Sunday, July 31, 2011
31st July 2011 - MoeMaKa Radio
ဇူလိုင် ၃၁၊ ၂၀၁၁ - မိုးမခရေဒီယို
၆၇ မာမာအေးမွေးနေ့နှင့် မောင်စွမ်းရည်ကဗျာ - မိုးမခ
သတင်းတိုထွာ အပိုင်း ၁
မြန်မာတိုင်းမ်စ်ထူထောင်သူ ဒန်ကလေနောက်ဆုံးသတင်းများ
ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးကြောင်စီဆွေးနွေးခန်း - သရော်စာ၊ ဧရာဝတီ
သတင်းတိုထွာ အပိုင်း ၂
နေရေး သေရေး ခက်သမျှ ရေဝေးကျမှ သြချရ - ပေးစာ
နယူးဇီလန်က ဇာဂနာသတင်းနှင့် သူ့သီချင်း
ဇူလိုင်မျက်ရည်မိုးနဲ့သမိုင်းမြှပ်ကွက် - မောင်ရစ်နဲ့၊ 2P၊ မိုးမခ
စီစဉ်သူများ - ဦးပန်တျာ၊ နှင်းမြတ်ခိုင်
Nagas in Burma back FNR peace bid
အချင်းချင်းတိုက်နေသော နာဂများ ပြန်စည်းလုံးရေး အိန္ဒိယ-မြန်မာနယ်စပ်တွင် ဆွေးနွေး
timesofindia.indiatimes.com
သြဂုတ် ၁၊ ၂၀၁၁
ပွဲတော်တခုတွင် ရိုးရာဝတ်စုံများ ရိုးရာလက်နက်များနှင့် တွေ့ရသည့် အိန္ဒိယမြန်မာနယ်စပ်မှ နာဂတိုင်းရင်းသားတချို့။ (ဓာတ်ပုံ - f welman)
အချင်းချင်းတိုက်နေသော နာဂအဖွဲ့များ ပြန်လည် စည်းလုံးရေးအတွက် မြန်မာပြည်မှ နာဂများနှင့် Forum for Naga Reconciliation (FNR) ခေါ် နာဂ အမျိုးသား ပြန်လည်သင့်မြတ်ရေး အဖွဲ့ က ပူးပေါင်းဆောင်ရွက်ရန် သဘောတူလိုက်သည်။
သောကြာနေ့က အဆုံးသတ်ခဲ့သည့် ၃ ရက်ကြာ နာဂညီလာခံတွင် နာဂကိုယ်စားလှယ်များ၊
ဘာသာရေးခေါင်းဆောင်များ၊ ခ ခေါင်းဆောင်များ တက်ရောက်ပြီး သဘောတူလိုက်ခြင်း ဖြစ်သည်။
ပြဿနာများကို အကြမ်းမဖက်ဘဲ၊ အပြန်အလှန်လေးစားမှုဖြင့် ဖြေရှင်းကြရန် ညီလာခံတွင် တိုက်တွန်းကြသည်။
FNR သည် နာဂအုပ်စုများအကြား ညှိနှိုင်းပေးနေသော အဖွဲ့ဖြစ်သည်။
၂၀၀၉ ဇွန်လကလည်း နာဂအမျိုးသားပြန်လည်သင့်မြတ်ရေးကို သဘောတူ လက်မှတ်ထိုးခဲ့ပြီး ဖြစ်သည်။
D let Myo - 8888 Poem
ဖြတ်ခနဲ လှည့်ကြည့်လိုက်တော့ ၂၃ နှစ် ရှိခဲ့ပြီ
ဒီလက်မျိုး
သြဂုတ် ၁၊ ၂၀၁၁
အဲဒီနေ့က ဆူးလေဘုရားတ၀ိုက်မှာ
ဒေါင်းအလံတွေ စစိုက်ကြတဲ့နေ့ပေါ့။
နုနယ်ပျိုမြစ်တဲ့ အဖြူအစိမ်းအသစ်လေးတွေကအစ
ရဲရဲဝင့်ဝင့်နဲ့
သမိုင်းအသစ်တခုကို ဖွင့်လှစ်လိုက်တဲ့နေ့လဲဖြစ်တယ်။
တကမ္ဘာလုံးရင်သပ်ရှုမောသွားရတဲ့
လူ့ရေစီးကြောင်းကြီး
မြန်မာနိုင်ငံပေါ်ကို ဖြတ်စီးသွားတဲ့နေ့လည်းဖြစ်တယ်။
artist Yar Huu Lar passes away
ပန်းချီဆရာ ရာဟုလာ နေအိမ်တွင် ကွယ်လွန်
ဓာတ်ပုံသတင်း
ဇူလိုင် ၃၁၊ ၂၀၁၁
ပန်းချီဆရာ ရာဟုလာသည် မင်းကွန်းရှိ သူ၏ နေအိမ်တွင် ယနေ့ ကွယ်လွန်သွားသည်။
ကွယ်လွန်ချိန်တွင် အသက် ၆၇ နှစ် ရှိပြီဟု သိရသည်။
Yan Win (Taung Da Gar) - Sar Palway
စာပလွေ မောင်းမှာပိုက်ပါလို့
အပိုင်း (၂)
ရန်ဝင်း (တောင်တံခါး)
သြဂုတ် ၁၊ ၂၀၁
စာပေကျမ်းဂန် ပိဋကတ်တွေ သိုမှီးထားတဲ့ စာတိုက်သေတ္တာနဲ့ စာတိုက်ဘီရိုတွေကို ဘုန်းတော်ကြီးကျောင်းတွေထဲက ဇေတ၀န်ဆောင် ပိဋကတ်တိုက်တွေထဲမှာ သိမ်းရပါတယ်။ ထေရ၀ါဒ ဗုဒ္ဓဘာသာ စည်ပင်ဖွံ့ဖြိုးတိုးတက်ထွန်းကားခဲ့တဲ့ ပုဂံခေတ်တုန်းက ဘုန်းတော်ကြီးကျောင်းတွေ မှာတင်မကပဲ ပိဋကတ်တိုက် သီခြားတည်ဆောက်ပြီး သိမ်းဆည်းရလောက်အောင်အထိ စာပေကျမ်းဂန် ပိဋကတ်တွေ များများစားစား ရှိခဲ့ဖူးတယ်လို့ မှန်းဆရပါတယ်။
ယွန်းပန်းချီရေး စာတိုက်သေတ္တာ
သားရိုးကိုင် ရွှေချ စာတိုက်သေတ္တာ
ပန်းပု ရုပ်လုံးတွေနဲ့ စာတိုက်ဘီရို
ရာစုနှစ်ပေါင်းများစွာ ကြာခဲ့ပြီဆိုတော့ အထဲမှာ သိုမှီးထားတဲ့ စာပေကျမ်းဂန်တွေကို မဆိုထားနဲ့ ကျောက်၊ အုတ်နဲ့ တည်ဆောက်ထားတဲ့ ပိဋကတ် တိုက် အဆောက်အဦးကြီးတွေတောင်မှ မူလ ပကတိအတိုင်းမရှိနိုင်တော့ပြီ။ လုံးဝဥဿုံ ပျောက်ကွယ်သွားခဲ့တဲ့ ပုဂံမြို့ဟောင်း မြကန်အရပ်က ထိလိုင်မင်းကြီး (ကျန်စစ်သား) ကောင်းမှု စက္ကူတိုက်နဲ့ နှောင်းခေတ်တွေရဲ့ လက်ရာအသစ်က ဖုံးလွှမ်းသွားလို့ နာမည်လောက်ပဲ အနိုင်နိုင် ကျန်ခဲ့ တော့တဲ့ ပုဂံမြို့ဟောင်းက အနိရုဒ္ဓမင်းကြီးကောင်းမှု ပိဋကတ်တိုက်တွေက ခေတ်တွေရဲ့ ပြောင်းလဲမှု သရုပ်သကန်ကို သက်သေပြနေကြတယ်။
APK - Discussing.
ပြည်သူ့ခေတ်ဂျာနယ် (၁) နှစ်ပြည့်အထိမ်းအမှတ်ပွဲ ကာတွန်းဆရာအော်ပီကျယ်၏ ဆွေးနွေးချက်
အော်ပီကျယ်ဖေ့ဘွတ်ခ်မှ ရယူပါသည်။
ဇူလိုင် ၃၁၊ ၂၀၁၁
အရင်တပတ်လောက်က မနက်ပိုင်း ရေနွေးကြမ်းဝိုင်းလေးမှာ ကျွန်တော်က “အစိုးရသစ်လည်း ပြောင်းသွားပြီဆိုတော့ …” လို့ စကားစ လိုက်တော့ ဝိုင်းထဲကတစ်ယောက်က “ဟင် ... ဘယ်တုန်းက ပြောင်းသွားတာလဲ” တဲ့။ ကျွန်တော့်ကို နောက်နေတယ်ထင်ပြီး စကားဆက် မယ်လုပ်တော့ နောက်တစ်ယောက်ကလည်း “ဟုတ်လား- ဘယ်တုန်းက ပြောင်းတာလဲဆရာ” လို့ မေးလိုက်ပြန်တယ်။ ကျွန်တော် ငါပဲ မှားနေပြီလား တွေးပြီး စကား မဆက်ရဲတော့ဘူး။
Interview with U Win Tin - Is Suu all by herself?
ဒေါ်အောင်ဆန်းစုကြည် တဦးတည်းပဲလား
ဆရာဦးဝင်းတင်နဲ့ မေးခွန်းများ
မိုးမခ၊ ဇူလိုင် ၃၁၊ ၂၀၁၁
ဒီတပတ် ဆရာဦးဝင်းတင်နဲ့ စကားပြောဖြစ်တဲ့ဆီမှာ ဆရာ့ကျန်းမာရေးကိုပဲ အဓိကမေးဖြစ်ပါတယ်။ ယမန်နေ့က တွေ့ဆုံ စကားပြောတာဖြစ်တဲ့အတွက် ယနေ့ တနင်္ဂနွေနေ့မှာ အာရုံကြောတွေ နာကျင်တာ သက်သာစေဖို့ ဆေးထိုးရဦးမယ်၊ ဝေဒနာက အတော် သက်သာတယ်၊ သိပ်မကြာခင်မှာ ဆေးရုံက ပြန်ဆင်းဖြစ်မယ်လို့ မျှော်လင့်ကြောင်း ဆရာကပြောပါတယ်။ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံတဲ့ကိစ္စ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိတ်ဖွင့်ပေးစာ ထုတ်ပြန်တဲ့ ကိစ္စနဲ့ ၈ လေးလုံး အရေးတော်ပုံ နှစ်ပတ်လည် နီးကပ်လာတဲ့ကာလမှာ အရေးတော်ပုံကြီးက မွေးဖွားလာတဲ့ နိုင်ငံရေးပါတီတရပ်အနေနဲ့ ခေါင်းဆောင်တွေ ဖမ်းဆီး ချုပ်နှောင်မှုက လွတ်မြောက်ပြီး ပထမဆုံး ကြုံတွေ့ရမယ့် နှစ်ပတ်လည်မှာ ဘယ်လိုမျိုး မျှော်လင့်ထားတဲ့ ဆိုတဲ့ အကြောင်းတွေကို မေးဖြစ်ပါတယ်။ ကောက်နုတ်ဖော်ပြပြီး ပြန်လည် ဖော်ပြရသည် ရှိသော် -
Saturday, July 30, 2011
Nonentity Monk Prisoner (2) - Ashin Panna Siri
အညတရအကျဉ်းသားရဟန်းတော်များ (၂) - ဦးပညာသီရိ
အရှင်ပညာနန္ဒ
ဇူလိုင် ၃၁၊ ၂၀၁၁
ခုအချိန်မှာ မင်းဟာ ငါတို့လက်ခုပ်ထဲကရေဖြစ်နေပြီ။ ငါတို့လုပ်ချင်သလိုလုပ်လို့ရတယ် အဖြစ်မှန်ကိုမပြောဘူးဆိုရင် ရာထူးပြုတ်ချင် ပြုတ်ပစေ။ ဒဏ်ရာမပေါ်ဘဲနဲ့ သတ်တဲ့နည်းတွေ ငါတို့မှာအများကြီးရှိတယ်လို့ပြောပြီး စစ်ကြောရေးစခန်းမှာ ခြိမ်းခြောက်ခံရတဲ့ ဦးပညာသီရီဟာ ချင်းပြည်နယ် လင်တန် ရဲဘက်အလုပ်ကြမ်းစခန်းကနေ သက်စွန့်ဆံဖျား ထွက်ပြေးလွတ်မြောက်လာတဲ့ ရဟန်း တော်တပါးဖြစ်ပါတယ်။ စက်တင်ဘာအရေးအခင်းကာလက သံဃတပ်ပေါင်းစုအဖွဲ့ကြီး ကိုဦးဆောင်တည်ထောင်ဖွဲ့စည်းခဲ့တဲ့ ခေါင်း ဆောင် ဆရာတော်လည်းဖြစ်ပါတယ်
ရွှေဝါရောင်အရေးအခင်းမဖြစ်ခင်ကမန္တလေး ပြည်ကြီးတံခွန်မြို့နယ် ရန်ကုန်ကျောင်းတိုက်မှာ ဆင်းရဲနွမ်းပါးတဲ့ကလေးတွေကို အခမဲ့ အင်္ဂလိပ်စာသင်တန်းဖွင့်ပြီးပညာသင်ကြားပေးနေတာပါ။
ရွှေဝါရောင်အရေးအခင်းမှာပါဝင်ခဲ့ပုံနဲ့ သူအဖမ်းခဲ့ရပုံကို အခုလိုပြောပြပါတယ်။
MoeMaKa quotes in July 2011
မိုးမခ၏ ဇူလိုင် စာကိုး စကားကိုး
ဇူလိုင် ၃၁၊ ၂၀၁၁
Burmese Democratic Forces in Oregon to mark 88 - 23 Year
အော်ရီဂွန်ပြည်နယ်က မြန်မာဒီမိုကရေစီအင်အားစုများ ၈လေးလုံး နှစ်ပတ်လည် ကျင်းပမည်
ရွာဆော်ကြီးဖိတ်စာ၊ ဇူလိုင် ၃၁၊ ၂၀၁၁
Aung Tha Nge - 8888
နှစ်ဆယ့် သုံးနှစ်တောင် ရှိခဲ့ပြီကော နှင်းရေ့ ...
အောင်သာငယ်
ဇူလိုင် ၃၁၊ ၂၀၁၁
ကိုယ်ပိုင်ကားက မရှိတော့ပြီဆိုတော့ကာ ဘယ်သွားသွား ... နီးရင် လမ်းလျှောက် ... ဝေးရင် ဘတ်စ်စီး ... သည်လိုနဲ့ပဲ ဘဝခရီးဆက်နေရသပေါ့လေ ... သည်နေ့တော့ ရှေ့လာမယ့် တပတ်စာ အတွက် စားဖို့သောက်ဖို့တွေကို လမ်းလျှောက်ပြီး သွားဝယ်ရတယ် ... တော်ပါသေးတယ် SafeWay ဆိုတဲ့ စတိုးတခုက အနားမှာရှိလို့ ... အရင်ကတော့ အလုပ်ကပြန်လာတိုင်း အဲမှာ ဆင်းဆင်းပြီး ဝယ်ဖြစ်တယ် ... ကြာလာတော့ ခဏခဏ မဝယ်ချင်တော့တာနဲ့ တပတ်စာ တခါတည်း ဝယ်မယ်ဆိုပြီး ဝယ်မိပါရော ...
Maung Maung One - 23 year ago 8888 (Part 2)
ရင်ထဲက ရှစ်ဆယ့်ရှစ် (အပိုင်း - ၂)
မောင်မောင်ဝမ်း
ဇူလိုင် ၃၁၊ ၂၀၁၁
တကယ်တော့ ဗိုလ်ချုပ်ကြီးနေဝင်း (မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဥက္ကဋ္ဌကြီးဦးနေဝင်း) ၁၉၆၂ ခုနှစ်မှာ အာဏာသိမ်းလိုက်ခြင်းဟာ … ဒီမိုကရေစီကို သင်းကွပ် ပစ်လိုက်တာပဲဖြစ်ပါတယ်။ သူ အာဏာရချိန်ကစလို့ ပါတီစုံဒီမိုကရေစီ ဆိုတာလည်း ဆိတ်သုဉ်းသွားရရှာတယ်…။ 
၁၉၇၄ မှာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို အတည်ပြုပြီး … တိုင်းပြည်ကို တပါတီအာဏာရှင်စနစ်နဲ့ သွားတယ် … စီးပွားရေးပုံစံမှာလည်း ဆိုရှယ်လစ်စီးပွားရေးဆို … ပြည်သူပိုင်အခန်းကဏ္ဍကို မှေးမှိန်အောင်လုပ် … တံခါးပိတ်စီးပွားရေး မူဝါဒကိုချမှတ်ပြီး … နိုင်ငံတကာရဲ့ လာရောက်ရင်းနှီးမြုပ်နှံမှုတွေကို လက်မခံဘူး … အဲဒီတော့ ဘာဖြစ်လာလဲဆိုတော့ … မှောင်ခိုစီးပွားရေးစနစ်ဟာ… မဆလ အစိုးရခေတ်မှာ အရမ်းကြီးထွားခဲ့တယ် … ကျနော်တို့တိုင်းပြည်က နည်းပညာအားနည်းတော့ … ဘာများ ဖြစ်ဖြစ်မြောက်မြောက် တီထွင်နိုင်မှာလဲ။ 
88 - 23 Year Event , NYC Invitation
၈ လေးလုံး အခမ်းအနားဖိတ်ကြားလွှာ (နယူးယောက်မြို့)
‘နယူးယောက် ကွန်မြူနီတီအင်အားစု’
ဇူလိုင် ၂၉၊ ၂၀၁၁ ထုတ်ပြန်ချက်
၁၉၈၈ ဒီမိုကရေစီ ပြည်သူ့အရေးတော်ပုံကြီးသည် လာမည့် သြဂုတ် ၈ ရက်နေ့တွင် ၂၃ နှစ်ပြည့်မည် ဖြစ်သည်။ သမိုင်းဝင် ပြည်သူ့အရေးတော်ပုံသည် ၂၃ နှစ်ကြာခဲ့သော်လည်း တိုင်းပြည်အုပ်ချုပ်ခဲ့သည့် စစ်အာဏာရှင်တို့၏ ရက်စက်သည့် ဖိနှိပ်ချုပ်ချယ်မှုများကြောင့် ယနေ့တိုင် ဒီမိုကရေစီရရှိရေး တောင်းဆို တိုက်ပွဲဝင်နေရဆဲ ဖြစ်သည်။
ထို့ကြောင့် မြန်မာပြည်ဒီမိုကရေစီရရှိရေး နယူးယောက်ရှိ မျိုးချစ်ပြည်သူများ၊ မြန်မာ့အရေးထောက်ခံသူများ စုပေါင်းပြီး ၈ လေးလုံး နှစ်ပတ်လည်အခမ်းအနားတရပ်ကို နယူးယောက်မြို့တွင်ကျင်းပပြီး မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေး ဆက်လက်တောင်းဆိုသွားမည်ဖြစ်ကြောင်း မိဘပြည်သူများအား လေးစားစွာ အသိပေးအပ်ပါသည်။
၂၃ နှစ်ပြည့် ၈ လေးလုံး အခမ်းအနားသို့ မိဘပြည်သူများအနေဖြင့် အောက်ပါအစီအစဉ်အတိုင်း မည်သူမဆို ပူးပေါင်းနိုင်ကြောင်း လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
အချိန် - သြဂုတ် ရက်၊ နေ့လည် နာရီမှ နာရီထိ
နေရာ - မြန်မာကောင်စစ်ဝန်ရုံး 10 East 77th Street, NY, NY (Madison နှင့် 5th Avenue ကြား)
ဆက်သွယ်ရန်
(၁)    ဦးပညာဇောတ                     (၄၁၅) ၅၁၈ ၇၆၆၃
(၂)    နေတင်မြင့်                          (၃၄၇) ၉၄၄ ၇၃၄၁
(၃)    ရဲထွဋ်                                (၃၄၇) ၂၂၆ ၀၅၇၂
(၄)    တင်မောင်အေး                    (၆၃၁) ၂၅၂ ၈၇၇၆
(၅)    အောင်ခန့်                           (၅၁၆) ၈၀၈ ၁၅၁၅
our friend Ko Win Maw (Shwe Than Zin)
၂၀၀၇ သံဃာ့လှုပ်ရှားမှု အကြောင်း သတင်းပို့သူ ရွှေသံစဉ် ကိုဝင်းမော်
သားကြီး(AAPP)
ဇူလိုင် ၃၀၊ ၂၀၁၁
ကျောက်ဖြူထောင်ထဲက ဂီတသမား ကိုဝင်းမော်
နူးညံ့တဲ့ နှလုံးသားနဲ့ဂီတသမားတယောက်ဘ၀ကနေ စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ တော်လှန်ရေးသမားတယောက်အဖြစ် ဘ၀ တဆစ်ချိုး ပြောင်းခဲ့ရသူတယောက် ဖြစ်ပါတယ်။
၁၉၈၈ မတိုင်ခင်က “Computer Control” အမည်ရှိ တီးဝိုင်းမှာ လိဒ် ဂီတာသမား တစ်ယောက် အဖြစ် ရှိနေခဲ့တဲ့သူ။
“ရွှေသံစဉ်” ဂစ်တာဝိုင်းကို ဦးဆောင်ခဲ့သူ။ ၈၈ အရေးတော်ပုံကြီးထဲမှာ အနုပညာသည်အုပ်စုတွေနဲ့ ပါဝင်ခဲ့သူပါ။
၁၉၉၆ ခုနှစ် နိုဝင်ဘာလ မှာတော့ ‘၈၈ တော်လှန်ရေးနှင့် စွန့်လွှတ်ခြင်း’ ‘ခွပ်ဒေါင်းဝိဥာဉ်’ အမည်ရှိ တေးသီချင်းများနဲ့ ဒေါ်အောင်ဆန်းစုကြည် ကို အားပေး ထောက်ခံ
သီဆိုခဲ့တဲ့အတွက် အစိုးရကိုဆန့်ကျင်တယ်လို့ စွပ်စွဲခံရပြီး ပုဒ်မ ၅(ည) နဲ့ ထောင်၇ နှစ် ချခံရပါတယ်။
အဲဒီအချိန် အပြင်မှာတော့ ဖခင်ကြီး။ ဇနီး မသဇင်။ သားသမီး ၄ ယောက် ကျန်ခဲ့ပါတယ်။
၁၉၉၇ နိုဝင်ဘာမှာတော့ မိသားစုနဲ့ဝေးရာ တောင်ငူထောင်ကို ပြောင်းရွှေ့ခံခဲ့ရပါတယ်။ တောင်ငူထောင်ထဲမှာ နေထိုင်ရစဉ်
ကာလမှာ ဘ၀တူ နိုင်ငံရေး အကျဉ်းသား ရဲဘော်များရဲ့ အချစ်ခင်ရဆုံး ပုဂ္ဂိုလ်တယောက်လည်း ဖြစ်ခဲ့ပါတယ်။
စိတ်ရှည်တယ်၊ သီးခံတတ်တယ်၊ ညှာတာမှုရှိတယ်၊ ရပ်တည်ချက်ရှိတယ် ဆိုတာ ကိုဝင်းမော်ရဲ့ အရည်အချင်းတွေပါပဲ။
အကျဉ်းထောင်ထဲ၊ တိုက်ခန်းလေးထဲမှာ နေနေရစဉ် ရသမျှ သစ်တို သစ်စလေးတွေနဲ့ ဂစ်တာတလက် ဖြစ်အောင် ဖန်တီးပြီး ဘ၀တူ နိုင်ငံရေး အကျဉ်းသား ညီငယ်တွေကို ဂစ်တာတီး သင်ပေးရင်း ကိုယ်ပိုင် သီချင်းလေးတွေကို ရေးဖွဲ့ခဲ့ပါသေးတယ်။
ထောင်တွင်း ရှာဖွေရေး လာချိန်မှာတော့ ဂစ်တာလေးကို တစစီ ဖြုတ်ရ၊ ဖွက်ရ၊ ပြီးမှ ပြန်ဆင်ရတာပေါ့လေ။
၁၉၉၉ ဇန်န၀ါရီ ၃၁ (နှစ် ၅၀ ပြည့် ကရင်တော်လှန်ရေးနေ့) အထိမ်းအမှတ်ပွဲလေး တောင်ငူထောင်ထဲမှာ ထောင်ကျ KNU ရဲဘော်တွေက စီစဉ်ကြတယ်။
အဲဒီပွဲလေးအတွက် KNU ရဲဘော်တွေနဲ့ ကိုဝင်းမော်က ပူးပေါင်းလို့ သီချင်းတပုဒ် ရေးခဲ့ပါတယ်။
အဲဒီသီချင်းက “ထော်ကော်သူးလေ ထော်” တကယ့်ကို အမှတ်တယ ဖြစ်စေခဲ့တဲ့ သီချင်းပါ။
“နီထောသော ရာသီဦးမှာ လွမ်းစရာ့မြေ၊ တို့ရိုးရာဓလေ့ရဲ့ အသံ ‘ဘိပန်’ နားမှာ စွဲလို့လေ၊ တို့မျှော်လင့်ခြင်းတွေ” ရင်ထဲမှာ အမြဲ သတိရစေတဲ့ သီချင်းလေးပါ။ အကျဉ်းထောင်ထဲမှာ နေနေရစဉ် “ချယ်ရီ” “ဧည့်ဆိုး” “freedon from fear” အစရှိတဲ့ သူဖန်တီးခဲ့တဲ့ သီချင်းတွေ အများကြီးပါ။
ကိုဝင်းမော်က ၂၀၀၂ နိုဝင်ဘာ ၂၁ ရက်မှာ ထောင်က လွတ်ပါတယ်။ အဲဒီနောက် ထောင်ကျနေစဉ်ကာလ ယိမ်းယိုင်ခဲ့ရတဲ့ မိသားစုဘ၀ကို ကြိုးစား တည်ဆောက်ရင်း “အလင်္ကာ” ဆိုတဲ့ ဂစ်တာဝိုင်းတခု ပြန်ပြီး ထူထောင်နိုင်ခဲ့ပါတယ်။
မိသားစုဘ၀မှာ အိမ်ထောင်ဦးစီး တယောက် အနေနဲ့ ဖခင်ကြီး၊ ဇနီး၊ သားသမီး ၄ ယောက်ကို တာဝန်ယူ ဦးဆောင်နေသူ ဖြစ်ပေမယ့်လည်း ထောင်တွင်း အတူနေခဲ့သူတွေ၊ နိုင်ငံရေးအကျဉ်းသားဟောင်းတွေနဲ့ တွေ့ဆုံလို့ မြန်မာပြည်ရဲ့
လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးတို့အတွက် အမြဲ ဆွေးနွေး၊ တိုင်ပင်၊ အကြံပေးနေသူပါ။ လွတ်လပ် ပွင့်လင်းတဲ့ အနုပညာသမားတယောက် အနေနဲ့ မြန်မာပြည်ရဲ့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးကို အမြဲ လိုလားနေသူပါ။
ဒီလိုနဲ့ ကိုဝင်းမော်ဟာ ဂစ်တာသမားတယောက် အဖြစ် ရပ်တည်နေပေမယ့်လည်း ပတ်ဝန်းကျင်မှာ မြင်နေရတဲ့ မတရားမှုတွေ၊ ဖိနှိပ်မှုတွေ၊ ကြေကွဲစရာတွေကို မှတ်တမ်းတင်တဲ့သူ၊ ထုတ်ဖော်သူ ဖြစ်လာပါတယ်။
၂၀၀၇ စက်တင်ဘာ သံဃာ့လှုပ်ရှားမှု ဖြစ်လာချိန်မှာတော့ ကိုဝင်းမော်ဟာ စစ်အာဏာရှင်တွေရဲ့ ရက်စက် ကြမ်းကြုတ်မှု၊ ဘာသာတရားအပေါ် စော်ကားမှု၊ လူမဆံမှုတွေကို ဒီမိုကရက်တစ် မြန်မာ့အသံကနေ ကမ္ဘာသိအောင် တင်ပြနိုင်ခဲ့သူ တဦး ဖြစ်လာပါတယ်။
၂၀၀၇ နိုဝင်ဘာ ၂၇ ရက်နေ့မှာ ကိုဝင်းမော် ဖမ်းဆီးခံရတယ်။
စစ်ကြောရေးကာလတွင်း ပြင်းပြင်းထန်ထန် နှိပ်စက်ခံရကာ ထောင်ဒဏ် ၁၄ နှစ် ချမှတ်ခံလိုက်ရပါတယ်။ အဲဒီနောက်မှာတော့ ရခိုင်ပြည်နယ်၊ သံတွဲထောင်ကို ပြောင်းရွှေ့ခံခဲ့ရပါတယ်။ တဖန် ၂၀၁၁ အတွင်းမှာ ကျောက်ဖြူထောင်ကို ထပ်မံ ပြောင်းရွှေ့ခံရပါတယ်။
ဂစ်တာသမား၊ အနုပညာသမားတယောက်ရဲ့ စိတ်ဓာတ်ကတော့ ဖိနှိုပ်မှုကို ဆန့်ကျင်လို့ လွတ်လပ်မှုကို အမြဲ လိုလားနေဆဲပါ။
“ကိုဝင်းမော် တယောက် ဖခင်ကြီး၊ ချစ်တဲ့ဇနီး၊ သားသမီးများနဲ့ အမြန်ဆုံး ပြန်လည်ဆုံတွေ့နိုင်ပါစေ။”
Tagore's birthday in Rangoon, Burma
တဂိုးမွေးနေ့ ရန်ကုန်တွင် ကျင်းပ ပြုလုပ်
ဓာတ်ပုံသတင်း
ဇူလိုင် ၃၀၊ ၂၀၁၁
အိန္ဒိယ စာပေပညာရှင်ကြီး ရာဘင်ဒြာနတ်တဂိုး၏နှစ် ၁၅၀ ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် အိန္ဒိယအဖွဲ့၏ ဖျော်ဖြေတင်ဆက်မှုကို ဇူလိုင် ၂၄ ညနေပိုင်းက ရန်ကုန်မြို့ အမျိုးသားဇာတ်ရုံတွင် တွေ့မြင်ရပုံ။ (ဓာတ်ပုံများ - AP)
FIFA investigates Burma for World Cup violence ‎
ရန်ကုန်တွင် ဖြစ်ခဲ့သည့် ဘောလုံးပွဲ ပြဿနာကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် စုံစမ်း စစ်ဆေး
AP သတင်းဌာန
ဇူလိုင် ၃၀၊ ၂၀၁၁
Reuters photo
ခဲလုံး၊ ရေပုလင်းတို့၏ ရန်မှ ဝေးရာ ကွင်းအတွင်းသို့ တိမ်းရှောင်ကြစဉ် အိုမန် နည်းပြတဦး ခေါင်းတွင် ထိခိုက်သွားပုံ
Friday, July 29, 2011
Design Ko Myoe - 88, 23 Year On Design
ဒီဇိုင်းကိုမျိုး ရဲ့ ၈၈ - ၂၃ နှစ် ပိုစတာဒီဇိုင်း
ဇူလိုင် ၃၀၊ ၂၀၁၁
Cartoon Saw Ngo - Daw Suu Portrait
ကျန်းမာရေး မကောင်းတဲ့ မိခင်ကြီးကို အနုပညာနဲ့ ကန်တော့ချင်တဲ့ ကာတွန်း စောငို
ဇူလိုင် ၃၀၊ ၂၀၁၁
မိုးမခမှာ ကာတွန်းတွေ ရေးဆွဲနေတဲ့ ကာတွန်း စောငိုက ကျန်းမာရေး မကောင်းတဲ့ သူ့မိခင်ကြီးကို သူရဲ့ အနုပညာနဲ့ ကန်တော့ဖို့ ဒေါ်စုရဲ့ ပုံတူ ပန်းချီကားတချပ် ရေးဆွဲထားပါတယ်။ 
အဲဒီကားကိုရောင်းချပြီး မိခင်ကြီးကို ကန်တော့ချင်ပါတယ် တဲ့။ စိတ်ဝင်စားရင် မိုးမခ ကို ဆက်သွယ်နိုင်ကြပါတယ်။
2P - Poems
နိုင်ငံရေးတက်ကြွလူငယ်တစ်ယောက်ရေးတဲ့ နိုင်ငံရေးတက်ကြွလူငယ်တစ်ယောက်အကြောင်း
2 P
ဇူလိုင် ၃၀၊ ၂၀၁၁
ပုံအား ဒီနေရာက ယူပါတယ်။
ငါ့ဘ၀ကျောရိုးရဲ့ အလယ်ခေါင်တည့်တည့်မှာ
စိတ်ဓာတ် ကျီးပေါင်းတက်တဲ့နေ့ ...
ဇူလိုင်လ ၂၄ ရက်
အငှားကားစီးတယ်
ငွေ (၃၀၀၀) ကျပ်ချေးတယ်
ငါတို့ နိုင်ငံအကြောင်း အမနာပတွေကြားတယ်။
ကောင်းကင်က မှိုင်းလွင့်နေတယ်။
“မကျန်းမာတဲ့ အငြိမ်းစားဖခင်အို ပင်စင်လစာတိုးတယ်” တဲ့။
ပြုတ်ထွက်ကျလုလု ချွေတစ်စက်တစ်ခိုက
ငါ့မေးစေ့မှာ တွဲလွဲခိုနေတယ်။
ငါ့နေ့လည်စာက
Password ခိုးခံလိုက်ရတယ်
ငါ့နှလုံးသားက ပြတ်ရှရှအသံနဲ့
အော်တာရောခ့်ကို ကောက်ထဆိုတယ် ။
“xxxxxx မှားယွင်းလိုက်ကြဗျို့ xxxx”
ငယ်ပေါင်း ဘော်ဒါတစ်ကောင်နဲ့ ငါနဲ့
ဆိတ်ဖလူးရနံ့ နံရံခြားရပြန်ပြီ ။
ဟောဒီ ငါ့ဝပ်ကျင်းလေးရှိတဲ့ ကျူးကျော်ရပ်ကွက်ထဲမှာ
အဝေးရောက် Rights Base သမားတွေ မိုးမွှန်အောင်ပြောကြတဲ့
“အိမ်တွင်း အကြမ်းဖက်မှု ...” အသံတွေရယ် ..
စူးစူးဝါးဝါး ကလေးငိုသံတွေရယ်...
အဲဒီနေ့ည အဖျားမတိုင်းဖြစ်လိုက်ဘူး ။
အသပြာတွေက ငါ့ ခပ်ဝေးဝေးမှာ
မူးထိုးယိမ်းယိုင်လို့လေ ။
ငါအိပ်မောကျတော့ ...
ခေတ်တခေတ်ရဲ့ ညှီစို့စို့ ပုပ်အဲ့အဲ့အနံ့ကို
အိပ်မက်က ယူလာတယ်လေ ။ ။
Overseas Buremse from Newtork & Utica rasied US$ 310 for political prisoners
ယူတီကာနယူးယောက်က ဆရာတော်ဦးပညာနန္ဒကတဆင့် မြန်မာတို့ အကျဉ်းကျသံဃာကို ကူ
မိုးမခ၊ ဇူလိုင် ၃၀၊ ၂၀၁၁
မြန်မာစစ်အစိုးရ ဖမ်းဆီးချုပ်နှောင်ထားတဲ့ နိုင်ငံရေးအကျဉ်းသား တိုင်းရင်းသား ၁၄ဦးအတွက် အရေးပေါ်ကူငွေနဲ့ အကျဉ်းကျသံဃာတော်တွေအတွက် ပစ္စည်းလေးပါး ထောက်ပံ့လှူဒါန်းငွေတွေကို နယူးယောက်၊ ယူတီကာက ဆရာတော်ဦးပညာနန္ဒက နီးစပ်ရာ အလှူခံခဲ့ရာမှာ အမေရိကန်ဒေါ်လာငွေ ၃၁၀ လောက် ရခဲ့တယ်။ မြန်မာပြည်တွင်းက ရဟန်းတော်များအတွက် ထောင်ဝင်စာအရေး ဝေယျာဝစ္စ စေတနာ့ဝန်ထမ်းလုပ်ဆောင်သူ ဒကာမကြီးကတဆင့် ပေးပို့ လှူဒါန်းနိုင်ခဲ့တယ်လို့ သိရပါတယ်။
ပြည်ပရောက်နေတဲ့ မြန်မာပြည်သူတွေရဲ့ နီးစပ်ရာ တယောက်တလက် လက်တွဲ ကူညီ ဆောင်ရွက်နေမှုများကို ၀မ်းမြောက်ကြစေရန် စုံစမ်းဖော်ပြလိုက်တာ ဖြစ်ပါတယ်။
Regime pays salary with small notes currency
ဝန်ထမ်းလစာမှာ အရွက်သေးတွေ ထည့်ပေးပြီ
မောင်ကြွေးပူ၊ ဇူလိုင် ၃၀၊ ၂၀၁၁
ဒီနေ့ မြန်မာမှာ လခထုတ်ရက်။
ငွေအကြွေ (ငွေအကြွေဆိုလို့ အကြွေစေ့တွေ မထင်နဲ့ဦး။ ၂၀၀တန်၊ ၁၀၀ တန်၊ ၅၀ တန်ကို ဆိုလိုတာ)။ ၂၀၀တန်၊ ၁၀၀ တန်၊၅၀ တန် တအုပ်စီ လခငွေပေးတဲ့ထဲ ထည့်ပေးပါသတဲ့။ ပလပ်စတစ်အိတ်တွေနဲ့ထည့် ဆေးလိပ်မီးနဲ့ ပိတ်ပြီး သုံးနေရတဲ့ မသတီစရာ ငွေစက္ကူတွေအစား အခုလို အသစ်လေးတွေ ထုတ်ပေးတာတော့ ကောင်းတယ်လို့ ဆိုရမှာပေါ့လေ။ သကြားလုံး၊ တစ်သျှူးစက္ကူထုပ်တွေ အစားထိုး ပေးတဲ့စနစ်လည်း လျော့ပါး သွားမယ် ထင်ရဲ့။ တလတည်း ပေးမှာလား၊ လိုသလောက်ဘဏ်မှာသွားလဲလှယ်လို့ရသလားဆိုတာတော့ မသိရသေးဘူး။
မေးလ်ထဲဝင်လာတဲ့ ပုံလေးကိုလည်း မျှဝေထည့်ပေးလိုက်ပါကြောင်း။
Mar Mar Aye - 386
“ပြောပြစရာတွေလည်း တပုံကြီးရှိသေးတယ်” အမှတ် -၃၈၆
မြန်မာနိုင်ငံဂီတပညာရှင်များအဖွဲ့ချုပ်
မာမာအေး
ဇူလိုင် ၂၉၊ ၂၀၁၁
သောတရှင်များ ကျန်းမာတော်မူကြပါစရှင် -
မာအေးချစ်တဲ့သောတရှင်တွေ ဂီတ၀ါသနာရှင်တွေ အားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။
သောတရှင်တို့ရေ -
ကြေးမုံဦးသောင်း ခေါ် စာရေးဆရာ အောင်ဗလရဲ့ စာမူ 'တ၀ဂူမှ ဂီတ' ဆိုတဲ့ ၀တ္ထုကို ပြဇာတ်၊ ရုပ်ရှင်၊ သဘင်၊ ဂီတလောက အသီးသီးက သူ့ဇာတ်လမ်းရဲ့ ကျောရိုးကို အရင်းတည်ပြီး ခွဲထွက် ဖန်တီးခဲ့ကြတယ်။ အနုပညာ ဦးဏှောက်ယူကြေး မူပိုင်ခ ဆိုတာလေးကို ပေးတဲ့ဟာကပေး၊ မပေးတဲ့ဟာဆို ဥပဒေနဲ့ အရေးယူမယ်လို့ ညှာသံပေးမှ ပြေးလာကြတာမျိုးဟာ ဖြစ်နေကျလို့တောင် ပြောရမယ် ထင်ပါရဲ့။ သိရက်နဲ့ ဘာမှ မဖြစ်လောက်ဖူးလေး ဘာလေးနဲ့ အိုက်တင်ခံနေကြ၊ အရေးမဆိုဘဲနေခဲ့ကြတာတွေကြောင့်၊ မျက်နှာနာစရာ လူချင်းမဟုတ်တဲ့အခါ ပြဿနာ သူပိုင် ငါပိုင်နဲ့ ငြင်းကြခုန်ကြ မုန်းတီးကြရတဲ့ အဖြစ်တွေ ပေါ်လာနေဦးမှာပါဘဲ။
Yan Win (Taung Da Gar)
စာပလွေ မောင်းမှာပိုက်ပါလို့
အပိုင်း (၁)
ရန်ဝင်း (တောင်တံခါး)
ဇူလိုင် ၂၉၊ ၂၀၁
‘စာပလွေမောင်းမှာ ပိုက်ပါလို့
ကျောင်းတော်ကိုတဲ့ လိုက်မယ့်ပြင်
ဘယ်စာ ဘယ်နှစ်ဝါ မောင်သင်မတုန်း
ဗျောညွှန့်၊ ကျေးလက်တေး
အမည်မသိ ရှေးစာဆို
မြန်မာ့ရိုးရာ ပေစာထုပ်ရဲ့အပေါ်ဆုံးက ရစ်ပတ်ပြီးထုပ်ပိုးထားတဲ့ ယင်းလိပ်လိုအ၀တ်ကို စစာပလွေလို့ခေါ်ပါတယ်။ ကပလွေ။ ကမ္ပလွေ လို့ လည်းခေါ်ပါတယ်။ ၀ါးတုတ်ချောင်းကလေးတွေကို ‘အတိုင်’ အနေနဲ့ထားပြီး အရောင်အမျိုးမျိုးဆိုးထားတဲ့ ၀ါချည်ကို ‘အဖေါက်’ အဖြစ် ရောစပ် ယက်လုပ်ထားတဲ့ပစ္စည်းပါ။
စာပလွေ
ယက်လုပ်တဲ့ ပညာရှင်ရဲ့ စိတ်တိုင်းကျ နှစ်သက်သလို ပုံစံတွေဖေါ်ထားတော့ စာပလွေတွေမှာ တခုနဲ့တခု လုံးဝဥဿုံ ဆင်တူတာမျိုးကို တွေ့နိုင်ဖို့ မလွယ်ကူပါ။ တချို့စာပလွေတွေကတော့ ယင်းလိပ်အကြမ်းထည်အပေါ်မှာ အ၀တ်စကိုကပ်ပြီး ချုပ်ထားပါတယ်။
Int'l TheGeek - News Headlines beyond Burma - End July
အငြင်းပွားချင်စရာ မျက်မှောက်အရေးအခင်းကိစ္စများ၊ ဇူလိုင် လကုန်
နိုင်ငံတကာသာဂိ
ဇူလိုင် ၂၉  ၊ ၂၀၁၁
အမေရိကန်မှာ အကြွေးမျက်နှာကျက်ကို မြှင့်ကြဖို့ ငြင်းခုန်နေဆဲ
       အမေရိကန်အစိုးရရဲ့ ဘတ်ဂျက်သတ်မှတ်ကာလတိုင်းမှာ လက်ရှိဝင်ငွေထက် ပိုပြီး သုံးငွေတွေ လျာထားမိတယ် ဆိုရင် ချေးငှားသုံးစွဲခွင့်ကို တိုးမြှင့်ဖို့ လွှတ်တော်မှာ ဆန္ဒမဲယူပြီးတော့ စီမံကိန်းများ အကြံပြုချက်များ တွဲပြီး ဆွေးနွေး ဆုံးဖြတ်လေ့ရှိတယ်။ အကြွေးထားပြီး သုံးစွဲခွင့်ကို တိုးမြှင့်တာဖြစ်လို့ အိမ်ရဲ့ မျက်နှာကျက်ကို မြှင့်သလိုမျိုး အကြွေးမျက်နှာကျက်မြှင့်တင်တယ်လို့ (Debt Ceiling Rasie) လို့ ခေါ်ပါတယ်။
Thursday, July 28, 2011
Graphic Ko Myoe - 88 - 23 Year
Graphic Ko Myoe - 88 - 23 Year 
July 29th 2011
Arkar Htet – 8888
ရှစ်လေးလုံးအရေးတော်ပုံမှ ပြောနေသည်
အာကာထက်
ဇူလိုင် ၂၉၊ ၂၀၁၁
ရှစ်လေးလုံးသည် အရေးအခင်းမဟုတ် ၁၃၀၀ ပြည့် ရေနံမြေသပိတ်ကြီးပြီးလျှင် ဒုတိယမြောက် လူထုလှုပ်ရှားမှု အရေးတော်ပုံကြီးဖြစ်သည် (ဆရာကြီး ဒဂုန်တာရာ)
ရှစ်လေးလုံးသည် ဒုတိယမြောက်လွတ်လပ်ရေးတိုက်ပွဲဖြစ်သည် (ဒေါ်အောင်ဆန်းစုကြည်)
ကျုပ်တို့ကျောင်းသားတွေဟာ ကွန်ပါဘူး မရလို့၊ ဘောပင် မရလို့ လမ်းမတွေပေါ်ထွက်ပြီး သောက်ကမြင်းကျောထကြတာ မဟုတ်ဘူး။ မတရားမှုကို တော်လှန်ဖို့အတွက် ကျောင်းခန်းတွေထဲက ထွက်လာတာဖြစ်တယ် (မင်းကိုနိုင် - ၁၉၈၉ ပြည်ထောင်စုနေ့ ဒီ/ငြိမ်း ဌာနချုပ်)
စစ်တပ်ဆိုတာ မိုးပေါ်ကို ထောင်မပစ်ဘူး။ ပစ်ရင် မှန်အောင်ပစ်တယ် (အာဏာရှင်ဟောင်း ဦးနေဝင်း - ရှစ်လေးလုံး အရေးတော်ပုံ မတိုင်ခင်လေးတွင် တိုင်းပြည်ကိုပြောသည့် မိန့်ခွန်း)
စစ်တပ်ကို စိတ်နဲ့တောင် မပစ်မှားပါနဲ့ (စစ်အာဏာသိမ်း ဒုတိယ ခေါင်းဆောင် ဦးအောင်ကြီး)။
Nyo Htat (Lan Thit Oo) - Htoun Htaun
ထုံထောင်း ... လမ်းခွဲ
ညိုထက် (လမ်းသစ်ဦး)
ဇူလိုင် ၂၉၊ ၂၀၁၁
(၁)
ကျနော် အမေရိကားကို လာခါနီး
သူငယ်ချင်းတဦးက ပြောတယ်
သူ
‘ထုံထောင်း’ မှာပဲ ရှိနေမယ်တဲ့။
‘ထုံထောင်း’ မှာ
ငါတို့သောက်နေကျ ‘ကျောက်ခုံ’ ရှိမယ်
‘နောင်ရိုး’ ရှိမယ်
‘မင်းသားကြီး’ ရှိမယ်
‘SAW’ ကျောင်းရှိမယ်။
Tu Maung Nyo - Law & Order in Burma - Which Way?
ဘာလဲ တရားဥပဒေစိုးမိုးရေးကိစ္စ
တူမောင်ညို
ဇူလိုင် ၂၉၊ ၂၀၁၁
“ဇူလိုင် ၂၅ တွေ့ဆုံမှုနဲ့စပ်လျဉ်းပြီး NLD ကထုတ်ပြန်မယ့် ကြေညာချက်ကိုလည်း ယခုလို ဆက်လက် လေ့လာ ကြည့်ကြ တာပေါ့” ဆိုတဲ့ဝါကျနဲ့ ဇူလိုင်၂၅တွေ့ဆုံမှု” ဆောင်းပါးကို ကျနော် နိဂုံးချုပ်ထားခဲ့ပါတယ်။
ဇူလိုင်၂၅တွေ့ဆုံမှု”နဲ့ပတ်သက်ပြီးဒေါ်အောင်ဆန်းစုကြည်က NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးမှာ အသေး စိတ် တင်ပြခဲ့တယ်ဆိုတဲ့ သတင်းကြားသိရပါတယ်။
တင်ပြချက်တွေအားလုံးဟာ မနေ့က ပူးတွဲကြေငြာချက်ထုတ်ပြန်ထားပြီးဖြစ်တဲ့အတိုင်းပါဘဲ။ ဒါကြောင့်မို့လို့ ဗဟိုအလုပ် အမှုဆောင်အဖွဲ့ကလည်း လက်ခံသဘောတူကြောင်း မှတ်တမ်းတင်လိုက်ကြပါတယ်။ နောက်ထပ် အသေးစိတ် ကျနော်တို့ ထုတ်ပြန် စရာမရှိပါဘူး” (ဒီချုပ်ပြောခွင့်ရ ဦးအုန်းကြိုင် - အာအက်ဖ်အေ သို့ပြောကြားချက်/၂၆ ဇူလိုင် )
          “နောက်ထပ်အသေးစိတ် ကျနော်တို့ ထုတ်ပြန်စရာမရှိပါဘူး” လို့ ဆိုထားလေတော့ ကျနော့်အဖို့လည်း ဆက်လက်လေ့လာ စရာမလိုအပ်တော့ပါဘူး။
          ဒီတော့ “နှစ်ဦးသဘောတူသတင်းထုတ်ပြန်ချက်” ထဲမှာဖေါ်ပြထားတဲ့ “တရားဥပဒေစိုးမိုးရေးကိစ္စ၊ စိတ်ဝမ်းကွဲပြားမှု ပပျောက်ရေးကိစ္စ၊ အများပြည်သူ အကျိုးဖြစ်ထွန်းစေမှုကိစ္စ” တွေထဲက “တရားဥပဒေစိုးမိုးရေးကိစ္စ” ဆိုတာကို ရွေးထုတ်လေ့လာကြည့် ကြပါစို့။
Suu from 54-56 University Avene urged Cease-Fire & Ending of Civil War
၅၄-၅၆ တက္ကသိုလ်ရိပ်သာလမ်းက ဒေါ်အောင်ဆန်းစုကြည် ပြည်တွင်းစစ်ရပ်စဲရေးအတွက် အိတ်ဖွင့်စာပို့
မိုးမခ၊ ဇူလိုင် ၂၉၊ ၂၀၁၁
ယမန်နေ့ နေ့စွဲနဲ့ ထုတ်ပြန်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိတ်ဖွင့်ပေးစာမှာ မြန်မာပြည်တွင်းမှာ တိုင်းရင်းသားပြည်သူလူထုတရပ်လုံးကို ဖိဆီးတောက်လောင်နေတဲ့ ပြည်တွင်းစစ်မီးကြီး ငြိမ်းအေးအောင် စစ်ရေးအရ မဖြေရှင်းကြဘဲ နိုင်ငံရေးနည်းအရ အပြန်အလှန် နားလည်မှု၊ လေးစားမှု၊ ယုံကြည်မှုတို့ဖြင့် ဖြေရှင်းကြရန်၊ အပစ်အခတ်များ ရပ်စဲကြရန်၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ကြရန် နိုင်ငံတော်သမ္မတ၊ ကချင်လွတ်မြောက်ရေးအဖွဲ့၊ ကရင်အမျူိုးသားအစည်းအရုံး၊ မွန်ပြည်သစ်ပါတီ၊ ရှမ်းပြည်တပ်မတော်တို့အား လိပ်မှု ပေးပို့ထားတာကို တွေ့ရပါတယ်။
အဆိုပါ ဒေါ်စုရဲ့ အိတ်ဖွင့်ပေးစာကို အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်က သတင်းပြန်ကြားရေးဌာနက တဆင့် ထပ်ဆင့် အများပြည်သူတို့ထံ လိပ်မူပြီး ဖြန့်ဝေလိုက်တာကိုတွေ့ရပါတယ်။ သမ္မတကြီးကလွဲပြီး ကျန်တဲ့ရည်ရွယ်တဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ၊ အဖွဲ့တွေကိုတော့ ဆက်သွယ်ရေးလမ်းကြောင်းမရှိလို့ အန်အယ်ဒီပါတီက ၀င်ရောက်ထုတ်ပြန်ပေးရတယ်လို့ ဆိုထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသားပြည်သူတဦးအနေနဲ့ အဆိုပ်ါစာကို ထုတ်ပြန်ထားတဲ့အတွက် အိတ်ဖွင့်ပေးစာရဲ့ ထိပ်စီးမှာ သူရဲ့ လိပ်စာကို ထည့်သွင်းထားတာကိုတွေ့ရပါတယ်။ စာကို ဒီနေရာမှာ ရယူပါ။
Kyaw Thu - FFSS Yangon Activity (28th July 2011)
နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ သတင်းမှတ်စု လှုပ်ရှားမှုများ
ကျော်သူ
ဇူလိုင် ၂၈၊ ၂၀၁၁
နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ ၄/၂၀၁၁ လူမှုရေးမျိုးဆက်သစ်သင်တန်းဆင်းပွဲအား ၂၈.၇. ၂၀၁၁ (ကြာသပတေး) နေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။ သင်တန်းဆင်းပွဲ၌ မိမိတို့ပြီးခဲ့သော (၅) ပါတ်ခန့်တွင် စာတွေ့သင်ကြားခဲ့သော အတွေ့အကြုံများအား ယခု သင် တန်းဆင်းသည့်နေ့တွင် အတွေ့အကြုံရှိပြီးသော သင်တန်းသား/သူဟောင်းများတို့မှ တစ်ခန်းရပ် ပြဇာတ်တိုလေးများဖြင့် လူမှုရေး (နာရေး) လုပ်ဆောင်ရာတွင် တွေ့ကြုံရမည်ဖြစ်သော အယူသီးသော နာရေးရှင်များ၊ အရက်သေစာ မူးယစ်သောက်စားထားသော နာရေးရှင်များ၊ စိတ်ဝေဒနာခံစားနေရသော နာရေးရှင်များနှင့် မှုခင်းဆိုင်ရာများတွင် တွေ့ကြုံရမည့်သင်ခန်းစာများကို သဘာရင့် ၀ါရင့် သရုပ်ဆောင်ကြီးများကဲ့သို့ သရုပ်ဆောင်ပြသခဲ့သည်။ သင်တန်းသား/သူ အသစ်များအနေဖြင့် ယခုကဲ့သို့ လက်တွေ့ရင်ဆိုင်ရမည့် အခက် အခဲများကို ဗြဟ္မစိုရ်တရားလေးပါး လက်ကိုင်ပြု၍ မည်သို့မည်ပုံ ဖြေရှင်းရမည်ဟူသော သင်ခန်းစာများကို ရရှိသွားခဲ့သည်။
Notes behind the iron post - Maung Swan Yi
သံတိုင်များနောက်က သံဃာများ
မောင်စွမ်းရည်
ဇူလိုင် ၂၈၊ ၂၀၁၁
‘‘ဗမာနိုင်ငံဟာ တနိုင်ငံလုံး ထောင်ကျနေတဲ့ နိုင်ငံပါ’’ လို့ စစ်အာဏာရှင် စစ်သံခွာအောက်က ဗမာပြည်သူတွေရဲ့ဘ၀ကို ဒီမိုကရေစီခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်က အတိုဆုံး သရုပ်ဖော်ပြောကြားခဲ့ဖူးပါတယ်။ ဗမာပြည်မှာက တပြည်လုံးထောင်ကျနေတဲ့ အပြင်၊ ထောင်ထဲက အကျဉ်း၊ အကျဉ်းထဲက အကျပ်၊ အကျပ်ထဲက အကြုံ့ဆိုသလို ကျပ်သထက်ကျပ်၊ ကျုံ့သထက်ကျုံ့တဲ့နေရာတွေ တိုးလာနေပါတယ်။ တိုင်းတပါး ဘာသာခြား အင်္ဂလိပ်အစိုးရလက်ထက်ကဆိုရင် ဦးဝိစာရနဲ့ ဦးဥတ္တမ ဆရာတော်ကြီးနှစ်ပါးပဲ ထောင်ချခံခဲ့ ရတာ အထင်အရှားရှိခဲ့ဖူးပါတယ်။ ဗမာစစ်အစိုးရလက်ထက်မှာတော့ ရဟန်းသံဃာဟူသမျှ ထောင်မကျတာ မရှိဖူးသလောက်ပါပဲ။ မဟာ ဘွဲ့တံဆိပ်တော်ရ သံဃာ့မဟာနာယကများက လွဲလို့ပေါ့လေ။ စစ်အစိုးရလက်ထက်မှာ ဗုဒ္ဓဘာသာဝင်အစိုးရဆိုတာ ဟုတ်မှ ဟုတ်ပါလေစ။ ဘီလူးသဘက်၊ ငရဲသားတွေများအုပ်စိုးနေသလား အောက်မေ့ရပါတယ်။ သံဃာတွေကို ဖမ်းဆီးပြီး ထောင်ချရုံမက သင်္ကန် ချွတ်၊ ဆံဆိုကြိမ်းမောင်း ရိုက်နှက်ကန်ကျောက်၊ သတ်ဖြတ်တာတွေကို မကြားဝံ့မနာ လုပ်နေလိုက်ကြပါတယ်။ ဒီကြားထဲ သာသနာ့ဒါယကာမင်းလို့ နာမည်ခံချင်လို့ ကြိုးစားသေးတဲ့အခါ ယမမင်းအဖြစ်နဲ့သာ ကမ္ဘာကျော်ခဲ့ပါတယ်။
စစ်အာဏာရှင်လက်ထက်မှာ စစ်တပ်လက်စွဲ စာနယ်ဇင်းနဲ့ ရုပ်မြင်သံကြားတွေပဲရှိတော့ သူတို့မတရားလုပ်တဲ့ မကောင်းသတင်းတွေကို ဖုံးဖိထားပြီး သူတို့မလုပ်တဲ့ကောင်းသတင်းတွေပဲ လွှင့်နေခဲ့ပါတယ်။ ဒါပေမယ့် ပုပ်ရင်ပေါ်၊ ပေါ်ရင်နံစော်တော့တာပါပဲ။ နှိပ်ကွပ်သတ်ညှစ်တာတွေကြားက မသေလို့ထွက်လာတဲ့ ရှင်လူရဟန်းတွေက ဒင်းတို့ရဲ့ ယုတ်မာချက်တွေကို ခွေးရေပုရပိုဒ်မှာ မှတ်တမ်းတင်နေကြတာ ပလူပျံနေပါပြီ။ ခုထွက်လာတဲ့ စာအုပ်ကတော့ သာသနာ့ဥသျှောင်အဖွဲ့ရဲ့ အမှတ်တံဆိပ်နဲ့ပါ။ အဖွဲ့ကြီးရဲ့ နာမည်နဲ့ဆိုရင် ဒီစာအုပ်ဟာ နှေးကွေးနည်းပါးနေသေးတယ်။ နောက်ထပ် အလျှိုလျှို ထွက်လာလိမ့်ဦးမယ်လို့ မျှော်လင့်ရပါတယ်။
Wednesday, July 27, 2011
Kamr Pale - Painting
ပန်းချီ
ကမာပုလဲ
ဇူလိုင် ၂၈၊ ၂၀၁၁
သွေးနဲ့ရေးတဲ့ အနီရောင် …
ဘ၀နဲ့ရေးတဲ့ အ၀ါရောင်ဝေဒနာများ …။
ဗဟိုချက်မှာ
ပန်းဥယျာဉ်သစ် ပွင့်လို့နေမယ် …
သေနတ်ကျည်ဆံရာတွေ ဗရပွ
ကြေကွဲမျက်ရည်စများ …
ဟင်းနံ့ ကျွေးနံ့ ဆီဥ ထောပတ်ရနံ့တွေမပါ
ရွံ့နံ့၊ မီးသင့်တောင်ယာရနံ့ …
မီးတွင်းထဲက ကလေးတယောက်ရဲ့
ဆေးတို့ပတ်ကြီး ရနံ့နဲ့
နနွင်းရနံ့တို့ပါမယ် … ။
အရောင်တွေက
ကြောက်မက်ဖွယ် အထီးကျန်ဆန်မှု အကြောင်းကို ပြောပြလိမ့်မယ် …
တဟီဟီကျွန်းက
စွန့်လွှတ်မှု ပါစဖက်တစ် ကို
တိတိကျကျ ခြယ်ပြလိမ့်မယ် …
တုန်း တွေဟာ
အလင်းနဲ့အမှောင်ရဲ့ ပဋိပက္ခကို
ဘီလူးစည်း၊ လူ့စည်း ခွဲပြလိမ့်မယ် …
ပန်းချီဆရာရဲ့
သူ့အသည်းပြင် ကင်းဗတ်စပေါ်
(လူထု ကြည့်မြင် ခံစားခွင့် မရရှိခဲ့တဲ့
လွတ်မြောက်မှုတိုက်ပွဲ … သမိုင်းဝင်)
ပေါ့ထရိတ် သက်ဝင်ရုပ်ပုံလွှာများ …
စုတ်ချက်တွေဟာ …
သမိုင်းရဲ့ စေရာအတိုင်း
သစ္စာရှိရှိ
သတ္တိရှိရှိ
အရှိကို အရှိအတိုင်း ၀ါဒနဲ့
ရေးခြစ် သရုပ်ဖော်တယ် …။
ဆေးခွက်ထဲမှာတော့
ဂန္ထ၀င်အဖြစ်အပျက်တွေ … အပြည့် ။ ။
Perspective= ဒြပ်ထု ရုပ်လုံးပေါ်အောင် ဆွဲခြင်းအတတ်။ ( ပန်းချီ)
Tone= အရောင်အသွေး၊ အလင်းအမှောင်ပေးပုံ၊ ခြယ်သပုံ။
Portrait = ရုပ်ပုံလွှာ
ပုံအား ဒီနေရာက ယူပါသည်။
Democratic Burmese at SF Bay announced their statmenet and program for 88 -23 year anniversary of Burma
၈၈ - ၂၃နှစ်ပြည့် ထုတ်ပြန်ချက်နှင့် အခမ်းအနားအစီအစဉ် ဆန်ဖရန်ဘေးဧရိယာ မြန်မာတို့ ထုတ်ပြန်ပြီ
မိုးမခ၊ ဇူလိုင် ၂၈၊ ၂၀၁၁
လာမယ့် သြဂုတ် ၆ ရက်နေ့မှာ ကျင်းပမယ့် ၈လေးလုံး မြန်မာ့ဒီမိုကရေစီအရေးတော်ပုံ ၂၃ နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနား ထုတ်ပြန်ကြေညာချက်နဲ့ အခမ်းအနားအစီအစဉ်ကို ဆန်ဖရန်ဘေးဧရိယာမြန်မာဒီမိုကရေစီ အင်အားစုများက ထုတ်ပြန်လိုက်ပါတယ်။
နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး၊ တိုင်းရင်းသားများအပေါ် မြန်မာစစ်အစိုးရရဲ့ တိုက်ခိုက်နေမှုများကို ရပ်တန့်ပြီး ပြည်တွင်းငြိမ်းချမ်းရေးကို ဖော်ဆောင်ရေး၊ နည်းမျိုးစုံနဲ့ ကျုးလွန်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုများ ရပ်ဆိုင်းရေး၊ နိုင်ငံရေးအတိုက်အခံအားလုံးပါဝင်တဲ့ အနှစ်သာရရှိ စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးအဖြေရှာမှုများ စတင်ရေးတို့ဟာ လက်ရှိမြန်မာပြည်ရဲ့ အရေးပေါ်ဖော်ဆောင်ရမယ့် အချက်တွေဖြစ်တယ်လို့ ၎င်းထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ ထုတ်ပြန်ချက်ကို သည်နေရာမှာ ရယူပါ။
အဲသည်အချက်အလက်များကို ဖော်ကျူးသယ်ဆောင်တဲ့ အခမ်းအနားအစီအစဉ်တွေကို ၀ိုင်းဝန်းဆောင်ရွက်ကြတဲ့ ဒီမိုကရေစီရေးအင်အားစုတွေက တင်ဆက်ကြမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ အခမ်းအနား ပိုစတာက သည်နေရာမှာ ရယူပါ။
အင်န်အယ်ဒီ (လွတ်မြောက်နယ်မြေ၊ ယူအက်စ်အေဌာနခွဲ)က ၈ လေးလုံးနဲ့ ၂၃ နှစ်တာ သမိုင်းမှတ်တမ်းများကို ရုပ်သံ၊ ဓာတ်ပုံတင်ဆက်မှု ပြုလုပ်မယ်၊ ဘေးဧရိယာအခြေစိုက် ABSSF အဖွဲ့က ၈လေးလုံး သမိုင်းမော်ကွန်းကို ဖွဲ့ဆိုတဲ့ သီချင်း၊ ကဗျာနဲ့ စင်တင်ပြဇာတ် တင်ဆက်မယ်၊ ဘီဝိုင်အေ မြန်မာလူငယ်အသင်းကတော့ ညီညွတ်ရေးကို တောင်းဆိုတဲ့ အငြိမ့်ကပွဲကို စီစဉ်ထားတယ်လို့ အသီးသီး ပြောကြားပါတယ်။
ရခိုင်အမျိုးသမီးများအစည်းအရုံးက မြန်မာပြည်တွင်းစစ်၊ အမျိုးသမီးများနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ ရုပ်သံမှတ်တမ်း၊ ကရင်လူငယ်များအစည်းအရုံးက ပြခန်း၊ ရှမ်းလူငယ်များကလည်း ပြခန်း၊ ကချင်လူငယ်များအဖွဲ့ကလည်း စင်တင် ဂီတနဲ့ အကကို တင်ဆက်ခြင်း၊ ပြခန်း တင်ဆက်ခြင်း၊ လက်ရှိ ကချင်ပြည်နယ်တွင် ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်အခြေအနေများကို ရှင်းလင်းခြင်းတို့ကို ပြုလုပ်ကြမယ်လို့ အသီးသီး တာဝန်ယူထားကြတယ်လို့ သိရပါတယ်။
မတည်ပံ့ပိုးသူ အခြားအဖွဲ့အစည်းများဖြစ်တဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ယူအက်စ်အေဌာနခွဲ)၊ BADA နဲ့ BAWA အဖွဲ့၊ သုံးရောင်ခြယ်အဖွဲ့ (ယူအက်စ်အေ)၊ မိုးမခသတင်းနဲ့ မီဒီယာအဖွဲ့တွေကလည်း ပြခန်းများနဲ့ အထွေထွေ လုပ်ငန်းတာဝန်များကို ခွဲယူဆောင်ရွက်ထားကြတယ်လို့ ဆိုပါတယ်။ ဆက်လက်ပြီး ပူးပေါင်းလက်တွဲ ဆောင်ရွက်လိုကြတဲ့ ဒီမိုကရေစီမျိုးဆက်တွေအားလုံးကို လှိုက်လှဲစွာ ကြိုဆို ဖိတ်ခေါ်လျက် ရှိပါတယ်။
မနက် ၁၁ နာရီက ၁၂ နာရီအထိ ဘာသာပေါင်းစုံ ၀တ်ပြုဆုတောင်းနဲ့ ဆွမ်းကျွေး၊ ၁၂ နာရီက ၁ နာရီအထိ မုန့်ဟင်းခါးနဲ့ စုပေါင်းထမင်းဟင်းတို့ဖြင့် တည်ခင်းဧည့်ခံခြင်း၊ ၁ နာရီမှ စတင်ပြီး စင်မြင့်တင်ဆက်မှု အခမ်းအနားကို ညနေ ၄ နာရီအထိ စီစဉ်ထားတယ်လို့ သိရပါတယ်။ မီဒီယာများက ဆက်သွယ်ရန်အတွက် ကိုတိုးလွင် (NLD-LA,USA) ((415-424-5811)  နဲ့ ကိုညွန့်သန်း (BADA) (510-22-1323) တို့ကို ဆက်သွယ်နိုင်တယ်လို့ ကြေညာထားပါတယ်။ လက်ရှိမှာ ၈၈ - ၂၃ နှစ် အခမ်းအနားအတွက် လှုပ်ရှားမှုများကို http://sfbc88.blogspot.com မှာ မှတ်တမ်းများ ပြုစုထားပါတယ်။
နောက်ပြီးတော့ သြဂုတ်လ ၈ ရက်နေ့မှာတော့ ဘားမားဒေးအဖြစ် ထုတ်ပြန်ကြေညာဂုဏ်ပြုထားတဲ့ ဘာကလေမြို့တော်ရဲ့ ရင်ပြင်မှာ အလံတင်အခမ်းအနားကို ၈ နာရီ ၈ မိနစ်မှာ ကျင်းပမှာဖြစ်လို့ မြန်မာဒီမိုကရေစီအင်အားစုများက စုဝေးတက်ရောက် ဂုဏ်ပြုကြမှာ ဖြစ်ပါတယ်။ မျိုးဆက်သစ်ကလေးငယ်များက ၈၈ အရေးတော်ပုံရဲ့ ရုပ်ပုံလွှာကို ဖော်ကျူးတဲ့ အနေနဲ့ အဖြူအစိမ်း ကျောင်းသားဝတ်စုံများနဲ့ တက်ရောက်ကြရန် မိဘများက ပြင်ဆင်နေကြပါတယ်။