Wednesday, August 31, 2011

Cartoon Saw Ngo – Democracy & Burma

ကာတွန်း စောငို - ဤခရီး နီးသလား
စက်တင်ဘာ ၁၊ ၂၀၁၁

Kyaw Thu – 30th Anniversary of Kyaw Thu & Myint Myint Khin Pe

စည်းခြားမရနိုင်တဲ့ သူနှစ်ယောက်
ကျော်သူ
စက်တင်ဘာ ၁၊ ၂၀၁၁

ကမ္ဘာမြေပြင်သို့ ရောက်လာခဲ့ပြီးသည့်နောက် အမျိုးမျိုးအဖုံဖုံ ဝေဖန်ရှုံ့ချ ကဲ့ရဲ့ပြစ်တင် တိုက်ခိုက်ထိုးနှက်ခြင်း လောကဓံတွေအကြား လူးလိမ်ရုန်းကန် လောင်မြိုက်ခြင်းတည်း ဟူသော သောကပင်လယ်အကြား မှတ်ကျောက်အတင်ခံပြီး ကျောခြင်းကပ် ရင်ခြင်းအပ် ကြံ့ကြံ့ခံကာ လူသားတို့အတွက် လူပီသစွာ မေတ္တာတရားကို လက်ကိုင်ပြုပြီး သီလလုံစွာ ပေးဆပ်ခဲ့သော သူမနှင့် ကျွန်တော်တို့ ဖြတ်သန်းခဲ့သော နှစ်ပေါင်း ၃၀ တိတိနေ့ (သို့) ပုလဲရတုနေ့မြတ်ကို ၃၁. ၈. ၂၀၁၁ ဗုဒ္ဓဟူးနေ့ နံနက် ၁၀း၀၀ နာရီအချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)၌ ကျင်းပပြု လုပ်ခဲ့သည်။

Thu Rain Htet - Cartoon

ကာတွန်းသူရိန်ထက် - အချင်းချင်း လှည့်စားခြင်း
စက်တင်ဘာ ၁၊ ၂၀၁၁

Translated by May Ka on "Twilight over Burma by Inge Sargent " # 12

  မြူတိမ်ဝေဝေ …  တောင်ခိုးဝေးဝေး - ၁၂
မေခ
သြဂုတ် ၃၁၊ ၂၀၁၁
မိုးမခ၏ အထူးကဏ္ဍ၊ ဘာသာပြန် အခန်းဆက် တင်ဆက်မှု
(Twilight over Burma by Inge Sargent ကို ဆီလျော်အောင် ဘာသာပြန်တာဖြစ်တယ်)
အခန်း၇ အပိုင်း၂
စက်တင်ဘာနေ့ရက်များ ကုန်လွန်သောအခါ အရှေ့စံအိမ်တော်တခုလုံး စိတ်လှုပ်ရှားစွာဖြင့် ဆူညံနေကြတော့သည်။ ဗေဒင်ဆရာ  ဆရာဘဟန်က ၁၁လပိုင်းလဆန်း ၁၁ရက်နေ့သည် မင်္ဂလာပွဲပြုလုပ်ဖို့အသင့်တော်ဆုံးနေ့ဟု သတ်မှတ်ပေးသည်။ စ၀်က သူမ၏မွေးနေ့နှင့် နက္ခတ်တာရာများကိုအသေအချာ တွက်ချက်ပြီး မင်္ဂလာနေ့ရက်ကို ဆုံးဖြတ်ခိုင်းလေသည်။
အသေးစိတ်ပြင်ဆင်ချိန်မှာ၂လမျှသာကျန်ရှိတော့လေသည်။ အခမ်းအနားအတွက် အပြင်လူများ ၀င်ရောက်လာလျှင် ကြိုတင် အကြောင်းကြားထားဖို့ လိုအပ်ကြောင်းဆုံးဖြတ်ထားခဲ့သည်။ သူ၏ ပွဲဖြစ်မြောက်ရေးဝန်ကြီးများကို သူက ယုံကြည်စိတ်ချစွာ အပ်နှံထားလေသည်။
မန္တလေးမှလာကြသော ရတနာကုန်သည် ၊ ပိုးရက်ကန်းသည်၊ အပ်ချုပ်သမ၊ ဒီဇိုင်းဆရာ တို့သည် သုစန္ဒာ ကိုပြင်ဆင်ပေးဖို့ အရှေ့စံအိမ်တော်ကို ရောက်ရှိလာကြတော့သည်။ ဧည့်ခန်းသည် ကာလာရောင်စုံဖြင့် အ၀တ်အစားပြပွဲလိုဖြစ်နေတော့သည်။ မြန်မာလက်မှုပညာသည်များသည် သူတို့၏ တောက်တောက်ပြောင်ပြောင်ပိုးထည်နမူနာများ နှင့် လက်ဖြင့်ထိုးထားသော ပြင်သစ်ဝိုင် ဘာဂန်ဒီရောင်ကောဇောများကိုပြကြသည်။
အရပ်ရှည်ရှည် ကုလားရတနာကုန်သည်က ကတ္တီပါလင်ပန်းပေါ်တင်ထားသည့် လင်းလက်တောက်ပနေသော စိန်များ ပတ္တမြားများ ကို အလင်းရောင်ကောင်းကောင်းရသောနေရာတွင် ပြသနေကြသည်။ သုစန္ဒာယောင်းမ ချယ်ရီက သိမ်မွေ့လှပ ယဉ်ကျေးမည့် အမျိုးမျိုးသော ရတနာ ပိုးထည် ကတ္တီပါစ တို့ကို ကူရွေးချယ်ပေးသည်။ မန္တလေးပိုးချိတ်များသည် တိုင်းယိုင်ပိုးချိတ်ထက်ပိုမိုလေးလံပြီး ရှုပ်ထွေးလှပသော ဒီဇိုင်းများဖြင့် တရက်လျှင် နှစ်လက်မ မျှသာ ရက်လုပ်နိုင်လေသည်။

Tuesday, August 30, 2011

The Geek - Gadafi Days are Over

ကဒါဖီ နေ၀င်ပြီ
နိုင်ငံတကာသာဂိ၊ သြဂုတ် ၃၁၊ ၂၀၁၁
၂၀၁၁ နှစ်ဆန်းက အာရပ်နွေဦး လှုပ်ရှားမှုမှာ ရှေ့တန်းရောက်လာတဲ့ လစ်ဗျားပြည်သူတွေရဲ့ ကဒါဖီအာဏာရှင်လက်အောက်က လွတ်မြောက်ရေးလှုပ်ရှားမှုဟာ ၆ လ ကျော်ကြာမှ တော်လှန်ရေးသမားတွေအတွက် နေရောင်မြင်ရတယ်။ အာဏာရှင်ကဒါဖီအတွက် နေ၀င်ချိန် အခုမှ စတယ်။ လွန်ခဲ့တဲ့ သြဂုတ်လ နောက်ဆုံးအပတ်မှာ သူပုန်တပ်တွေက မြို့တော် ထရီပိုလီကို သိမ်းနိုင်တယ်။ ကဒါဖီနဲ့ စစ်အာဏာရှင်နောက်လိုက်များဟာ သူတို့ရဲ့ နောက်ဆုံး ခံတုတ် ဆာဖ်မြို့မှာ ချောင်ပိတ်မိနေပြီး၊ သူ့မိသားစုက အာဏာရှင်မိတ်ဆွေ အယ်ဂျီရီးယားနိုင်ငံထဲကို ထွက်ပြေးလွတ်မြောက်သွားပြီလို့ ဆိုတယ်။ 
လစ်ဗျားပြည်ရဲ့ တော်လှန်ရေးက အာရပ်နွေဦးရဲ့ ဟိုမှာဘက်က အင်တာနက်တွေ၊ ဖေ့စ်ဘွတ်ခ်တွေ၊ ဘလောဂ်တွေ၊ စမတ်ဖုန်းတွေနဲ့ လှုပ်ရှားလှုံဆော်တဲ့ အခြားနိုင်ငံတွေက သူပုန်ထမှုတွေနဲ့ မတူဘူး။ ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေ၊ ကျောင်းဆရာတွေကိုယ်တိုင်က အေကေ ၄၇ မောင်းပြန်ကို ကိုင်စွဲပြီး တမြို့ဝင် တမြို့ထွက် စစ်အကြမ်းဖက်သမားတွေရဲ့ ဗုံး၊ လက်နက်၊ တင့်ကား၊ လောင်ချာနဲ့ စနိုင်ပါတွေကို ကြံ့ကြံ့ခံပြီး တိုက်ခိုက်ရတဲ့ သူသေ ကိုယ်သေ၊ သွေးချောင်းစီး တော်လှန်ရေးဖြစ်တယ်။
            ပြည်ပက အာရပ်အဖွဲ့ချူပ်နဲ့ နေတိုးလေတပ်တွေက ကဒါဖီရဲ့ လေတပ်ကို ချေမှုန်း၊ မြေပြင်က ကဒါဖီရဲ့ စစ်အင်အားကို ဖိနှိပ်ထားတာတွေကြောင့် အဲသည်ရဲ့အကာအကွယ်ယူလို့ လစ်ဗျားပြည်သူတွေက အာဏာရှင်ကို တရွေ့ရွေ့ တလက်မချင်း ဖယ်ရှားရတဲ့ ၂၁ ရာစုသစ် အာဏာရှင်ဖြုတ်ချတဲ့ စစ်ပွဲတခု ဖြစ်ပါတယ်။
အမေရိကန်အပါအ၀င် နိုင်ငံတကာအစိုးရတွေနဲ့ ကုလအဖွဲ့ကိုယ်တိုင်က ကဒါဖီနဲ့ အပေါင်းအပါတွေကို နိုင်ငံရေး၊ စီးပွားရေးအရ နည်းမျိုးစုံနဲ့ ကန့်သတ် ပိတ်ဆို့ တားဆီးခဲ့ရတယ်။ အဲဒီအတွက် တကမ္ဘာလုံးက ပြည်သူတွေကိုယ်တိုင်မှာ လောင်စာဆီပြသနာကို လက်ရှိစီးပွားအကြပ်အတည်းကြီးရဲ့အပူပေါ် နောက်တပူဆင့်လို့ ကြံ့ကြံ့ခံ ရင်မပြီး ခံစားခဲ့ကြရတဲ့ အဖြစ်ကြီး ဖြစ်တယ်။
ချီးကျူးစရာတွေက လစ်ဗျားပြည်သူတွေနဲ့ လစ်ဗျားပြည်က တိုင်းရင်းသားလူမျိုးစုတွေပဲ။ အာဏာရှင်ကို ဖြုတ်ချတဲ့ တိုက်ပွဲတွေမှာ ငါတို့အားလုံး လစ်ဗျားပြည်သူတွေဆိုတဲ့ စိတ်ဓာတ်နဲ့ သူပုန်တွေက လက်စားမချေဘူး၊ မုဒိန်းမကျင့်ဘူး၊ မြေလှန်မပစ်ဘူး၊ ခိုးဆိုး လုယက်ခြင်း မပြုဘူး။ အသေအပျောက်အားဖြင့် ၆လ အတွင်း မှာ ပြည်သူတွေ ၉  ထောင်ကနေ ၁ သောင်းခွဲ ကျဆုံးတယ်။ ၄၁ နှစ်လုံးလုံး ပြည်သူတွေကို ရိုက်ချိုးထားပေမယ့် လစ်ဗျားပြည်သူတွေနဲ့ သူပုန်တွေဟာ အာဏာရှင် ကဒါဖီ သက်တမ်း စက်တင်ဘာ ၁ ရက်  ၄၂ နှစ် မပြည့်ခင်မှာ လွတ်လပ်ရေးအလံတော်ကို အမြင့်မားဆုံး လွှင့်ထူလိုက်တာ ဖြစ်ပါတယ်။
လစ်ဗျားအာဏာရှင်တွေဟာ သူတို့ထောင်ထဲက နိုင်ငံရေးအကျဉ်းသားတွေ၊ တော်လှန်ရေးသမားတွေ၊ သူပုန်တွေကို နှိပ်စက် သတ်ဖြတ် မျိုးဖြုတ်ပြီးမှ ထရီပိုလီက စွန့်ခွာခဲ့ကြတယ်။ ယုတ်စွအဆုံး ကဒါဖီရဲ့ မိန်းမက သူ့အစေခံ အီသီယိုးပီးယားမိန်းကလေးကို လူရုပ်မပ်ါအောင် နှိပ်စက်ဖျက်ဆီးပြီး ထားရစ်ခဲ့တဲ့အထိ သူတို့တတွေဟာ အာဏာရှင်အဖြစ် မီးကုန် ယမ်းကုန် ကြမ်းတမ်းခဲ့ကြတယ်။ အဲသည် စစ်ရာဇ၀တ်မှုတွေကို လစ်ဗျားပြည်သူတွေနဲ့ နိုင်ငံတကာက ခုံရုံးဖွဲ့ အရေးယူပြီး တရားဥပဒေနဲ့အညီ ဆုံးမကြမှာ ဖြစ်တယ်။
ပြည်တွင်းကို ခနထားပြီး ပြည်ပကို ချီးကျူးမယ်ဆိုရင် နေတိုးကို လက်ဆောင့်ဆွဲခေါ်ပြီး လစ်ဗျားကို ကယ်တင်ဖို့ ဦးဆောင်တဲ့ ပြင်သစ်နဲ့ ဗြိတိန်အစိုးရ ဖြစ်တယ်။ သူတို့မှာ အရင်တုန်းက ကိုလိုနီ အာဖရိကနိုင်ငံတွေအပေါ်မှာ ကုတ်သွေးစုတ်ခဲ့ အမြတ်ထုတ်ခဲ့ကြတာတွေအတွက် သွေးကြွေးပြန်ဆပ်သလို ဖြစ်တယ်။
အမေရိကန်အစိုးရက လစ်ဗျားပြည်သူတွေကို ကာကွယ်ဖို့ နေတိုးရှေ့ကနေ ရှေ့ဆောင်လမ်းပြပြီး တိုက်ပွဲကို ခေါ်ခဲ့တယ်။ သူတို့ရဲ့ စစ်ရေးဗျူဟာက အီရတ်၊ အာဖဂန်၊ ပါကစ္စတန်မှာလို တမိုးလုံး ဖြောက်ဆိပ် ငပွကြီး မလုပ်တော့ဘူး၊ အာရပ်အဖွဲ့ချူပ်နဲ့ နေတိုးကို ရှေ့တန်းပို့၊ သူကတော့ နောက်တန်းကနေ နည်းပညာ၊ စစ်လက်နက်နဲ့ ထောက်ပို့ စစ်ကူတဲ့ နေရာမှာ တာဝန်ကျေခဲ့တာ ဖြစ်တယ်။ ယခင်ကောင်းဘွိုင်းကြီး အမေရိကန်သမတ ဘွတ်ရှ်လိုမဟုတ်တဲ့ ပညာတတ်လူပါး သမတ အိုဘားမားရဲ့ လစ်ဗျားအပေါ် စစ်ရေးစွက်ဖက်မှုဟာ ဟိုဖက် သည်ဖက်ကလူတွေ အားလုံးအတွက် အငြင်းပွားစရာ ဖြစ်ပေမယ့် စဉ်းစား နည်းယူစရာ မျက်နှာစာအသစ်ဖြစ်တယ်။
 
ကဒါဖီသာ လစ်ဗျားမှာ ဆက်အောင်ပွဲခံနေမယ်သာ ဆိုရင် အာရပ်နွေဦးဆိုတာ မြေမြှပ်သဂြိုဟ်လိုက်ရမယ့် အလားအလာဖြစ်နေတယ်။ နိုင်ငံတကာနဲ့ ကုလသမဂ္ဂရဲ့ နိုင်ငံရေး စစ်ရေး စွက်ဖက်မှု ပုံသဏ္ဍန်ဟာလည်း ဦးကျိုး ခေါင်းမဖော်နိုင် ဖြစ်ရတော့မှာ ဖြစ်တယ်။ ဥရောပနဲ့ အမေရိကန်တို့ရဲ့ ပြည်ပပို့ကုန် ဒီမိုကရေစီတွေ၊ အင်တာနက်တွေ၊ လက်နက် နည်းပညာတွေဟာလည်း နှပ်ပစ်ရတော့မလို ဖြစ်ကုန်မှာကိုး။ တကယ်တမ်း ပြန်ကြည့်ရင် လွန်ခဲ့တဲ့ ၂၀၀၁ စက်တင်ဘာ ၁၁ (9/11) မှာ စတင်ခဲ့တဲ့ အယ်လကိုင်ဒါ၊ ဘင်လာဒင်အကြမ်းဖက်စစ်ပွဲကြီး ရဲ့ ၁၀နှစ်ပြည့်မယ့် အချိန်နဲ့ လည်း တိုက်ဆိုင်နေတော့ ကဒါဖီနေ၀င်တာဟာ ဘာသာရေးအစွန်းရောက်တွေနဲ့ အာဏာရှင်တွေအတွက် နေ၀င်ချိန်အစလည်း ဖြစ်လာနိုင်တယ်။
ယခင်က အာဏာရှင်တွေ ကျဆုံးတဲ့ တိုင်းပြည်တွေမှာ ပြန်လည်ထူထောင်ရေး လုပ်ကြရာဝယ် အနောက်အုပ်စုသြဇာထူထောင် နေရာယူတာမျိုးတွေ မတွေ့ရဘဲ အာရပ်နည်း အာရပ်ဟန် ပြန်လည်ထူထောင်ရေးကို တွေ့ကြရလိမ့်မယ်လို့ အကဲခတ်တွေက မျှော်လင့်နေကြတယ်။ တူနီးရှား၊ အီဂျစ်တို့မှာ အာဏာရှင်အစိုးရတွေ လုံးဝပြုတ်ကျပြီး ပြုပြင်ပြောင်းလဲရေးတွေ အသစ်က ပြန်စနေကြသလို မိုရိုကို၊ အယ်ဂျီးရီးယား၊ ဂျော်ဒန်နဲ့ဆော်ဒီအာရေဗျတို့က အုံကြွမယ့်လူထုကို ကျေနပ် နှစ်သိမ့်မှုတွေ ပေးပြီး ပြုပြင်ပြောင်းလဲမှုတွေ ကြိုတင်ခြေလှမ်းပြင်နေကြတာကို တွေ့နေရတယ်။ သို့သော်လည်း ကဒါဖီမိတ်ဆွေ အာဏာရှင်နိုင်ငံတွေဖြစ်တဲ့ ဆီးရီးယား၊ ဘာရိန်း၊ ယီမင် စတဲ့နိုင်ငံတွေမှာတော့ အုံကြွတဲ့လူထုကို အကြမ်းဖက် ဖိနှိပ်နေဆဲ ဖြစ်တယ်။ ၂၀၁၁ ခုနှစ်အတွင်းမှာ အာရပ်နဲ့ အာဖရိကနိုင်ငံတွေ အကုန်လုံးမှာ အာရပ်နွေဦးရဲ့ အရှိန်အဟုန်တိုက်ခတ်မှုကြောင့် ပြည်သူလူထုရဲ့ လွတ်လပ်မှုနဲ့ ဒီမိုကရေစီကို ဦးတည်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ ဆက်တိုက်ဖြစ်ပေါ်မယ်လို့ အနာဂတ်ဟောကိန်းလည်း ထုတ်နေကြလေရဲ့။
ကျနော်တို့ အာရှကတော့ ကိုယ်ကျိုးစီးပွားရှေ့တန်းတင်တဲ့ ပေါ်လစီတွေနဲ့ ဈေးကွက်ပြိုင်၊ သြဇာပြိုင်နေတဲ့ အိန္ဒိယ၊ တရုတ်၊ ကိုရီးယားညီနောင် (တောင်၊မြောက်)၊ အာဆီယံတိုင်းပြည်များရဲ့ အစိုးရကျားမင်းတွေ သနားမှ ချမ်းသာရာရမယ့် နွားပြည်သူတွေအဖြစ်က ခွာချပြောင်းလဲလာဖို့ ဥာဏ်အလင်းပွင့် လှုပ်ရှားမှုတွေ အတော်များများ ဆက်လုပ်ကြရဦးလိမ့်မယ်။ အင်တာနက်ပေါ်မှာ တွတ်လိုက်၊ ချက်လိုက်၊ ချွတ်လိုက်နဲ့တင် မပြီး ကြမ်းကြမ်းတမ်းတမ်း ရမ်းရမ်းကားကားနဲ့ သေနတ်မောင်း တဖြောင်းဖြောင်း တင်သင့် တင်ရဲကြဖို့လည်း လိုလိမ့်မယ်များ မသိပါဘူးဗျာ။
(Illustration credit from here: http://ayman.iyobo.com/5g1xLHEfW7z/The+New+Commer+%23gaddafi+Cartoon , news photos from DayLife.com )

Shwe Pyi Soe - Suu is not that stupid


ဒေါ်စု မညံ့ပါ
ရွှေပြည်စိုး၊ သြဂုတ် ၃၁၊ ၂၀၁၁
ဒီတလော ဒေါ်အောင်ဆန်းစုကြည် နဲ့  ကြံ့ဖွတ်အစိုးရ တို့  “နိုင်ငံရေးစကားဝိုင်း”  ထဲ ရောက်နေကြတာ အားလုံးအသိပါ။
            ဒီလို “နိုင်ငံရေးစကားဝိုင်း” ထဲ ရောက်လာဖို့အကြောင်းက လက်ရှိမြန်မာနိုင်ငံမှာ ကြုံတွေ့ ရင်ဆိုင်နေရတဲ့ နိုင်ငံရေး၊ စီးပွါးရေး၊ တိုင်းရင်းသားလူမျိုးစုအရေး … စတဲ့ အကျပ်အတည်းတွေ တွေ့နေရာကနေ လျော့ပါးလွတ်မြောက်အောင် “ဟန်ဆောင်စကားဝိုင်း”  ဖွဲ့တယ်ဆိုတာ အားလုံးသိပြီးသား ဖြစ်လောက်ပါတယ်။
            ဒီအာဏာရှင်တွေဟာ နိုင်ငံမှာ အကျပ်အတည်းတွေ့တိုင်း ဒီလိုလုပ်လေ့ရှိတယ်ဆိုတာလည်း အားလုံးသိပြီး လောက်ပါပြီ။ ပြီးရင်  အရင်အတိုင်း လူ့အခွင့်အရေးကို ဆက်လက်ချိုးဖောက်တာပါပဲ။ အထင်ရှားဆုံးကတော့ ၂၀၀၃ ခုနှစ်၊ မေလ - ၃၀ ရက် ည  ဒီပဲယင်းမှာ ဒေါ်အောင်ဆန်းစုကြည် နဲ့ ဦးတင်ဦး တို့အဖွဲ့ကို လုပ်ကြံတာဖြစ်တယ်။ ဒေါ်စု၊ ဦးတင်ဦး တို့ အသက်မသေခဲ့ပေမယ့် အကျယ်ချုပ်ချထားခြင်း ခံလိုက်ရပါတယ်။
            အကျယ်ချုပ်လွတ်ရက်စေ့ခါနီးမှ အမေရိကန်နိုင်ငံသား ယက်ထော နဲ့ အပေးအယူလုပ်ပြီး၊ ဒေါ်စု ကို အကျယ်ချုပ် သက်တမ်းထပ်တိုးခဲ့ပါတယ်။ ဒေါ်စု ခမျာ မိအေး(၃)ခါနာ ဖြစ်ခဲ့ရပါတယ်။ လုပ်ကြံတာကိုလည်း ခံရသေး၊ အကျယ်ချုပ်လည်းခံလိုက်ရတဲ့အပြင် အမှုဖန်တီးပြီး သက်တမ်းတိုးခြင်းကိုလည်းခံခဲ့ရပါတယ်။
            နအဖ စစ်အာဏာရှင်တွေဟာ ဒီလိုကောက်ကျစ်ယုတ်မာတယ် ဆိုတာလည်း လူတိုင်းအသိပါ။ ဒါကိုလည်း ခံရသူ ဒေါ်စု က သူများထက် ပိုသိနိုင်ပါတယ်။
            ခုဆိုရင် ဒေါ်အောင်ဆန်းစုကြည် နဲ့  အလုပ်သမားဝန်ကြီး ဦးအောင်ကြည် တို့  ၂၅-၇-၂၀၁၁ ရက်နေ့က တွေ့ဆုံဆွေးနွေးပြီး  “နှစ်ဘက်ပူးပေါင်းဆောင်ရွက်မယ်” လို့ဆိုပြီး ကမ္ဘာကို လှည့်စားဦးမယ်ဆိုတာလည်း သိပြီးသားပါ။
            နောက်တစ်ဖန် သမ္မတ ဦးသိန်းစိန် က ဒေါ်အောင်ဆန်းစုကြည် ကို နေပြည်တော်ကို ဖိတ်မန္တက ပြုပြီး ၁၉-၈-၂၀၁၁ မှာ တွေ့ဆုံဆွေးနွေးပြန်တယ်။ ဒါလည်း နိုင်ငံတကာကို  “နိုင်ငံတော်အတွက် ဒေါ်အောင်ဆန်းစုကြည် နဲ့လည်း ဆွေးနွေးတယ်”  ဖြစ်အောင် ဟန်ပြလုပ်ပြတာပဲ ဖြစ်ပါတယ်။ အနှစ်သာရ ရှိတဲ့ဆွေးနွေးပွဲမဟုတ်ပါဘူး။
            ဒီလို ကြံ့ဖွတ်အစိုးရ အရာရှိ ၂ ဦးက ဒေါ်အောင်ဆန်းစုကြည် ကို ချဉ်းကပ်တာဟာ တိုင်းပြည်နဲ့လူမျိုးအပေါ် စိတ်ကောင်းစေတနာရှိလို့ မဟုတ်ပါ။ အထက်ဖေါ်ပြပါ အကျပ်အတည်းတွေ လျော့ပါးလွတ်မြောက်အောင်နဲ့  ၂၀၁၄ ခုနှစ် မှာ အာဆီယံ ဥက္ကဋ္ဌ လုပ်ချင်လို့  ဒီလိုဟန်ပြဆွေးနွေးပွဲလုပ်တယ် ဆိုတာကိုလည်း အားလုံးသိပြီးသားပါ။ အဓိက ကတော့ သူတို့ အာဏာတည်မြဲရေးအတွက် အကွက်ဆင်တယ်ဆိုတာလည်း သိကြပါတယ်။
            ခုလတ်တလော ကိစ္စတွေနဲ့ပတ်သက်ပြီး နိုင်ငံရေး စိတ်ဝင်စားသူတွေ၊ တက်ကြွသူတွေထဲက တချို့က “ဒေါ်အောင်ဆန်းစုကြည်ဟာ ကြံ့ဖွတ်အစိုးရဘက်ပါသွားပြီလား”  ဆိုတဲ့ အတွးတွေ ဝင်နေတာကို သိရပါတယ်။ ဒီလို စိုးရိမ်လို့ တွေးတာလည်း မှားတယ်လို့ အပြစ်မပြောသင့်ပါ။ ဒါပေမယ့် ဒေါ်စု က ဒီလောက်မညံ့ပါဘူး။ စိတ်ချပါ။ ဒေါ်စု ဟာ ဘယ်တော့မှ ဒီမိုကရေစီဘက်တော်သားတွေနဲ့  ပြည်သူလူထုတရပ်လုံးကို ဒီမိုကရေစီ မရမချင်း ကျောခိုင်းသွားမှာ မဟုတ်ဘူးလို့ ရဲရဲကြီး အာမခံရဲပါတယ်။ ဘာကြောင့်လဲဆိုတော့-
၁။  ဒေါ်စု ကိုယ်တိုင် တိုင်းသူပြည်သားတွေရဲ့ နှစ်ပေါင်းများစွာ ဆင်းရဲဒုက္ခမျိုးစုံရောက်နေ၊ ခံစားနေရတာ သိရှိတွေ့မြင် နေသလို ဘာ့ကြောင့်၊ ဘယ်သူ့ကြောင့် ဒီလိုဖြစ်ရတယ်ဆိုတာလည်း သိပြီးသားပါ။
၂။   ဒေါ်စု ကိုယ်တိုင်လည်း စစ်အာဏာရှင်တွေကြောင့် အသက်ဘေးက သီသီလေး လွတ်မြောက်လာခဲ့ရတာ (၂)ကြိမ် ထက် မနည်း ကြုံတွေ့ ခဲ့ရတယ်။
၃။   တိုင်းပြည်နဲ့လူမျိုးအတွက် လုပ်နေရက်နဲ့  ဒေါ်စု ကိုယ်တိုင် ထိန်းသိမ်းခံရတာလည်း သူ့အသက် ထက်ဝက်နီးနီး ရှိနေခဲ့ပြီ ဆိုတာ သူအသိပါ။
၎။    ကြံ့ဖွတ်အာဏာရှင် အပါအဝင် နဝတ၊ နအဖ စစ်အာဏာရှင်တွေဟာ အာဏာတည်မြဲရေး၊ ချမ်းသာကြွယ်ဝရေး အတွက် မြန်မာနဲ့ ကမ္ဘာ ကို အကြိမ်ပေါင်းမြောက်မြားစွာ လိမ်ညာလှည့်စား ဖြားယောင်း လက်တလုံးခြား လုပ်ခဲ့တာ၊ ပြည်သူတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်တာတွေလည်း ဒေါ်စု သိပြီးသားပါ။
ဒါတွေကိုသိပြီး ကိုယ်တိုင်ခံခဲ့ရပြီးဖြစ်လို့ နောက်ထပ်ဒီလိုမျိုး ထပ်မခံရအောင် ကြိုတင်ပြင်ဆင် စဉ်းစားထား ပြီးပြီလို့ ယုံကြည်ပါတယ်။
            ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် ဟာ
(၁) မြန်မာတစ်နိုင်ငံလုံး စစ်ဖိနပ်အောက်ကလွတ်မြောက်ရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ပြန်လည်ရရှိရေးအတွက် တိုက်ပွဲဝင်ခဲ့တာ ၂၃ နှစ် ရှိခဲ့ပါပြီ။
(၂)   အဲဒီအတွက် ဒေါ်စု ကိုယ်တိုင်လည်း အပင်ပန်း၊ အနစ်နာ၊ အဆင်းရဲခံပြီး လုပ်လာတာ ၂၃ နှစ် ရှိပါပြီ။
(၃)   ပြည်သူလူထုအတွက် မိသားစုကိုစွန့်ခဲ့၊ စည်းစိမ်ဥစ္စာကိုစွန့်ခဲ့၊ နောက်ဆုံးအသက်ကိုပါ စွန့်ဖို့ ဆုံးဖြတ်ခဲ့တာလည်း ၂၃ နှစ် ရှိခဲ့ပြီးမှ ဒီလိုလူယုတ်မာတွေ ကြိုးဆွဲရာ “က” မယ်လို့ မယုံကြည်ပါ။
            ဒေါ်စု ရဲ့ ခိုင်မာသော ခံယူချက်၊ မှန်ကန်သော ဆုံးဖြတ်ချက်၊ ရင့်ကျက်သော အတွးအခေါ် အမြော်အမြင် ခိုင်ခိုင်မာမာနဲ့ လုပ်ဆောင်ချက်တွေကို သိရှိတွေ့မြင်နေတာကြောင့် ဒေါ်စု ဟာ တချို့ထင်သလို အာဏာရှင်တွေဘက် ယိမ်းယိုင်မသွားဘူးဆိုတာ လုံးဝ သံသယကင်းပါတယ်။
            ဒါ့ကြောင့် ဒေါ်အောင်ဆန်းစုကြည် ဟာ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးအတွက် သူ့ဘဝကို  ၂၃ နှစ် တိုင်တိုင် မြှုပ်ခဲ့ပြီး ကြံ့ကြံ့ခိုင်ခိုင် တိုက်ပွဲဝင်ခဲ့ပြီးမှ  ဒီလူယုတ်မာ အာဏာရှင်တွေကို ဒူးထောက်မှာ မဟုတ်သလို ဘယ်တော့မှလည်း ပြည်သူတွေကို ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ ဝေးကွာအောင်လုပ်မှာ မဟုတ်ဘူးလို့ ခိုင်ခိုင်မာမာ ယုံကြည်ကြောင်း တင်ပြအပ်ပါတယ်။

Min Kaung Chit - Article

အဂတိတရားနဲ့ မိုးခါးရေ
မင်းကောင်းချစ်
သြဂုတ် ၃၁၊ ၂၀၁၁


အိန္ဒိယနိုင်ငံမှာ ၂၀၁၁ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့က အသက် ၇၄ နှစ်အရွယ် “အဲန်နာဟာဇာရီ”လို့ အမည်ရှိတဲ့ လူမှုရေးလှုပ်ရှားသူတဦးရဲ့ အစာငတ်ခံ ဆန္ဒပြမှုက စတင်တခဲ့တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးလှုပ်ရှားမှုဟာ အခုဆို အရှိန်အဟုတ်အတော်ကြီးမားနေပြီ။ ဖောက်ပြန်တဲ့ နိုင်ငံရေးသမားတွေနဲ့ ၀ိသမ စီးပွားရေးသမားတွေ၊ အကျင့်ပျက်ခြစားနေတဲ့ ဗျူရိုကရက်အရာရှိဝန်ထမ်းတွေရဲ့ အဂတိလိုက်စားမှုဒဏ်ကို နှစ်ပေါင်းများစွာ အလူးအလိမ့်ခံစားခဲ့ရတဲ့ အိန္ဒိယပြည်သူတွေဟာ အဲန်နာဟာဇာရီရဲ့ နောက်မှာ တညီတညာထဲ စုရုံးထောက်ခံနေခဲ့ကြပြီ။

အဲ့ဒီလို ဘာကြောင့်ဖြစ်ခဲ့တာလဲ။ အဖြေက ရှင်းရှင်းလေးပါ။ တိုင်းပြည်တခု ရေရှည်ဖွံ့ဖြိုးတိုးတက်ဖို့ မရှိမဖြစစ်လိုအပ်တဲ့ အခြေခံ ဒေါက်တိုင်ကြီး တွေထဲက စာရိတ္တမဏ္ဍိုင်ကြီး ယိမ်းယိုင်ချိနဲ့လာခဲ့လို့ပါဘဲ။ မျက်လုံးပေါ်မှာ အ၀တ်စီးပြီး ညီမျှတဲ့ချိတ်ခွင်ကိုကိုင်ထားတဲ့ Goddess of Justice အမှန်တရားစောင့် နတ်ဘုရားမပုံတွေကို တွေ့ဘူးလိမ့်မယ် ထင်ပါတယ်။ အမှန်တရားကိုစောင့်ရှောက်ရာမှာ ကျောသား၊ ရင်သားမခွဲခြား၊ ဆင်းရဲချမ်းသာ မခွဲခြားဘဲ မျှတစွာ ဆုံးဖြတ်စောင့်ရှောက်မဲ့ အဓိပ္ပါယ်ဆိုလိုရင်းဖြစ်တယ်။ အဂတိတရားဟာ အဲဒီနတ်ဘုရားမနဲ့ ဆန့်ကျင်ဘက်ဖြစ်တယ်။ ပါဠိစားဖြစ်တယ်။ အင်္ဂလိပ်လိုတော့ Partiality (Particularly in the dispensation of Justice) အမှန်တရားနှင့် ဥပဒေကို မျက်ကွယ်ပြုလျှက် မျက်နှာလိုက်ခွဲခြား စီမံဆောင်ရွက်ခြင်းဟု မြန်မာပြန်လို့ရမယ်ထင်ပါတယ်။

အိန္ဒိယမှာ ဆင်းရဲချမ်းသာကွာဟမှုကြီးမားလွန်းပြီး အနိဌာရုံတွေနဲ့ ပြွမ်းတီးနေတဲ့ နေ့စဉ်လူမှု့ဘ၀ဆိုးများစွာရဲ့ အဓိကတရားခံဟာ အဂတိလိုက်စားမှုဘဲ။ လက်ရှိ အာဏာရ ကွန်ကရက်အိုင်းပါတီခေါင်းဆောင်တွေနဲ့ အစိုးရအဖွဲ့ဝင်တွေဟာ၊ အဲ့ဒီ နာတာရှည် ရောဂါဆိုးကြီးကို ကုစားဖို့ မကျိုးစားခဲ့ကြဘူး။ နောက်ဆုံးတော့ ပြည်သူတွေက ပြုပြင်ဖို့ ကျိုးစားလာတာပါဘဲ။

ကဲ အခု ဗမာပြည်ရဲ့အခြေအနေကို ပြန်ကြည့်လိုက်ကြစို့။ ဒီမှာမိတ်ဆွေ ..အောက်မှာ ရေးပြမယ့် ဝေါဟာရနဲ့ပေါရကေတွေ သင်ရင်းနှီးပါရဲ့လား၊ “လက်ဖက်ရည်ဖိုး” “ဘေးပေါက်ကောင်းတယ်” အကြံအဖန်၊ နလမ (နားလည်မှု)၊ ရေလာတယ်၊ ဂွင်ကောင်းတယ်၊ အတွင်းလူ၊ ဝေစားမျှစား၊ ကွက်ကြားမိုး၊ မိုးခါးရေ၊ အကောင်ကြီးကြီး အမြီးရှည်ရှည်၊ အဆက်အသွယ် (Connection)၊ ပေါက်ပေါက်ရောက်ရောက်ရှိသူ၊ ပါမစ်၊ လုပ်ပိုင်ခွင့် Back ground တောင့်တယ်၊ ချိုတာလေးတွေ ရွေးစားမယ်”

အဲ့ဒီစကားလုံးတွေဟာ ကျွန်ုပ်တို့နိုင်ငံမှာ အဂတိလိုက်စားမှုနှင့် နှီးနွယ်ဆက်စပ်ပြီး လူသုံးများသောစကားလုံးများဖြစ်တယ်။ ခေါင်းရွက်ဗျပ်ထိုးဈေးသည်၊ ရုံးပြာတာမှသည် ဗိုလ်ချုပ်မှူးကြီးတိုင် မလွတ်ကင်းနိုင်တဲ့စကားတွေဆိုရင်လည်း မှားအံ့မထင်။

ဗမာပြည်မှာ အဂတိလိုက်စားတယ်ဆိုတာ ထမင်းစားရေသောက်ဖြစ်သွားပြီ။ နေ့ခင်းကြောင်တောင် လူ့ဘုံအလယ်မှာ တရားဝင်လုပ်ကိုင်နေကြပြီ။ အဂတိလိုက်စားတာကို ရှက်ရမဲ့စိတ်၊ ကြောက်ရမဲ့စိတ်၊ ဟီရိသြတ္တပ ဆိုတာ မရှိတော့ဘူး။ အထုံးပါရမီတို့ အလေ့အထတို့ဆိုတာ တနေ့နည်းနည်း အဖန်တလဲလဲ လုပ်ရာက ဖြစ်လာတဲ့ အကျင့်တရားသာ အခြေခံဖြစ်တယ်။

မိမိနေထိုင်ကျင်လည်ရာ လူ့အဖွဲ့အစည်းကြီးတခုလုံးဟာ၊ လာဘ်ပေးလာဘ်ယူမှုတွေ၊ အဂတိလိုက်စားမှုတွေနဲ့ နေ့တဓူဝ ကျင်လည်နေတာ ကြုံတွေ့ဖန်များလာတဲ့အခါ၊ အဲ့ဒီအလုပ်တွေဟာ ဘယ်လောက်အပြစ်ကြီးတယ်ဆိုတာ မမြင်နိုင်တော့ဘူး။ မရှက်တတ်၊ မကြောက်တတ်တော့ဘူး။ မျက်ကန်းတစ္ဆေ မကြောက်ဆိုသလိုမျိုးပေါ့။

ဟိုတလောက အင်တာနက်စာမျက်နှာပေါ်မှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ လက်ရုံးစီးပွားရေးသမား ဦးတေဇရဲ့ နိုင်ငံခြားသားသတင်းထောက် တဦးနဲ့ အင်တာဗျူးကို ဖတ်လိုက်ရတယ်။ သူဘယ်လောက်ချမ်းသာကြွယ်ဝနေတယ်ဆိုတာ သိစေချင်ပုံရပါတယ်။ သူမော်ကြွားလိုတဲ့ ဓနဥစ္စာတွေဟာ သမ္မာအာဇီဝ မဖြစ်ဘူး။ ဂုတ်မယူထိုက်ဘူးဆိုတာ သူကိုယ်တိုင်မသိလို့လား။ ဒါမှမဟုတ် သိရက်နဲ့ ဂရုမစိုက်တာလားတော့ မသိပါ။ ဦးတေဇမှတင်မဟုတ်ပါဘူး။ ဗမာပြည် တနံတလျားမှာ စစ်အာဏာရှင်တို့နှင့် ပေါင်းသင်းစီးပွားဖြစ်နေကြတဲ့ ဓနရှင်ကြီးများ၊ အဂတိလိုက်စားရင်း၊ ဘ၀အခြေမြင့်ခဲ့ကြတဲ့ လူအားလုံးဟာ သူတို့စားနေတဲ့ထမင်းစေ့တိုင်း၊ ဟင်းဖတ်တိုင်းမှာ ဆင်းရဲနွမ်းပါးတဲ့ တိုင်းသူပြည်သားများရဲ့ သွေးနဲ့မျက်ရည်တွေ လူးနေတာ သိပုံမရပါဘူး။ သူတို့နေထိုင်တဲ့ အိုးအိမ်တိုက်တာ စည်းစိမ်တွေဟာ နင်းပြားပြည်သူတွေရဲ့ အရိုးစုတွေ၊ ဘ၀တွေ၊ အိပ်မက်တွေနဲ့တည်ဆောက်ထားတယ်ဆိုတာလဲ သိပုံမရပါဘူး။ အဲ့ဒီစည်းစိမ်တွေရဖို့ သူတို့ကျူးလွန်ခဲ့တဲ့ အလုပ်သုံးပါးကံတွေရဲ့အပြစ် ဘယ်လောက်ကြီးတယ်ဆိုတာလဲ သိပုံမရပါဘူး။ အဲ့ဒီအပြစ်တွေဟာ သူတို့ပိုင်ဆိုင်သမျှတွေ အကုန်ပြန်လှူတန်း ပေးဆပ်ရင်တောင်မှ ကျေမှမဟုတ်ဘူး။ ဘ၀ပေါင်းများစွာ ပေးဆပ်ရအုံးမယ် ဆိုတာလဲ သိပုံမရပါဘူး။ ဥပမာ ပေးရရင် ကျန်းမာရေးအတွက် ဆေးရုံတွေအတွက် ဘတ်ဂျက်ငွေကို အဂတိလိုက်စားသူဟာ အသက်ပေါင်းများစွာကို သွေးအေးအေးနဲ့ သတ်တဲ့လူသတ်သမားရဲ့အဖြစ်နဲ့ တူတဲ့ ရာဇ၀တ်မှုကျူးလွန်တာဘဲ။ မှားယွင်းတဲ့ စစ်အာဏာရှင်စနစ်အောက်မှာ ဆုံးပါးခဲ့ရတဲ့ သန်းပေါင်းများစွာသော အသက်နဲ့ဘ၀တွေ နင်းခြေပြီးမှ ရလာအပ်တဲ့ အဲ့ဒီဥစ္စာပစ္စည်းတွေဟာ ဘယ်လောက်ညစ်ညမ်းတယ်၊ အောက်တန်းကျတယ်ဆိုတာလဲ သိပုံမရပါဘူး။

စစ်အာဏာရှင်တိုင်းဟာ လွယ်လွယ်ကတိပေးလေ့ရှိကြတယ်။ စစ်တန်းလျားပြန်ပါ့မယ်၊ ဥပဒေအထက်မှာ ဘယ်သူမှမရှိစေရဘူး စသည်ဖြင့်ပေါ့လေ။ အခုလည်း လာပြန်ပါပြီ။ စစ်သားလူထွက် ဦးသိန်းစိန်ကပြောပါတယ်။ “Good and clean Governance” တဲ့။ သန့်ရှင်းစင်ကြယ်တဲ့ အစိုးရတရပ်ဖြစ်လိုပါသတဲ့။ အညစ်အကြေးများ လိမ်းကြံနေတဲ့လက်တွေနဲ့ ဘယ်အရာကိုမှ သန့်ရှင်းစင်ကြယ်အောင်လုပ်လို့မရနိုင်ပါ။ ဦးစွာပထမ အညစ်အကြေးပေကျံနေတဲ့လက်တွေကို စင်ကြယ်အောင် ဆေးကြောဖို့ လိုပါတယ်။ ဒါမှမဟုတ် စင်ကြယ်သောလက်ရှိသူကို တာဝန်လွှဲပြောင်းပေးခြင်းဖြင့်သာ အလုပ်ပြီးမြောက်နိုင်ပါတယ်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးမှာ အရေးပါတဲ့ အခြေခံတွေကတော့ Transparpency (ထင်သာမြင်သာရှိမှု)၊ Responsibility & Accountability (တာဝန်ရှိမှုနှင့် တာဝန်ယူမှု)၊ People Government (ပြည်သူ့အစိုးရ)၊ Media Feedom (သတင်းလွတ်လပ်ခွင့်) & Effective Anit-corrupition Laws (ထိရောက်သည့် အဂတိလိုက်စားမှုဆန့်ကျင်ရေးဥပတေို့ဘဲ ဖြစ်ကြောင်း တင်ပြလိုက်ပါတယ်။

သရုပ်ဖော် - ကာတွန်း မောင်ရစ်၏ ကာတွန်းအား ပြုပြင်ထားပါသည်။

One Day of Phyu Phyu Thin with HIV/AIDS Shelter

 မဖြူဖြူသင်းရဲ့ တနေ့တာ (ဖေ့စ်ဘွတ်အယ်လဘန်)
မိုးမခ၊ သြဂုတ် ၃၁၊ ၂၀၁၁
[[ မနက်မိုးလင်းလို့ ရောင်နီသမ်းပြီဆိုတာနဲ့ သူမဟာ ဖုန်းတစ်လုံးနဲ့ အလုပ် စတင်လုပ်ရပါတော့တယ်။ ဒီနောက်မှာတော့ သူ့ဆီလာရောက်ဆက်သွယ်ကြတဲ့ လူနာများကို လုပ်ငန်းစဉ်အလိုက် သက်ဆိုင်ရာ လုပ်ငန်းတွေလုပ်ဆောင်နိုင်ဖို့ စီစဉ်ညွှန်ကြားရပါတယ်။ ကျွန်တော် သူမကို တွေ့လိုက်ချိန်မှာ သူမမျက်နှာမှာ အမြဲတန်းအပြုံးပန်းလေးကို ပန်ဆင်ထားတာကိုတွေ့ရပါတယ်။ သူမဟာ လူနာတွေနဲ့ တွေ့ တဲ့အချိန်မှာ ဆိုရင် ပို ပြီးတော့ ကျက်သရေရှိလှပါတယ်။ ]]
  
HIV/AIDS Preventation & Care လို့ အမည်ပေးထားတဲ့ ဖေ့စ်ဘွတ်ပိတ်ဂ်ျ ပိုင်ရှင် ကျော်အောင် က ဆိုထားတယ်။ ပြီးတော့ ဖြူဖြူသင်းရဲ့ ဓာတ်ပုံတွေကို တင်ထားတယ်။ သူတို့ရဲ့ စောင့်ရှောက်ရေးဂေဟာ အတွင်းမြင်ကွင်းကို ဖော်ပြထားတယ်။ အဲသည် ဖေ့စ်ဘွတ်စာမျက်နှာမှာ သူတို့ကို ရှာဖွေပါ။ သင့်ကိုယ်သင်လည်း ရှာဖွေပါ။

Shwe Chinthe Articles on PLHA - When my son cries hungry

ကျွန်မသားလေး ဆာလို့ ငိုတဲ့အချိန်
မစိမ့်၊ သြဂုတ် ၃၀၊ ၂၁၁
(အေအိုင်ဒီအက်စ် ဝေဒနာသည်တို့ရဲ့ ပင်ကိုယ်ရေး ခံစားချက်များ)
ကျွန်မ စစခြင်းတုန်းက ကျွန်မဒီရောဂါ ဖြစ်တယ်ဆိုတာ ကိုယ်ကိုယ်တိုင် မသိခဲ့ပါဘူး။ ကျွန်မ ချောင်းတွေ အရမ်းဆိုးလာတယ်။ ကိုယ့်ကိုယ်ကိုယ် မသင်္ကာဖြစ်ခဲ့တယ်။ အဲဒီကနေပြီး ရွှေခြင်္သေ့ကို လိုက်ပို့ပေးဖို့ ကျွန်မသူငယ်ချင်းကို အကူအညီတောင်းခဲ့တယ်။ သူက အဲဒီကိုသွားနေတဲ့ ရောဂါသည်ပါ၊   ဒါပေမယ့် လိုက်မပို့ခဲ့ပါဘူး။ ဒီလိုနဲ့ပဲ ကြက်ခြေနီအသင်းရဲ့ အကူအညီနဲ့ ပြည်သူ့ဆေးရုံကြီးကို သွားရောက်ပြီး သွေးစစ်လိုက်တော့ ကျွန်မမှာ ကူးစက်ရောဂါ ရှိတယ်လို့ ဆရာဝန်ကြီးက ပြောပါတယ်။ ကူးစက်ရောဂါ ရှိတယ်လို့ ပြောလိုက်တော့ ကျွန်မ အရမ်းကိုပဲ တုန်လှုပ်ခြောက်ချားသွားခဲ့တယ်။ ဆရာဝန်ကြီးက နင်ဒီရောဂါ ရှိလို့ တုန်လှုပ်သွားသလား၊ စိတ်ဓာတ်ကျသွားသလားလို့ မေးတော့ ကျွန်မစိတ်ဓာတ်မကျဘူးလို့ ပြောလိုက်ပါ တယ်။ အဲဒီ အချိန်မှာ ကျွန်မ ဆရာဝန်နဲ့ တိုင်ပင်ပါတယ်။ နောက်ပြီး ဓာတ်မှန်ရိုက်ကြည့်လိုက်တော့ တီဘီ ရောဂါရှိမှန်း သိလိုက်ရပြန်တယ်။ ကျွန်မမှာ ရောဂါ (၂) မျိုးပေါ့နော်။
ကျွန်မသွေးတွေအန်တယ်။ အစကတော့ ပတ်ဝန်းကျင်က ဝိုင်းဝန်းကူညီ ပေးခဲ့ကြပါတယ်။  ဒါပေမယ့် နောက်တော့ HIV ရောဂါရှိမှန်းသိပြီး ကျွန်မကို ရှောင်လာကြတယ်။ ရှုံ့ချကြတယ်။ ခွဲခြားလာကြတာပေါ့နော်။ သောက်ရေခွက်တောင်မှ စတီးခွက်နဲ့ ချမပေးဘူး။ ပလတ်စတစ်ခွက်နဲ့ ချပေးခဲ့ပါတယ်။ အော် ကိုယ်က ရောဂါသည်မို့ သူတို့တစ်တွေ ခွဲခြား ဆက်ဆံကြတာပဲလို့ ကိုယ့်ကိုယ်ကိုယ် အားပေးခဲ့ရပါတယ်။ ကျွန်မဟာ ကျန်းမာရေး ချို့တဲ့နေတဲ့အတွက် ဘာ အလုပ်အကိုင်မှလည်း မလုပ်နိုင်တဲ့ အချိန်ဆိုတော့ ငွေကြေးအခက်အခဲ စားရေးသောက်တာ အခက်အခဲ ဖြစ်လာခဲ့ပါတယ်။ မန္တလေးဆေးရုံကြီး ဆေးသွားပြချိန်ဆိုရင် ငွေကြေး အဆင်မပြေလို့ အရမ်းစိတ်ဆင်းရဲရပါတယ်။
ကျွန်မတို့မှာ သားအမိနှစ်ယောက်တည်းရှိတော့ ခရီးသွားရင် ကလေးပါ ခေါ်သွားရပါတယ်။ ကျွန်မလေ ကျွန်မသားလေးကို အရမ်းသနားတယ်။ ကျွန်မသွားလေရာ ဒုက္ခခံပြီး လိုက်ရတယ်။ ကားနဲ့မသွားနိုင်လို့ ရထားနဲ့သွားရတော့ တခါတရံ မိုးချုပ်မှ ပြန်ရောက်တယ်။ ကျွန်မ အရင်ကလိုပဲ ကျန်းမာရေးကောင်းနေသူ ဖြစ်ချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်မသားလေးရဲ့ရှေ့ရေးက အများကြီးရှိနေပါသေးတယ်။ မြန်မြန် နေကောင်းမှ အလုပ်လုပ်နိုင်မှာပါ၊ ကျွန်မပြန်ပြီး နေကောင်းလာလိမ့်မယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။ ဒါပေမယ့် တခါတရံကျတော့လည်း စိတ်အားတင်းတဲ့ကြားက အားငယ် အားလျော့မိတယ်။
ကျွန်မဘဝက အဆင်မပြေမှုတွေ များလွန်းတယ်။ ကျွန်မတို့ဘဝတွေဟာ ဘဝအရမ်းနာ၊ လူဖြစ်ရကျိုး မနပ်ခဲ့ဘူး။ လူတိုင်းဟာ သေလူချည်းပါဘဲ။ ကျွန်မသေရမှာလည်း မကြောက်ပါဘူး။ ကျွန်မတို့ဘဝတွေဟာ သေရေးထက် နေရေးခက်နေတာပါ။ အမှန်အတိုင်းဝန်ခံရရင် ကျွန်မ မသေချင်သေးပါဘူး။ ဘာမှ မသိ နားမလည်သေးတဲ့ လူမမယ်သားလေးကို မထားခဲ့နိုင်သေးဘူး။ ကျွန်မတို့ကို ကူညီစောင့်ရှောက်နေတဲ့ ရွှေခြင်္သေ့က စေတနာ့ဝန်ထမ်းအားလုံးကိုလည်း အရမ်းကျေးဇူးတင်ပါတယ်။
ကျွန်မအနူးအညွတ် တောင်းပန်တင်ပြချင်ပါတယ်ရှင်။ ဘာလဲဆိုတော့ ကျွန်မအလုပ်မလုပ်နိုင်သေးတဲ့ အတွက် မန္တလေးသွားတိုင်း သူများဆီက ချေးရ၊ သူများဆီမှာ အကူအညီတောင်းရတဲ့အဖြစ်ကို ကျွန်မ ဝမ်းနည်းစိတ်ကုန်ပါတယ်။ သူများဆီက ချေးငွေကလည်း နှစ်ထောင် သုံးထောင်ပါ၊ အဲဒါလေးနဲ့ ဖြစ်သလို ချွေတာပြီး သွားရပါတယ်။ ဒါဟာကျွန်မအတွက် ကြီးမားတဲ့ အခက်အခဲပါပဲ။ ကိုယ့်ကျန်းမာရေးကြောင့် မဖြစ်မနေ အခက်အခဲကြားက ငါနေကောင်းမှ ဖြစ်မယ်လို့ အားတင်းပြီး သွားခဲ့ပါတယ်။ ကူညီစောင့်ရှောက် သူများအားလုံးကို ရင်ထဲမှ လှိုက်လှဲစွာပဲ ကျေးဇူးတင်ပါတယ်ရှင်။ ဒီထက်မကလည်း ကူညီစောင့်ရှောက်နိုင် ကြပါစေကြောင်း ဆုတောင်းပါရစေ။ ဘာကြောင့်လဲဆိုရင် ကျွန်မတို့ဘဝတွေရဲ့ အသက်တွေဟာ အမေ မွေးပေးတဲ့ အသက်မရှိတော့ပါဘူး။ ဆရာသမားများရဲ့ စေတနာမေတ္တာနဲ့ ကုသပေးတဲ့ အသက်ပဲ ကျန်ပါ တော့တယ်။ ဟိုစကားလိုပေါ့ရှင် ကျားမြီးဆွဲထားကြသူများ ဒီကျားမြီးကို တသက်လုံး မလွှတ်တမ်း ဆွဲထားရ သူများ ဖြစ်ပါကြောင်းပြောရင်း ဆက်လက်အသက်ရှင်သူ ဝေဒနာရှင်တစ်ဦးရဲ့ ခံစားချက်ပါ စာသားထဲမှာ အမှားများပါခဲ့ရင်လည်း မေတ္တာနဲ့ သည်းခံခွင့်လွတ်ပါလို့ တောင်းပန်ပါရစေရှင်….
လူတွေမှာ မဖြစ်ချင်တာဘဲ ခပ်များများရပြီး ဖြစ်ချင်တာတွေက နည်းနည်းပါးပါးလေးရတာ မဆန်းတော့သလိုပါပဲ…..
ကျွန်မ အခုဆိုရင် ကျန်းမာရေးကောင်းနေပါပြီ။ ဒါကြောင့် ကျွန်မအရပ်ထဲမှာ အဝတ်လျှော်တယ်။ တစ်ခါတစ်လေကျတော့လည်း အလုပ်မရှိပါဘူး။ အရင်တုန်းကတော့ အဖွဲ့ကထောက်ပံ့တော့ အဆင်ပြေတာ ပေါ့နော်၊ အခုနောက်ပိုင်းတော့ အဆင်မပြေဘူးလို့ပဲ ပြောရမှာပါ။ နောက်ပြီး ကျွန်မသားလေးကို သိပ်ချစ်တယ်။ သားလေးကို ကျွန်မမသေခင် လူတန်းစေ့အောင် လုပ်ပေးခဲ့ချင်တယ်။ မျက်နှာမငယ်စေချင်ဘူး။ ကျွန်မ ကျန်းမာရေးကောင်းနေချိန်လေးမှာ ကျွန်မအလုပ်လုပ်ချင်တယ်။ ဒါပေမယ့် ကျွန်မမှာ အရင်းအနှီးမရှိဘူး ဖြစ်နေတယ်။ အဝတ်လျှော်တဲ့ အလုပ်ကလည်း အပ်တဲ့သူရှိမှ လုပ်ရတာပါ။ ဒီတော့ သိပ်တော့ မျှော်လင့်ချက်   မရှိပါဘူး။
ကျွန်မသားလေးက နောက်နှစ်ဆိုရင် ကျောင်းထားရတော့မယ်။ အဲဒီအတွက် အဆင်မပြေမှာ အရမ်း စိတ်ပူမိတယ်။ ကျွန်မ တစ်ခြားမြို့ကိုသွားပြီး အလုပ်လုပ်ချင်တယ်။ လုပ်မယ်လို့လည်း စိတ်ကူးထားတယ်။ ဘာ အလုပ်ရယ်လို့ သတ်မှတ်ချက် မရှိဘူးပေါ့၊ အဆင်ပြေတဲ့အလုပ်ကလေးပေါ့။ ကျွန်မသားလေးကိုရော ခေါ်သွား မှာပါ။ ကျွန်မက အခုလောလောဆယ် ဆေးမသောက်ရသေးတော့ တစ်ခြားမြို့ဆိုရင် အဆင်ပြေနိုင်မယ် ထင် ပါတယ်။ တကယ်တော့လေ ကျွန်မတို့ဘဝတွေဟာ လူဖြစ်ရကျိုး မနပ်ပါဘူး။ ပျော်ရွှင်မှုဆိုတာလည်း တမင် တကာ ရှာကြံပြီး ဖန်တီးယူရသူပါ။ တစ်ခါတစ်လေကျတော့လည်း အဆင်မပြေမှုတွေကြားမှာ နေချင်စိတ်မရှိ တော့လောက်အောင် စိတ်ဓာတ်ကျတယ်။ စိတ်ပေါက်ပေါက်နဲ့ လျှောက်သွားပစ်လိုက်ချင်တယ်။ သားကြောင့် ကိုယ့်စိတ်ကို ပြန်ပြန်ပြီး ထိန်းပစ်ရတယ်။
ကျွန်မဘဝမှာလေ ကျွန်မသားလေးသာ အဓိကပါ။ ကျွန်မ သားအတွက်ဆို ဘာမဆို လုပ်ရဲပါတယ်။ ကျွန်မကျန်းမာရေး မကောင်းတဲ့အချိန်တုန်းကဆို ကျွန်မကလည်း  ထမင်းမချက်နိုင်တော့ ကျွန်မသားလေး ဆာလို့ ငိုတဲ့အချိန်မှာ ရင်ပွင့်မတတ် ခံစားခဲ့ရတယ်။ ကျွန်မ နေမကောင်း ဖြစ်နေချိန်မှာ အစားအသောက် ဆင်းရဲရှာတယ်။ မှန်မှန်မစားခဲ့ရဘူး။ ဒီအကြောင်းတွေ ပြန်တွေးပြီး ကျွန်မ  မြန်မြန်နေကောင်းအောင် ကြိုးစား ခဲ့တယ်။ ဒီထက် ကျန်းမာလာအောင်နေဖို့ ကျွန်မ ကြိုးစားဦးမှာပါ။ ကျွန်မ နေကောင်းစဉ်တုန်းက ကျွန်မအိမ်မှာ ပစ္စည်းအစုံအလင် ရှိပါတယ်။ ကျန်းမာရေးမကောင်းတော့ ရောင်းချပေါင်နှံပြီး သုံးခဲ့ရလို့ အခုဆိုရင် အိမ်မှာ ဘာမှမရှိသလောက် ဖြစ်နေပါပြီ။ တစ်ချို့ပစ္စည်းတွေ အပေါင်ဆိုင်မှာ မရွေးနိုင်သေးဘူး။ ဆုံးတဲ့ဟာ ဆုံးပေါ့ လေ။
အရင်တုန်းကလို ပြည့်စုံအောင် ပြန်ရှာမယ်။ အလုပ်ကြိုးစားချင်တယ်။ ကျွန်မလေအိပ်ယာထဲ ပြန်လဲမှာ အရမ်းကြောက်တယ်။ အိပ်ယာထဲ လဲစဉ်တုန်းက ကျွန်မ အရမ်းဒုက္ခရောက်ခဲ့တယ်။ ပြန်တွေးကြည့်ရင် သိပ်စိတ်နာဖို့ ကောင်းပါတယ်။ ကျွန်မအဝေးကို ထွက်သွားပြီး အလုပ်လုပ်ပြီး အဆင်ပြေခဲ့ရင် ကျွန်မသားလေး အတွက်ပဲ စဉ်းစားထားပါတယ်။ ကျွန်မဘဝမှာ ကျွန်မကလေးကပဲ ပထမပါ။ သားလေးအတွက်ပါပဲ အသက်ရှင် နေပါတယ်။ ကျွန်မကိုစောင့်ရှောက်ခဲ့တဲ့ ဆရာ/ဆရာမအားလုံးကိုလည်း အရမ်းကျေးဇူးတင်ပါတယ်။ ကျွန်မ ဘဝမှာ သားလေးအတွက်တော့ မျှော်လင့်ချက်ပန်းတိုင်ဆိုတာ ရှိလာခဲ့ပါပြီ။ ကျွန်မဒီရောဂါ ရှိနေတဲ့အတွက် စိတ်ဓာတ်လည်း မကျဘူး။ စိတ်အားလည်း မငယ်ပါဘူး။ အခုတော့လည်း ငါမသေဘူး ရေကူးတတ်ပြီပေါ့နော်။ ရေကူးပြီဆိုတော့ ကမ်းတစ်ဖက်ထိရောက်အောင် ကူးပစ်လိုက်ချင်တယ်။ ကျွန်မကို ပတ်ဝန်းကျင်က အမျိုးမျိုး ဝေဖန်ကြတယ်။ ကဲ့ရဲ့ကြတယ်။ အမျိုးမျိုးပေါ့နော်၊ ဒီအပြောတွေကို ကျွန်မ ဂရုမစိုက်ပါဘူး။ ပြောချင်ရာပြော ကြပါစေ။ မောရင် ရပ်သွားလိမ့်မယ်။ ကျွန်မခေါင်းထဲမှာ ရှိတာတော့ ကျွန်မဘဝကို အမြင့်ဆုံးမဟုတ်တောင် ဒီထက်မနိမ့်ကျအောင် ကြိုးစားပြီး အလုပ်လုပ်ချင်တယ်။
မစိမ့်
ရွှေခြင်္သေအဖွဲ့၊ ရွှေဘိုမြို့ မှတ်စုများက ကောက်နုတ်ဖော်ပြပါသည်။ မှတ်တမ်းစာအုပ်၏ နောက်ဆုံးအခန်းဖြစ်ပါတယ်၊ အီးဘုတ်အဖြစ် အမှတ်တရဖြန့်ချိနိုင်ရန်ကြိုးစားပါမည်။ လက်ရှိသည်နေရာမှာ တစုတစည်းတည်း ဖတ်နိုင်ပါပြီ

Kamar Pale - Poem

ကဖေးဆိုင်ထဲမှာ
ကမာပုလဲ
သြဂုတ် ၃၀၊ ၂၀၁၁


ပုံအား ဤနေရာမှ ယူပါသည်။

ကဖေးဆိုင်ထဲမှာ
နံနက်ခင်းဟာ နိုးထလာတော့ …
ကဖေးဆိုင်ထဲမှာ
ညတညဟာ
ပတ်စာခွာ ဖျာသိမ်းသွားခဲ့တယ်။

ကဖေးဆိုင်ထဲမှာ
ကလေးတယောက်ဟာ
မွေးဖွားလာဖို့ အသင့်ဖြစ်ခဲ့သလို …
ကဖေးဆိုင်ထဲမှာ
အရွယ်သုံးပါး မရွေးထဲက
တယောက်သောသူဟာ
ကောက်ခါငင်ခါ ဆုံးပါးသွားခဲ့တယ်။

ကဖေးဆိုင်ထဲမှာ
သင်္ဘောတစင်းဟာ
စတင်ထွက်ခွာ သွားခဲ့သလို …
ကဖေးဆိုင်ထဲမှာ
ရထားတစင်း အလံချိုးဝင်လာတယ်။

ကဖေးဆိုင်ထဲမှာ
သစ္စာတရားဟာ
ခြေသုတ်ပုဆိုးဖြစ်နေရသလို …
ကဖေးဆိုင်ထဲမှာ
သစ္စာဖေါက်ခြင်းဟာ
မာနမီးခိုးတလူလူနဲ့
အညွှန့်ထူ မင်းမူနေခဲ့တယ်။

ကဖေးဆိုင်ထဲမှာ
အငတ်ဘေးဆိုက်ရောက်နေသူ တယောက်
သူတောင်းလာတဲ့ ပိုက်ဆံကျပျောက်ခဲ့ရသလို …
ကဖေးဆိုင်ထဲမှာ
မျက်စပစ်ခံလိုက်ရတဲ့ မိန်းကလေးတယောက်
သူ့ကိုယ်သူရောင်းချဖို့အတွက်
ဆိုင်ထဲကနေ ပြေးမတတ် ထထွက်သွားခဲ့တယ်။

ကဖေးဆိုင်ထဲမှာ
ခေါင်းနီ အရူးလို့ သရော်ခံခဲ့ရတဲ့
ဒတ်ခ်ျ ပန်းချီဆရာ တယောက်ဟာ
နောင်မှာ ဒေါ်လာတွေ သန်းချီတန်မယ့်
(သူကိုယ်တိုင် တပြားတချပ်မျှ ခံစားခွင့်မရခဲ့တဲ့)
ကမ္ဘာကျော် ကဖေးဆိုင် ပန်းချီကားကြီးကို
ဆာလောင် ငတ်မွတ် …
သူ့အူဟောင်းလောင်းတွေနဲ့

လက်ဖျားခါလောက်အောင် ရေးဆွဲနိုင်ခဲ့တယ်။

ကဖေးဆိုင်ထဲမှာ
ပန်းကောက်ရောင်းသူ ကောင်မလေးတယောက်
ဘ၀ပျက် လမ်းပျောက်ခဲ့ …
ကဖေးဆိုင်ထဲမှာ
လူပေါ်လူညွှန့်ခူးစားသူ သိုက်တူးသမားတယောက်
ခေတ်သစ် ဥစ္စာစောင့်မတယောက်ကို လက်ထပ်ဖို့
အချီကြီး ကြံနေခဲ့ …

ကဖေးဆိုင်ထဲမှာ
ကာလသုံးပါးဟာ
သူ့ကိုယ်သူ ပျောက်ဆုံးနေခဲ့ …
ကဖေးဆိုင်ထဲမှာ
နိဗ္ဗာန်ရောက်ကြောင်းတရားဟာ
အသက် တငင်ငင်ဖြစ်နေခဲ့ …
ကဖေးဆိုင်ထဲမှာ
ဘုရားကားတွေ …
အောက်သို့ ရောက်ရောက်နေခဲ့ …

အဲဒီ ကဖေးဆိုင်ထဲမှာပဲ
မျောက်ကားတွေဟာ …
သ=ဏ္ဌာန်အမျိုးမျိုးနဲ့
အထက်ကို ရောက်ရောက်နေခဲ့ …

အဲဒီကဖေးဆိုင်ထဲမှာပေါ့
နေ့စေ့၊ လစေ့နဲ့
ကိုယ်ဝန်ဆောင်သည် မိန်းမတယောက်ခမျာ
သွက်သွက်ခါအောင် စိတ်နောက်သွားတော့တယ်။ ။

Monday, August 29, 2011

New PM appointed in Japan

ဂျပန်ဝန်ကြီးချုပ်အသစ် ပြောင်းလဲ
ထွန်းဝေ (တိုကျို)၊ မိုးမခ၊ သြဂုတ် ၃၀၊ ၂၀၁၁
ဂျပန်မှာ ၅နှစ် အတွင်း ၆ ယောက်မြောက်ဝန်ကြီးချုပ်နေရာ ကို မစ္စတာ ယိုရှီဟီကိနိုဒါက ရရှိသွားပါပြီ။ ၀န်ကြီးချုပ်အသစ် နိုဒါစံက စီးပွားရေးနှင့် နိုင်ငံရေးစာမျက်နှာများကို အများကြီးရင်ဆိုင်ဖြေရှင်းပေးရအုံးမှာ ဖြစ်ပါတယ်။ သူက ယခင်ဝန်ကြီးချုပ် ခန်းရဲ့ ဘဏ္ဍာရေးဝန်ကြီးအဖြစ် လုပ်ခဲ့ပါတယ်။ ၀န်ကြီးချုပ် ယိုရှီဟီကိ နိုဒါစံက ယခင်ဝန်ကြီးချုပ်များနှင့် မတူဘဲ နိုင်ငံကို တည်တည်ငြိမ်ငြိမ် နှင့် အားကိုးယုံကြည်နိုင်လောက်အောင် ဖန်တီးသွားမယ်လို့ ကတိက၀တ်များ ပေးနေပါတယ်။
 လက်ရှိရွေးကောက်ပွဲအနိုင်ရပါတီ ဒီမိုကရက်တစ်ပါတီ (DPJ)ဟာ လွန်ခဲ့တဲ့ အနှစ်၅၀ ကျော် ရွေးကောက်ပွဲအဆက်ဆက်နိုင်ပြီး အာဏာရယူထားနိုင်ခဲ့တဲ့ LDP လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ အနိုင်ယူခဲ့ပေမယ့် မျက်မှောက် စီးပွားရေး အကြပ်အတည်းနဲ့ ဆူနာမီဘေးဒဏ် စိန်ခေါ်မှုကို ရင်ဆိုင်နေရပါတယ်။
ဂျပန်မှာ စီးပွားရေးနှင့် ပတ်သက်ပြီး အစိုးရ ရန်ပုံငွေ များများရအောင် အခွန်တွေ ထပ်တိုးကောက်မယ်လို့ သူက ပြောထားပါတယ်။ ၂၀၁၀ မတ်လတုံးက ဆူနာမီငလျင်ကြောင့် ရပ်ဆိုင်းနေတဲ့ နျူကလီးယား ဓါတ်ပေါင်းဖိုတွေကို ပြန်လည်လည်ပတ်နိုင်အောင် သူ့အနေနဲ့ အားပေးနိုင်ပါတယ်လို့ ဆိုပါတယ်။
ဂျပန်ဝန်ကြီးချုပ်အသစ်က မြန်မာ့ဒီမိုကရေစီအရေးအတွက် အားကိုးယုံကြည်နိုင်တဲ့ သူဖြစ်လာအောင် ဂျပန်မှာရှိကြတဲ့ မြန်မာ့အရေးလှုပ်ရှားနေသူတွေ တိုက်တွန်းကြရပါလိမ့်မယ်လို့ မြန်မာမိတ်ဆွေအချို့က မှတ်ချက်ပေးပါတယ်။

Daw Suu's writing for weekly burmese journal




ဒေါ်စု၏ ဆောင်းပါးဖော်ပြနိုင်ရန် ပြည်သူ့ခေတ်ဂျာနယ် ကြိုးပမ်းဦးမည်
မိုးမခအထောက်တော် အမှတ် ၀၀၁
သြဂုတ် ၃၀၊ ၂၀၁၁

AP photos

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရေးသားသည့် ပုဂံဒေသ ခရီးသွားဆောင်းပါးတပုဒ်ကို ပုံနှိပ်ဖော်ပြရန် ခွင့်ပြုချက် မရသေးသော်လည်း ထပ်မံ ကြိုးစားဦးမည်ဟု ပြည်သူ့ခေတ်ဂျာနယ်က ဘီဘီစီသတင်းဌာနသို့ ယနေ့ ပြောလိုက်သည်။

စာပေစိစစ်ရေးဌာနက ဆောင်းပါး၏ အစိတ်အပိုင်းတချို့ကို ဖြုတ်လျှင် ဖော်ပြနိုင်သည်ဟု ယခင်က အကြောင်းပြန်ထားသည်။

"ဒေါ်အောင်ဆန်းစုကြည်ရေးထားတာကို ကျနော်တို့ ဖြတ်လို့ တောက်လို့ မဖြစ်ဘူး။ မူလအတိုင်းပဲ ပြန်တင်မယ်" ဟု ဂျာနယ်၏ အတိုင်ပင်ခံ အယ်ဒီတာ မောင်ဝံသ ဘီဘီစီကို ပြောသည်။

ယခုတပတ်အတွင်း တင်မည်ဖြစ်ကြောင်း၊ သုံးလေးရက်အတွင်း အဖြေသိရမည်ဟု ဆိုသည်။ ယခင်က သြဂုတ်လ ၁၈ ရက်နေ့ထုတ်မည့် ပြည်သူ့ခေတ်ဂျာနယ်အတွက် တင်ပြခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

"ကျနော်တို့အမြင်မှာပေါ့လေ ဘာမှ ငြိစွန်းတာလည်း မပါပါဘူး။ ဒါပေမယ့် အခုဟာက အဆင်မပြေသေးဘူး။ ထပ်ပြီးတော့ ကြိုးစားမယ်။ - - - အဆင်ပြေချင်လည်း ပြေသွားနိုင်တယ်" ဟု မောင်ဝံသက ပြောသည်။

စာပေစိစစ်ရေးက မီးစိမ်းပြပါက ဒေါ်အောင်ဆန်းစုကြည်၏ဆောင်းပါး မြန်မာပြည်ထုတ် ဂျာနယ်တစောင်တွင် ပထမဆုံးအကြိမ် ဖော်ပြနိုင်တော့မည် ဖြစ်သည်။

ဒေါ်စုသည် ဇူလိုင်လဆန်းက မြန်မာပြည်တွင် ခေတ္တရောက်နေသော သားဖြစ်သူ ကိုထိန်လင်းနှင့်အတူ ပုဂံဒေသ ခရီးထွက်ခဲ့သည်။

ဒေါ်စု၏ ပုဂံဒေသ ခရီးသွားဆောင်းပါး ၂ ပုဒ်ကို ဂျပန်နိုင်ငံတွင် အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသော မာအိနိချိ သတင်းစာတွင် မကြာသေးမီက ဖော်ပြခဲ့ပြီးဖြစ်သည်။


Cartoon Win Pe : view


ကာတွန်း ၀င်းဖေ - အမြင်
သြဂုတ် ၃၀၊ ၂၀၁၁

လွန်ခဲ့သည့် အနှစ် ၅၀ ခန့်က လူထုသတင်းစာတွင် ထည့်သွင်းဖော်ပြခဲ့သော ကာတွန်းဖြစ်သည်။

http://moemaka.com/index.php?option=com_content&task=view&id=8494&Itemid=121