Wednesday, November 30, 2011

Helping Kachin Refugee Fund Raising Event - Open Invitation

ကချင်ဒုက္ခသည်များကူညီရေး ဆန်ဖရန်ဘေးဧရိယာ မြန်မာတိုင်းရင်းသားတို့ ရန်ပုံငွေဈေးရောင်းမည်
မိုးမခအထောက်တော် ၀၀၂၊ ဒီဇင်ဘာ ၁၊ ၂၀၁၁
ဆန်ဖရန်ဘေးဧရိယာတွင် မှီတင်းနေထိုင်ကြတဲ့ ကချင်တိုင်းရင်းသား ကွန်မြူနီတီနဲ့အတူ မြန်မာတိုင်းရင်းသားစုံ၊ ဘာသာပေါင်းစုံတို့ ၀ိုင်းဝန်းကြမယ့် မြန်မာပြည်က ကချင်ဒုက္ခသည်များကူညီရေး ဈေးရောင်းပွဲတော်ကို လာမယ့် ဒီဇင်ဘာ ၁၇၊ ၂၀၁၁၊ စနေနေ့၊ ဒေလီးစီတီးက မြန်မာများစုဝေးနေကြ Little Theater Community Centerက Gallery Hall မှာ ကျင်းပမယ့်အကြောင်း ကြားသိရပါတယ်။ (ဖိတ်စာက ဒီမှာပါ)
ကမကထလုပ်ကြတဲ့ ကချင်တိုင်းရင်းသားအဖွဲ့တွေကတော့ San Francisco Kachin Baptist Church, Kachin Heritage Organization, Free Kachin Campaign တို့ဖြစ်ကြပြီး ဆန်ဖရန်ဘေးဧရိယာက စိတ်ဝင်စားသူ မြန်မာကွန်မြူနီမိသားစုများ ၀ိုင်းဝန်းကြပါတယ်။ Save Irrawaddy SF လှုပ်ရှားမှုကို ဆောင်ရွက်နေတဲ့ မြန်မာတိုင်းရင်းသားများကလည်း ၀ိုင်းဝန်း လှုံဆော်လျက်ရှိတာကို တွေ့ရပါတယ်။
Save Irrawaddy SF က ကြက်သားဒန်ပေါက် ချက်ပြုတ်ပြီး ရောင်းချရန်ပုံငွေ ရှာမယ်လို့ ဆိုပြီး ဦးအေးကိုကိုမိသားစုက အုန်းနို့ခေါက်ဆွဲ၊ မအိပပနဲ့ မအေးအေးအောင်တို့က စမူဆာသုတ်၊ ကိုအောင်မင်း၊ မစန္ဒာတို့က ခေါက်ဆွဲသုတ်တို့ လာရောက် ရောင်းချပြီး ရန်ပုံငွေအလှူပြုလုပ်ကြမယ့်အကြောင်း ကြားသိရပါတယ်။ ကချင်တိုင်းရင်းသားများရဲ့ ရိုးရာစားသောက်ဖွယ်ရာဆိုင်များလည်း တည်ခင်းရောင်းချမယ်လို့ သိရပါတယ်။
ကချင်တိုင်းရင်းသားအဖွဲ့များအပြင် Save Irrawaddy SF က မိတ်ဆွေများကို ဆက်သွယ် ကူညီမှုများ စုံစမ်းမှုများ ပြုလုပ်နိုင်ပါတယ်လို့ သိရပါတယ်။ http://saveIrrawaddySF.blogspot.com 
၂၀၁၀ နှစ်ဆန်းမှာ ကြံ့ဖွံ့ပါတီဦးဆောင်တဲ့ ဦးသိန်းစိန်အစိုးရ မြန်မာပြည်မှာ အာဏာရပြီးနောက် ကချင်ပြည်နယ်မှာ ပြည်တွင်းစစ်ဖြစ်ပွားမှု ပိုမို ပြင်းထန်လာပါတယ်။ ကချင်တိုင်းရင်းသားတွေ ၂ သောင်း ကျော် (အောက်တိုဘာ ၂၇၊ ၂၀၁၁ Relief Action Network စာရင်းအရ) မိမိတို့အိမ်ယာတွေကို စွန့်ခွာ ထွက်ပြေးနေရပါတယ်။ ဧရာဝတီမြစ်ဆုံ ရေကာတာစီမံကိန်း အငြင်းပွားနေမှုများကြာင့်လည်း မြန်မာအစိုးရနဲ့ လုပ်ငန်းအကျိုးတူဆောင်ရွက်နေတဲ့ တရုတ်အစိုးရကြားမှာ ကချင်ပြည်နယ်သားတွေဟာ ပိတ်မိနေပြီး စစ်ပွဲတွေကြောင့် လူအများ သေကြေပျက်စီးခြင်း၊ လူ့အခွင့်အရေးများ ချိုးဖောက်ခံနေရပါတယ်။ ယခု ကချင်ဒုက္ခသည်များ ကူညီရေး ရန်ပုံငွေဈေးရောင်းပွဲကတဆင့် ပြည်ပရောက် မြန်မာတိုင်းရင်းသားတွေရဲ့ ညီအကို မောင်နှမ မိသားစုစိတ်ဓာတ်တွေ၊ ယိုင်းပင်းကူညီမှုတွေကို တတ်နိုင်တဲ့နေရာကနေ ပြသထုတ်ဖော်ရာရောက်မှာ ဖြစ်ပါတယ်။
မကြာခင်က ထုတ်ပြန်ခဲ့တဲ့ Crimes in Northern Burma Report စာအုပ်ကို သည်မှာ ကြည့်ရှုနိုင်ပါတယ်။

Burmese Porest against Shwe Gas Project in front of Chinese Consulate in SF

ရွှေဝက်စ်လိုင်းကန့်ကွက်ပွဲ ဆန်ဖရန်တရုတ်ကောင်စစ်ဝန်ရုံးရှေ့မှာ ကျင်းပ
မိုးမခအထောက်တော် ၀၀၂၊ ဒီဇင်ဘာ ၁၊ ၂၀၁၁
ယမန်နေ့ နိုဝင်ဘာ ၃၀၊ ဆန်ဖရန်စစ္စကိုမြို့၊ တရုတ်ကောင်စစ်ဝန်ရုံးရှေ့မှာ မြန်မာအရေးစိတ်ဝင်စားသူတို့စုဝေးကြပြီး တရုတ်ပြည်ယူနန်ပြည်ကို သွယ်တန်းနေတဲ့ ရခိုင်ကမ်းရိုးတန်းက ဓာတ်ငွေ့ပိုက်လိုင်းပရိုဂျက်၊ ရွှေဂက်စ်လုပ်ငန်းကို ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြပွဲ ကျင်းပခဲ့ပါတယ်။ Save Irrawaddy SF လှုပ်ရှားသူများ၊ BADA အဖွဲ့ဝင်များ၊ ကချင်တိုင်းရင်းသားများ၊ လူငယ်များ၊ မြန်မာဒီမိုကရေစီရေးလှုပ်ရှားသူများက နေ့ခင်း ၁၂ နာရီကနေ ၁ နာရီအထိ ကြွေးကြော်သံများအပြင် တရုတ်အစိုးရကို မြန်မာပြည်သူများ၊ တိုင်းရင်းသားများရဲ့ အရေးကို ထည့်သွင်းစဉ်းစားရန်၊ တိုက်တွန်းပြောဆိုဟောပြောခဲ့ကြပါတယ်။ 
 



Maung Yit - Burmese people welcomes Clinton


ကာတွန်းမောင်ရစ် - မြန်မာပြည်က ကြိုဆိုနေဘီ
နိုဝင်ဘာ ၃၀၊ ၂၀၁၁

100th founding anniversary of St. Mary's Cathedral

ရန်ကုန်မြို့ စိန်မေရီ ဘုရားရှိခိုးကျောင်း နှစ်တရာပြည့်ပြီ
ဓာတ်ပုံသတင်း
နိုဝင်ဘာ ၃၀၊ ၂၀၁၁

ရန်ကုန်မြို့ စိန်မေရီ ဘုရားရှိခိုးကျောင်း နှစ်တရာပြည့် အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့က ထိုဘုရားကျောင်းတွင် ပြုလုပ်ကြသည်။ (ဓာတ်ပုံများ AP/Khin Maung Win)





Kamar Pale - Poem

စောင်းပါးရိပ်ခြည် မဟုတ် ... ပစ္စုပ္ပန်တည့်တည့်လမ်းခွဲ
ကမာပုလဲ
နိုဝင်ဘာ ၃၀၊ ၂၀၁၁


ဇာတ်က မယ်သီတာလို
မီးပုံထဲ ခုန်ဆင်းမခိုင်းခဲ့ဘူး၊
ကိန္နရီ ကိန္နရာ
ချောင်းခြားခဲ့တာလည်း မဟုတ်ဘူး
ဘဝခြင်း မတူတော့တဲ့ စည်းတွေ
မဟာရံတံတိုင်းတွေလို ...။

ညက
အိပ်မက်ဟာ
ကျနော်တို့ ချွေးနည်းစာ ဘူတာရုံကလေးကနေ
အလံစိမ်းပြ ထွက်ခွာသွားခဲ့ပြီ ...။

တိမ်တွေက တိမ်လိုရွေ့တယ်
ငှက်တွေက ငှက်လိုပျံတယ်
လမင်းက
မိုးကောင်းကင်အလိုကျ
ပြည့်တယ်၊ ကွယ်တယ်
ညည့်ငှက်တွေက
ညည့်ငှက်တွေလို
အလင်းရောင်ကို မုန်းတယ်
ကျနော်တို့ကျမှ
ကြယ်ကြွေကောက်သူ
ဘာလို့ဖြစ်နေရပါသလဲ မေမေ ...။

ကျနော်တို့ ရေးနေတဲ့
သမိုင်းသစ်ဟာ
ခေတ်မမီ အစွန်းရောက်
လက်တွေ့မကျတော့ပြီလား
ပြီးပြီးမေ့မေ့
ထားရစ်ခဲ့မယ်လား
မိုက်မိုက်ကမ်းကမ်း
လွမ်းနေတတ်တဲ့သူတွေဟာ
မေမေ သင်ပေးလိုက်တဲ့အတိုင်း
ဘဝအပေါ်မှာ သစ္စာမြဲတယ် ...။

စီးဆင်းနေတဲ့ ... မြစ်ကို
ပေါင်းသင်း လက်ခံထားရတာ
မြေကမ္ဘာအတွက်တော့
မင်္ဂလာရှိတဲ့ ယဉ်ကျေးမှုပါ မေမေ
ခုတော့
မြစ်က
သူ့အလို စိတ်တိုင်းကျ
တိမ်ကောပျက်သုဉ်းသွားခဲ့တာ ...
ကော်ဇောနီ ခင်းပေးဖို့လည်းခက်
သပြေခက်နဲ့
ကြိုဖို့လည်း ခက်တယ် ... မေမေ။

ရေနစ်နေတဲ့
မြို့ပျက်ကြီးကို ထမ်းပိုးထားရင်း
ကျနော်တို့ ရေငတ်ခဲ့ပြီမေမေ
ကံဇာတ်ဆရာရဲ့ အလိုကျလို့
ဖြေရ ပြောရအောင်လည်း
သူကိုယ်တိုင်
ဘုမသိ ဘမသိပါပဲတဲ့ ...။

ရန်သူ့လက်ထဲ မရောက်အောင်
အရဲစွန့် ကယ်တင်ခဲ့
ချစ်ခြင်းမေတ္တာများ ...
မလိုသူတွေ
ဝမ်းသာနေမစိုးလို့
လမ်းခွဲရခြင်းကို
တင်ကြိုပြောမထွက်ခဲ့
ဝတ္တရားလည်း ရှိတယ်လေ ...။

ညက ...
အိပ်မက်ထဲ
ကျောင်းသူမကလေး
ဝင်းမော်ဦးရဲ့ လိပ်ပြာ
ကမ္ဘာမကြေဘူးတဲ့ ... ။ ။

Tuesday, November 29, 2011

Ko Myoe (Myanmar sar) - Essay

ကိုယ့်လမ်းကိုယ်သွား ဦးကျော်သူ (၁)
ကိုမျိုး (မြန်မာစာ)
နိုဝင်ဘာ ၃၀၊ ၂၀၁၁


(ဂီလာနပုဂ္ဂိုလ်တို့အား ပြုစုခြင်းသည် ငါဘုရားအား ပြုစုခြင်းမည်ပါပေ၏)

(၃) ရက်သာဖွင့်လိုက်ပြီး အပိတ်ခံရမှုကြောင့် နာမည်ကျော်ခဲ့သော သုခကုသိုလ်ဖြစ်ဆေးခန်း ပြည်မြို့၏ ဖွင့်လှစ်ပွဲကို နိုဝင်ဘာ (၂၇) ရက်နေ့မှာ ကျင်းပမည်ဆိုသည့်အတွက် ကျွန်တော် အထူးစိတ်ဝင်စားခဲ့သည်။ သို့အတွက် နိုဝင်ဘာ (၂၆) ရက်နေ့ နံနက်စောစောထကာ ဦးကျော်သူ ဦးစီးသော နာရေးကူညီမှုအသင်း (ရန်ကုန်) အသင်းသားများနှင့်အတူ ပြည်မြို့ခရီးသို့ လိုက်ပါခဲ့သည်။


ပြည်မြို့တွင် ရွှေပေါက်ပင်တောရ ဆရာတော်ကြီးထံသို့ နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ (၁၀) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတွင် လှူဒါန်းထားသော လှူဖွယ်ဝတ္ထုပစ္စည်းများအား ၂၆.၁၁.၂၀၁၁ ရက်နေ့ နေ့လည်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ သြ၀ါဒစရိယ ဆရာတော် ဘဒ္ဒန္တ သောမစာရ ထံသို့ ကပ်လှူခဲ့ကြသည်။ ၂၇.၁၁.၂၀၁၁ ရက်နေ့ နံနက် (၅း၀၀) နာရီအချိန်တွင် ရွှေပေါက်ပင်တောရ ကျောင်းတိုက်တွင် နေ့စဉ်အာရုံတက်ချိန်တိုင်း ပြုလုပ်လေ့ရှိသော မြတ်စွာဘုရား မျက်နှာတော်သစ်ပေးခြင်း၊ သစ်သီးဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ အမွှေးနံ့သာတို့ဖြင့် ဗုဒ္ဓမြတ်စွယ်တော်များအား ပူဇော်ဆက်ကပ်လှူဒါန်းခြင်း စသည့် ကောင်းမှုကုသိုလ်တို့ကို နာရေးကူညီမှုအသင်း (ရန်ကုန်) အသင်းသူ/သားများ စုပေါင်းကုသိုလ်ပြုခဲ့ကြသည်ကို တွေ့ခဲ့ရသည်။


ထို့နောက် ပြည်မြို့က မိုးမေတ္တာ ပရဟိတလူငယ် သွေးလှူရှင်များ ဦးစီးသည့် နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ သုခကုသိုလ်ဖြစ်ဆေးခန်း (ပြည်မြို့) ဖွင့်ပွဲနှင့်အတူ ပြည်ခရိုင်အတွင်းရှိ ပရဟိတလူမှုရေးအသင်းအဖွဲ့များ တွေ့ဆုံမိတ်ဆက်ပွဲ အခမ်းအနားတရပ်ကိုလည်း နံနက် (၉း၀၀) နာရီအချိန်တွင် ကျင်းပမည်ဖြစ်သည့်အတွက် ကျွန်တော်တို့ ခေတ္တရာ (သရေခေတ္တရာပြည်မြို့) ခရီးသည် နာရေးကူညီ မှုအသင်း (ရန်ကုန်) ကားများ ပြည်ခရိုင်အတွင်း ရောက်သည်ဆိုသည်နှင့် မြို့အသီးသီးက ပရဟိတအသင်းအဖွဲ့များ၏ ကြိုဆိုနှုတ်ဆက်မှုတွေကို ကြည်နူးဖွယ် တွေ့ကြုံခံစားရသည်။


ကျွန်တော်တို့နိုင်ငံအနေနှင့် ဗြဟ္မစိုရ်တရား ထွန်းကားလွန်းသည်ဟုပင် ဆိုရလေမလား။ ဗြဟ္မစိုရ်တရားလက်ကိုင်ထားသော လူမှုရေး အသင်းအဖွဲ့တွေ၊ လူမှုရေးသမားတွေလည်း အများအပြား။ ထိုလူမှုရေးအသင်းတွေ၊ လူမှုရေးသမားတွေ ကူညီစောင့်ရှောက်မှကိုဖြစ်မည့် လူမှုဒုက္ခအ၀၀ ကြုံတွေ့ခံစားရသူတွေကလည်း မနည်းမနော။ ဦးကျော်သူကတော့ “တိုင်းပြည်ငြိမ်းချမ်းသာယာဝပြောရင် အဲဒီလို ကူညီဖေး မမှုတွေ ပေးနေစရာမလိုတော့” ဟု ဆိုဖူးသည်။ နာရေးကူညီမှုအသင်း (ရန်ကုန်) ဖြင့် နာရေးကူညီမှုတွေအပြင် သုခကုသိုလ်ဖြစ်ဆေးခန်းကြီး တည်ထောင်ပြီး ကျန်းမာရေးကူညီမှုတွေကိုလည်း ဆောင်ရွက်ပေးနေသူ ဖြစ်သည့်အတွက် သေသူရော၊ ရှင်သူတွေကိုပါ ကူညီနိုင်စွမ်းရှိသူ ဦးကျော်သူမှာ ကွက်လပ်တွေ ဖြည့်စွမ်းရင်း တိုင်းပြုပြည်ပြု ဆောင်ရွက်နေသူဟုပင် ဆိုနိုင်မည်ထင်၏။ ဒီနိုင်ငံမှာ ဦးကျော်သူကို ပရဟိတသူရဲကောင်းအဖြစ် လူထုထောက်ခံအားပေး ချစ်မြတ်နိုးခြင်းကို ကျွန်တော် မအံ့သြတော့။ သို့သော် ကျွန်တော်အံ့သြမိသည်က နတ်လူသာဓုခေါ်နိုင်မည့် ပရဟိတလုပ်ငန်းတွေ ဒီနိုင်ငံမှာ လုပ်ရခက်ခဲနေခြင်းကိုပင်။


မိုးမေတ္တာ ပရဟိတလူငယ် သွေးလှူရှင်များဦးစီးသည့် နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ သုခကုသိုလ်ဖြစ်ဆေးခန်း (ပြည်မြို့) ဖွင့်လှစ်ပွဲ အချိန်အခါ သမယမှာတော့ ၀မ်းမြောက်ဝမ်းသာဖြစ်နေသော မြို့ခံလူထုနှင့်အတူ ပြည်ခရိုင်အတွင်းရှိ ဝေးလံသော မြို့ရွာများဆီကပင် ကျန်းမာရေး အစောင့်အရှောက်ရယူနိုင်ရန် တပင်တပန်းလာခဲ့ကြရရှာသူ ဝေဒနာရှင်တွေ၏ မျက်နှာပြင်တွေမှာ စေတနာရှင်၊ မေတ္တာရှင် ပရဟိတလူမှုရေးသမား လူငယ်လေးများကို အားကိုးတကြီးရှိမှုကို သိသာစွာမြင်တွေ့ရသည်။ အနာဂတ်ကို ပိုင်စိုးမည့် သားကောင်း ရတနာတွေ ယုံကြည်ချက်ဖြင့် ရဲရင့်နေမှုကို ကျွန်တော်ကြည့်ရှုရင်း ကျေနပ်ပီတိရှိရသည်။ မိုးမေတ္တာ ပရဟိတလူငယ် သွေးလှူရှင်များ အဖွဲ့နှင့်အတူ သုခကုသိုလ်ဖြစ်ဆေးခန်း (ပြည်) ကို ဦးဆောင်ကြသည့် သူတွေထဲမှာ လူငယ်ဆရာဝန်ငယ်လေးတွေကိုလည်း တွေ့ရသည်။ ဆရာဝန်ကြီး ဒေါက်တာထွန်းနိုင်နှင့် ထိုဆရာဝန်လေးတွေမှာ ဝေဒနာရှင်များအပေါ် အထူးပင် မေတ္တာ၊ ဂရုဏာအပြည့် ကုသလေ့ရှိကြောင်း ကိုလည်း လူနာနားနေဆောင်အတွင်းက စကားသံများ သက်သေခံ လျှက်ရှိသည်။ ဥက္ကဋ္ဌ ဦးကျော်သူ၊ ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်၊ အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက် ဦးဆောင်သော နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ သုခကုသိုလ်ဖြစ်ဆေးခန်းတွင် ကျင့်သုံးလျက်ရှိသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်သည်ဟု သိရသည့် ပြည်မြို့ရှိ သုခကုသိုလ်ဖြစ်ဆေးခန်း (ပြည်မြို့) ကို ဥက္ကဋ္ဌ ဦးကျော်သူနှင့် တာဝန်ခံဆရာဝန်ကြီး ဒေါက်တာထွန်းနိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး နောက်မှာ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်ပွဲကို ဆက်လက်ကျင်းပခဲ့ကြသည်။ အခမ်းအနား မှာ မိုးမေတ္တာ ပရဟိတလူငယ် သွေးလှူရှင်အသင်း (ပြည်မြို့) ဥက္ကဋ္ဌ ဦးစိုးမိုးနိုင်၊ အတွင်းရေးမှူး ဦးညီညီအောင်၊ အလုပ်အမှုဆောင် ဦးကြည်အေးတို့က ဆိုင်ရာစကားတွေ ပြောဆိုရှင်းလင်းတင်ပြခြင်းဖြင့် သူတို့၏ လူမှုစိတ်ဓာတ်အပြည့် ဆောင်ရွက်နေမှုတွေကို အပြည့်အ၀ပင် နားလည်သိရှိလိုက်ရပြန်သည်။


ထို့နောက် မွန်းလွဲပိုင်းတွင် ကျင်းပသော မိုးမေတ္တာ ပရဟိတလူငယ် သွေးလှူရှင်များအသင်း (ပြည်မြို့) မှာ ပြည်ခရိုင်အတွင်းရှိ လူမှု အထောက်အကူပြု ပရဟိတအဖွဲ့အစည်းများ တွေ့ဆုံမိတ်ဆက်ပွဲ အခမ်းအနားကလည်း ပြည်ခရိုင်အတွင်း မြို့ရွာ၊ ကျေးလက် လူမှုဒုက္ခအ၀၀ကို ပံ့ပိုးကူညီရင်း တိုင်းပြည်ရဲ့ကွက်လပ်တွေကို ဖြည့်စွမ်းပေးနေကြသော ပရဟိတအဖွဲ့အစည်းများ၏ လေးစားဖွယ် စိတ် ဓါတ်နှင့် စွမ်းဆောင်ချက်တွေကို သိရှိရသည်။


ယင်းအခမ်းအနားသို့ ရန်ကုန်မြို့မှရောက်ရှိနေကြသည့် “နာရေးကူညီမှုအသင်း (ရန်ကုန်)”၊ ဒေသခံ “မိုးမေတ္တာ ပရဟိတလူငယ် သွေးလှူ ရှင်များအသင်း (ပြည်မြို့)” တို့နှင့်အတူ ခေတ္တရာမြို့သစ်၊ ဇီးအုပ်မှ “ဆေးကမ္ဘာဆေးခန်းနှင့် စေတနာရှင်များအဖွဲ့”၊ ရွာဘဲရပ်ကွက် “အောင်သုခ လူငယ်ဗြဟ္မစိုရ်အသင်း”၊ “ပွင့်လှသိမ်းကုန်း (အနောက်ရပ်ကွက်)”၊ ဆံတော်ရပ်၊ ရွှေသမင်မျှော်လမ်း “ဖက်သကျင်းလူငယ် နာရေးကူညီမှုအသင်း”၊ “စာတိုက်တန်းလမ်း သာရေးနာရေး ကူညီမှုအသင်း”၊ “မူယာပင်လူငယ်အသင်း (ကြက်ခေါင်းစားဓမ္မာရုံ)”၊ “စေတနာသမ္ဘာရ နာရေးကူညီမှု အသင်း (န၀င်းကွတ်သစ်ဓမ္မာရုံ)”၊ “ရွှေတံခါးလူငယ် ပရဟိတလုပ်ငန်း”၊ “7 Days သွေးနှင့် ကလေး ကူညီရေးအသင်း”၊ ပုတီးကုန်းမြို့မှ သဲကုန်းမြို့နယ် “စေတနာရှင် နာရေးကူညီမှုအသင်း”၊ “လူငယ့်အားမာန် ပရဟိတ”အဖွဲ့၊ “မေတ္တာရှင် ဆေးဝါးကုသိုလ်ပြု အဖွဲ့”၊ “ဇီဝိတ သွေးလှူရှင်အဖွဲ့”၊ ရွှေတောင်မြို့နယ်မှ “လွတ်လပ်ပီတိ သွေးအလှူရှင်အသင်း”၊ “ထွေးမေတ္တာ ပရဟိတ နာရေးကူညီမှု အသင်း”၊ ၀က်ထီးကန်မှ “၀က်ထီးကန် ပရဟိတလူငယ် နာရေးကူညီမှုအသင်း”၊ အင်းမမြို့ “အင်းမ နာရေးကူညီမှုအသင်း”၊ ပြည်မြို့မှ “ဗုဒ္ဓနုဂ္ဂဟ အခမဲ့နာရေး ကူညီမှုအသင်း”၊ “မအဖ မြန်မာ့မွတ်စလင် အမျိုးသားရေးရာအဖွဲ့”၊ ပေါင်းတည်မြို့မှ “ပေါင်းတည် စေတနာ နာရေးကူညီမှုအသင်း”၊ ဇီးကုန်းမြို့မှ “မေတ္တာရှင် အခမဲ့ နာရေးကူညီမှုအသင်း”၊ “ဖြူစင်မေတ္တာ ကျန်းမာရေးစောင့်ရှောက်မှုအသင်း”၊ သဲကုန်း မြို့မှ “နာရေးကူညီမှုအသင်း (ဆင်မြီးဆွဲ)”၊ “နာရေးကူညီမှုအသင်း (သဲကုန်း)”၊ ပေါင်းတလည်မြို့မှ “နာရေးကူညီမှုအသင်း (ပေါင်းတလည်)”၊ ပန်းတောင်မြို့နယ်မှ “နာရေးကူညီမှုအသင်း (ဆင်တဲ)”၊ ရွှေတောင်မြို့မှ “ရွှေတောင်သက်ကြီးရွယ်အိုများ စောင့် ရှောက်ရေးအသင်း”၊ “နာရေးကူညီမှုအသင်း (ယင်းမူကုန်းရွာ)၊ ”ဥသျှစ်ပင်မြို့မှ “ပရဟိတအသင်း”၊ “လူ့အခွင့်အရေးကာကွယ်မြင့်တင်သူများကွန်ယက်” တို့က တက်ရောက်ကြသည့်အတွက် ကြီးမားသော ပရဟိတအင်အားတရပ်ကို အားပါးတရ မြင်တွေ့ခဲ့ရသည်။ လေးစားသည်။ ယုံကြည်ချက်ဖြင့် ရဲရဲရင့်ရင့် ဆောင်ရွက်နေကြသူများအတွက် အားလည်း တက်သည်။



နာမည်ကျော် သုခကုသိုလ်ဖြစ်ဆေးခန်း ပြည်မြို့ဖွင့်လှစ်ပွဲကြီးလည်း အောင်အောင်မြင်မြင်ပြီးခဲ့ပြီဖြစ်၍ နိုဝင်ဘာ (၂၈) ရက်နေ့တွင် ရန် ကုန်သို့ ပြန်လာခဲ့ကြသည်။

ယုံကြည်ချက်နှင့်ရဲရင့်သူများသို့ ....














Maung Thaw Ka - Essay

ယမကာညနေခင်း (၂)
မောင်သော်က
နိုဝင်ဘာ ၂၉၊ ၂၀၁၁



အသက်ကြီး၍ ပင်စင်ယူခါနီး မှ သင်တန်းတက်နေရသည့် အယ်ဒီတာကြီးနှင့် တပ်မတော်မှ ပင်စင်နာအရာရှိကြီးတဦးတို့ ထုံးစံအတိုင်း စနေနေ့ညနေဆိုလျှင် ဂလက်စ်မော့ကြရန် ရောက်လာကြစမြဲဖြစ်သည်။

လာကြဗျို့ လာကြ။ ဟိုနေ့က လက်ကျန်ကလေးရှင်းလိုက်ကြရအောင်။ ခင်ဗျားတို့ကို စောင့်နေတယ် ။

ခင်ဗျားတို့ကိုစောင့်နေတယ်ဆိုတော့ ကျွန်တော်တို့မလာရင် ခင်ဗျားက မသောက်တော့ဘူးလား။

သော် ။ ။ အဖော်မရှိရင်တော့ မသောက်ဖြစ်တာများပါတယ်။ ယမကာဆိုတာ ဉာဏ်ရည်ချင်းအဆင့်ညီတဲ့ အပေါင်းအဖော်များနဲ့ တစိမ့်စိမ့် သောက်ရမှ အရသာထူးတာမျိုးမဟုတ်လား။ တစ်ယောက်တည်းသောက်ရတာတော့ ခြောက်ကပ်ကပ်နိုင်လွန်းလို့ မသောက်ဖြစ်ပါဘူး။ ကျွန်တော်ထင်ပါတယ်။ တနှစ်မှာ ရက်ပေါင်းတစ်ရာလောက်ကတောမသောက်ဖြစ်ပါဘူး။

အယ် ။ ။ သတင်းထူးကလေးများ ဆွေးနွေးချင်တယ်ခင်ဗျာ။ ဆွေးနွေးရင်း ဂလက်စ်မော့ကြတာပေါ့။
သော် ။ ။ သတင်းဆွေးနွေးချင်ရင်တော့ ရပါတယ်။ ဒါပေမယ့် ဆွေးနွေးရမှာကတော့ စိတ်မကောင်းစရာသတင်းတွေဗျ။ ဆိုကြပါစို့၊ ညောင်ဦး မြို့အနီးမှာ ပျက်ကျသွားတဲ့လေယာဉ်ကိစ္စနဲ့ တိုင်းလုံးကျော်နစ်မြုပ်တဲ့ကိစ္စ။

ပင် ။ ။ ဟုတ်ပါ့ဗျာ။ ဒီအဖြစ်မျိုးကတော့ တတိုင်းပြည်လုံး ယူကျုံးမရ ဝမ်းနည်းကြရတဲ့ကိစ္စပေပဲဗျ။
သော် ။ ။ ဝမ်းနည်းနေကျရုံနဲ့လည်း မပြီးသေးဘူးခင်ဗျ။ မတော်တဆဖြစ်ပွားမှုတွေ ကြုံကြိုက်တိုင်း ကျွန်တော်တို့က ဒီပေါ်မှာသင်ခန်းစာ ယူနိုင်ကြရမယ်။ ဒီလိုမတော်တဆဖြစ်ပွားမှုတွေနောက်ထပ်တခါ မပေါ်ပေါက်ရအောင် ဘယ်လိုအစီအစဉ်တေချမယ်၊ ဘယ်လိုကြိုတင် ကာကွယ်မှုတွေလုပ်ရမယ်။ ဘယ်သူတွေ မှာတာဝန်ရှိတယ်၊ ဘယ်သူတွေမှာဖြင့် အရေးယူသင့်တယ်၊ ဘယ်သူတွေကိုဖြင့် ချီးကျူးဂုဏ်ပြု ရမယ်ဆိုတာမျိုးတွေကို အတိအကျသိရမှ သေသွားတဲ့လူတွေအပေါ်မှာ တပိုင်းတစ တာဝန်ကျေရာကျမယ်။ အရင်နှစ်များဆီက သံတွဲမြို့ အနီးမှာ အိတ်က်စ်ဝိုင်အေဒီအမ်ဆိုတဲ့ ဖော်ကာတစင်းပင်လယ်ထဲ ပျက်ကျခဲ့ဖူးတယ်။

ကျွန်တော်တို့ဆီမှာ လေကြောင်းနှင့်ရေကြောင်း ကယ်ဆယ်ရေးတပ်ဖွဲ့ (Air Sea Resue Squad) ဖွဲ့စည်းထားရှိသင့်ပြီလို့ ကျွန်တော် လုပ် သားပြည်သူနေ့စဉ်သတင်းစာမှာ ရေးသားတင်ပြခဲ့ဖူးပါတယ်။ နောက်ပြီး အဲဒီမှာ လေယာဉ်မယ်တင်တင်လှိုင်ဟာ ခရီးသည်တွေလွတ် မြောက်သည်အထိ တာဝန်ကျေပွန်စွာ အမှုထမ်းဆောင်ရင်း သေဆုံးသွားခဲ့ရရှာတဲ့အတွက် သူ့ကိုချီးကျူးဂုဏ်ပြုသင့်တယ်။ ဆုတံဆိပ် ချီး မြှင့်သင့်တယ်လို့ ကျွန်တော်ရေးသားခဲ့ပါတယ်။ ကိုယ့်တာဝန်ကိုယ် အတိုင်းထက်အလွန် ကျေပွန်ခဲ့ရင်၊ ကိုယ့်အသက်ကို ပဓာနမထားဘဲနဲ့ အများအသက်ကိုကယ်နိုင်ခဲ့ရင် နေရာတကာမှာ ဂုဏ်ပြုချီးကျူးသင့်ပါတယ်။

အယ် ။ ။ ဒီကိစ္စမှာတော့ သတ္တိရှင်ကိုရွေးဖို့မလွယ်ဘူးခင်ဗျ။ လေယာဉ်ပျံကိစ္စဟာ ဗြုန်းစားကြီးဖြစ်လိုက်တာဆိုတော့ ဘာမှလုပ်ကိုင်ဆောင် ရွက်ချိန် ရလိုက်မှာမဟုတ်ပါဘူး။
ပင် ။ ။ ဟုတ်တယ်။ ဒါပေမဲ့ ဘာကြောင့် ဒီလိုဖြစ်ရတယ်၊ ဘယ်သူတွေမှာ တာဝန်ရှိတယ်ဆိုတာတော့ စုံစမ်းရေးအဖွဲ့က စုံစမ်းထုတ်ဖော်ဖို့ လိုပါတယ်။ ရုရှပြည်က အဏုမြူဓာတ်ပေါင်းဖိုပေါက်ကွဲတဲ့ကိစ္စမှာ တာဝန်ရှိသူတွေကို အရေးယူခဲ့တယ်မဟုတ်လား။

သော် ။ ။ ဟုတ်ပါတယ်။ ဒီလိုကိစ္စမျိုးဖြစ်ခဲ့ရင် ဖြစ်ပြီးတာတွေအပေါ်မှာ သုံးသပ်ချက်ပြုပြီး၊ နောက်ထပ် အလားတူကိစ္စမျိုး မဖြစ်ပွားရလေ အောင် ပြုလုပ်ကြဖို့က အဓိကပါ။ ခုဟာက ဟိုပုံးမြို့အနီး မဲနယ်တောင်မှာ လေယာဉ်ပျက်ကျတဲ့ကိစ္စ ခံစားမှုဒဏ်ရာကမှ မကျက်သေးဘူး။ လေးလအတွင်းမှာ နောက်ထပ်တစင်း ပျက်ကျတယ်ဆိုတော့ သိပ်ကိုခံစားချက်ပြင်းထန်လွန်းအားကြီးရပါတယ်။ ကျွန်တော်တော့ ဒီနှစ် စာပေဟောပြောပွဲခရီးစဉ်မှာ လေယာဉ်ခရီးဆို ခပ်လန့်လန့်ပဲဗျ။
ပင် ။ ။ ခင်ဗျားကလည်း သတ္တိကြောင်ရန်ကောဗျာ။ လေယာဉ်ခရီး မသွားမဖြစ်တဲ့လူတွေလည်း ကိုယ်ချင်းစာပါဦး။ သဘောင်္ကကော ဘာ ထူးသေးလို့လဲ။

သော် ။ ။ သဘောင်္ကမှ အနည်းဆုံး အသက်ရှင်ဖို့ ကြိုးပမ်းခွင့်ရှိသေးတယ်ဗျ။ တိုင်းလုံးကျော်နစ်မြုပ်တဲ့ကိစ္စမှာ လူတရာကျော်အသက်ရှင် ကျန်နေခဲ့သေးတယ် မဟုတ်လား။ လေယာဉ်ပျံက ဖြစ်လိုက်ရင် စင်းလုံးကျွတ်လိုချည်းပဲ။
ပင် ။ ။ တိုင်းလုံးကျော်နစ်မြုပ်မှုမှာ သေသူဘယ်လောက်ရှိသလဲ။

အယ် ။ ။ အို ခင်ဗျားကလည်း ဘယ်သူကအတိအကျသိလို့ ဘယ်သူကထုတ်ပြန်ကြေညာမှာတဲ့လဲ။ သဘောင်္လက်မှတ်ရောင်းထားတာနဲ့ က တခြားစီပါ။ လူပိုတွေ၊ ဝန်ပိုတွေက အများကြီးဆိုပဲ။
သော်။ ။ တိုင်းလုံးကျော်နစ်မြုပ်တဲ့ကိစ္စကတော့ ဝမ်းနည်းစရာအကောင်းဆုံးပဲ။ ကမ်းနဲ့ကလည်း မနီးမဝေး၊ ရေတပ်စခန်းနဲ့ကလည်း နီးနီး လေးမို့ ဒါလောက်အသက်ရှင်ကျန်တာ တော်သေးတာပေါ့။ တိုးအေးနစ်မြုပ်တဲ့ကိစ္စတုန်းကလည်း လူတွေအတုံးအရုံးသေခဲ့ကြရပြီ။ တချို့ သောကိစ္စတွေမှာ သက်ဆိုင်ရာတာဝန်ခံသူတွေရဲ့ ရာဇဝတ်မှုထိုက်စေသည့်ပေါ့ဆမှု (Criminal Negligence) ဖြစ်ခဲ့လို့ရှိရင် ဒီတာဝန် ရှိသူတွေကို ပြတ်ပြတ်သားသား အရေးယူဖို့ကောင်းပါတယ်။ ဒါမှမဟုတ် မမျှော်မှန်းနိုင်တဲ့အကြောင်းအရာတရပ်ကြောင့် နစ်မြုပ်ရတယ်ဆို ရင်လည်း တရားနဲ့ပဲဖြေဖို့ထားလိုက်ပါ။ တခုခုတော့ ပြတ်ပြတ်သားသားသိသင့်ပါတယ်။

ပင် ။ ။ နေပါဦးဗျ။ နိုင်ငံခြားမှာကော ဒီလိုအဖြစ်ဆိုးများဖြစ်ပွားခဲ့ရင် ဘယ်လိုဆောင်ရွက်လေ့ရှိကြသလဲ။
သော် ။ ။ နိုင်ငံခြားမှာလည်း ဒီလိုအဖြစ်မျိုးမကြာခဏ ကြုံတွေ့ခဲ့ကြတာပါပဲ။ လေယာဉ်ပျက်၊ သဘောင်္နစ်၊ မီးရထားမှောက် စသည် ဖြင့်ပေါ့ဗျာ။ သူတို့ဆီမှာ ဖြစ်ဖြစ်ချင်း ပဏမစစ်ဆေးကြားနားမှု (PRELIMINARY HEARING) ပြုကြပါတယ်။ နောက်တာဝန်ရှိတဲ့ အဖွဲ့အ စည်း၊ ပုဂ္ဂိုလ်တို့ကို တရားခွင်မှာ စွဲချက်တင်ပြီး စစ်ဆေးစေပါတယ်။ အများပြည်သူရှေ့မှောက်မှာ စစ်ဆေးတဲ့ရုံးတံခါးဖွင့် (OPEN COURT) စစ်ဆေးခြင်းပါ။ အများပြည်သူအသက်နဲ့ပတ်သက်လာရင် တံခါးပိတ်စစ်ဆေးမှုမျိုးမပြုကြပါဘူး။ နောက်ပြီး အာမခံကြေး၊ လျော်ကြေး ကိစ္စ တွေကိုလည်း ဒီလိုပဲဆုံးဖြတ်ကြပါတယ်။ တတ်နိုင်သမျှ အချောင်သက်သက်မဲ့ မနစ်နာစေဖို့ ကြိုးစားနှစ်သိမ့်လေ့ရှိပါတယ်။ ဗြဟ္မစိုရ်တရား ဆိုတာ ဒီလိုလုပ်ရပ်တွေနဲ့ မှတ်ကျောက်တင်ကြည့်နိုင်ပါတယ်။

အယ် ။ ။ လေယာဉ်ပျံကတော့ ထိုင်ခုံနဲ့ခရီးသည်ကို အတိအကျတွက်လို့ရတယ်။ သဘောင်္ကတော့ စည်းကမ်းမရှိ တင်ကြတာပဲလား။
သော် ။ ။ တကယ်ကတော့ ကိုယ်တင်ချင်သလို တင်လို့ရတာမဟုတ်ပါဘူး။ ခရီးသည်တင်သဘောင်္တွေမှာ လူဦးရေကန့်သတ်ချက်စည်း ကမ်းတွေ ခရီးသည်တိုင်းအတွက် ထိုင်ခုံ သို့မဟုတ် အိပ်စင်တွေ အသက်ကယ်ပစ္စည်းတွေ အလုံအလောက်ပါရှိမှသာ ခရီးသည်တင် ဆောင်ခွင့်ရပါတယ်။ ကိုယ်တင်ချင်သလို ခရီးသည်တွေကိုတင်လို့မှ မရတဲ့ဥစ္စာ။

ပင်။ ။ ဟောဗျာ။ ကျွန်တော်တို့တွေ့နေရတာကတော့ ကုန်တွေကလည်းအပြည့်အသိပ်၊ ဝမ်းခေါင်းထဲမှာရော၊ ကုန်းပတ်ထက်မှာရော၊ ခရီး သည်တွေကလည်း အထက်ကုန်းပတ်၊ အောက်ကုန်းပတ်မှာ နေရာတိုင်းမှာ တိုးသိပ်လို့ တင်းကျမ်း။ အိမ်သာသွားချင်တာတောင် မနည်းတိုး ဝှေ့ကျော်လွှားပြီး ဒုက္ခကြီးစွာနဲ့ သွားရတာပါလား။
သော်။ ။ အဲဒါ ကိုလိုနီအမွေဆိုးတွေပေါ့ဗျာ။ အင်္ဂလိပ်လုပ်သွားခဲ့တာလေ။ သူတို့အင်္ဂလန်မှာ ဘယ်ဒီလိုစီးလို့ရပါ့မလဲ။ ခရီးတင်သဘောင်္ပြေး ဆွဲမယ်ဆိုရင် စီးနင်းမယ့်ခရီးသည်တိုင်းအတွက် ခရီးတိုဆိုရင် ထိုင်ခုံနေရာထားပေးနိုင်သလောက်သာ တင်ရတယ်။ ညအိပ်ခရီးဆိုရင် အိပ်ခန်းအိပ်စင်ရှိသလောက်သာ တင်ဆောင်ခွင့် ရှိတယ်။ အသက်ကယ်သော၊ အသက်ကယ် အင်္ကျီ၊ အသက်ကယ်ဖောင်၊ အသက်ကယ် လှေ၊ သဘောင်္သားနဲ့ ခရီးသည်များအတွက် အလုံအလောက်ပါရှိရမယ်။ စည်းကမ်းသာ ဒီလိုရှိတယ်။ ကုန်ချိန်ကိုလည်း ဒီလိုပဲ အကန့် အသတ်ရှိတယ်။

အယ် ။ ။ နို့ ကျွန်တော်တို့ဆီကျတော့ ဘာကြောင့် စည်းကမ်းမရှိ တင်နေကြတာလဲ။
သော်။ ။ ကိုလိုနီအမွေဆိုးလို့ ပြောခဲ့ပါပြီကော။ သဘောင်္တစ်စီးထက်မှာ အိပ်စရာနေရာမရှိ၊ ထိုင်စရာ နေရာမရ၊ ကုန်းပတ်ထက်မှာပဲ ဖျာ ကလေး၊ အခင်းကလေးခင်းပြီး လူတွေကို ခြေနင်းဖတ်ပေါ်မှာ ကျွဲနွားတိရစ္ဆာန်တွေလိုတင်တဲ့ သဘောင်္လူတင်စနစ်ကို စူးအက်အရှေ့ ဘက်ပေါ်လစီ (EAST OF SUEZ POLICY) လို့ ခေါ်တယ်။ ကမ္ဘာ့အရှေ့ဖျားကို ကိုလိုနီနယ်ချဲ့အတူ ရောက်လာတဲ့ အရှင်းရှင်သဘောင်္ကုမ္ပဏီကြီး တွေက ကမ္ဘာ့အရှေ့အလယ်ပိုင်းနဲ့ အရှေ့ဖျားမှာ အိန္ဒိယ၊ တရုတ်၊ မလေးရှားစတဲ့ ခရီးသွားတွေတစ်ပြုံကြီးဆီက ပိုက်ဆံကိုလိုချင်တော့ သဘောင်္ပေါ်မှာ ကျွဲနွားတိရစ္ဆာန်တင်သလို တင်ချင်ကြတယ်။ ဒါပေမဲ့ သဘောင်္ကုမ္ပဏီဖြစ်တဲ့ လွိုက်ကုမ္ပဏီက ခွင့်မပြုခဲ့ဘူး။ နောက်မှ အထူးအာမခံကြေးပေးပြီး အေး ... မင်းတို့ခရီးသည်တွေကို တိရစ္ဆာန်စနစ်နဲ့တင်ချင်ရင်တော့ စူးအက်တူးမြောင်းရဲ့ အရှေ့ဖျားဒေသတွေမှာ တင်ပေတော့လို့ ကန့်သတ်ချက်နဲ့ ခွင့်ပြုလိုက်တဲ့စနစ်ပဲဖြစ်တယ်။ အဲဒါကို ကျုပ်တို့အရှေ့တိုင်းသားများက ဟုတ်လှပြီအောက်မေ့ပြီး ကုန်း ပတ်ထက်မှာ ဖျာတချပ်စာ တနေရာစာရရင်ပဲ ကတ္တီပါကောဇောခင်း၊ ကျောက်ကာချိုင့်နဲ့ ထမင်းပါစားပြီး စတိုင်တင်းခဲ့ကြတာပေါ့။ ကိုယ့် ကိုယ်ကို ဘာဖြစ်လို့ဖြစ်မှန်း မသိခဲ့ကြတဲ့လူတွေဖြစ်ခဲ့ရတယ်။

ပင်။ ။ ဟာဗျာ အသည်းနာစရာကောင်းလိုက်တာ။ ကျုပ်တို့ကလည်း ဘာဖြစ်လို့ဖြစ်မှန်း မသိခဲ့ကြပါဘူး။ သူတို့ကိုတောင် ကျေးဇူးတင်ခဲ့ကြပြီး သူတို့ပေးတဲ့ပုံစံအတိုင်း လိုက်ပုံတူကူပြီး ခရီးထွက်နေရတာပဲ ဟုတ်လှပြီအောက်မေ့နေတာ။
သော် ။ ။ အဲ ... အင်္ဂလိပ်က ကျုပ်တို့အရှေ့တိုင်းသားတွေကို ကုန်းပတ်ထက်မှာ ကျွဲနွားတင်သလို တင်ခဲ့ပေမယ့် သူတို့ရဲ့ ဧရာဝတီ ဖလော်တီလာ ကုမ္ပဏီဟာ အိမ်သာကအစ သန့်ရှင်းမှုတော့ အပြည့်ထားခဲ့တယ်ဗျာ။ အင်္ဂလိပ်ဆီက အကျင့်ကောင်းကိုတော့ ရအောင်မယူ နိုင်ခဲ့ကြဘူး။

အယ် ။ ။ ဟုတ်တယ်ဗျာ၊ သဘောင်္အိမ်သာ၊ ရထားအိမ်သာတွေကဖြင့် ညစ်ပတ်တဲ့နေရာမှာ လက်ကျန်မရှိတော့ပါဘူး။
ပင်။ ။ ရထားအိမ်သာတွင်ပဲလား အဲဒါတွေကမှ တော်သေးတာပေါ့။ စည်ပင်သာယာက ဈေးအိမ်သာဆိုတာမျိုးကဖြင့် ခြေချလို့မရအောင် ညစ်ပတ်လှပါသဗျား။

သော် ။ ။ အဲသည် အိမ်သာကိစ္စပေါ့ဗျ။ ကျုပ်က အခုလိုယမကာဝိုင်းမှာ အမှတ်မထင် ရယ်စရာပြောလိုက်တာ၊ မောင်သစ်က မြတ်လေး မဂ္ဂဇင်းမှာသွားရေးလို့ ဒုက္ခများသွားပါပြီကော။
အယ်။ ။ ဘယ်လိုလဲဗျာ၊ လင်းစမ်းပါဦး။

သော်။ ။ ဒီလိုဗျာ၊ ယမကာဝိုင်းမှာ မောင်သစ်ကပြောတယ်။ သူတလောဆီက ထိုင်းနိုင်ငံအနှံ့ ခြေဆန့်ခဲ့သတဲ့။ အဲသည်မှာ မြို့ကြီးပြကြီး မပြောနဲ့ ထိုင်းနိုင်ငံကျေးရွာကလေးများအထိ အိမ်သာမှန်ရင် ရေဆွဲအိမ်သာ၊ ရေလောင်းအိမ်သာချည်းပဲတဲ့။ ညအိပ်အဝေးပြေးဟီးနိုးကား ကြီးတွေပေါ်မှာတောင် အိမ်သာပါတယ်။ အိမ်သာက ရေမွှေးနံ့လေးသင်းနေတယ်။ ဂီတသံလေးလည်း ညင်ညင်သာသာကြားနေရတယ်တဲ့။
ပင် ။ အင်း ... ကျုပ်တို့ဆီကနဲ့များ ကွာပါဘိခြင်း။

သော် ။ ။ အဲဒါကြောင့် ပြောတာပေါ့ဗျာ။ အဲဒီမှာ ကျုပ်ကဝင်ပြောတယ်။ ကျုပ်တို့မြန်မာတွေမှာ အိမ်သာယဉ်ကျေးမှုဘယ်တုန်းကမှ ရှိခဲ့ ဟန်မတူဘူး။ အိမ်သာကို ကျန်းမာသန့်ရှင်းရေးနေရာထက် ရွံ့စရာ၊ အော့နှလုံးနာစရာနေရာလို့ ခုထက်ထိယူဆနေကြသေးတယ်။ ရန်ကုန် မြို့ ဆင်ခြေဖုန်းရပ်ကွက်တွေမှာ ဇလားအိမ်သာတွေ၊ နယ်မှာကျင်းအိမ်သာတွေ၊ ကျေးရွာတွေမှာ တောထိုင်ဓလေ့တွေကို ယနေ့ထိ မဖျောက်နိုင်ကြသေးဘူး။ သန့်ရှင်းရေးလုပ်တဲ့နေရာမှာလည်း အလွယ်တကူတုတ်ခနောင်းလောက်နဲ့ပဲ ကိစ္စပြီးနေကြတယ်။ ကုန်ကုန်ပြော ရရင် မြန်မာရှင်ဘုရင်တောင်မှ အိမ်သာသုံးစက္ကူနဲ့ သန့်ရှင်းရေးလုပ်မသွားခဲ့ဘူး။ ရေလည်းမသုံးဘူး ထင်ပါတယ်။ မန္တလေးနန်းတော်မှာ အိမ်သာဆိုတာကို ကျုပ်တော့မမြင်ခဲ့ဖူးဘူး။ (ဘယ်မြင်ဖူးပါ့မလဲ၊ ကျုပ်သိတတ်တဲ့အရွယ်မှာ မီးလောင်ပြာကျသွားခဲ့ပြီကိုး။) မိလ္လာ သန့်ရှင်း ရေးဝက် (ဝက်တော်) ကို မွေးထားခဲ့ပုံရတယ်လို့ ပြောမိတယ်။
ပင် ။ ။ ယမကာဝိုင်းမှာလား။

သော် ။ ။ ဟုတ်တယ်၊ မိတ္ထီလာတပ်ထဲက ယမကာဝိုင်းမှာ။ အဲသလိုယမကာဝိုင်းမှာပြောတဲ့စကားကို မောင်သစ်က တောစကား တော ပျောက်မထားဘဲ တလေးတစားနဲ့ မြတ်လေးမဂ္ဂဇင်းမှာသွားရေးတော့ စာဖတ်ပရိသတ် က သူ့ကိုဝိုင်းကောကြပေါ့။ တကယ်ဆို ရေးချင်ရင် ရွှေဘုံနိဒါန်းလေး၊ ရွှေကိုင်းသားရဲ့ စာအုပ်ကလေး ဖတ်ကြည့်ပါဦးလား။
အယ် ။ ။ အတော်ဆိုးတဲ့လူပဲဗျာ။ ရေးစရာရှားသလားလို့။

သော် ။ ။ မဟုတ်ဘူးဗျ။ သူက အိမ်သာကို အတော်အရေးထားလေးစားတဲ့လူ။ သူတချိန်က တောတွင်းမှာရှိစဉ် သူတို့ဆရာကြီးများ ပြေးရင်းလွှားရင်းတောင် အိမ်သာကို တယိုစာတူးပြီးသွားရတဲ့အချိန်မှာ ဆရာကြီးအတွက် သီးသန့်ယိုကျင်း၊ ဗဟိုကော်မတီဝင်းများအတွက် သီးသန့်ယိုကျင်း၊ အခြားအဆင့်များအတွက် သီးသန့်ယိုကျင်း၊ သတ်မှတ်ယိုခဲ့ကြလို့ အိမ်သာဗျူရိုကရေစီဆိုပြီး စာတမ်းတစ်စောင် ရေး တင်ခဲ့သေးတယ်။
ပင် ။ ။ တယ်လည်း စာတမ်းပြုစုချင်တဲ့သူပါပဲလား။ အဲသလို စာတမ်းတင်တော့ ဘယ်လိုဖြစ်သလဲ။

သော်။ ။ ဘာဖြစ်ရမလဲ။ သူ့ကို တောထဲကနေ မြို့ကိုပြန်ပြီး ပင့်ကန်ထည့်လိုက်တပေါ့။ ဒါနဲ့သူ မြို့ပေါ် ပြန်ရောက်လာပြီး အိမ်သာသု တေ သနဆက်လုပ်နေတာပဲ။ စာပေဟောပြောပွဲသွားရမှာလည်း ကျွန်တော်တို့ တည်းခိုရမဲ့နေရာ အိမ်သာကောင်းရဲ့လားလို့ အရင်မေးပြီး စိတ် ချရမှ သွားဟောတယ်။ ဒီနေရာမှာတော့ သူနဲ့ကျုပ်က သဘောတူတယ်။ စာပေဟောပြောပွဲဖိတ်တဲ့ မြို့နယ်လူတွေ စားရ သောက်ရတာ ဘာမှအရေးမကြီးပါဘူး။ ဖြစ်သလိုစားလို့ရပါတယ်။ မြို့ခံပုဂ္ဂိုလ်တွေကလည်း စေတနာအပြည့်နဲ့ အကောင်းတွေချည်းကျွေးကြမှာကို ယုံ ကြည်ပါတယ်။ လုံးဝသံသယမဖြစ်ပါဘူး။ ယမကာကတော့ ရှာလို့ ဖွေလို့ ဝယ်လို့ရသမျှပေါ့ဗျာ။ အင်ချင်လည်း အင်မှာပေါ့။ အဲ အိမ်သာ ကိစ္စတော့ ကျွန်တော်တို့က အလေးထားစဉ်းစားရပါတယ်။
အယ် ။ ။ အဲဒီတော့ နယ်မသွားနဲ့ပေါ့ဗျာ။ မဟောနဲ့ပေါ့ဗျာ။

သော်။ ။ အင်း... ခင်ဗျားပြောသလိုတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ ကျုပ်တို့မှာ ရန်ကုန်နေပြီး ပရိယေသနဝမ်းစာကလေး ရှာဖွေယက်ကန် စား နေရတာကို တနှစ်မှာ တစ်လနှစ်လလောက် နယ်လှည့်ခရီးသွားရတာနဲ့ပဲ အပန်းဖြေရပါတယ်။ ခရီးသွားရတာ အဆင်ပြေလွန်းလို့ပါ။ ဟော ချင် ပြောချင်လွန်းလှလို့တော့မဟုတ်ပါဘူး။ ဒီနေ့မြန်မာပြည်မှာ ကိုယ့်ဘာသာကိုယ်ခရီးသွားရတာ စိတ်ညစ်စရာကောင်းလှသဗျာ။

ပင်။ ။ စာပေတာဝန်နဲ့ မြို့ခံအစီအစဉ်နဲ့သွားတော့အဆင်ပြေတာပေါ့။
သော် ။ ။ ဒါပေါ့ဗျာ။ အဆင်ပြေတဲ့ ဟိုဘက်လွန်နေလို့ ကိုယ့်ကိုယ်ကိုတောင် ဟုတ်လားချည်လားလို့ အောက်မေ့ယူရတယ်။ တခါက ကား နဲ့ တနေ့လုံးခရီးသွားရတယ်။ လမ်းမှာ စစ်ဆေးရေးဂိတ်တွေ တံတားတွေမှာ တခြားကားတွေ တန်းစီရပ်ပြီး စစ်ဆေးခံရတယ်။ ခရီးသည်တွေ ဆင်းပြေးရတယ်။

အယ် ။ ။ ခင်ဗျားတို့ စာရေးဆရာတွေကော ဆင်းကြရသလား။
သော်။ ။ ဝေလာဝေး၊ ကားမောင်းတဲ့ဒရိုင်ဘာက ခေါင်းပြူထွက်ပြီး ချောကားလို့ အော်ပြောခဲ့တယ်။ သွားစေပဲ ရပ်တောင်မပေးရဘူး။

ပင်။ ။ ကဲ ...ပုလင်းလည်းပြောင်နေပြီ။ ထပ်လိုချင်သေးဗျာ။ ချောဆွဲလို့ ရနိုင်ပါဦးမလား။
သော် ။ ။ အဲဒါတော့ မရနိုင်ဘူးဗျ။ ချောနဲ့အိမ်ပြန်နိုင်ရင်တော့ ပြန်ကြပေဦးတော့ဗျို့။ ပုလင်းတော့ ချောသွားပြီပဲ။

www.shwezinu.com မှ ကူးယူဖော်ပြပါသည်။

Kyaw Home - Poem

သဝဏ်လွှာ
ကျော်ဟုန်း
နိုဝင်ဘာ ၂၉၊ ၂၀၁၁



ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော်
ဥသြတွေ တုတ်ပေါဖြစ်သွားပြီ။

တံလျှပ်နဲ့ ရေ
အဆင်ခြင်းတူ အသွင်ခြင်းကွဲ။

ရေစီးဟာ ရေစီးအတိုင်း အလုပ်လုပ်
ကျောက်ဆောင်က ငုပ်တုံ့ပဲ့ကြွေ အချိန်ကုန်ခံ။

ခြင်္သေ့ကတော့ မြက်မစား
စွန့်စားခြင်းများနဲ့ကစားတတ်တာ သူရဲကောင်း။

ကိုယ်ပေါ်ကိုမိုးစက်ကျမှ ခါတော်မီကုန်းအော်တဲ့ဖားသူငယ်
အသံမတိတ်ရင် ရွှေဖော့ရိုးစာထိမယ်
သမိုင်းကြိမ်လုံးက မျက်နှာမလိုက်တတ်။

မိုးခါးရေသောက်မဝသေးဘူးဆို
သမိုင်းကွေးခံပြီး ဆက်သောက်
ဥသြ မတွန်ကြေး၊ ပုတ်သင်ညို မလုပ်ကြေး။

နာမည်ကြီးချင်သပဆို
ရုပ်ရှင်သရုပ်ဆောင်၊ အဆိုတော်လုပ်
ဒီစည်းဝိုင်းထဲ ဝင်မရှုပ်နဲ့ 

(စည်းထဲက စည်း စီးဆဲ ... )

Interview with U Win Tin - Let's start over


အသစ်ကပြန်စ
ဦးဝင်းတင်နဲ့ မေးခွန်းများ
မိုးမခ၊ နိုဝင်ဘာ ၂၉ ၊ ၂၀၁၁
မေး။     ။ နိုဝင်ဘာ ၂၄က အင်န်အယ်ဒီက လူ ၂၁ ဦးစာရင်းနဲ့ နေပြည်တော်မှာ ပါတီမှတ်ပုံတင်ဖို့ လျောက်ထားတယ်လို့ ပြောတယ်။ အဲသည်ထဲမှာ စီအီးစီထဲက ၆ ဦင်္းပါတယ်။ ကျန်တဲ့ ၁၉  ဦးက လူငယ်၊ အမျိုးသမီး၊ တိုင်းရင်းသားတွေ အစုံတွေ့ရတယ်။ အဲဒါက စီအီးစီအသစ်လား၊ တာဝန်ခံအသစ်တွေလား၊ ဘာတွေလဲ ဆရာ။
- ကျနော်တို့အပါအ၀င် ၂၁ ဦးစာရင်းက ပါတီကို မှတ်ပုံတင်ဖို့အတွက် ဆန္ဒပြုတဲ့ အဖွဲ့သာ ဖြစ်ပါတယ်။ တခြား ဘာမှ မဟုတ်ဘူး။ စီအီးစီအသစ်တွေ၊ ဖောင်ဒါတွေ၊ တာဝန်ခံတွေ၊ ခေါင်းဆောင်တွေ ဒါမျိုး မဟုတ်ဘူး။ အဲသည်မှာ ပြသလိုတဲ့ နိုင်ငံရေးအသွင်သဏ္ဍန်က နောင်ဖွဲ့စည်းမယ့် အင်န်အယ်ဒီပါတီမှာ လူကြီးတွေတင်သာမကဘူး၊ လူငယ်တွေ၊ အမျိုးသမီးတွေ၊ တိုင်းရင်းသားတွေ အားလုံးပါဝင်တဲ့ ပါတီဖြစ်တယ်ဆိုတာကို ပြသတာ သက်သက်ပါပဲ။
မေး။     ။ ပါတီမှတ်ပုံတင်ဖြစ်တဲ့အခ်ါမှာ ပါတီရဲ့ ဖွဲ့စည်းပုံတွေ၊ မူဝါဒတွေ၊ လမ်းစဉ်တွေမှာ လက်ရှိနိုင်ငံရေးအခြေအနေနဲ့ ကိုက်ညီအောင် ရေးဆွဲတာမျိုးတွေ ရှိသလား။
- မူလဘူတ မူဝါဒတွေ ပြောင်းလဲစရာမရှိပါဘူး။ အာဏာရှင်ဆန်တဲ့ အစိုးရတွေကို လက်မခံဘူး၊ ဆန့်ကျင်တယ်ဆိုတာက ဆက်လက်ပြီး ရှိနေမှာပါပဲလို့ ပြောနိုင်ပါတယ်။
မေး။     ။ အသစ်ကပြန်စကြတယ်ဆိုတော့ လက်ရှိပါတီဝင်တွေနဲ့ ၉၀ခုနှစ် ရွေးကောက်ပွဲအနိုင်ရ အင်န်အယ်ဒီအမတ်တွေကို ဘယ်လို သဘောထားသလဲ။
- သူတို့တွေကိုယ်တိုင်ကော၊ ကျနော်တို့တွေကိုယ်တိုင်ပါ ပါတီဝင်အဖြစ် အစကနေ ပြန်ပြီး လျောက်ထားရမှာဖြစ်ပါတယ်။ ပါတီတာဝန်တွေ ထမ်းဆောင်လိုပါတယ် ဆိုတာကို ပြန်ပြီးတော့ အဆိုပြုကြရမှာပဲ။
မေး။     ။ ဒီမေးခွန်းက နည်းနည်းတော့ ရှည်တယ် ဆရာရေ။ ခွင့်လွှတ်ပါ။ ဆရာကိုယ်တိုင်ကော ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အကျဉ်းကျနေစဉ်၊ အကျယ်ချုပ်ကျနေစဉ်မှာ ပါတီကနေ အကြောင်းကြောင်းကြောင့် ထုတ်ပယ်ခံခဲ့ရတဲ့ အခြေအနေတွေ ရှိခဲ့တယ်။ ယခင်ခေါင်းဆောင်မှုတွေအဆင့်ဆင့်ကနေ ပါတီဝင်တွေနဲ့ ယခင်ရွေးကောက်ပွဲကအမတ်တွေထဲမှာ  ပါတီထုတ်ပယ်ခံထားရတဲ့သူတွေ၊ အရေးယူခံထားရသူများ၊ ဝေးကွာနေသူတွေရှိတယ်။ သူတို့တွေကိုကော ဆရာတို့က ကြိုဆိုမှာလား။ ဘာကြောင့် မေးရသလဲဆိုတော့ တနေ့က ကွယ်လွန်သွားတဲ့ ဦးအေးသန်း၊ ပေါင်းတည် မဲဆန္ဒနယ် အမှတ် ၂ အမတ်ဆိုရင် ပါတီကနေ အထုတ်ခံထားရတယ်။ ပြန်လည်ခေါ်ယူတော့လည်း အကြောင်းကြောင်းကြောင့် အဝေးမှာပဲ ရပ်တည်နေခဲ့တယ်။ သူ့ရဲ့ နာရေးမှာ ကွယ်လွန်ချိန်အထိ   ပြည်သူများမှရွေးကောက်တင်မြှောက်ထားသော ပြည်သူ့ကိုယ်စားလှယ်အဖြစ် ခိုင်ခိုင် မာမာ ရပ်တည်သွားခဲ့ ပါတယ်လို့ ရေးထားတယ်။ အခုပါတီဝင်အဖြစ် မှတ်ပုံတင်တဲ့အခါ ပါတီက အရေးယူခံထားခဲ့သူတွေကို ပါတီဝင်အဖြစ် ပြန်လည် လျောက်ထားခွင့်ရှိပါ့မလား။
- ကျနော့်သဘောကတော့ ပါတီက ယခင်တုန်းကထုတ်ထားတယ်ဆိုပေမယ့် ဘာအကြောင်းကြောင့် အရေးယူခံရသလဲ၊ ထုတ်ထားသလဲဆိုတာကို ပြန်ပြီးတော့ ဆန်းစစ်ရမယ်၊ ပြန်ပြီးတော့ ရှင်းလင်းခွင့် ရှိရမှာပဲလို့ ထင်ပါတယ်။ သူတို့တွေကို ပါတီက ထုတ်ထားလို့၊ အရေးယူခံထားရလို့ ပါတီဝင်အဖြစ် လျောက်ထားခွင့်မရှိရဘူးဆိုတာမျိုးတော့ မဖြစ်သင့်ဘူးလို့ ထင်ပါတယ်။
မေး။     ။ အင်န်အယ်ဒီရဲ့ လက်ရှိအခြေအနေနဲ့ အပြောင်းအလဲတွေအရ ပြည်တွင်းမှာရော ပြည်ပမှာပါ အဖွဲ့အစည်းတွေ၊ လူတဦးချင်းပုဂ္ဂလတွေ၊ တိုင်းရင်းသားတွေအပေါ်မှာ သက်ရောက်မှုတွေ ရှိနေတယ်။ ရပ်တည်မှုအရ ယုံကြည်ချက်အရ၊ နိုင်ငံရေးပုံသဏ္ဍန် စသည်ဖြင့်ပေါ့လေ။ အဲဒါတွေကို ဆရာက ဘယ်လိုမျိုး ပြောချင်သလဲ။
- အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေ၊ တိုင်းရင်းသားတွေ အားလုံးမှာ သက်ရောက်မှုတွေ ရှိတယ်။ အဲသည်မှာ အားလုံးက လွတ်လွတ်လပ်လပ်စဉ်းစားကြစေချင်တယ်။ သမိုင်းအရ နိုင်ငံရေးအရ နိုင်ငံရေးပုံသဏ္ဍန်အရ မိမိရဲ့ ယုံကြည်ချက်တွေ ရပ်တည်ချက်တွေပေါ်မှာ မူတည်ပြီး စဉ်းစားကြရမှာပဲ။ ကျနော်တို့နဲ့လည်း ဆွေးနွေးတာ၊ သဘောထားတောင်းတာတွေလည်း လုပ်ကြရမှာပဲ။ စီအာရ်ပီပီ (လွှတ်တော်ကိုယ်စားပြုကော်မီတီ) နဲ့ အင်န်အယ်ဒီပါတီဆိုရင် ၉၀ ရွေးကောက်ပွဲရလဒ်ပေါ်မှာ မူတည်ပြီး တိုင်းရင်းသားအဖွဲ့တွေ၊ မဟာမိတ်ပါတီတွေနဲ့ လက်တွဲပြီး လုပ်ခဲ့တာတွေ အများကြီး ရှိတယ်။ မဟာမိတ်တွေ တိုင်းရင်းသားတွေနဲ့ ဆက်လက်ပြီး ဆောင်ရွက်စရာတွေ ရှိတယ်။ တိုင်ပင်ဆွေးနွေးစရာတွေ ပေါ်ထွန်းလာမယ်လို့ ကျနော့်အနေနဲ့ ပြောချင်ပါတယ်။
မေး။     ။ နိုင်ငံတကာဆက်ဆံရေးအနေနဲ့ပေါ့လေ၊ အင်န်အယ်ဒီပါတီက လွှတ်တော်ထဲ ၀င်ရောက်သွားမယ်။ လွှတ်တော်ကိုယ်စားလှယ်တွေအဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံရမယ်။ ဒါဆိုရင် လက်ရှိ အစိုးရတရပ်ရဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်တွေ၊ ယန္တယားတွေနဲ့ သက်ဆိုင်သွားပြီ၊ ပတ်သက်မှုတွေ ရှိသွားပြီ။ အစိတ်အပိုင်းတခုဖြစ်လာပြီ ဆိုရင် တရုတ်၊ အမေရိကန်၊ ဥရောပ၊ အာရှ၊ အာဆီယံစတဲ့ ဆက်ဆံရေးပေါ်လစီတွေမှာ ဘယ်လိုဖြစ်လာမယ် ထင်ပါသလဲ။
- ဒါကတော့ အဲသည်အခြေအနေကို တကယ်တမ်းရောက်လာမှပဲ သိကြရမှာပါ။ ခုချိန်မှာ ပြောဖို့ လိုပါသေးတယ်။
မေး။     ။ ကျေးဇူးတင်ပါတယ် ဆရာ။       ။
(ဓာတ်ပုံ - ဒေါ်စုလွတ်မြောက်လာသည့်နေ့ ၊ ၂၀၁၀ နိုဝင်ဘာ ၁၃ ရက်နေ့က ရွှေဂုံတိုင် ပါတီရုံးချုပ်အပေါ်ထပ်တွင် ပြင်ဆင်ထားသော ဒေါ်စုအတွက် ရုံးခန်းစာပွဲမြင်ကွင်း၊ မိုးမခ 

           


Monday, November 28, 2011

Save Irrawaddy SF to join protest call against Shwe Gas Movement


ရွှေ့ဂက်စ်ပိုက်လိုင်းပရောဂျက်ကို ကန့်ကွက်ကြရေး Save Irrawaddy SF လည်းပါဝင်မည်
မိုးမခအထောက်တော် ၀၀၂၊ နိုဝင်ဘာ ၂၉ ၊ ၂၀၁၁
လာမယ့် နိုဝင်ဘာ ၃၀၊ ဗုဒ္ဓဟူးနေ့ မှာ နိုင်ငံတကာလှုပ်ရှားမှုအဖြစ် ရခိုင်ကမ်းရိုးတန်းကနေ  မြန်မာပြည်ရဲ့ခါးလယ်ကိုဖြတ်ပြီး တရုတ်ပြည်ဆီကိုသွယ်တန်းမယ့် ရွှေ့ဂက်စ်ပရိုဂျက်ကို ဆန့်ကျင်ကန့်ကွက်ကြရန် Shwe Gas Movement က လှုံဆော်ထားပါတယ်။ (http://www.shwe.org/ )
            ယခင်တပတ်ကတည်းက လန်ဒန်နဲ့ တိုကျိုမြို့မှာ မြန်မာကွန်မြူနီတီက တရုတ်သံရုံး၊ မြန်မာသံရုံးတွေရှေ့မှာ ကန့်ကွက်ဆန္ဒပြခဲ့ကြတာကို တွေ့ရပါတယ်။
            ရွှေဂက်စ်လှုပ်ရှားမှုအကြောင်း ဗီအိုအေသတင်းမှာ ကြည့်ရှုပါ။
            လာမည့် နိုဝင်ဘာ ၃၀၊ မွန်းတည့်ချိန်တွင် ဆန်ဖရန်စစ္စကို၊ ဂျပန်တောင်းအနီး တရုတ်ကောင်စစ်ဝန်ရုံးရှေ့မှာ မြန်မာကွန်မြူနီတီတို့ စုဝေးဆန္ဒပြကြရန် ဆန်ဖရန်မြန်မာ့အရေးလှုပ်ရှားသူများက လှုံဆော်လျက်ရှိပြီး၊ Save Irrawaddy SF Movement က မြန်မာတို့ကလည်း ပါဝင်ဆန္ဒပြကန့်ကွက်ကြမည် ဖြစ်တယ်လို့ ဆိုပါတယ်။ (http://saveirrawaddysf.blogspot.com )
            တရုတ်ပြည်အစိုးရနဲ့ အာဏာပိုင်များ၊ လုပ်ငန်းရှင်များဟာ မြန်မာပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေး နဲ့ အထွေထွေလူမှုဘ၀မှာ လက်ဝါးကြီးအုပ် တဖက်သတ်အမြတ်ထုတ်နေတယ်၊ မြန်မာပြည်သူလူထုနဲ့ သဘာဝပတ်ဝန်းကျင်မှာ အကာအကွယ်နဲ့ စောင့်ရှောက်မှုကင်းမဲ့နေတယ်လို့ မြန်မာ့အရေးလှုပ်ရှားသူများက ဝေဖန်လျက်ရှိပါတယ်။ တရုတ်အစိုးရဲ့ စီမံကိန်းတခုဖြစ်တဲ့ မြစ်ဆုံရေကာတာလုပ်ငန်းကို ဒေါ်အောင်ဆန်းစကြည်အပါအ၀င် မြန်မာတမျိုးသားလုံးက ကန့်ကွက်ခဲ့ကြတာကြောင့် လက်ရှိမြန်မာအစိုးရက စက်တင်ဘာ ၃၀မှာ ဧရာဝတီမြစ်ဆုံ ရေကာတာစီမံကိန်းကို ခေတ္တရပ်ဆိုင်းကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

Cartoon Saw Ngo

ကာတွန်း စောငို
နိုဝင်ဘာ ၂၉၊ ၂၀၁၁

Ku Mojo - Cartoon

ငြင်းမယ် ... ဗြင်းမယ် ..
ကာတွန် - ကူမိုးကြိုး
နိုဝင်ဘာ ၂၉၊ ၂၀၁၁

Nyein Wai - Poem

ကျနော် သိတယ် တနေ့တာ နှစ်သုံးဆယ် ထောင်ခြောက်
ငြိမ်းဝေ
နိုဝင်ဘာ ၂၉၊ ၂၀၁၁


တနေ့တာမှ တကယ့်ကို တနေ့တာထဲဆိုတာတောင်
နှစ်ပေါင်းသုံးဆယ်ဆိုပါမှ တရောင်ထဲ
ကျနော် အဲဒီတီးလုံးဖတ်ကြည့်လိုက်မိတော့
ကျနော့်နားရွက်တွေတောင် ပျော့ခွေသွားမတတ် ထောင်မတ်လို့သွားရတယ်
တယောက်က နောက်တယောက်ရဲ့ ဖနောင့်ကိုလှီး ဖိနပ်စီးပေးနေတာ
အဲဒီအသံ ကျနော် ကြားနေရသေးတယ်ဗျာ
တကယ်ပါ နှစ်သုံးဆယ်ကျော်
ခင်ဗျား စဉ်းစားကြည့်လေ ကျနော့်ရုပ်ရှင်က အဖြူအမဲလား ရောင်စုံလား
ရှိသေးတယ်လေ အသံမမြင်ရဘူး ရုပ်မကြားရဘူး
ဒီကနေ့ တနေ့ထဲနော်
ကိုသိန်းနိုင်၊ နေနွယ်၊ မောက္ခ၊ လဘက်ရည်တခွက်နဲ့တွေ့တယ်
အမည်မဖေါ်လိုသူတွေနဲ့လည်း တွေ့တယ်
အမည်ဖေါ်လို့မရသူတွေနဲ့လည်း တွေ့တယ်
အမြန်ရိုက်ချက်နဲ့ ပြန်ကြည့်တာတောင် လူတစ်ရာကျော်တယ်
ဘာဖြစ်လို့ ခင်ဗျားက တယောက်ထဲ `တစ်´ ဖဲကိုချည်း ထပ်နေ ဖတ်နေ ပွတ်နေရတာလဲ
ကျနော် သတိမထားမိတာက မဟုတ်ဘူး သတိထားမိပေမယ့် အရာမရောက်ဘူး ထင်လို့
ကားတွေ ဆိုင်ကယ်တွေ
ကျနော့်ခြံ အပြင်ဘက် တောအုပ်ထဲက ဘုတ်အီသံတွေ တကယ် ကြားနေရတယ်ဗျာ
(တကယ်ပါ ကျနော့်အိမ် လာလည်သွားတဲ့
ခင်အောင်အေး သိပါတယ်။ အဲဒီ ဘုတ်တွေ တအီအီ အီနေတာ)
မာယာကော်စကီးက ခင်ဗျား ကိုယ့်ကိုယ်ကို ကဗျာဆရာပါဆိုပြီး ငုံးလို တကြော်ကြော်အော်တာကို မုန်းတယ်
ကျနော်က ဘုတ်လိုအီတာကို အီတယ်
မြို့လယ်ခေါင်ကြီးထဲ
ကျနော် တောမှောက်နေခဲ့တာ ယောင်လည်ယောင်လည်
ကျနော့်ခြံ အပြင်ဘက်က ပြောင်းခင်း မြက်တော
စာကလေးတကောင် မြက်ရိုင်းပင် လေအဝှေ့ကို စီးနေတာ ကြည့်ကောင်း
ဟုတ်မှာပါ
ကျနော်က ကိုယ့်ကိုယ်ကို ဝိုက်ပြီး စည်းတား အကျယ်ကြီးမှ ပင်လယ်
ကျနော်တို့ ရေတစက်ကို ပင်လယ်လိုကြည့်ကြရမယ်
ခင်ဗျားလက်ထဲက ထမင်းလုံးက `ဆိုးရပ်စ်´လက်ထဲက ပေါင်မုန့်နဲ့ ဆက်စပ်နေတယ်လို့ ပြောပါအုန်း
နီရိုးရဲ့ တံယောသံက မော်ဒန်လွန်နေပြီ
အဲဒီ သူရည်သွေးတီးလုံးနဲ့ ကျနော် မိုးသောက်ခဲ့ပြီးပြီ
ခက်တာက မူဆိုလိုနီက တဂိုးလက်ကို ဆုပ်ကိုင်နှုတ်ဆက်ဖူးတာပဲ
အက်စရာပေါင်းက မူဆိုလိုနီကို ပစ်ပြီးထောက်ခံဖူးတာပဲ
ခက်တာက အဲဒီ အငုံ့စိတ် ပုန်းခိုနေတဲ့စိတ်ကို ကျနော်တို့ မြင်တတ်ခဲ့ရမှာဗျ
ကျနော်လည်း နှုတ်တိုက်ချပေးကြည့်တာ
ခုထက်ထိကို ကဗျာဖြစ်ဖို့ နေနေသာသာ ကဗျာတောင် မဆန်တတ်သေးဘူး
`ငြိမ်းဝေ´က ငြိမ်းဝေ မဆန်နိုင်တာ အခံရ အခက်ဆုံးပဲ
မိုးရေစက်တွေ တလုံးနှစ်လုံး ဝုန်းကနဲ အုန်းကနဲ

ဂျိုးကနဲ ဂျွတ်ကနဲ တယောက်တလေ ဖြိုးကနဲ ဖျောက်ကနဲ

ငန် ခဲ့ဖူးပါတယ်
ကျနော်
အဲဒီ ငန်ပြပြ မိုးရေ မချိုးချင်တော့လို့ မိုးရေကို ဆွဲဖြဲပြီး ထွက်ရပ်လိုက်ပြီ
(ခေါရပ်စ်)
ပြန် နားထောင်ကြည့်တယ် နှစ်ပေါင်း သုံးဆယ်နော်
ကျနော်နဲ့ ပေသုံးဆယ် အကွာမှာ ကြားနေရတယ်
ကျနော့်ကို လက်ယပ်ခေါ်နေတယ် ခြိမ်းခြောက်နေတယ် ချောက်ထဲ ပြန်ဆွဲချဖို့ လုပ်နေတယ်
ကျနော့်နားရွက်တွေ ထောင်မတ်
(ကျနော်လည်းပဲ ခေတ်တခုကို ချစ်မှု ပြုချင်တာပေါ့ဗျာ)
ကျနော် နောက်ပြန်ဆုတ်ထားပြီနော်
(မောင်ပြည့်မင်း သင်ပေးလိုက်တဲ့ နောက်ဂျွမ်းနဲ့)
လွတ်အောင် ခုန်တော့မယ် ဇေယျာလင်း။ ။

27th Nov 2011 - MoeMaKa Radio

နိုဝင်ဘာ ၂၇၊ မိုးမခရေဒီယို
ငြိမ်းဝေပြောတဲ့ နိုင်ဝင်းဆွေ ၊ မိုးမခ
မြသန်းတင့်ဂုဏ်ပြု – ရွှေရီချစ် (၁၉၉၈)
အိမ်တွင်းရာဇ၀င် စာတင်ပါရစေ – ဂျယ်ယူ ယူရီ (နိုဝင်ဘာ ၁၊ ၁၉၉၈)
ဆုရသော သောတရှင်တဦးနှင့် တွေ့ဆုံခြင်း – ဒေါက်တာကျော်ဇော
စီစဉ်သူ – ဦးပန်တျာ

Mae Sod Burmese Literature Talk relocated

မဲဆောက်စာပေဟောပြောပွဲ ပိုမိုအဆင်ပြေကျယ်ဝန်းသည့် တောရကျောင်းသို့ပြောင်းရွှေ့ကျင်းပမည်
မိုးမခအထောက်တော် မဲဆောက်၊ နိုဝင်ဘာ ၂၈၊ ၂၀၁၁
          ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ပြည်တွင်းက စာပေပညာရှင် စာရေးဆရာများ ပထမဆုံး လာရောက်ဟောပြောမယ့် စာပေဟောပြောပွဲကို မူလက ကျောင်းသစ်ကျောင်းတိုက်ဝင်းအတွင်း ကျင်းပရန် စီစဉ်ထားခဲ့ရာမှ ပိုမိုကျယ်ဝန်း အဆင်ပြေမည့် တောရကျောင်းသို့ ပြောင်းလဲ ကျင်းပမည်ဖြစ်ကြောင်း သိရိရသည်။
           ဒီဇင်ဘာလ (၄)ရက် တနင်္ဂနွေနေ့ ညနေ (၄)နာရီတွင် ကျင်းပမည့် မဲဆောက် စာပေဟောပြောပွဲကို မြန်မာပြည်မှ အထင်ကရ စာရေးဆရာများဖြစ်ကြသော ချစ်ဦးညို၊ မောင်စိန်ဝင်း(ပုတီးကုန်း)၊ နုနုရည် (အင်းဝ)တို့ လာရောက်ဟောပြောကြမည်ဖြစ်ပြီး နေရာပြောင်းလဲခြင်းမှ အပ မူလအစီအစဉ်အတိုင်း ကျင်းပမည်ဖြစ်သည်။
           ထို့အပြင် ထိုင်းဘုရင်ကြီး အသက် (၈၄)နှစ်မြောက် မွေးနေ့အားရည်စူးပြီး ဆုတောင်းပွဲနှင့် ဘုရင့်သက်စေ့ သစ်ပင် စိုက်ပျိုးပွဲကိုလည်း ၄င်းတောရကျောင်းတိုက်တွင် နေ့လည်ပိုင်း၌ ကျင်းပမည်ဖြစ်ကာ ကြွရောက်လာမည့် ဧည့်ပရိတ်သတ် များအား အကျွေးအမွေးဖြင့် တည်ခင်း ဧည့်ခံရန် တောရကျောင်းတိုက်မှ စီစဉ်လျက်ရှိကြောင်းလည်း သိရှိရသည်။
           (ထိုင်းဘုရင်ကြီး ဘူမိဘော အဒူလျှာဒက် သည် ၁၉၂၇ ဒီဇင်ဘာလ ၅ ရက်နေ့ တွင် မွေးဖွားခဲ့ပြီး  ၁၉၄၆ ခုနှစ် ဇွန်လ ၉ ရက်နေ့ တွင် ဘုရင် အနန္ဒဒါ မဟီဒေါလ် ဆီမှ အာဏာလွှဲပြောင်းရယူခဲ့ပြီး ၁၉၅၀ မေလ ၅ ရက်နေ့  တွင် နန်းတက်ပွဲ အဖြစ် ဘိတ်သိက် သွန်းလောင်းခဲ့သည်။၁၉၅၀ ဧပြီလငါးရက် နေ့ တွင် လက်ရှိ မိဘုရားကြီးသီရိခောတ် နှင့် လက်ထပ်ထိမ်းမြားခဲ့သည်။ ယခု ၂၀၁၁ ဒီဇင်ဘာလ (၅)ရက်နေ့တွင် အသက် ၈၄ နှစ် ပြည့်မြောက်မည်ဖြစ်သည်။)

China, Burma to enhance military ties



တရုတ်မြန်မာ စစ်ရေး ပူးပေါင်းဆောင်ရွက်မှု ပိုမို တိုးချဲ့မည်
Xinhua သတင်းဌာန
နိုဝင်ဘာ ၂၈၊ ၂၀၁၁

ပီကင်းတွင် ယနေ့ တွေ့ရသော ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် နှင့် တရုတ်ဒုသမ္မတ (ဓာတ်ပုံ - Xinhua/Li Tao)

မြန်မာနိုင်ငံနှင့် စစ်ရေး ဆက်နွယ်ပူးပေါင်းမှု တိုးမြှင့်ဖွယ်ရှိသည်ဟု တရုတ် ထိပ်တန်း စစ်အရာရှိတဦးက ယနေ့ ပြောလိုက်သည်။

မြန်မာ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံအပြီးတွင် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် စစ်ဦးစီးချုပ် ချန်ဘင်ဒီးက ယင်းသို့ ပြောဆိုခြင်းဖြစ်သည်။

နှစ်နိုင်ငံ ဆက်ဆံရေးသည် အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုများကြောင့် တိုးတက်လာသည်ဟု
စစ်ဦးစီးချုပ် ချန်ဘင်ဒီးက ပြောသည်။

တပ်မတော် ၂ ခုသည် ထိရောက်သည့် ပူးပေါင်းဆောင်ရွက်မှုများ မကြာသေးခင် နှစ်များအတွင်း တိုးချဲ့ခဲ့ကြောင်း၊ ထိုအထဲတွင် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့များ လည်ပတ်ခြင်း၊ သင်တန်းများ ပြုလုပ်ခြင်း၊ နယ်စပ်လုံခြုံရေး နှင့် စစ်ဘက်ဆိုင်ရာပစ္စည်းများဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်းများ ပါဝင်ကြောင်း ပြောသည်။

"ဖွံ့ဖြိုးဆဲနိုင်ငံတွေ ဖြစ်တာကြောင့် တရုတ် မြန်မာ ၂ နိုင်ငံစလုံးက တည်ငြိမ် ငြိမ်းချမ်းတဲ့ အနေအထား လိုအပ်ပါတယ်" ဟု သူက ဆက်ပြောသည်။

သူက ပိုမို နက်ရှိုင်းသည့် ပူးပေါင်းဆောင်ရွက်မှု၊ ယုံကြည်မှုတို့ကို နှစ်ဘက်စစ်တပ်များ တည်ဆောက်ရန်လည်း ကမ်းလှမ်း အဆိုပြုလိုက်သည်။

ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကလည်း မြန်မာနိုင်ငံအနေဖြင့် တရုတ်တနိုင်ငံတည်း ဟူသော မူဝါဒကို ဆက်လက် ကိုင်စွဲမည်ဟု ပြောလိုက်သည်။ မြန်မာ့တပ်မတော် တိုးတက်ဖွံ့ဖြိုးရေးအတွက် တရုတ်နိုင်ငံ၏ အထောက်အပံ့ပေးအပ်ခြင်းကို ကျေးဇူးတင်ကြောင်း၊ တရုတ်နိုင်ငံနှင့် ဗျူဟာမြောက်မိတ်ဆွေအဖြစ် ဆက်လက် ရပ်တည်လိုကြောင်း ပြောဆိုလိုက်သည်။

Sunday, November 27, 2011

Journal pieces on Nov 28

ရေခွက်ထဲက မြတ်စွယ်တော်၊ ရသေ့စိတ်ဖြေကတ်၊ သချိုင်္င်းကုန်းမှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲ
အဝေးကြည့်မှန်ပြောင်း
နိုဝင်ဘာ ၂၈၊ ၂ဝ၁၁


The Voice Weekly (နိုဝင်ဘာ ၂၈)
စွယ်တော်
မင်္ဂလာဒုံက သောက်တော်ရေခွက်အတွင်းမှ စွယ်တော်ကို တန်းစီဖူးမျှော်ကြတယ်၊ အလှူငွေတွေ ၂ ရက်အတွင်း ၁၅ သိန်းရတယ်လို့

Cartoon Gyaw Dee - Swe Daw Promotion

ကာတွန်းဂျော်ဒီး - စွယ်တော်ပရိုမိုးရှင်း
နိုဝင်ဘာ ၂၈၊ ၂၀၁၁

Burmese reporters restricted for coming Clinton Trip


ဟီလာရီ ကလင်တန် ခရီးစဉ် သတင်းယူခွင့် တင်းကြပ်စွာကန့်သတ်ထား
မိုးမခ အထောက်တော်၊ ရန်ကုန်
နိုဝင်ဘာ ၂၇၊ ၂၀၁၁
လာမည့် အင်္ဂါနေ့တွင် မြန်မာနိုင်ငံသို့လာရောက်မည့် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဟီလာရီ ကလင်တန်၏ ခရီးစဉ်အတွင်းလိုက်ပါသတင်းယူမည့် ပြည်တွင်းသတင်းထောက်များ အရေအတွက် ကန့်သတ်ထားသည့်ပြင် ကိုယ်ရေးရာဇ၀င်နှင့် ဓါတ်ပုံလေးပုံကိုလည်း ယနေ့ညနေ နောက်ဆုံးထား၍ စာပေစိစစ်ရေးသို့ တင်ပြရမည်ဟု ပြည်တွင်းသတင်းထောက်များကပြောသည်။
ဟီလာရီ ခရီးစဉ်အတွင်း သတင်းယူမည့် သတင်းဂျာနယ်တိုက်များကို စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဋ္ဌာနမှ ပြည်တွင်းဂျာနယ်တိုက်များသို့ ယနေ့ နံနက်ပိုင်းတွင် ဆက်သွယ်၍ ယခုကဲ့သို့ပြောကြားခြင်း ဖြစ်သည်ဟုလည်း သတင်းထောက်တဦးက ပြောသည်။
“ဓါတ်ပုံလေးပုံနဲ့ ကိုယ်ရေး ရာဇ၀င်ပါဖြည့်ရတယ်။ သတင်းဂျာနယ်တိုက်တတိုက်ကနေ ဘယ်နှယောက်ပဲ လိုက်ရမယ်ဆိုတဲ့ ကန့်သတ်ချက်လည်း ရှိတယ်”
ဟု ယင်းသတင်းထောက်ကပြောသည်။
သတင်းလိုက်ပါရယူခွင့် အတွက် မည်သည့်အတွက်ကြောင့် ယခုလို ဓါတ်ပုံလေးပုံနှင့် ကိုယ်ရေးရာဇ၀င်တောင်းယူရသည်ကို နားမလည်နိုင်ဟုလည်း ၎င်းကပြောသည်။ လိုက်ပါခွင့်ပြုသည့် ပြည်တွင်းမီဒီယာများတွင် စာပေစိစစ်ရေး၌ မှတ်ပုံတင်ထားသည့် သတင်းဂျာနယ် အုပ်စုတွင်ပါဝင်သည့် ဂျာနယ်များ၊ အစိုးရ အသိအမှတ်ပြု ပြည်ပသတင်းဋ္ဌာနများတွက် လုပ်ကိုင်လျှက်ရှိသည့် ပြည်တွင်းသတင်းထောက်များသာပါဝင်ပြီး အလွတ်သတင်းထောက်များ၊ ပြည်ပအခြေစိုက် မြန်မာသတင်းဋ္ဌာနများ မပါဝင်ပေ။
သမ္မတ ဦးသိန်းစိန်က စတုတ္ထမဏ္ဍိုင်ကို အလေးထားသည်ဟု ပြောဆိုသော်လည်း သတင်းမီဒီယာအလုပ်ကို လုပ်ကိုင်လျှက်ရှိသူတိုင်း တန်းတူ သတင်းရယူခွင့်မရှိခြင်းနှင့် နောင်လာမည့် လွှတ်တော်တွင် အတည်ပြုရန် ရှိသည့် မီဒီယာဥပဒေတွင် ယခုလိုကန့်သတ်ခြင်းမျိုး ထည့်သွင်းထားရန် မသင့်ဟု ပြည်တွင်း သတင်းထောက်အချို့က ဝေဘန်ပြောဆိုလျှက်ရှိသည်။
ယခုလ ၁၄ ရက်နေ့က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တွင်ကျင်းပသည့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်သည့် တနှစ်ပြည့် သတင်းစာရှင်းလင်းပွဲသို့ အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးအုန်းကြိုင်မှ  ဖိတ်ကြားရာတွင် “ပြည်တွင်းအခြေစိုက် ပြည်ပမီဒီယာအားလုံး”  ဆိုသည့်စကားလုံး ပါဝင်ပြီး ပြည်ပအခြေစိုက်မီဒီယာများအတွက်  ပြည်တွင်းမှ လုပ်ကိုင်ပေးနေသည့် သတင်းသမားများအား အသိအမှတ်ပြု ဖိတ်ကြားထားသည်ကိုတွေ့ရသည်။
ဟီလာရီ ကလင်တန်၏ ခရီးစဉ်သည် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးအဆင့်ရှိသူ မြန်မာနိုင်ငံသို့ လာရောက် နှစ်ပေါင်းငါးဆယ်အတွင်း ပထမဆုံးလာရောက်သည့် ခရီးစဉ်တခုဖြစ်သလို သမ္မတ ဦးသိန်းစိန် အနေဖြင့် အမေရိကန် နိုင်ငံနှင့် ဆက်ဆံရေး ကောင်းမွန်လိုသည့် လက္ခဏာများ မြင်တွေ့နေရသည်ဟု နိုင်ငံရေး လေ့လာသူများက ဆိုသည်။

Daw Suu on posters and t-shirt


ဒေါ်အောင်ဆန်းစုကြည်၏ ဗီနိုင်းပုံနှင့် တီရှပ်များ ၀ယ်ယူနှုန်း နှစ်ဆမြင့်တက်
ဝင့်သင်ဇာကျော် (မြစ်မခ)
နိုဝင်ဘာ ၂၇၊ ၂၀၁၁


ယခုလ ၁၀ ရက်နေ့က ရန်ကုန်မြို့ ၁၃ လမ်း ကာတွန်းပြပွဲ အရောင်းဆိုင်တခုတွင် ဗိုလ်ချုပ် နှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ ပုံများ ရောင်းချနေသည်ကို တွေ့ရသည် (ဓာတ်ပုံ - မိုးမခ)

နိုင်ငံတော်သမ္မတအသစ် ပြောင်းလဲပြီးနောက်တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဗီနိုင်းပုံများ နှင့်တီရှပ်များကို အထက်ဗမာပြည် အောက်ဗမာပြည်ရှိ ပြည်သူအချို့သည် အန်အယ်လ်ဒီအဖွဲ့ချုပ်ရုံးသို့ လာရောက်ဝယ်ယူနှုန်းမှာ နှစ်ဆခန့်မြင့်တက်လာကြောင်း သိရှိရသည်။

“အရင်က အခမ်းအနားနေ့လောက်ဘဲ ပွဲလာတက်ရင်းနဲ့ဘဲ သုံးလေးပုံ ၀ယ်ကြတာ အခု တစ်လကို တစ်ခေါက်နှုန်းနဲ့ အမြဲဘဲ အထက်ဗမာပြည် ၊ အောက်ဗမာပြည်က လူတွေ တော်တော်များများ ဒေါ်အောင်ဆန်းစုကြည် ပုံအကြီးအသေး မျိုးစုံ လာဝယ်ကြတယ် ပြီးမှ နယ်တွေကို ပြန်ဖြန့်တယ်” ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တွင် ပိုစတာများ ရောင်းချနေသူ ဒေါ်ဝေေ၀သိန်းက ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်အောင်ဆန်းစုကြည်ပုံပါ ဗီနိုင်း ၊ တီရှပ် ၊ သော့ချိတ်၊ မတ်ခွက် ၊ ဒိုင်ယာရီစာအုပ် နှင့် ဆွဲကြိုး အမျိုးမျိုးကို ရောင်းချပေးချခြင်းကို စိတ်ဝင်စားစွာဖြင့် လာရောက် အားပေးကြသူများမှာလည်း ယမန်နှစ်ထက် တိုးလာကြောင်း အဆိုပါ ပစ္စည်းများရောင်းချနေသူ ထံမှ သိရှိရသည်။

အချို့သောပြည်သူများမှာ ယခင်စစ်အစိုးရလက်ထက်တွင် လာရောက်ဝယ်ယူချင်သော်လည်း ဖမ်းဆီး ချုပ်နှောင်ခံရခြင်း ၊ မေးမြန်းစစ်ဆေးခြင်းများပြုလုပ်မည်ကို ကြောက်ရွံ့ခြင်းကြောင့် မ၀ယ်ဖြစ်ကြောင်း၊ ယခု နိုင်ငံတော်သမ္မတသစ်လက်ထက်တွင် လွတ်လပ်စွာ ရောင်းချခွင့်ပြုလာခြင်းနှင့်အညီ ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်လာသောကြောင့် လာရောက် ၀ယ်ယူရဲခြင်းဖြစ်ကြောင်း ရန်ကုန်မြို့နေပြည်သူတစ်ဦးထံမှ သိရှိရသည်။

“ အရင်က ဒေါ်အောင်ဆန်းစုကြည်ပုံတွေကို ပေါ်ပေါ်ထင်ထင် မ၀ယ်ရဲဘူး။ အန်အယ်လ်ဒီရုံးရှေ့ကနေ ကားနဲ့ဖြတ်သွားရင်ပဲ လှမ်းကြည့်ရအမောပဲ၊ အခု နိုင်ငံတော် သမ္မတ အသစ်ကလည်း ဒေါ်အောင်ဆန်းစုကြည် နဲ့ ဆွေးနွေးမှုတွေ ညှို့နှိုင်းမှုတွေ လုပ်နေပြီ ဆိုတာတွေ ပြီးတော့ အပြင်မှာလည်း ရောင်းနေကြပြီ ဆိုတော့ အခုမှ ကျွန်မလာ ၀ယ်ရဲတာ မဟုတ်ရင် ဘယ်တော့လောက် နောက်ယောင်ခံမလဲဘဲ ကြောက်နေရတာ“ ဟု ရန်ကုန် ဒေသခံတစ်ဦးက ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ဗိုလ်ချုပ်အောင်ဆန်းပုံ နှင့် ဒေါ်အောင်ဆန်းစုကြည်ပုံဖြင့် တံဆိပ် ရိုက်ထားသော တီရှပ်တစ်ထည်လျှင် ၂၅၀၀ကျပ် မှ ၅၀၀၀ ကျပ် ၊ ဗီနိုင်းတစ်ခုလျှင် ၁၅၀၀ ကျပ်မှ ၃၀၀၀ကျပ် အထိ ရှိပြီး ကြွေဖန်ခွက် တစ်ခွက်လျှင် ၃၀၀၀ ကျပ် ရှိကြောင်း သိရှိရသည်။

မူရင်း - မြစ်မခမီဒီယာ http://www.myitmakhamediagroup.com/detail.php?newid=378

Ku Mojo - Cartoon

မအူမလယ် ... လူတွင်ကျယ်
ကာတွန်း - ကူမိုးကြိုး
နိုဝင်ဘာ ၂၇၊ ၂၀၁၁

Dae Doe - Articles

မှန်ရာကို သစ္စာဆိုပါမည်
ဒဲ့ဒိုး
နိုဝင်ဘာ ၂၇၊ ၂၀၁၁



စာရေးသူအဖို့ ကျောင်းပိတ်ထားတော့ မြန်မာမဂ္ဂဇင်းတွေကိုဖတ်ရှုပြီး အတွေးနယ်ချဲ့နေမိတယ်။ စင်္ကာပူမှထုတ်ဝေတဲ့ ရွှေမြန်မာရသစုံ (မဂ္ဂဇင်းအမှတ်၂၇- ဇန္န၀ါရီလ ၂၀၀၉) ဦးတင်ဦး (ကျူရှင်) ရဲ့သစ္စာအဓိဌာန်ဆောင်းပါးကို ဖတ်ရှုပြီး စာရေးသူ တွေ့ကြုံခဲ့တဲ့အတွေ့အကြုံ လေးကို ရှယ်ချင်စိတ်ပေါက်လာတာကြောင့် ဤစာကို ရေးသားလိုက်ရပေ၏။

စာရေးသူ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြိုက အနောက်ပိုင်းရှိ မြန်မာနာမည် ရှစ်လေးလုံးကျောင်းတိုက်လို့ အမည်ပေးထားတဲ့ ကျောင်းမှာနေထိုင် စဉ်က တနေ့သောအခါသမယ မွန်းလွဲပိုင်း ၃ နာရီခန့်အချိန်တွင် အသက် ၃၀ အရွယ် လူရွယ်တယောက်နှင့် အသက် ၁၅ နှစ်ရှိ လုလင်ငယ်နှစ်ဦး စာရေးသူနေထိုင်ရာသို့ရောက်လာပြီး တစုံတဦးကို ရှာဖွေနေသကဲ့သို့ တောင်ကြည့်မြောက်ကြည့် ကြည့်နေ၏။ စာရေးသူက သူတို့ကို ဘာကိစ္စလဲမေးတော့ ဂုရုကြီးနဲ့ တွေ့ချင်ကြောင်း ပြောပြလေ၏။ သူတို့ပြောတဲ့ ဂုရုကြီးဆိုသူကို မိမိမသိ။ ဘယ်က ဂရုကြီးလဲမေးတော့ ဒီကျောင်းက ဂုရုကြီးဟု ပြောလေ၏။

အိန္ဒိယန်းတွေ အများစုက ဘုန်းကြီးကို ဂုရုကြီးလို့ခေါ်သူရှိသလို၊ ဘန္တေကြီးလို့လည်း ခေါ်ကြလေ၏။ တချို့က မဟတ္တမကြီးတဲ့။ တချို့က ဘာဘာကြီးတဲ့။ ဒီစကားအသုံးအနှုန်း ဝေါဟာရတွေက အရိုအသေပေးတဲ့အနေနဲ့ ခေါ်ကြတာ။ မင်းက ဘာကိစ္စ ဂုရုကြီးကို တွေ့ချင်တာလဲ မေးတော့ ... ဆေးလိုချင်လို့တဲ့။ ဒီတော့မှ သူတို့တွေ့ချင်တဲ့ ဂုရုကြီးဆိုတာ သဘောပေါက်တော့တယ်။ မကြာသေးမီရက်ပိုင်းလောက်က ဗုဒ္ဓဂါယာ ဘုရားဖူးကြွလာတဲ့ ရန်ကုန် ပုဇွန်တာင်မှ မွန်ဆရာတော်ကြီး ဦးခေမာက ဒေလီကို အလည်လာရင်း ဆေးကုသွားတာကိုး။ သူဆေး ကုတာက ဗိန္ဓောဆေးမဟုတ်။ ဓာတ်လုံးလဲ မဟုတ်။ ပရိတ်ရွတ်ဖတ်ပြီး ရေးမန်းပေးခြင်းပင်။ ဆရာတော်ကြီးက အမေရိကန်မှ သီတင်းသုံး နေထိုင်တာ။ မြန်မာနိုင်ငံပြန်လာပြီး သူရဲ့ ညီနဲ့အကိုတွေကို ဘုရားဖူးလိုက်ပို့တာ။ ညီအငယ်က အသက် ၆၀ ကျော်ရှိပြီ။ အကိုကြီးက ၈၀ ကျော်။ ဆရာတော်က ၇၀ ကျော်။ လူအိုတွေချည်းဘဲ။ ဆရာတော်က စာရေးသူကို ကိုယ်တော်ရဲ့ ဒကာ၊ ဒကာမတွေ နေထိုင်မကောင်းတဲ့ သူရှိလားလို့ မေးတယ်။ ဘာဖြစ်လို့လည်း လျှေက်ြထားတော့ သူဆေးကုပေမယ်တဲ့။ စာရေးသူထင်တာက ဆေးဘိုး ၀ါးခ ငွေကြေး စိုက်ပေး မယ်ထင်တာပေါ။ အမေရိကန်မှ သီတင်းသုံးနေထိုင်တာဆိုတော့ သူဌေးဘုန်းကြီးထင်နေတာကိုး။ ဘယ်လိုကုမှာလဲ လျှောက်တော့ ရေမန်း နဲ့ ကုမတဲ့။ စာရေးသူ မရယ်မိအောင် မနည်းထိန်းချုပ်ထားရတယ်။ စာရေးသူက ရေမန်းတွေ ဆီမန်းတွေ သိပ်ယုံတာမဟုတ်ဘူးလေ။

ဒါပေမယ့် ကျောင်းလာတဲ့ ဧည့်သည်တွေကို ဆေးကုမည့်အကြောင်း နာတာ၊ ကိုက်တာ၊ ခဲတာတွေပျောက်ကင်းအောင် ကုပေးမယ်ပြော တော့ တချို့လာကြတယ်။ ပျောက်သူလဲ ပျောက်တယ်ပြောတယ်။ စာရေးသူ လက်နာတာတော့ မပျောက်ဘူး။ ဒီလိုနဲ့ တနေ့ထက်တနေ့ လူနာတွေ များများလာတယ်။ မနက် ၅ နာရီ ဂိတ်တံခါးမဖွင့်သေးဘူး၊ ကျောင်းဝိုင်းအပြင်ဘက်မှာ လူနာက ရောက်နေပြီ။ တနေ့တော့ မနက် ၁၀ နာရီခွဲလောက် ဆရာတော်ကို မြန်မာပြည်ပြန် အိန္ဒိယအမျိုးသားတယောက်က သူ့အိမ်ဆွမ်းစားပင့်ထားတာကြောင့် ၁၀ နာရီခွဲ ကာနီး ဓမာရုံထဲ လူနာတွေကို မန်းမှုတ်ဆေးကုနေတဲ့ ဆရာတော်ကို ဆွမ်းစားကြွဖို့ အချိန်ရောက်ပြီဖြစ်ကြောင်းလျှောက်ထားတော့ ဆရာတော်က ကားငှားထားလိုက်ပြောတယ်။ ဒါနဲ့ စာရေးသူလည်း ကျောင်းဂိတ်ပေါက်ထွက် သုံးဘီးငှားပြီး ဆရာတော် ကားရပြီလို့လျှောက် တယ်။ ဆရာတော်က လူနာကိုဆေးကုဆဲမို့ ခဏစောင့်ဖို့ ပြောတယ်။ ကားသမား စောင့်ပါတယ်။ ဒါပေမယ့် လူနာကုပြီးခါနီးမှာ ကျောင်းဂိတ် ပေါက်ဝ သုံးဘီးတစီးထိုးရပ်လိုက်ပြီး သုံးဘီးပေါ်မှ အမျိုးသမီး ၃ ယောက် ဆင်းလာတယ်။ တယောက် လူနာ။ သူ့ဘာသာလမ်းမလျှောက်နိုင် ဘူး။ နှစ်ယောက်တွဲပြီး လျှောက်ရတယ်။ သူတို့ပါ ဆက်ကုနေရင် ကားသမားက စောင့်မည်မဟုတ်။ ဒါနဲ့ ဆရာတော်ကို အခုလူနာများကို ခဏထားခဲ့ပြီး ဆွမ်းစားကြွဖို့ လျှောက်ထားရတယ်။ ဆရာတော်ကလည်း အသစ်ရောက်လာတဲ့လူနာကိုမြင်တော့ သနားဟန်တူပါတယ်။ ခဏစောင့်ဆိုင်းပါပြောခိုင်းတယ်။ ကားသမားက မစောင့်တော့ဘူး။ မောင်းထွက်သွားတယ်။ လူနာက အသက် ၂၅ နှစ်အရွယ် အမျိုးသမီး ဆေးရုံတက်ပြီး တနှစ်လောက်ကုဘူးတယ်။ မပျောက်ဘူးတဲ့။ ဒါနဲ့ ဆရာတော် သတင်းကြားလို့ လာပြီး ကုသမှုခံယူဘို့ လာတာပါဆိုတော့ ဆရာတော်က လူနာကို ထိုင်ခိုင်းတယ်။ လူနာက ကြမ်းပေါ်ထိုင်လို့ မရဘူး။ ခြေထောက်ခွေလို့ကို မရတာ။ ဒါနဲ့ သူ့အတွက်ရော၊ ဆရာတော် အတွက်မရော ကုလားထိုင်တလုံးစီ ယူပေးရတယ်။ ဆရာတော်က နှစ်လက်မ ပတ်လည်လောက်ရှိတဲ့ ကြေားပြားအ၀ိုင်းနဲ့ လူနာခြေထောက် ကို ပုတ်ပေးပြီး ဆွမ်းစားထွက်လာတယ်။

ဆွမ်းစားပြီးနောက် ၂ ရက်၊ ၃ ရက်လောက်ဆို ပြန်မှာမို့ ဈေးပို့ပေးပါဦးဆိုတာနဲ့ ဈေးလိုက်ပို့ပြီး ညနေ ၄ နာရီလောက် ကျောင်းပြန်ရောက်တော့ မနက်ပိုင်းက ဆွမ်းစားသွားခါနီးရောက်လာတဲ့ လူနာအမျိုးသမီးဟာ ကြမ်းပေါ်ထိုင်ဖို့ ခက်ခဲနေပေမယ့် အခုတော့ ကြမ်းပေါ်ထိုင်နေတာ တွေ့ရတယ်။ တိုက်ဆိုင်မှုတော့ မဟုတ်တန်ရာဘူး။ နောက် ၃ - ၄ ရက်လောက်ရှိတော့ အဲဒီအမျိုးသမီး သူ့ဘာသာ လမ်းလျှောက်နိုင်တာ တွေ့လိုက်ရတယ်။ အဲဒီသတင်းက ပြန့်သွားတာမို့ ဟိန္ဒူသတင်းထောက်တယောက် ရောက်လာပြီး ဆေးကုတာ ကိုယ်တိုင်ကိုယ်ကျ ထိုင်ကြည့် အင်တာဗျူးပြီး နောက်တနေ့ သတင်းစာမှာ အမေရိကန်ဒေါ်လာ ဆန်င့်တစ်ဒေါ်လာနဲ့ ကမ္ဘာပတ် ဆေးကုနေတဲ့ ဗုဒ္ဓဘာသာ ရဟန်းတော်ဆိုပြီး ပုံနဲ့အတူတကွ ပါလာတော့ လာလိုက်ကြတဲ့ လူနာတွေ၊ သမတဟောင်းကြီးကတောင် ဆရာတော်ကို ပင့်ဖိတ်ပြီး သူရဲ့ကိုယ် ခန္ဓာကိုက်ခဲတာတွေကို ကုသမှုခံယူခဲ့တယ်။ ဆရာတော်ကို မေးမြန်းလျှောက်ထားကြည့်တော့ ဆရာတော် ဘာတွေကို ဘယ်လို ကုတာလဲ ဘုရား။ ပရိတ်နဲ့ သမ္ဗုဒ္ဓေ ရွတ်တယ်။ အဓိဌာန်ပုတီးစိတ် မေတ္တာပို့ သစ္စာဆိုပြီး ပရိတ်ရေမန်းဘဲကွ။ ထူးထူးဆန်းဆန်း မဟုတ်ပါဘူး တဲ့။

ဆရာတော်ရဲ့ ကျင့်စဉ်လဲ ပါမယ်ထင်ပါတယ်။ ဇတ်လမ်းပြန်ဆက်ရလျှင် စာရေးသူထံရောက်လာတဲ့ လူငယ်နှစ်ဦးမေးတဲ့ ဂုရုကြီးဆိုတာ မွန် ဆရာတော်ကြီး ဦးခေမာဖြစ်နေတာကိုး။ ဒါနဲ့ သူတို့ကို မင်းမေးတဲ့ ဂုရုကြီး ပြန်သွားပြီ။ ဘာဖြစ်လို့လဲမေးတော့ ဒီကောင်လေးက ကောင်း ကောင်း အိပ်မရဘူး။ လန့်လန့်နိုးနေတာ။ ဒါကြောင့် ဆေးလိုချင်လို့တဲ့။ ဆေးလိုချင်ရင် ဆေးရုံ ဆေးခန်းသွားပေါ့။ ဒီမှာ ဆေးမရှိဘူးပြောတော့ ဆေးရုံဆေးခန်းသွားပါတယ်။ ဆရာဝန်ပေးတဲ့ ဆေးလည်း စားပါတယ်။ မပျောက်ဘူးတဲ့။ ဖြစ်တာ ဘယ်လောက်ကြာပြီလဲဆိုတော့ တလ လောက်ရှိပြီဆိုဘဲ။ ဘယ်အချိန်ဖြစ်တာလဲ။ နေ့ပိုင်းလား ညပိုင်းလားမေးတော့ အချိန်မရေးဖြစ်တာတဲ့။ နေ့ခင်း အိပ် နေ့ခင်း လန့်နိုးတယ်။ ညပိုင်းအိပ်လည်း လန့်နိုးတယ်။ မအိပ်ရဘူးတဲ့။ စဉ်းစားစရာပေဘဲ။ ဘာတွေလန့်တာလဲ၊ အိပ်မက်မက်သလားမေးတော့ အိပ်မက်ထဲ အမေနဲ့တွေ့တယ်ဆိုတာကြောင့်၊ မင်းအမေ ဘယ်မလဲ ရှိလားေးမကြည့်တော့ မရှိတော့ဘူး။ ဆုံးသွားပြီတဲ့။ သူ့အမေ မကျွတ်မလွတ်လို့ သားဖြစ်သူကို အိပ်မက်ပေးခြောက်လှန့်နေတာဟု ဆုံးဖြတ်ပြီး ပရိတ်ရွတ်ဖတ်ပြီး ပရိတ်ရေပေးရန် စဉ်းစားမိတာကြောင့် ဓမ္မာရုံထဲသို့ အဆို ပါလူငယ်နှစ်ဦးစလုံးခေါ်ဆောင်သွားပြီး ဘုရားရှေ့ထိုင်ခိုင်းရ၏။

သူတို့ကိုးကွယ်တဲ့ဘာသာမေးကြည့်တော့ ဟိန္ဒူတဲ့။ ကိစ္စမရှိ။ ဟိန္ဒူက ဘုရားရှိခိုးခိုင်းလို့ရတယ်။ ဒါနဲ့ သူတို့ကို ဘုရားရှိခိုးခိုင်း၍ သရဏဂုံ သုံးပါးတည်ဆောက်စေပြီး ငါးပါးသီလ ယူစေ၏။ ပြီးတော့ ဘုရားဂုဏ်တော် တရားဂုဏ်တော်၊ သံဃာ့ဂုဏ်တော်တို့ကို ရွတ်ဆိုစေရန် ဖြည်း ဖြည်းချင်း တိုင်းပေးပြီး လိုက်ဆိုစေ၏။ အဲဒီနောက် ကဲ မင်းရောဂါပျောက်အောင် ငါမန္တာန်ရွတ်ပေးမယ်။ မင်းယုံယုံကြည်နဲ့ နားထောင်း။ မင်းရဲ့ ရောဂါပျောက်မယ်လို့ ပြောဆိုပြီး ပရိတ်ကြီး ဆယ့်တစ်သုတ်နဲ့ ပဌာန်းရွတ်ဖတ်ပြီး နတ်မြတ် နတ်ကောင်းတို့ကို တိုင်တည်၍ ကျွန်ုပ် သည် ဤကလေးကို သရဏဂုံသုံးပါနဲ့ ငါးပါးသီလကို ခံယူဆောက်တည်စေပြီး ဘုရားတရားသံဃာ့ဂုဏ်တော်တို့ကို ရွတ်ဖတ် ပူဇော်စေခဲ့ပါ သည်။ ထို့နောက် မြတ်စွာဘုရားရှင်၏ နှုတ်ကမ္ပတ်တော်ဖြစ်သော ပရိတ်တော်တို့ကိုလဲ ရွတ်ဖတ်ပူဇော် သရဇ္ဈယ်ခဲ့ပါသည်။

ဤကုသိုလ်ကောင်းမှု အဖိုးဘာဂ အ၀၀တို့ကို နတ်မြတ် နတ်ကောင်း နတ်အပေါင်းတို့အား အမျှပေးဝေငှပါ၏။ ကျွန်ုပ်သည် ဤကလေးခံစား နေရသော ရောဂါဝေဒနာကို ပျောက်ကင်းစေလိုသော စိတ်စေတနာမေတ္တာ အရင်းခံဖြင့် ဤပရိတ်တရားတော်တို့ကို ယုံကြည်စွာ ရွတ်ဖတ်ပူဇော်ခဲ့ခြင်းဖြစ်ပါသည်။ ဤမှန်ကန်သော သစ္စာစကားကြောင့် ဤပရိတ်ရေကို သောက်သုံးသောအချိန်မှစ၍ ဤကလေးသန္တာန် တွင် စွဲကပ်နေတသော ရောဂါဝေဒနာတို့သည် ပိန်းကြာဖက်တွင် ရေမတင်ဘိသကဲ့သို့ လျင်မြန်စွာ ပျောက်ကင်းပါစေသားဟု သစ္စာဓိဌာန်ပြု ပြီး လူငယ်ကို ပရိတ်ရေ သောက်စေပါသည်။

ကဲ့ မင်း ဒီရေပုလင်း အိမ်ယူသွား သောက်ကွာ။ အိမ်ရောက်တဲ့အခါ မင်းအမေကို ရည်စူးအောက်မေ့ပြီး အခနဆိုတဲ့ နမောတဿနဲ့ ဗုဒ္ဓံ ဆရဏံ ဂစ်ချာမိ၊ ဓမ္မံ ဆရဏံ ဂစ်ဂျာမိ၊ ဆံဃံ ဆရဏံ ဂစ်ချာမိလို့ဆိုပြီး အမျှဝေလို့ သင်ပေးလိုက်တယ်။ လူငယ်က ငွေ ၂၀ လှူတယ်။ မလှူပါနဲ့။ ကိစ္စမရှိဘူး ရတယ်လို့ပြောတော့ လူငယ်က ထိကဲ ထိကဲ (အိုကေ) ဆိုပြီး ခြေထောက်ကို သူ့လက်နဲပတို့ပြီး ပြန်သွားတယ်။

နောက်နှစ်ရက်လောက်ရှိတော့ သူတို့နှစ်ယောက်ပြန်ရောက်လာတယ်။ သူတို့ကို ဘယ်လိုလဲ အိပ်ပျော်လားလို့မေးတော့ အိပ်လို့ပျော်တယ်။ ကောင်းကောင်းအိပ်ရပါတယ်။ ဟိုနေ့က ရေးမန်းလုပ်ပေးပါဦးတဲ့။ ဘာဖြစ်လို့လဲဆိုတော့ ခန္ဓာကိုယ် နာကျင်နေလို့ပါတဲ့။ ဟ ... ဒါတော့ ဆေးခန်းသွားပေါ့လို့ပြောလဲ မရဘူး။ ရေမန်းဘဲ လိုချင်ပါတယ်တဲ့။ ကဲ .. ဒါဆိုလဲ ရတယ်ဆိုပြီး ပရိတ်ရွတ်ဖတ်ပေးလိုက်တယ်။ ဒါက ဟိန္ဒူ လူငယ်ကို ပရိတ်ရွတ်ပြီး အဓိဌာန်ပြုပေးတာ။

ဗုဒ္ဓဘာသာဝင်ကလေးတယောက်ကိုလည်း အလားတူ ပရိတ်ရွတ်ဖတ်ပေးပြီး သစ္စာအဓိဌာန်ပြုပေးဘူးတယ်။ သူလည်း ပျောက်သွားတာဘဲ။ သူ့ဖြစ်ပုံက ဒီလို စနေနေ့ ညနေပိုင်း သူတို့ သားအမိ သုံးယောက် ကျောင်းရောက်လာကြတယ်။ သားအကြီးက ၁၂ နှစ်လောက်ရှိမယ်။ အငယ်က ၁၀ နှစ်။ အကြီးက သူ့အမေရင်ခွင်ထဲမှီပြီး ငေးမှိုင်နေတယ်။ နင့်သား ဘာဖြစ်တာလဲ။ နေမကောင်းဘူးလားမေးတော့၊ နေမကောင်းဘူး ဘန္တေကြီးတဲ့။ ဘာဖြစ်တာလဲမေးတော့ မသိဘူးတဲ့။ ဟဲ့ ... ကိုယ့်သားဘာဖြစ်တယ်ဆိုတာ မသိဘူးလားဆိုတော့ မသိဘူးတဲ့။ ဆေးခန်းသွား ဆရာဝန်ပြတော့လည်း ဘာရောဂါရယ်လို့ မပြောဘူး။ ဆေးဘဲ ပေးတယ်။ ပေးတဲ့ဆေးလည်း သောက်တယ်။ မပျောက်ဘူးတဲ့။ ဘယ်လောက်ကြာပြီးလဲ မေးတော့ တလလောက်ရှိပြီတဲ့။ ဒါနဲ့ တိုင်းရင်းဆေးသင်တန်းတက်ထားတဲ့ နလန္ဒာမှာ စာသင်နေတဲ့ ဦးသိလိဋ္ဌ (ယခု လန်ဒန်) က စာရေးသူထံ အလည်ရောက်နေတာမို့ ဒကာလေးကို ကြည့်စမ်းပါဦးလို့ ကြည့်ခိုင်းတယ်။

သူက ကလေးကို ကြည့်ပြီး ဘာဖြစ်တာလဲ သူလည်း မသိဘူးတဲ့။ ကဲ ဒါဆို ကိုယ်တော် တခါတုန်းက ကောင်လေးတယောက်ကို ဒီကလေး လိုဘဲ တွေတွေဝေေ၀ ထိုင်းထိုင်းမှိုင်းမှိုင်းနဲ့ရောက်လာလို့ ပရိတ်ရွတ်ပေးပြီး ပရိတ်ရေတိုက်ဘူးတယ်။ ဒီကလေးကိုလည်း အဲဒီလို ပရိတ် ရွတ်ပေးရအောင်ပြောပြီး ဦးသိလိဋ္ဌနဲ့ စာရေးသူ ပရိတ်ကြီးဆယ့်တစ်သုတ်ရွတ်ဖတ်ပြီး ယခင်အတိုင်း သစ္စာအဓိဌာန်ပြုပြီး ပရိတ်ရေတိုက် လိုက်တယ်။ နောက်တနေ့ တနင်္ဂနွေနေ့မှာ သူတို့မိသားစုကျောင်းကိုလာကြတယ်။ ကလေးအမေတွေ့တော့ နင့်သားဘယ်လိုလဲ မေးတော့ ကောင်းသွားပြီး ဘန္တေကြီးတဲ့။ ဟိုမှာလေတဲ့။ ကြည့်လိုက်တော့ မျောက်ရှုံးအောင် သူ့ သူငယ်ချင်းတွေ့နဲ့ဆော့နေလေ၏။ ဤသည်ကား စာ ရေးသူတွေ့ကြုံခဲ့ရသော ပရိတ်တန်ခိုးနဲ့ သစ္စာအဓိဌာန်ပင်ဖြစ်ပေတော့သတည်း။

များလှဝေနေသတ္တ၀ါတွေ ကျမ္မာကြပါစေ။


beer and party

မန္တလေးအခြေစိုက် ပါတီတခု၏ တွေ့ဆုံပွဲတွင် ဘီယာဖြင့် ဧည့်ခံ
ဓာတ်ပုံသတင်း
နိုဝင်ဘာ ၂၇၊ ၂၀၁၁

ယမန်နေ့က ပြုလုပ်သည့် ပြည်သူ့ဒီမိုကရေစီပါတီ၏ တွေ့ဆုံပွဲတွင် ဘီယာပုလင်းထောင်ထားသည်ကို တွေ့ရသည်။
အဘယ်ကြောင့် ဘီယာဖြင့် ဧည့်ခံသည်ကို မသိရသေးပေ။
ထိုပါတီက ပြုလုပ်သည့် ပထမဆုံး သတင်းစာ ရှင်းလင်းပွဲဖြစ်သည်ဟု ဆိုသည်။

(http://www.facebook.com/mgbaoo တွင် တွေ့ရသော ဓာတ်ပုံဖြစ်သည်။)

Saturday, November 26, 2011

Save Irrawaddy SF Video Archives # 4

Save Irrawaddy SF ရဲ့ ဧရာဝတီချစ်သူများဆွေးနွေးပွဲ ရုပ်သံမှတ်တမ်း နောက်ဆုံးပိုင်းထွက်
မိုးမခ၊ နိုဝင်ဘာ ၂၇၊ ၂၀၁၁ (Save Irrawaddy SF Video Team)
နိုဝင်ဘာ ၁၉၊ ဆန်ဖရန်ဘေးဧရိယာ၊ ဖရီးမောင့်မြို့၊ စင်ထရယ်ဗီးလ်ကွန်မြူနီတီစင်တာမှာ ကျင်းပတဲ့ မြန်မာပြည်ရဲ့ ဧရာဝတီချစ်သူများဟောပြောပွဲနဲ့ ဆွေးနွေးပွဲက ရုပ်သံမှတ်တမ်း တတိယပိုင်းကို Save Irrawaddy SF လုပ်အားပေးများက အများပြည်သူတို့ ကြည့်နိုင်ဖို့ ဝေမျှလိုက်ပါတယ်။
ဖိတ်ကြားထားတဲ့ ဧည့်သည်တော်များ ဟောပြောအပြီးမှာ လှုပ်ရှားမှုစီစဉ်သူများနဲ့ တက်ရောက်လာရသူ ပရိသတ်များရဲ့ မေးခွန်းများကို ဖြေကြားတဲ့ အစီအစဉ်များ ကျင်းပပါတယ်။ ကိုမင်းဇင်၊ ကိုအောင်ဒင်နဲ့ ကိုအယ်လ်နော်ဆန်တို့က မေးမြန်းသည်များကို အကျယ်တ၀င့် ဖြေကြားသွားကြပါတယ်။
ဟောပြောပွဲနိဂုံးချူပ်မှာတော့ ပွဲစီစဉ်သူများကိုယ်စား ဒေါ်ဋ္ဌေးဋ္ဌေးကြည်က ကျေုးဇူးစကားပြောကြားပြီး၊ ဧည့်ပရိသတ်များထဲက ကချင်အရေးလှုပ်ရှားတက်ကြွသူ ကိုဇော်အောင်ကလည်း အမှတ်တရစကားပြောကြားခဲ့ပါတယ်။
လူငယ်များ၊ ကျောင်းသူ ကျောင်းသားများ၊ မြန်မာပြည်အရေး၊ အာရှအရေး၊ တရုတ်ပြည်အရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေး စိတ်ဝင်စားသူများ နားထောင်သင့်ပါကြောင်း တိုက်တွန်းလိုက်ပါတယ်။

Mar Mar Aye - 404

“ပြောပြစရာတွေလည်း တပုံကြီးရှိသေးတယ်” အမှတ် (၄ဝ၄)
မာမာအေး
နိုဝင်ဘာ ၂၇၊ ၂၀၁၁


သောတရှင်များ ကျန်းမာတော်မူကြပါစရှင်မာအေးချစ်တဲ့သောတရှင်တွေ ဂီတ၀ါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ … ရေ့မှာ မာအေးက အကိုကြီးတယောက်လို နေဖြစ်ခဲ့တဲ့ သီချင်းရေးဆရာကြီး ပန်တျာချစ်လှိုင်ရဲ့ သီချင်းလေးတွေ အကြောင်း ပြောနေတာမို့လား။ သူ အမြန်ရေးပေးထားတဲ့ သီချင်းစာရွက်မှာ ပါတဲ့အတိုင်း ဆိုခဲ့လိုက်တဲ့ မာအေး မှားသလေး ဘာလေး စာအရေးခံရတဲ့ သီချင်းလေး ရှိခဲ့ဖူးတယ်လို့ ပြောထားမိတယ် ထင်တာပဲ။ ပြောခဲ့တာတော့ နည်းနည်း ကြာသွားပြီ။ ခုမှ အဲဒီ သီချင်းလေးက ရလာလို့၊ ဘာမှားတာလဲ ဆိုတာ သိရအောင် နားထောင်လိုက်တာပေါ့နော်။

*(အင်းန၀ မှ) ဧရာဝတီ ခမုံမြစ်နဲ့ ဒုဋ္ဌ၀တီ၊ ဇော်ဂျီ၊ ပန်းလောင်၊ ကွေးယှက်၊ ကျွန်းသံလျက် အထက်ဗဟိုဆီ၊ သတိုးမင်းဖျား ရာဇာမဟီ၊ အင်းကိုးအင်းကို ဆည်ထားကါဖို့သည် xxx အရောင်လွှမ်းတဲ့ အဆောင်အခန်းတွေညီ၊ အခေါင်ကျငှန်းသည် ရတနာ့ပူရမည်၊ နှိုင်းတာမရ၊ တိုင်းနာဂရ၊ အမှန်ပသာတည်၊ မဟာအလှဋ္ဌာနီ အခင်းကညီ၊ ရာဇဋ္ဌာနီ အင်းန၀ ခေါ်တွင်သည် xxx

သီချင်းအစမှာ ဧရာဝတီ လို့ ဆိုပြီးတာနဲ့ အမှားကို တွေ့လိုက် ကြားလိုက်ကြရောပေါ့၊ မာအေး ဆိုလိုက်တာ 'ခမုံမြစ်' တဲ့၊ ပီလိုက်တဲ့စာ၊ အင်းဝ ၀န်းကျင်က မိတ်ဆွေတွေ ကြားရင် - ဟင်ကနဲ နေမှာပေါ့။ ဟုတ်မှ မဟုတ်ဖဲကိုးရှင့်။ မာအေးကလဲ ဘယ် မှားမှန်း သိမလဲ၊ ပန်းတျာချစ်လှိုင် ကိုယ်တိုင် ရေးပေးထားတဲ့ သီချင်းစာကို ကြည့်ပြီး ဆိုခဲ့တာမှ မှားနေတယ်လို့ စာက ရတော့ သီချင်းစာရွက် ပြန်ရှာပြီး သွားတွေ့တယ်၊ မေးတယ်လေ၊ ဒီတော့မှ 'စ'လုံး အက္ခရာကို တိကျအောင် ဆက်မိအောင် မဆွဲမိ မရေးမိတော့ စလုံးရဲ့ အဆံကွင်းကလေး အပေါ်ပိုင်းက 'ဟ' နေတော့ 'စ'လုံး အက္ခရာ မဖြစ်လာဘဲ 'ခ'ကွေးပုံ ဖြစ်သွားတယ်။ ဒီတော့ 'စမုံ' ကနေ 'ခမုံ' ဖြစ်ကရောဘဲ။ ဂီတစာဆိုကြီးရေးတဲ့စာလုံး မပီပြင်လို့ မှားလိုက်မိတာဟာ ကိုယ့်အသံဘဲ ဖြစ်နေတော့ တောင်းပန်ရတာပေါ့ရှင်၊ အင်းဝနဲ့ ပတ်သက်နေတဲ့ မြစ်တစင်း ဖြစ်လို့ပါ။

အင်းဝ သို့မဟုတ် ရတနာပူရ ဆိုတာ နယ်နယ်ရရ ဟုတ်ရိုးလားရှင့်။ ခရစ် သက္ကရာဇ် (၁၃၀၁ ခုနှစ်ကနေ ၁၅၃၈ ခုနှစ် အတွင်း) တရှိန်ထိုး တိုးတက်ထွန်းကါးခဲ့တဲ့ မြန်မာ့စာပေ ဗုဒ္ဓအမွေ ပျို့တွေရော၊ ဧချင်း မော်ကွန်း စတဲ့ ရာဇ၀င် သမိုင်းစာတွေရော ပေါကြွယ်လှတဲ့ နိုင်ငံကြီး ဖြစ်ခဲ့တာပါ၊ မာအေးတို့လို ကဗျာဂီတ မြတ်နိုးကြတဲ့သူတွေ လေ့လာလို့ မကုန်နိုင်သေးတဲ့ အလင်္ကါတွေ အင်းဝခေတ်က စပြီး ဝေခဲ့တာပါ။ ရှေးနှစ်ပေါင်း ခွန်နှစ်ရာကျော်က အစဉ်အလာ ကြီးမားတဲ့ မြန်မာတို့ရဲ့ နိုင်ငံတော်ကြီး အင်းဝကို သတိုးမင်းဖျားက အင်းကိုးအင်းကို ဆည်ဖို့ပြီး မြို့နန်းတည်ထောင် စံနေတော်မူခဲ့တာမို့ 'အင်းန၀' လို့လဲ ခေါ်ခဲ့ပါသတဲ့။

ခုတော့လဲ ဖုံတသောသောနဲ့ တောဖြစ်လို့ထူပေါ့လေ။ ရာဇ၀င် သမိုင်းစာတွေ ဖတ်ရတာ ကြိုက်တဲ့ မာအေးကတော့ စစ်ကိုင်းဖက် သွားတဲ့အခါ အင်းဝကို အဝေးက ငေးရတာ အမောပါဘဲ။ ဘာကို လွမ်းရမယ်မှန်းလဲ မသိဘဲနဲ့ ရင်းထဲနာတွေ ပေါ်ပါတယ်။

ဒီနေ့တော့ ရင်နာတဲ့ ပြင်စရာတွေ သတိရလာတုန်း ရှာပြီး ပြင်လိုက်ဦးမှဘဲ၊ ဆောင်းပါးတစောင်တဖွဲ့နဲ့ အရေးခံထားရတဲ့ ကိစ္စလေး သတိရလို့ပါ၊ ဓမ္မတေးတွေ ပြန်ဆိုပေးခဲ့တဲ့ တချိန်က အကိုထွန်းရွှေနဲ့ ဓါတ်ပြားထုတ်ခဲ့ဖူးတဲ့ 'ဂုဏ်တော်ကိုးပါး' ဆိုတဲ့ သီချင်း ပါလာတယ်။ သူ့ဓါတ်ပြားကို ဖွင့်ပြီးတော့ စာထုတ်ရ၊ သီချင်းကျက်ရ လုပ်နေကျအတိုင်း လုပ်ခဲ့တာပေါ့ရှင်။ အသံသွင်းပြီး ထုတ်ဝေပြီးလို့ အတော်ကြီး အချိန်ကြာလာတော့မှ ဓမ္မစာစေါင်တခုမှာ မာမာအေးကြီးက ဘုရားဂုဏ်တော်မှ မှားရသလား ဆိုတာမျိုး ရေးထားတာကို ဖတ်ခဲ့ရပါတယ်။ ဒါနဲ့ အကိုထွန်းရွှေ ဆိုတဲ့ စာနဲ့အသံနဲ့ ကိုယ်ဆိုတဲ့ စာနဲ့အသံနဲ့ ပြန်တိုက်ကြည့်တော့လဲ အတူတူဘဲ၊ ဘာမှ မှားတာ မကြားခဲ့ဘူး။ ဒါကြောင့် ဆောင်းပါး ဖတ်ခဲ့ရတဲ့ ဘီလူးမဈေးနားက မြောင်းကြီးဘေးမှာ ရှိတဲ့ ဓမ္မစာစောင်ဖြန့်တဲ့ အခန်းကို ပြန်သွားပြီး ဖတ်ကြည့်တဲ့အခါ 'သတ္ထာဒေ၀' ကို 'သတ္တာဒေ၀' လို့ ဆိုလိုက်တာကြောင့်ဆိုတာ သိရပါတယ်။ ဒီသီချင်းပိုဒ်ကလေးကို ထောက်ပြခဲ့တာပါဘဲ။

*(ဂုဏ်တော်ကိုးပါးမှ) သုံးဆယ့်တစ်ဘုံမှာ ဝေနေယျာ သတ္တ၀ါများ၏ အတုမရှိသော ဘုရား တဆူသာ၊ သတ္တာဒေဝ မနုဿါန ပရမေမြတ်ဂုဏ်တော် xxx
ဣတိပိသောဘဂ၀ါ အရဟံ သမ္မာသမ္ဗုဒ္ဓေါ၊ ၀ိဇ္ဇာစရဏ သမ္ပန္နော၊ သုဂတော၊ လောကဝိဒူ၊ အနုတ္တရော ပုရိသ ဒမ္မသာရထိ သတ္ထာဒေဝ မနုဿါနံ ဗုဒ္ဓေါ ဘဂဝါတိ။ ။

အခု ရွတ်လိုက်တဲ့ ဂုဏ်တော်ကိုးပါး ပါဠိတော်ကို မူလတန်းကျောင်းမှာ တက်ကြတဲ့ ခလေးတိုင်း ကျောင်းတက်ပြီ ဆိုတာနဲ့ ဘုရား ရှိခိုးကြရတာကြောင့်မို့ အလွတ်ရကြပါတယ်။ အားလုံးဟာ ရှေ့က ကျောင်းသားတွေ ရွတ်သလို လိုက်ပြီး ရွတ်ကြရင်းနဲ့ ရသွားကြတာသာ ဖြစ်ပါတယ်။ ဘုရားရှိခိုး စာအုပ်ထဲမှာ ဘယ်လိုရေးထားတာလဲ ဆိုတာ ဘယ်သူမှ မမြင်ဖူးကြပါဘူး။ မြင်ရင်လဲ ပတ်ဆင့်တွေ ဖတ်တတ်တဲ့ အရွယ်မှ မဟုတ်တာလေ။

ခလေးတွေဟာ “သမ္မာ သမုဒ္ဓေါကို သံမန်သံဗုတ်ဒေါ” လို့ အသံထွက်တာ၊ “၀ိဇာ ဆိုရင် ၀ိဇာ စရဏ သံမန်တော” လို့ ဆိုမယ်၊ “အနုတ္တရော ပုရိသ ဒမ္မသာရထိ ကို အနုတ်သရော ပူရိသ ဒ မသာရထိ” လို့ ဆိုတာပါ၊ “သတ္ထာဒေဝ မနုဿါနံ” ဆိုရင်လဲ မာအေးတို့ ခလေးထဲက မှားဆိုတာမျိုးလို သတ္ထာကို သတ္တာ လို့ဘဲ နှုတ်က စွဲနေကြမှာပါ။ ခု ကြည့်ပါလား - မှားတယ် ပြောတာနဲ့ ဟုတ်မဟုတ် စာအုပ် ကေါက်ကိုင်မှ သိခဲ့ရတာရှင့်။

'ပျက်အစဉ် ပြင်ခဏ' ဆိုတဲ့ စကါးတော့ ရှိတာပေါ့ရှင်၊ အသံသွင်းပြီး ထုတ်လုပ်ပြီးခဲ့တာတွေကို ခဏနဲ့ ပြင်လို့ မရတာက ခက်နေတာပါ။ တခုတော့ ရှိတာပေါ့လေ၊ နောက် ဆိုဖြစ်ကြဦးမယ့်သူတွေ အတွက်တော့ အဆင်သင့် ပြင်ပြီးသားလေး ဖြစ်သွားမှာပေါ့။ ပါဠိ မဖတ်နိုင်သေးတဲ့ ရင်သွေးငယ်တွေကိုလဲ ဘုရားရှိခိုး စသင်ပြီ ဆိုတာနဲ့ အသံထွက် မှန်မှန် ဋ္ဌာန်ကရိုင်းကျကျက စကြမှ၊ လေ့ကျင့်ပေးကြမှ အမှားလဲ မပြင်ရ ကုသိုလ်လဲ ပိုရ ဖြစ်လာမှာပါရှင်။ မာအေး နှုတ်ကျိုးနေတာကိုတော့ ပြင်လိုက်ပါပြီ။

*(ဂုဏ်တော်ကိုးပါးမှ) ပရမေဘုရား ကိုးပါးဂုဏ်တော်၊ နေ့စဉ် ညတိုင်း ရွတ်ဆိုကြသော်၊ ကျန်းမာ ချမ်းသာ ဘေးဘယာ ဝေးကွာ၊ ကိုယ်စိတ်နှစ်ဖြာ အေးမြတဲ့ သည်ဂုဏ်တော် xxx


ဘီဘီစီ အသံလွှင့်ဌာန http://www.bbc.co.uk/burmese/ ၏ ထုတ်လွှင့်ချက်ကို ကူးယူ ဖော်ပြသည်။