နိုင်ငံရေး အယူဝါဒ သဘောတရား လုပ်ငန်းစဉ်တွေမှာ ယုံကြည်လို့ ထောင်ကျတယ်။ နိုင်ငံရေးဆန့်ကျင်တဲ့ စစ်အစိုးရ အာဏာရှင်အစိုးရတွေကို မယုံကြည်လို့ ထောင်ကျတယ်။
စစ်အစိုးရတပိုင်း သမ္မတက ဒီနေ့မြန်မာနိုင်ငံမှာ ယုံကြည်ချက်ကြောင့် ထောင်ကျနေတဲ့ အကျဉ်းသားမရှိဘူးလို့ ဆိုတယ်။ သူစကားမှာ မယုံကြည်ချက်ကြောင့် အကျဉ်းသားရှိတယ် ဆိုရင်လည်း ကျုပ်တို့ ဘယ်လိုမှ မယုံပါဘူး၊ မတုန်ပါဘူး။
သမိုင်းမှာ စာရင်းချုပ်တော့ ကျုပ်တို့ အားလုံးဟာ ယုံကြည်ချက်တွေ၊ မယုံကြည်ချက်တွေ အပထား၊ ကျုပ်တို့ဟာ နိုင်ငံရေးအကျဉ်းသားတွေပါပဲ။
ငါတို့ အားလုံး နိုင်ငံရေးအကျဉ်းသားတွေဟေ့။
နိုင်ငံရေးအကျဉ်းသားတွေကွ။
နိုင်ငံရေးအကျဉ်းသားဆိုတာ ငါတို့ပဲကွ လို့ ကြုံးဝါးကြ။

Thit Kaung Eain - 2011 and more ...



၂၀၁၁များ
သစ်ကောင်းအိမ်
ဒီဇင်ဘာ ၃၁၊ ၂၀၁၁
 လူပြက်တွေ လူပျက်တွေဖြစ်သွားတဲ့
၂၀၁၁များ

နိုဗယ်ဆုရှင်က
တိုဖယ် ဆင်းဖြေနေတဲ့
၂၀၁၁များ

ကဗျာဆရာတွေ
ကပြာကယာ မှတ်ပုံတင်နေတဲ့
၂၀၁၁များ

ဒါရိုက်တာတွေကိုလည်း
ကာဗရိုက်တာ ပြင်ရဦးမယ့်
၂၀၁၁များ

မုန်တိုင်းက သိုးရေခြုံထားတာပါလို့
ငါ ဖော့တွေးခဲ့တဲ့
၂၀၁၁များ

အဆိုတော်တွေက
ဘောလုံးပွဲနဲ့မှားပြီး
ခွပ်ဒေါင်းအလံ ပါးမှာကပ်
သောင်းသောင်းဖျဖျ ကြိုဆိုကျေနပ်ခဲ့လေသူ
၂၀၁၁များ

ပုတ်သင်ညိုက
တောက်တဲ့ကို အရေဆုပ်ပြီး
ပျောက်ကျားဝတ်စုံဝတ်ထားတဲ့
၂၀၁၁များ

ခွေးထက်မိုက်တဲ့သတ္တဝါ..တဲ့
ကဒါဖီထက်မိုက်တဲ့ကောင်တွေကိုပဲတွေ့ခဲ့ရ
၂၀၁၁များ

မြစ်ဆုံစီမံကိန်းကိုရပ်တန့်ပြီး
သံဆူးဖိနပ်နဲ့ ပါးစပ်ကိုဆို့
ကျနော်တို့ နှုတ်ကိုလုံအောင်ပိတ်ခဲ့လေသူ
၂၀၁၁များ

ဆက်ရေးလည်း
လက်ရေးပဲ ဖြစ်တော့မယ့်
သွားလေသူ
၂၀၁၁များ။    ။           


Cho Tu Zaw - Grey Flying Ballon Poem


မီးခိုးရောင် မိုးပျံပူဖေါင်းများ …
ချိုတူးဇော်၊ ဒီဇင်ဘာ ၃၁၊ ၂၀၁၁
ပန်းခြံထဲမှာ ကလေးတွေ ဆော့နေကြတယ်
အခန်းထဲမှာ မီးမှောင်နေမယ်
နေ၀င်ပြီဆိုရင် ငိုချင်မယ်
မနက်ဖြန် နှစ်သစ်ရောက်ပြီ။

စင်ပေါ်က ဂီတပွဲတော်တွေမှာ..
လက်ခုပ်သံတွေ ၀န်းရံနေတယ်
ငါက လက်ခုပ်တီးရင်း မျက်ရည်ကျတယ်
မုဒိတာ ရဲ့နောက်မှာ ဥပေက္ခာရှိတယ်
ငါ့ညီအကိုတွေကို ငါမေ့လို့မရဘူး
မနက်ဖြန် နှစ်သစ်ရောက်ပြီ။

နို့ဘိုးစခန်းမှာ ကလေးတွေ စာသင်နေတယ်
အဲဒီက ကျောင်းဆရာလေးတယောက်က အလှူလာခံတယ်
ငါကိုယ်တိုင် အလှူခံနေတယ်
မင်းတို့အချင်းချင်း တည့်ပေးကြပါ
လူတွေအချင်းချင်း တည့်တဲ့တနေ့မှာ. . .
ငါတို့ အလုပ်တွေပြီးမယ်
ဒီလိုဆို လော့ဂျစ်အရ ငါတို့အလုပ်တွေမပြီးနိုင်ဘူး
မနက်ဖြန် နှစ်သစ်ရောက်ပြီ။

တည်ဆောက်ရေးလုပ်ငန်းဆိုတာ
မိုင်းခွဲတာ မဟုတ်သလို
ဖဲကြိုးဖြတ် မိုးပျံပူဖေါင်းလွှတ်တာလည်း
မဟုတ်မှန်းတော့ ငါသိတယ်
ဒါပေမယ့် မိုးပျံပူဖေါင်းသည်တွေ ရောင်းကောင်းနေကြ. . .
မိုင်းတွေ ကွဲနေကြ...
နယူးယောက်ခ်ပန်းချီဆရာပို့တဲ့ “စစ်” သီချင်း ကို သံကုန်ဆို...

We don't need . . .no more trouble.
We don't need .. . no more wars.

ကလေးစစ်သားတွေကို အိမ်ပြန်ပို့ကြ
ငါတို့ကလေးတွေကို စာသင်ပေးကြ
မနက်ဖြန် နှစ်သစ်ရောက်ပြီ။

အကိုရေ...
မနက်အိပ်ရာထတိုင်း
မောရသုတ်ကိုရွတ်ပါ
အာနာပါန ရှုပါ
လမ်းမှန်မှန်လျှောက်
ရေများများသောက်ပါ
အကိုကြားရဲ့လား
အကို ရဲ့ တီးတိုးသီချင်းသံ ကျနော်ကြားတယ်. . .
. . .ကျနော်တို့ ဆိုနေကျ သီချင်း . . .

“ စိမ်းမြ. . သစ်ရွက်တို့ကြွေနေဆဲ. .
ငါ့မျက်ရည်စိုနေတုန်းပေါ့. . .
တချို့တွေ နေနိုင်လွန်းတယ်. . .
တချို့တွေ နေနိုင်လွန်းတယ်..
တချို့တွေ နေနိုင်လွန်းတယ်. . ”
အကိုရေ . . . မဆိုနဲ့
အဲဒီအပိုဒ် ကို မဆိုနဲ့. . .
ကျနော်တို့ကို မိုးပျံပူဖေါင်းသည်တွေ ကြည့်နေတယ်

မုဒိတာ မထားတတ်ကြသူများ..တဲ့
ဆိုင်းဘုတ်တခုကို ကျနော်တို့ရှေ့မှာ လာချထားတယ်
ပြီးတော့ သူတို့ရှေ့က ဥပေက္ခာ ဆိုတဲ့ ဆိုင်းဘုတ်ပေါ်မှာ
ဆေးထပ်သုတ်တယ်
စာထပ်ရေးတယ်..

“ဥာဏ်ကောင်းသူများ
မိုးပျံပူဖေါင်း လက်လီလက်ကားရမည်. . . ” တဲ့။

လား လား . . .
သူတို့တွေ ဈေးရောင်းနေကြတာ အကိုရေ
အမြတ်ရဖို့ အဓိက..တဲ့။
အကိုရေ..
ကျနော့်လက်ထဲလည်း ချွေးစို့နေတဲ့ အကြွေလေး အနည်းငယ်ရှိတယ်
မိုးပျံပူဖေါင်းလေး ၁ လုံး ၂ လုံး ၀ယ်ရင်ကောင်းမလားလို့

“ဟောဟိုက. .
တိမ်တိုက်မည်းတွေအောက်မှာ..
ကြယ်ကလေးတွေ ပြိုးပြက်လက်နေတယ်. . .”
တခါ ကျနော်ရေးဖူးတဲ့ကဗျာလေး အကိုမှတ်မိသေးလား..
မိုးပျံပူဖေါင်းမှာ အဲဒီကဗျာလေးကို ချိတ်. .
တိတ်တိတ်ကလေး လွှတ်လိုက်ရင် ကောင်းမလား
အဲဒီမိုးပျံပူဖေါင်းတွေက တိမ်မည်းကြီးတွေကိုခွင်း
အကိုတို့လင်းလင်းချင်းချင်း ထွက်လာနိုင်မလားပေါ့...
မနက်ဖြန် နှစ်သစ်ရောက်ပြီ။

Clear and Present Danger
Harrison Ford ပါတဲ့ ဇာတ်ဝင်ခန်းကို ထပ်တလဲလဲ ရစ်ကြည့်
I want to know the world is black or white?
The world is grey, Ryan.. grey...

မိုးပျံပူဖေါင်းတွေက. .
အရောင်စုံတယ်. . .
အလုအယက် တိုးဝှေ့တက်ကြ. . .
အကိုရေ..
အကိုဘယ်တော့ အိမ်ပြန်လာမှာလဲ. . .
မနက်ဖြန် နှစ်သစ်ရောက်ပြီ. . . ။ ။



Saung Yun La - After these days Poem


အဲဒီနေ့တွေရဲ့ဟိုဘက်မှာ
ဆောင်းယွန်းလ၊ ဒီဇင်ဘာ ၃၁၊ ၂၀၁၁
 Heart (ဟက်) ထိတဲ့ နတ္ထိတွေအကြောင်းကို
အတိအလင်း မောင်းခတ်ကြေငြာတဲ့ နေ့တုန်းက
ပျက်ယွင်းနေတဲ့ မနက်ခင်းတွေက
အသံတိတ် မူးပြီးအိပ်နေခဲ့ကြသလို
ခိုက်ရန်ဖြစ်ပွားနေကြတဲ့ ညနေခင်းးတွေက
အကွဲအပြဲတွေထဲ မှောက်ပြီးလဲနေခဲ့ကြတယ်….

ဝေဘန်မှုတွေ လေထန်ပြီး
အဖြေမှန်တွေ သေဒဏ်ချခံထားရတဲ့ နေ့တုန်းက
ယုံကြည်ချက်တွေက ကမ္ဘာတပတ်ပတ်နေခဲ့ကြပြီး
လိပ်ပြာတွေက သိက္ခာပျက်ယွင်းသွားခဲ့ကြတယ်..

အဲဒီနေ့တွေမှာ
မျှော်လင့်ခြင်းကို ရေချိုးပေးဖို့
သန့်ရှင်းတဲ့မိုးရေစက်တွေက အိပ်ရာမနိုးခဲ့ကြဘူး….

အဲဒီနေ့တွေမှာ
နာကျည်းစရာကောင်းလွန်းတဲ့ အတိတ်တွေကို
စကားတခွန်းနဲ့ ချွေးသိပ်ခံထားခဲ့ရတယ်…

အဲဒီနေ့တွေမှာ
မေတ္တာတရားက ဓားသွားလိုပါးလှပ်နေခဲ့ပြီး
သစ္စာတရားက စက္ကူတရွက်လိုပြားချပ်နေခဲ့ရတယ်….

အဲဒီနေ့တွေမှာ
မုသာဝါဒစိမ်းစိမ်းတွေက ကောင်းစားမိန်းမူးနေခဲ့ကြပြီး
အကောင်းဆုံး စိတ်ကူးတွေကိုတော့
ဗီလိန်တချို့က အဓမ္မခြွေခူးထားခဲ့ကြတယ်…

အဲဒီနေ့တွေမှာ
ကိုယ်ကျင့်တရားကို
ငတ်မွတ်ခေါင်းပါးခြင်းက ခါးပိုက်နှိုက်ထားခဲ့ပြီး
အလှဆုံးအိပ်မက်တွေကို
အကျည်းတန်ဆုံးညနက်တွေက ဓားပြတိုက်ထားခဲ့ကြတယ်..

အဲဒီနေ့တွေမှာ
အချိုဆုံးအပြုံးတွေက စစ်ရှုံးနေခဲ့ရသလို
အပျိုလွင်ဆုံးအင်အားတွေက တားမြစ်ဆေးကြွေးခံထားခဲ့ရတယ်…

အဲဒီနေ့တွေမှာ
အကျယ်လောင်ဆုံးအသံတချို့က ပြန်ပေးဆွဲခံထားရပြီး
အင်အားတချို့ကတော့ ရွှေပြည်အေးတရားချခံထားခဲ့ရတယ်….

အဲဒီနေ့တွေမှာ
အပျင်းပြေဖတ်စရာ အချစ်ကဗျာတွေလည်းမရှိခဲ့သလို
စိတ်ဖြေသီချင်းနဲ့ ဖယောင်းတိုင်ရဲ့အလင်းလည်းပျောက်နေခဲ့ရတယ်…

အဲဒီနေ့တွေမှာ
အမောပြေကြည့်စရာ ချောမေရဲ့မျက်နှာလည်းမရှိခဲ့ဘူး…

အဲဒီနေ့တွေဟာ
၂၀၁၁နဲ့ ၂၀၁၁မတိုင်ခင်က နေ့တွေဖြစ်ခဲ့တယ်ဆိုရင်
အဲဒီနေ့တွေရဲ့အလွန် လာမယ့် ၂၀၁၂မှာ
အရာရာအားလုံးကို မေတ္တာနဲ့ လင်းလက်နွေးထွေးစေဖို့
အားလုံးသောဘုရားအပေါင်းထံမှာ ဆုတောင်းချင်တယ်……။           ။

Former Political Prisoners joined Suu's Education Fund Fair



 ပြည်ထောင်စုတိုင်းရင်းသားများ ပညာရေးရံပုံငွေဈေးရောင်းပွဲတော်နဲ့ တေးဂီတဖျော်ဖြေပွဲမှာ နိုင်ငံရေးအကျဉ်းသားဟောင်းများက အရောင်းဆိုင်ဖွင့်
တာရာဝေယံ၊ ဒီဇင်ဘာ ၃၁၊ ၂၀၁၁
ယမန်နေ့ မနက် ၉  နာရီ အချိန်လောက်က စတင်ခဲတဲ့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြည်ထောင်စုတိုင်းရင်းသားများ ပညာရေးရံပုံငွေ တေးဂီတဖျော်ဖြေပွဲနဲ့ ဈေးရောင်းပွဲတော်မှာ နိုင်ငံရေးအကျဉ်းသားဟောင်းများက အရောင်းဆိုင်ဖွင့်လှစ်ခဲ့ကြတာကို တွေ့ရပါတယ်။





အဲဒီအရောင်းဆိုင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံများ ပါဝင်တဲ့ ဗီနိုင်းပိုစတာများ၊ ပြက္ခဒိန်များ၊ မှတ်စုစာအုပ်များ ရောင်းချခဲ့ကြပါတယ်။
“ကျနော်တို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ ဆောင်ရွက်နေတဲ့ လူမှုအကျိုးပြုလုပ်ငန်းများမှာ တစုံတရာအထောက်အပံ့ရအောင် ရံပုံငွေရှာကြတယ်။ ကျနော်တို့ရဲ့ နဖူးစည်း ဆိုင်းဘုတ်ကို ကြည့်ပြီး အားပေးသွားကြတဲ့သူတွေ များပါတယ်”
လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတဦးက ပြောပါတယ်။


 သူက ဆက်ပြီး
“ဒီပွဲတော်ဈေး ဆိုင်ခန်း ၂၀၀ နီးပါး ရှိမယ် ထင်တယ်။ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်အောင်ဆန်းစုကြည် လူထုခေါင်းဆောင်တို့ ပုံတွေ၊ သူတို့အကြောင်းတွေပါတဲ့ စာအုပ်တွေ၊ အသုံးအဆောင်ပစ္စည်းတွေ၊ ပိုစတာတွေ ရောင်းကြတယ်။ လာတဲ့သူတိုင်းလိုလို တခုခု ၀ယ်ကြတယ်။ အနှောက်အယှက် အဟန့်အတားတွေလည်း မရှိပါဘူး”
လို့ ပွဲတော်အခင်းအကျင်းများကို ပြောပြခဲ့ကြောင်း သတင်းရရှိပါတယ်။




Friday, December 30, 2011

Aung Way - Remembrance (13)

တမ်းတမ်းတတ အလွမ်းများ (၁၃)
အောင်ဝေး
ဒီဇင်ဘာ ၃၁၊ ၂၀၁၁


(ဒီတပတ်မှာ- ဆရာဦးဝင်းတင်ပြောခဲ့တဲ့ “လူထုအခြေပြု နိုင်ငံရေးသစ်“ ဆိုတဲ့၊ စကားလုံးနဲ့ ဆက်စပ်ပြီး၊ “လူထုအခြေပြု လူမှုရေးသစ်“အကြောင်း စေ့ငု တင်ပြထားပါတယ်)

အားလုံး မင်္ဂလာပါ။
ဆရာဦးဝင်းတင်ပြောခဲ့တဲ့ “လူထုအခြေပြု နိုင်ငံရေးသစ်“ဆိုတဲ့ စကားလုံးကို မှတ်မိနေကြဦးမယ် ထင်ပါတယ်။ ဆရာ ထောင်က ပြန်လွတ်လာပြီးတဲ့ နောက်ပိုင်းမှာ ဒီစကားလုံးကိုသုံးစွဲပြောဆိုခဲ့တာပါ။ နိုင်ငံရေးသစ်- တဲ့။ ဒီဘက်ခေတ် နိုင်ငံရေးဟာ အသစ် ဖြစ်လာတဲ့သဘော။ ဆရာဦးဝင်းတင် ဒီစကားလုံး သုံးလိုက်တဲ့အချိန်မှာ၊ ဒေါ်အောင်ဆန်းစုကြည် အချုပ် အနှောင်က လွတ်မြောက် မလာသေးပါဘူး။

ဆရာဦးဝင်းတင် အင်းစိန် အကျဉ်းထောင်ထဲကနေ ထွက်လာပြီး၊ အပြင်မှာ ရင်ဆိုင်လိုက်ရတဲ့ မြန်မာ့နိုင်ငံရေးယဉ်ကျေးမှု ရေချိန်ကို လိုက်ပြီး၊ ဆရာ ဒီစကားလုံးသစ်ကို သုံးစွဲခဲ့တာလို့ ယူဆပါတယ်။ နိုင်ငံရေးသစ်- တဲ့။ ဒီ သစ်တဲ့နိုင်ငံရေးကလည်း လူထုကို အခြေပြုတဲ့ နိုင်ငံရေးဖြစ်နေမယ်။ ဆရာဦးဝင်းတင်က ဒါ့ကြောင့် ဆိုပါတယ်။ လူထု အခြေပြု နိုင်ငံရေးသစ်။

ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်မပေးခင်၊ နအဖ စစ်အုပ်စုက သူတို့ရဲ့ဂီရိရွေးကောက်ပွဲကို အရင်ဦးအောင် ကျင်းပခဲ့တာကို လူတိုင်း သိကြပါတယ်။ အဲဒီ၂၀၁၀ နအဖ ရွေးကောက်ပွဲအကြိုကာလ အခိုက်အတန့်မှာNLDရဲ့ရွှေဂုံတိုင်ကြေညာချက် ထွက်လာပါတယ်။ နအဖရဲ့၂၀၀၈ နာဂစ် ဖွဲ့စည်းပုံဥပဒေကို NLDအနေနဲ့ လက်မခံပါဘူး။ ရွေးကောက်ပွဲ ကော်မရှင်ထံမှာ ပါတီကိုလည်း မှတ်ပုံပြန်မတင်၊ ရွေးကောက်ပွဲကိုလည်း သပိတ်မှောက်ထားတဲ့ NLD အဖို့၊ အခြေအနေနဲ့အ ချိန်အခါအရ၊ နိုင်ငံရေး ပုံဏ္ဌာန်တရပ်အနေနဲ့ လူမှုရေးလုပ်ငန်းတွေ ကို အရှိန်တိုးမြှင့် လုပ်ဆောင်ခဲ့ကြတာ၊ ပြန်ကြည့်ရင် တွေ့နိုင်ပါတယ်။

ဒီလို အနေအထားမှာ NLD ရဲ့ လူမှုရေး လုပ်ငန်းတွေအပေါ် ထောက်ခံကူညီတဲ့၊ ပူးပေါင်း ပါဝင်တဲ့ လူထုလှုပ်ရှားမှုတွေ ပေါ်ထွက်လာပါတယ်။ ဥပမာ- မဖြူဖြူသင်းတို့ ဦးစီးဆောင်ရွက်နေတဲ့ တောင်ဒဂုံက HIV ကူးစက်ခံ ဝေဒနာသည်များ ကူညီ စောင့်ရှောက်ရေး လုပ်ငန်းမှာ၊ စာပေ၊ ဂီတ၊ ရုပ်ရှင် နယ်ပယ်က ထင်ရှား ကျော်ကြားတဲ့သူတွေ ပူးပေါင်း ပါဝင်လာခဲ့ကြတာကို တွေ့ရပါလိမ့်မယ်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာပြီးတဲ့နောက်မှာ အလွှာ အသီးသီးက လူထုတွေ ပိုပြီး တက်တက်ကြွကြွ ပါဝင်လာတာတွေ့ရမယ်။ NLD လူမှုအထောက်အကူပြုအဖွဲ့က ဆောင်ရွက်နေတဲ့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးလုပ်ငန်းမှာ၊ အများပြည်သူ ပူးပေါင်း ပါဝင်လာကြတာကိုလည်း တွေ့ကြရပါတယ်။

အလားတူ၊ ဂျပန်နိုင်ငံ၊ ဖူကူရှီးမား ဆူနာမီငလျင်ဘေးနဲ့ ကျနော်တို့နိုင်ငံက တာချီလိတ် ငလျင်ဘေးတွေမှာတုန်းကလည်း၊ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပါဝင်တဲ့ နှစ်သိမ့်အားပေး ကူညီမှုတွေ၊ အလှူငွေပေးအပ်တာတွေ၊ ကဗျာစာအုပ် ထုတ်ခဲ့တာတွေ ရှိခဲ့ပါတယ်။

အတိဒုက္ခရောက်၊ အမှောင်ကျနေတဲ့ ခေတ်ကြီးထဲမှာ၊ ဘယ်သူမှ အမှန်တရားကို မျက်ကွယ်ပြုပြီး မနေနိုင်ကြပါဘူး။ ဘယ်သူမှ ကိုယ်ချင်းစာတရားကို ဘေးဖယ်ပြီး မနေရက်ကြပါဘူး။ ပြည်သူတွေဟာ ပြည်သူတွေ ဒုက္ခရောက်နေတာကို မြင်တွေ့နေရတယ်။ ဒီနေ့ခေတ်မှာ ဒုက္ခ မကျရောက်တဲ့ပြည်သူ ဆိုတာ မရှိပါဘူး။ ပြည်သူတိုင်း ဒုက္ခရောက်နေတဲ့ အချိန်။ ဒုက္ခရောက်နေလည်း၊ ဒုက္ခ ရောက်နေတဲ့ကြားက၊ တခြား ဒုက္ခရောက်နေတဲ့သူတွေကို ကူညီ ဖေးမနိုင်တဲ့၊ ကိုယ်ချင်းစာတရား ထားနိုင်တဲ့ လူမျိုးဟာ၊ ကျနော်တို့လူမျိုးပါ။ ကျနော်တို့ပြည်သူ၊ ကျနော်တို့လူထုပါ။

ဒါကြောင့် ကျနော်က၊ ဆရာဦးဝင်းတင် စကားလုံးကို တုပပြီး၊ “လူထု အခြေပြု လူမှုရေးသစ်“ ရယ်လို့ ပြောကြည့်ချင်တာပါ။ ဒီနေ့ ဒီအချိန်မှာ လူမှုရေး လုပ်ငန်းတွေဟာ၊ ကျယ်ပြန့် ဆန်းသစ်လာတာကို မြင်တွေ့နေရပါတယ်။ ဒီနေ့ခေတ်မှာ လူမှုရေးလုပ်ငန်း ဘောင်ကျယ်လာတယ်လို့ ဆိုရမှာပါပဲ။

ဥပမာပြောရရင်၊ NLD ကဆောင်ရွက်နေတဲ့“အမေ့အိမ်“ စာသင်ကျောင်းကလေးတွေကို ကြည့်ပါ။ လူထုရဲ့ အဓိက လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနေတဲ့ လူမှုရေး လုပ်ငန်းတရပ် အဖြစ် ပေါ်ထွက်လာတဲ့“အမေ့အိမ်“ပဲ မဟုတ်လား။

ဖျာပုံဘက်က ရေလုပ်သားတွေ မုန်တိုင်းထဲ မျောပါပြီး၊ အကြီးအကျယ် ဒုက္ခရောက်ကြတုန်းကလည်း၊ NLD အနေနဲ့ ကူညီပေးခဲ့တာပါပဲ။ အဲဒီလို လူမှုရေး လုပ်ငန်းတွေဟာ၊ လူထုရဲ့ လိုအပ်ချက် ရှိရင် ရှိသလို၊ နက်ရှိုင်းလာတယ်။ ဘောင်ကျယ်လာတယ် လို့ မြင်မိပါတယ်။

NLD အပြင်ဘက်ကိုလည်းကြည့်လိုက်ဦးမလား။ ရုပ်ရှင်မင်းသား ကျော်သူတို့ရဲ့ နာရေး ကူညီမှုအသင်း ဆိုလို့ရှိရင်၊ နာရေးကူညီတာ တခုတည်း လုပ်နေတဲ့၊ ပရဟိတအဖွဲ့အစည်း မဟုတ်တော့ပါဘူး။ အခုဆိုရင်၊ ကိုကျော်သူတို့ နာရေး ကူညီမှုအသင်းက ဖွင့်လှစ် ထူထောင်ထားတဲ့“သုခ ကုသိုလ်ဖြစ်ဆေးခန်း“ ဆိုရင်၊ မကျန်းမမာဖြစ်နေတဲ့ ပြည်သူတွေကို၊ အခမဲ့ကုသ စောင့်ရှောက်ပေးနေတဲ့နေရာ၊ လူထုရဲ့ အဓိက လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်လို့၊ လူထုက အားကိုး တန်ဖိုးထားတဲ့နေရာ ဖြစ်နေပါပြီ။

ဒါတင်မက၊ အရင့် အရင်နှစ်တွေက ပဲခူး၊ သနပ်ပင် နယ်ဘက်မှာ၊ နွေရာသီ ကန်တွေ၊ ရေတွင်းတွေ ခန်းခြောက်ပြီး၊ သောက်ရေသုံးရေ အခက်အခဲ ဖြစ်စဉ်တုန်းကလည်း၊ ကိုကျော်သူတို့ နာရေး ကူညီမှုအသင်းက၊ သောက်ရေသုံးရေ ရရှိဖို့၊ စေတနာ အ၀ီစိတွင်းတွေ၊ နေရာ အနှံ့ လိုက်လံတူးပေးခဲ့တာ ရှိရဲ့မဟုတ်လား။

ပြီးတော့ တခါ၊ ပခုက္ကူရေဘေးနဲ့ ဆိပ်ဖြူရေဘေးတွေမှာလည်း လက်မနှေးခဲ့တဲ့၊ ကိုကျော်သူတို့ နာရေးကူညီမှုအသင်းရဲ့ လက်တံက၊ ခု မကြာခင်က ကချင်ပြည်နယ်၊ စစ်ဘေးဒုက္ခသည်တွေရှိရာအထိ ရောက်ရှိသွားခဲ့ပြီး၊ ကချင် လူထုရဲ့လိုအင်ဆန္ဒတွေကို တတ်စွမ်းသမျှ ဖြည့်ဆည်း ပေးခဲ့ကြတာပါ။

အလားတူ၊ ထိုနည်းတူပါပဲ၊ ရန်ကုန်လို၊ မန္တလေးလို မြို့ကြီးတွေမှာသာမက၊ တနိုင်ငံလုံး အတိုင်းအတာနဲ့၊ မြို့တကာအနှံ့၊ နယ်တကာအနှံ့ လူမှုရေး ဆောင်ရွက်နေကြတဲ့ အသင်းတွေ၊ အဖွဲ့တွေ ပေါ်ထွက်လာတာ (ပြည်တွင်းမှာသာမက၊ ပြည်ပမှာပါ) ကျနော်တို့ နေ့စဉ်နဲ့ အမျှတွေ့နေမြင်နေရပါပြီ။

ကျနော်တို့ ဘ၀ပေးအသိထဲမှာ၊ အရာရာဟာ နိုင်ငံရေးရဲ့လက်အောက်ခံဖြစ်တယ် ဆိုတဲ့ အယူအဆရှိပါတယ်။ ဘာပဲဖြစ်ဖြစ်၊ ပြည်သူအတွက် ပြည်သူမှာ တာဝန်ရှိတယ်။ လူထု အတွက် လူထုက တာဝန် ယူရမယ်။ အားလုံးအတွက် အားလုံး ပါဝင်မှဖြစ်မယ်။ ကျနော်တို့ ခေတ်ကိုကောင်းအောင် ကြိုးစားကြည့်နေကြတယ်။ အားလုံးက အားလုံးအတွက် ဦးတည်ပြီး ဆောင်ရွက်ကြရမယ်။ ကျနော်တို့ အားလုံး ကောင်းအောင် မနားမနေ ကြိုးစားဖို့ လိုတယ်။ အားလုံး ကောင်းမှ၊ အားလုံး ကောင်းမယ်။

ကျနော်တို့မှာ၊ ခေါင်းဆောင်ကောင်းကို ရထားပြီပဲ။ ဘာလိုသေးလဲ။ နောက်လိုက်ကောင်းတွေ ဖြစ်ဖို့ပဲ လိုတော့တယ်။ ကျနော်တို့ ပြည်သူကောင်း၊ လူထုကောင်း ဖြစ်ဖို့လိုတယ်။ ခေါင်းဆောင်လည်း ကောင်း၊ နောက်လိုက်လည်း ကောင်း၊ ပါတီလည်း ကောင်း၊ လမ်းစဉ်လည်း ကောင်း၊ ပြည်သူလည်း ကောင်း၊ လူထုလည်း ကောင်း၊ အားလုံး ကောင်းရင်၊ နိုင်ငံရေးလည်း ကောင်းလာမှာအမှန်ပါ။ နိုင်ငံရေး ကောင်းလာရင်၊ နိုင်ငံရေးရဲ့ လက်အောက်ခံဖြစ်တဲ့ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ယဉ်ကျေးမှု၊ အစစအရာရာ ကောင်းလာလိမ့်မယ်လို့ ယုံကြည်နေပါတယ်။
နားဆင်တဲ့အတွက် ကျေးဇူးပါ။ ။

အောင်ဝေး
ဒီဇင်ဘာ ၁၈-၂၀၁၁။

မူရင်း – အောင်ဝေး၊ မစ်ရှီဂန်က ပေးတဲ့စာ၊ လွတ်လပ်တဲ့အာရှအသံ http://www.rfa.org/burmese