Friday, September 30, 2011

Myo Myint Maung - “မြစ်မ ဧရာကယ်တင်ရေး” ပဏာမအဆင့်အောင်ပွဲသို့

“မြစ်မ ဧရာကယ်တင်ရေး” ပဏာမအဆင့်အောင်ပွဲသို့  သူ့ချစ်သူများ၊ သူ့ပြည်သူများ တက်လှမ်းနိုင်ခဲ့ပြီ
မျိုးမြင့်မောင်
အောက်တိုဘာ ၁၊ ၂၀၁၁
သမ္မတဦးသိန်းစိန်က စက်တင်ဘာလ ၃၀ ရက်နေ့တွင် လွှတ်တော်သို့ အချက် (၁၀)ချက်ပါသည့် သ၀ဏ်လွှာပေးပို့ခဲ့သည်။  အဆိုပါ အချက် ၁၀ ချက်ထဲတွင် ဧရာဝတီမြစ်ဆုံဆည် တည်ဆောက်ခြင်းကို မိမိတို့အစိုးရလက်ထက်တွင် ရပ်ဆိုင်းထားမည်ဆိုသည့် အချက် ပါဝင်သည် ဟု လတ်တလောပေါ်ထွက်လာနေသော သတင်းများအရသိရှိရပါသည်။
“မိမိတို့ အစိုးရလက်ထက်တွင် ရပ်ဆိုင်းထားမည်” ဆိုသည့် အချက်မှာ ပုံမှန်ရွေးကောက်ပွဲသက်တမ်းတစ်ခု၏ အတိုင်းအတာ အရ ပြောရလျှင် (၅) နှစ်သက်တမ်းမျှသာဖြစ်သည်။ နောင် (၅) နှစ်ကြာသည့်အခါတက်လာမည့် အစိုးရက ထိုဧရာဝတီမြစ်ဆုံစီမံကိန်း ဆက်လုပ်ချင်လုပ်လိမ့်ဦးမည်ဆိုသည့် သဘောပင်ဖြစ်သည်။
 ဧရာဝတီကယ်တင်ရေးကိစ္စသည် အစိုးရသက်တမ်းလို (၅) နှစ်တစ်ကြိမ် “လွှတ်တော်တွင်း/လွတ်တော်ပ”  ဒီဘိတ်လုပ်ပြီး ဆောင်ရွက်ရန်သင့်/မသင့်ဆုံးဖြတ်ရမည့်ကိစ္စမဟုတ်ပါ။
 ပြည်သူများဘက်ကလည်း ဧရာဝတီကယ်တင်ရေးနှင့်ပတ်သက်ပြီး ရွေးကောက်ပွဲသက်တမ်းတခု/ အစိုးရသက်တမ်းတစ်ခု ပြောင်းသွားတိုင်း မိမိတို့၏သဘောထားဆန္ဒကို ထပ်ခါထပ်ခါ အကြိမ်ကြိမ်ဖေါ်ပြရမည့် ပုံစံဖြစ်နေပါသည်။
ဧရာဝတီမြစ်ကယ်တင်ရေးဆိုသည်မှာ စဉ်ဆက်မပြတ် ဆောင်ရွက်သွားကြရမည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပါသည်။
သမ္မတဦးသိန်းစိန်၏ သဝဏ်လွှာပါအတိုင်းဆိုလျှင် ဧရာဝတီကိုကယ်တင်လိုသူများ၊ ပြည်သူများဘက်က ပဏာမ အဆင့် အားဖြင့်သာအောင်ပွဲခံခဲ့ပြီဟုဆိုသင့်ပါသည်။ဆိုရပါမည်။
ဧရာဝတီကိုကယ်တင်လိုသူများ၊ ပြည်သူများ၏ ပဏာမ အဆင့်အောင်ပွဲဖြစ်ပါသည်။
လှိုင်းအိကလေး၊ လှိုင်းကြက်ခွပ်ကလေးသဏ္ဍာန်ဖြင့်စတင်ခဲ့သော ဧရာဝတီချစ်မြတ်နိုးသူများ၊ ကယ်တင်လိုသူများ၊ အနုပညာ ရှင်များ၊ သက်ဆိုင်ရာဘာသာရပ်အလိုက်ပညာရှင်များလှုပ်ရှားမှုများသည် မြစ်ဖျားမြစ်ဆုံမှသည် မြစ်ညာ၊ မြစ်ကျေ၊ မြစ်ဝကျွန်းပေါ်၊ ပင်လယ်ဝအထိ လှုပ်ခတ်ရိုက်ခတ်လာခဲ့ပါသည်။
 ထိုကယ်တင်ရေးလှိုင်းခတ်သံသည် ပြည်သူများ၏ ရင်အစုံကို အသေအချာလှုပ်နှိုး၊ ရိုက်ခတ်ထိမှန်ခဲ့သဖြင့် “ဧရာဝတီကိုကယ် တင်ကြ” ဆိုသည့် ပြည်သူများပါဝင်လှုပ်ရှားလာခဲ့သော နဒီဧရာလှိုင်းလုံးကြီးဖြစ်လာခဲ့ရပါတော့သည်။
ပြည်သူများ၏နဒီဧရာလှိုင်းလုံးကြီး အောက်တွင် “ဧရာဝတီရောဂါ” ဟူသော အသံသည် တိုးတိမ်နစ်မြောက် ပျောက်ကွယ် သွားခဲ့ရပြီသည်။ “ဆက်လုပ်မှာပါ၊ ဘယ်တော့မှ နောက်မဆုတ်ပါဘူး” ဆိုသည့် မောက်မာဝင့်ဝါမှုသည်လည်း (၅) နှစ်သက်တမ်း နောက် ဆုတ်ပေးလိုက်ရပြီဖြစ်ပါတယ်။
သမ္မတဦးသိန်းစိန်ကလည်း“ ပြည်သူများ၏ဆန္ဒ ပြည်သူများ၏ စိုးရိမ်ပူပန်မှုများကို အလေးထား၍ ဖြေရှင်းဆောင်ရွက်ပေးရန် တာဝန်ရှိ”သည်နှင့်အညီ သူ၏ သမ္မတသက်တမ်းကာလတွင် “ရပ်ဆိုင်းထားမည်” ဟူသောဆောင်ရွက်ချက်ကို လက်တွေ့ ပြသခဲ့ပေပြီ။
ဤသည်မှာ ဧရာဝတီနှင့်ဧရာဝတီကိုချစ်မြတ်နိုးသော သူ့ပြည်သူများ၏ ပွဲဦးထွက် အောင်ပွဲပင်မဟုတ်ပါလား။
သို့သော် အောင်ပွဲသည် ပဏာမအဆင့်အောင်ပွဲသာလျှင်ဖြစ်ပါသေးသည်။
ဧရာဝတီမြစ်ကယ်တင်ရေးဆိုသည်မှာ စဉ်ဆက်မပြတ်ဆောင်ရွက်သွားကြရမည့် လုပ်ငန်းစဉ် တစ်ရပ်ဖြစ်သည်နှင့်အညီ စဉ် ဆက်မပြတ်ကယ်တင်နိုင်ရေး၊ ဧရာဝတီ၏ကံကြမ္မာကို အကြိမ်ကြိမ်ထိပါးအကဲစမ်းမှုများ၏ ဘေးအန္တရာယ်အသွယ်သွယ်မှ လွတ်မြောက် နိုင်ရေးအတွက် နဒီဧရာလှိုင်းကြီးထက်အဆများစွာကြီးမားသော ဧရာဆူနာမီလှိုင်းလုံးကြီးဖြစ်လာအောင် ဖန်တီးရပါလိမ့်မည်။ စည်းရုံး ရ ပါလိမ့်မည်။
 ဧရာဆူနာမီလှိုင်းလုံးကြီးဖြစ်လာအောင် ပြည်သူများ၊ ပညာရှင်များ၊ နယ်ပယ်အသီးသီးမှ လှုပ်ရှားတတ်ကြွသူများ၏ စဉ်ဆက် မပြတ်စည်းရုံးလှုပ်ရှားပညာပေးမှုများ တဆင့်တိုးလုပ်ဆောင်ကြရပါလိမ့်မည်။ ရှေ့ခရီးဆက်ကြရလိမ့်ဦးမည်။
သို့အတွက် “မောင်ဝံသ” ဆန္ဒစောပြီး အဆိုပြုနေသလို “ပြည်သူ့ သမ္မတကြီး” လို့ ခေါ်ဖို့လည်း စောလွန်းနေပါသေးသည်။
(Photo - RiverNetwork.org)

Cartoon Saw Ngo - After the Irrawaddy ...

ကာတွန်း စောငို - ဧရာဝတီ ရပ်သွားပြီတဲ့လား …
အောက်တိုဘာ ၁၊ ၂၀၁၁

Letters from Michigan - 88 ( final part)




မစ်ရှီဂန်ကပေးတဲ့စာ(၈၈)
နိဂုံးပိုင်း
အောင်ဝေး
အောက်တိုဘာ ၁၊ ၂၀၁၁


AFP photo

(ဒီတပတ်မှာ- မစ်ရှီဂန်ကပေးစာများ နိဂုံးချုပ် အဆုံးသတ်အနေနဲ့၊ လွန်ခဲ့တဲ့(၄)နှစ်က ရဟန်းရှင်လူ ပြည်သူအများ ပါဝင် လှုပ်ရှားခဲ့ကြတဲ့၊ ၂၀၀၇ စက်တင်ဘာ တော်လှန်ရေး အောက်မေ့ဖွယ်တချို့ ကို တင်ပြထားပါတယ်)


မိတ်ဆွေကြီးကိုဒေါင်း...
ကျန်းခံ့သာလို့ မာပါစ။ ဥတုရာသီများလည်း သာပါစ။ ဒီလိုအချိန်ဆိုရင်၊ ရန်ကုန်မြို့ြ
ကီးပေါ်မှာ မိုးသားတွေ အုံ့ ဆိုင်းနေလိမ့်မယ်လို့ ကျနော်တွေးကြည့်နေမိတယ်။ ကျနော် နေထိုင်ခဲ့တဲ့ ငမိုးရိပ် ချောင်းကမ်းပါးအပေါ်မှာ၊ အစာရှာထွက်တဲ့ ငှက်ကလေးတွေ၊ ဟို ဒီ ပျံသန်းနေလိမ့်မယ် လို့လည်း စိတ်ကူးကြည့်နေမိတယ်။

ဒီလိုနဲ့စိတ်က နောက်ဆုံး ရွှေတိဂုံဘုရား ခြေတော်ရင်းကို ရောက်သွားတော့တယ် ကိုဒေါင်း...။
အိမ်ဝေးသူရဲ့စိတ်ထဲမှာတော့ စက်တင်ဘာမိုးက မတိတ်တော့ဘူး။ စက်တ
င်ဘာမိုးရေတွေထဲ၊ ရန်ကုန်နဲ့ တခြားမြို့ ကြီးတွေမှာ သင်္ကန်းရောင်တွေ လွှမ်းခြုံခဲ့တဲ့ ရွှေဝါရောင်နေ့ ရက်တွေဆိုတာ၊ ကျနော်တို့အဖို့ ဘယ်တော့မှမမေ့ကောင်းစရာ အမှတ်တရနေ့ ရက်တွေပါကိုဒေါင်း...။

အခုကတော့၊ အခုရောက်ရှိနေတဲ့ ၂၀၁၁ စက်တင်ဘာကနေ ဟိုးလွန်ခဲ့တဲ့(၄)နှစ်က ၂၀၀၇ စက်တင်ဘာကို ပြန်လည်အောက်မေ့ တသမိတာပါပဲ။ ကဗျာလိုပြောရရင် “စက်တင်ဘာမှ စက်တင်ဘာသို့“ လို့ပဲ ဆိုပါတော့ဗျာ။

ရွှေဝါရောင်တော်လှန်ရေးဟာ ဖြစ်ခဲ့တယ်။ ဗမာပြည်မှာ တကယ်ဖြစ်ခဲ့ပါတယ်။ သံဃာတော်တွေ ဦးဆောင်တဲ့ ရွှေဝါရောင်တော်လှန်ရေးရဲ့ ပထမဆုံး အထွေထွေသပိတ်ကြီးကို ၂၀၀၇ စက်တင်ဘာလ (၂၄)ရက်နေ့ မှာ ကျနော်တို့ စတင်လိုက်ကြတယ်။ အဲဒီလို စတင်နိုင်ဖို့ သံဃာတွေ
ဘက်ကရော၊ ကျနော်တို့လူတွေဘက်ကပါ၊ အခက်အခဲတွေ အများကြီးကြားထဲက၊ စွန့် စား ကြိုးပမ်းခဲ့ရတာပါ။ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေအများကြီး ၀ိုင်းဝန်း ခြံရံပေးခဲ့တာပါ။
EPA photo

ကိုဒေါင်းကြီး... န၀တစစ်တပ်အာဏာသိမ်းခဲ့တဲ့ နှစ်ပတ်လည်၊ စက်တင်ဘာလ(၁၈)ရက်နောက်ပိုင်းမှာ ဆန္ဒပြပွဲတွေဟာ သံဃတိုက်ပွဲကနေ လူထုတိုက်ပွဲအသွင်ကို တစတစ ကူးပြောင်းလာနေပါပြီ။ အဲဒီအချိန်က ကျနော်တို့ကို ဆက်သွယ် ညွှန်ကြားနေတဲ့ သံဃခေါင်းဆောင် ဘယ်သူဆိုတာလည်း ကျနော်တို့ မသိခဲ့ပါဘူး။
စက်တင်ဘာ(၂၄)ရက်၊ ရွှေတိဂုံဘုရား အရှေ့ ဘက်မုခ်၊ ကြေးသွန်းဘုရားမှာ အထွေထွေသပိတ်ကြီး စတော့မှပဲ၊ ရှင်ဥပဂုတ္တရေသိမ်မှာ သီတင်းသုံးနေကြတဲ့ သံဃာ(၇)ပါး ပါဝင်တဲ့ သံဃလှုပ်ရှားမှု ဦးစီးကော်မတီကို ဖူးခဲ့ရတာပါ။

အထွေထွေသပိတ်ကြီးမှာ၊ ကျနော်တို့လူတွေဘက်က လိုက်နာရမယ့် အချက်တွေအနေနဲ့ သံဃာ ခေါင်းဆောင်တွေ ထုတ်ပြန်ထားတာက
(တစ်) သာသနအလံကလွဲလို့ တခြား ဘာအလံမှမထောင်ရ။
(နှစ်) သံဃာ ဆိုင်းဘုတ်ကလွဲရင် တခြား ဆိုင်းဘုတ် ကိုင်ဆောင်ခွင့်မရှိ။
(သုံး) မေတ္တာပို့ဆုတောင်းကလွဲလို့ တခြားဘာကြွေးကြော်သံမှ မကြွေးကြော်ရ-
ဆိုတဲ့ညွှန်ကြားချက်ပါပဲ။

နောက်တခုက... အဲဒီတုန်းက သံဃာခေါင်းဆောင်တွေနဲ့ ကျနော်တို့ တိုင်ပင်သဘောတူခဲ့တာတခုကလည်း၊ အထွေထွေ သပိတ်ကြီးမှာ စီတန်း လမ်းလျှောက်တဲ့အခါ၊ လူထု အဓိကအနေနဲ့ လူတွေက အလယ်ကနေပြီး၊ သံဃာတော်တွေက ဘေးကနေ ၀န်းရံလိုက်ပါဖို့ ဆိုတဲ့ အစီအစဉ်ပါပဲ။

ဒါပေမဲ့ ကိုဒေါင်းရေ... အရာရာဟာစီစဉ်ထားတဲ့အတိုင်း ဖြစ်လာတတ်တာ မဟုတ်လေတော့၊ ပထမဆုံးနေ့ ၊ စက်တင်ာ(၂၄)ရက်နေ့ သံဃာတော်တွေ ဆွမ်းစားပြီးတဲ့အခါ၊ စီတန်းလှည့်လည်ဖို့ တကယ်တန်း တန်းစီကြပြီ ဆိုတဲ့အခါရောက်တော့၊ သိန်းချီနေတဲ့ သံဃာပရိသတ်ကပဲ အလယ်က နေရာယူဖြစ်ပြီး၊ ကျောင်းသား လူငယ်တွေက ဘေးကနေ လက်ချင်းချိတ် ၀န်းရံလိုက်ပါတဲ့ နဂိုပုံစံပဲ ဖြစ်သွားပါတယ်။ သိန်းချီနေတဲ့ လူထုပရိသတ်ကြီးက သံဃာတော်တွေရဲ့ စစ်ကြောင်းနောက်က လိုက်ပါ ချီတက်ခဲ့ကြတာမဟုတ်လား။

အခုအထိ မျက်စိထဲမှာ မြင်ယောင်နေတုန်းပါပဲဗျာ။ ရွှေတိဂုံရားခြေရင်းမှာ သံဃာပင်လယ်၊ လူပင်လယ် ဝေနေခဲ့တယ်။ ရွှေဝါရောင်လှိုင်းလုံးကြီးတွေ တ၀ုန်းဝုန်း ရိုက်ခတ်နေခဲ့တယ်။ သံဃာပရိသတ်၊ လူပရိသတ်ကြားမှာ ကျနော်တို့ စာပေနဲ့ အနုပညာရှင်တွေ အများကြီး တက်တက်ကြွကြွ ပါဝင် လှုပ်ရှားခဲ့ကြတယ်။ ပြည်သူလူထုက သံဃာတော်တွေရဲ့ ဆွမ်းကွမ်း ဝေယျာဝစ္စ၊ ဆေးဝါးအတွက် သူတို့ရဲ့ချွေးနှဲစာတွေကို ရက်ရက်ရောရော ပေးလှူခဲ့ကြတယ်။

အထွေထွေသပိတ်ကြီး စတင်တဲ့ စက်တင်ဘာ(၂၄)ရက်နေ့ မှာတော့၊ သံဃာတွေကသူတို့ ထုတ်ပြန်ထားတဲ့အမိန့် တခုကို လျှော့ပေးလိုက်ပါတယ်။ အဲဒါက ကျောင်းသားလူငယ်တွေရဲ့ “အကြမ်းမဖက်ရေး အမျိုးသားလှုပ်ရှားမှု“ ဆိုတဲ့ ဆိုင်းဘုတ်ကြီးကို ကိုင်ဆောင်ခွင့်ပြုလိုက်တာပါပဲ။ ဒီလိုပါပဲ၊ နောက်တနေ့ စက်တင်ဘာ(၂၅)ရက်နေ့ ရောက်တော့လည်း၊ သံဃာတွေက ကျော်ကိုကိုတို့ ၂၀၀၇ ဗကသ အင်အားစုရဲ့ ခွပ်ဒေါင်းအလံ နှစ်လက်ကို ထောင်ခွင့် ပြုခဲ့ပြန်ပါတယ်။

အထွေထွေ သပိတ်ကြီး နှစ်ရက်စလုံးမှာ၊ နွေးထွေး တက်ကြွတဲ့ အားပေးထောက်ခံမှုတွေ အများကြီး ရခဲ့တာပါ။ တချို့ ကဆိုရင် နိုင်ငံရေးအကြံပြုစာတမ်းတွေတောင် လာပေးခဲ့ကြပါတယ်။ သက်ကြီး ၀ါကြီး နိုင်ငံရေးသမားကြီးတွေက၊ ကျနော်တို့လို ငချွတ်ငတားလေးတွေကို သိကြားဘုရားအထိ လာတွေ့ ပြီး အားပေးခဲ့တာပါ။

စက်တင်ဘာ(၂၅)ရက်နေ့ ဆူးလေဘုရားနဲ့ မြို့ တော်ခန်းမရှေ့ မှာ တွေ့ လိုက်ရတဲ့ သံဃာနဲ့ လူထုပရိသတ်ကြီးဟာ အဆုံးအဖြတ်တခုပေးနိုင်တဲ့ အနေအထားကို ရောက်ရှိနေပြီ လို့တောင် စိတ်ထဲမှာ မျှော်မှန်း အားတက်မိခဲ့တဲ့အထိပါ။

ဒါပေမဲ့၊ ကျနော်တို့ ထင်သလို ဖြစ်မလာခဲ့ဘူး။ စက်တင်ဘာ(၂၆)ရက်နေ့ မှာ ကျနော်တို့စတင် ချေမှုန်းခံခဲ့ရတယ်။
AP photo

အခု ရွှေဝါရောင်တော်လှန်ရေး(၄)နှစ် ပြည့်တဲ့အချိန်မှာ ပြန်ကြည့်လိုက်တော့၊ ကိုယ်တိုင် ပါဝင်ခဲ့တဲ့အထဲက ကျနော်တို့၊ ဆရာမ နှင်းပန်းအိမ်တို့က ပြည်ပကို ထွက်ပြေးခဲ့ကြရတယ်။ သံဃာခေါင်းဆောင် တချို့ လည်း အဝေးရောက်ကုန်တယ်။ အဖမ်းခံခဲ့ရတဲ့ သံဃာတွေ၊ NLD လူငယ်တွေ၊ ကျောင်းသားတွေ ထောင်ထဲမှာ အများကြီး ရှိသေးတယ်။ ကိုဇာဂနာတို့၊ ကိုဇော်သက်ထွေးတို့ ထောင်ထဲက မလွတ်သေးဘူး။ ကိုကျော်သူ ရုပ်ရှင် မရိုက်ရတော့ဘူး။

ကိုဒေါင်းရေ... ကျနော်တို့ ရှုံးသလား၊ နိုင်သလား၊ အောင်ပွဲကို ဘယ်သူရသွားသလဲ။ သမိုင်းကပဲ အဆုံးအဖြတ် ပေးပါလိမ့်မယ်။ ဒီစကားနဲ့ပဲ မစ်ရှီဂန်က ပေးစာကဏ္ဍကို အဆုံးသတ်လိုက်ရပါတယ်ဗျာ။
အားလုံး ကျန်းမာ ချမ်းသာကြပါစေ။ မြန်မာ့ဒီမိုကရေစီအရေးတော် ပုံအောင်ပါစေ။ ။

အောင်ဝေး
စက်တင်ဘာ ၁၉-၂၀၁၁။

မူရင်း - လွတ်လပ်တဲ့အာရှအသံ www.rfa.org/burmese

possible embezzlement of funds in DVB

DVB သတင်းဌာနတွင် ယမန်နှစ်က ငွေအလွဲသုံးမှုဖြစ်နိုင်ခြေရှိသဖြင့် စုံစမ်းနေကြောင်း DVB ထုတ်ပြန်
မိုးမခအထောက်တော် အမှတ် ၀၁၂
အောက်တိုဘာ ၁၊ ၂၀၁၁


ပြီးခဲ့သည့်နှစ်အတွင်း DVB ပြည်တွင်းသတင်းလုပ်ငန်းကွန်ယက်တွင် ငွေအလွဲသုံးစားမှု ရှိနိုင်သဖြင့် စစ်ဆေးနေသည်ဟု DVB အင်တာနက်စာမျက်နှာတွင် အင်္ဂလိပ်ဘာသာဖြင့် ယမန်နေ့က ဖော်ပြထားသည်။

ငွေကြေး ပမာဏ ထိုင်းဘတ် ၉ သန်း (နော်ဝေ ခရိုနာ ၁၇ သိန်း သို့မဟုတ် အမေရိကန် ဒေါ်လာ ၃သိန်းခန့်) အလွဲသုံးနိုင်ချေရှိခဲ့သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

ထိုသတင်းကို DVB ရုပ်မြင်သံကြားကလည်း ထုတ်လွှင့်သွားသည်။

နော်ဝေနိုင်ငံ အခြေစိုက် DVB သတင်းဌာနသည် ထိုနိုင်ငံတွင် မှတ်ပုံတင်ထားသည့် အဖွဲ့အစည်း ဖြစ်သည်။

အမှုမှန် အခြေအနေမှန် သိနိုင်ရန် နော်ဝေရဲဌာနတွင် အမှုဖွင့်ပြီး စစ်ဆေးနေသည်ဟု DVB ရုပ်သံတွင် ထုတ်လွှင့်သွားသည်။

DVB က ကိုယ်တိုင်မြှင့်တင်နေသည့် ဒီမိုကရေစီတန်ဖိုး၊ ပွင့်လင်းမြင်သာမှုတို့နှင့် ဆန့်ကျင်သည့် လုပ်ရပ်များကို ဆောင်ရွက်မည်မဟုတ်ကြောင်း သက်သေပြနိုင်ရန် ဤသို့စုံစမ်းစစ်ဆေးရန် အရေးကြီးသည်ဟု သတင်း ထုတ်ပြန်ချက်က ဆိုသည်။

ဤစစ်ဆေးမှုက DVB ၏ လုပ်ငန်းစဉ်များကို အကြီးအကျယ်ထိခိုက်မည်မဟုတ်ကြောင်းလည်း သတင်းထုတ်ပြန်ချက်က ဆိုသည်။

ငွေအလွဲသုံးမှုဖြစ်နိုင်ခြေရှိကြောင်း ထုတ်ပြန်ချက် (အင်္ဂလိပ်ဘာသာ)

Press Statement: possible embezzlement of funds in DVB
Published: 30 September 2011

1. The Management and Board of Directors of the Democratic Voice of Burma (DVB) have discovered that the leadership of DVB ’Inside Operations’ in Burma may have embezzled in 2010, up to Baht 9 million (1.7 million Norwegian Kroners or approximately 300,000 US Dollars) from funds allocated for journalists and operations inside Burma.

2. Preliminary investigations by the Board show that other DVB journalists working in Burma and elsewhere were not involved.

3. The Executive Director of DVB, Aye Chan Naing, and the Deputy Executive Director, Khin Maung Win, although not involved in the embezzlement, have taken full responsibility. They have stepped down from their management positions to enable external auditors to conduct an impartial investigation.

4. The Board of Directors have accepted the decision of the two Executive Directors and have appointed Harn Yawnghwe as Acting Executive Director of DVB to oversee operations in the interim.

5. The DVB Board has initiated legal action. This initiative is of crucial importance to prove that the DVB as an exiled media institution that promotes democratic values and transparency does not allow any organisational practices that go contrary to what it is promoting. DVB is registered as a Norwegian Foundation.

6. This process will not have any major impact on DVB operations, nor on any of the DVB affiliates.

Over the years, DVB has built up an extensive network of reporters inside the country, which has delivered news under challenging conditions. The fact that 17-DVB journalists from the network at present are serving from 3 to 65 year terms in various prisons in Burma is a clear indicator of the selfless and dedicated work of these journalists.

(Harald Bockman)

Contacts:

1. Mr. Harald Bockman, Board Chairman, Tel +47 9414 38 38.

2. Mr. Harn Yawnghwe, Acting Executive Director, Tel +32 475 75 3632.

MRTV 4 - စတိုင်ရှိမှ စတားဖြစ်မယ်


စတိုင်ရှိမှ စတားဖြစ်မယ်
ချိုးထိန် (အီးမေးပစ်စာ)။ အောက်တိုဘာ ၁၊ ၂၀၁၁
အယ်ဒီတာဂျီးများ (ချေးများသောအယ်ဒီတာလို့လည်း ပြောတာဖြစ်နိုင်တယ်)  ခင်ဗျား။
သမ္မတကြီး၏ ဧရာဝတီမြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းကြောင်း ကြေညာချက်ကို MRTV 4 က အဲသလို အဲသလို ထုတ်ြပန်လိုက်ကြောင်း ကင်မရာနဲ့ ရိုက်ပြီး အတင်းပို့လိုက်ပါတယ်။
ရှုစားတော်မူကြပါ။ သမ္မတကြီးက သူ့ထုတ်ပြန်ချက် လူစိတ်ဝင်စားမှုရှိအောင် အခုလို မိုဒယ်ကလေးများ သုံးပြီး တင်ဆက်တာလား၊ MRTV 4 က လူတော်ကြီးများက ရွှေဉာဏ်တော်စူးလေသလား မသိပါ။
မုဒိတာ ပွားနိုင်ကြပါစေ။ ကိန် ...

AAPP - Definition of Burmese Political Prisoners

မည်သူတို့အားနိုင်ငံရေးအကျဉ်းသားအဖြစ်သတ်မှတ်သည်ကို အေအေပီပီ ထုတ်ပြန်
မိုးမခ၊ မှတ်စုမှတ်တမ်းအညွှန်း၊အောက်တိုဘာ ၁၊ ၂၀၁၁
အေအေပီပီဟု ခေါ်သည့် ထိုင်းနိုင်ငံအခြေစိုက်နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)က လက်ရှိကြံ့ဖွှံ့အစိုးရ အငြင်းပွားနေသည့်နိုင်ငံရေးအကျဉ်းသား အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ရှင်းလင်းထုတ်ပြန်မှု ပြုလိုက်သည်။ ၎င်းတို့က- " အေအေပီပီ အနေဖြင့် ဒီမိုကရေစီရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက်ပါဝင်ဆောင်ရွက်မှုကြောင့် ထောင်သွင်းအကျဉ်းချခံရသူများအားလုံးကိုနိုင်ငံရေးအကျဉ်းသားများဟု သတ်မှတ်ပါသည်။" ဟု ဆိုလိုက်သည်။သတင်းထုတ်ပြန်ချက်မှာ အောက်ပါအတိုင်းဖြစ်သည်။
သတင်းထုတ်ပြန်ချက်
ရက်စွဲ။ ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)
(အေအေပီပီ) မှ ငြိမ်းချမ်းစွာဆန့်ကျင်ဆန္ဒပြခြင်းဖြင့်လည်းကောင်း လက်နက်ကိုင်လမ်းစဉ်ဖြင့်လည်းကောင်းနိုင်ငံရေး လှုပ်ရှားမှုများတွင် တက်ကြွစွာပါဝင်လှုပ်ရှားခြင်း၊ (သို့)အားပေးထောက်ပံ့ကူညီခြင်း သို့မဟုတ် ထိုသို့ ပါဝင်သည်၊ ထောက်ပံ့ ကူညီသည်ဟုစွပ်စွဲခံရခြင်းတို့ကြောင့် မြန်မာနိုင်ငံထောင်အသီးသီး၊ ရဲဘက် စခန်းများနှင့်စစ်ကြောရေး စခန်းများတွင် ဖမ်းဆီးချုပ်နှောင်ခြင်းခံရသော မည်သူကိုမဆို နိုင်ငံရေးအကျဉ်းသားဟု သတ်မှတ်ပါသည်။
အေအေပီပီမှ ပြုစုထားသောစာရင်းတွင်ထည့်သွင်းဖော်ပြထားသော ဖမ်းဆီးခံရသူ တစ်ဦးချင်းသည် နိုင်ငံရေးနှင့်သက်ဆိုင်ပြီးအကျဉ်းချခံထားရသူများဖြစ်ကြပါသည်။

Suu & Aung Kyi - joint press conference

 
ဒေါ်အောင်ဆန်းစုကြည်နဲ့ ကြံ့ဖွံ့ဝန်ကြီးတွေ့ဆုံ၊ သတင်းထောက်မေးခွန်းများဖြေကြား
မိုးမခ၊ အောက်တိုဘာ ၁၊ ၂၀၁၁
အင်န်အယ်ဒီပြန်ကြားရေး၏ သတင်းဓာတ်ပုံများနှင့်  အသံဖိုင်များအရ ယမန်နေ့နေ့ခင်း၊ စိမ်းလဲ့ကန်သာ အစိုးရဧည့်ဂေဟာတွင် ကြံ့ဖွံ့ဝန်ကြီး ဦးအောင်ကြည်နှင့် အင်န်အယ်ဒီပါတီနှင့် မြန်မာပြည်လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးခဲ့ပြီး ၂ ဖက်ပူးပေါင်း သတင်းထုတ်ပြန်မှုနှင့် သတင်းထောက်အမေးများကို ဖြေကြားခဲ့ကြသည်ကို တွေ့ရသည်။
နိုင်ငံတော်သမ္မတကြီးက လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် စဉ်းစားနေသည့်ကိစ္စ ၊ ဧရာဝတီအရေး နှစ်ဖက်ပူးပေါင်း ဆောင်ရွက်ရန်၊ ဥပဒေပြင်ပက လက်နက်ကိုင်များကို ဥပဒေဘောင်အတွင်း ငြိမ်းချမ်းရေးတည်ဆောက်ရေး၊ ပြည်တွင်း တည်ငြိမ်ရေး၊ ဥပဒေစိုးမိုးရေး နှစ်ဖက် ပူးပေါင်း ဆောင်ရွက်ရေးများကို ဆွေးနွေးကြောင်း၊ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပူးတွဲသတင်းထုတ်ပြန်ခဲ့သည်။
အင်န်အယ်ဒီ ပါတီမှတ်ပုံတင်မလား၊ ဒေါ်စု ရွေးကောက်ပွဲ ကိုယ်တိုင် ၀င်မည်လားဟု သတင်းထောက်မေးခွန်းများကို ဖြေကြားရာတွင် လက်ရှိအစိုးရက အင်န်အယ်ဒီပါတီအား ပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုရန်၊ ဥပဒေနဲ့အညီ လက်တွဲရန် ကြိုဆိုကြောင်း၊ ဦးအောင်ကြည်က ပြောကြားသည်။ ဒေါ်စုက အင်န်အယ်ဒီပါတီက ရွေးကောက်ပွဲ ဆိုတာကို မဆန့်ကျင်ကြောင်း၊ ရွေးကောက်ပွဲတခု၏ အခင်းအကျင်းကိုသာ မူတည်စဉ်းစားကြောင်း၊ မိမိပါတီ စီအီးစီများကို တင်ပြဆွေးနွေးရမည် ဖြစ်ကြောင်း ဖြေကြားသည်။
သမ္မတဦးသိန်းစိန်၏ ဧရာဝတီမြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းထားရန် အဆိုပြုချက်ကို ဒေါ်စုက ကြိုဆိုကြောင်း၊ မည်သည့်အစိုးရမဆို ပြည်သူလူထု၏ အများဆန္ဒကို နားထောင်ရမည်ဖြစ်ကြောင်း ပြောကြားသည်။ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး၊ တိုင်းရင်းသားအရေး၊ ပြည်တွင်းငြိမ်းချမ်းရေး စသည့်အရေးများအတွက် အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် တိုင်းပြည်အကျူိုးကိုသာ ဦးတည်ပြီး မိမိက ဆောင်ရွက်မည်ဖြစ်သည်ဟု ဒေါ်စုက မှတ်ချက်ပေးသည်။ သမ္မတနှင့် ထပ်မံတွေ့ဆုံရန် အစီအစဉ်များ ရှိမရှိကိုမူ မိမိဖက်က စီစဉ်ထားခြင်းမရှိကြောင်း ဖြေသည်။
(ဓာတ်ပုံနှင့် အသံ – အင်န်အယ်ဒီပြန်ကြားရေးမှတ်တမ်း)

Than Win Hlaing - General Aung San's Mother Daw Suu

ဗိုလ်ချုပ်အောင်ဆန်းမိခင်ကြီး ဒေါ်စု
သန်းဝင်းလှိုင်
စက်တင်ဘာ ၃၀၊ ၂၀၁၁



ဗိုလ်ချုပ်အောင်ဆန်းမိခင်ကြီး ဒေါ်စုကို ခရစ် ၁၈၇၇ ခု၊ ဧပြီ (၂၂) ရက်၊ တနင်္ဂနွေနေ့ တွင် မကွေးခရိုင် နတ်မောက်မြို့ရှိ မင်းဝိုင်းနေအိမ်၌ အဖဦးမြအေး၊ အမိ ဒေါ်ခင်သူဇာတို့မှ ဖွားမြင်ခဲ့သည်။ မွေးချင်း (၇) ဦးအနက် သမီးကြီးဖြစ်သည်။ တနင်္ဂနွေသမီးဖြစ်သော်လည်း ‘မစု’ ဟု ပင် မှည့်ခေါ်ထားသည်။ သူ၏ဦးရီးတော်သူ ပင်း၊ နတ်မောက်၊ ကျောက်ပန်းတောင်းသုံးမြို့ဝန် ဦးမင်းမောင်က ‘အစု’ ပင် ခေါ်လေ့ရှိသည်ဟုဆို၏။ ဒေါ်စုအောက်တွင်မောင် ဦးဖိုးသင်၊ ဦးငွေဒိုင်၊ ဦးငွေဆိုင်၊ ညီမ ဒေါ်ယု၊ ဒေါ်ပု၊ ဒေါ်ခင်မေတို့ရှိသည်။

ဒေါ်စုခေါ် အမေစုမှာ မအေတူသမီးဖြစ်၍ မျက်နှာသွယ်သည်။ အသားညို၍ အရပ်မှာ မနိမ့်မမြင့်ဖြစ်သည်။ ကိုယ်အင်္ဂါအနေအထားမှာ မ၀လွန်း၊ မပိန်လွန်း ကြည့်၍ကောင်းသည်။ အမေစုသည် စကားနည်း၍ မျက်နှာမှာ ကျက်သရေရှိပြီး ခံညားလှသည်။ အမေစုသည် အစ်မ ကြီးဖြစ်သည့်အပြင် သိက္ခာသမာဓိနှင့်ပြည့်စုံရကား မွေးချင်းပေါက်ဖော်အားလုံးက ‘အစ်မကြီး’ ဟုခေါ်ကြသည်။ အခြားသူများကလည်း နှုတ်ယောင်လိုက်ကာ ‘အစ်မကြီး’ ဟုပင် ခေါ်ကြ သည်။

အမေစုသည် ‘ဗိုင်းကောင်းကျောက်ဖိ’ ဆိုသော စကားကဲ့သို့ မိကောင်းဖခင်သားသမီး ဖြစ်သည့်အတိုင်း အဘဦးမြအေး၊ အမိဒေါ်ခင်သူဇာတို့၏ ဆုံးမကွပ်ကဲမှုကို ကောင်းစွာ ခံယူခဲ့ရပေသည်။ ထို့ကြောင့် ပင် (၁၁) နှစ်သမီးအရွယ်ကပင် မြန်မာအမျိုးသမီးတတ်အပ်သည့် ရက် ကန်းအတတ်ကို သူမတူအောင် တတ်မြောက်ခဲ့လေသည်။ ၎င်းပြင် ရက်ကန်းအတတ်နှင့် မကျေနပ်သေးဘဲ စက်ချုပ်အတတ်ကို သင်ကြား လိုက်သေးသည်။

အမေစုအတွက် ကံဆိုးသော အချက်တစ်ချက်မှာ အမေစုတို့ခေတ်က အမျိုးသမီးများ စာသင်ကြားရသော အလေ့အထ နည်းပါးခဲ့ခြင်းကြောင့် စာရေးစာဖတ်ကိုပင် မတတ်မြောက်ခဲ့ရခြင်းဖြစ်သည်။ စပေမသင်ကြားရ၍ စာမတတ်သော်လည်း အမေစု၏ဉာဏ်မှာ လူအများ၏ လက်ဖျား ခါ ချီးကျူးခြင်းခံရလောက်အောင် ကောင်းလှပေသည်။

အမေစု၏မိဘများသည် ရှေးလူကြီးများပီပီ သမီးကညာ အခါမလင့်စေနှင့်ဆိုသောစကားအတိုင်း အမေစုကို အသက် (၁၉) နှစ်တွင် နတ်မောက်အနောက်ပိုင်းရှိ တောင်သူကြီး ဦးဒေကိုး၊ ဒေါ်ဆွဲလေးတို့၏ တစ်ဦးတည်းသောသား ဦးဖာနှင့်ထိမ်းမြားပေးလေသည်။ မိဘနှစ် ပါးသဘောတူ၍ အကြောင်းပါရသော်လည်း လက်မထပ်မီအချိန်က အမေစုမှာ ဦးဖာအား တစ်ကြိမ်တစ်ခါမှ မတွေ့မမြင်ခဲ့ဘူးချေ။ ထိမ်းမြား ၍ အကြောင်းပါသောအချိန်ကျမှသာ ဦးဖာ၌ ကျောက်ပေါက်မာများပါသည်ကို သိရှိရလေသည်။

“မောင်ဖာမှာ ကျောက်ပေါက်မာပါမှန်း အိမ်ထောင်ကျမှ သိရတယ်ကွယ်” ဟု တစ်ခါတစ်ရံ ရယ်စရာမောစရာ ပြောတတ်လေသည်။

ယင်းသို့ ဦးဖာနှင့် အကြောင်းဆက်ပြီးနောက် ယောက္ခမအိမ်တွင် လိုက်ပါနေထိုင်စဉ်အ တွင်း ၁၈၉၄ ခုနှစ်၌ အကြီးဆုံးသမီး မခင်ညွန့်ကို ဖွားမြင်ခဲ့သည်။ ထို့နောက် ၁၈၉၅ တွင် ဒုတိ ယသမီး မ၀က်ကို ဖွားမြင်ပြန်သည်။ ၁၉၀၁ ခု ၊ ဇွန်လ (၁၁) ရက်၊ အင်္ဂါနေ့တွင် မောင်ဘ၀င်း (နောင်အာဇာနည် ဦးဘ၀င်း) ကို ဖွားမြင်သည်။ ၎င်းနောက် တတိယသမီး မရွှေမှန်ဖွားမြင်ခဲ့သော်လည်း သမီးကလေး မရွှေမှန်သည် (၁၃) နှစ်အရွယ် ငယ်စဉ်မှာပင် ကွယ်လွန်တိမ်းပါးခဲ့ရသည်။

ထိုစဉ်က အမေစုသည် ယောက္ခမအိမ်တွင်လည်းမနေ၊ မိဘနေအိမ်တွင်လည်း မခိုကပ်တော့ဘဲ မိမိတို့မင်းဝိုင်းကြီးအတွင်း၌ပင် သီးသန့် အိမ်တစ်ဆောင် ဆောက်နေထိုင်ခဲ့လေသည်။ ၁၉၀၅ ခုတွင် ဒုတိယသားဖြစ်သော မောင်နေအောင်ကို ဖွားမြင်လေသည်။ ထိုအချိန်တွင် အမေစု၏ တိုက်တွန်းချက်အရ ဦးဖာမှာ လယ်သမားဘ၀ကိုစွန့်၍ ဥပဒေသင်တန်းသွားရောက် သင်ကြားသည်။ ယင်းနောက် တတိယတန်း အမိန့်တော်ရစာမေးပွဲကို ၀င်ရောက်ဖြေဆိုရာ နှစ်ချင်းပေါက်အောင်မြင်ခဲ့လေသည်။ ထိုအချိန်မှစ၍ အမေစုသည် လယ်သမားမယား မယ်စုဘ၀မှ အမိန့်တော်ရ ရှေ့နေကတော် ဒေါ်စုဘ၀သို့ မမျှော်လင့်ဘဲ ရောက်ရှိလာလေတော့သည်။

ဦးဖာရှေ့နေဖြစ်ပြီး မကြာမီမှာပင် သားမောင်ညိုမောင်နှင့် ငယ်စဉ်ကပင် ကွယ်လွန်သွားခဲ့သော မောင်ထွန်းလင်းတို့ကို တစ်နှစ်ခြားစီ ဖွားမြင်ခဲ့လေသည်။ ထိုနောက် ၁၉၁၁ ခု၊ သြဂုတ်လ (၂၀) ရက်၊ တနင်္ဂနွေနေ့တွင် မောင်အောင်သန်းမွေး၍ ၁၉၁၅၊ ဖေဖောဝါရီလ (၁၃) ရက်၊ စနေနေ့တွင် မောင်အောင်ဆန်း (နောင် ဗိုလ်ချုပ်အောင်ဆန်း) တို့ကို ထွန်းကားခဲ့လေသည်။ ထို့ကြောင့် အမေစုတွင် သားသမီးပေါင်း ကိုးဦးတိတိထွန်းကားခဲ့လေသည်။

အမေစုမှာ အိမ်ထောင်ကျစအချန်မှစ၍ မော်နေအောင် မွေးသည့်အချိန်အထိ ဆင်းရဲပင်ပန်းကြီးစွာ လုပ်ကိုင်ရှာဖွေကာ အိမ်ထောင့် တာဝန်ထိန်းခဲ့ရသည်။ ခင်ပွန်းသည်ဦးဖာမှာ ငယ်စဉ်က မြင်းစီးအလွန်ဝါသနာပါခဲ့၍ ထိုစဉ်က နတ်မောက်၌ အလွန်ခေတ်စားခဲ့သော မြင်း ပြိုင်ပွဲများတွင် ၀င်ရောက်ယှဉ်ပြိုင်စီးနေခြင်းဖြင့်သာ အချိန်ဖြုန်းခဲ့လေသည်။ အမေစုတစ်ဦးတည်းသာ အိမ်ထောင့်ဝန်ကို ထိန်းသိမ်း၍ သားသမီးများကို ရင်အုပ်မကွာ ကျွေးမွေးပြုစုခဲ့ရ လေသည်။

အမေစုသည် ငယ်စဉ်ကစ၍ ကွယ်လွန်အနိစ္စရောက်သည့်အချိန်အထိ ရှေးဘုန်းကံပါရ မီနှင့် ပြည့်စုံခဲ့သည့် အမျိုးသမီးကြီးဖြစ်လေသည်။ သမီးအကြီးဆုံးမခင်ညွန့်မှာ အမေစုနှင့် အလွန်တူသည်။ အိမ်ထောင်သားမွေးအလုပ်မျိုးကို စက်ဆုပ်သည်။ ထို့ကြောင့်ပင် အသက် (၄၅)၊ (၄၆) အရွယ်အထိ အိမ်ထောင်မပြုဘဲ မိခင်ကြီးနှင့်အတူ နေထိုင်ခဲ့သည်။ သို့သော် အမေစုသည် ရှေ့ရေးကိုမျှော်တွေး၍ သမီးကြီးအား မြေ စာရင်းအက်စပက်တော်ဦးသာရင်နှင့် လက်ထပ်ပေးခဲ့သည်။

သို့သော ဒုတိယသမီးမ၀က်မှာ မိခင်နှင့် ရာသက်ပန်မခွဲလိုသဖြင့် မိခင်ကတိုက်တွန်းသော်လည်း ကွယ်လွန်သည့်အချန်အထိ အပျိုကြီး ဘ၀ဖြင့် နေထိုင်သွားခဲ့လေသည်။

သားအကြီးဆုံး မောင်ဘ၀င်းမှာ မိခင်အား အလွန်ကြည်ညို၏။ ရိုးသားဖြောင့်မတ်သည်။ နတ်မောက်မြို့တွင် မြန်မာ(၉) တန်း အောင်မြင်ပြီးနောက် ရေနံချောင်းသို့သွားရောက်၍ ဘီအိုစီရေနံကုမ္ပဏီတွင် စာရေးအလုပ်ကို လုပ်ကိုင်သည်။ ၎င်းရသောလစာကိုစု၍ မိခင်ထောက်ပံ့သောငွေနှင့် ပူးပေါင်းကာ တက္ကသိုလ်သို့ဆက်တက်ခဲ့သည်။ သို့ဖြင့် ၁၉၂၉ ခု နှစ်တွင် သင်္ချာဂုဏ်ထူးဖြင့် သိပ္ပံဘွဲ့ (B.Sc) အောင်မြင်ခဲ့သည်။ ထို့နောက် ရေနံချောင်းမြို့ အမျိုးသားကျောင်းတွင် ကျောင်းဆရာကြီးဖြစ်ခဲ့သည်။ အမေစုသည် သားကြီးအား ၎င်းသဘောကျသော တောင်တွင်းကြီးဇာတိ ဦးအံ့ကြီး၊ ဒေါ်ရွှေမေတို့၏ သမီး မခင်စောနှင့် ၁၉၃၅ ခု တွင် ကိုယ်တိုင်စေ့စပ်၍ တောင်းရမ်း လက်ထပ်ပေးခဲ့သည်။ သား၊ ချွေးမ မခင်စော၊ မြေးများ ဖြစ်သော မတင်လှဝင်း၊ မောင်စောဝင်း၊ မောင်အေးဝင်း၊ ခင်မြ၀င်း၊ မောင်စိန်ဝင်း၊ မောင်ထွေး ၀င်းတို့နှင့်အတူ ဂျပန်တစ်ခေတ်လုံးအတူတကွ နေထိုင်ခဲ့ရသဖြင့် စိတ်ကျေနပ်မှုရရှိခဲ့သည်။

သားအလတ်မောင်နေအောင်မှာလည်း ၁၉၂၇ ခုတွင် တတိယတန်း ရှေ့နေစာမေးပွဲ အောင်မြင်ပြီးနောက် နတ်မောက်မြို့အနီးရှိ ဘုန်း တော်ပြည့်ရွာသူကြီး ဦးဘိုးလှိုင်၏သမီး မခင်လေးနှင့် ၁၉၃၀ ပြည့်တွင် အမေစုကိုယ်တိုင်တောင်းရမ်း လက်ထပ်ပေးခဲ့သည်။ မောင်နေ အောင်မှာ ဂျပန်ခေတ်တွင် တရားမမြို့အုပ်ခန့်ထားခြင်းခံရသည်။ မောင်နေအောင်မှာ သားအားလုံးအနက် အတူတူနေရချိန်များသဖြင့် အမေစုသည် ၎င်းအပေါ်၌ သံယောဇဉ်ကြီးခဲ့၏။

မွေးချင်းကိုးယောက်အနက် နို့ညှာဖြစ်သော မောင်အောင်သန်း (၁၉၁၁-၁၉၉၁) ကို လည်း ရန်ကုန်တက္ကသိုလ်တွင် ၁၉၃၄ တွင် ၀ိဇ္ဖာ (B.A) ဘွဲ့ရရှိပြီးနောက် နယ်ပိုင်ဝန်ထောက် ရာထူးရရှိသည်အထိ ပညာသင်ကြားပေးခဲ့၏။ ဦးအောင်သန်းမှာ တက္ကသိုလ်တွင်နေစဉ် ယစ် မျိုးဝန်ထောက် ဦးဘ၊ ဒေါ်စံတို့၏ တတိယသမီး မခင်နုနှင့် အကြောင်းဆက်မိသည်။ မခင်နု၏ အစ်မ ဒေါ်ခင်တုတ်ကို ရဲဘော်သုံးကျိပ်ဝင် သခင်ထွန်းအုပ်က လက်ထပ်ခဲ့သဖြင့် ဦးအောင်သန်းနှင့် သခင်ထွန်းအုပ်သည် မယားညီအစ်ကိုတော်လေသည်။ မခင်နုမှာ အမေစုတို့နှင့် အမျိုးတော်သော တောင်တွင်းကြီးဇာတိ ဦးဘတင်၏သမီးဖြစ်သည့်အတိုင်း အမေစုသည် သဘောကျကျေနပ်ကာ အင်းစိန်မြို့သို့ ကိုယ်တိုင်သွားရောက်စေ့စပ်တောင်းရမ်း၍ ၁၉၃၆ ခု၊ နိုဝင်ဘာလ (၇) ရက်နေ့တွင် ကြီးကျယ်စွာ မင်္ဂလာဆောင်ပေးခဲ့လေသည်။ ဦးအောင် သန်းသည် မခင်နုနှင့် သားသမီးငါးဦး (စောလှအောင်သန်း၊ မရီရီအောင်သန်း၊ မတီတီအောင်သန်း၊ မောင်ချိုအောင်သန်း၊ မငယ်မမသန်း) တို့ ထွန်းကားခဲ့သည်။

သားအထွေးဆုံးနှင့် အလိုလိုက်ရဆုံး မောင်အောင်ဆန်းကိုကား နတ်မောက်မြို့ ဘုန်း တော်ကြီးဦးသောဘိတ၏ အထက်တန်းကျောင်းတွင် သတ္တမတန်းအထိ ပညာသင်ကြားပေးပြီးနောက် ၁၉၂၈ မှ ၁၉၃၂ ထိ ရေနံချောင်း အမျိုးသားအထက်တန်းကျောင်းတွင် (၁၀) တန်းအောင်မြင်သည်အထိ ထားခဲ့သည်။ ၎င်းနောက် ရန်ကုန်တက္ကသိုလ်သို့ပို့၍ ၁၉၃၇ တွင် ၀ိဇ္ဖာ (B.A) ဘွဲ့အောင်မြင်သည်အထိ ပညာသင်ပေးခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် မခင်ကြည်တို့ မှာ ဂျပန်ခေတ်အတွင်း ၁၉၄၂ ခု၊ စက်တွင်ဘာလ (၆) ရက်၊ တနင်္ဂနွေနေ့တွင် နှစ်ဦးသဘော တူချစ်ကြိုက်၍ B.I.A ပြည်သူ့ဆေးရုံကြီး (ယခု နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်) တွင်လက်ထပ်ခဲ့ကြရာ အမေစုမှာ ကိုယ် တိုင်ကိုယ်ကျ အခြားသားသမီးများကဲ့သို့ တောင်းရမ်းလက်ထပ်မပေးရသော်လည်း ဗိုလ်ချုပ်ရာထူးလက်ခံရပြီးနောက် မယားပြအဖြစ်နှင့် နတ်မောက်မြို့သို့ ဗိုလ်ချုပ်အောင်ဆန်းလာရောက်လည်ပတ်စဉ် မခင်ကြည်အား ခေါ်ဆောင်ခဲ့ရာ ချွေးမကလေး၏ ရိုသေကိုင်းရှိုင်းမှု၊ လိမ္မာရေးခြားရှိမှုတို့ကို သိမြင်ရသောအခါ အမေစုမှာ သားနှင့်ချွေးမကလေးအပေါ်တွင် တပြုံးပြုံးနှင့် ကျေနပ်ဝမ်းမြောက်မိတော့၏။

ထို့နောက် အမေစု အသက်(၆၀) ပြည့်သောနှစ်တွင် ငယ်စဉ်တောင်ကျေးကစ၍ပေါင်းသင်းခဲ့သော် ခင်ပွန်းဖြစ်သူ ဦးဖာ (၆၇) နှစ်မှာ လူကြီးရောဂါဖြင့် ၁၉၃၁ ခု၊ မေ (၁၈) ရက်တွင် ကွယ်လွန်အနိစ္စရောက်သွားရကာ မုဆိုးမဘ၀ဖြင့် သားသမီးများကိုအုပ်ထိန်းကာ စောင့် ရှောက်ခဲ့ရလေသည်။

အသက် (၆၄) နှစ်အရွယ်တွင် အမေစုမှာ လောကဓံတရား၏ ရိုက်ခတ်ခြင်းကို ဒုတိယ အကြိမ်ခံရပြန်လေသည်။ အချစ်ဆုံးသမီးကြီး မခင်ညွန့်မီးယပ်ရောဂါဖြင့် ၁၉၄၆ ခုနှစ်တွင် ကွယ်လွန်သွားရာ အမေစုမှာ ပထမဆုံးသမီးအပူကို စတင်ခံစားခဲ့ရလေသည်။

ယင်းနောက် အချစ်ဆုံးသားများဖြစ်သည့် ၀န်ကြီးဦးဘ၀င်းနှင့် ဗိုလ်ချုပ်အောင်ဆန်းတို့ မှာ မသမာသူတို့၏လက်ချက်ဖြင့် ၁၉၄၇ခု၊ ဇူလိုင်လ (၁၉) ရက်၊ စနေနေ့တွင် ကျဆုံးသွားခဲ့ရ သောအခါ ဒုတိယမြောက် ပြင်းထန်သော အပူမီးကို ခံစားရပြန်လေသည်။

တစ်ဖန် ဦးနေအောင်၏သမီး မြင့်မြင့်ကလေးမှာ ငယ်စဉ်ကပင် အမေစုနှင့်အတူ လာ ရောက်နေထိုင်ရကား ‘သားမှာအချစ်၊ မြေးမှာအနှစ်’ ဆိုသောစကားကဲ့သို့ မြေးကလေးကို အလွန်ပင် အချစ်ပိုခဲ့လေသည်။ သို့သော် မြင့်မြင့်ကလေးမှာ နတ်မောက်မြို့ ဗိုလ်ချုပ်အထိမ်း အမှတ်နိုင်ငံတော်တန်းမြင့်ကျောင်း၍ ဆဋ္ဌမတန်းတွင် ပညာသင်ကြားနေစဉ် အဖျားရောဂါဖြင့် အမေစု၏လက်ပေါ်၌ ရုတ်တရက် အနိစ္စ ရောက်သွားလေရာ အမေစုမှ တတိယမ္ပိ မြေးအပူနှင့် ကြုံတွေ့ရပြန်သည်။

သို့ကလို လောကဓံတရားကို အကြိမ်ကြိမ်ကြုံတွေ့ခဲ့သော်လည်း တုန်လှုပ်ချောက်ချား ခြင်းမရှိဘဲ ရဲဝံ့စွာ ရင်ဆိုင်ကျော်လွှားရင်း နတ်မောက်မြို့ကို ရဲဘော်ဖြူများ သိမ်းပိုက်ထားချိန် အသက် (၇၅) နှစ်အရွယ် ၁၉၅၁ ခု၊ ဒီဇင်ဘာလ (၃) ရက်၊ တနင်္လာနေ့တွင် နတ် မောက်မြို့၌ ပင် ဘ၀တစ်ပါးသို့ ပြေားသွားခဲ့ရှာလေသည်။

အမေစု၏ဈာပနကို ငါးရက်တိတိထား၏။ ဈာပနကိစ္စအ၀၀ကို အမေစု၏မောင်ဖြစ်သူ ဘုန်းကြီး ဦးဃောဘိတက ကြီးကြပ်စီစဉ်ပေးခဲ့သည်။ နတ်မောက်၌ရှိသော ဆွေမျိုးအားလုံးက ဗိုလ်ချုပ်မိခင်ဖြစ်သည့်အတိုင်း ဂုဏ်ဒြပ်နှင့် လိုက်လျော်ညီထွေ မယ်တော်ပျံကဲ့သို့ ကြီးကျယ် ခမ်းနားစွာ ကျင်းပရန် စီစဉ်ခဲ့သော်လည်း ခေတ်ကာလအခြေအနေကိုလိုက်၍ ကျဉ်းကျဉ်းနှင့်ကိစ္စပြီးအောင်ပြုလုပ်ရန် ဦးကြီးတော် သိမ်တော်ကျောင်းဆရာတော် ဦဃောဘိတက ဆုံးမခဲ့ သဖြင့် အကျဉ်းရုံး၌ ကျင်းပခဲ့ရလေသည်။ အမေစု၏ သက်စေ့အဖြစ် သံဃာတော် (၇၅) ပါး ပင့်ဆောင်၍ တစ်ပါးလျှင် ၀တ္ထုငွေ ငါးကျပ်စီ လှူဒါန်းပူဇော်ခဲ့ကြလေသည်။

(က) ဦးအောင်သန်း၊ အောင်ဆန်းမိသားစု၊ ရန်ကုန်ဥဒါန်းစာပေ၊ ပကြိမ် ၁၉၇၀၊ စာ၄၃။ (ခ) တက္ကသိုလ်ဆုမြိုင် “ဗိုလ်ချုပ်မိခင်”၊ မြ၀တီမဂ္ဂဇင်း ၁၉၅၃၊ နိုဝင်ဘာလ၊ စာ (၂၆၇-၂၈၀)

Ku Mojo - Cartoon

မျှော်တော်ယောင်
ကာတွန်း - ကူမိုးကြိုး
စက်တင်ဘာ ၃၀၊ ၂၀၁၁

Invitation to Essay Competition at SF Literary Talk

ဆန်ဖရန်ဘေးဧရိယာ စာပေဟောပြောပွဲက အက်ဆေးပြိုင်ပွဲ ဖိတ်ခေါ်လျက်ရှိ
မိုးမခရွာဆော်ကြီး၊ စက်တင်ဘာ ၃၀၊ ၂၀၁၁
လာမယ့် အောက်တိုဘာ ၈ ရက်နေ့မှာ ဆန်ဖရန်ဘေးဧရိယာ၊ ဖရီးမောင့်မြို့၊ ကျင်းပနေကျ Los Cerritos  community center မှာ စာပေဟောပြောပွဲ ကျင်းပမှာ ဖြစ်ကြောင်း ပရိသတ်ကို ဖိတ်ခေါ်ထားပြီး ဖြစ်ပါတယ်။ ဒီနှစ်ထူးခြားတာက ဘေးဧရိယာနဲ့ ရပ်နီး၊ ရပ်ဝေးက စာပေ၀ါသနာရှင်တို့ရဲ့ အက်ဆေးများ၊ စာစီစာကုံးများကို ဖိတ်ခေါ်ထားပြီး ပွဲစီစဉ်သူများနဲ့ စာရေးဆရာကြီးများက ရွေးချယ် ဆုချီးမြှင့်မယ်လို့ ကြေညာထားတာ ဖြစ်ပါတယ်။
အက်ဆေး ပထမဆုကို ဒေါ်လာ ၁၅၀၊ ဒုတိယဆု ၇၀၊ တတိယကို ဒေါ်လာ ၄၀ အသီးသီး ရရှိမယ်လို့ သိရပါတယ်။ မြန်မာလူ့အဖွဲ့အစည်း အကျိုးပြုရေးကို ရည်ရွယ်တဲ့ ဆောင်းပါးတွေကို ဖိတ်ခေါ်တယ်လို့ ဆိုပါတယ်။ ပြည်တွင်း ပြည်ပက စာပေ၀ါသနာရှင်တွေ အားလုံးကို ဖိတ်ခေါ်ထားတာကြောင့် အခု အောက်တိုဘာ ၄ ရက် မတိုင်ခင်မှာ အီးမေး 2011literarytalk-competitions@gmail.com ကိုအရောက်ပို့ပေးကြပါလို့ နှိုးဆော်လိုက်ပါတယ်။ မိုးမခက စာပေချစ်သူပရိသတ်ကလည်း ၀င်ရောက် ယှဉ်ပြိုင်နိုင်ကြောင်း ထပ်ဆင့် ဖိတ်မံလိုက်ပါတယ်။
စာပေဟောပြောပွဲ အစီအစဉ်ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
” …ကျနော်တို့ ဆန်ဖရန်စစ္စကိုဗေးဧရိယာစာပေဝသနာရှင်များအနေနဲ့တော့ တမူထူးခြားစွာ လူငယ်များအတွက် မြန်မာကဗျာရွတ်ဆိုပြိုင်ပွဲနဲ့အသက်အရွယ်မျိုးစုံအတွက် ဆောင်းပါးပြိုင်ပွဲကို ထည့်သွင်းထားပါတယ်။
မြန်မာ့လူ့အဖွဲ့အစည်းအတွက် အကျိုးပြုနိုင်သော မိမိတို့ နှစ်သက်ရာ စာစီစာကုံး / ဆောင်းပါးများကို ရေးသားပေးပို့ ရန် အထူးမေတ္တာရပ်ခံ ဖိတ်ကြားအပ်ပါသည်။
ဆောင်းပါးများကို ကွန်ပျူတာဖြင့်ရေးပါလျှင် နှစ်မျကနှာခွဲ(fontsize12)သို့ မဟုတ် လက်ရေးဖြင့်ရေးပါက လေးမျက်နှာခန့် ရေးသားကြရပါမည်။
ပထမဆုကို ဆုငွေဒေါ်လာ ၁၅၀၊ ဒုတိယဆုကို ဆုငွေဒေါ်လာ ၇၀၊ တတိယဆုကို ဆုငွေဒေါ်လာ ၄၀ အသီးသီး ချီုးမြင့်သွားမည် ဖြစ်ပါသည်။
မိမိတို့ ၏စာစီစာကုံး / ဆောင်းပါးများကို scanner ဖြင့် scan  2011literarytalk-competitions@gmail.comသို့ ၁၀ လပိုင်း ရက်နေ့ နောက်ဆုံးထား၍ပေးပို့ ကြပါရန် မေတ္တာရပ်ခံပါသည်။
စာစီစာကုံး/ ဆောင်းပါးများကိုမိမိတို့နှစ်သက်ရာကလောင်အမည်ဖြင့် ပေးပို့နိုင်ပါသည်။ ပထမ ၊  ဒုတိယ၊ တတိယရရှိသောစာစီစာကုံး/ဆောင်းပါးများကို စာပေဟောပြောပွဲတွင် ဖတ်ကြားပေးသွားပါမည်။
အချိန်| 6:00 pm -10 pm
နေရာ| Los CerritosCommunity Center – Fremont. 3377 Alder Ave.
Fremont, CA 94536
နေ့ ရက်| October 8,2011 (Saturday)  
ဆက်သွယ်ရန် – 510 5745442, 510 420 7779 , 415 420 1504 …”

Thein Sein to stop building Irrawaddy's Myit Son Dam for now

 

သမ္မတက မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းထားမည့်အကြောင်း လွှတ်တော်သို့စာပေးပို့

မိုးမခ အထောက်တော်၊ စက်တင်ဘာ ၃၀၊ ၂၀၁၁

 

သမ္မတ ဦးသိန်းစိန်က လက်ရှိကျင်းပလျက်ရှိသည့် လွှတ်တော်သို့ မြစ်ဆုံစီမံကိန်း ဆက်လက်မဆောက်လုပ်ပဲ ရပ်ဆိုင်းထားရန် သူ့အမြင်ကို ပေးပို့ခဲ့သည်ဟု ပြည်တွင်း သတင်းဝက်ဆိုက်များ၏ ဖေါ်ပြချက်အရ သိရှိရသည်။
ကျင်းပလျှက်ရှိသည့် လွှတ်တော်ဥက္ကဋ္ဌထံသို့ အချက်ငါးချက်ဖြင့် ဖေါ်ပြထားသည့် စာကိုပေးပို့၍ ၎င်း၏ သဘောထားကို ဖေါ်ပြခဲ့ခြင်း ဖြစ်သည်။


လွှတ်တော်ဥက္ကဋ္ဌထံ ပေးပို့သည့် စာပါ အချက်ငါးချက်မှာ ကချင်ပြည်နယ်၏ အမှတ်အသား ဖြစ်သည့် မြစ်ဆုံ ကွယ်ပျောက်သွားမည့်အချက်၊ မြစ်ညာပိုင်း တိုင်းရင်းသားများ၏ သက်မွေးဝမ်းကျောင်းမှု ဆုံးရှုံးမည့် အချက်၊ ကျွန်းနှင့် ရာဘာစိုက်ခင်းများ ပျက်စီးမည့် အချက်၊ ရာသီဥတုဖေါက်ပြန်ခြင်း၊ ငလျင်လှုပ်ခြင်း အကျိုးဆက်ကြောင့် မြစ်ဆုံရေကာတာမှ ရေကြီးပြီး လူ့အသက်များ ဆုံးရှုံးနိုင်ခြင်းနှင့် နောက်ဆုံး အချက်အနေဖြင့် ဧရာဝတီမြစ် ပျက်စီးနိုင်သည့် အချက်တို့ဖြစ်သည်ဟု ပြည်တွင်း သတင်းဝက်ဆိုက် တစ်ခုဖြစ်သည့် The Voice Myanmar တွင်ဖေါ်ပြထားသည်။


မြစ်ဆုံ ရေကာတာ စီမံကိန်း ဆက်လက်ဆောက်လုပ် မဆောက်လုပ်ရေးကိစ္စကို  လွန်ခဲ့သည့် လပိုင်းအတွင်း ပြည်တွင်း ပညာရှင်များ၊ စာပေ၊ အနုပညာသည်၊ နိုင်ငံရေး ခေါင်းဆောင်နှင့် သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားသူများ အကြား ဝေဖန်ကန့်ကွက်မှု အများဆုံး အရေးကိစ္စတရပ်ဖြစ်လာပြီး နောက် ယခုကဲ့သို့ သမ္မတ ကိုယ်တိုင် အိတ်ဖွင့်ပေးစာ ပေးပို့ကာ ရပ်ဆိုင်းမည်ဟု အသိပေးသည့် အခြေအနေရောက်ရှိခဲ့ခြင်း ဖြစ်သည်။


မြစ်ဆုံရေကာတာစီမံကိန်း ကို နအဖ အစိုးရနှင့် တရုတ်နိုင်ငံ စီပီအိုင် China Power Investment ကုမ္ပဏီတို့ သဘောတူ စာချုပ်ချုပ်ဆိုကာ ၂၀၀၇ ခုနှစ်မှ စတင်ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။ မြစ်ဆုံရေကာတာ စီမံကိန်းမှ ရေအားလျှပ်စစ် မီဂါဝပ် တစ်သောင်း သုံးထောင်ကျော် ထုတ်လုပ်နိုင်မည့်ဖြစ်ပြီး ၉၀ ရာခိုင်နှုန်းမှာ တရုတ်နိုင်ငံမှ ရယူသုံးစွဲမည်ဖြစ်သည်။ ကျန် ဆယ်ရာခိုင်နှုန်းကိုသာ မြန်မာနိုင်ငံဘက်မှ သုံးစွဲခွင့်ရရှိမည်ဖြစ်သည်။


ဖေ့စ်ဘွတ်၏ save irrawaddy မိတ်ဆွေစာမျက်နှာတွင် ပရိသတ်တို့၏ တုန့်ပြန်ချက်များကို တင်ပြထားသည်ကို တွေ့ရသည်။

Thursday, September 29, 2011

Kamar Pale - Words Poem


တကယ်ပြောတဲ့စကား ....
ကမာပုလဲ။ စက်တင်ဘာ ၃၀၊ ၂၀၁၁
ဆိုခဲတဲ့ စကားနဲ့
လွမ်းရတဲ့ ရင်ခုန်သံစစ်စစ်ပါ ...
ဒါပေမဲ့ လူကြိုက်မများဘူး
ဈေးကွက် မ၀င်ဘူး
ခုခေတ်မှာ သုံးစားမရပါဘူး ....။
ဘာဖြစ်လဲ
ဒီနေ့ ကျနော်စိမ်ခေါ်ခဲ့တယ်
လူတွေကို မျက်နှာချင်းဆိုင် စကားပြောမယ်လို့
ဒေါသမဖြစ်ကြေး
မပေါက်ကွဲကြေး
ထွက်မပြေးကြေး
ကျနော့်ကိုလည်း အရှိအတိုင်းပြော
ကျနော်ကလည်း အကြေးလှန်မှာနော် ...။
မေမေရယ်
လေယာဉ်ပျံကြီး စီးပြီး
မေမေရှိရာ
ကျနော်ပြန်ချင်လိုက်တာ
ဒါပေမဲ့
လူတွေ ...
မိုးတိမ်တွေ ...
လမ်းတွေ ...
အဖြစ်အပျက်တွေ ...
အားလုံးက အတုတွေ ...။
ညက ကြွေကျသွားတဲ့ ကြယ်တစင်း
ကျနော့် ... ဘ၀ရဲ့ ... ဗျာဒိတ်ကျမ်းကို
မျက်ရည်တွေနဲ့ ရေးခဲ့တယ် ...။     ။
(Illustration - kevinschroeder.com )

Gyaw Dee - ပြိုင်တူတွန်းကြစို့၊ ဧရာဝတီ

ကာတွန်းဂျော်ဒီး -ပြိုင်တူ တွန်းကြစို့
စက်တင်ဘာ ၃၀၊ ၂၀၁၁

mobile phone in Burma

မြန်မာပြည်က လက်ကိုင်ဖုန်းကို ခေါ်မယ် ဆိုရင်
စီထောင်း
စက်တင်ဘာ ၃၀၊ ၂၀၁၁

ကမ္ဘောဒီးယားကို ဦးခင်အောင်မြင့် ဘာကြောင့် သွားသလဲ
ဦးခင်အောင်မြင့် ကမ္ဘောဒီးယားမှာ ဒီတပတ်ထဲ အကြာကြီး နေသွားတယ်။ မိုးမခဌာနချုပ်က ဆရာတွေ ဒီ ဗိုလ်ချုပ်ဟောင်းဦးခင်အောင်မြင့်ကို အင်တာဗျူး မလုပ်တာ အံ့သြစရာပဲ။ RFA BBC VOA တို့က ဒီလူကြီး ကမ္ဘောဒီယားရောက်တုန်း လှမ်းဗျူးကြတယ်။ သူက အဗျူးခံချင်လွန်းလို့ နေပြည်တော်ကနေ
အဲဒီအထိ သွားတာလေ။ နေပြည်တော်မှာ ဖုန်းသံ မကြည်ဘူးလေ။ ဒီတော့ ဖုန်းသံကြည်တဲ့ နေရာ သွားရတာပ။ ဒါက နိဒါန်း ပျိုးတာပါလေ။ ဒီနေ့ ပြောချင်တဲ့ အဓိကအကြောင်းရင်းက လက်ကိုင်ဖုန်း အကြောင်းပါ။

နိုင်ငံခြားမှာ ဖုန်းပြောရင်
ကျနော် မိုးမခ သတင်းထောက် ဆလိုင်းစီထောင်းတို့ နိုင်ငံခြားမှာ ကျောင်းသွားတက်တုန်းက ဖုန်းသံမြည်ရင် ကြားရတာတွေက ဒီလိုပါ -
"စီထောင်းရေ၊ ကက်သရင်းပြောနေတာပါ၊ နက်ဖန် အားလားဟင်"
"ဟိုင်း - စီထောင်း၊ မီရှဲလ်ပါ၊ ဟုတ်တယ်၊ ရောက်နေပြီ၊ ရှင် ဘယ်တော့လာမှာလဲ"

ရန်ကုန်မှာ ဖုန်းပြောရင်
ကိုယ့်နိုင်ငံ ပြန်ရောက်တော့ ပုံစံ ပြောင်းပါပြီ။ အသံမြည်လို့ ဖုန်း ကိုင်လိုက်ရင် "ဟလို ကြားရလား၊ ကြားရလား" ဆိုတာကို ပြတ်တောင်းပြတ်တောင်း ကြားရလေ့ ရှိတယ်။
ဖြေရှင်းနည်းက
၁။ နေရာရွှေ့လိုက်ပါ။ အိမ်ရဲ့ တောင်ဘက်မှာ အသံမကြည်ရင် မြောက်ဘက်မှာ သွားပြော။ အိမ်ထဲကနေ အိမ်ပြင်ထွက်ပြောတာမျိုးတော့ မဖြစ်မနေလုပ်ရမယ်။
၂။ ဖုန်းပိတ်လိုက်မယ်၊ နောက်တခါ ပြန်ခေါ်ပေးပါလို့ အော်ပြောလိုက်။

ထိုင်းနိုင်ငံမှာရှိတဲ့ သတင်းသမားကြီးတယောက်ကတော့ သူကြားဖူးတာတခုကို အခုလို ရှယ်ပါတယ်။ ပြည်ပရောက်သူတဦးက ရန်ကုန်မြို့သူ့မေမေဆီ ဖုန်းဆက်တော့
"အမေ၊ မကြားရဘူး။ မကြားရဘူး။ အပြင်ထွက်၊ နေရာရွှေ့ဆက်"
"ဟဲ့ - ငါ နေရာရွှေ့တာ ၀ရံတာရောက်နေပြီ၊ ဒီထက် ထပ်ထွက်ရ ထပ်ရွှေ့ရရင် ငါ အောက်ပြုတ်ကျဖို့ပဲ ကျန်တော့တယ်" တဲ့။

ဘယ်အချိန် ဘယ်ဟာ
ဖုန်းလိုင်းက တခါတလေတော့လည်း ကောင်းနေပြန်ရော။ အင်း - တခါတလေပေါ့။ ဒီတော့ အင်တာနက်ကနေ ပြောကြည့်ပါလား။ သုံးတတ်မယ် ဆိုရင်ပေါ့လေ။
ညသန်းခေါင်နဲ့ အာရုံတက်ချိန်အတွင်း အင်တာနှေးက အင်တာနက် ဖြစ်တတ်တာမို့ အဲဒီအချိန် Gtalk ကနေ စကားပြောရင် အကောင်းဆုံးပဲ။ skype, Pfingo, VZO တို့လည်း မိုက်တယ်။
အစိုးရဆက်သွယ်ရေးဌာနက တားမြစ်ထားတာတွေ ဘာတွေတော့ ရှိတယ်။ ဒါပေမယ့် တားမြစ်ချက်ချိုးဖောက်တဲ့ဆိုင်တွေ၊ အသိတွေကို လိုက်ရှာပြီး သုံးနေရတယ်။

ဖုန်းကတ် အကျိုးနဲ့အပြစ်
နိုင်ငံခြားရောက် မြန်မာပြည်သားတို့ အသုံးများတာက ဖုန်းကတ်ပါ။ ၀ယ်ရလွယ်တာ အားသာချက်အကြီးဆုံးပဲ။ အားနည်းချက်က မြန်မာပြည်ဆက်တဲ့အခါ ၁၀ မိနစ် မိနစ် ၂၀ စသည်ဖြင့်ပဲ ရတယ်။ ၁၀ မိနစ်စာ ၀ယ်ထားလို့ ၂ ကြိမ်ခွဲပြီး ၅ မိနစ်စီ ဆက်မယ် မစဉ်းစားလေနဲ့။ ဒုအကြိမ်ပြန်ဆက်ရင် ကတ်ထဲမှာ ၂ မိနစ်ကျန်ရင် ကံကောင်း။
ဝယ်ထားတဲ့ မိနစ်တွေ ပျောက်သွားတာ ထုံးစံပါပဲ။

ခပ်ကြာကြာပြောမယ်
ခပ်ကြာကြာပြောချင်ရင် အားကိုးသင့်တာက Google ဖုန်း၊ jajah.com တို့ပါပဲ။ အဲဒီဝက်ဆိုက်တွေကနေ အကောင့်ဖွင့်ပြီး ဖုန်းဆက်ပါ။ အားသာချက်က ၀ယ်ထားတဲ့ မိနစ်တွေ ပျောက်မသွားဘူး။ pin number ဆိုတဲ့ ဂဏန်း ၁၀ လုံးလောက်ကို နှိပ်စရာ မလိုဘူး။ (ဖုန်းကတ်တွေ သုံးရင်တော့ ငြင်းလို့မရ၊ နှိပ်ကို နှိပ်ရ)။ ဖုန်းလိုင်း မ၀င်လို့ ပြန်ခေါ်ချင်ရင် redial ဆိုတဲ့ ခလုတ်ကို တချက်နှိပ်လိုက်ရုံပဲ။ pin တွေ ဖုန်းနံပတ်တွေ အစကနေ ပြန်နှိပ်စရာ မလိုတာ ဒီကောင်တွေရဲ့ အားသာချက်။
မိုးမခဌာနချုပ်က မောင်ရစ် အခုလေးတင် လှမ်းပြောတာက google is now the best တဲ့။ ဂူဂဲလ်က တပည့် လို့ ဆိုလိုတာလားမသိ။

လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်း
ခုတော့ ဖုန်းကိုတော်တော်ကိုင်နေကြပါပြီ။ ကိုင်ရုံပဲကိုင်တာ။ ခေါ်မကြား၊ အော်မကြား ဖြစ်တာ၊ ခေါ်လို့မရတာတွေက ကျန်သေးတယ် လို့ ဘလော့တခုမှာ ရေးထားတဲ့ မှတ်ချက်က အင်မတန် မှန်ကန်ပါတယ်။ တောရော မြို့ပါ လက်ကိုင်ဖုန်း ကိုင်နေကြပြီ။
မိုးမခသတင်းသမား စီထောင်းကတော့ လက်ကိုင်ဖုန်းကျေးဇူးနဲ့ သူငယ်ချင်းတွေကို ဟေ့ ငါအခု ဘယ်ဆိုင်မှာ ရှိမယ် ဆိုပြီး လှမ်းပြော လှမ်းခေါ်ရတာ ဟန်ကျနေတယ်။
မနေ့က ရန်ကုန်မြို့လယ်မှာ ရှိနေတုန်း နိုင်ငံခြားကနေ ကျုပ်ကို ဖုန်းဆက်တာ အဆင်မပြေဘူးလို့ ဆိုတယ်။ ကျုပ်ဖုန်းကို နှိပ်တော့ ''လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ ဆက်သွယ်မှု ဧရိယာ ပြင်ပသို့ရောက်ရှိနေပါသဖြင့် ခေါ်ဆို၍ မရနိုင်ပါရှင်'' ဆိုတဲ့ အသံပဲ ကြားရတယ် တဲ့။ နောက်တခါ ထပ်နှိပ်ရင် နောက်တမျိုး ကြားရပြန်ရော တဲ့။
လောကကြီးက သာယာဖွယ် မကောင်းပေမယ့် အဲဒီ အမျိုးသမီးအသံကတော့ နာပျော်ဖွယ်ကောင်းတယ် မဟုတ်လား။ စိတ်ရှည်ရှည်နဲ့ ဆက်ပြီးသာ နှိပ်ပါလေ။ ကျနော် သို့မဟုတ် သူ ပြန်ပြောပါလိမ့်မယ်။

Ashin Pyinnar Nanda - U Raewata

အညတရအကျဉ်းသားရဟန်းတော်များ (၆)၊ ဆရာတော်ဦးရေ၀တ
အရှင်ပညာနန္ဒ
စက်တင်ဘာ ၃၀၊၂၀၁၁


  • ဘွဲ့ တော် = ဆရာတော် ဦးရေ၀တ
  • မွေးဖွားဇာတိ = ရန်ကုန်တိုင်း၊ တွံတေးမြို့ နယ်၊ ------- ရွာ
  • သီတင်းသုံးရာဌာန = စကုတိုက်၊ --- ကျောင်း၊ မန္တလေး
  • ဖမ်းဆီးခံရသည့်ပုဒ်မ = ၅/ည (----)
  • ချမှတ်ခံရသည့်ထောင်ဒဏ် = (၁၂)နှစ်
  • ပျံလွန်တော်မူသည့်နှစ် =ဇန္န၀ါရီ၊ ၂၉။၁၉၉၉

နိုင်ငံရေးဆောင်ရွက်ချက်များ
ရှစ်လေးလုံးအရေးအခင်းကာလတုန်းက အိမ်တော်ရာစစ်ကြောင်းကိုဦးဆောင်ခဲ့ပြီး မန္တလေးမြို့ လေးပြင်လေးရပ် သံဃာတော်များကိုစုစည်း ကာ သံဃသာမဂ္ဂီအဖွဲ့ကို ဦးစီးတည်ထောင်ခဲ့သူဟာ ဆရာတော်ဦးရေ၀တဖြစ်ပါတယ်။

ရှစ်လေးလုံးအရေးအခင်းကာလတွေမှာ ဆရာတော်ဦးက၀ိန္ဒ (မစိုးရိမ်တိုက်ဟောင်း) နှင့် အတူတွဲဘက်ပြီး ရဟန်းရှင်လူကျောင်းသားပြည်သူများကိုဦးဆောင်ကာ မဆလတပါတီအာဏာရှင်စနစ်ကိုပြင်းထန်စွာဆန့်ကျင်ခဲ့သူလည်းဖြစ်ပါတယ်။ ဆရာတော်ဦးရေ၀တဟာ အမျိုး ဘာသာ သာသနာတော်အတွက်ရှေ့တန်းကနေ မကြောက်မရွံ့ဦးဆောင်မှုပေးခဲ့တာကြောင့် ရဟန်းရှင်လူအများရဲ့ကြည်ညိုလေးစားမှုကို ခံခဲ့ရတဲ့ သံဃာ့အာဇာနည်တပါးဖြစ်သလို သံဃာနဲ့ကျောင်းသားများအတွင်း နိုင်ငံရေးသမားများအတွင်း ညီညွတ်ရေးရရှိအောင် ဆောင် ရွက်ပေးနိုင်ခဲ့ပါ တယ်။ ဆရာတော်ဟာ ၁၉၉၀ ခုနှစ်မှာ သံဃမဟာနာယကရွေးချယ်မှုနဲ့ပက်သက်ပြီး သံဃာ့အရေးအခင်းတခုကိုလည်းဦးဆောင်ခဲ့ပါတယ်။

ရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြေမှာကျင်းပမည့်အစည်းအဝေးသို့တက်ရောက်ရန်ပြည်နယ်နဲ့တိုင်း သံဃာရွေးချယ်မှုကိုသံဃာတွေရဲ့ ဆန္ဒမပါ ဘဲ စစ်အာရှင်တွေအလိုကျ (ညွှန်ကြားတဲ့အတိုင်း) ရွေးချယ်မှုကိုပြုလုပ်ခဲ့ပါတယ်။

အခြားပြည်နယ်နဲ့ တိုင်းတွေမှာပြဿနာမဖြစ်ခဲ့ပေမဲ့ မန္တလေးတိုင်း၊ သံဃာ့ကိုယ်စားလှယ်ရွေးချယ်မှုမှာ မိတ္ထီလာက ဆရာတော်တပါးကိုရွေး ချယ်ခဲ့မှုကြောင့်သံဃာထုအတွင်းမှာ မကျေနပ်မှုတွေဖြစ်ပွားခဲ့ရတာပါ။ မန္တလေးတိုင်းအတွက် ရွေးချယ်ထားတဲ့သံဃာ့ကိုယ်စားလှယ်ကိုအသိအမှတ်မပြုကြောင်း၊ သံဃာ့ကိုစားလှယ်တရားဝင်ရွေးချယ်နိုင်ဘို့ တိုင်းသံဃာ့နာယကအဖွဲ့နဲ့ သာသနာရေးဦးစီးဌာနတို့ကိုအကြောင်း ကြားစာတွေပေးပို့ပြီး ကန့်ကွက်ခဲ့ကြပါတယ်။ ဒီကိစ္စနှင့်ပက်သက်ပြီး ဆရာတော်ဦးရေ၀တဦးဆောင်တဲ့ သံဃသာမဂ္ဂီအဖွဲ့ က ဘုရားကြီး အနီးမှာရှိတဲ့ ၄၅ တာကွင်းထဲမှာ ကန့်ကွက်ပွဲပြုလုပ်ခဲ့ပါတယ်။ အခမ်းအနာမှာ ဆရာတော်မိန့်ကြားတာက “ဘုရားရှင်သက်တော်ထင်ရှားရှိစဉ်ကပင် သံဃာ့ကိုယ်စားလည်ရွေးချယ်မှုကို သံဃာတွေကိုယ်တိုင်ရွေးချယ်ကြောင်း၊ အုပ်ချုပ်သူအစိုးရအနေနဲ့ ၀င်ရောက်စွက်ဖက်ခြင်း မရှိဘဲ ပစ္စည်းလေးပါးဖြင့်သာ ပံ့ပိုးကူညီကြောင်း၊ သံဃာထုက နှစ်သက်ကြည်ညိုသူကိုသာ သံဃာ့ဆန္ဒနှင့်အညီ ရွေးချယ်ကြကြောင်း၊ ယခုအခါမှာ န၀တစစ်အစိုးရက ဘာသာရေးကိစ္စများမှာ ၀င်ရောက်စွက်ဖက်နေကြောင်း၊ သံဃာထုအတွင်း သွေးကွဲအောင်နှောက်ယှက်ဖျက် ဆီးနေကြောင်း၊ ဒါကြောင့် သံဃာထုအတွင်း သွေးခွဲအုပ်ချုပ်ခြင်း၊ အာဏာရှင်ဆန်ဆန်ပြုလုပ်နေတာတွေကို ကန့်ကွက်ကြောင်း”ပြောကြား သွားပါတယ်။

အစည်းအဝေးမပြီးခင် မန္တလေးတိုင်းရဲချုပ်နဲ့ စစ်တပ်ထောက်လှမ်းရေးတွေ ကား (၁၂) စီးခန့်နဲ့ရောက်ရှိလာပြီး (၅) မိနစ်အတွင်း လူစုခွဲဖို့ သံဃာတွေကို အမိန့်ပေးပါတယ်။ ဆရာတော်ဦးရေ၀တက “ဒီကိစ္စ မင်းနဲ့မဆိုင်ဘူး။ တာဝန်ယူပြီးဖြေရှင်းနိုင်သူနဲ့သာ စကားပြောမယ်” လို့ တုန့်ပြန်ပြောဆိုတဲ့အတွက် ရဲချုပ်ကပစ်မိန့်ပေးလို့ သံဃာတွေလှုလှုပ်ရွရွ ဖြစ်ကုန်ကြပါတယ်။ နောက်ပိုင်းမန္တလေးတိုင်း အတွင်းရေးမှူး မောင်ပါ ရောက်လာပြီး “ခုသွားတဲ့ သံဃာ့ကိုယ်စားလှယ်ဟာ မန္တလေးတိုင်းကိုကိုယ်စားပြုတဲ့ သံဃာ့ကိုယ်စားလှယ်မဟုတ်ကြောင်းကို အထက်ကိုပြည့်ပြည့်စုံစုံတင်ပြပေးမဲ့အကြောင်း” ၀န်ခံကတိလက်မှတ်ထိုးပေးပါတယ်။ အစည်းအဝေးကြီးကိုကြွေးကြော်သံများနဲ့ ရုပ်သိမ်း ပြီး အေးအေးချမ်းချမ်းနဲ့ လူစုခွဲခဲ့တာပါ။ ဆရာတော်ဦးရေ၀တဟာ သာသနာတော်အတွက် ရဲဝံ့ပြတ်သားစွာ အာဏာပိုင်တွေကို မကြောက် မရွံ့ ပြောဆိုဆက်ဆံတဲ့ သံဃာ့အာဇာနည်ဆရာတော်ဖြစ်ကြောင်း တွေ့ မြင်ရတာမို့ အင်မတန်လေးစားကြည်ညိုမိပါတယ်။

ပထမအကြိမ် ပတ္တနိကုဇ္ဇနကံဆောင်ခြင်း
၁၉၉၀ ပြည့်နှစ် သြဂုတ်လ (၈) ရက်နေ့မှာ ရှစ်လေးလုံးအထိမ်းအမှတ်နေ့အဖြစ် ၈၄ လမ်း လူထုဒေါ်အမာအိမ်ရှေ့ မှာ ဆွမ်းလောင်းလှူပွဲ လုပ်ပါတယ်။ အဲဒီအချိန်တုန်းက အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထွန်းကြည်က ဆွမ်းလောင်းပွဲပြုလုပ်ပါက အရေးယူမည်ဖြစ် ကြောင်းခြိမ်းခြောက်ခဲ့ပါတယ်။ ခြိမ်းခြောက်နေတဲ့ကြားထဲက ဘဲသံဃာခုနှစ်ထောင်ခန့် ကြွရောက်အလှူခံပါတယ်။ အေးအေးဆေးဆေးဆွမ်း လောင်းပြီး ကုသိုလ်ယူနေချိန်မှာ လက်နက်ကိုင်စစ်သားတွေရောက်လာပြီး လွင့်ထူထားတဲ့ ခွပ်ဒေါင်းအလံကိုဖြုတ်ချပါတယ်။ ရဟန်းတော်တွေကိုလည်းစစ်သားတွေကတွန်းထိုးပုတ်ခတ် နံပါတ်ဒုတ်တွေနဲ့ ရိုက်တာကြောင့် ရုန့်ရင်းဆန်ခတ်ဖြစ်နေချိန်မှာ ကြိုတင်သတိပေးခြင်းမရှိဘဲပစ်ခတ်တာကြောင့် လမ်းမပေါ်မှာသပိတ်တွေကွဲဆွမ်းတွေပြန့်ကျဲခဲ့ရပြီး သံဃာတချို့သွေးစွန်းခဲ့ရပါတယ်။ သေနတ်ထိမှန်တဲ့ ကျောင်းသားတချို့နဲ့ သံဃာတော်တချို့ကို စစ်ကားပေါ်တင်ကာ ဖမ်းဆီးသွားခဲ့ပါတယ်။ သံဃာ (၁၇) ပါးခန့် ပျံလွန်တော်မူပြီး ကျောင်းသား များစွာ ထိခိုက်ဒဏ်ရာရကြပါတယ်။

ရဟန်းသံဃာတော်တွေကို စစ်သားတွေက ရိုင်းရိုင်းပြပြပြုလုပ်တာတွေကြောင့် ဆရာတော်ဦးရေ၀တဦးဆောင်တဲ့ သံဃာတော်တွေဟာ န၀တစစ်အုပ်စုကို ပတ္တနိကုဇ္ဇနကံဆောင်သပိတ်မှောက်ခဲ့ကြပါတယ်။ သပိတ်မှောက်ကံဆောင်မှုကို မန္တလေးကထင်ရှားတဲ့ မစိုးရိမ်ဆရာ တော်ကြီး ဦးကောဝိဒါဘိဝံသ၊ ဆရာတော်ဦးရာဇဓမ္မာဘိဝံသ အစရှိတဲ့ဆရာတော်ကြီးတွေက ထောက်ခံခဲ့ကြသလို ရန်ကုန်မေဒိနီဆရာ တော်ဦးဉာဏ၀ံသ၊ အင်းစိန်ရွာမဆရာတော် ဦးတိလောကာဘိဝံသ၊ တိပိဋကဓရဆရာတော် ဦးသုမင်္ဂလာလင်္ကာရ အစရှိတဲ့ဆရာတော်ကြီး တွေကလည်း ကံဆောင်တာမှန်ကန်ကြောင်း စာတွေထုတ်ပြန်ခဲ့ကြပါတယ်။ သပိတ်မှောက်ကံဆောင်မှုကြောင့် န၀တစစ်အုပ်စုအတွင်း တုန်လှုပ်ခြောက်ခြားသွားခဲ့ပါတယ်။ စစ်တပ်အတွင်းမှာလည်း မကျေနပ်မှုတွေဖြစ်ပေါ်ခဲ့ပါတယ်။ သံဃာတွေက သြဂုတ်လ (၈) ရက်နေ့ ပစ်ခတ်မှုတွေနဲ့ပက်သက်လို့ ရေဒီယို ရုပ်မြင်သံကြားကနေတဆင့် တောင်းပန်ရင် သပိတ်လှန်မည့်အကြောင်း ပြန်ကြားခဲ့ပါတယ်။ န၀တ စစ်အုပ်စုက (၃) ရက်အတွင်း သပိတ်လှန်ရန် သံဃာတွေကိုရာဇသံပေးခဲ့ပါတယ်။ ထိုအချိန်က ဗိုလ်ချုပ်မှူးကြီးစောမောင်က “တပည့်တော် ဓမ္မစက်နဲ့မရရင် အာဏာစက်ကိုသုံးရပါလိမ့်မယ်လို့” မဟာနဆရာတော်ကြီးတွေကိုလျောက်ထားခဲ့သလို ဗိုလ်ခင်ညွှန့်ကလည်း “ရေ၀တဆို တဲ့ကောင်” “ရေ၀တဆိုတဲ့ကောင်နဲ့” ရိုင်းပြစွာ ကြိမ်းမောင်းကြောင်း သတင်းထွက်ခဲ့ပါသေးတယ်။

န၀တစစ်အာဏာရှင်တွေဟာ မိမိအာဏာတည်မြဲရေးအတွက် အ၀ီစိကျချင်ကျပါစေ၊ ဘာဘဲလုပ်ရလုပ်ရလုပ်မယ်ဆိုတဲ့ တယူသန်သဘော ထားတွေကြောင့် မန္တလေးက ဘုန်းကြီးကျောင်းပေါင်း (၃၅၀) ကျော်ကို စစ်တပ်နဲ့ဝိုင်းပြီး ဒလကြမ်းဝင်ရောက်စီးနင်းမှုကြောင့် သံဃာတော် တွေ ရာနဲ့ချီပြီး အဖမ်းခံခဲ့ရသလို ကျောင်းတိုက်ကြီးတွေကိုလည်း ပစ္စည်းလေးပါးမရအောင်ဖြတ်လေးဖြတ်စနစ်နဲ့ ဝိုင်းရံပိတ်ဆို့ထားခဲ့တယ်။ ဆရာတော်ဦးရေ၀တအပါအ၀င် မစိုးရိမ်ဆရာတော်ကြီးများ၊ ရန်ကုန်မှဦးသုမင်္ဂလ၊ ဦးတိလောက၊ မေဒိနီဆရာတော်စတဲ့ဆရာတော်ကြီးတချို့ကိုလည်း ဖမ်းဆီးထိမ်းသိမ်းပြီး အတင်းအဓမ္မလူဝတ်လဲခိုင်းကာ စစ်ခုံရုံးက ထောင်ဒဏ်အသီးသီးချမှတ်လိုက်ပါတော့တယ်။

ဆရာတော်ဦးရေ၀တကို ထောင်ဒဏ် (၁၂) နှစ်ချမှတ်ပြီး မန္တလေးထောင်မှာထိန်းသိမ်းထားလိုက်ပါတယ်။ ၁၉၉၃ ခုနှစ်မှာ မန္တလေး မတ္တရာ အိုးဘိုမှာထောင်အသစ်ကိုဆောက်လုပ်ပြီး အကျဉ်းသားတွေကိုထောင်အသစ်ကိုပြောင်းရွေ့ခဲ့ပါတယ်။ အင်္ဂတေတောင်မခြောက်သေးတဲ့ ထောင်အသစ်မှာ စိုစွတ်နေတဲ့အင်္ဂတေပေါ်မှာနေထိုင်ရတာကြောင့် ဆရာတော်ဟာ ကျန်းမာရေး တနေ့တခြားဆိုးရွားလာခဲ့ပါတယ်။ အချိန်မှီဆေးကုသပေးခြင်းမရှိတဲ့အပြင် အစားအသောက်ဆင်းရဲမှုတွေကြောင့် တနေ့တခြား စိတ်ပိုင်း ရုပ်ပိုင်းဆိုင်ရာတွေ ချွတ်ခြုံကျဆင်းလာပါ တော့တယ်။ ထောင်ထဲမှာ ပျံလွန်တော်မူရင်ပြဿနာဖြစ်နိုင်ကြောင့် ၁၉၉၈ ခုနှစ်၊ ဇွန်လ ၂၂ ရက်နေ့မှာ ထောင်ဒဏ်နှစ်မစေ့ဘဲ လွှတ်ပေးခဲ့ပါတယ်။ ဆရာတော်ထောင်ကလွတ်လာတဲ့နောက်ပိုင်း ဒကာ ဒကာမတွေက အကောင်းဆုံးဆေးဝါးတွေနဲ့ ကုသပေးခဲ့ပေမယ့် ရောဂါကျွမ်းနေပြီဖြစ်တဲ့အတွက် ထောင်ထဲကရခဲ့တဲ့ရောဂါပေါင်းစုံတွေနဲ့ ၁၉၉၉ ခုနှစ်၊ ဇန္န၀ါရလ ၂၉ ရက်နေ့ (သက်တော်- ၅၄ နှစ်)မှာပျံလွန်တော်မူခဲ့ပါတယ်။

မြန်မာပြည်အတွက် တန်ဘိုးမဖြတ်နိုင်တဲ့ သံဃာ့အာဇာနည်တပါးဆုံးရှုံးသွားရတာပါ။ ဆရာတော်ဟာ သက်ရှိထင်ရှားရှိနေစဉ်အတွင်း စစ်အာဏာရှင်တွေကို သတ္တိရှိရှိ ဂုဏ်သိက္ခာရှိရှိရင်ဆိုင်သွားသလို အမျိုး ဘာသာ သာသနာအတွက် အသက်စွန့်ဆောင်ရွက်သွားခဲ့ပါတယ်။ သံဃာ့အာဇာနည် ဆရာတော်ဦးရေ၀တကို ကြည်ညိုလေးမြတ်စွာ ဦးခိုက်လျက်ပါဘုရား။ ။

Nyein Wai - Articles

“ကင်ဆာရိုဝီဝါ” လို မဖြစ်ရအောင် သတိပြုကြ
ငြိမ်းဝေ
စက်တင်ဘာ ၃၀၊ ၂၀၁၁


ဧရာဝတီမြစ်ဆုံ ရေကာတာတည်ဆောက်မှုကို ကန့်ကွက်ကြတဲ့တချိန်ထဲမှာ လက်ရှိကြံ့ဖွံ့အစိုးရ တာဝန်ရှိဝန်ကြီးတပါးက ရေကာတာ တည်ဆောက်မှု ကန့်ကွက်ကြသူတွေအပေါ် ရည်ညွှန်းပြောဆိုတဲ့စကားကိုကြားတော့ ကျနော် တော်တော်လေး စိတ်ပူလာမိပါတယ်။ အား လုံးသိကြတဲ့အတိုင်း အဲဒီပုဂ္ဂိုလ်သုံးနှုန်းပြောဆိုသွားတဲ့စကားက တိုင်းပြည်တခုရဲ့ တာဝန်ရှိလူကြီးတဦးပြောတဲ့လေသံမျိုး အသုံးအနှုန်းမျိုး မဟုတ်ဘူးဆိုတာ။ သူ ဒီလို ဘာပြုလို့ပြောလိုက်တာလည်း။ သူ ဒီလောက်အထိ နိမ့်နိမ့်ကျကျ ပက်ပက်စက်စက်ပြောထွက်ရဲတာ ဘာ့ ကြောင့်လည်း။ ဒီအချက်ကိုတွေးမိတဲ့အခါ အထက်ကပြောခဲ့သလိုပဲ ကျနော် တော်တော်လေးစိတ်ပူလာရတယ်ဆိုပါတော့။

မြစ်ဆုံရေကာတာတည်ဆောက်နေတာဟာ ကျနော်တို့ရဲ့ သွေးချင်းများစံပျော်ရာ ကချင်ပြည်နယ်ထဲမှာပါ။ အခု အဲဒီရေကာတာတည် ဆောက်မှုဟာ သဘာဝပတ်ဝန်းကျင်ပျက်စီးမှုဖြစ်စေတယ်။ အထူးသဖြင့် ဧရာဝတီမြစ်ကြီးကို ဖျက်ဆီးပစ်သလို ဖြစ်လိမ့်မယ်ဆိုပြီး အချက် နဲ့ အလက်နဲ့ ကိုးကားတင်ပြကန့်ကွက်ကြတာက တပိုင်း၊ ဒေသခံလူမျိုးစုတွေရဲ့ သဘောဆန္ဒကို ယူသင့်တယ်ဆိုတဲ့အပိုင်းက တပိုင်း။ ဒီလို အပိုင်းလိုက်စဉ်းစားတဲ့အခါ ဟိုးလွန်ခဲ့တဲ့ (၁၅) နှစ်လောက်က အာဖရိကတိုက်၊ နိုက်ဂျီးရီးယားနိုင်ငံမှာလည်း ဒီလိုပဲ ကျနော်တို့ အခုဖြစ် နေတဲ့ပြဿနာမျိုးပဲ ဖြစ်ပွားခဲ့တာ သွားပြီးတွေးမိပါတယ်။

၁၉၆၅ ခုနှစ်ကပါ။ အဲဒီ နိုက်ဂျီးရီးယားနိုင်ငံမှာလည်း အာဏာသိမ်းဗိုလ်ချုပ်ကြီး “ဆန်နီအဘာချာ” က စစ်အာဏာရှင်စနစ်နဲ့ အုပ်ချုပ်နေတဲ့ အချိန်။ (သူလည်း ကျင်းပနေဆဲဖြစ်တဲ့ရွေးကောက်ပွဲကို တဖက်သတ်ဖျက်သိမ်းပြီး တိုင်းပြည်ကို စစ်အာဏာရှင်စနစ်နဲ့ အုပ်ချုပ်တဲ့သူပါပဲ။) “အိုဂိုနီ” လူမျိုးစုတွေနေထိုင်တဲ့ အိုဂိုနီခရိုထဲမှာ အခု ကျနော်တို့တိုင်းပြည်ကဖြစ်နေတဲ့ပြဿနာမျိုး ကြုံတွေ့ခဲ့ကြရတာကို ကျနော်သွား တွေးမိတယ်။

ဒီတုန်းက နိုက်ဂျီးရီးယား စစ်ခေါင်းဆောင်တွေဟာ နိုက်ဂျီးရီးယားနိုင်ငံရဲ့ မြေပေါ်မြေအောက်သယံဇာတတွေကို စည်းမဲ့ကမ်းမဲ့ ထုတ်လုပ် ရောင်းချပြီး ချမ်းသာကြွယ်ဝခဲ့ကြပါတယ်။ ဥပမာအနေနဲ့ပြောရရင် အဲဒီ အိုဂိုနီခရိုင်ထဲက ရေနံတွေကို ကမ္ဘာကျော် `ရှဲ ´ ရေနံကုမ္ပဏီကြီးနဲ့ ဖက်စပ်ပြီး ထုတ်လုပ်ရောင်းချခဲ့တာ ရှိပါတယ်။ ရင်းနီးမြှုပ်နှံမှုမှာ နိုက်ဂျီးရီးယားစစ်အစိုးရက အဓိကအစိပ်အပိုင်းကိုယူပြီး ရှဲကုမ္ပဏီက (၃၀) ရာခိုင်နှုန်း ပါဝင်ပါတယ်။

ထုံးစံအတိုင်း အာဏာရှင်အစိုးရဆိုတော့ ဒီရေနံတူးဖော်ထုတ်လုပ်တဲ့ကိစ္စမှာ ဒေသခံ အိုဂိုနီလူမျိုးစုတွေရဲ့သဘောထား အကြံဉာဏ် ဘယ်ထည့်စဉ်းစားမှာလဲ။ ကျေးရွာတွေ အဓမ္မရွှေ့ခိုင်း၊ သဘာဝပတ်ဝန်းကျင်ပျက်စီး၊ ရတဲ့အကျိုးအမြတ်ကြပြန်တော့လည်း စစ်အာဏာပိုင် လူတစုကပဲ အကုန်လုံးသုံးစွဲဆိုတော့ ဆင်းရဲမွဲတေတဲ့ဘဝနဲ့ နေကြထိုင်ကြရတဲ့ အိုဂိုနီလူမျိုးစုတွေဖက်က တကယ့်ကို စိတ်ဆိုးဒေါသ ဖြစ်စရာပါ။ ဒီတော့လည်း အိုဂိုနီလူမျိုးစုတွေဟာ ဥစ္စာရင်လို ဥစ္စာရင်ခဲဆိုသလို စစ်အစိုးရရဲ့ အိုဂိုနီခရိုင်အတွင်း ရေနံတွင်းတွေ အတင်းအဓမ္မ စည်းမဲ့ကမ်းမဲ့ တူးဖော်လုပ်ကိုင်နေတာကို လမ်းပေါ်ထွက် ဆန္ဒပြကန့်ကွက်ရတဲ့အထိ ဖြစ်လာခဲ့တော့တာပေါ့။ အိုဂိုနီလူမျိုးစုတွေကို အခြေခံ တဲ့ `မိုဆော့ပ်´ လို့ခေါ်တဲ့ (MOSOP) `အိုဂိုနီလူမျိုးစုများ အသက်ရှင်သန်ရေး ရုန်းကန်လှုပ်ရှားမှု´ ဆိုတဲ့အဖွဲ့ကို ထူထောင်လာခဲ့ကြပါတယ်။ (၁၉၉၀) ဒီအဖွဲ့ကြီးထဲမှာ အိုဂိုနီအမျိုးသမီးတွေ၊ လူငယ်တွေ၊ ဘုရားကျောင်းဝန်ထမ်းတွေ၊ ကျောင်းဆရာနဲ့ကျောင်းသားကျောင်းသူတွေနဲ့ တခြား အသက်မွေးဝမ်းကျောင်းပြုသူ အမျိုးမျိုးအစားစား ပါဝင်လာခဲ့ကြပါတယ်။

`မိုဆော့´ အဖွဲ့ကြီးရဲ့ ဦးစွာပထမ အဓိကတောင်းဆိုချက်က (၂) ချက်ရှိပါတယ်။ တချက်က စစ်အစိုးရအတွက်ဖြစ်ပြီး နောက်တချက်ကတော့ `ရှဲ´ ရေနံကုမ္ပဏီကြီးကို ရည်ညွှန်းတဲ့အချက်ဖြစ်ပါတယ်။ ပထမအချက်က အိုဂိုနီလူမျိုးစုနယ်မြေအတွင်း သဘာဝပတ်ဝန်းကျင် ထိန်း သိမ်းပြုပြင်ရေးကိစ္စ၊ အိုဂိုနီလူမျိုးစုများရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံအေးချမ်းရေး၊ လူ့အခွင့်အရေးကိစ္စများရရှိစေရေး စစ်အစိုးရထံ တောင်း ဆိုထားတဲ့ချက်ဖြစ်ပါတယ်။

နောက်တချက်ကတော့ `ရှဲ´ ရေနံကုမ္ပဏီကြီးအနေနဲ့ အိုဂိုနီပြည်နယ်ထဲက ရေနံတွေကို တူးဖော်ချင်တယ်ဆိုရင် အိုဂိုနီလူထုရဲ့သဘောထား၊ သဘာဝပတ်ဝန်းကျင် အဖွဲ့အစည်းများရဲ့သဘောထား၊ အဲဒါတွေကို အရင်ယူပြီးမှသာ စစ်အစိုးရနဲ့ စာချုပ်ချုပ်သင့်တယ်ဆိုတဲ့အချက်ဖြစ် ပါတယ်။ အောင်မြင်မှုတော့ ရခဲ့တာရှိပါတယ်။ အဲဒီ `မိုဆော့´အဖွဲ့ကြီးရဲ့ ကျိုးပမ်းဆောင်ရွက်ချက်ကြောင့်ပဲ `ရှဲ´ ရေနံကုမ္ပဏီကြီးဟာ အိုဂိုနီခရိုင်ထဲက ရေနံတူးဖော်တဲ့အလုပ်တွေ ရပ်ဆိုင်းထွက်ခွာသွားစေတဲ့ အောင်မြင်မှုဖြစ်ပါတယ်။ (၁၉၉၄)

မအောင်မြင်တဲ့အချက်ကတော့ ဗိုလ်ချုပ်ကြီး `ဆန်နီ အဘာချာ´ အစိုးရက အိုဂိုနီခရိုင်ထဲမှာ အရင်ကထက် ပိုပြီး ရေနံထုတ်လုပ်မှုတွေ လုပ်လာတဲ့အပြင် လမ်းပေါ်တက်ဆန္ဒပြသူတွေအပါအဝင် အိုဂိုနီလူမျိုးစု လူဦးရေ (၁၀၀၀) ခန့်ကို သတ်ပစ်လိုက်ကြပါတယ်။ ကျေးရွာတွေ အဓမ္မရွှေ့ပြောင်းခံရ၊ လူတွေအများကြီး ရုံးမတင်ပဲ အကျဉ်းထောင်တွေထဲ ထည့်လိုက်ကြပါတယ်။ အဆိုးဝါးဆုံးကတော့ အဲဒီ `မိုဆော့´ အဖွဲ့ကြီးရဲ့ `ဥက္ကဌ´ အဖြစ်ဆောင်ရွက်နေတဲ့ အိုဂိုနီလူမျိုးစုခေါင်းဆောင်လည်းဖြစ် သဘာဝပါတ်ဝန်းကျင်ထိန်းသိမ်းရေးသမားလည်းဖြစ်၊ သတင်းစာဆရာ စာရေးဆရာလည်းဖြစ်တဲ့ `ကင်ဆာရိုဝီဝါ´ အပါအဝင် ခေါင်းဆောင် (၉) ဦးကို ဥရောပတတိုက်လုံးက ကန့်ကွက်နေ တဲ့ကြားကပဲ အကျဉ်းထောင်ထဲမှာ ကြိုးပေးသတ်ဖြတ်လိုက်တဲ့ကိစ္စပါပဲ။ (၁၀၊ ၁၁၊ ၁၉၉၅)

အခုဆိုရင် ကျနော်တို့တိုင်းပြည်မှာ အဲဒီ နိုက်ဂျီးရီးယားနိုင်ငံက အဖြစ်အပျက်မျိုး ကြုံနေရပြီ။ ဒီတခါ ကျနော်တို့ပြည်သူတွေခံစားရမယ့်ဒုက္ခ က နိုက်ဂျီးရီးယားက အိုဂိုနီလူမျိုးစုတွေထက် ပိုပြီးကြီးမားမှာဖြစ်ပါတယ်။ ကျနော်တို့နိုင်ငံရဲ့ အသက်သွေးကြောဖြစ်တဲ့ ဧရာဝတီမြစ်ကြီးကို ဖျက်ဆီးလိုက်ကြမယ့်ကိစ္စ။ ဒါကို တာဝန်သိပြည်သူတွေ အသိပညာရှင် အတတ်ပညာရှင်တွေ လူငယ်တွေနဲ့ ကချင်လူထုကပါ ကန့်ကွက် လာကြတဲ့အခါ ကြံ့ဖွံ့အစိုးရ တာဝန်ရှိသူတဦးက ပြေပြေပြစ်ပြစ် ယဉ်ယဉ်ကျေးကျေး တိုင်းပြည်နဲ့လူထုကို ပြန်လည်ရှင်းပြတဲ့လေသံမျိုးမ ဟုတ်ပဲ ` ဧရာဝတီရောဂါ´ ဆိုတဲ့စကားလုံးတွေ၊ ဘယ်သူဘာပြောပြော ချက်ကြီးကတော့ …. ဒါပဲဆိုတဲ့ လေသံမျိုးတွေနဲ့ တုန့်ပြန်အဖြေပေး လာတာကြားရတော့ ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်း (၁၅) နှစ်လောက်က နိုက်ဂျီးရီးယားနိုင်ငံ စစ်အစိုးရလိုပဲ လက်ရှိဦးသိန်းစိန်အစိုးရက ဧရာဝတီကယ်တင်ရေးကြိုးပမ်းကြသူတွေအပေါ် အရေးယူဖိနှိပ်မှုတွေ လုပ်များလုပ်လာဦးမှာလား။

အစိုးရရဲ့ တာဝန်ရှိသူတဦးကတော့ “ဘယ်သူသေသေ ငတေမာရင်ပြီးရော” ဆိုတဲ့အပြောမျိုးနဲ့ `သခင်အားရ ကျွန်ပါးဝ´ အလုပ်မျိုး မိုက်မိုက်ရိုင်းရိုင်း ပြောလာနေပြီ။ သူ အခုလို တုန့်ပြန်ပုံက သူ့သခင် ပါးစပ်ပေါက်နားရောက်နေတဲ့ ထမင်းလုပ် ပုတ်ချဖို့ကြိုးစားတဲ့အလုပ်ကို လူထုက လုပ်ရပါ့မလားဆိုပြီး ဒေါသနဲ့ မာန်ဖီပြတဲ့သဘောမျိုး ဖြစ်နေပါတယ်။ တာဝန်ရှိသူက ဒီလို တာဝန်မဲ့ တုန့်ပြန်အဖြေပေးလို့ လူထုက မခံမရပ်နိုင်ဖြစ်ပြီး လမ်းပေါ်တက်ဆန္ဒပြရင် ဖြစ်လာသမျှ အကျိုးဆက်ဟာ အစိုးရအပေါ်မှာသာ တာဝန်ရှိတယ်ဆိုတဲ့စကားကို လူထုဖက်က စာပေပညာရှင်များကလည်း ပြောလာကြရပြီ။

ဘယ်လိုပဲဖြစ်ဖြစ် ဧရာဝတီကယ်တင်ရေးဟာ ကျနော်တို့သားမြေးမြစ်များ အသက်ရှင်သန်ရေးကိစ္စကြီးဖြစ်တဲ့အတွက် လိုအပ်ရင် ဘယ်လို အဟန့်အတား ဖိနှိပ်မှုတွေကိုမဆို ရင်ဆိုင်ဖြတ်သန်းကြရမှာကတော့ သေချာနေပါပြီ။ အရင့်အရင် အရေးတော်ပုံတွေရဲ့ အတွေ့အကြုံအရ ဒီတကြိမ် ဒီအရေးတော်ပုံကြီးမှာပါဝင်ကြသူ မည်သူမဆို သတိမလစ်ကြစေချင်ပါ။

အခြေအနေအရပ်ရပ်ကို နိုင်ငံရေးအရကြည့်ရင် အုပ်စိုးသူဟာ ကစင့်ကလျား ကျီးကြည့်ကြောင်ကြည့်နဲ့ တောပြော တောင်ပြောလုပ်နေတဲ့ အချိန်ဖြစ်တယ်လို့ ကျနော်ယုံကြည်ပါတယ်။ နိုင်ငံရေးမိုးကောင်းကင်ဟာ အရင်နဲ့မတူပဲ ပိုပြီးရှုပ်ထွေးမဲမှောင်လာနေတဲ့သဘောလည်း ရှိပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ကျနော်တို့ရဲ့ ဒီတခါ လူထုတိုက်ပွဲလို့ခေါ်တဲ့ ဧရာဝတီကယ်တင်ရေးတိုက်ပွဲဟာ တိုက်ရဲရင် နိုင်မှာသေချာတဲ့ ပွဲမျိုးဖြစ်ပါတယ်။ လူထုတရပ်လုံး မလွဲမသွေ ပါဝင်လာနိုင်တဲ့ ပွဲလည်းဖြစ်ပါတယ်။ ဒီလိုအခြေအနေတွေရှုပ်ထွေး တင်းမာလာနေတဲ့ အချိန်မျိုးမှာ သူတို့အထဲက ဥဏှောက်မရှိ ညာဏ်ပညာမဲ့ပြီး အာဏာရှင်ဆီမှာ မျက်နှာရဖို့လေးလောက်ပဲသိတဲ့ လူတစုရဲ့ လက်သရမ်းမှုမျိုး ကြုံရတတ်ပါတယ်။ ဧရာဝတီကယ်တင်ရေးဆောင်ရွက်ကြတဲ့ ကျနော်တို့လူထုရဲ့ အခြေအနေက ရွာလွန်ရွက်တိုက်တဲ့နေရာမှာ မရှက်မ ကြောက်လုပ်တတ်တဲ့ သူကြီးဆိုးရဲ့သား ချက်ကြီးတို့တသိုက်နဲ့ ရင်ဆိုင်ရဖို့ရှိတာကတော့ သေချာနေပါပြီ။ `ကင်ဆာရိုဝီဝါ´ လို အဖြစ်မျိုး မဖြစ်ရလေအောင် ကျနော်တို့ သတိကြီးစွာထားကြရပါလိမ့်မယ်။

Wednesday, September 28, 2011

Cartoon Zaw Hmine - Burmese Proverb


ကာတွန်း ဇော်မှိုင်း (ဥက္ကလံ) - စကားပုံထဲက မြန်မာပြည်
စက်တင်ဘာ ၂၉ ၊ ၂၀၁၁

I'm not a son-in-law of General Than Shwe: Tay Za


ဗိုလ်ချုပ်သန်းရွှေ၏သားမက်ဟုပြောခြင်းမှာ ကောလာဟလဟု ဦးတေဇ ရှင်းလင်း
ဓာတ်ပုံသတင်း
စက်တင်ဘာ ၂၉၊ ၂၀၁၁"ကျနော်က ဗိုလ်ချုပ်သန်းရွှေရဲ့ သားမက် မဟုတ်ပါဘူး။ ကျနော် လက်နက်ကုန်ကူးတဲ့လူလည်း မဟုတ်ပါဘူး" ဟု လုပ်ငန်းရှင်ကြီး ဦးတေဇက ပြောဆိုကြောင်း forbes မဂဇင်း ဆောင်းပါးတစောင်တွင် ယမန်နေ့က ဖော်ပြထားသည်။
"ဒါကြောင့် မြန်မာပြည်သားတွေ မချမ်းသာတာ။ ဘယ်သူပဲ တိုးတက်လာသည်ဖြစ်ပါစေ၊ အရမ်း မနာလို ဖြစ်ကြတယ်။ နည်းမျိုးစုံ တိုက်ခိုက်ပြီး ကောလာဟလတွေ ထုတ်တော့တာပဲ" ဟုလည်း ပြောဆိုကြောင်း ဆောင်းပါးတနေရာတွင် ဖော်ပြထားသည်။

http://www.forbes.com/global/2011/1010/feature-people-burma-showy-crony-capitalism-luxury-za-montlake.html တွင် အင်္ဂလိပ်ဘာသာ ဆောင်းပါးကို ဖတ်နိုင်သည်

May Lay Lwin - Save Irrawaddy

 
ဧရာဝတီ မြစ်ဆုံဆည် ဆက်မဖြစ်တည်ရ

မေလေးလွင်၊ စက်တင်ဘာ ၂၉၊ ၂၀၁၁

ဧရာဝတီမြစ်ဆုံဆည်စီမံကိန်းတာဝန်ရှိလူကြီးမင်းများထံသို့ …


ကျမက တိုင်းတပါးရောက်နေတဲ့ မြန်မာပြည်သူဖြစ်ပါတယ်။ ဘာမှ မတတ်တာမို့ တတ်တာ သိတာလေးနဲ့ပဲ ပန်ကြားပါတယ်။ မြန်မာပြည်သူ ဖြစ်တဲ့အားလျော်စွာနဲ့ မြစ်ဧရာအကြောင်း တစေ့တစောင်းမက ကြားနေခဲ့ သိနေခဲ့ရတာကိုပဲ ဆန္ဒပြုပါတယ်။ ဒီလိုပြောလို့ ငါတို့သာ သိတာမို့ပါ ဆိုရင်တော့ ကျမတို့ သုံးလူ့လောကမှာ မြတ်စွာဘုရားရှင်သာလျှင် အတုမရှိ အနှိုင်းမဲ့ အလုံးစုံ သိတော်မူသော အရှင် ဖြစ်တယ်ဆိုတာ အရင် ပြောပါရစေ။ ငါသာလျှင် အသိဆုံးဆိုရင်ဖြင့် ဘုရားရှင်နဲ့ ကိုယ့်ကို နှိုင်းယှဉ်နေမိတာမျိုး ဖြစ်သွားနိင်တာမို့ ဒီလို နှိုင်းယှဉ်မိရင်ဖြင့် အပယ်ရောက်မယ့်အရေးကို တင်ကြို သတိပေးပါရစေ။ ဘယ်သူမှ အသိဆုံး မရှိပါဘူး။ ကိုယ်တွေအသိဆုံးဆိုရင် ဒါ ကိုယ်ကျိုးတခုတည်း ဖြစ်မှာပါပဲ။
ဧရာဝတီအရေးဟာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အားလုံးပေါင်းစပ်ပါဝင်နေတဲ့အတွက် မြန်မာတမျိုးသားလုံးရဲ့ အရေး အမျိုးသားရေး ဖြစ်တာမို့ပါ။ လူကြီးမင်းများ ကိုယ့်လှေကိုယ်ထိုး ပဲခူးရောက်ရောက်၊ ကိုယ့်မြင်းကိုယ်စိုင်း စစ်ကိုင်းရောက်ရောက်လို့များ မိမိတဦးတည်းပိုင် ဆန္ဒ မဟုတ်ခဲ့ဘူး ဆိုရင်ဖြင့် ကျမရေးတဲ့ ဒီစာ လူကြီးမင်းတို့ အသိအမှတ်ပြုလိမ့်မယ်လို့ (မြန်မာတပြည်လုံးအပေါ် စေတနာရှိတယ်ဆိုရင်) မျှော်လင့်ပါတယ်။

Dhamma Piya - Flowers Diary

နေ့စွဲမပါတဲ့ ပန်းဒိုင်ယာယီ
ဘိက္ခုဓမ္မပိယ(USA)
စက်တင်ဘာ ၂၉၊ ၂၀၁၁
ဒီနေမနက်စောစော ဘုရားရှိမခိုးခင် ဘုရားစဉ်ရှေ့မှာထိုင်နေရင်း တွေးတစ်ခုဝင်လာတယ်။ ပန်းလေးတွေနဲ့စပ်တဲ့အတွေးပါ။ အာရုံမြင်ကွင်းက ဘုရားစဥရှေ့မှာရှိနေတဲ့ ပန်းအိုးရှစ်လုံး။ ပန်းအိုး ထဲမှာရှိနေတဲ့ပန်းတွေက အရောင်စုံ၊ အသွေးစုံ နှင်းဆီပန်းတွေလဲပါတယ်။ သစ်ခွပန်းတွေလဲပါတယ်။ ဒေလီယာပန်းတွေလဲပါတယ်။ အခြားအခြားအမည်မသိတဲ့ပန်းတွေလဲပါတယ်။ အဲဒီပန်းအိုးတွေထဲက ပန်းအိုးလေးလုံးထဲမှာရှိနေတဲ့ပန်းတွေက ညှိုးတတ်တဲ့ပန်းတွေ။ ကျန်တဲ့ပန်းအိုးတွေထဲကပန်းတွေက တော့ မညှိုးပန်းတွေ။ ပန်းတွေရဲ့ကွဲပြားခြားနားမှုကို သတိပြုမိတယ်။ ပန်းတွေကိုအမြဲတန်း လန်းဆန်း စေချင်လို့ မညှိုးပန်းတွေကို လှူထားရော့သလားလို့လဲတွေးမိပါရဲ့။ ဘာပဲဖြစ်ဖြစ်လေ ဘုရားရှင်စင်ရှေ့ မှာတော့ ပန်းတွေနဲ့ဝေလို့။
ဒီအာရုံမြင်ကွင်းကို အတွေးစိတ်မှာ ခေါင်းစဉ်လေးပေးပြီး ရေးမှတ် လိုက်တယ်။ ခေါင်းစဉ်က   “နေ့စွဲမပါတဲ့ ပန်းဒိုင်ယာယီ” တဲ့။
ပန်းဆိုတာ လူသားတွေအတွက်တော့ မွှေးဖို့၊ ကြူဖို့၊ အလှဆင်ဖို့၊ လက်ဆောင်ပေးဖို့၊ ဆိုရှယ် ရေးရာမှာကိုယ်စားပြုပေးဖို့နဲ့ ဘုရာပန်းတင်လှူဖို့။ ဒါကလူတွေရဲ့သဘောထားပါ။ သက်မဲ့ပန်းလေးတွေ သူတို့ရထားတဲ့ဘ၀က အမွှေးခံ၊ အကြူခံဖို့မဟုတ်။ အချစ်ခံ၊ အမုန်းခံဖို့လဲမဟုတ်။ ဘ၀ပေးတာဝန်အရ သူတို့ဆောင်ရွက်ရမဲ့အလုပ်က မျိုးဆက်ပြန့်ပွားဖို့။ သူတို့ပွင့်လန်းမှ တစ်ပွင့်ကနေတစ်ရာ။ တစ်ရာက နေတစ်ထောင်။ ဒီမှတဆင့် သာယာလှပတဲ့ပန်းဥယျာဉ်ကြီး။ သီးပင်များမှာလဲ အလားတူတာဝန်ကို ဆောင်ရွက်ဖို့။ ပန်းတစ်ပွင့်ကအသီးတစ်လုံး။ ပန်းတစ်ရာက အသီးတစ်ရာ။ ပန်းတစ်ထောင်က အသီး တစ်ထောင်။ ထိုနောက် အသီးပေါင်းသိန်းသန်းကုဋေရှိတဲ့သစ်သီးဥယျာဉ်ကြီး။
ဒါပေမဲ့ လူတွေးရဲ့ အတွေးတွေက ရှုပ်ရှုပ်ထွေးထွေး။ “ပွင့်ချိန်တန်ပွင့်၊ သီးချိန်တန်သီး” လို့ဆိုပေမဲ့ အလွှာမတူတဲ့ ဘ၀တွေကြားမှာ ပွင့်လာတဲ့အပွင့်ကို သီးခွင့်မပေးနိုင်တာ၊ သီးလာတဲ့အသီးကို ကြီးထွားခွင့် မပေး နိုင်တာ။ ဒါတွေက လူ့တွေရဲ့အတ္တဖက်တဲ့အပြုအမူတွေပါ။ ဒီလို ပြုမူတတ်တဲ့လူတွေရဲ့ သဘောကို ပန်းလေးတွေ နားလည်နိုင်မှာမဟုတ်ပါဘူး။ မျှတတဲ့စိတ်ထားနဲ့ ကြည့်တတ်မယ်ဆိုရင် ပန်းလေးတွေရဲ့ဘ၀က သနားစရာပါ။ လူတွေရဲ့မျက်ဝန်းအိမ်မှကျတဲ့မျက်ရည်ကြောင့် ပန်းပွင့်လေး တွေရဲ့ဘ၀လေးတွေ နွမ်းကြွေမွှခဲ့ရတဲ့အဖြစ်မျိုးတွေက ထောင်သောင်းမကရှိနိုင်ပေမဲ့ ပန်းလေးတွေမှ ကျတဲ့မျက်ရည်ကြောင့် လူတွေရဲ့ဘ၀ကို ဘယ်သောခါမှနွမ်းကြွေရိုးမရှိခဲ့ပါ။ ဒီလိုပါပဲ  သူတော်ကောင်း တွေကြောင့် ကျတဲ့မျက်ရည်၊ ကြုံရတဲ့ဘေးအန္တရာယ်မျိုးဆိုတာ လူ့ဘ၀မှာရှိမှမရှိတာ။ စဉ်းစားဆင်ခြင် နိုင်ဖို့ပါ။

Maung Lwn Ni - Poem

ညီအစ်ကို မသိတသိ မဟုတ်တဲ့ အချိန်
မောင်လွမ်းဏီ
စက်တင်ဘာ ၂၉၊ ၂၀၁၁
တစ တစ နဲ့ 
အဖေ့ အထင်ပြောရရင်
လေလုံးကွဲချင်လာတယ် ငါ့သား။
လူထု က ထုလူ ဖြစ်
ဓမ္မက အဓမ္မ ဖြစ်
သူရဲကောင်းက သစ္စာဖောက်ဖြစ်
သမိုင်းထဲကလူက လူရာမ၀င်တဲ့ သမိုင်းထဲရောက်
လွတ်မြောက်လာတဲ့ အကျဉ်းသားက အကျဉ်းသားပြန်ဖြစ်
သမိုင်းဖြစ်ထွန်းမှုတွေက ဖြစ်ထွန်းမှုသမိုင်းမဟုတ်။

မင်းအမေ့လင်
မင်း ဖခင်
အဆိုးမမြင်တတ်
ရပ်ရွာသိအောင်
ကဗျာဆရာယောင်ယောင် လုပ်နေတာ။

တကယ်လို့ များ
တညသားမှာ သားရယ် 
မင်း အဖေ၊ လူ့ လောက က
ထွက်ခွာရတော့မယ်ဆိုရင်၊
အဖေ့ အနား တိုးလာစမ်းပါ
မှာစကားများ နားထောင်စမ်းကွာ။

ကျနော့်ကို ပြောမဲ့စကားတွေ
ကျနော်သိတယ်၊ ကြားတယ်၊
ဘာသာပြန်တတ်တယ်
အဖေ့ရဲဘော်တွေ လေဖြတ်လို့  သေတာတဲ့ …
အမေ လေဖြတ်တာ ဘာလဲ။

ဦးငြိမ်း လေဖြတ်လို့  သေတာလား
လေဖြတ်လို့  ဦးငြိမ်းသေတာလား
တခုခုတော့ မှားနေတယ် ဦးဂုရု
ဦးဂုရုရော တခုခုမှားခဲ့လား။

တခါတရံ အဖေ့ရန်စကားထဲမှာ
ဒါ အနာတရ ရာဇ၀င် သမိုင်းတွေကွ တဲ့
အဖေပြောတာ ခန ခန။

အဖေ ကြေကွဲနေတဲ့
စက်တင်ဘာ ၂၇ ညက
သူ့ ကဗျာ ငါးရောင်ခြယ်ကို ရွတ်ပြတာ
လေလုံးကွဲတယ်။

ဒီအချိန် ဦးအောင်ဝေးတို့  ဦးသစ်ကောင်းတို့ ၊ဦးကျော်သူမိုးမြင့်တို့ 
အဘတဲကို အတိုးချ လွမ်းမှာပဲနော် တဲ့။    ။

၂၇ - ၉ - ၂၀၁၁