Thursday, March 31, 2011

Tu Maung Nyo - Down with 2008 Constitution & USDP Regime

၂၀၀၈ အခြေခံဥပဒ ကို တိုက်ဖျက်။ ကြံ့ဖွံ့အစိုးရကိုလည်း ပြတ်ပြတ်သားသား ဆန့်ကျင်
တူမောင်ညို
ဧပြီ ၁၊ ၂၀၁၁
 “အစိုးရသစ်” ပေါ်လာပြီ။
(နအဖ) ကိုဖျက်သိမ်းလိုက်ပြီ။
အခြေခံဥပဒေ (၂၀၀၈) အရ ဖွဲ့စည်းကြသည့် “နိုင်ငံရေးပါတီများ” က ပေါ်ထွက်လာသည့် “အစိုးရသစ်” နဲ့ပတ်သက်ပြီး အလိုက်အထိုက်သဘောထားကြမည်သာဖြစ်သည်။ သူတို့သည် “အခြေခံဥပဒေ(၂၀၀၈) ကို လက်ခံပါမည်/ထိန်းသိမ်း စောင့် ရှောက်ပါမည်” ဟု ခံဝန်ချက်ထိုးပြီးမှ ပါတီထောင်ခွင့်/ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ရခဲ့ကြတာဖြစ်သည်။ သို့အတွက် သူတို့ဆီက ပြတ်သားသည့်သဘောထားကို မမျှော်လင့်နိုင်ပါ။
ထူးဆန်းနေသည်မှာ အခြေခံဥပဒေကို တရားမဝင်/လက်မခံဟူ၍ ထုတ်ပြန်ခဲ့ပြီး၊ ရွေးကောက်ပွဲမဝင်ရန် ဆုံးဖြတ်ခဲ့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပေါ်ထွက်လာသည့် “အစိုးရသစ်” နှင့်ပတ်သက်ပြီး “ရေလိုက်ငါးလိုက်သဘောထား” နေခြင်း ဖြစ် သည်။
 ဒီချုပ်၏ ယခင်က ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်း က (ဗွီအိုအေ) နှင့်အင်တာဗျူးတွင်ယခုလိုပြောပါသည်။
“အခုလက်ရှိ ပြည်သူ့လွှတ်တော်က အစိုးရအဖွဲ့သစ်တရပ် ဖွဲ့စည်းပြီးသွားပြီဆိုတဲ့ အခြေအနေကို အရှိအတိုင်း ကျနော် တို့ လက်ခံပါတယ်။ အရှိအတိုင်း အသိအမှတ် ပြုပါတယ်။
 NLD အနေနဲ့ကတော့ အစိုးရအဖွဲသစ်နဲ့ တွေ့ဆုံဆွေးနွေးနိုင်ဖို့ မျှော်လင့်ထားပါတယ်။
လောလောဆယ် ကျနော်တို့ရဲ့ သဘောထား ဒီ ၂ ခုပါပဲ။”

ကျနော်တို့နားလည်သလောက် “လွှတ်တော်အစည်းအဝေးအားလုံး” ပြီးဆုံးခဲ့ပြီ။  ပြည်တွင်းပြည်ပ အများက အလေးထား မျှော်လင့်ခဲ့ကြသည့် နိုင်ငံရေးပြဿနာများဖြစ်သော -

-       နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရေးကိစ္စ
-       အမျိုးသားပြန်လည်သင့်မြတ်ရေးတွေ့ဆုံဆွေးနွေးရေး
-       အပစ်အခတ်ရပ်စဲရေးမှ ထာဝစဉ်ငြိမ်းချမ်းရေး

စသည့်ကိစ္စများနှင့်ပတ်သက်၍ အခြေခံဥပဒေ (၂၀၀၈) အရ ဖွဲ့စည်းခဲ့ကြသည် “နိုင်ငံရေးပါတီများ”မှ “မေးခွန်း” အဖြစ် ဖေါ်ထုတ်မေးမြန်းခဲ့ကြသည်။ လွှတ်တော်တွင်း၌ မည်သို့အဖြေပေးတုန့်ပြန်ခဲ့သည်ကို အားလုံးကြားသိကြပြီးဖြစ်ပါသည်။
“ငြိမ်းချမ်းရေးတံခါးဖွင့်ထားပြီးအခြေခံဥပဒေနှင့်အညီဆက်လက်ဆောင်ရွက်ကြိုးပမ်းသွားမည်”ဟုဖြေကြားခဲ့သည် မဟုတ် ပါလော။
သူတို့သည် (အစိုးရသစ်သည်) (နအဖ) စစ်အစိုးရထံမှ အာဏာနှင့်အတူလွှဲပြောင်းရယူခဲ့သောပြဿနာမှန်သမျှကို သူတို့ စိတ်ကြိုက်ရေးဆွဲ အတည်ပြုထားသည့် အခြေခံဥပဒေ (၂၀၀၈) ဘောင်ထဲကသာဖြေရှင်းပေလိမ့်မည်။
“အရှိအတိုင်းလက်ခံသည်/ အသိအမှတ်ပြု သည်”ဟု ပြောသဖြင့် ကျနော်တို့ကိုလည်းအရှိတိုင်းပြောခွင့်ပြုစေချင်သည်။
လက်ရှိအခြေအနေတွင် “ဒီချုပ်” သည် တရားဝင်အဖွဲ့အစည်းမဟုတ်ပါ။
 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည်အခြေခံဥပဒေ (၂၀၀၈)ကိုလက်မခံအသိအမှတ်မပြုဟုကမ္ဘာသိကြေညာထားသည်။ အခြားတစ်ဖက်ကပြောရလျှင်လည်း (နအဖ) စစ်အစိုးရက ဖွဲ့စည်းပေးခဲ့သည့် “ရွေးကောက်ပွဲကော်မရှင်” က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အပါအဝင် ၁၉၈၈ ခုနှစ်က မှတ်ပုံတင်ခဲ့သော နိုင်ငံရေးပါတီများကို ဖျက်သိမ်းကြောင်းကြေညာခဲ့ပြီးဖြစ်သည်။
 ယခုပေါ်ထွက်လာသည့် “အစိုးရသစ်”က  အခြေခံဥပဒေ (၂၀၀၈) ၊ အခန်း (၁၄) “အကူးအပြောင်းကာလပြဋ္ဌာန်းများ” တွင်ဖေါ်ပြထားသည့် ပုဒ်မ (၄၄၅/၄၄၆/၄၄၇) ကို တစ်သဝေမတိမ်း လိုက်နာမည်မှာ မည်သို့မျှယုံမှားသံသယရှိစရာ မလိုပါ။
သို့ပါ၍ အရှိအတိုင်းချုပ်ပြောရလျှင် “ဒီချုပ်”ကို “အစိုးရသစ်”က ယခင်အတိုင်းရေရှည်ဆက်လက်ခွင့်ပြုနေလိမ့်မဟုတ်ပါ။ 
ယင်းသို့ ဆောင်ရွက်လာလျှင် “ဒီချုပ်”က မည်သို့တုန့်ပြန်မည်နည်း။
ဗိုလ်ချုပ်အောင်ဆန်း က   A leader must lead. ဟုပြောဖူးပါသည်။

 သို့သော်လည်း အခြေခံဥပဒေ (၂၀၀၈) လက်ခံမည်ဆိုလျှင်တော့ ကိစ္စသည်တမျိုးတမည်ဖြစ်လာနိုင်ပါသည်။
ကျနော်တို့က လမ်းပြမြေပုံကို အဆင့်တိုင်းမှာတိုက်ဖျက်ဆိုတဲ့ လုပ်ငန်းစဉ်ချပြီး အဆင့်တိုင်းကိုဖွင့်ချခဲ့သည်။ တိုက်ဖျက် ရေးကို ကြိုးစားဆောင်ရွက်ခဲ့ကြသည်။ ထိထိရောက်ရောက်မဖြစ်ခဲ့ပါ။
 သို့ဖြင့်ယခုအခါ (နအဖ) စစ်အစိုးရ မှနေ၍ “ကြံ့ဖွံ့အစိုးရ” ဟူ၍ ဖြစ်လာခဲ့ပြီ။
ကျနော်တို့သည် အခြေခံဥပဒေ (၂၀၀၈) တိုက်ဖျက်ရေးကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပြီး။ အခြေခံဥပဒေ(၂၀၀၈) အရ ယခုပေါ်ထွက်လာသည့် “အစိုးရသစ်”ကိုလည်း ဆက်လက်ပြီး ဝေဖန်တိုက်ခိုက်ဆန့်ကျင်သွားရမည်သာဖြစ်သည်။
 အခြားနည်းလမ်းမရှိပါ။ 
-      အခြေခံဥပဒေ (၂၀၀၈) ကို ဖျက်သိမ်းကြ
-       ပေါ်ထွက်လာသည့်“ ကြံ့ဖွံ့အစိုးရ” ဆန့်ကျင်ကြ
-        
(၂၀၁၁ ခုနှစ်၊ မတ်လ ၃၁ ရက်)

Cartoon Win Pe - mermaid (3)


ကာတွန်း ၀င်းဖေ - ရေသူမ (၃)
ဧပြီ ၁၊ ၂၀၁၁

MoreKha Show Room moved to new location


မိုးခ Morekha ပန်းချီ ပြခန်း ပြောင်းရွှေ့ဖွင့်လှစ်
မိုးယံမခရန်ကုန်၊ ဧပြီ ၁၊ ၂၀၁၁
ယမန်နေ့ ညနေ ၅း၃၀ နာရီ အချိန်က မိုးခ Morekha ပန်းချီ ပြခန်း ပြောင်းရွှေ့ ဖွင့်လှစ်တဲ့အကြောင်း အသိပေးတဲ့ စာနယ်ဇင်းမိတ်ဆက်ပွဲကို ပြခန်းတည်ရှိရာ အမှတ် ၃၄၊ စမ်းရေတွင်းလမ်း၊ သာသနာ့ရိပ်သာရပ်ကွက်၊ ဗဟန်းမြို့နယ် မှာ ကျင်းပခဲ့ပါတယ်။
 
ပြခန်းပိုင်ရှင် ကိုဘိုဘိုဦးက  ပြောင်းရွှေ့ ဖွင့်လှစ်ရတဲ့ အကြောင်းရင်းနဲ့ ဆက်လက်ပြသမယ့် ပန်းချီပြပွဲများအကြောင်းကို ရှင်းလင်းပြောကြားခဲ့ ပါတယ်။ 
 
 ဆရာဆန်နီငြိမ်းက မိုးခ Morekha ပန်းချီ ပြခန်းမှာပြသခဲ့တဲ့ ပန်းချီပြပွဲများ အကြောင်းနဲ့ လက်ရှိမြန်မာ့ပန်းချီလောက အခြေအနေများကို ပြောကြားခဲ့ ပါတယ်။


  တက်ရောက်လာကြတဲ့ စာရေးဆရာ၊ အနုပညာသမား၊ စာနယ်ဇင်းဆရာများ မှ အမှတ်တရစကားများ ပြန်လည်ပြောကြားခဲ့ကြပြီး အစားအသောက်များနှင့် ဧည့်ခံခဲ့ကာ စာနယ်ဇင်းမိတ်ဆက်ပွဲကို ရင်းနှီးနွေးထွေးစွာ ကျင်းပခဲ့ပါတယ်။


Moemaka creates MoeNed-One unicode

မိုးနက်ဝမ်း (MoeNed-One) ယူနီကုဒ် အောင်မြင်စွာ တီထွင်၊
ကွန်ပျူတာသုံး မြန်မာစာကို နိုင်ငံတကာ အသိအမှတ်ပြုတော့မည်
မိုးမခအထောက်တော် အမှတ် ၀၀၈
ဧပြီ ၁၊ ၂၀၁၁

မိုးမခမီဒီယာအဖွဲ့က ၆ နှစ်ကျော်ကြာ အချိန်ယူလုပ်ဆောင်ခဲ့သော မြန်မာစာယူနီကုတ် ပရောဂျက် ယမန်နေ့က အဆုံးသတ်လိုက်ပြီဖြစ်သည်။

ယခု တီထွင်လိုက်သော “မိုးနက်ဝမ်း ယူနီကုတ်” ကို တာဝန်ယူ လုပ်ကိုင်သော မိုးမခမီဒီယာ၊ ၆ နှစ်ကြာ စီမံကိန်းအတွက် ငွေကြေးအကူအညီပေးသော အမေရိကန်နိုင်ငံမှ ရန်ပုံငွေထောက်ပံ့ရေးအဖွဲ့ NED တို့၏ အမည်များဖြင့် အမှတ်တရ ဂုဏ်ပြု ပေါင်းစပ်ထားသည်။

ဤသို့ တီထွင်လိုက်သော ယူနီကုတ်စနစ်ကို ကွန်ပျူတာသုံးမြန်မာစာတွင် စံအဖြစ် အသုံးပြုနိုင်တော့မည် ဖြစ်သည်။

မိုးနက်ဝမ်းကို install လုပ်ထားပါက ကွန်ပျူတာအတွင်း မည်သည့် မြန်မာစာလုံးပုံစံ (ဖောင့်)ကို အသုံးပြုသည်ဖြစ်စေ စာများ အလွယ်တကူ ဖတ်ရှုနိုင်သည်။

မြန်မာဘာသာဖြင့် စာစီစာရိုက်ခြင်း မပြုနိုင်သူများအတွက်လည်း အထောက်အကူပြု အစီအစဉ်များ ပါဝင်သည်။ မိုးနက်ဝမ်း ယူနီကုတ်ကို အသုံးပြုပြီး nay kaung lar ဟု စာစီလိုက်လျှင် “နေကောင်းလား” ဟု အလိုအလျောက် ပေါ်မည် ဖြစ်သည်။

ပရောဂျက်အတွက် ဒေါ်လာ ၅ သန်းခန့် အသုံးပြုခဲ့သည်။ သို့သော်လည်း မိုးနက်ဝမ်း ယူနီကုတ်စနစ် အသုံးပြုခွင့် လိုင်စင်ကြေးများ ရောင်းချခြင်းဖြင့် ထိုငွေပမာဏထက် များစွာ ရမည်ဟု သိရသည်။

အလှူရှင်အဖွဲ့အစည်း NED နှင့် ကြိုတင်သဘောတူညီချက်အရ မိုးနက်ဝမ်းမှ ရရှိမည့် အကျိုးအမြတ်များထဲမှ ၁၅ ရာခိုင်နှုန်းကို ရန်ပုံငွေလိုအပ်သော မြန်မာမီဒီယာအဖွဲ့များ၊ သတင်းဌာနများသို့ ထောက်ပံ့ရမည် ဖြစ်သည်။

ယခု ကွန်ပျူတာသုံးမြန်မာစာလောကတွင် ရေပန်းစားနေသော ဇော်ဂျီဝမ်း (Zawgyi-One) သည် ယူနီကုဒ်တု (pseudounicode) ဖောင့် ဖြစ်သည်။ ယူနီကုတ်စံများကို လိုက်နာခြင်း မရှိပေ။

ထို့ကြောင့် ပညာရှင်အများအပြားက မြန်မာဘာသာသုံး ယူနီကုတ်များကို ကိုယ့်နည်းကိုယ့်ဟန်ဖြင့် တီထွင် စမ်းသပ်လျက်ရှိရာ တချို့သောယူနီကုတ်များ အတန်အသင့် ခရီးရောက်နေသည်ကို တွေ့ရသည်။ ဤအခြေအနေတွင် မိုးနက်ဝမ်း စီမံကိန်းကို အဆုံးသတ်နိုင်ခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် နှစ်ဆန်းပိုင်းမှ စတင်ပြီး မိုးနက်ဝမ်းသည် ယူနီကုတ်စံကို အပြည့်အ၀လိုက်နာထားသော စနစ် ဖြစ်လာသည်။ သို့သော်လည်း ပါဠိပိုင်းဆိုင်ရာ များနှင့် ပတ်သက်ပြီး တနှစ်ကြာ ထပ်မံ အချိန်ယူခဲ့ရသဖြင့် ယခုအချိန်မှ စီမံကိန်း အဆုံးသတ်နိုင်ခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်မြို့တွင်လည်း ၂၀၀၂ ခုနှစ်တွင် မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်ကြီးက Myanmar Unicode and NLP Research Centre ကို ဖွဲ့စည်းပြီး မြန်မာ့စံ ယူနီကုတ် ဖြစ်မြောက်ရေးအတွက် ကြိုးစားခဲ့သည်။ သိုသော်လည်း စစ်အစိုးရက ထိုစီမံကိန်းကြီးအတွက် ကျပ်သိန်း ၅၀ သာ ထောက်ပံ့ခဲ့သည်။ လိုအပ်သော ငွေကြေး၊ အထောက်အကူများ မပြည့်စုံသဖြင့် အသင်းချုပ်ကြီး၏ စီမံကိန်း မအောင်မြင်ရခြင်းဖြစ်သည်ဟု သိရသည်။

MoeNed-One ယူနီကုတ် ဒေါင်းလုတ် လုပ်ရန်

Down Ma Lay’s Poem

ဈေးချိုသူရဲ့ ဧပြီအလွမ်း
ဒေါင်းမလေး (မန္တလေး)
ဧပြီ ၁၊ ၂၀၁၁

ရွှေမန္တလေး ရတနာပုံက
နာရီစင် နံဘေးနားမှ
ဈေးချိုသူ မဏ္ဍပ်ပေါ်မှာပေါ့
ကခဲ့ရ ချွေးတစိုစို ရွှေခြေကျင်းသံ တညံညံပေါ့

YPI - New Step of Importance for Burma, the question ...

မြန်မာ့အရေးအတွက် အရေးပါတဲ့ခြေလှမ်းများ လေလား
ရန်ကုန်နယူးစ်အင်တာနေရှင်နယ်
ဧပြီ ၁၊ ၂၀၁၁ (ဖေ့စ်ဘွတ်က ပြန်ကူးတင်ဆက်တယ်)
ရန်ကုန်၊ မတ်လ ၃၀၊ ၂၀၁၁ (YPI) - ရန်ကုန်မြို့ လမ်းသွယ်တစ်ခုအတွင်းရှိ  ရ၀တလို့ အတိုကောက်ခေါ်ကြတဲ့ ရပ်ကွက်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေး ကောင်စီရုံးရှေ့မှာ ဒီနေ့မနက် ၈နာရီဝန်းကျင်ကတည်းက ထူးထူးခြားခြား လူစုစု လုပ်နေကြတာ တွေ့ရသည်။ ခါတိုင်း ဒီလိုအချိန်မှာ ရုံးဖွင့်သည့် အဖြစ်တခါမှ မကြုံခဲ့ဖူး။ ရ၀တ အဖွဲ့ဝင် ၄/၅ ယောက်လောက် အကျီ်လက်ရှည်တွေ သပ်သပ်ရပ်ရပ်ဝတ်စားပြီး အစိမ်းရောင် ဆိုင်းဘုတ်တစ်ခုကို အောင်သပြေပန်းတွေ ထောင့်စွန်းနှစ်ဖက်မှာ ချည်နေကြသည်။
            ဆိုင်းဘုတ်ကိုကြည့်လိုက်တော့ “ကျောက်တံတားမြို့နယ်၊ အမှတ် (..) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဆိုတာကိုတွေ့လိုက်ရတော့ ရ၀တတွေ နာမည်ပြောင်းတဲ့ပွဲဟု နားလည်လိုက်ရသည်။ ဆိုင်းဘုတ်အရောင်က အစိမ်းရင့်ရောင်ဖြစ်ပြီး သွပ်ပြား၊ သံပြားမှာ ဆေးဖြင့်ရေးထားသည့် ဆိုင်းဘုတ်မဟုတ်ပဲ ဗီနိုင်းစပေါ်တွင် ပုံနှိပ်ထားပြီး သစ်သားဘောင်တွင် ကွပ်ထားသည့် ဆိုင်းဘုတ်ဖြစ်သည်ကိုတွေ့ရသည်။
            ၈နာရီ ၅၀ မိနစ်ကျော်လာတော့ ရ၀တ ဥက္ကဋ္ဌလုပ်သူနဲ့ သူ့နောက်လိုက်တချို့ဆိုင်းဘုတ်ကို ယခုရက်ပိုင်းအတွင်း ဖြုတ်ချထားတဲ့ ဆိုင်းဘုတ်ဟောင်းနေရာမှာ သွပ်နန်းကြိုးတွေနဲ့ ချိတ်တွဲလိုက်ပြီး ယခင်ရ၀တ ရာအိမ်မှူး တဦးက ဒစ်ဂျစ်တယ် ကင်မရာဖြင့် ဆိုင်းဘုတ်အသစ်ကို မှတ်တမ်းတင်လိုက်သည်။ ဤသည်မှာ ၁၇ နှစ်ကြာ အုပ်ချုပ်ခဲ့တဲ့ နအဖ အမည်နဲ့ အစိုးရအဖွဲ့ရဲ့ တရားဝင် ဖျက်သိမ်းသည့် နေ့ဖြစ်သည်။
ရန်ကုန်မြို့ရဲ့ ပြည်လမ်းနဲ့ အလုံလမ်းထောင့်မှာ တည်ရှိတဲ့ ယခုလာမယ့်အစိုးရသစ်ရဲ့ တိုင်းဒေသကြီး လွှတ်တော်ရုံး တ၀ိုက်တွင်လည်း  လွန်ခဲ့သည့် ၂ ၊ ၃ ရက်ကတည်းက လုံခြုံရေး တင်ကြပ်စွာချထားခဲ့သည်ကို တွေ့ရသည်။အဆိုပါ အဆောက်အဦမှာ မဆလ ဦးနေ၀င်း ခေတ်က ပြည်သူ့လွှတ်တော် အဆောက်အဦဖြစ်သည်။ ယနေ့ခေတ်မှာတော့ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် အဆင့်သာ အသုံးပြုမည့် သဘောဖြစ်သည်။  ယနေ့နံနက်ပိုင်းမှာ ပြည်နယ်နဲ့ တိုင်းဒေသကြီး လွှတ်တော်အားလုံးမှာလည်း နေပြည်တော်မှာ ပြုလုပ်တဲ့ အစိုးရအဖွဲ့သစ် ကျမ်းကျိန်တဲ့ အခမ်းအနားနဲ့ အတူ တပြိုင်နက်တည်း နီးပါး ကျမ်းကျိန်ကြလိမ့်မည် ဖြစ်သည်။
            လွှတ်တော်အ၀င်ဝနှင့် ကိုက် ၁၀၀ အကွာ ပြည်သူ့ရင်ပြင်ရှေ့တွင်တော့ လွန်ခဲ့သည့် နှစ် ၃၀ ၊ ၄၀ ၀န်းကျင်က ထွက်ရှိသည့် မာဇဒါ လေးဘီးနှင့် အခြားတပတ်ရစ် ကားတန်းရှည်ကြီးကိုတွေ့ရမည် ဖြစ်သည်။ ဓါတ်ဆီ ၃၊ ၄ ဂါလံဝန်းကျင် ၀ယ်ယူခွင့်ရဖို့ရာ နံနက်စောစောကတည်းက လာတန်းစီနေသည့် ကားတန်းကြီးဖြစ်သည်။ ရှင်စောပုလမ်းနှင့် ပြည်လမ်းထောင့် ဓါတ်ဆီဆိုင်မှာ ၀ယ်ယူဖို့ တန်းစီတဲ့ကားတန်းကြီးက စမ်းချောင်းရဲစခန်း၊  မြေနီကုန်းဈေးကို  တပတ်ပတ်ပြီး ပြည်လမ်းအတိုင်း ပြည်သူ့လွှတ်တော် အနီးရောက်လုနီးပါး ရှည်လျားလှသည်။

အဆိုပါ ဓါတ်ဆီဝယ်ယူခွင့်ရဖို့ တန်းစီနေသူတွေ အနေနဲ့တော့ စစ်တပ်အုပ်ချုပ်ရေးဖြင့် နှစ်ပေါင်း ၂၂ နှစ်ကျော်အုပ်ချုပ်လာသည့် အစိုးရအဖွဲ့မှ ယခုအရပ်ဝတ် ၇၅ နှင့် စစ်အရာရှိ ၂၅ ရာခိုင်နှုန်း ပါဝင်သည့် အစိုးရတစ်ရပ် ကျမ်းသစ္စာကျိန်ဆိုမည့် သမိုင်းဝင်နေ့တစ်နေ့ကို ဂရုမထားမိကြပါ။ သူတို့အတွက် တနေ့တာ ၀ယ်ခွင့်ရမည့် ဓါတ်ဆီဂါလံနှင့် ပြန်ရောင်းလျင်ရမည့် အမြတ်ကိုသာ စိတ်ဝင်စားကြမည်ဖြစ်သည်။
            မတ်လ ၃၀ ရက်နေ့ယနေ့နံနက်ပိုင်း နေပြည်တော်မှ လာသည့်သတင်းများအရ နအဖအစိုးရအဖွဲ့ကို ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေလက်မှတ်ထိုးပြီး ဖျက်သိမ်းလိုက်ပြီး ဆက်တိုက်ဆိုသလို ယခင်အစိုးရအဖွဲ့တွင် ၀န်ကြီးချုပ်ဟောင်းနှင့် ယခု သမ္မတသစ်ဖြစ်သူ ဦးသိန်းစိန်က ကြေညာချက် ၁ဒါဇင်ထက်မနည်း ထုတ်ပြန်ကာ ၀န်ကြီးဋ္ဌာနနှင့် ၀န်ကြီးအမည်၊ ဒုဝန်ကြီး၊ ရှေ့နေချုပ်၊ ရာထူးဝန်အဖွဲ့ (ယခင်က ၀န်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့ ဟုခေါ်ဝေါ်ခဲ့) ၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ၊ အဖွဲ့ဝင် စသည်တို့ကို ခန့်အပ်ကြောင်း ကြေညာခဲ့သည်။
            ယခင်က လုပ်လေ့လုပ်ထမရှိသည့် ချက်ခြင်း ရုပ်သံသတင်းမှ လွှင့်ထုတ်ကြေညာသည်ကိုလည်း တွေ့ရသည်။ အစိုးရအဖွဲ့သစ် ကျမ်းကျိန်သည့်နေ့တွင် အရပ်ဝတ် အစိုးရသစ်ဖွဲ့ဝင်များ အနေဖြင့် စိတ်လှုပ်ရှားကောင်းလှုပ်ရှားနေပေ လိမ့်မည်။ ၀န်ကြီးဋ္ဌာနအသီးသီးမှ အရာရှိကြီးတွေလည်း သူတို့နဲ့ ဆက်ဆံရေးကောင်းသူတွေ နေရာရကြသလား ၊ မရကြဘူးလား၊ မြင့်သွားလား နိမ့်သွားသလားဆိုသည့် အချက်ကို စိတ်ဝင်စားကြမည်မှာ အသေအချာပင်။ သို့သော် သာမန် အုပ်ချုပ်ခံ အရပ်သား တွေထဲအကြားမှာတော့ သိပ်ပြီး လှုပ်လှုပ်ရှားရှား မတွေ့မြင်ရပေ။
            ရန်ကုန်မြိုလယ်မှ အသက် ၂၉နှစ်အရွယ် လမ်းဘေးဂျာနယ်ရောင်းသူ ကိုမြင့်ဦးက “ကျမ်းကျိန်မယ်လို့ကြားတယ်။ ကျမ်းကျိန်တယ်ဆိုရင် သူတို့အရင်မဟုတ်လာလုပ်ထားတယ် လို့ဆိုရင်တော့ ကိစ္စမရှိဘူး၊ အဲလိုမဟုတ်ပဲ သူတို့လုပ်တာတွေမှန်တယ်ဆိုရင်တော့ အဲဒါ ပြဿနာရှိလိမ့်မယ်” ဟုသူနားလည်သလို ကျမ်းကျိန်သည့်သတင်းကို ကောက်ချက်ချသည်။
လူအများ အနေဖြင့် ကျမ်းကျိန်ဆိုသည့် အခမ်းအနားဆိုသည်ကို မကြားဘူးသည်မှာ နှစ်၅၀ တင်းတင်းရှိပြီဖြစ်သည်။ ကျမ်းသစ္စာကျိန်ဆိုပြီး နိုင်ငံအာဏာကို ရယူခြင်းမှာ ၁၉၆၀ ခုနှစ်ရွေးကောက်ပွဲဖြင့် အနိုင်ရလာသည့် ပထစ အစိုးရလက်ထက်က နောက်ဆုံးဖြစ်လိမ့်မည်။ အဆိုပါကာလနောက်ပိုင်း အာဏာသိမ်းခြင်းဖြင့်၎င်း၊ အခြေခံဥပဒေ အတည်ပြုပြီး အာဏာရယူခြင်းဖြင့်၎င်း အုပ်ချုပ်လာခဲ့ကြသဖြင့် နှစ်ပေါင်း ၅၀ ကျော်မှာ တကြိမ်ကြုံဖူးသည့် အဖြစ်အပျက်တစ်ခု ဖြစ်သည်။
            အချို့သော အရပ်သား၊ ရှေ့နေတွေကတော့ ယခုလို အစိုးရအဖွဲ့သစ်ကျမ်းကျိန်ဆိုပြီး အာဏာစတင်အသက်ဝင်မည့် အဖြစ်အပျက်အပေါ် မည့်သည့်မျှော်လင့်ချက်မှ မထားကြပေ။ အသက် ၅၀ အရွယ် ရေခဲစက်လုပ်ငန်းလုပ်ကိုင်သူ တဦးက
“ကျွန်တော့်အနေနဲ့ ဘာမှ များများစားစား မမျှော်လင့်ပါဘူး” ဟုဆိုသည်။
တချိန်က အန်အယ်လဒီ ပါတီမှာ တက်ကြွစွာဆောင်ရွက်ခဲ့ဖူးသူ ရှေ့နေတဦးကတော့
“လိမ်နေတာ” ဆိုသည့် တုံးတိတိ စကားလုံးသုံးလုံးဖြင့် ကောက်ချက်ချသည်။
အခေါ်အဝေါ်တွေ ပြောင်းလဲခြင်း အုပ်ချုပ်ပုံ ပုံစံအချို့ပြောင်းလဲခြင်း၊ လူအချို့ပြောင်းလဲခြင်းတွေ ရှိနေသော်လည်း လူထုအနေဖြင့် ယခုထက်ပိုပြီး ပြောင်းလဲဖို့ကို မျှော်လင့်ကြသည်။ လာဘ်စားခြင်း၊ ခြစားခြင်း စသည့် အစိုးရအဖွဲ့ကို လှိုက်စားလျက်ရှိသည့် ရောဂါဆိုးတွေကို ပြုပြင်စေလိုသည့် ဆန္ဒလည်းလူတချို့ဖေါ်ထုတ်ပြောဆိုကြသည်။
ရန်ကုန်မြို့မှ အသက် ၆၀ အရွယ် ရှေ့နေ ဦးဝင်းဆွေက
“ အသွင်သဏ္ဍန်အရ ၊ အခြေခံဥပဒေအရ အရပ်သားအစိုးရ ဖြစ်လာတယ်လို့ ပြောလို့တော့ရတာပေါ့။ နိုင်ငံတော် အေးချမ်းသာယာရေးတို့ တိုင်းဥက္ကဋ္ဌတို့ဆိုတဲ့ တပ်မတော် အရာရှိတွေကို စာရင်းထဲနဲ့ သတင်းစာထဲ တွေ့ရမှာ မဟုတ်တော့ဘူး၊ နောက်တချက်က လာဘ်ပေးတာကို နှိမ်နှင်းမယ်ဆို ဘယ်ရာထူး အဆင့်ထိ နှိမ်နှင်းမလဲ ဆိုတာပါ” ဟုပြောသည်။
            အထက်ကလို စိတ်ပျက်သည့် အားလျော့စွာဖြင့် သုံးသပ်သူတွေရှိသလို ယခုရရှိတဲ့ အနေအထားကို အသုံးချပြီး နောက်တဆင့်တိုးချဲ့ယူသွားဖို့ ဆိုသည့် ထင်မြင်ယူဆသူများလည်း ရှိသည်။ ယခုအဖြစ်အပျက်ဟာ တော်လှန်ရေးမဟုတ် အသွင်ကူးပြောင်းရေး ဖြစ်စဉ်ဟု ရှုမြင်ပြီး လက်ရှိအနေအထားမှာ အားလုံးပြောင်းလဲဦးမှာ မဟုတ်သေးဟု သူတို့ကရှုမြင်ကြခြင်း ဖြစ်သည်။
နေပြည်တော်မှ လု့ပ်ငန်းရှင် တဦးဖြစ်သူ ကိုသောင်းက
“နောက်လာမယ့် အစိုးရသစ်ကို နအဖလို့ မမြင်ဘူး၊ အခုက ပါလီမန်ရှိလာပြီ၊ အရင်သက်ဦးဆံပိုင်လို အုပ်ချုပ်လာရာကနေ အခုပါလီမန်နဲ့ အုပ်ချုပ်တဲ့သဘော၊ လွှတ်တော်ဆိုတာကို အဆိုးမမြင်ပဲ လွှတ်တော်ထဲက သူတွေ ဘာတွေအကောင်းဆုံး လုပ်နိုင်မလဲဝိုင်းအကြံပေးကြဖို့ လည်းစဉ်းစားကြည့်တယ် ၊ အခုလွှတ်တော်ထဲ ၀င်သွားတဲ့သူတွေကိုတော့ အားမရဘူး။ ဒိထက်ပိုတော်တဲ့သူ ပိုကောင်းတဲ့သူတွေရောက်အောင် လုပ်နိုင်ရင် မဆိုးဘူး” ဟု သူကပြောသည်။
ထို့အတူ အချို့ရဲ့အခေါ် ယခုအရပ်သား အစိုးရနဲ့ စစ်တပ်ရဲ့ နောင်လာမည့် ဆက်ဆံရေးကိုလည်း စောင့်ကြည့်ဖို့ လိုသည်ဟု နိုင်ငံရေး အကဲခတ်သူတချို့က သုံးသပ်ကြသည်။ နကိုက စစ်တပ်မှာ အမှုထမ်းခဲ့သော်လည်း လက်ရှိအချိန်မှာ အရပ်ဝတ်ဖြစ်နေသည့် အစိုးရအဖွဲ့က တပ်ကို အမိန့်ပေးနေသည်ကို စစ်တပ်က နာခံမည်လားဆိုသည့် တွေးဆချက်ဖြစ်သည်။
ရန်ကုန်မြို့မှ ကိုယ်ပိုင် စီးပွားရေး လုပ်ငန်းရှင် တဦးကတော့
“အလွန်တရာ ထူးခြားတဲ့ အဖြစ်အပျက်ပါ။ မြန်မာ့နိုင်ငံရေးအတွက် အချိုးအဆစ် အလှည့်အပြောင်းတခုပါပဲ၊ ကျွန်တော်တို့အနေနဲ့တော့ စီးပွားရေး ပေါ်လစီဘယ်လိုပြောင်းမလဲ ဆိုတာစောင့်ကြည့်နေပါတယ်” ဟုသူ့အမြင်ကိုပြောသွားသည်။
            ယခု တကြိမ်ဖွဲ့စည်းထားသည့် အစိုးရအဖွဲ့သစ်ရဲ့ ၀န်ကြီးတွေကို ပြည်နယ်လွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော်မှ ၀န်ကြီးများနှင့် ရောထွေးမည် စိုးသဖြင့် ပြည်ထောင်စုဝန်ကြီးဟု ခွဲခြားခေါ်ဝေါ် သုံးစွဲသည်ကို တွေ့ရသည်။ နှစ် ၅၀ ကျော်အတွင်း ပြည်ထောင်စု ၀န်ကြီး၊ အမျိုးသား လွှတ်တော်၊ ကျမ်းသစ္စာကျိန်ဆိုခြင်း အစရှိသည့် စကားလုံးများကို ပြန်လည်ကြားရခြင်းဖြစ်သည်။ သို့သော် ထိုစကားလုံးများ၏ နောက်ကွယ်တွင် အနှစ်သာရအားဖြင့် မည်မျှပါရှိမည် မရှိမည်ဆိုသည်ကတော့ ပြောဖို့ စောသေးသည့် အချိန်လည်းဖြစ်သည်။

Hope



မျှော်လင့်ခြင်း
မင်းကိုနိုင်
ဧပြီ ၁၊ ၂၀၁၁



ဆန္ဒနဲ့ဘ၀ တထပ်တည်းကျဖို့ဆိုတာက
ကူပွန်လေးတစောင်ထဲကိုင်ပြီး
ကံစမ်းမဲ ပထမဆုကို ထောင်မျှော်နေတာပါ။

ငါတို့တွေကိုက
တိုက်ဆင်တွေလို အရေထူဖို့ ကြိုးစားနေရတာ
တိုက်ပွဲကြမ်းကဒဏ်ရာ အောင်ပွဲမှ ပြကြေးကိုး။

ဓာတ်စာအမျိုးမျိုးကို
အိပ်ယာထဲက ပူစာနေတဲ့ လူမမာနဲ့ တူနေပြီမှန်းလဲ သိပါရဲ့။

အမေခွံ့ကျွေးသမျှ
(တကျိကျိ အော်ပြီး) ပါးစပ်လိုက်ဟ
ငှက်ပေါက်ကလေးဘ၀က
ငါလဲ ကျော်ဖြတ်ချင်လှပါပြီဟာ။

လောင်ဂျီကျု မျဉ်းတကြောင်းထဲအပေါ်
မနေနိုင်ကြပေ
နေ့ညတွေ မတူကြ
ငါ့အိပ်မက်တွေ ပြောပြမယ့် မနက်တွေမှာ
နင်က အိပ်မောကျကာစ။

“နှင်း” သီချင်းထဲကလိုပေါ့
“အခုတော့ ပင်လယ်ပဲရှိတယ်” ဆိုတဲ့ အပိုဒ်
ငါကျော့ဆိုနေလိုက်မယ်။

တနေ့မှာတော့
ငါကောက်ထားသမျှ ခရုခွံတွေနဲ့
အရုပ်ကလေးတွေ လုပ်ပြဦးမယ်
မျောက်ကလေးတွေ သန်းရှာနေတဲ့အရုပ်လဲပါ။

Cartoon Win Pe - mermaid (2)



ကာတွန်း ၀င်းဖေ - ရေသူမ (၂)
မတ် ၃၁၊ ၂၀၁၁

Wednesday, March 30, 2011

Moemaka quotes in Mar 2011

မိုးမခ၏ မတ်လ စာကိုး၊ စကားကိုး
မတ် ၃၁၊ ၂၀၁၁


ကဗျာဆရာ ဆိုတာကလည်း ၀ါဒတွေ မတူကြပါဘူး။ အတွေးအခေါ်တွေ မတူကြပါဘူး။ ပေါင်းစပ်လို့ လုံးဝ မရနိုင်တဲ့ အထဲမှာ ကဗျာဆရာတွေလည်း ပါပါတယ်။ ဒါပေမယ့် မြန်မာပြည်က ကဗျာဆရာတွေ အားလုံး ပါမယ့် (မြန်မာကဗျာ ၂၀၁၀) ကဗျာစာအုပ် ထုတ်ရခြင်း ဖြစ်ပါတယ်။ အမြန်စီစဉ်လိုက်တာ ဖြစ်တဲ့အတွက် တချို့ ကဗျာဆရာတွေ ကျန်ခဲ့ပါတယ်။
ညိုသစ်ငယ်၊ ကဗျာဆရာ
အလင်းတန်းဂျာနယ်၊ မတ် ၂၈

------------------------------
ဗိုလ်ချုပ်အောင်ဆန်းမှာ သူ၏နိုင်ငံရေးစွမ်းပကားကြောင့် တိုင်းပြည် လွတ်လပ်ရေး ခေါင်းဆောင်အထိ ဖြစ်ခဲ့သော်လည်း တကယ်တမ်း မြန်မာပြည်နှင့် လူမျိုးကို ပျော့ညံ့သွေးအေး နိမ့်ပါးသည့်ဘဝမှ သူပုန်လူမျိုးအဖြစ် မီးထိုးတင်ပေးလိုက်သည်မှာ ယောဂီကြီးမစ္စတာမောင်မှိုင်း၏ တစ်တစ်ခွခွ ဋီကာများဖြစ်သည်။ ဆရာမှိုင်းကြီးစာများမှာ ဝေ့လည်ကြောင်ထိုး ပျော့ချိချိ ကြောင်စီစီ သမားဂုဏ်ပြစာများ မဟုတ်ကြ။ သတင်းစာအတတ်ကို လူထုစွဲအောင် အစဉ်အလာ အဆိုအပြော စာသဘောနှင့် တွဲ၍ ထူမပေးခဲ့သူလည်းဖြစ်သည်။
ဘိုဘိုလန်းစင်
မဇ္ဈိမ၊ မတ်လ ၂၄



------------------------------
အင်တာနက်ကောင်းကောင်း သုံးချင်ရင် ည ၁ နာရီကျော်မှ သုံးရတာမျိုးတွေလည်း ရှိပါတယ်။ မိုးလင်းတဲ့အထိ အလုပ်လုပ်ရပါတယ်။ လုံးဝ သုံးမရတော့ဘူး ဆိုရင်လည်း မြန်နှုန်းမြင့်ရတဲ့ ဆိုင်တွေမှာ သွားသုံးရတာတွေ ရှိတယ်။ မြန်နှုန်းမြင့်အင်တာနက် ရတဲ့ စင်တာတွေကို သွားသုံး ရတာတွေလည်း ရှိပါတယ်။ အဲဒီလို mobile user လုပ်ရတဲ့အခါမျိုးတွေလည်း ရှိပါတယ်။ မိုး/ဇလ သတင်းတွေကို အချိန်မီ ထုတ်ပေးနိုင်အောင်တော့ ကျနော်လည်း ကြိုးစားပါတယ်။ လုံးဝ မရတော့ဘူး ဆိုရင်တော့လည်း မတတ်နိုင်ဘူးပေါ့ဗျာ။
မိုး/ ဇလ ညွှန်ချုပ်ဟောင်း ဒေါက်တာထွန်းလွင်
ဧရာဝတီ၊ မတ် ၂၄


------------------------------
အစိုးရသစ်လို့ ပေါ်လာပေမယ့်လည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့၊ ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့ဟာ နောက်ကွယ်က အာဏာကို ဆက်လက်ကိုင်စွဲသွားမှာပဲ ဖြစ်တယ်။ ၂၀၀၈ ဖွဲ့စည်းပုံကို အတင်း အတည်ပြုလိုက်ကတည်းက ဒီလိုလုပ်လာမယ်ဆိုတာ အားလုံးကြိုသိပြီးသား။ အခုက နအဖ က ပုံဖေါ်နေတဲ့ ရုပ်သေးပြဇာတ်တပုဒ်လို့ပဲ ထင်တယ်။
ဦးအေးသာအောင်၊ ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPP)

ဧရာဝတီ၊ မတ် ၃၀

------------------------------
ဘော်လုံးကစားချင်တဲ့သူတွေ ရှိတယ်၊ ကစားခွင့် မရဘူး။ ကျောင်းသူကျောင်းသားတွေပေါ့။ နောက်တခုက မြို့တိုင်း နယ်တိုင်းမှာ ဘော်လုံးကွင်းတွေမှာ မြေကွက်လပ်တွေမှာ တော်တော်လေး ဆုံးရှုံးကုန်တာ ရှိတယ်။ ရပ်ကွက်၊ အဆောက်အအုံတွေ ဖြစ်ကုန်တာ။ အဲဒါလည်း အဓိက အချက် တချက် ပါတယ်။
ခင်မောင်ထွေး (ပျဉ်းမနား)၊ အားကစားကလောင်ရှင်
VOA အသံလွှင့်ဌာန၊ မတ် ၃၀

------------------------------
လူငယ်တွေအတွက် ဘော်လုံးပြိုင်ပွဲတွေ မရှိဘဲ ဘော်လုံးသင်တန်းကျောင်းပဲ ရှိနေတဲ့ ကမ္ဘာမှာ တခုတည်းသော နိုင်ငံ ဖြစ်ကောင်းတောင် ဖြစ်နိုင်တဲ့ မြန်မာနိုင်ငံရဲ့ အားကစား ရှေ့ရေးအတွက် ကျနော်တို့ ဘယ်လောက်များ စိတ် ရှည်ရှည်ထားကြမလဲ။ ဒါကတော့ ပရီးမီးယားလိဂ် ကြည့်နေကြတဲ့ ဘော်လုံး ပရိသတ်ကြီး စဉ်းစားဖို့ မေးခွန်း ဖြစ်ပါတယ်။
တင်မောင်သန်း၊ စာနယ်ဇင်းသမား
VOA အသံလွှင့်ဌာန၊ မတ် ၃၀


------------------------------
လူရယ်လို့ဖြစ်လာရင် လူ့တာဝန်ကျေဖို့ အရေးကြီးပါတယ်။ ၁၀၀ရှိတဲ့ထဲမှာ တစ်ခုလောက်ပဲ တာဝန်ကျေနိုင်ရင် အဲဒီတစ်ခုကိုပဲ တာဝန် ကျေနိုင်အောင် ကြိုးစားဖို့ လိုပါတယ်။ ကျွန်တော့်ဘ၀မှာ တာဝန်တစ်ခုမှ မကျေမှာကိုပဲ ကြောက်တာပါ။ နောက် ပြီး ကျွန်တော် ပြည်သူချစ်တဲ့လူတစ်ယောက် ထာဝရဖြစ်ချင်တယ်။
ဗေလုဝ၊ သရုပ်ဆောင်
news-eleven.com


------------------------------
ဝိုင်းကြပြီးဆိုရင် ဘီယာပဲသောက်လေ့ ရှိတယ်လေ။ ကျွန်တော့်သွေးက နဂိုကတည်းက အယ်လ်ကိုဟောကို ကြာကြာမခံ နိုင်ဘူး။ လူကလည်း နဂိုပျော်ဆိုတော့ မူးလာရင် ပိုပို ပျော်လာတယ်လေ။ အနားက လူတွေအားလုံးက အင်မတန် ချစ်စရာကောင်းတယ်။ အဲဒီတော့ ကျွန်တော်က မူးလာရင် ဖက်နမ်းပစ်တာပဲ။
အရိုး၊ တေးရေး/တေးဆို
မန္တလေးအာရုဏ်ဦးဂျာနယ်၊ မတ် ၁၆


------------------------------
အမှတ်တွေ များတိုင်းလည်း ဆေးတက္ကသိုလ် တက်ဖို့ မစဉ်းစားပါနဲ့။ ကိုယ်ဘာဖြစ်ချင်လဲ ဆိုတာကိုပဲ သေချာ သိအောင်လုပ်ပါ။ ကိုယ်လုပ်ချင်တဲ့ နယ်ပယ်မှာအကောင်းဆုံး ဖြစ်အောင်သာ အားစိုက်ထုတ်ပါ။ စာမေးပွဲမှာရတဲ့ အမှတ်က အကောင်းဆုံး မဟုတ်သေးပါဘူး။ စာမေးပွဲက ကိုယ့်ရဲ့ နောက်ဆုံး အရည်အချင်းလို့ မထင်ပါနဲ့။
ကိုအောင်ဖုန်းမြင့်၊ Bates ကောလိပ်၊ အမေရိကန်နိုင်ငံ

The Voice ဂျာနယ်၊ မတ် ၁၄


------------------------------

စစ်အစိုးရကလည်း ကျနော်တို့ကို မယုံဘူး၊ အတိုက်အခံတွေကလည်း ကျနော်တို့ကို မကြိုက်ကြဘူး။
ဦးအောင်နိုင်ဦး၊ မြန်မာ့အရေး လေ့လာသူ
Financial Times မတ် ၃၀


------------------------------
အခုနောက်ပိုင်း နိုင်ငံတကာမှာ သူတို့ကို မသန်မစွမ်းသူ disabled လို့တောင် မခေါ်ကြတော့ပါဘူး။ သူတို့ရဲ့ လူ့ဂုဏ်သိက္ခာအတွက် တနည်းတဖုံအားဖြင့် သန်စွမ်းသူများ differently abled လို့ ပြောင်းခေါ်လာကြတယ်။ အခြေအနေတခုခုကြောင့် ကိုယ်ကာယ မသန်စွမ်းမှုရှိမယ်။ အခြားတနေရာရာ၊ တကဏ္ဍမှာတော့ သူ့ထက်ကဲ တနည်းနည်း စွမ်းဆောင်နိုင်သူများလို့ ဆိုချင်ပုံ ရပါတယ်။
အောင်သူငြိမ်း၊ ဘလော်ဂါ၊ မြန်မာ့အရေးလေ့လာသူ
မဇ္ဈိမ မတ် ၁၁


------------------------------
အမျိုးသမီးဘက်က မိသားစုက အနုပညာလုပ်တာ လုံးဝမကြိုက်ဘူး။ ကျွန်တော့အပေါ် မယုံကြည်ဘူး ပေါ့နော်။ ကျွန်တော်ကလည်း တစ်နှစ် နှစ်နှစ် အတွင်း အောင်မြင်အောင် လုပ်မယ်လို့ ကြွေးကြော်ထားတယ်။ အလုပ်လုပ်ရင် ပါးစပ်နဲ့ သက်သေပြတာထက် အလုပ်နဲ့သက်သေပြတာက ပိုကောင်းတယ်။

အနုပညာ အလုပ်လုပ်တဲ့ သူတွေအပေါ် လူတွေက တစ်မျိုးမြင်တတ်တယ်ဗျ။ သစ္စာမရှိဘူး၊ ကတိမတည် ဘူးဆိုတဲ့ သဘောမျိုးတွေပါတယ်။ ကျွန်တော့် ယောက္ခမက မြင်နေတာပေါ့နော်။ ကျွန်တော်ကလည်း အဲ့ဒါကို အတိုက်အခံလုပ်ပြီး အနုပညာအလုပ်ကို လုပ်ခဲ့တယ်။ အနုပညာ သမားတစ်ယောက် အနေနဲ့ ရပ်တည်ပြခဲ့တယ်။
ဩရသ၊ တေးရေး၊ တေးဆို
မန္တလေးအာရုဏ်ဦးဂျာနယ်၊ မတ် ၂


------------------------------
ဓာတ်ပုံနှင့် သရုပ်ဖော် - demonmisty.blogspot.com / tunlwin.com / yadanabon fan club / မင်းကျော်ခိုင် / news-eleven.com / မန္တလေးအထင်ကရ / The Voice / ဧရာဝတီ / yaw-han-aung.blogspot.com / ရွှေအမြုတေ

Cartoon Saw Ngo - Welcome USDP Government

ကာတွန်း စောငို - ကြိုဆိုရမှာပေါ့လေ …
မတ် ၃၁၊ ၂၀၁၁

Aung Tha Nge's poem – 21


မှန်အကွဲစတွေပဲ နှင်းတွေလို မှုန်လို့နေရော့ ...
အောင်သာငယ်
မတ် ၃၁၊ ၂၀၁၁

ဒဏ်ရာတခုလုံးလုံးကြီး တင်ကျန်ခဲ့ပြီဆိုမှတော့
နာကျင်တာတွေက ဘာထူးဆန်းတော့မလဲ ...
မောင်ရင်တို့ ...
မယ်မင်းကြီးမတို့ ...
သင်တို့တတွေကရော ...
ဘယ်လိုသဘောတွေနဲ့ ဘာတွေကို ထပ် မျှော်လင့်ထားနေသေးသတုန်း ...

views on recent changes in Burma


မြန်မာပြည် အစိုးရအဖွဲ့ အပြောင်းအလဲကို ဒီလို မြင်ကြတယ်
မတ် ၃၁၊ ၂၀၁၁


ယမန်နေ့က နအဖ စစ်ကောင်စီကို ဖျက်သိမ်းလိုက်သည်။ မကြာသေးမီက စစ်တပ်မှ အစုလိုက်အပြုံလိုက် အငြိမ်းစားယူလိုက်သူများ ပါဝင်သည့် "အရပ်သားအစိုးရ"ကို ဖွဲ့စည်းလိုက်သည်။ သို့သော်လည်း အာဏာကို ချုပ်ကိုင်ထားသည့်
စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေတွင် မည်သည့် ရာထူး၊ မည်သည့် တာဝန်များရှိသည်ကို မသိရသေးပေ။ တချိန်တည်းတွင်ပင် သူ၏ ရာထူး "ကာကွယ်ရေးဦးစီးချုပ်" ရာထူးက ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ထံသို့ ရောက်သွားကြောင်း လွှတ်တော်တက်သူများကို ကိုးကားပြီး သတင်းဌာနတို့က ဖော်ပြကြသည်။

ဤအပြောင်းအလဲများနှင့် ပတ်သက်ပြီး ယမန်နေ့က သတင်းဌာနတချို့တွင် ပါရှိသည့် သုံးသပ်ချက်များကို ကူးယူ ဖော်ပြလိုက်သည်။

တကယ် အာဏာရှိတဲ့သူက ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဖြစ်ပါတယ်။ ဆိုတော့ - သူက အာဏာစွန့်ပါတယ် ဆိုတာကို လုံးဝ ပြတ်ပြတ် သားသား မမြင်ရသရွှေ့ ကာလပတ်လုံး ဒါဟာ အာဏာလွှဲတယ်လို့ ဆိုဖို့ ခက်ခဲပါလိမ့်မယ်။
ဦးကျော်ဇံသာ၊ စာနယ်ဇင်းသမား
VOA

ဗိုလ်ချုပ်မင်းအောင်လှိုင်တို့က သူတို့နဲ့ စာရင် အသက် အများကြီး ကွာပါတယ်။ အချိန်မရွေး ဒီလူတွေဟာ စိတ်နေစိတ်ထား ပြောင်းလဲသွားနိုင်ပါတယ်။ ကမ္ဘာမှာ အခု ဖြစ်နေတဲ့ အခြေအနေနဲ့ ယှဉ်ရင်၊ အရှေ့အလယ်ပိုင်း အခြေအနေတွေမှာလည်း စစ်တပ်က ပြည်သူလူထုနဲ့ ပေါင်းသွားတဲ့ အခြေအနေမျိုးတွေက အာဏာရှင်ကို ဖယ်နိုင်တယ် ဆိုတဲ့ အတွေးအခေါ်မျိုးတွေက အများကြီး ဖြစ်နေတဲ့ အချိန်အခါမျိုးမှာ သူ အလန့်ဆုံးပါပဲ။
ဦးအောင်လင်းထွဋ်၊ ထောက်လှမ်းရေးဗိုလ်မှူးဟောင်း
VOA

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အနေနဲ့ စစ်တပ်က အနားယူလိုက်တယ် ဆိုပေမယ့် ဒီ (လက်ရှိ) ဗိုလ်ချုပ်တွေ အပေါ်မှာ ဆက်ပြီး ချုပ်ကိုင်နိုင်တဲ့ နေရာ တခုခုကို ဖန်တီးပြီးတော့ နောက်ကွယ်ကနေ ကြိုးကိုင်နေဦးမယ်လို့ ယူဆပါတယ်။
စစ်ရေးလေ့လာသူ ဦးဌေးအောင်
BBC

ပြည်သူလူထု မျှော်မှန်းတောင့်တနေတဲ့ ပြောင်းလဲမှုမျိုးတော့ မဖြစ်သေးဘူး
ဦးအုန်းကြိုင်၊ NLD
RFA

ရခိုင်ပြည်နယ်က ကျနော် မနေ့ညနေကမှ ရောက်ပါတယ်၊ ပြည်သူတွေကြားမှာ၊ ရွာတွေမှာ ကျနော်ရောက်တဲ့ အခါကြတော့ တကယ့် အားကိုးတကြီးနဲ့ သူတို့ရဲ့ အခက်အခဲတွေ၊ သူတို့ရဲ့ အကျပ်အတည်းတွေကို တင်ပြနေတာက ကျနော်တို့ကိုပဲ တင်ပြနေတာ ဖြစ်နေတယ်။ အဲတော့ တကယ်ဆိုရင် ပြည်သူတွေက အစိုးရသစ်နဲ့တကွ ကိုယ်စားလှယ်တွေကို အားကိုးတယ်ဆိုရင် သူတို့ကို တင်ပြရမှာပေါ့။
ဦးအေးသာအောင်၊ ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPP)
VOA

အစိုးရအသစ်က လည်ပတ်သွားပြီးတော့ အရှိန်လေး ရလာတဲ့အချိန်မှာ ကျနော်တို့ ပြည်သူလူထုအတွက် ဘာလုပ်ပေးနိုင်မလဲ၊ အစိုးရသစ်ကလည်း ပြည်သူလူထုကို ဘာတွေ စွမ်းဆောင်ပေးနိုင်မယ်ဆိုတာ အဲဒီတော့မှ အဖြေပေါ်မှာပေါ့။
ဦးစိုင်းစောင်စီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ)
VOA

လွှတ်တော်ထဲမှာရော အစိုးရထဲမှာရော သူတို့လူတွေချည်းပဲ ဆိုတော့ သူတို့ကိုယ်တိုင်က လူများစုနဲ့ အနိုင်ကျင့်တဲ့အဖြစ်ကို မရောက်အောင် နိုင်ငံတကာ မျက်နှာစာမှာ နိုင်ငံရေးသိက္ခာ အပြည့်နဲ့ ဆောင်ရွက်မယ် ဆိုရင်တော့ အားထားဖွယ်ရာ ရှိလာစရာ ရှိတယ်။
ဦးခင်မောင်ဆွေ၊ အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ(NDF)
VOA

အစိုးရအဖွဲ့ဆိုတာ အရင်တုန်းကဆိုရင် စစ်ဗိုလ်တွေချည်းပဲ၊ ယူနီဖောင်းတွေချည်းပဲ မြင်ရတယ်။ အခုတော့ ခေါင်းပေါင်းနဲ့ ပုဆိုးနဲ့ဆိုတော့ ဒါဟာ အရပ်သားတွေနဲ့ တန်းတူရည်တူ အစိုးရမျိုး ဖြစ်သွားတယ်။
ဦးသုဝေ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)
RFA

နာမည်ရှေ့က ‘ဗိုလ်ချုပ်’ တွေ ဖြုတ်ပြီး ‘ဦး’ တွေ တပ်၊ အရပ်သား အစိုးရပုံနဲ့ လုပ်လိုက်တော့ မသိတဲ့သူတွေ မျက်စိလည်စရာပဲ။ သူ့သြဇာခံမယ့် သူတွေကိုရွေးပြီး အစိုးရသစ်ကို ဖန်တီးထားတာ။ ဦးသန်းရွှေတို့ကတော့ ဘေးကနေ မတော်မတရား မလုပ်အောင် ၀င်ပြောမယ်လို့ ကြားတာပဲ။ တိုက်ရိုက်အုပ်ချုပ်တာ မဟုတ်ပေမယ့် သွယ်ဝိုက်အုပ်ချုပ်မှာပါပဲ။ သူတို့က ရာထူးသြဇာ အကုန်စွန့်လိုက်တဲ့ပုံစံ လုပ်ပြလိုက်တာပါပဲ။ တကယ်တော့သူတို့ လုပ်ချင်သလိုလုပ်လို့ ရနေတာပဲ။
ဝါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်း
ဧရာဝတီ

Ko Mike Sein - MoeMaKa Poll for March 2011


မိုးမခ မတ်လစစ်တမ်း
ကိုမိုက်ခဲစိန်
မတ် ၃၁၊ ၂၀၁၁
မိုးမခက လူတွေက စစ်တမ်း ၄ ခု ထုတ်ပြီး ပျော်တော်ဆက်ကြည့်တယ်။ ပြီးတော့ မဲစာရင်းကို ပို့ပေးပြီးတော့ ရေးစမ်းပါဦးတဲ့။ မိုးမခစစ်တမ်းဆိုတော့ မိုးမခပရိသတ်ရဲ့ သဘောထားပဲ ဖြစ်တယ်။ ပြီးတော့ မြန်မာပြည်တွင်းက စာဖတ်သူတွေရဲ့ သဘောထားတော့ မဖြစ်နိုင်ဘူး။ ပြည်ပရောက် မြန်မာတွေထဲက မိုးမခစာကိုဖတ်တဲ့ ပရိသတ် “ကွက်ကွက်ကလေး”ရဲ့ သဘောဖြစ်တယ်။ ဒါကို မြန်မာပြည်ကြီးက လူတွေသဘောလို့ ၀ါးလုံးနဲ့ ရမ်းလို့တော့ မဖြစ်နိုင်ဘူး။
ဒါ့အပြင် စစ်တမ်းကောက်ချိန်ကလည်း ၂၄ နာရီ လောက်အတွင်းက ပရိသတ်ကို ယူတာဆိုတော့ အချိန်ကို ကန့်ပြီး လျှပ်တပြက်ကောက်တဲ့ သဘောပဲ။ လူဦးရေကလည်း အနည်းဆုံး ၂၀၀ ကနေ ၅၀၀ လောက်ပဲ ရှိတာကို တွေ့ရတယ်။ တခုပဲ ထူးခြားတာက အများစုရဲ့ သဘောနဲ့ အများစုက ဘာတွေလည်းဆိုတာကို ထုတ်ကြည့်တဲ့သဘောဖြစ်တယ် ထင်တယ်။ ဘာကြောင့်ဆိုတော့ မဲတွေက အပြတ်အသတ် ကွာနေတာတွေ ရှိတယ်။ ခန့်မှန်းပြီး ပြောနေကြတဲ့ အချက်တွေကို စစ်တမ်းတခုကနေ အနည်းနဲ့ အများတော့ အတည်ပြုလို့ရတာပေါ့။
ကဲ … ပထမဆုံး သူတို့ သိချင်တာက မြန်မာပြည်အတွက် သင်ထောက်ခံတဲ့ အဖွဲ့အစည်း၊ အုပ်စုက ဘယ်ဟာလဲ တဲ့။ သိပ်ရွေးစရာ မရှိဘူး။ သို့သော် ပရိသတ်အများကြားထဲ ခေတ်စားတဲ့ အုပ်စုတွေကို ထုတ်ပြတာ ဖြစ်တယ်။ တ၀က်ကျော်က အင်န်အယ်ဒီကို ထောက်ခံတာကို တွေ့ရပါတယ်။ လက်နက်ကိုင်အုပ်စုတွေကိုလည်း ၁၀ % က ထောက်ခံတယ် ဆိုတယ်။ သူတို့ အယုံအကြည် မရှိဆုံးတွေက စစ်အုပ်စု၊ ကြံ့ဖွတ်လွှတ်တော်၊ အနောက်အုပ်စုနဲ့ ကုလသမဂ္ဂလို့ တွေ့ရတယ်။ သို့သော်လည်း တိုင်းပြည်ကို ကစားနေသူတွေက နောက်ဆုံးက အုပ်စု ၄ စုကပဲ ဖြစ်ပါတယ်နော်။ သူတို့တွေပဲ လက်ခုပ်ထဲက ရေလို မြန်မာပြည်ကို လုပ်နေတာ ဖြစ်ပါတယ်။ အင်း … စဉ်းစားစရာ။
ဒါနဲ့ အင်န်အယ်ဒီကို ထောက်ခံကြပါတယ်ဆိုလို့ ဘယ်လိုများ ထောက်ခံကြသလဲ မေးလိုက်တော့မှာ ရုပ်လုံးက ပိုကြွလာတယ် ပြောရမယ် ထင်တယ်။ ထောက်ခံတယ် ဆိုတဲ့နေရာမှာ အင်န်အယ်ဒီကို မိုးမခပရိသတ်က သတင်းနားစွင့်ပြီး “စောင့်ကြည့်” နေကြတာက အများဆုံး ၅၀ % နီးပါး ဖြစ်နေတာကိုး။ စိတ်လည်းပါ လက်လည်းပါတဲ့ ၀င်ရောက်လှုပ်ရှားသူတွေက ၁၀ % အောက်မှာ အသီးသီး ပြန့်နေတာကို တွေ့ရပါတယ် ခင်ဗျ။ ဘာကြောင့်လဲ ဆိုတာကို မိုးမခက ဆရာသမားတွေက မေးခွန်းလေးတွေနဲ့ စစ်တမ်း ထပ်ကောက်သင့်တာပေါ့လေ။ သူတို့ ဒါကို လုပ်မထားသေးဘူး။
တတိယစစ်တမ်းမှာတော့ လက်နက်ကိုင်တော်လှန်ရေး ထောက်ခံသူတွေကို မေးခွန်းထုတ်ထားတာ ဖြစ်ပါတယ်။ အင်န်အယ်ဒီကို မေးသလိုမျိုးပါပဲ။ ဘယ်လိုမျိုး ကိုယ်ထိ လက်ရောက် ထောက်ခံနေသလဲ ဆိုတာမျိုးကို မေးပြန်တော့လည်း အမြဲနားစွင့်နေတဲ့ ပရိသတ်က ၅၀ % နီးပါး ရှိနေတာပါပဲ။ သို့သော် တခုထူးခြားတာကတော့ အင်န်အယ်ဒီကို ငွေကြေးရင်းမြစ်ကူညီသူတွေ ၅ % ရှိတဲ့အချိန်မှာ လက်နက်ကိုင်အဖွဲ့အစည်းများကို ငွေကြေးကူညီသူတွေက ၁၀ % နီးပါး ရှိတယ်လို့ ရာခိုင်နှုန်း အားသာမှုကို ပြောနိုင်တာ ရှိပါတယ်။ ဘယ်လက်နက်ကိုင်အဖွဲ့အစည်းတွေကို ပရိသတ်က ထောက်ခံနေတာလည်း ဆိုတာကို သူတို့က ထပ်ပြီး မေးခွန်း ထုတ်မထားပြန်ပါဘူး။
ဒါနဲ့ ဆက်ပြီး ကြည့်လိုက်တော့ သူတို့ရဲ့ စတုတ္ထစစ်တမ်းမှာ နည်းလမ်းတွေ ကိစ္စ ပါလာပါတော့တယ်။ အပေါ်က စစ်တမ်းတွေမှာ အရိပ်အယောင် မတွေ့ရတဲ့ “လူထုအုံကြွမှု” တို့ “လူထုသပိတ်” တို့ကို စစ်တမ်း ၄ မှာ ထည့်သွင်းထားပါတယ်။ 
အဲသည် နည်းလမ်းတွေကို ကိုင်စွဲတဲ့ အဖွဲ့အစည်းတွေဖြစ်တဲ့ သမဂ္ဂတွေ၊ ၈၈ မျိုးဆက်၊ ၂၀၀၇ မျိုးဆက်၊ မြေအောက်လှုပ်ရှားသူများကို ပထမစစ်တမ်းမှာ မထည့်သွင်းခဲ့ဘဲ အခုကျမှ နည်းလမ်းစစ်တမ်းမှာမှ ထည့်သွင်းတယ် ဆိုတော့ … မိုးမခမှာ သပိတ်အဖွဲ့၊ အုံကြွမှုအဖွဲ့တွေ၊ တနည်းအားဖြင့် ယူဂျီအဖွဲ့တွေ အတွက် နံမယ်တတ်မေးစရာ အရေအတွက် များနေလို့ပေလား။ ဒါဆိုရင်လည်း နောက်စစ်တမ်းတခုမှာ ထည့်သွင်းမေးသင့်ပါတယ်။
 
ကဲ စစ်တမ်း ၄ မှာ ပွဲကြည့်ပရိသတ်ကြီးအားလုံးရဲ့ တခဲနက် ဆန္ဒမှန် ပေါ်ပေါက်လာတယ် ဆိုရမှာ ဖြစ်ပါတယ်။ မိုးမခရဲ့ ကွက်ကွက်လေးဖြစ်တဲ့ ပရိသတ်က လူထုသပိတ် လူထုအုံကြွမှုကို ၃၀ % နီးပါး ထောက်ခံကြပြီး လူထုနည်း၊ နိုင်ငံရေးနည်း၊ လက်နက်ကိုင်တော်လှန်နည်း ၃ ခု စလုံး ပူးပေါင်းပြီး လှုပ်ရှားကြဖို့ကို ၂၀ %  သဘောတူကြတာကို တွေ့ရပါတယ်။ လက်နက်ကိုင်ပြီး တော်လှန်ကြဖို့ကိုလည်း ၁၇ % က မျှော်လင့်ကြတယ် လို့ ဆိုပါတယ်။ နောက် ၁၅ % က နိုင်ငံရေးနည်းသက်သက်ကို အားပေးတယ်လို့ ပြောထားပါတယ်။
စစ်တမ်း ၄ မှာ လူထုဟာ အားလုံး တယောက်တလက်ပါဝင်နိုင်တဲ့ လူထုအုံကြွမှု နဲ့အတူ လက်နက်ကိုင်လမ်းစဉ်တွေ နိုင်ငံရေးလမ်းစဉ်တွေကို ၀န်းယံစေချင်တယ်လို့ စိတ်ကူးနေကြပုံရတယ် ထင်ပါတယ်။
နောက်ဆုံးစစ်တမ်းကတော့ လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားနေတဲ့ တိုင်းပြည်ကောင်းစားရေး လမ်းစဉ်တွေကို ရွေးကြသူ မိုးမခပရိသတ်ကြီးကိုယ်တိုင်ကို မေးခွန်းပြန်ထုတ်တာပါပဲ။ သင်တို့တတွေ သင်တို့ မိတ်ဆွေ ပတ်ဝန်းကျင်က ဘယ်လိုလူမျိုးတွေပါလိမ့် ဆိုတဲ့ စစ်တမ်းဖြစ်ပါတယ်။
ထုံးစံအတိုင်း သတင်းနားစွင့် သိရှိနေသူ ပရိသတ် သက်သက်က ၂၄ % (တမတ်သား)၊ အင်န်အယ်ဒီနဲ့ ပတ်သက်သူတွေက ၂၀ % ကျော်၊ လူမှုရေးတွေမှာ တက်ကြွလုပ်ကိုင်နေသူ ၁၇ % ရှိတာကို တွေ့ရပါတယ်။ အခြားအဖွဲ့အစည်း နယ်ပယ်တွေ ဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသားတွေ၊ လက်နက်ကိုင်တော်လှန်သူတွေ၊ လူထုအုံကြွမှု စည်းရုံးသူ နဲ့ မီဒီယာသမားအုပ်စုတွေက ၅ % ၀န်းကျင်မှာ ရှိနေကြပါတယ်။ ငွေကြေးရင်းမြစ်ကူညီသူများနဲ့ ပြည်ပက နိုင်ငံတကာနဲ့ ဆက်ဆံသူ ကင်ပိန်းအဖွဲ့အစည်းတွေကတော့ ရာခိုင်နှုန်း အနည်းဆုံး ဖြစ်နေတာ တွေ့ရပါတယ်။ ဒါက မိုးမခရဲ့ ပရိသတ် ကွက်ကွက်လေးထဲက ပရိသတ်အမျိုးအစားကို ပြောတာ ဖြစ်ပါတယ်နော်။
“ပြောကြည့်ရရင်တော့” … ဒါက ဈေးသည်တွေ ပွဲစားတွေ ပြောတဲ့ လေသံပါ။ “အကို ပေးချင်တဲ့ ဈေး ပြောကြည့်လိုက်လေ …” လို့ ဈေးသည်က ပြောပြီ ဆိုလို့ကတော့ ဟဲဟဲ … သိတယ်ဟုတ်။ ကြည့်ပြောရတော့မယ့် သဘော ဖြစ်ပါတယ်။
မိုးမခစာဖတ်သူတွေက မြန်မာပြည်အရေးကိစ္စတွေကို အစဉ်တစိုက် မျက်လုံးဒေါက်ထောက်ပြီး စောင့်ကြည့်နေသူတွေ၊ “နိုးကြားနေသူတွေ” ဖြစ်တယ် ဆိုတာကို တွေ့ရပါတယ်။ စစ်အုပ်စုနဲ့ အပေါင်းအပါတွေ၊ မဟာမိတ်တွေကို ခါးခါးသီးသီး ဆန့်ကျင်သူတွေ၊ ပြတ်ပြတ်သားသား ရှုတ်ချနေသူတွေ ဖြစ်နေတာကို တွေ့ရပါတယ်။ စစ်အာဏာရှင်ကို တိုက်ခိုက်နေတဲ့ အတိုက်အခံတွေကို အားပေးထောက်ခံသူတွေ ဂရုဏာသက်သူတွေ အများစု ဖြစ်နေတာကိုလည်း တွေ့ရပါတယ်။
အဲသည်အတွက် ပရိသတ်အကြိုက်လိုက်မယ် ဆိုရင်တော့ အင်န်အယ်ဒီသတင်း၊ လက်နက်ကိုင်တော်လှန်ရေး သတင်းနဲ့ လူထုအုံကြွမှု လူထုသပိတ် လှုပ်ရှားမှုတွေကို များများ သတင်းလိုက်ပေးရမယ့် သဘောဖြစ်နေပါတယ်။
သို့သော်လည်း …
မိုးမခပရိသတ်တွေထဲမှာ စည်းရုံး လှုံဆော်သူတွေ၊ တက်ကြွ လှုပ်ရှားသူတွေ၊ စိတ်တင်မဟုတ်ဘဲ ကိုယ်ရော လက်ပါတဲ့ သူတွေ ရဲ့ ရာခိုင်နှုန်းကတော့ နည်းနေပါသေးတယ်။ ဒါကလည်း မိုးမခရဲ့ အားနည်းချက် ဖြစ်ပါတယ်။ မိုးမခက အဲသည်လို တက်ကြွ လှုပ်ရှားသူတွေ၊ စည်းရုံး လှုံဆော်နေသူတွေ အမြဲဖတ်ရှုစောင့်ကြည့်နေတဲ့ စာစောင်တခု မဟုတ်သေးတဲ့ သဘောလို့ ကိုယ်ပေါင်ကို ထောင်းပြီး ဝေဖန်ရမှာပေါ့ ခင်ဗျာ။
နိုင်ငံရေးပါတီ၊ လက်နက်ကိုင်အဖွဲ့အစည်း၊ နိုင်ငံရေးလမ်းစဉ် တခုခုရဲ့ လက်အောက်ခံ မီဒီယာတခုဆိုတဲ့ ပေတံနဲ့ တိုင်းရင်တော့ မိုးမခမီဒီယာဟာ စာမေးပွဲကျမှာ ဖြစ်ပါတယ်။ သူ့ဆီက စာတွေ သတင်းတွေသည် ပရိသတ်တွေအတွက် သတင်းနားစွင့်သူ၊ စောင့်ကြည့်သူ၊ နိုးကြားသူတွေအတွက် အများစု ဖြစ်နေတယ် ဆိုတော့ သူဟာ တစုံတခုသောလမ်းစဉ်အတွက် ၀ါဒဖြန့်သူတဦးအဖြစ် မစွမ်းဆောင်နိုင်ဘူးကိုးလေ။
ဒီလိုသာ ကောက်ချက်ဆွဲမယ် ဆိုရင်တော့ မီဒီယာတွေက ဘက်မလိုက်ဘူးပေါ့လို့ ဆိုရတော့ မလိုလို၊ သို့သော်လည်း မိုးမခမီဒီယာပရိသတ်သည် အာဏာရှင်နဲ့ အပေါင်းအပါတွေရဲ့ အားပေးထောက်ခံမှုကို လုံးဝရရှိထားခြင်း မရှိတာကို တွေ့ရတာကြောင့် မိုးမခမီဒီယာသည် အခြားတဖက်ကို ပြောင်ပြောင်ကြီး ဘက်လိုက်တယ်ဆိုတာကတော့ ထင်ရှားသွားပြီ ဖြစ်ပါတယ်။
အင်း … ပြောကြည့်လိုက်တာပါ။ မြန်မာပြည်မှာကလည်း စစ်အစိုးရအသစ်တရပ် တက်ပြီ ဆိုတော့ စစ်အစိုးရဘက်လိုက်တဲ့သူတွေကလည်း သူတို့ရဲ့ အခြေခံဥပဒေစစ်တမ်း၊ ရွေးကောက်ပွဲ စစ်တမ်း၊ ပြည်သူ့လွှတ်တော်စစ်တမ်း … နောက်ဆုံး ကြံ့ဖွတ်အစိုးရ စစ်တမ်းနဲ့ လူထုကို အကဲစမ်းဦးပေတော့မယ်။ ကဲ … သူတို့လည်း “ပြောကြည့်” လိုက်ဦးလေ။

journal pieces on March 31


၅၀၀ တန် စည်းကမ်း၊ ဧရာဝတီ နဲ့ ငလျင်ကြောင့် ပျက်တဲ့လမ်း
အဝေးကြည့်မှန်ပြောင်း (ရန်ကုန်)
မတ် ၃၁၊ ၂၀၁၁


ခုတလော တကယ်ဘဲ မအားလပ်လွန်းလှလို့ ဂျာနယ်တွေကို ဖတ်ဖြစ်သလောက် မညွှန်းဖြစ်။ စိတ်သာရှိပါ၏ လူကမတတ်နိုင်။ ဒါဆိုဘာလို့ရေးနေသေးလဲမေးရင် အသည်းယားလို့၊ မနေနိုင်လို့ မအားလွန်းတဲ့ကြားက တပုဒ်စ နှစ်ပုဒ်စ ရေးမိရပါတယ်။ သည်းခံ ဖတ်ရှုတော်မူကြပါခင်ဗျာ။ စ လိုက်ချင်တာကတော့ ငါးရာတန်စည်းကမ်းအကြောင်းနဲ့ပါ။

၅၀၀ တန် စည်းကမ်း
စီးတော်ကျားလေး လိုင်စင် သက်တမ်းတိုးတယ်၊ သိပ်မကြာခင်ကပါ။ အားကိုးရတဲ့ သူငယ်ချင်းတယောက်နဲ့ သွားကြတယ်။ သက်တမ်းမတိုးမီ သူတပါးထိခိုက်မှုအာမခံ တင်ရပါတယ်။ ကောင်းတဲ့ အလေ့အထလေးမို့ လေးလေးစားစားဘဲ မြို့လယ် ဆူးလေနားက မြန်မာ့အာမခံ ရုံးကို ချီတက်သွားလိုက်တယ်။ အပေါက်ဝမှာ လက်မှတ်ထိုး၊ အပေါ်တက်၊ စည်းနဲ့ကမ်းနဲ့ပေါ့လေ။

အပေါ်ရောက် ထပ် လက်မှတ်ထိုး၊ ဖေါင်ဝယ်၊ ဖြည့်၊ စာရွက်ထပ်၊ အလှည့်ကျလို့ ခေါ်ရင် သွား၊ စာရွက်ယူ၊ ငွေသွင်း၊ ချလံထုတ်.. တွက်ကြည့်လိုက်တော့ တနေ့ ကုန်သလောက် ဖြစ်သွားမယ်။ ဒါကတော့ သူ့စည်း သူ့ကမ်းဘဲလေ..။ အင်း.. ကိုယ်ကလဲ ဒီတနေ့ဘဲအားတယ် လိုင်စင်ကလဲ ၀င်ရဦးမယ်.. ဘယ်လိုကြံရပါ့။ ဟဲဟဲ.. ဒါကစိတ်ကူးခင်ဗျ။

သူငယ်ချင်းက အကြောင်း သိပုံရတယ် .. ဘာမှစဉ်းစားမနေနဲ့ ဟိုမှာကြည့် ဆိုတော့ .. ကားက ခုမှ အာမခံရုံးရှေ့ ရောက်တာ။ ပါတိတ်ဝမ်းဆက်လေးတယောက် ကားမရပ်ခင် အနား ကပ်လာတယ်။ အူတူတူနဲ့ ကြည့်နေတဲ့ကိုယ့်ကို…

“အကို..အကို ပရီမီယံ ဆောင်ဖို့ ငါးရာဘဲပေး နာရီဝက်အတွင်း အမြန် ဆောင်ရွက်ပေးမယ်..”.. တဲ့။

ဟုတ်မှဟုတ်ပါ့မလား.. သူငယ်ချင်းက ကားရပ်ပါရစေဦးဗျာ လို့ ပြောရင်း ကားရပ်ဖို့နေရာ ကြည့်ပါလေရော..
“အကို ..ဟောဒီနားရပ်..” တဲ့..။

အလဲ့.. ၀န်ဆောင်မှုက ဒီလောက် ကောင်းလာတော့ ကိုယ်လဲ မျက်လုံးတွေ တောက်လာတာပေါ့နော်။ တကယ်ပါဘဲလေ..။ သွက်လိုက်တာများ နားထောင်ကြည့်..

“အကိုတို့ အေးအေးဆေးဆေး အောက်နားက လက်ဘက်ရည်ဆိုင်က စောင့်။ လူ လိုက်စရာမလိုဘူး..။ ကျမကို စာရွက်စာတန်းတွေ ပေးလိုက်ရမှာမို့။ မယုံရင် ကျမ မှတ်ပုံတင် အပေါင်ထားခဲ့မယ်။ ၀န်ဆောင်ခ ငါးရာကို မမြင်ပါနဲ့ တရက် သက်သာသွားမှာကို စဉ်းစားပါ.. ရုံးထဲကဘဲ ဆောင်ရွက်ပေးမှာမို့ အစစ်အမှန်လဲ ဖြစ်တယ်လေ။ အပေါ်တက်ဖို့ လက်မှတ်ထိုး တန်းစီ လုပ်စရာ မလိုတော့ဘူးပေါ့..။”

ဒါက သူ ထပ်ခါထပ်ခါ ပြောသမျှ မှတ်ထားတဲ့ထဲ ပါတာလေးတွေပါ။ တကယ်တော့ သူက အထပ်ထပ် အခါခါ မမောမပမ်း ဆက်တိုက် ပြောနေရှာတာ non-stop ခင်ဗျ။

နေရာတကာ စည်းကမ်း လိုက်နာတတ်တဲ့ ကိုယ့်ကို သူငယ်ချင်းက မချိုမချဉ် ကြည့်ရင်း .. ကဲ.. မင်းက အားတာလဲမဟုတ်ဘူး ပေးလိုက်ပါ..။ သူ့မှတ်ပုံတင်လဲ ယူထားမှာဘဲဟာ တဲ့။

ဒီလိုနဲ့ ယူသွားပြီပေါ့ဗျာ..။ ဟုတ်မှ ဟုတ်ပါ့မလား လို့လဲ တွေးနေတာပေါ့။ မကောင်းတတ်လို့ လက်ဘက်ရည်ဆိုင်မှာ လက်ဘက်ရည် တယောက်တခွက် မှာသောက်ရင်း.. အနားပတ်ဝန်းကျင်ကို လေ့လာရင်း၊ ရောက်တတ်ရာရာ ပြောရင်း.. မယုံမရဲ စောင့်နေမိတယ်..။

မကြာပါဘူး၊ တကယ့်ကို နာရီဝက်ပါဘဲ..။ ပါတိတ်ဝမ်းဆက် ပြုံးပြုံးလေး ပြန်ရောက်လာတယ်။ အကို.. ရော့ ဟောဒီမှာက ငွေဆောင်တဲ့ ဘောက်ချာ.. ဟောဒါက ပရီမီယံ စာအုပ် အသစ် လဲထားတာ.. စစ်ကြည့်ပါဦး.. တဲ့။

အလိုလေး.. ဟုတ်မှဟုတ်ခင်ဗျာ.. လိုလေသေးမရှိ ပြည့်စုံ၏ လို့ အော်ရမတတ်ပါဘဲ။ ကျသင့်တဲ့ အခွန်အခလဲ စိုက်ပြီး ဆောင်လာခဲ့တာဗျို့..။ မြန်မာ့အာမခံရုံးရဲ့ ရောင်းမကုန်တဲ့ စာစောင်တစောင် အတင်း ရောင်းလိုက်တာက လွဲရင် ၀န်ဆောင်ခက တကယ်ဘဲ ငါးရာကျပ် ခင်ဗျ။ အထဲမှာ ဘယ်လို ဝေကြယူကြတယ်တော့ မသိ၊ အပြင်မှာကတော့ ကိုယ့်လို လူတွေ အများသား။

ကိုင်း.. ထုတ်ထားတဲ့ စည်းကမ်းချက်တွေ အတိုင်းသာ လိုက်နာမယ် ဆိုရင် အနည်းဆုံး နေ့တ၀က် ကြာမှာကို ကိုယ်က ငါးရာကျပ်နဲ့ဝယ်ခဲ့တာ။ နာရီဝက်ဘဲ ကြာပါတယ် ဆိုရင် စာဖတ်သူတွေက ယုံပါ့မလား။

တကယ်ပါ ခင်ဗျာ၊ မြန်မာ့အာမခံရုံးရဲ့ စည်းကမ်းချက်တွေကတော့ ငါးရာကျပ်ဘဲ တန်ပါတယ်။

အဟေးဟေး.. ပြောစရာတွေ အများကြီး ကျန်သေး.. ဒီနေ့အဖို့တော့ မအားလို့ ဒီလောက်ဘဲနော့။ နောင်များမှ ကြုံရင် ကြုံသလိုပေါ့။

မတ်လ ၃၁ ရက်နေ့ထုတ် 7Day News နှင့် ပြည်မြန်မာ ဂျာနယ်များ
ခေါင်းပေါင်းစ ညာချသူတို့ ပြောတဲ့ ဧရာဝတီမြစ်အကြောင်း

ခဏခဏရေးလဲ ရေးစရာက ရှိနေမြဲ.. ခုလဲ လာပြန်ပါပြီ။ မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြောင့် ဧရာဝတီမြစ်အောက်ပိုင်းဒေသများ မထိခိုက်နိုင် လို့ လွှတ်တော်မှာ လျှပ်စစ်စွမ်းအား ၀န်ကြီးက ပြောသွားတာ.. ဒီအပတ် ဆဲဗင်းဒေး နဲ့ ပြည်မြန်မာ ဂျာနယ်တို့မှာ ပါလာကြလေရဲ့။ တော်တော် အလွယ်ပြောတဲ့ ၀န်ကြီးပေဘဲ။ အင်းလေ.. ရေတိုကိုတောင် မမြင်တော့ ရေရှည်တွေးတတ်ဖို့ ဆိုတာ မဖြစ်နိုင်ပေဘူးပေါ့။ မယုံရင် သွားကြည့်ပါခင်ဗျာ.. အခုကိုဘဲ တရုတ်ကုမ္ပဏီတွေက ဆည်ဆောက်တဲ့ ပတ်ဝန်းကျင်ကလူတွေကို နှင်ထုတ်ပြီး မြစ်ကြောတလျှောက် ရွှေတွေ ကျင်နေလိုက်တာ မြင်လို့တောင် မကောင်းပါဘူး။


ပြဒါးနဲ့ဖမ်းရတဲ့ ရွှေ ပိသာပေါင်း မြောက်မြားစွာ တရုတ်ပြည်ကို သယ်နေတာ ဆည် စမဆောက်မီ လူတွေ နှင်နေကတည်းကလေ။ ဒီရွှေတွေ ဖမ်းဖို့အတွက် သုံးတဲ့ ပြဒါးတွေက ရေကြောအတိုင်း မျောရင် မြစ်ညာကစလို့.. ဟိုး.. အောက်ဖက်ဆီက ပင်လယ်ဝထိ ဘယ်လောက်များ ဓါတုအဆိပ်တွေ သင့်မလဲ.. တချက်လောက်တွေးရုံနဲ့ သိနိုင်တာကိုဗျာ.. ဘာမှဖြစ်ပါဘူး တဲ့..။ ဒါ.. ရေတို အနေနဲ့ပြောတာနော့။

တခုတော့ရှိသဗျ.. သူက ပြောသွားတာထဲမှာ မြစ်အောက်ပိုင်း ဒေသတွေမှာ စိုက်ပျိုးရေး၊ လူမှုရေး၊ စီးပွါးရေး ထိခိုက်မှု မရှိနိုင်ပါ တဲ့.. ကျန်းမာရေး မပါဘူးလေ.. မသကာ လူအများကြီး အနာရောဂါ ရလို့ သေသွားရုံလေးကို.. ဒါလေးများ လို့ ပြောများ ပြောလေဦးမလား..။ အင်းလေ.. လူသတ်အစိုးရပေဘဲ.. ဒီလောက်ကတော့ မပြောပလောက်..။

(ပြည်မြန်မာ + Messenger)
ငလျင်ကြောင့်ပျက်တဲ့လမ်းချင်း အတူတူ
လမ်းပြင်တယ် ဆိုတာ သာမန်တော့လွယ်တာပေါ့နော်..။ ငလျင်ကြောင့် အက်ကွဲသွားတဲ့ လမ်းပျက်ကိုကျတော့ ဘယ်လို ပြင်ကြမလဲ။ ဂျပန်မှာတော့ ဟိုင်းဝေးလမ်းမကြီး ပျက်လို့ပြင်တာ ၆-ရက် ဆိုဘဲ..။ ကြည့်လိုက်ဦး ကြံ့ခိုင်ချောမွတ် အပြစ် လွတ်အောင် ပြင်ထားတာများ။

ကိုယ်တို့ ငလျင်လဲ သူတို့လိုဘဲ ပျက်တာဘဲနော်.. ဘယ်လိုများ ပြင်ကြမလဲ ဘယ်လောက် ကြာမှာလဲ အရည်အသွေးကရော..။ အရှက်မရှိ ပြောကြဦးမှာ ခင်ဗျ၊ နိုင်ငံတကာအဆင့်မီ.. နိုင်ငံတကာအဆင့်မီနဲ့။ မှတ်သားထားသင့်တယ်ထင်လို့ တင်ပြလိုက်ရခြင်းပါ..။ မယုံရင်ကြည့် အက်နေတဲ့ အပေါက်ကြား မြေစာလောင်း၊ အပေါ်ယံက အသာဖိလို့ အပြကောင်းရုံလေး ပြင်ပြကြဦးမှာ..။

နောက်ဆို ခရီးသွားကားများ မြေမြိုသွားလို့ ဆိုတဲ့ သတင်းမျိုး ကျိန်းသေ ကြားကြရပါဦးမယ်..။ မယုံမရှိနဲ့ဗျို့..။