Monday, October 31, 2011

Saung Yun La - Seeing and Hearing and Believing Poem


''အသံငါး ရထားဖြစ်ဖို့ပဲ အရေးကြီးတယ်''
ဆောင်းယွန်လ၊ နိုဝင်ဘာ ၁၊

ဟလို...ဟလို...ရထားဖြစ်လား
ရထားဖြစ်တယ်ဆိုရင် ညောင်ကိုင်းပေါက်မယ်
ခင်ဗျားလည်းစစ်သား အသံငါးရထားဖြစ်တယ်ဆိုရင်ပြီးတာပါပဲ.....

သူသာ၊ကိုယ်ပြာပြီး သူWin၊ ကိုယ်Lose မယ့်
အပေါ်ယံ Win-Win သံခင်းတမန်ခင်းတွေထက်
ထမင်းတဆုပ် ဟင်းတလုပ်နဲ့
မနက်ခင်းတွေ အသက်ဝဝရှုနိုင်ဖို့အလုပ်က ပိုပြီးအရေးကြီးနေတယ်.....

ဧရာဝတီကိုတော့ စိတ်ကူးနဲ့မှန်း မလွမ်းချင်ပါဘူး....

ငါကျင့်ငါကြံ တငါတည်းငါ ကြံကြီးစည်ရာကြံဖို့ထက်
ရိုးရိုးကျင့် မြင့်မြင့်ကြံနိုင်မယ့်
အနာဂတ်ရဲ့ကလေးတွေ စာသင်ခန်းနဲ့မဝေးဖို့က ပိုပြီးအရေးကြီးနေတယ်...

တက္ကသိုလ်မြေ နေဝင်မှာကို စိုးရိမ်သလို
တနိုင်ငံလုံး နေဝင်မှာကိုလည်း မိုးပြိုမှာထက် ပိုပြီးစိုးရိမ်မိပါတယ်....

မလိမ့်တပတ် လက်အလုံးတထောင်မကခြားပြီး
ရှုပ်ရှုပ်ထွေးထွေးတွေကြား အာဏာယောင်ဖျောက်ထားဖို့ထက်
မှန်မှန်ကန်ကန်ပြောပြီး လေးလေးနက်နက်ညှိနှိုင်းဆွေးနွေးတတ်ဖို့က ပိုပြီးအရေးကြီးနေတယ်.....

မတရားတဲ့တရားရုံးမှန်သမျှကို သော့ခတ်ထားစေချင်သလို
အမှန်တရားအတွက် ထောင်တံခါးရွက်တွေကိုလည်း အမြဲတမ်းလှပ်ထားစေချင်ပါတယ်....

တောတလုံးတောင်တလုံး အမြီးအမောက်မတည့်တဲ့ စကားလုံးတွေကို
ကမ္ဘာကြိုကမ္ဘာကြား အူယားဖားယားလှည့်ပြီး ရေလဲသုံးစွဲနေဖို့ထက်
လူသတ်နေတဲ့ ဗုံးလက်နက်စစ်ပွဲတွေရပ်ပစ်ဖို့က ပိုပြီးအရေးကြီးနေတယ်...

ခါကာဘိုရာဇီတောင်ထိပ် စစ်အငွေ့အရိပ်တွေဖုံးမှာကို စိုးရိမ်သလို
တနိုင်ငံလုံး စစ်အသုံးစရိတ်တွေထဲက ရုန်းမထွက်နိုင်မှာကိုလည်း စိုးရိမ်မိပါတယ်...

ခေတ္တခဏ နားကိုငြိမ်သက်ပြီး နားရွက်ကိုထောင်ပါ လူကြီးမင်း
ယခု..ကျွန်ုပ်ခေါ်ဆိုနေသောစက်ဟာ ဆက်သွယ်မှုဧရိယာအတွင်းမှာသာရှိနေပါတယ်
ကျေးဇူးပြုပြီး...ခင်ဗျားရဲ့တော်ကီတွေထဲကို တရုတ်ကော်ပီတွေရောပြီး မဖျော်မိပါစေနဲ့
ကြာရင် ကမ္ဘာ့အပြေင်မှာ ငါနဲ့ငါတယောက်တည်း
ချောင်ပိတ်မိနေတဲ့ အမှောင်ဒိတ္ထိကြီးလည်းဖြစ်နေပါဦးမယ်........။                  ။


Cartoon Saw Ngo – flood in Burma

ကာတွန်း စောငို -  ၂၀၁၁ နှစ်ကုန် ဟောစာတမ်း
နိုဝင်ဘာ ၁၊ ၂၀၁၁

Human Rights Abuse in Tha Yet Prison - Reported


သရက်ထောင်တွင်း လူ့အခွင့်အရေးချို်းဖောက်မှုများ ဆိုးဝါး
မြန်မာနိုင်ငံနိုင်ငံရေးအကျဉ်းသားမိသားစုများအကျိုးဆောင်ကွန်ယက်
မိုးမခ၊ နိုဝင်ဘာ ၁၊ ၂၀၁၁
သရက်ထောင်အတွင်း အကျဉ်းသားအချို့ အဓမ္မရိုက်နှက်ခံရမှုများရှိနေခြင်းနှင့် အကျဉ်းသားများ၏ အထွေထွေလိုအပ်ချက်များအား ထောင်အာဏာပိုင်များမှ လစ်လျူရှုနေခြင်း သရက်အကျဉ်းထောင်တွင် ပြီးခဲ့တဲ့ အောက်တိုဘာ(၄)ရက် ၊ အင်္ဂါနေ့ညနေ ၅း၃၀လောက်က မိန်းဂျေးလ် ထောင်မှူး ဦးထိန်ဝင်းနှင့် တပ်ကြပ်ကြီးစောပတီးတို့က အပြင်ဘုတ်အကျဉ်းသား ဇော်မင်းလတ်ထံမှ ဆေးလိပ် (၁၅)လိပ်ရှာဖွေတွေ့ရှိခဲ့လို့ ၀မ်းလျားမှောက်ခိုင်းပြီး ပေါင်၊ခါးနှင့် ကျောကုန်းတို့အား ၀ါးစစ်ပိတ် တုတ်များဖြင့် အချက်(၂၅)ချက်ကျော် ပြင်းထန်စွာရိုက်နှက်ခဲ့ပြီး ညစ်ညမ်းစွာအော်ဟစ်ဆဲဆိုခဲ့ပါတယ်။
ဒါ့အပြင် “မင်းတို့အကျဉ်းသားတွေကို ရိုက်လို့မရတော့ဘူးလို့ ဘယ်ကောင်တွေပြောတာလဲ၊ ရိုက်လို့ရလို့ရိုက်တယ်ကွာ“ဆိုပြီး ဆက်လက်ရိုက်နှက်ခဲ့ပါတယ်။

လက်မရွံ့ ထောင်ဝန်ထမ်း အာဏာရှင်များ
တပ်ကြပ်ကြီးစောပတီိးဟာ ထောင်ပိုင်အဆက်ဆက်အားကိုးရတဲ့ လက်မရွံ့တွေထဲက တစ်ယောက်ဖြစ်ပါတယ်။ အမြဲတမ်း အရက်သေစာ သောက်စားမူးယစ်နေသူလည်းဖြစ်ပါတယ်။ ဒီလုပ်ရပ်အပေါ် အကျဉ်းသားများ မကျေမနပ်ဖြစ်နေကြပေမယ့် ထောင်ပိုင် ဦးဝင်းနိုင်လင်းနဲ့ ထောင်ပိုင်လေးတို့က မသိကျိုးကျွံ ပြုနေခဲ့ပါတယ်။ ယခုလို အကျဉ်းသားရဲ့ပြစ်မှုကိုအခြားနည်းနဲ့အရေးယူခြင်းမပြုဘဲ ပုံကြီးချဲ့ပြီး အငြိုးအတေးနဲ့ရိုက်နှက်ခဲ့မှုဟာ ဒီတစ်ကြိမ်တည်းမဟုတ်ပါ။
ပြီးခဲ့တဲ့လများကလည်း အကျဉ်းသားသန်းမင်းထွေးဆိုသူအား ၀န်ထမ်းကို မချေမငံပြန်ပြောလို့ဆိုပြီး
လက်ပြန်ကြိုးတုပ်၊ ခေါင်းကိုအ၀တ်အုပ်ပြီး ထောင်မှူးကြီးဦးလှအေး၊ ထောင်မှူးဦးညိုဝင်း၊ ထောင်မှူး ဦးမောင်မောင်ဝင်းနဲ့ဝန်းထမ်း(၆)ယောက်ခန့်က ၀ိုင်းရိုက်ခဲ့ကြပါတယ်။ (ဤရိုက်မှုကို ဦးဆောင်ခဲ့တဲ့ ထောင်ပိုင်လေး ဦးဝင်းလှိုင်၊ ထောင်မှူးကြီးဦးလှအေးနှင့်  ထောင်မှူးဦးမောင်မောင်ဝင်း တို့မှာ ဒီဖြစ်ရပ်နောက်ပိုင်း အခြားတာဝန်များဖြင့် ရဲဘက်စခန်း ၊ အခြားထောင်မျုားသို့ ပြောင်းရွေ့သွားကြပါပြီ) ။
ထို့အတူ တံခါးကြီးတာဝန်ကျဝန်ထမ်း တပ်ကြပ်ကြီးအောင်တင်ဝင်းမှာ ကျသစ်များ (ယခုမှရောက်လာသည့် အကျဉ်းသားသစ်) ရောက်လာပါက တံခါးကြီးရှာဖွေပြုလုပ်ရာတွင် အကျဉ်းသားသစ်များ၏ ကော်ဖီမစ်များဆယ်ထုပ်၊ အထုပ်နှစ်ဆယ်စသည့်ဖြင့် တခြားအစားအသောက်များကိုပါ နှိုက်ယူထားခြင်းများ ရှိနေပါသည်။ တာဝန်ခံ ထောင်အာဏာပိုင်မှ အရေးယူခြင်းမရှိပါ။
ဆက်လက်ပြီး အသက်(၆၀)နီးပါးရှိ သက်ကြီးအကျဉ်းသား ဦးတင်မောင်ဦးကို ထောင်လှန့်သံချောင်းခေါက်ခါနီး စားဖိုဆောင်တွင် ရေနွေးသွားယူလို့ဆိုပြီး ယခင်ထောင်မှူး ဦးမောင်မောင်ဝင်း နဲ့ တပ်သားဇော်ငြိမ်းအေး (ယခုနှတ်ထွက်သွားသူ) တို့က ပါးရိုက်ပြီး ထိုးကျိတ်ခဲ့ကြပါတယ်။ သူ့မိသားစု ထောင်ဝင်စာ လာတွေ့ခါနီးတွင် ကိုယ့်ဘာသာလဲကျလို့ မျက်နှာမှာ ဒဏ်ရာရကြောင်း ပြောဆိုရန် ထောင်ပိုင်ကြီး
ဦးဝင်းနိုင်လင်းက အထက်ပါဥပဒေမဲ့ လူသားချင်း မစာနာပဲရိုက်နှက်ခဲ့မှုများ(၅)ကြိမ်လောက် ဖြစ်ပွားခဲ့ပါတယ်။  သို့သော် မည့်သည့် အမှုထမ်း၊ အရာထမ်း မှ အရေးယူခံရခြင်း မရှိခဲ့ပါ။

သရက်ထောင်မှ ငရဲခန်းများ
သရက်အကျဉ်းထောင်သည် အစဉ်အဆက်မှ ယနေ့တိုင် နာမည်ဆိုးဖြင့် ကျော်ကြားနေတဲ့ထောင်ဖြစ်ပါတယ်။ သရက်အကျဉ်းထောင်တွင် အကျဉ်းသားအများစုမှာ ထောင်ဝင်စာ မလာနိုင်သူများ ဖြစ်ပါတယ်။ ထောင်မှကျွေးသော ထမင်းတွင် မကြာခဏ ကျောက်ခဲများပါရှိခြင်း၊ ပဲဟင်းများအရည်ကျဲခြင်း၊ တစ်ပတ်နှစ်ကြိမ်ကျွေးသော အသားတုံးမှာသေုးငယ်ပြီး အလေးချိန် မပြည့်သည့် အပြင် ချက်ပြုတ်ကျွေးမွေးရာမှာလည်း လုံလောက်သည့်အဟာရမပါရှိပါ။ ကျန်းမာရေး စောင့်ရှောက်မှုတွင် ဆေးဝါး မလုံလောက်ခြင်း၊ ကျန်းမာရေးမကောင်းသူများအတွက် ဘာမီတွန်နှင့် ပါရာစီတမောပင် မလုံလောက်ခြင်း၊ မရရှိခြင်းတို့ကြုံတွေ့နေရပြီး ထောင်ဆေးရုံတွင်လည်းး ဆေးဝါးနဲ့အဟာရချို့တဲ့မှုကြောင့် အကျဉ်းသားအချို့ မကြာခဏ သေဆုံးမှုများရှိနေပါတယ်။
အဓိကပြသနာမှာ ထောင်ဆရာဝန်သည် အပြင်၌ ဖွင့်လှစ်ထားသည့် ဆေးခန်းတွင်သာ အချိန်များနေပြီး ထောင်တွင်းလူနာများအတွက် နေ့စဉ်နံနက်(၈)မှ(၁၀)နာရီ အထိသာ စစ်ဆေးပေးသည့်အတွက် များပြားလှတဲ့ အကျဉ်းသားလူနာများမှာ အခက်ကြုံနေကြရပါသည်။ ဆေးဖိုးမတတ်နိုင်သည့်လူနာများအားထောင်မှစိုက်ထုတ်ကုသပေးခြင်းမပြုလို့ ကျန်းမာရေး မကောင်းသူများ၊ ရောဂါပိုမို ဆိုးရွားသူများ တစ်နေ့တစ်ခြားတိုးပွားနေပါတယ်။

ထောင်တွင်း အကျင့်ပျက်၊ ခြစားနဲ့ ပျက်စီးမှုများ
အကျဉ်းသားများ၏ ဂုဏ်သိက္ခာလုံခြုံရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ၊ စားသောက်မှု ရပိုင်ခွင့်စကေးများအား တဖြည်းဖြည်းချင်း ဆုတ်ယုတ်လာသော်လည်း ထောင်အရာရှိများမှာ တစ်နေ့တခြား ၀င်ငွေတိုးရန် အချင်းချင်း စားကျက်လုမှုများ၊ ဘောက်ချာ (ပိုက်ဆံရှိ ကျ/ သစ် အကျဉ်းသား) လုမှုများ ၊ ငွေစာရင်းအင်းအတိုး အလျှော့ပြုလုပ်နေမှုများ၊ အကျဉ်းသားရိက္ခာထဲမှ ကိုယ်ကျိုးအတွက်နှုတ်ယူမှုများ စတဲ့လျှို့ဝှက်ကိစ္စများကို အထက်က မရိပ်မိ မသိရှိစေရန် နည်းမျိုးစုံ သုံးလျှက် နိုင်ငံရေးအကျဉ်းသားများနှင့် အခြား  အကျဉ်းသားများကို ရန်တိုက်ပေးခြင်း၊ အထင်အမြင်လွဲမှားစေရန် ကောလဟာလများ ထုတ်လွင့်ခြင်း
ပြဿနာများတစ်ခုပြီးတစ်ခုဖန်တီးကာ အာရုံလွဲစေခဲ့ပါတယ်။
ထောင်ပိုင်ကြီးဦးဝင်းနိုင်လင်းဟာ စစ်တပ်မှလာသူဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားများ အပေါ်သဘောထားတင်းမာသူဖြစ်ပါတယ်။ အကျဉ်းထောင်ကိုလည်း စစ်တပ်ပုံစံအတိုင်း အုပ်ချုပ်လိုသူဖြစ်ပြီး အကျဉ်းသားများ၏ တင်ပြချက် မှန်တမျှ စောဒကတက်သည်ဟု မှတ်ယူလေ့ရှိသူဖြစ်သည်။
 “ဘာမှအခက်အခဲမရှိ အားလုံးကောင်းပါသည်” ဟုပြောစေချင်သူဖြစ်သည်။
သရက်အကျဉ်းထောင်တွင် ယနေ့တိုင် ကိုလိုနီစရိုက်ဖြင့်အုပ်ချုပ်နေခြင်း၊ လူသားချင်း စာနာထောက်ထားမှုကင်းမဲ့နေခြင်း။ အကျဉ်းသားတို၏ လူဂုဏ်သိက္ခာကို စော်ကားနေခြင်း၊ လူသားတို့၏ တန်ဘိုးများကို နှိမ့်ချနေခြင်းတို့ကြောင့် “အကျင့်စာရိတ္တသင်တန်းကျောင်းကြီးပမာဖြစ်ရေး” ဆိုသည့်အစိုးရသစ်၏ ရည်ရွယ်ချက်မှာ မည်သည့်အခါမှ အောင်မြင်မည်မဟုတ်ပါ။

သရက်ထောင်အကျဉ်းသားများ (သရက်အကျဉ်းထောင်)
အောက်တိုဘာ ၂၀၊ ၂၀၁၁
နိုင်ငံရေးအကျဉ်းသားမိသားစုများအကျိုးဆောင်ကွန်ယက်။ သတင်နှင့်ပြန်ကြားရေးဆပ်ကော်မတီ
(၃၁-၁၀-၂၀၁၁)
မှတ်ချက်။ ။ သရက်အကျဉ်းထောင်အတွင်းရှိ အကျဉ်းသားများ၏ လက်ရှိ သရက်ထောင်တွင်း
ဖိနှိပ်ခံရမှုများအား ထုတ်ဖော်တင်ပြထားသည့် စာဖြစ်ပါသည်။

Third Hunger Strike in Insein Prison under new Regime


သမ္မတဦးသိန်းစိန် အစိုးရအာဏာရယူပြီးနောက် အင်းစိန်အကျဉ်းထောင်တွင်း၌ တတိယအကြိမ်မြောက် အစာငတ်ခံဆန္ဒပြမှုနဲ့ အချက်အလက်များ
မြန်မာနှိုင်ငံ နိုင်ငံရေးအကျဉ်းသားမိသားစုများအကျိုးဆောင်ကွန်ယက် ထုတ်ပြန်ချက်
မိုးမခ၊ နိုဝင်ဘာ ၁၊ ၂၀၁၁
(အစာငတ်ခံဆန္ဒပြမှု ၃ ကြိမ်)
      အင်စိန်အကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသားများ၏ ၂၆.၁၀.၂၀၁၁နေ့ မှစတင်သည့် အစာငတ်ခံဆန္ဒ ပြမှုသည် သမ္မတဦးသိန်းစိန်အစိုးရ အာဏာရယူပြီးနောက်ပိုင်း တတိယအကြိမ်မြောက် ဖြစ်ပွားခဲ့ခြင်းဖြစ်ပါသည်။
              ပထမအကြိမ်ဆန္ဒပြမှုကို (မေ ၁၇၊ ၂၀၁၁) တွင် နိုင်ငံရေးအကျဉ်းသူ မသန္တာ၊ မခင်ခင်နု၊ ဒေါ်ယဉ်ကြည် စသည်တို့ ပါဝင်ခဲ့သည်။ နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်အပေါ် အစာငတ်ခံ၍ ဝေဖန်ဆန္ဒပြခဲ့ခြင်းဖြစ်ပါသည်။
              ဒုတိယအကြိမ်ဆန္ဒပြမှုသည် (မေ ၂၂၊ ၂၀၁၁) ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသား ကိုဥာဏ်ထွန်းလင်း၊  ကိုညီညီထွန်း၊ ကိုအောင်ကျော်စိုး အပါအ၀င် ၁၇ ဦးက အကျဉ်းသားတို့၏ စာရေး စာဖတ်၊ စားသောက်နေထိုင် မှုများနှင့်ဆိုင်သော၊ အကျဉ်းထောင်လက်စွဲဥပဒေပါ အခြေခံရပိုင်ခွင့်များ () ချက်ကို တောင်းဆိုဆန္ဒပြခဲ့ခြင်းဖြစ်ပါသည်။
              ယခု တတိယအကြိမ်ဆန္ဒပြမှုကို (အောက်တိုဘာ ၂၆၊ ၂၀၁၁) (ဗုဒ္ဓဟူး) နေ့ တွင် နိုင်ငံရေးအကျဉ်းသား ကိုဥာဏ်ထွန်းလင်း၊ ကိုသော်ဇင်၊ ကိုကောင်းမြတ်လှိုင် တို့အပါအ၀င် (၁၅) ဦးက၊ အကျဉ်းထောင်လက်စွဲဥပဒေပါ "လျှော့ရက်ခံစားခွင့်များပြန်လည်ရရှိရေး" ()ချက်တည်းကို အစာငတ်ခံဆန္ဒပြတောင်းဆိုနေကြခြင်းဖြစ်ပါသည်။
              ၂၆.၁၀.၂၀၁၁ ရက်နေ့ ဆန္ဒပြမှု၏ တောင်းဆိုချက်ဖြစ်သောလျှော့ပေါ့ရက်များ ခံစားခွင့်ရရေးအစာငတ်ခံဆန္ဒပြမှုသည် ပထမဦးဆုံးအကြိမ်ဆန္ဒပြမှု မဟုတ်ဘဲ ဒုတိယအကြိမ် မြောက်ဖြစ်သည်ဟုသိရှိရသည်။
(လျှော့ပေါ့ရက်များ ခံစားခွင့်ရရှိရေး ဆန္ဒပြပွဲများ)
              လျှော့ပေါ့ရက်များခံစားခွင့်ရရှိရေး ပထမအကြိမ်ဆန္ဒပြမှုမှာ ၁၉၉၈ ခုနှစ်တွင် သာယာဝတီထောင်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တောင်းဆိုလှုပ်ရှားမှုဖြစ်ပေါ်လာရသည့်အကြောင်း အရင်းမှာ စစ်အာဏာရှင်တို့၏ အကြွင်းမဲ့ဖိနှိပ်မှုကြောင့်ဖြစ်ပါ သည်။
              ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့တွင် ပြည်သူ့ဒီမိုကရေစီရေးလှုပ်ရှားမှုကြီးကို လက်နှက်ဖြင့်အကြမ်းဖက်ဖြိုခွဲခဲ့ပြီး၊ စစ်ခေါင်းဆောင်တို့မှ အာဏာ သိမ်းပိုက်ခဲ့ပါသည်။ ရေရှည်အာဏာထိန်းချုပ်နိုင်ရေးအတွက် နိုင်ငံရေး၊ စစ်ရေး နည်းတွေနှင့် ဆက်လက် တိုက်ခိုက်ဖိနှိပ်ခဲ့ပြီး အထူးသဖြင့်မြို့ပြနိုင်ငံရေးလှုပ်ရှားမှုများကို ဖြိုခွဲရာ၌ အစုလိုက်အပြုံလိုက်ဖမ်းဆီးခြင်း၊ နှစ်ရှည်ထောင်သွင်း အကျဉ်းချထားခြင်း စသည့်နည်းလမ်းများကို အဓိက ထားကျင့်သုံးခဲ့ပါသည်။
              ၁၉၈၈ အာဏာသိမ်းပြီးချိန်မှစတင်၍ ဒီမိုကရေစီရေးလှုပ်ရှားသူများကို အစုလိုက်အပြုံလိုက် ဖမ်းဆီးပြီး ယနေ့အချိန်ထိ နှစ်ရှည်ထောင်ဒဏ်များနှင့်အကျဉ်းချထားခဲ့ပါသည်။ ၁၉၉၈ ခုနှစ် ကာလများ အထိ နိုင်ငံရေး အကျဉ်းသားများအား ( ) အဆင့် ထောင်လျှော့ပေါ့ရက်များကို ခံစားခွင့်ပေးခဲ့ပါသည်။
              နိုင်ငံရေးအကျဉ်းသားများသည် ထောင်မှပြန်လည်လွတ်မြောက်ပြီးနောက်ပိုင်း ဒီမိုကရေစီရေးလှုပ်ရှား မှုများတွင် ဆက်လက်ပါဝင်ခဲ့ ကြပြီး ၁၉၉၆ ခုနှစ် ဒီဇင်ဘာကျောင်းသားလှုပ်ရှားမှုအပါအ၀င် စစ်အာဏာ ရှင်တော်လှန်ရေးကို အဆင့်တိုင်းနေရာတိုင်းတွင် ဆင်နွှဲနိုင်ခဲ့ခြင်းတို့ကြောင့် အာဏာပိုင်တို့အနေဖြင့် ဒီမိုကရေစီလှုပ်ရှားမှုအားဟန့်တားနိုင်ရန် နှစ်ရှည်ထောင်ဒဏ်အပြင် ထောင်လက်စွဲဥပဒေပါ လျှော့ရက်ခံ စားခွင့်များဖြတ်တောက်ခြင်းဖြင့် နိုင်ငံရေးအကျဉ်းသားများမလွတ်မြောက်စေရန် အဆင့်တိုးဖိနှိပ်ခဲ့ပါသည်။
              လျှော့ရက်ခံစားခွင့်များမရရှိတော့သဖြင့် ကျနှစ်အတိုင်း ၁၀ နှစ်ကျလျှင် ၁၀ နှစ်အပြည့်၊ ထောင်တွင်း အကျဉ်းချထားရေးပေါ်လစီကို စတင်ကျင့်သုံးခဲ့ပါသည်။
              ၁၉၈၉ ခုနှစ် ဇူလိုင်လတွင် ဖမ်းဆီး ထောင်ချခံရသည့် ( ၄၈/ ၂၈ ) ယူဂျီ အမှုတွဲများအပါအ၀င် မြေအောက်လှုပ်ရှားသူများအား ပထမဦးဆုံး လျှော့ရက်ခံစားခွင့်များကို ပိတ်ပင်ရာ၌ စတင်ကျင့်သုံးခဲ့ပါသည်။ ၎င်းအမှုတွဲများထဲမှ ၁၀ နှစ်ပြစ်ဒဏ်        ( ပြောင်းလဲ ) ကျခံနေရသူများသည်။ ပုံမှန်လျှော့ပေါ့ရက်များကိုရရှိပါက ၁၉၉၆ ခုနှစ် အောက်တိုဘာ လတွင် ပြန်လည်လွတ်မြောက်ရမည်ဖြစ်ပါသည်။ သို့သော်လည်း အကျဉ်းအာဏာပိုင်တို့ မှ ၁၉၉၆ ခုနှစ် သြဂုတ်လတွင် လာရောက်တွေ့ဆုံ၍ ထောင်ကျရုံး၏စာရင်းအရ ၁၉၉၆ ခုနှစ် အောက်တိုဘာလတွင် လျှော့ပေါ့ရက်များနှင့်အညီ ပြန်လည်လွတ်မြောက်မည်ကိုသိရှိကြောင်း နိုင်ငံရေးအကျဉ်းသားများအား လက်မှတ်ထိုးခိုင်းခဲ့ပါသည်။
              ၁၉၉၆ ခုနှစ် အောက်တိုဘာလ သို့ရောက်သောအခါ စာရင်းအရ ပထမဦးဆုံး လွတ်မြောက်မည့်သူဖြစ်သည့် ဦးဝင်းကြည် မှ ဘာကြောင့်မလွှတ်ပေးသလဲဟုတင်ပြမေးမြန်းခဲ့ပါသည်။ ထိုအချိန်မှစ၍ အာဏာပိုင်တို့သည် တိကျသည့်အဖြေမပေးဘဲ အချိန်ဆွဲထားခဲ့ပြီး ၁၉၉၇ ခုနှစ် တစ်နှစ်လုံး ထောင် လက်စွဲဥပဒေကိုချိုးဖောက်၍ အကျဉ်းချထားခဲ့ပါသည်။
              အကြိမ်ကြိမ်တင်ပြတောင်းဆိုမှုများကြောင့် ထောင်ပိုင် ကြီးဦးဝင်းမြင့် မှ လျှော့ရက်ခံစားခွင့်များကို မပေးတော့ကြောင်း တရားဝင်ပြောကြားခဲ့ပြီး မိမိတို့ အကျဉ်းဦးစီး ဌာနအနေဖြင့် လွှတ်ပေးရန် စာရင်းတင်ပြီးဖြစ်သောကြောင့် ယခုလိုမလွတ်သေးသည်မှာ မိမိတို့တာဝန်မဟုတ် တားမြစ်မိန့်ညွှန်ကြားထားသည့် စစ်ထောက်လှမ်းရေးအဖွဲ့နှင့်သာ အဓိကသက်ဆိုင် ကြောင်း ပြောကြားခဲ့ပြီး တင်ပြမှုများကို လစ်လျှူရှုထားခဲ့ပါသည်။

(လျှော့ရက်ခံစားခွင့်၊ အစာငတ်ခံဆန္ဒပြပွဲ၊ သာယာဝတီထောင်)
              ထိုကဲ့သို့ စစ်အာဏာပိုင်တို့၏ ဖိနှိပ် ယုတ်မာမှုများကို တုန့်ပြန်ရန်အတွက် ၁၉၉၈ ခုနှစ် မေလ ၁၁ ရက်နေ့တွင် ( အကျဉ်းသား ရပိုင်ခွင့်လျှော့ရက်များရရှိရေး ) တောင်းဆိုချက် () ချက်တည်းကို ကိုအောင်ကျော်မိုး၊ ကိုသိန်းဇော်၊ ကိုခင်မောင်ကြည်၊ ကိုသိန်းထူး၊ ကိုမြင့်ရီ၊ ကိုကျော်ဦးညို၊ ဦးအောင်သန်း တို့ အစာငတ်ခံ ဆန္ဒပြတောင်းဆိုခဲ့ကြပါသည်။
              ထိုသို့ကြေညာလိုက်သည်နှင့် တပြိုင်နက်အကျဉ်းထောင်လုပ်ထုံး လုပ်နည်းပုံစံများတွင် လက်မှတ်ထိုးခိုင်းပြီး တစ်ဦးချင်းစီခွဲထုတ်တိုက်ပြောင်းခဲ့ပါသည်။ ရန်ကုန်ထောင်အုပ်စု မှူးဦးရွှေကျော်မှ လာရောက်ချိမ်းခြောက်ဟန့်တားခဲ့သော်လည်း နိုင်ငံရေးအကျဉ်းသား () ယောက်မှ ဆက်လက်ဆန္ဒပြခဲ့ကြပါသည်။ ထိုအချိန်တွင် အပူလှိုင်းဖြတ်နေသည့်ကာလဖြစ်ပြီး အလွန်နေပူပြင်း ချိန်တို့တွင် ဆန္ဒပြနိုင်ငံရေးအကျဉ်းသားများအား ရည်ရွယ်ချက်ရှိရှိဖြင့် အားနည်းချိနဲ့သွားစေရန် ထောင်တွင်းတစ်နေရာမှတစ်နေရာသို့ မေးမြန်းစစ်ဆေးရန်အကြောင်းပြကာ မကြာခဏခေါ်ထုတ်ခဲ့ပါသည်။
              ဆာလောင် မွတ်သိပ်မှုဒဏ်၊ ရေငတ်ပင်ပန်းသည့်ဝေဒနာများ ခံစားနေရသော နှစ်ရှည် နိုင်ငံရေးအကျဉ်းသားများ ကို (၂၅ CC) ဆေးထိုးပြွန်ဖြင့်၊ တစ်နေ့လျှင် () ကြိမ်၊ စုစုပေါင်း (၇၅ CC) ရေပမာဏသာ သောက်ခဲ့ရပါ သည်။ မည်သည့်အရာဝတ္ထု မည်သည့်အကျဉ်းသားမှမရှိသော တိုက်ခန်းထဲတွင် ၀ါဒါအစောင့် ၂- ယောက် စောင့်ကြည့် မှုဖြင့်ထားရှိခဲ့ပါသည်။
              ဆန္ဒပြတောင်းဆိုသူများသည် အာဟာရပြတ်အားနည်း၍ သတိလစ်မေ့မျှော ကုန်ပါသည်။ ထိုအချိန်ကျမှသာ အာဏာပိုင်တို့မှ ထောင်တွင်းဆေးရုံသို့ ပို့ဆောင်ခဲ့ကြပြီး၊ ဆန္ဒပြမှုအားရပ် တန့်စေခဲ့ပါသည်။ ၁၉၉၈ ခုနှစ် မေလ ၁၆ ရက်နေ့ ညနေပိုင်းတွင် အစာငတ်ခံတိုက်ပွဲတွင်ကျန်ရှိနေသူ ကိုအောင်ကျော်မိုး သည် တိုက်ပွဲဝင်လျှက်ကျဆုံးသွားပြီဖြစ်ကြောင်း ၎င်း၏ရဲဘော်များမှ ကြားသိခဲ့ရပါသည်။
              အသက်မသေဘဲ ကျန်ရစ်သူများကို ၁၉၉၈ ခုနှစ် ဇွန်လ ၁၆ ရက်နေ့တွင် ဝေးလံလှသောထောင်များသို့ တစ်ဦး ချင်းစီခွဲထုတ်ထောင်ပြောင်းခဲ့ပါသည်။ ထိုအချိန်မှစ၍ ထောင်လက်စွဲဥပဒေပါ လျှော့ပေါ့ရက်များကို အမှုတွဲ၊ ဖြစ်စဉ် အဖွဲ့အစည်းအလိုက် တစ်ဆင့်ချင်းစီ ယနေ့အချိန်အထိ ပိတ်ပင်ခဲ့ပါသည်။
              အင်းစိန်အကျဉ်း ထောင်၌လည်း ၁၉၉၈ ခုနှစ်  အောက်တိုဘာလတွင် ထောင်ပိုင် ဦးလူလှ ၏ခွင့်ပြုချက်အရ အကျဉ်းတိုက်ကြီး အရာရှိ ဦးမြသိန်း မှ လျှော့ပေါ့ရက်များကို အထက်မှဖြတ်ခိုင်း၍ မပေးတော့ကြောင်း နိုင်ငံရေးအကျဉ်းသားများအားတရား ၀င်ပြောကြားခဲ့ပါသည်။ 

(သူရဲကောင်းအောင်ကျော်မိုး အသက်စွန့်ခဲ့သည့် လက်ဆင့်ကမ်းတိုက်ပွဲ )
              န၀တ/ နအဖ အစိုးရလက်ထက် ကျင့်သုံးခဲ့သော နိုင်ငံရေးအကျဉ်းသားများ ကိုသာလျှော့ပေါ့ရက် ဖြတ်တောက်ခြင်း ပေါ်လစီကို ယနေ့ ဦးသိန်စိန်အစိုးရလက်ထက် ဆက်လက်ကျင့်သုံးနေ ပါသဖြင့်တိုင်း ပြည်နှင့်လူထုအပေါ်တကယ်ကောင်းကျိုးလိုလားပါသည်ဆိုသော စကားကိုယုံကြည်ရန်မဖြစ်  နိုင်တော့ပါ။
              အာဏာသိမ်းစစ်အာဏာရှင်အစိုးရ၏ လူ့အခွင့်အရေးချိုးဖောက်မှုများ အာဏာအလွဲသုံးစားမှုများ နိုင်ငံရေး အကျဉ်းသားများ ပြန်လည်မလွတ်မြောက်နိုင်စေရန် နည်းအမျိုးမျိုးနှင့် တားဆီးခြင်း စသည့်ဖိနှိပ်မှု တို့ကို နိုင်ငံ ရေးအကျဉ်းသားများသည် ဂုဏ်သိက္ခာနှင့်အညီ အသက်စွန့်ခုခံတိုက်ပွဲဝင်ခဲ့ကြပါသည်။
              ကိုအောင်ကျော်မိုး သည်  ၁၉၈၈ ခုနှစ်မှသည် ယနေ့အချိန်အထိ တရားမျှတသော အခွင့်အရေးအတွက် ရန်သူ့ အကျဉ်းထောင် အတွင်း အစာငတ်ခံတိုက်ပွဲဝင်လျှက် ပထမဦးဆုံးနှင့် တစ်ဦးတည်းသော ကျဆုံးခဲ့သည့် သူရဲကောင်းဖြစ်ပါ သည်။
              ယနေ့ ဦးသိန်းစိန် အစိုးရလက်ထက် ၂၆.၁၀.၂၀၁၁ ရက် အင်းစိန်အကျဉ်းထောင်အတွင်း အစာငတ်ခံ ဆန္ဒပြတိုက်ပွဲဝင်မှုသည် လွတ်လပ်မှု တရားမျှတမှု တို့အတွက် ဂုဏ်သိက္ခာမြင့်မားသော သူရဲကောင်းတို့၏ လက်ဆင့်ကမ်းတိုက်ပွဲဝင်မှုအဖြစ် နိုင်ငံရေး အကျဉ်းသားမိသားစုများအကျိုးဆောင်ကွန်ယက်မှ ဂုဏ်ပြုမှတ်တမ်း တင်အပ်ပါသည်။


Suu Said People First and they have suffered enough


ပြည်သူတွေကို အားကိုးတယ်၊ လူထုထောက်ခံမှဖြစ်မယ်။ ပြည်သူတွေဟာ အတော်ကို အပူဒဏ်ခံနိုင်နေပြီ
နိုင်ငံတော်ရဲ့ ရှေ့မှာ ပြည်သူရှိတယ် …
ဒေါ်အောင်ဆန်းစုကြည်၊ အောက်တိုဘာ ၃၁၊ ဗေဒါစာကြည့်တိုက်ဖွင့်ပွဲတွင် ဟောပြော
အသံနှင့် ဓာတ်ပုံဖိုင် - အင်န်အယ်ဒီပြန်ကြားရေး၊ နိုဝင်ဘာ ၁၊ ၂၀၁၁

The Art of Freedom Movie Festival Press Confrence





လွတ်လပ်ခြင်းအနုပညာ ရုပ်ရှင်ပွဲတော် စာနယ်ဇင်းမိတ်ဆက်
တာရာဝေယံ၊ ရန်ကုန်၊ နိုဝင်ဘာ ၁၊ ၂၀၁၁
အောက်တိုဘာ ၃၁ မနက် ၁၀ နာရီက ရန်ကုန်မြို့၊ ဓမ္မစေတီလမ်း၊ အမှတ် ၁၂၆ မှာ ရှိတဲ့ Relax ဆိုင်မှာ လွတ်လပ်ခြင်း အနုပညာရုပ်ရှင်ပွဲတော် (The Art of Freedom Film Festival 1- 4 January 2012) စာနယ်ဇင်းမိတ်ဆက်ပွဲ ကျင်းပခဲ့ပါတယ်။

  ( ကျော်သူ၊ ၀င်းငြိမ်း၊ မောင်မိုးသူ၊ နဲ့ ဧည့်သည်တော်များ၊ စာနယ်ဇင်းသမားများ)
အခမ်းအနားမှူးအဖြစ် ငှက်ပြောကျော်က ဆောင်ရွက်ခဲ့ပြီး ကိုဇာဂနာနဲ့ ဒါရိုက်တာမင်းထင်ကိုကိုကြီးတို့က ရုပ်ရှင်ပွဲတော် စတင်ဖြစ်ပေါ်လာပုံနဲ့ ရည်ရွယ်ချက်၊ အကြောင်းအရာ၊ ဆုချီးမြှင့်ခြင်း၊ နောက်ဆက်တွဲ အစီအစဉ်၊ ပြိုင်ပွဲဝင်ဇာတ်ကားများ၏ အရည်အသွေးသတ်မှတ်ချက် စသည်တို့ကို ရှင်းလင်းတင်ပြကြပါတယ်။
"ကျနော်ထောင်က လွတ်လာတော့ လေယာဉ်ပေါ်မှာ အတွေးတခုရတယ်။ ကျနော်လွတ်ပေမယ့် သူငယ်ချင်းတွေ မလွတ်သေးဘူး၊ အဲဒီအစီအစဉ်အတွက် လွတ်လပ်ခြင်းအကြောင်းကို documentary film လေးတခု ရိုက်ပါလားလို့ အန်တီစုက ပြောတယ်။ ကျနော်က နဲနဲကွန့်ပြီး ပြည်သူလူထုအများစု ပါဝင်ရိုက်ကူးကြတဲ့ လွတ်လပ်ခြင်းနဲ့ ပတ်သက်တဲ့ documentary film တွေ ရှိလာရင် ကောင်းမှာပဲလို့ ရခဲ့တဲ့ စိတ်ကူးက အခုလို လွတ်လပ်ခြင်း အနုပညာရုပ်ရှင်ပွဲတော် ဖြစ်လာခဲ့တာပါ"
လို့ ကိုသူရခေါ် ကိုဇာဂနာက ပြောကြားခဲ့ပါတယ်။
(မကြာမီကလွတ်မြောက်လာသူ နီမိုလှိုင်)
တက်ရောက်ကြတဲ့ စာနယ်ဇင်းသမားတွေရဲ့ အမေးတွေကို ပြန်လည်ဖြေကြားပြီး အခမ်းအနားကို နေ့လည် ၁၂ နာရီမှာ အဆုံးသတ်ခဲ့ကြောင်း သတင်းရရှိပါတယ်။

  ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ကိုင်နေစဉ် စစ်အစိုးရရဲ့ ဖမ်းဆီးထောင်ချခြင်းကို ခံခဲ့ရတဲ့ ကိုဇာဂနာကို ၂၀၀၈ ခုနှစ်မှာ ဥရောပအခြေစိုက် အနုပညာလွတ်လပ်ခွင့် အဖွဲ့အစည်းတခုက Freedom to Create Prize ဆုချီးမြှင့်ပေးခဲ့ဖူးပါတယ်။ အဲသည်ဆုကို  လန်ဒန်ရောက် မိတ်ဆွေ ပန်းချီထိန်လင်းက ကိုယ်စားရယူခဲ့ပြီး အမေရိကန်ရောက် ကိုဇာဂနာ့ဇနီးနဲ့ သား၊ သမီးတို့ထံ ပေးအပ်ခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်အတွက် Freedom to Create Prize မှာလည်း မြန်မာပြည်ကိုယ်စားပြု အနုပညာသည်တွေ ရရှိကြလိမ့်မယ်လို့ ထင်ကြေးပေးနေကြပါတယ်။ အဲသည် ဆုချီးမြှင့်ပွဲမှာ ကိုဇာဂနာက သူ့ကို ဆုချီးမြှင့်ခဲ့တဲ့ Freedom to Create Prize အဖွဲ့ကို အဝေးရောက် ရုပ်သံနဲ့ ကျေးဇူးစကားပြောမှာ ဖြစ်ကြောင်းလည်း သိရှိရပါတယ်။
" အကျဉ်းစံဘ၀မှာတုန်းက အဲသည်လိုမျိုး ဆုရခဲ့ဖူးတဲ့ ကိုဇာဂနာ က သူကိုယ်တိုင် လွတ်မြောက်လာချိန်မှာ မြန်မာပြည်တွင်းမှာ သူကိုယ်တိုင်က လွတ်မြောက်တဲ့ အနုပညာတွေ ဖန်တီးခွင့်ရဖို့၊ ပြည်သူလူထုနဲ့အတူ ဂုဏ်ပြုချီးမြှင့်ခွင့် ရနိုင်ဖို့ ကြိုးစားတဲ့ လုပ်ငန်းဟာ အလွန် အချိန်အခါသင့်တဲ့ လုပ်ရပ်ပဲ ဖြစ်တယ်"
လို့ စာနယ်ဇင်းဆရာတဦးက သုံးသပ်လိုက်ပါတယ်။

Ku Mo Jo - Cartoon


ကာတွန်း ကူမိုးကြိုး - ကိုယ်ချင်းစာ နာတတ်ခဲ့ပြီ
နိုဝင်ဘာ ၁၊ ၂၀၁၁

Sunday, October 30, 2011

ဇင်းမယ်မှာ တင်ဆက်တဲ့ တို့အားလုံးရဲ့ ဧရာဝတီ

ဓာတ်ပုံသတင်း
အောက်တိုဘာ ၃၁၊ ၂၀၁၁

ယမန်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ပြုလုပ်သည့် "တို့အားလုံးရဲ့ ဧရာဝတီ"
ဂုဏ်ပြုတင်ဆက်မှု (ဓာတ်ပုံများ -မိုးမခ)

ပန်းသီး၊ မြစပယ်ငုံ

ပန်းသီး၊ မြစပယ်ငုံ
ပန်းသီး၊ ကြယ်သီး

သီးညီနောင်မောင်နှမများ

Suu meets 4th time with Aung Kyi

ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရကိုယ်စားလှယ် ဦးအောင်ကြည် ၄ကြိမ်မြောက် တွေ့
ဓာတ်ပုံသတင်း၊ (ဦးသန္တာဘလောက်၊ ဒေါက်တာလွဏ်းဆွေဘလောက်)၊ အောက်တိုဘာ ၃၁၊ ၂၀၁၁

 
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်တို့ စတုတ္ထအကြိမ်အဖြစ် အောက်တိုဘာလ ၃၀ ရက်နေ့က ရန်ကုန်မြို့ရှိ စိမ်းလဲ့ကန်သာ ဧည့်ဂေဟာမှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်

အဲဒီဆွေးနွေးပွဲမှာ တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက်နှင့် ငွေကြေးဆိုင်ရာကိစ္စ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနဲ့ ထာဝရငြိမ်းချမ်းရေး ရရှိရန်ကိစ္စ၊ လွတ်ငြိမ်းချမ်းသာခွင့် ပေးသင့်သူများကိစ္စကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ ဆွေးနွေးပွဲအပြီး သတင်းထုတ်ပြန်ပါတယ်။ ဒါပေမယ့် ဆွေးနွေးပွဲရဲ့ ရလဒ်တွေကိုတော့ ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။

Photos: AP, Reuters, Getty Images

နအဖ စစ်အစိုးရ လက်ထက် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည်တို့ တွေ့ဆုံခဲ့မှုများ

၁။ ၂၀၀၇ ခုနှစ် အောက်တိုဘာလ ၂၅ ရက်
၂။ ၂၀၀၇ ခုနှစ် နိုဝင်ဘာလ ၉ ရက်
၃။ ၂၀၀၇ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်
၎။ ၂၀၀၈ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်
၅။ ၂၀၀၈ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်
၆။ ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၃ ရက်
၇။ ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၇ ရက်
၈။ ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၉ ရက်
၉။ ၂၀၁၀ ပြည့်နှစ် ဇန်နဝါရီလ ၁၅ ရက်

ဗိုလ်သိန်းစိန်ရဲ့ ကြံ့ဖွံ့အစိုးရ လက်ထက်တွင် တွေ့ဆုံမှုများ

၁။ ၂၀၁၁ ခုနှစ် ဇူလိုင်လ ၂၅ ရက်
၂။ ၂၀၁၁ ခုနှစ် သြဂုတ်လ ၁၂ ရက်
၃။ ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်
၎။ ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၃၀ ရက် 

Cartoon Saw Ngo _Than Shwe’s Daughters & 50 acre of land from Rangoon

ကာတွန်း စောငို - မြေယာတိုက်ပွဲ
အောက်တိုဘာ ၃၁၊ ၂၀၁၁

Moemaka Quotes in Oct

မိုးမခ၏ အောက်တိုဘာ စာကိုး၊ စကားကိုး
အောက်တိုဘာ ၃ဝ၊ ၂ဝ၁၁
မင်းမျိုးတွေအကြောင်းရေးလာကြတဲ့စာတွေမှာ အများစုက နယ်ချဲ့ဖိနှိပ်ချုပ်ချယ်မှုကြောင့် ဘဝပျက်တိမ်ကောသွားတဲ့အနွယ်တော်အထည်ကြီးပျက်တွေဘဝကို သနားစရာ ဖွဲ့တာကများပါတယ်။ ဒီလူတန်းစားဟာ နယ်ချဲ့လက်အောက်မှာ စီးပွားရေးသွေးစုပ်ချယ်လှယ်ခံနေရတဲ့ လူထုအများစုကို ဦးဆောင်မှုပေးတဲ့ နိုင်ငံရေးကဏ္ဍကိုမရယူပဲ နယ်ချဲ့လက်ဝေခံအခွင့်အရေးမျှော်ဘဝနဲ့ တိမ်ကောသွားတာကို ဝေဖန်ပြနိုင်ရင် ပိုပြည့်စုံတဲ့ မြင်ကွင်းကို ရမှာပါ။ ခုတော့ နယ်ချဲ့မုန်းတီးရေး ပဒေသရာဇ်တမ်းတတဲ့ လူမျိုးရေးသွေးထိုးစာတွေပဲထွက်လာတာ များပါတယ်။

ဘလော်ဂါ ဘိုဘိုလန်းစင်
http://bobolansin.wordpress.com အောက်တိုဘာ ၂၀
==================================

ဒါက ရွာက အသည်းကျော် ကြီးတော်ပေါ့ ကြီးတော်ကတော့ သန်တုန်း မြန်တုန်းပဲ ကျနော့်ကိုတွေ့တော့ ငါ့တူလေးကတော့ အရင်တိုင်းပဲကောဆိုပြီး ပြေးဖက်တော့တာပဲ ကြီးတော် ဘာတွေလုပ်နေသလဲဆိုတော့ “ အနှိပ်သည်လုပ်တယ် ၀မ်းဆွဲ လုပ်တယ် ပြီးတော့ အ၀တ်လေးလိုက်လျှော်တယ်တဲ့ သေရင်တော့လား ငါ့တူရယ် သားသမီးလည်းမရှိတော့ သူများတွေလို ပြုစုမယ့်သူမရှိဘူးလေ အဲ့တော့ ဘုရားမှာဆုတောင်းတယ် သေရင် တစ်ချက်ထဲ ဘာမှမခံစားရပဲ သေရပါလို၏ တဲ့ ကြီးတော်ကိုဓာတ်ပုံရိုက်သွားဖို့ဆိုတော့ “ အင်တာနက်မှာ တင်ဖို့လားငါ့တူ မင်းသမီးတွေ မော်ဒယ်တွေမှ တင်လို့ရတာမဟုတ်ဘူးလား ” တဲ့း) ကျနော့်အကြံကို သိများသိနေသလို ကြီးတော်ပုံလည်းတင်လို့ရပါတယ်ဆိုတော့ ဒါဆို များများသာရိုက်သွားတဲ့ ကြီးတော်အကြောင်းရေးဖူးတာက ဒီမှာပါ

ဘလော်ဂါ မောင်မျိုး
http://kyanaww.blogspot.com/ အောက်တိုဘာ ၂၇
==================================


ကျနော်တို့ကို ဟင်္သာတဆေးရုံကိုပို့တယ်။ ဟင်္သာတဆေးရုံက ကျနော်တို့ကို လုံးဝမကိုင်ဘူး ပစ်ထားတယ်။ အကုန်လုံး က ဒီမှာ မကုတော့ဘူး လွှဲစာ ရေးခိုင်းလိုက်တယ်။ ရန်ကုန်ဆေးရုံကြီး ရောက်တယ်။ ဦးနှောက်နဲ့ အာရုံကြောဆေးရုံကို ဆက်ပို့တယ်။ ခုနှစ်ရက်နေရတယ်။ နှစ်ယောက်လုံး။ ခေါင်းက ခုနှစ်ချက် ချုပ်ရတယ်။ ငယ်ထိပ် တည့်တည့်မှာ။ ---ကင်မရာရော၊ နာရီ၊ ပိုက်ဆံ ၇၀,၀၀၀ ရယ်၊ ဆိုနီ အသံဖမ်းစက်ရယ်။ သူတို့ဆီ ပါသွားတယ်။ ရဝတ ဦးသန်းအောင် အပါအဝင် ရိုက်တဲ့ ၂၆ ယောက်ကို အမည်တပ်ပြီး ကျနော် တရားစွဲတယ်။ (ဒါပေမယ့်) ဒီလူတွေ အပြစ်မရှိဘူး ဆိုပြီး ကွင်းလုံးကျွတ် လွှတ်ပေးလိုက်တယ်။

ဦးမြင့်လှိုင်၊ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများကွန်ယက်
အောက်တိုဘာလ ၁၉ မဇ္ဈိမ
==================================


ခွေးပြေးဝက်ပြေး ပြေးခဲ့ရတဲ့ ကဒါဖီ။ ခွေးသေ၀က်သေ သေခဲ့ရပြီ။ မြောင်းပေါက်ထဲက ဆွဲထုတ်။ လူအုပ်ကြီးလက်ချက်နဲ့ အသက်ထွက်။ အသားရောင်းတဲ့ဆိုင်မှာ အသားတုံးတခုလို ပြသထား။ ဗိုလ်မှုးကြီး ကဒါဖီ။ ခေါင်းဆောင်ကြီး ကဒါဖီ။ ရွှေရောင်ပစ္စတိုပိုင်ရှင် ကဒါဖီ။ ကြွက်စုတ် ကဒါဖီ။ အာဏာရူး ကဒါဖီ။ ပြီးသွားပြီ။

ရှစ်လလောက်ကြာတဲ့ လစ်ဗျားဇတ်ကြမ်းကားသစ်ကြီး ပရိတ်သတ်အကြိုက် ဇတ်သိမ်းပြီ။ မြန်မာတွေ ၀မ်းသာကြ။ ကမ္ဘာ့ပြည်သူတွေ ၀မ်းသာကြ။ လစ်ဗျားပြည်သူတွေ ကခုန်ကြ။ ပျော်ရွှင်လွန်းလို့ ငိုကြွေးကြ။ လွတ်လပ်မှုအတွက် ၀မ်းမြောက်ြ
က။ အောင်ပွဲကြီး ဆင်နွှဲကြ။ လစ်ဗျားကိစ္စ ငဒို့မြန်မာတွေပါ ရင်ခုန်ရ။

သူများတွေရဲ့လွတ်မြောက်မှုတွေကို ငဒို့မြန်မာတွေ ငေးမော၊ ရောဝင် ခံစားရ။ ကမ္ဘာမှာ အာဏာရှင်တွေ တယောက်ပြီးတယောက် ကျ။ ငဒို့မြန်မာတွေလည်း အ
ကြိမ်ကြိမ် အစားထိုးဝမ်းသာပေးနေရ။ ဒို့အရေးကတော့ မအောင်မြင်သေး။ ကမ္ဘာကတော့ မြန်မာအတွက်တီးဖို့ လက်ခုပ်သံတွေ သိမ်းပေးထားခဲ့တာ ကြာပြီ။ ဖုန်တောင်တက်နေပြီ။

ဘလော်ဂါ BlueSkyForest
http://blueskyforest.blogspot.com အောက်တိုဘာ ၂၅
==================================


ဘယ်ကုမ္ပဏီမှလည်း စပါးတင်းတွေကို တောင်သူလယ်သမားတွေ ထွက်သလိုထွက်အောင် စိုက်ပျိုးနိုင်တာမျိုးကိုလည်း မလုပ်နိုင်ဘူး။ တကယ့်နည်းပညာတွေလည်း ရောက်လာတာမျိုး မရှိသလို တကယ့်စိုက်ပျိုးတဲ့ အတတ်ပညာနဲ့ ပတ်သက်လို့လည်း ဘာမှမရှိဘူး။ ကုမ္ပဏီတွေရောက်လာတဲ့အတွက် လယ်ယာမြေတွေဟာ ဓာတုဓာတ်မြေဩဇာ သုံးလို့ လယ်မြေပျက်စီးတာပဲ ရှိတယ်။ တောင်သူတွေထမင်းငတ်သွားတယ်။ အလုပ်လက်မဲ့တွေဖြစ်သွားတယ်။ လယ်ငှားလုပ်သားတွေ အလုပ်လက်မဲ့တွေ ဖြစ်ကုန်တယ်။ မိသားစုတွေ ဘဝတွေဒုက္ခရောက်ကုန်တယ်။ ဖွံ့ဖြိုးလာတယ်။ တိုးတက်လာတယ်ဆိုတဲ့ လယ်ဆည်ဒုဝန်ကြီးက လွှတ်တော်မှာ ဖြေရှင်းသွားတဲ့အချက်ဟာ မှားယွင်းပါတယ်။ ဒါကြောင့်မို့လို့ ပြည်သူတရပ်လုံးကို ကျနော်ပြောချင်ပါတယ်။ တောင်သူလယ်သမားထု တရပ်လုံးကို ပြောချင်ပါတယ်။ ဝန်ကြီးဌာနတွေက လွှတ်တော်မှာ လိမ်လည်နေတယ်။ ကျနော်တို့ပြည်သူတွေက သတင်းစာတွေကနေ အညံ့ခံနေလို့မရဘူး။ ကိုယ့်အားကိုယ်ကိုးပြီးတော့ ဝိုင်းချရတော့မယ်။

ရှေ့နေကိုဖိုးဖြူ
ဒီဗွီဘီ အသံလွှင့်ဌာန၊ အောက်တိုဘာ ၂၅
==================================


ဦးနေ၀င်းနဲ့ ပတ်သက်ပြီးတော့ မရေးဖူးသေးပါဘူး၊ မီဒီယာတွေက လွတ်လပ်စွာ ရေးခွင့်ရမယ် ဆိုရင်တော့ ဦးနေ၀င်း အကြောင်း ရေးမယ့်လူတွေ အများကြီး ရှိမှာပါ။

မောင်ဝံသ၊ သတင်းစာဆရာ
ဧရာဝတီသတင်းဌာန၊ အောက်တိုဘာ ၂၁
==================================


ပြည်နယ်တိုင်း ၁၄ ခု ရှိတဲ့အနက် ချင်းပြည်နယ်က အဆင်းရဲဆုံး ဖြစ်နေတယ်လေ။ အဲဒါကို ဖြေရှင်းနိုင်မှသာလျှင် ချင်း migration (ပြည်ပပြောင်းရွှေ့နေထိုင်ခြင်း) ဟန့်တားလို့ ရမှာပေါ့နော်။ မဖြေရှင်းနိုင်ရင်တော့ ဟန့်တားလို့ မရဘူး။
ချင်းကလေးတွေလည်း ရန်ကုန်၊ မန္တလေး အကုန်ရောက်ကုန်တယ်။ လူငယ်တွေလည်း နိုင်ငံခြား ရောက်ကုန်တယ်။ ချင်းပြည်နယ်မှာ အသက်ကြီးတဲ့ လူတွေပဲ ရှိတော့တယ်။ ချင်းပြည်နယ် ဖွံ့ဖြိုးရေးလုပ်ဖို့ ဆိုရင် အလုပ်လုပ်နိုင်တဲ့သူတွေ သိပ်မရှိတော့ဘူးလေ။
ဒေါက်တာကမ်ဆင်းဒါး၊ မြန်မာ့လူ့ဘောင်ဖွံ့ဖြိုးရေး ကုမ္ပဏီ လီမိတက်
ဒီဗွီဘီ အသံလွှင့်ဌာန၊ အောက်တိုဘာ ၂၁
==================================


တိုင်းပြည် ဘယ်ငြိမ်းချမ်းမလဲ။ သူတို့ကိုယ်တိုင်က တိုင်းရင်းသားဒေသတွေမှာ စစ်တွေ ဆင်နွှဲနေမှတော့ တိုင်းပြည်က ငြိမ်းချမ်းစရာ အကြောင်း မရှိဘူး။ တိုင်းပြည်တကယ် စီးပွားရေး တိုးတက်ချင်တယ်။ ငြိမ်းချမ်း ချင်တယ် ဆိုရင် ပြည်တွင်းစစ်ကို ရပ်ရမယ်”
ဦးမြတ်သူ၊ ဂျပန်နိုင်ငံရောက် မြန်မာပြည်သား
ဒီဗွီဘီ အသံလွှင့်ဌာန၊ အောက်တိုဘာ ၂၁
==================================


ထာဝရ ခေါင်းဆောင်ကြီး လုပ်ချင်လို့မရဘူး။ ဒါကို လုံးဝမ ကြိုက်ဘူး။ လူငယ်တွေကို တင်ပေးရမယ်။ ကိုယ့်ထက်သာအောင် လုပ်ခိုင်းရမယ်။

ဦးပီတာလင်းပင်၊ ၉၀ ရွေးကောက်ပွဲ လူထုကိုယ်စားလှယ်၊
ပြည်ပတွင်ခိုလှုံပြီး မကြာသေးမီက ပြည်တော်ပြန်သူ

ပေါ်ပြူလာဂျာနယ် http://popularmyanmar.com အောက်တိုဘာ ၁၃
==================================


ကိုကြံ့တို့ မင်္ဂလာဆောင်တဲ့နေ့က ၂၀၀၈ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့ပါ။ ရက်ရွေးတာကတော့ နှစ်ဦးနှစ်ဖက် အဆင်ပြေတဲ့နေ့ကို ရွေးလိုက်တာပါပဲ။ ထူးထူးခြားခြား အမှတ်ရတာကတော့ ဒင်နာညမှာ ရှန်ပိန်ဖောက်တာ မပွင့်ဘဲ ရှန်ပိန်ရဲ့အဖုံးဖော့ဆို့ကြီးက ပုလင်းထဲ ၀င်သွားတာပါပဲ။ အဲဒါလေးကတော့ ရယ်စရာ အမှတ်တရလေးပါ။ မင်္ဂလာဆောင်မယ့်သူတွေကို ပြောပြချင်တာကတော့ ကိုယ့်ရဲ့မင်္ဂလာဆောင်သည် ခမ်းနားတာ မခမ်းနားတာထက် တစ်ဦးပေါ် တစ်ဦးမေတ္တာရှိဖို့သာ အဓိကလို့ ပြောချင်ပါတယ်။

ကျော်ကျော်ဗို၊ သရုပ်ဆောင်
www.weeklyeleven.com အောက်တိုဘာ ၇
==================================



Indonesia hints at support for Burma ASEAN chair

အာဆီယံဥက္ကဋ္ဌရာထူးမြန်မာပြည်ရရေး ထောက်ခံမည်ဟု အင်ဒိုနီးရှား အရိပ်အမြွက်ပြော
AFP သတင်းဌာန
အောက်တိုဘာ ၃၀၊ ၂၀၁၁

ယမန်နေ့က ဒေါ်အောင်ဆန်းစုကြည် နှင့် အင်ဒိုနီးရှား နိုင်ငံခြားရေး ၀န်ကြီးတို့ တွေ့ဆုံကြသည် (ဓာတ်ပုံ - AP)

အာဆီယံဥက္ကဋ္ဌရာထူးနှင့် ပတ်သက်ပြီး မြန်မာပြည် လေ့လာရေးခရီး ထွက်ခဲ့သော အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Marty Natalegawa က
မြန်မာပြည်အတွင်း နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှု အခြေအနေများကို ကြိုဆိုလိုက်သည်။

"မြန်မာပြည်မှာ အပြောင်းအလဲတွေ ဖြစ်နေပြီး ဒီအပြောင်းအလဲတွေဟာ ထူးခြားတယ်လို့ ထင်ပါတယ်" ဟု Marty Natalegawa က စနေနေ့တွင် သတင်းထောက်များကို ပြောသည်။

အင်ဒိုနီးရှားသည် လက်ရှိ အာဆီယံအသင်း၏ ဥက္ကဋ္ဌဖြစ်သည်။

"တခြား အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးတွေကိုလည်း ကျနော့်အမြင်တွေ ပြောပြသွားမှာပါ" ဟု သူက ဖြည့်စွက် ပြောလိုက်သည်။

သူက သမ္မတဦးသိန်းစိန်အပါအ၀င် အစိုးရခေါင်းဆောင်များ၊ ဒီမိုကရေစီလှုပ်ရှားမှု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံခဲ့သည်။

ဒီမိုကရေစီသို့ ရှေ့ရှုသည့် အပြောင်းအလဲများ ထပ်မံတွေ့ရပါက မြန်မာပြည် အာဆီယံ ဥက္ကဋ္ဌ ဖြစ်ရေးကို ထောက်ခံနိုင်မည်ဟု တွေ့ဆုံပွဲအပြီးတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

"မြန်မာပြည်သူတွေ၊ အာဆီယံဒေသတွင်းက ပြည်သူတွေ ၀မ်းမြောက်စေမယ့် အဖြေတခု ရဖို့ မျှော်လင့်နေပါတယ်လို့ သူ့ကို ပြောလိုက်ပါတယ်။ သူတို့ ဒါနဲ့ ပတ်သက်ပြီး ဘယ်လို ဆောင်ရွက်နေတယ် ဆိုတာကို သူကလည်း ရှင်းပြပါတယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

(မိုးမခက AFP သတင်းကို ဘာသာပြန်ထားခြင်း ဖြစ်သည်)

10,000 Burmese workers go home to escape floods

မြန်မာအလုပ်သမား တသောင်းကျော် ထိုင်းရေဘေးကို တိမ်းရှောင်
ဘန်ကောက်ပို့စ်အွန်လိုင်း
အောက်တိုဘာ ၃၀၊ ၂၀၁၁

ဘန်ကောက်မြို့အနီးတ၀ိုက် တွေ့ရသော သယ်ယူပို့ဆောင်ရေး (ဓာတ်ပုံ - getty images)

ယမန်နေ့က ဘန်ကောက် နှင့် အနီးတ၀ိုက် ခရိုင်များတွင် ရေဘေးမှ တိမ်းရှောင်ပြီး ပြည်တော်ပြန်သူ မြန်မာပြည်သားပေါင်း တသောင်းထက်မနည်း ရှိသည်ဟု သိရသည်။

အဝေးပြေးဘတ်စ်ကား ၅၀ ကျော်၊ ဗင်ကား ၁၀၀ ကျော်သည် တရားမ၀င် နှင့် တရားဝင် မြန်မာအလုပ်သမားများကို တင်ဆောင်ပြီး မဲဆောက်မြို့သို့ သွားကြကြောင်း သိရသည်။

ကားအများစုမှာ မြန်မာပြည်သားအလုပ်သမားတို့၏ ပစ္စည်းများဖြင့် ပြည့်နှက်နေသည်ဟု နယ်စပ် အာဏာပိုင်တို့က ပြောသည်။

မဲဆောက်ဒေသသည် မြန်မာပြည်သား အများစု ထိုင်းနိုင်ငံကို အ၀င်အထွက်ပြုရာဒေသဖြစ်သည်။

ဘန်ကောက်နှင့် ထိုင်းအလယ်ပိုင်းဒေသ စက်ရုံများ ရေဘေးဒဏ်သင့်ချိန်မှ အစပြုပြီး မြန်မာပြည်သားများ နေ့စဉ် ပြည်တော်ပြန်နေကြသည်။

ယမန်နေ့က ပြည်တော်ပြန်ပမာဏမှာ အကြီးများဆုံးဖြစ်သည်။

ပြည်တော်မပြန်မီ အလုပ်သမားတို့၏ အချက်အလက် အသေးစိတ်ကို မှတ်တမ်းတင်ထားကြောင်း မဲဆောက်မြို့ လ၀က စစ်ဆေးရေးဂိတ် ရဲဗိုလ်မှူး Yos Waneesorn က ပြောသည်။

မြန်မာပြည်ရှိ ၎င်းတို့၏ မိသားစု ဆွေမျိုးများကလည်း ၎င်းတို့ပြည်တော်ပြန်ရေး တွန်းအားပေးနေကြသည်။

Thai soldiers surrender over killing of 13 Chinese sailors

တရုတ် သင်္ဘောသား ၁၃ ဦးသတ်ဖြတ်သူ ထိုင်းစစ်သားများ အဖမ်းခံ
Reuters သတင်းဌာန
အောက်တိုဘာ ၃၀၊ ၂ဝ၁၁
တရုတ်သံရုံး အရာရှိများ နှင့် ထိုင်းရဲတပ်ဖွဲ့တို့ တရုတ်ကုန်သင်္ဘောများပစ်ခတ်ခံရသည့် နေရာကို သွားရောက် စစ်ဆေးနေပုံ

ထိုင်းမြန်မာနယ်စပ်အနီး မဲခေါင်မြစ်အတွင်း တရုတ်သဘောင်္သား ၁၃ ဦးကို သတ်ဖြတ်မှု ကျူးလွန်ခဲ့သည်ဆိုသော ထိုင်းစစ်သား ၉ ဦးက ရဲစခန်းတွင် လာရောက် အဖမ်းခံခဲ့သည်ဟု ထိုင်းရဲတပ်ဖွဲ့က ယနေ့ တနင်္ဂနွေနေ့တွင် ပြောလိုက်သည်။

အောက်တိုဘာ ၅ ရက်နေ့က မူးယစ်ဆေးထွက်ရှိရာ နာမည်ကျော်ဒေသ ရွှေတြိဂံဒေသတွင် သတ်ဖြတ်ခံရခြင်း ဖြစ်သည်။

သောကြာနေ့တွင် အဖမ်းခံခဲ့သော ထိုင်းစစ်သားများထဲတွင် အရာရှိ ၂ ဦး ပါဝင်သည်ဟု မြန်မာပြည်နှင့် ထိစပ်နေသည့် Chiang Saen ဒေသ ထိုင်းရဲတပ်ဖွဲ့ အကြီးအကဲက ပြောသည်။

"အားလုံး စစ်တပ်ကပါ။ သူတို့ကိုယ်တိုင် ရဲစခန်းကိုလာအဖမ်းခံတာပါ" ဟု ရဲတပ်ဖွဲ့ အကြီးအကဲ Phopkorn Kooncharoensuk က Reuters သတင်းဌာနကို တယ်လီဖုန်းဖြင့် ပြောသည်။

Phopkorn Kooncharoensuk က အသေးစိတ် ပြောဆိုခြင်းမရှိပေ။ အမှုကို စစ်ဆေးနေဆဲဟုသာ ပြောသည်။

တရုတ်နိုင်ငံက မဲခေါင်မြစ်အတွင်း သွားလာနေသော တရုတ်သင်္ဘောသားများ၏ လုံခြုံရေး၊ သတ်ဖြတ်ခံရသူများအရေးအတွက် အမြန်ဆုံး စုံစမ်းစစ်ဆေးရေး စသည်တို့အတွက် ဒေသတွင်း နိုင်ငံများကို တောင်းဆိုထားသည်။

မဲခေါင်သည် တရုတ်၊ မြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် စသည့် နိုင်ငံများ နယ်စပ်များကို ဖြတ်သန်းပြီး ပင်လယ်သို့ စီးဝင်သည့်မြစ်ကြီး ဖြစ်သည်။

တရုတ်သင်္ဘောသား ၁၃ ဦးတို့ လိုက်ပါလာသော ကုန်တင် သင်္ဘောများကို ထိုင်းနိုင်ငံဘက်ခြမ်းမှ ပစ်ခတ်ခြင်းဖြစ်သည်ဆိုသော ခိုင်လုံသည့် အထောက်အထားများကို ထိုင်းရဲတပ်ဖွဲ့က ရရှိပြီးဖြစ်သည်ဟု
ထိုင်း ဒုတိယ၀န်ကြီးချုပ် Chalerm Yubamrung ပြောဆိုခဲ့ကြောင်း ယနေ့ တနင်္ဂနွေနေ့ထုတ် the Nation သတင်းစာတွင် ရေးသားထားသည်။

သို့သော်လည်း ထိုပစ်ခတ်မှုမှာ ထိုင်းစစ်တပ်နှင့် သက်ဆိုင်မှုမရှိဟု ထိုင်း ဒုတိယ၀န်ကြီးချုပ်က ပြောဆိုကြောင်း သတင်းစာတွင် ရေးထားသည်။

(မျိုးဇော် ဘာသာပြန်သည်)

Saturday, October 29, 2011

Mar Mar Aye - 400

“ပြောပြစရာတွေလည်း တပုံကြီးရှိသေးတယ်” အမှတ် (၄၀၀)
ဧရာဝတီ စီးဟေ့ စီးဟေ့
မာမာအေး
အောက်တိုဘာ ၃၀၊ ၂၀၁၁


သောတရှင်များ ကျန်းမာတော်မူကြပါစရှင်
မာအေးချစ်တဲ့သောတရှင်တွေ ဂီတ၀ါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ – မာအေးတော့ ဂီတအစည်းအရုံးက အတွင်းရေးမှူးသစ်ကလေး အကြောင်းပြုပြီး အစည်းအရုံး မပေါ်မီက အကြောင်းတွေနဲ့ပါ သမိုင်းဆက် သိနိုင်အောင် ပြောပြပေးခွင့်ရလို့ ဒီနေရာလေး ပေးထားတဲ့ ဘီဘီစီကိုလဲ ကျေးဇူးတင်ပါတယ်။

နားမညည်းပါဘူးလို့ တကူးတက ခွင့်လွှတ်ကြတဲ့ သောတရှင်ဆွေသဟာများကိုလဲ ကျေးဇူးအထူးတင်ပါတယ်။ ဒီကနေ့အထိ မာအေးတို့ရဲ့ လုပ်ဆောင်ခဲ့မှုတွေကို ယုံကြည်စွာ နားလည်ပေးတဲ့ ဂီတလောကက ညီအကို မောင်နှမ အဖွဲ့ဝင်များကိုလဲ ကျေးဇူး မမေ့ပါဘူးလို့ ပြောချင်ပါတယ်။

ပြောစရာတွေကတော့ တပုံကြီး ရှိသေးတာပါဘဲ။ နားပြောင်းနားလွှဲလေးဖြစ်အောင် နားထောင်စေ့ချင်လို့ အပြင်ရောက်နေတဲ့ အနုပညာမောင်နှမတွေ တစုကြီး စုပြီး ပျော်ကြတဲ့ နေ့ကလေး တနေ့က အကြောင်းတွေ ပြောပြမယ်လို့ စိတ်ကူးထားပါတယ်။ မာအေး တည်ထောင်ထားတဲ့ “မာအေးဖောင်ဒေးရှင်း” ဆိုတာ ရှိတယ်လို့တော့ ကြားဖူးမယ် ထင်ပါရဲ့။ အဲဒါကို ၂၀၀၈ ခုနှစ်က ဆန်ဖရန်စစ္စကိုမြို့မှာ “သီချင်းဆိုရအောင်” ဆိုတဲ့ ခေါင်းစဉ် ပေးပြီး ဖျော်ဖြေပွဲလေးနဲ့ တင်ဆက် ဖွင့်ခဲ့တာပေါ့ရှင်။

“ဘလော့စပေါ့”တခုလဲ ဆင်ပေး တင်ပေးထားတာ ရှိပါတယ်။ ကွန်ပြူတာ စခမ်းမှာ စမ်းတ၀ါးဝါး အဆင့်ဘဲ ရှိသေးတော့ - သူများ တင်ပေးမှ ဖြစ်တဲ့ အခြေအနေမှာဘဲ ရှိပါတယ်။ မာအေးညံ့ပါတယ် ဆိုတာ သိတယ်မဟုတ်လား သောတရှင်။

အဲဒီလို စက်ကြိုး ယန္တယားဖက်မှာ မစွမ်းတော့ နှုတ်အစွမ်း၊ လက်အစွမ်းဘဲ အားကိုးရတာကိုး။ စိတ်အမျိုးတူတဲ့သူချင်း တွေ့ရင် စုရွတ်စုဖတ် အနုပညာငတ်တာတွေ ဖြေကြပါတယ်။ တိုင်းပြေငတ်တာတွေ ဖြေကြပါတယ်။ ဖေါင်ဒေးရှင်း လုပ်ငန်းဝင် စာရင်းလေး တင်လို့လဲ ရနိုင်တါပေါ့နော်။

မနှစ်က နိုဝင်ဘာ (၂၅)ရက်နေ့မှာ “မာရသွန်နှင်းဆီ” ခေါင်းစဉ် ချီတဲ့ ကဗျာရွတ်ပွဲ ဆင်နွှဲခဲ့ကြပါတယ်။ မာအေးရဲ့ စာဘ၀ အစဟာ 'ကဗျာ' အလှသာ ဖြစ်လို့ ကဗျာဆရာ လာရင် ကဗျာဖြစ်တာပေါ့။ ရွှေဝါရောင်နဲ့ ပြေးခဲ့တဲ့ ကဗျာမောင်ကလေး အောင်ဝေးလဲ မကြာမကြာ လာတတ်တော့ အတော်ဘဲ ဖြစ်နေတယ်ရှင့်။

ပြီးခဲ့တဲ့ သြဂုတ်လ (၂ရ) ရက်နေ့မှာ ကဗျာရှင် မောင်နှမတွေ တစုကြီး စုမိကြမှာမို့ ကဗျာရွတ်ပွဲတပွဲ လုပ်ရအောင် မောင်ကလေး အေါင်ဝေးကို ပြောပြလိုက်ပါတယ်။ သူက တခြားမြို့မှာ မိသားစုနဲ့နေတာပါ။ ဒါပေမယ့် ကဗျာသံ ကြားတာနဲ့ အပြေးအလွှား လာချင်တာ ဒီက မာအေး ၀မ်းမနာသားတွေကလဲ သူတို့ အကိုကြီးကို ပြေးခေါ်ကြတာ ဟုတ်နေတာဘဲ။

မာအေးက ဘာရယ်မဟုတ်ပါဘူး၊ တကူးတကရယ်လဲ မတွေးမိပါဘူး၊ အင်္ဂလန် ရောက်နေတဲ့ ပန်းချီဆရာလေးထိန်လင်းက မာအေးတို့နိုင်ငံ ဗြိတိသျှသံရုံးမှာ တာဝန်ခံဖြစ်ခဲ့ဖူးတဲ့ သူ့ဇနီးနဲ့ သမီးလေးနဲ့အတူ မာအေးဆီကို လာလည်ချင်တယ်လို့ ဖုန်းဆက်လာတာနဲ့ လာပါ လည်ပါ ပြောလိုက်တာကိုး။

မာအေးတို့ ဖို့ဝိန်းက အမေရိကန် တောမြို့ကလေးပါ။ ပြစရာ ဘာမှ သိပ်ကြီး ရှိတာမှ မဟုတ်တော့။ သူကလဲ ကဗျာတွေ လုပ်၊ သရုပ်ပြတွေလုပ်နဲ့ ပေါ်ပြူလာ ဖြစ်နေတော့ - ကဗျာရွတ်ရင် အဆင်ပြေတယ်။ အပျင်းပြေမယ်။ စုပြီးတွေ့နိုင်တဲ့သူတွေ့ကြပါစေရယ်လို့ တွေးဆမိတာနဲ့ မောင်ထိန်လင်း အတွက် စီစဉ်ခဲ့တာပါ။

ဒီမြို့မှာကလဲ ဘော်ဒါကလာတဲ့ ထိန်လင်းတို့သူငယ်ချင်းတွေက အများသားဘဲ။ ဇေတ၀န် ၀ိဟာရမှာ သူတို့လဲ စုကြဦးမယ် တဲ့။ ကေါင်းတာဘဲလေ၊ ပျော်ကြပါစေပေါ့။

ထိန်လင်းတို့ မရောက်ခင် မာအေးက အိမ်ငယ်လေး တအိမ်ကို ပြောင်းထားတာမို့ အောင်ဝေးက အိမ်နောက်ဖက်ခြံထဲ ဆင်နွှဲမယ့်ကြံပါတယ်။ တကယ်နေကြည့်တော့ မာအေး သဗာယနဲ့ မမျှနိုင်တာ သိပြီး၊ အိမ်ကြီးဆီ ပြန်ပြောင်းလာရတယ်၊ တော်ပါသေးရဲ့ ညီမတော် ဆွေဇင်ထိုက်လဲ မမျှော်လင့်ဘဲ ရောက်လာ၊ ကိုအောင်ဝေးတို့ မိသားစု၊ ကိုထိန်လင်းတို့ မိသါးစု LA က ကိုကျော်ဝဏ္ဏ၊ DC က အောင်အောင်တို့လဲ ရောက်လာ အခန်းတွေ ဗလာမရှိ၊ ကံကေါင်းပါဘိပေါ့ရှင်။

မောင်ထိန်လင်း အပေါင်းအသင်းတွေလဲ အိမ်မှာ လာစုတာဘဲဟာ၊ ဓါတ်ပုံတွေ အမှတ်တရ ရိုက်ကြတော့တောင် ပြောမိသေးတယ်၊ “ပြည်တော်ပြန် သတင်းထုတ်ခေါ်နေချိန်မှာ ဒီလို တစုကြီး ဓါတ်ပုံထဲမှာ တွေ့ကြရင် - ဘာတွေ တိုင်ပင်ဘို့ လူစုသလဲလို့ အထင်ကြီးနိုင်တယ်” ဆိုတဲ့ အကြောင်းပါ၊ မာအေးလဲ ဟိုလုပ် ဒီလုပ် အထုပ်အပိုးတွေ ပြောင်းနဲ့ဟာ ဘာခေါင်းစဉ်နဲ့ ကဗျာရွတ်ကြမှာလဲ ဆိုတာ ရွတ်မယ့်နေ့ မတိုင်ခင်လေး အောင်ဝေးရောက်မှ သိရပါတယ်။ ရေးဖို့ အချိန်မရှိတာသိတဲ့ အောင်ဝေး ကူးလာပေးတဲ့ မောင်စိန်ဝင်း (ပုတီးကုန်း) ရဲ့ ကဗျာ အဖွင့်မှာ ပြောရင်း ဖတ်လိုက်ရတာပါဘဲ၊ ဆွေဇင်ထိုက်က တောကဗျာရွတ်ပွဲကို မြို့မှာလိုဘဲ တခန်းတနား MC လုပ်ပေးသွားပါတယ်။ “POETRY PERFORMANCE FOR BURMA” ခေါင်းစီးနဲ့ ကဗျာရွတ်ကြတာ ဆောင်းယွန်းလ၊ မင်းတာရာ၊ မျိုးမြင့်ချို၊ ပန်းချီထိန်လင်း၊ စာရေးဆရာမလေး ခက်မာ၊ ကျောင်းသားတပ်မတော်က သံခဲ (ဆေး-မန်း)၊ နေစောမေ၊ သစ်ကေါင်းအိမ် နဲ့ အောင်ဝေး၊ ကျော်ဝဏ္ဏ၊ ၀င်းငယ်၊ ဝေလင်း၊ ချမ်းမှိုင်းအောင်တို့အဖွဲ့လိုက် ရွတ်တဲ့ ဧရာဝတီ ကဗျာရှည်ကြီး ရွတ်တဲ့အသံ နာခံကြရတယ်။ ခက်မာရဲ့ သားကလေး 'လင်းသစ်နွေဦး' သစ်ကေါင်းအိမ်ရဲ့ သားကလေး “မင်းထင်ကျော်”၊ အောင်ဝေးရဲ့ သားလေး“လမင်းဝေး” တို့လဲ ၀င်ရွတ်ကြလေတော့ ကဗျာ့မျိုးစေ့သစ်ကလေးတွေလို့ ချစ်မိပါတယ်။ မောင်ထိန်လင်း သမီးလေးကလဲ ဗမာကလေးကဗျာတွေ ရွတ်လိုက်တာ ဗမာလေးတွေထက်တောင် ပီသသေးတယ်ရှင်။ အံ့ရောဘဲ။ ကဗျာတွေ အဝေးက ပို့တဲ့ 'ညိုခက်ကျော်' နဲ့ 'ဇော်ဇော်အောင်' တို့ ကဗျာတွေကို ကိုယ်စားရွတ်ပေးတာလဲ မှတ်တမ်းတခုပါဘဲ။ ကျိုက်လတ်ဦးမြစိန်ကလဲ တယောလေးနဲ့ ချွဲပေးတော့ လွမ်းစရာလေးတွေလဲ ဖြစ်သပေါ့လေ။

နောက်ဆုံး ပါဖေါမင့် ဆိုတဲ့ ပန်းချီထိန်လင်းရဲ့ လှုပ်ရှားတင်ပြမှုပါ၊ ဘယ်လိုသရုပ်ဖေါ်တာလဲ - ခုမှဘဲ မြင်ဖူးပါတယ်ရှင်။ သူကိုယ်တိုင်က – ကဗျာရွတ်ပွဲမှာ ရှိနေတဲ့သူတွေကို - ကျနော်ပြောတဲ့အတိုင်း လိုက်လုပ်ပေးကြပါလို့ တောင်းဆိုထားပြီးမှ ပါဖေါမင့်ကို စပါတယ်။ ထိုင်နေကြတဲ့သူတွေကြား - ဟိုသွား ဒီသွား ပုလင်းလွတ်ကလေး ကုလားထိုင်ပေါ်တင်ထား၊ တရိုတသေ ပင့်သွား လူတွေရှေ့မှာ တန်းစီနေရာချထားနဲ့ အဲဒါပြီးတော့ မာအေးဆီကို လာခေါ်ပြီး ပရိသဒ်ရှေ့က ကုလားထိုင်တွေ စီထားတဲ့ ဦးဆုံးနေရာမှာ ထိုင်ခိုင်းတယ်၊ မျက်စေ့လဲ မှိတ်ထားရသေးတယ်။ တခြားသူတွေကိုလဲ မာအေးလိုဘဲ ခိုင်းလိမ့်မယ် ထင်တယ်၊ မျက်စေ့မှိတ်ထားရတော့ မမြင်ရဘူးလေ။ နောက်တော့ ခြေခုံပေါ်ကို အ၀တ်နဲ့ ပွတ်တိုက်တာ ခံစားရတယ်။ တခုခု ရေးနေတယ် ဆိုတာလဲ ခံစားရပါတယ်။ အားလုံး မျက်စေ့ဖွင့်ကြည့်နိုင်ပါပြီ လို့ ပြောတဲ့ အချိန် အထိ မိနစ် ၂၀ လောက် ကြာမယ် ထင်ပါတယ်။ မာအေးရဲ့ ခြေစုံကို ငုံ့ကြည့်မိတဲ့အခါ “မိခင်” ဆိုတဲ့ စာ တွေ့ပါတယ်။ ကိုယ့်ဘေးကလူမှာ “ဧရာ”၊ေ နာက်တယောက်က “၀တီ” လူစေ့သွားတော့ “မိခင်ဧရာဝတီ လွတ်လပ်စွာ စီးဆင်းနိုင်ပါစေ” ဆိုတဲ့ စာတန်း ဖြစ်ပေါ်ပါတယ်။ အပြီးသတ်မှာတော့ “ယိုယီးလေးလေးယို -၊ ဧရာဝတီ စီးဟေ့ စီးဟေ့” လို့ စုပေါင်း လက်တွဲဝိုင်းပတ်လှည့်အော် - ပျော်လိုက်ကြပါတယ်။

ဧရာဝတီ အမိ သီတာရေမြေဆုံးတိုင် စီးနိုင်ပါစေသတည်း
ရေပြာရေကြည်၊ မြစ်မင်းဧရာဝတီ၊ ဒုဋ္ဌ၀တီ၊ သလ္လာဝတီ၊ တသွင်သွင် စီးပါတဲ့၊ မြစ်ခရီး ရေနဒီ၊ လှိုင်းသံ လှေသံ တစီစီ မငြီး၊ လောင်းလေကြီးနဲ့ မောင်ကြီးဆီ၊ လောင်းလှေကြီးနဲ့ မောင်ကြီးဆီ ပျို့မောင်ကြီးဆီ
(မောင်ကြီး ရွှေရောင်ရစ်မှ)


ဘီဘီစီ အသံလွှင့်ဌာန http://www.bbc.co.uk/burmese/ ၏ ထုတ်လွှင့်ချက်ကို ကူးယူ ဖော်ပြသည်။

Cartoon Win Pe: short and tall


ကာတွန်း ၀င်းဖေ - အပုအမြင့်
အောက်တိုဘာ ၃၀၊ ၂၀၁၁

လွန်ခဲ့သည့် အနှစ် ၅၀ ခန့်က လူထုသတင်းစာတွင် ထည့်သွင်းဖော်ပြခဲ့သော ကာတွန်းဖြစ်သည်။

http://moemaka.com/index.php?option=com_content&task=view&id=8494&Itemid=121



one dies in Rangoon building collapse

ကန်တော်လေး ၉၆ လမ်း တိုက်ဟောင်း ပြိုကျ၊ တဦးသေ တဦး ဒဏ်ရာရ
Yangon Press International
အောက်တိုဘာ ၃၀၊ ၂၀၁၁

သေဆုံးသွားသူအား လူနာတင်ယာဉ်ဖြင့် သယ်ထုတ်သွားသည် (ဓာတ်ပုံ - Yangon Press International)

ယနေ့ ည ၉ နာရီ ၂၅ မိနစ်တွင် မင်္ဂလာတောင်ညွန့်မြို့နယ် ၉၆ လမ်းတွင်းရှိ လေးခန်းတွဲ ၂ထပ်တိုက်ဟောင်း တလုံး ၏ နောက်ဖေး ဘယ်ဘက်ခြမ်း တခြမ်းပြို ကျမှုကြောင့် လူတဦးသေဆုံးပြီး တဦး ဒဏ်ရာရရှိသွားသည်။

"ကျွန်တော် တို့ ထမင်းစားပွဲမှာစားနေကြတာ ညီမက နောက်ဖေးဘက်မှာ ဟင်းခွက် သွားယူတဲ့အချိန် ၀ုန်းခနဲ အသံကြီး ကြားပြီးတော့ ပြိုကျသွားတာဘဲ ကျန်တဲ့မိသားစုတွေလည်း အိမ်ရှေ့က ပြေးဆင်းသွားကြတယ် ။ ညီမက ပြိုကျသွားတဲ့ အပျက်အစီးပုံပေါ်မှာ ပက်လက်ကလေး လန်နေတယ်" ဟု ပြိုကျမှုကြောင့် ဒဏ်ရာရရှိသူ မနုကြမ်း၏ အစ်ကိုဖြစ်သူ ဦးမောင်ထွန်းက ပြောသည်။

တိုက်ပြိုကျမှုကြောင့် အောက်ထပ်တွင်ရှိသော အသက် ၄၆ နှစ်အရွယ် အမျိုးသားတဦး အုပ်ချပ်ပြားများပိပြီး သေဆုံးခဲ့သည်ဟု သိရသည်။

" အဲဒီတုန်းက သူက နောက်ဖေးမှာ မီးပြင်နေတာ ပြိုပြီး တော်တော်နဲ့ ၀င်မရဘူးကြားတယ်။ သူ့ကိုတွေ့ပြီး ကယ်နေတုန်းမှ ဆုံးသွားတာ" ဟု ယင်းတိုက်နောက်ဖေးမှ အိမ်နီးချင်းတဦး ကပြောသည်။

တိုက်ပြိုကျပြီး ၂ နာရီကျော်အကြာ ည၁၂ နာရီ ၁၀မိနစ်အကြာတွင် ရုပ်အလောင်းကို သယ်ထုတ်နိုင်ခဲ့သည်။

ရန်ကုန်မြို့စဉ်ပင်သာယာရေး အဆောက်အအုံဌာန မှ တာဝန်ရှိသူတဦးက "ကျွန်တော်တို့ မနက်ဖြန် အဖွဲ့တွေနဲ့ ဆင်းစစ်ပြီးရင် DB( dangerous building) သတ်မှတ်မယ် မူလနေတဲ့သူတွေကို ဖယ်ရှားဖို့ လုပ်မယ်" ဟု ပြောသည်။

ပြိုကျသော အခြမ်း အပေါ်ထပ်တွင် မိသားစုဝင် ၁၀ ဦး နေထိုင်ပြီး အောက်ဘက်ခြမ်းတွင် ၁၁ ဦး နေထိုင်သည်ဟု သိရသည်။

အဆိုပါ တိုက်ခန်းကိုလျှပ်စစ်မီးဖြတ်တောက်ပြီးနောက် နေထိုင်သူများအားလုံးကို ညတွင်းခြင်းပင် ရွှေ့ပြောင်းနေရာချပေးခဲ့သည်ဟု အဆိုပါ ရပ်ကွက်အုပ်ချုပ်ရေးမှုး ဦးဝင်းနိုင်က ပြောသည်။

အဆိုပါအိမ်မှာ ၄င်းတို့ မိသားစု အစဉ်အဆက် နေထိုင်ခဲ့ခြင်းဖြစ်ပြီး ၁၉၆၀ ၀န်းကျင်ခန့်က တည်ဆောက်ဖြစ်သည်ဟု သိရသည်။