Monday, February 28, 2011

blast news story in SPDC newspaper

စစ်အစိုးရ သတင်းစာမှာ ဗုံးကွဲမှု သတင်းဖေါ်ပြ
မိုးမခ အထောက်တော်၊ ရန်ကုန်
မတ် ၁၊ ၂၀၁၁


တနင်္ဂနွေနေ့ ညက အင်းစိန်မြို့နယ် အောင်ဇေယျအိမ်ရာမှာ ပေါက်ကွဲခဲ့တဲ့ ဗုံးသတင်းနဲ့ ပတ်သက်ပြီး ယနေ့ထုတ် အစိုးရသတင်းစာမှာ ဓါတ်ပုံနဲ့တကွ ဖေါ်ပြခဲ့ပါတယ်။ မသင်္ကာသူလို့ ဖေါ်ပြထားတဲ့ ကိုဇော်မင်းသန်း (၂၆) နှစ်ရဲ့ တိုက်ခန်းမှလည်း လက်လုပ်ဗုံးတစ်လုံးနဲ့ အခြား ဆက်စပ်ပစ္စည်းတွေ ဖြစ်တဲ့ ဒီတိုနေတာ၊ ဓါတ်ခဲ ၀ိုင်ယာကြိုး အဟောင်းတွေ တွေ့ရှိရတယ်လို့ ဖေါ်ပြထားပါတယ်။

အောင်ဇေယျ အိမ်ရာ တိုက် ၁ နဲ့ ၂ အကြား ကွမ်းယာဆိုင် ရှေ့မှာ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုကြောင့် မသင်္ကာသူ အပါအ၀င် ၈ ဦး ဒဏ်ရာရခဲ့ပြီး ကိုဇော်မင်းသန်းရဲ့ ဒဏ်ရာ အခြေအနေကတော့ စိုးရိမ်ရကြောင်းလည်း ဖေါ်ပြထားပါတယ်။

ဘယ်အဖွဲ့အစည်းရဲ့ လက်ချက် ဖြစ်တယ်လို့ ဖေါ်ပြထားခြင်း မရှိသေးဘဲ ဆက်လက် စုံစမ်း ဖေါ်ထုတ်နေဆဲ ဖြစ်တယ်လို့ သတင်းမှာ ရေးထားပါတယ်။

ဗုံးကွဲမှု မဖြစ်ပွားမီ ကိုဇော်မင်းသန်းဟာ ကွမ်းယာဝယ်ဖို့ ဘောင်းဘီအိတ်လက်နှိုက်ထုတ်စဉ်မှာ ဗုံးရဲ့ အစိတ်အပိုင်းကို မတော်တဆ ထိခိုက်မိပြီး သူ့ရဲ့ ကိုယ်ပေါ်မှာ ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ အင်းစိန်ရပ်ကွက်သားတဦးက ပြောပါတယ်။

သတင်းစာဖေါ်ပြချက်အရတော့ ကိုဇော်မင်းသန်းရဲ့ လက်ဝဲဘက်ခြေထောက် ကျိုးကြေမွပြီး ညာဘက်ခြေသလုံး ကြွက်သား ကြေမွ ဒဏ်ရာရတဲ့အပြင် လက်ချောင်းတွေပါ ကြေမွ ဒဏ်ရာရပြီး စိုးရိမ်ရတဲ့ အခြေအနေမှာရှိကြောင်း ဖေါ်ပြထားပါတယ်။

အခြားဒဏ်ရာရသူများအနက် ၃ နှစ်အရွယ် ကလေးငယ် တစ်ဦးနဲ့ ၁၃ နှစ်အရွယ် ကလေးတဦးလည်း ပါဝင်ပြီး အားလုံးကို အင်းစိန်ဆေးရုံမှာ ကုသပေးနေတယ်လို့လည်း ဆိုပါတယ်။

အင်းစိန် ဒေသခံတွေ ပြောဆိုချက်အရတော့ ဗုံးပေါက်ကွဲမှု နောက်ပိုင်း ရဲနဲ့ လုံခြုံရေးတွေ ရောက်လာပြီး နောက် ၂နာရီဝန်းကျင်အကြာမှ မသင်္ကာသူ ကိုဇော်မင်းသန်းကို အင်းစိန်ဆေးရုံ ပို့ခဲ့တာလို့ ပြောပါတယ်။

အစိုးရ သတင်းစာမှာ ဘယ်သူ့လက်ချက်ရယ်လို့ အတိအကျ မဖေါ်ပြထားဘဲ ပြည်တွင်း ပြည်ပ အဖျက်သမားများ နဲ့ အကြမ်းဖက် သောင်းကျန်းသူများရဲ့ လက်ချက်လို့သာ ဖေါ်ပြခဲ့ပါတယ်။

The Arti of Watershed Show in Rangoon by 3 artists


Art of Watershed  ရေဝေတောတောင် အနုပညာပြပွဲ ၃ ကြိမ်ခွဲ၍့ ကျင်းပမည်
တာရာဝေယံ
ရန်ကုန်၊ မတ် ၁၊ ၂၀၁၁
မြန်မာနိုင်ငံရဲ့ အဓိကမြစ်ကြီးတွေဖြစ်တဲ့ ဧရာဝတီနဲ့ ချင်းတွင်း မြစ်တကြောမှာ ရှိတဲ့ ရေဝေ၊ ရေလဲ ဒေသများရဲ့ သဘာဝ ပတ်ဝန်းကျင်ပြောင်းလဲမှု အခြေအနေများဟာ လူသားတို့အတွက် ဘယ်လောက် အရေးကြီးပါသလဲ ဆိုတဲ့ မေးခွန်းကို ဖြေဆိုဖို့ ကြိုးစားထားတဲ့ Art of Watershed ရေဝေတောတောင် အနုပညာပြပွဲကို ယခု ဖေဖော်ဝါရီ ၂၆ မှ မတ်လ ၂၈ ရက်အတွင်း  ရန်ကုန်မြို့၊ ဒဂုံမြို့နယ် အမှတ် ၆၅ ယောမင်းကြီးလမ်းမှာ ရှိတဲ့ Gallery 65 မှာ နေ့စဉ် နံနက် ၁၀ နာရီမှ ညနေ ၆ နာရီ အထိ ပြသသွားမှာ ဖြစ်ကြောင်း သိရပါတယ်။
ပြပွဲကို ပထမအကြိမ်အဖြစ် ဖေဖော်ဝါရီလ ၂၆ နှ ၂၈ ရက်အထိ ဒုတိယအကြိမ် အဖြစ် မတ်လ ၁၉  မှ ၂၁ အထိ၊ တတိယအကြိမ်အဖြစ် မတ်လ ၂၆ မှ ၂၈ အထိ ဂယ်လာရီ၆၅ မှာ ပြသမှာ ဖြစ်ပါတယ်။
“ရုပ်ပုံကားချပ်တခုဟာ စကားလုးံတွေ အများကြီးကို သိမ်းထုပ် အချိန်ကာရဲ့ ဖြစ်သည်၊ ဖ်ြသင့်၊ ဖြစ်နေ၊ ဖြစ်နိုင်ချေနဲ့ အလုပ်လုပ်နေလေ့ရှိတယ် ဆိုတဲ့ အတိုင်း သဘာ၀၀န်းကျင် ထိန်းသိမ်းရေး မှာ အနုပညာသမားတယောက်ရဲ့ ဖန်တီးမှုတွေကို အသုံးချမယ် ဆိုရင် အကျိုးရှိမယ် ဆိုပြီး ဒီပွဲကို လုပ်တာပါ”
ဟု ပြပွဲတွင် ပါဝင်သူ ပန်းချီဆရာ မြင့်မောင်ကျော်က ပြောပါတယ်။
“ပြပွဲက အများပြည်သူတွေ အကျိုးရှိပြီး အသိပညာရမှာမျိုး ဖြစ်နေတော့ နယ်ကလူတွေပါ ကြည့်နိုင်အောင် ၃ ကြိမ်ခွဲပြီး စီစဉ်တာပါ” လို့ ဆရာက ပြောပြပါတယ်။
ပြပွဲကို ဆရာမြင့်မောင်ကျော်၊ ဆရာမြင့်ဇော် နဲ့ ဆရာမ ဂျူး တို့မှ ဦးဆောင် ကျင်းပတာ ဖြစ်ပါတယ်။ ပထမအကြိမ် ပြပွဲမှာ ဧရာဝတီမြစ်ဆုံမှ ဗန်းမော်အထက် ပထမမြစ်ကျဉ်းအထိ၊ ဒုတိယပွဲမှာ ချင်းတွင်းနဲ့ ဧရာဝတီဆုံရာ မြစ်တကြော၊ တတိယပွဲမှာ ဧရာဝတီ၊ ချင်းတွင်းမှ မြန်မာနိုင်ငံအလယ်ပိုင်းဒေသများနဲ့ အင်းတော်ကြီး အင်းလေးကန် စတဲ့ ရေဝေရေလဲဒေသများရဲ့ အခြေခံလူနေမှုဘ၀များကို ပြသသွားမှာ ဖြစ်ကြောင်း သိရပါတယ်။
ဖေဖော်ဝါရီင်္ ၂၆ က ပြပွဲဖွင့်ပွဲအစီအစဉ်အဖြစ် နံနက် ၁၀နာရီ  ခွဲ မှ ၁၂ နာရီ ခွဲအထိ စာရေးဆရာကိုတာနဲ့ ရေသယံဇာတဖွံဖြိုးမှု ပညာရှင် ဆရာဝင်းကျော်တို့က သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာများ ဟောပြောပွဲများ ကျင်းပရန် စီစဉ်ထားသည်။ နေ့လည် ၁ နာရီ မှ ၃ နာရီ ခွဲအထိ Myanmar Institute of Technology မှာ ပါမောက ဒေါက်တာစောလှိုင်ဘွား နဲ့ အာရှအလင်းရောင် ဖောင်ဒေးရှင်းမှ ဆရာတော် ဦးစိန္တိထ တို့က ဟောပြောမယ်လို့ ဆိုပါတယ်။
ဆရာမြင့်မောင်ကျော်၊ ဆရာမြင့်ဇော် နဲ့ ဆရာမ မဂျူး တို့ဟာ လွန်ခဲ့တဲ့ နှစ်က World Water Day. My Nature, Art Cries, Save Soil အစရှိတဲ့ သဘာဝန်းကျင်ဆိုင်ရာ အနုပညာပြပွဲများကို ပူးပေါင်းစီစဉ် ဆောင်ရွက်ခဲ့ကြသူတွေ ဖြစ်ပါတယ်။
“စစ်ဗိုလ်ချုပ်ကြီးတွေနဲ့ စစ်အစိုးရနဲ့ အဆင်ပြေတဲ့ စီးပွားရေးသမားတွေက သစ်တောတွေ ခုတ်၊ ကျောက်တွေတူး၊ ရွှေတွေ ကျင်တဲ့ လုပ်ငန်းတွေကို စည်းကမ်းမရှိ လုပ်ကိုင်ခွင့်တွေပေး၊ ပြီးတော့ ဘဏ်တွေ၊ စီးပွားရေးလုပ်ငန်းကြီးတွေ ထူထောင်နေချိန်မှာတော့ တိုင်းသူပြည်သားတွေဟာ ရသီဥတုဖောက်ပြန်တဲ့ ဒဏ်ကို ခံနေကြရပြီ။ အဲဒါကို ကိုယ်ချင်းစာ နားလည်ခံစားတတ်ကြတဲ့ ပညာရှင်တွေ၊ အနုပညာသမားတွေက သူတို့တတ်နိုင်သလောက် ပတ်ဝန်းကျင်ကို ချစ်တဲ့ စိတ်တွေ ရှိလာအောင် ထိန်းသိမ်း ဆောင်ရွက်နေကြတာ ချီးကျူးစရာပါပဲ” လို့  ပွဲကိုလာတဲ့ ပရိသတ်တဦးက မိုးမခကို ပြောပြသွားပါတယ်။
         ဆရာမြင့်မောင်ကျော်ရဲ့ ဖေ့စ်ဘွတ်မှာ ဓာတ်ပုံတွေ သွားကြည့်နိုင်ပါတယ်။

Kyaw Thu - FFSS Yangon Activity (28th February 2011)

နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ သတင်းမှတ်စု လှုပ်ရှားမှုများ
ကျော်သူ
မတ် ၁၊ ၂၀၁၁

 
 တရွာမပြောင်း သူကောင်းမဖြစ်

နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ၁၀.၃.၂၀၁၁ (ကြာသပတေး) နေ့တွင် မျိုးဆက်သစ်ကလေးငယ်များ အတွက် အခြေခံအင်္ဂလိပ်စာသင်တန်းကို ဒုတိယအကြိမ်အဖြစ် စတင်၍ သင်ကြားပို့ချပေးတော့မည် ဖြစ်သည်။ သင်တန်းတက်ရောက်လိုသော တတိယတန်းမှ အဌမတန်းအရွယ် ကလေးငယ်ပေါင်း ၃၀၀ ဦးခန့် လာရောက် စာရင်းပေးသွင်းပြီး ဖြစ်ပါသည်။

Cartoon Saw Ngo - Power

ကာတွန်း စောငို - လည်တဲ့သူများ လယ်ပိုင်ကြသည်
မတ် ၁၊ ၂၀၁၁

quotes in February by Moemaka

မိုးမခ၏ ဖေဖော်ဝါရီ စာကိုး၊ စကားကိုး
မတ် ၁၊ ၂၀၁၁


လိုက်ပါဆောင်ရွက်ခဲ့ရသော အမှုအခင်း တချို့တွင် အသက် ၁၆ နှစ် အောက် ငယ်ရွယ်သော ကျောင်းသူတချို့ ပဋိသန္ဓေတားဆေးများကို သောက်သုံး၍ လိင်မှုများကို စိတ်ထင်တိုင်း အလွဲသုံးစား ပြုနေကြသည်ကို သတိထားမိခဲ့သည်။ အနာဂတ်အတွက် ရင်လေးဖွယ်ရာ အချက် တစ်ခု ဖြစ်သည်။
ကောင်းစံဝင်း(ဥပဒေ)
မြန်မာပို့စ်ဂျာနယ်၊ ဖေဖော်ဝါရီ ၂၃
----------------------------------------


ကြိုးတပ်တူရိယာတွေဖြစ်တဲ့ မယ်ဒလင်၊ ဒုံမင်းနဲ့ ဘင်ဂျိုတို့ဆို အပြင်မှာ တီးခတ်တာ သိပ်မ တွေ့ရတော့ဘူး။ ဒုံမင်းဆို တော်ရုံ တန်ရုံသိပ်မသိကြတော့ဘူး။ အပြင်ယူသွားရင်လည်း ဒါ ဘာကြီးလဲလို့ မေးကြတယ်။ အနုပညာ ထိန်းသိမ်းတဲ့ အဖွဲ့တွေလောက်ပဲ သိကြ တော့တယ်။ ခေတ် လူငယ်တွေက သိပ်မသင်ကြတော့ လက်ဆင့်ကမ်း အမွေပေးရမယ့် လူငယ်တွေ တော်တော်ရှာရတယ်။ နောက် လူငယ်တွေက လုံးဝ ၀ါသနာ မပါတော့ ပျောက်မှာတောင် နည်းနည်း စိုးရိမ်ရတယ်။ ဒါပေမယ့် ဆိုကရေးတီး ပြိုင်ပွဲမှာ ၂၀၀၃ ခုနှစ်ကတည်းက ဒုံမင်း ပြိုင်ပွဲကို ထည့်လိုက်တော့ ခုဆို ဒုံမင်း သင်တဲ့ ကလေးတွေ တော်တော်ပေါ် လာတယ်။
ဒုံမင်း ဦးဆန်းတင့်
မြန်မာတိုင်းမ်ဂျာနယ်၊ ဖေဖော်ဝါရီ ၁၈
----------------------------------------

ခေါက်ဆွဲသုပ်ကို ခေါက်ဆွဲသုတ် လို့ ရေးထားတော့ စားချင်ဖို့ နေနေသာ အန်တောင်အန်ချင်ပါရဲ့။ ကိုင်စွဲ ကို ကိုင်ဆွဲ တဲ့။ ကုန်ခန်း ကို ကုန်ခမ်း တဲ့။
သေပြီ ဆရာ။ -----
ကျွန်တော်တို့လည်း သတ်ပုံအားလုံး အလွတ်မရပါဘူး။ ခွဲထားကိုလည်း အားကိုးနေရဆဲပါပဲ။ ဒါပေမဲ့ နေ့စဉ်သုံး သာမန်ဝေါဟာရတွေကိုတော့ သတ်ပုံ မမှားစေချင်ဘူး။ မဂ္ဂဇင်းတိုက်တိုင်းကိုတော့ မရောက်ဖူးဘူးပေါ့ဗျာ။ ဒါပေမဲ့ ရောက်ဖူးတဲ့ တိုက်တော်တော်များများမှာ သတ်ပုံကျမ်းနဲ့ ခွဲထားကျမ်း လုံးဝ မရှိတဲ့တိုက်တွေတောင် တွေ့ဖူးပါတယ်။ “ခွဲထားဆိုတာ ဘာလဲဆရာ” ဆိုတဲ့ အယ်ဒီတာမျိုးကိုလည်း တွေ့ဖူးပါတယ်။
ရှက်စရာကြီးဗျာ။
စာရေးဆရာ၊ ကျူရှင်ဆရာ မင်းသစ်

အလင်းတန်းဂျာနယ်၊ ဖေဖော်ဝါရီ ၂၈
----------------------------------------

စစ်ကြိုခေတ်တွင် ကိုလိုနီခေတ်လက်ရာဟန်မျိုး မဟုတ်ဘဲ အရှေ့ဟန်နှင့် အနောက်ဟန်ပန် ရောပြွမ်းနေသော ဗိသုကာလက်ရာဟန်တချို့ မြေစမ်း ခရမ်းပျိုးခဲ့လေသည်။ ရန်ကုန်မြို့တော်ခန်းမ နှင့် ရန်ကုန်ဘူတာကြီးတို့မှာ ထင်ရှားသည်။ မြို့တော်ခန်းမသည် ထိုခေတ် အာခီတက်အကျော်အမော် စည်သူဦးတင်၏ ဗိသုကာလက်ရာ ဖြစ်သည်။ ရန်ကုန်ဘူတာကြီးမှာ ရန်ကုန်နေပြည်တော် အင်ဂျင်နီယာ ဦးလှသွင် ပုံစံရေးဆွဲပြီး စည်သူဦးတင် အကြံပြု ကြီးကြပ်သော အဆောက်အအုံ ဖြစ်သည်။ ယင်း အဆောက်အအုံ နှစ်ခုတို့၏ ခေါင်မိုးတွင် ရိုးရာဟန် ပြာသာဒ်များဖြင့် ဆင်ယင် ထုံးဖွဲ့ထားသည်။ မြန်မာ့ဗိသုကာ အစဉ်အလာတွင် အုပ်ချုပ်ရေးဆိုင်ရာ၊ ဘာသာရေးဆိုင်ရာ၊ မင်းမျိုးနွယ် သင်္ချိုင်းတော်တို့နှင့် သုမင်္ဂလာ၊ ဒုမင်္ဂလာ အခမ်းအနားသုံး ယာယီစပ်ပန်းချီတို့တွင်သာ ပြသာဒ်ကို ဆင်ယင်လေ့ ရှိပါသည်။ ပို့ဆောင်ရေး အဆောက်အအုံတစ်ခု ဖြစ်သော ဘူတာကြီး၏ ခေါင်မိုးတွင် ပြာသာဒ်ဖြင့် ထုံးဖွဲ့ထားမှုကြောင့် ဗိသုကာ လောကတွင် အတော်လေး လှုပ်လှုပ်ရှားရှား ဖြစ်ခဲ့ဖူးသည်။
ညွန့်ဝင်းလေး
အလင်းတန်း ဂျာနယ်၊ ဖေဖော်ဝါရီ ၂၁
----------------------------------------


မုဆိုးမ ဆိုတာ ဆားအိုးထဲမှာ ဆားကုန်နေရင်တောင် ခင်ပွန်းကို သတိရတတ်ကြတာမျိုးပါ။
ခင်ပန်နှင်း
အလင်းတန်းဂျာနယ်၊ ဖေဖော်ဝါရီ ၁၄
----------------------------------------

အဲဒီတုန်းက ပြဇာတ်တွေဟာ ဟာသနဲ့ အချစ်ကိုပဲ ဦးစားပေး တင်ပြနေကြတော့ “စစ်ပြန်” ဆိုတဲ့ ခေါင်းစီးက အရမ်း ထူးဆန်းနေတယ်။ ပြဇာတ်ထဲက အကြောင်းအရာနဲ့ စကားလုံးတွေကလည်း သိပ် သစ်ဆန်းနေတယ်။ ဘီအိုင်အေ၊ ဘီဒီအေ တပ် တွေမှာ အနစ်နာခံ တိုက်ပွဲဝင်ပြီး ခြေပြတ်၊ ဒူးပြတ် ဖြစ်ခဲ့ကြရတယ်၊ ခုတော့ လွတ်လပ်ရေးဆိုတာ ဘယ်မှာလဲ။ ဘယ်တော့ လွတ်လပ် ရေးရမှာလဲ ဆိုတဲ့ အကြောင်းအရာတွေ ဖြစ်နေတော့ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် လာကြည့်ပြီး မျက်ရည်တွေ ဘာတွေ ကျသွားတယ် ဆိုတော့ အနုပညာ အရ အောင်မြင်တာပေါ့။
(ဂီတလုလင် မောင်ကိုကို)
ပေဖူးလွှာ၊ ဖေဖော်ဝါရီ
----------------------------------------
စစ်တကောင်း တောင်တန်း၊ ဗိုလ်မင်းထောင် နယ်အစွန်အဖျားတွင် ခမီနှင့် မြို့ခေါ် တိုင်းရင်းသားတို့လည်း နေထိုင်ကြသည်။ မြို့တိုင်းရင်းသား တို့သည် ကလေးမွေးဖွားပြီး ပထမဆုံး မြင်တွေ့ ရသော ၀တ္ထု ပစ္စည်းကို မှတ်သား၍ နာမည် မှည့်ခေါ်လေ့ ရှိကြရာ နာမည်များမှာ ထူးထူးဆန်းဆန်း-ကျောက်ချဉ်၊ ယမ်းစိမ်း၊ ဇ၀က်သာ၊ စမုံ စပါး၊ ကြက်သွန်ဖြူ၊ ငရုတ်ကောင်း၊ ကြက်ချေး၊ ဘဲချေးစသော နာမည်များသည် သူတို့အဖို့ လှပသော ချစ်စနိုး နာမည်များ ဖြစ်နေပါတော့သည်။
မောင်ကြော့ဦး
ပေဖူးလွှာ၊ ဖေဖော်ဝါရီ
----------------------------------------

လုပ်ချင်တဲ့ပုံစံဆိုတာ ရဖို့ထက် လုပ်ခွင့်ရတဲ့ အထဲမှာပဲဖြစ်အောင် လုပ်နေရတာပါ။ ဇာတ်ကားတစ်ကားကို မရိုက်ခင်ကတည်းက အရင်ဆုံး စဉ်းစားရတာ ဇာတ်ကားတစ်ကားကို အနုပညာအရရော၊ အင်တာတိန့်မန့် အရရော အကောင်းဆုံး လုပ်ပြချင်တယ်။ အနုပညာကို ကောင်းကောင်း ခံစားတတ်တဲ့ ပရိသတ်ရှိဖို့လည်း လိုတယ်။ ကြည့်တဲ့သူကမှ ကောင်းကောင်း မကြည့်ရင် အနုပညာကောင်းတွေ ချပြနေတော့ရော ဘာထူးခြားမှာလဲ။
ဒါရိုက်တာ မိုက်တီး
မန္တလေးအာရုဏ်ဦးဂျာနယ်၊ ဖေဖော်ဝါရီ
----------------------------------------
စက်ရုံထွက်ပစ္စည်းတွေကို စနစ်တကျ သန့်စင်ပြီးမှသာ မြစ်ချောင်းတွေထဲကို စွန့်ပစ်သင့်ပါတယ်။ ခုဆိုရင် စစ်တောင်းမြစ်၊ ပဲခူးမြစ်တို့ရဲ့ နေရာတချို့မှာ ရေထုညစ်ညမ်းမှုတွေ ဖြစ်ပေါ်နေပြီ ဖြစ်တာကြောင့် အဲဒီရဲ့အကျိုးဆက်က ရေချိုမျိုးစိတ်တချို့ပျောက်ကွယ်နေကြောင်း သိရှိရပါတယ်။ အရင်က အလှူအတန်း လုပ်ရင် ငါးသလောက်ပဲ ကျွေးပါတယ် ဆိုတဲ့ ငါးသလောက်ပေါတဲ့ ညောင်တုန်း နားတစ်ဝိုက်မှာ ခုဆိုရင် ရန်ကုန်ဘက်ကနေ ငါးသလောက် ၀ယ်စားနေကြရပြီလို့ ဆိုပါတယ်။ မန္တလေးက တောင်သမန်အင်း ဆိုရင်လည်း စက်ရုံ အလုပ်ရုံတွေက ထွက်တဲ့ ရေဆိုးရေညစ်တွေ စွန့်ပစ်မှုကြောင့် ရေနက်ပိုင်းမှာနေတဲ့ ရေသတ္တ၀ါတွေ အင်းပြင်ကို တက်လာကြတယ်။ ဒီအတွက် အသားစား ငှက်တွေလည်း ရောက်လာကြတယ်လို့ သိရပါတယ်။ ဒီကိစ္စမျိုးတွေဟာ ပေါ့ပေါ့တွေးလို့မရပါဘူး။
သျှားထက်နိုင်(ဘူမိဗေဒ)
စိတြကြယ် ခရီးသွားမဂ္ဂဇင်း၊ ဖေဖော်ဝါရီ
----------------------------------------

အငြိမ့်ခွေကြည့်မယ် ဆိုရင်လည်း မင်းသမီးထက် လူရွှင်တော်ကို ဦးစားပေးကြည့်တတ်ကြပါတယ်။ ဟာသကို သိပ်ချစ်တဲ့သူတွေ များလာတော့ ရုပ်ရှင်မင်းသားတွေပါ လူရွှင်တော်အရသာကို မြည်းစမ်းကြည့်လာကြပါပြီ။
လူရွှင်တော် ၀င်းနိုင်(အနုပညာ)
Envoy ဂျာနယ်၊ ဖေဖော်ဝါရီ ၂၄
----------------------------------------

အိမ်ထောင်ပြုဖို့စိတ်ကူး လုံးဝ မရှိတော့ပါဘူး။ ၁၀၀ မှာ ၉၀% သေချာပါတယ်။ တော်ကြာ မထင်ဘဲ ကျသွားရင် ဆိုတဲ့ အတွေးနဲ့ ၁၀% ကို ချန်ထားတာ။ လောကမှာ ကိုယ်မမြင်ရသေးတဲ့ အကြောင်းတရားတွေက ရှိသေးတာကိုး။
စိုးမြတ်သူဇာ
နံနက်ခင်း ဂျာနယ်၊ ဖေဖော်ဝါရီ ၂၃
----------------------------------------

ချင်းအမျိုးသားပါတီ လိုဂိုကလည်း အိုင်ဒီယာ ပေးခဲ့တာ။ လိုဂိုဆိုတာ ဓာတ်ပုံမဟုတ်ဘူး။ စကား ပြောရမယ်။ ပန်းချီက စကားပြောတာ နည်းတယ်။ ကာတွန်းက စကားပြောတယ်။ ချင်းအမျိုးသားလိုဂိုကလည်း အဆင့်ရှိအောင် လုပ်ထားတယ်။ မြန်မာပြည်မှာ အဲဒီ့အိုင်ဒီယာ သိပ်မရကြဘူး။ လိုဂိုက စကားပြောရမယ်။ ကျွန်တော့် လိုဂိုထဲက အောက်ချင်းငှက်က စစ်သူကြီးဦးထုပ် ဆောင်းထားတယ်။ အတောင်ပံကလည်း အောက်ချင်းငှက်တောင်ပံ မဟုတ်ဘူး။ သိန်းငှက်တောင်ပံ၊ သိန်းငှက်တောင်ပံ ဆိုတော့ ပိုပျံနိုင်တယ်။ ဝေးဝေး ပျံနိုင်တယ် ဆိုတဲ့ သဘော။ နောက် ချင်းလူမျိုး အယူအဆမှာ သိန်းငှက်က သူ့ဝန်းကျင်ကို ကာကွယ်ပေးတယ်။ ခုခံပေးတယ်။ နောက် ခြေထောက်မှာ ကိုးတောင်ကျားရဲ့ ခြေထောက်ကို တပ်ထားတာက အခြားအင်အားကြီး အကောင်တွေကို နိုင်အောင်ဆိုပြီးတော့ တပ်ထားတာ။ အမြီးတစ်ခုပဲ အောက်ချင်းငှက်ရဲ့ အမြီး။ ဒါက ကျွန်တော် ကာတွန်းဆရာဖြစ်ခြင်းအားဖြင့် ဒီလို လိုဂိုမျိုးကို ပြည်သူနဲ့ မိတ်ဆက်ပေးနိုင်တာ။ မြန်မာပြည်မှာ အဓိပ္ပာယ်ရှိတဲ့ လိုဂိုမျိုး နည်းသေးတယ်။
ပူဇိုဇမ် (ဦးဇိုဇမ်) ကာတွန်းဆရာ၊ နိုင်ငံရေးသမား
မြန်မာပို့စ်ဂျာနယ်၊ ဖေဖော်ဝါရီ ၁၆

ဓာတ်ပုံများ- ဒုံမင်း ဦးဆန်းတင့် - မြန်မာတိုင်းမ်ဂျာနယ်
ရန်ကုန်ဘူတာကြီး - macalester

ခင်ပန်နှင်း - စာဖတ်သူဂျာနယ်
(ဂီတလုလင် မောင်ကိုကို) - သရုပ်ဖော် ?

ဒါရိုက်တာ မိုက်တီး - weekly eleven ဂျာနယ်
လူရွှင်တော် ၀င်းနိုင် - Envoy ဂျာနယ်

စိုးမြတ်သူဇာ - planet myanmar
ချင်းအမျိုးသားပါတီ လိုဂို - ပူဇိုဇမ်

Shwechinthe Social Service Group, Shwe Bo, Sagaing

 Shwechinthae Social Service Group -  SSSG
ရွှေခြင်္သေ့ကျောင်းတိုက်၊ ရွှေဘိုမြို့၊ စစ်ကိုင်းတိုင်း
စာဖတ်သူတဦး ရန်ကုန်မြို့က စုဆောင်းတင်ပြသည်
မတ် ၁၊ ၂၀၁၁
အခု စုဆောင်းတင်ပြပေးထားတာကတော့ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့က ရွှေခြင်္သေ့ကျောင်းတိုက်မှာ ဖွင့်လှစ်ထားတဲ့ ရွှေခြင်္သေ စေတနာ့ဝန်ထမ်း ကုသိုလ်ပြု လူမှုရေးအဖွဲ့တခုအကြောင်း ဖြစ်ပါတယ်။ ကျောင်းတိုက်က ထုတ်ဝေတဲ့ စာရွက်စာတမ်းတွေ၊ မှတ်တမ်းတွေကိုလည်း ရယူပြီးတော့၎င်း၊ လူနာများ၊ စေတနာ့ဝန်ထမ်းများကို မေးမြန်းပြီးတော့၎င်း တင်ဆက်လိုက်တာ ဖြစ်ပါတယ်။ လက်ရှိဆောင်ရွက်နေသူများရဲ့ အမည်များကို ဖော်ပြခြင်း မပြုဘဲ လုပ်ငန်းများနဲ့ အဖွဲ့အကြောင်းကို တင်ဆက်လိုက်တာဖြစ်ပါတယ်။ စာဖတ်သူများအတွက် အကျိုးရှိကြလိမ့်မယ် ထင်ပါတယ်။

အစ၏ အစ
၁၈၊ ၁၂၊၂၀၀၀ မှာ  ရွှေခြင်္သေ့စာကြည့်တိုက် ဖွင့်ခဲ့သည်။
ဆယ်တန်း ကျောင်းဆက်မထားနိုင်သူများ၊ ဘွဲ့ရ၊ အလုပ်မရှိသော စာကြည့်တိုက်အသင်းဝင်များနှင့် ၁၀ တန်း ပညာဒါန စဖွင့်။

ကျန်းမာရေးအတွက် သုတဒါန
၂၀၀၁ တွင် ပတ်ဝန်းကျင်တွင် AIDS နှင့် သေဆုံးသူများလာသည့်အတွက် HIV ကူးစက်နိုင်သည့် အန္တရာယ်ရှိ မရှိ သိနိုင်ရန် မေးခွန်းများပါသည့် ပညာပေးစာရွက်များကို မိတ္တူကူးပြီး ငှားသည့် မဂ္ဂဇင်းစာအုပ်များတွင် ထည့်ချုပ်ကာ သုတဒါန အစီအစဉ်အဖြစ် ကောင်းနိုးရာရာ HIV ပညာပေးစာရွက်များကို ရွက်ရေ (၁၅၀၀၀)ရိုက်နှိပ်ပြီး ဘုံမဟာကထိန်ပွဲတော်တွင် ၁၅ နှစ် နှင့် ၃၀ နှစ်ကြား လူငယ်များကို အဓိကထား ဝေငှခဲ့။ Unicef ထုတ် HIV/AIDS အမေးအဖြေတစ်ရာ စာအုပ်ကို မိတ္တူကူးပြီး ကားဂိတ်များ၊ ဆိုက္ကားဂိတ်များ၊ ဆံသဆိုင်များ၊ အလှပြင်ဆိုင်များသို့ ပေးပို့ရင်း သုတဒါန အစီအစဉ်ကို တိုးချဲ့ခဲ့။ 
 

D Let Myo - Fairwell to Poet Soe Aung

မင်းသွားနှင့်ပြီပေါ့ စိုးအောင်
(သို့မဟုတ်)
ကန့်ဘလူမြို့က ကဗျာမြစ်
ဒီလက်မျိုး
ဖေဖော်ဝါရီ ၂၈၊ ၂၀၁၁

မနေ့က သစ်ကောင်းအိမ်က ဖုန်းဆက်တယ်
စိုးအောင်(ကန့်ဘလူ) ဆုံးပြီ တဲ့။
ဟုတ်ရဲ့လား သူငယ်ချင်းရယ်
မင်းထွက်သွားတာ စောလှချည်လား။
ငါမြင်ယောင်မိပါသေးရဲ့
၃၃လမ်းညနေတွေကို ။
ရွှေမြန်မာဂျာနယ်တိုက်က
အယ်ဒီတာလေး စိုးကိုအောင်ရေ
ငါတို့ရဲ့ ၃၃လမ်းညနေတွေကို မမေ့ပါနဲ့၊
ငါလည်း မင်းနဲ့ ၄၂လမ်းညတွေကို မမေ့ဘူးကွယ်။
မင်းနဲ့ဆိုဖီယာဝေးတဲ့ ညတွေမှာ
ငါနဲ့ မင်းနဲ့ သစ်ကောင်းအိမ်နဲ့
ရန်ကုန်မြို့နဲ့ အဝေးတကာ့ အဝေးဆုံးလို့
လူတွေက သတ်မှတ်ကြတဲ့
ယုဇနဥယျာဉ်မြို့တော်ကြီးဆီကို ပြန်လာခဲ့ဖူးတယ်လေ။
ပဲခူးမြစ်ကြီးကလည်း
မင်းကို မှတ်မိမှာပါ စိုးအောင်ရယ်။
ဂျင်းဘောင်းဘီကြိုက်တဲ့ကဗျာဆရာထဲမှာ
မင်းလည်းပါတယ်နော်။
Grand royal ၀ီစီကီ၂ပက်
စည်ဘီယာတခွက် မော့သောက်ပစ်ခဲ့တဲ့
၃၅လမ်းက ရှမ်းရိုးရာမှာ
ခုလောက်ဆို
မင်း
အဖေါ်တွေကို မျော်နေရှာရော့တော့မယ်။
သူငယ်ချင်းရယ် …
၃၃လမ်းလေထန်ကုန်းမှာ မင်းရှိနေမှာပါ
၄၂လမ်းမှာ မင်းရှိနေမှာပါ
၁၉လမ်းမှာ မင်းရှိနေမှာပါ
ယုဇနမှာ မင်းရှိနေမှာပါ
ဆိုဖီယာရဲ့ ကမ္ဘာမှာ မင်းရှိနေမှာပါ။
သူငယ်ချင်းစိုးအောင် …
မင်း …
ကောင်းရာသုဂတိလားပါစေ။  

ဖေဖော်ဝါရီလ ၂၇ရက်
ရန်ကုန်မြို့တွင် သေဆုံးသွားခဲ့သော ရေးဖော်ရေးဖက် ရဲဘော်သူငယ်ချင်း ကဗျာဆရာ စိုးအောင် (ကန့်ဘလူ)ခေါ် ကိုစိုးကိုအောင်အတွက် ရေးဖွဲ့သည်။

27th Feb 2011 - MoeMaKa Radio Program


ဖေဖော်ဝါရီ ၂၇၊ ၂၀၁၁ - မိုးမခရေဒီယို
ပစ်တိုင်းထောင် - ဦးပန်တျာ
သတင်းတိုထွာ၊ သီချင်းပဒေသာ
မြန်ပြည်စီးပွား ပိတ်ဆို့ထား - ရွှေပြည်စိုး၊ မိုးမခ
ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်း ရုပ်ပုံလွှာ - ခင်ဦးသာ ၊ ဧရာဝတီ
နိုင်ငံရေးအကျဉ်းသားများ ကူညီကြမှာလား - မိုးမခ
တခါက ကျုပ်တို့ရဲ့ ဒိုင်နိုဆောကြီးများ - သစ္စာသမား၊ ကျန်စစ်သား
အထူးကဏ္ဍ - ဂျပန်သူ မယုရီရဲ့ တေးဘုမ္မာ သီဆိုမှု
စီစဉ်သူ - ဦးပန်တျာ၊ နှင်းမြတ်ခိုင်

Price hikes as Gas & Transport charges go up in Burma

ကုန်ဈေးနှုန်းနဲ့ ၀န်ဆောင်ခများ ဈေးကြီးရခြင်းမှာ လောင်စာဆီဈေး ထိုးတက်ခြင်းနဲ့ ကုန်ချိန်ပို တင်ခွင့်မရှိလို့ ဖြစ်ကြောင်း
မိုးမခ အထောက်တော်၊ ရန်ကုန်
ဖေဖေါ်ဝါရီ ၂၈၊ ၂၀၁၁
ကမ္ဘာ့ရေနံဈေး မြင့်တက်မှုကြောင့် ပြည်တွင်း ဓါတ်ဆီ၊ ဒီဇယ်ဆီများ ၃၀ ရာခိုင်နှုန်းကျော် ထိုးတက်ခဲ့သည့် အတွက် ကုန်ပစ္စည်းနှင့် ၀န်ဆောင်ခဈေးနှုန်းများ မြင့်တက်လာနေသည်ဟု ကုန်သည်များနှင့် ခရီးသွားသူများက ပြောသည်။ ထို့ပြင် အာဆီယံစံနှုန်း သတ်မှတ်ချက်ဟု ခေါ်ဆိုသည့် ကုန်တင်ယာဉ်များ တန်ပိုတင်ဆောင်ခွင့် မပြုခြင်းကြောင့်လည်း ကုန်သယ်ဆောင်ခ မြင့်တက်ခဲ့ပြီး ယခုအခါ ရန်ကုန်နှင့် နယ်မြို့များတွင် ကုန်စည်ဈေးနှုန်းများ မြင့်တက်လာသည်ဟုလည်း သိရှိရသည်။
ယခုသီတင်းပတ်အတွင်း ဒီဇယ်ဆီဈေးမှာ တစ်ဂါလံ ကျပ် ၃၈၀၀ မှ ၄၀၀၀ (အမေရိကန်ဒေါ်လာ ၄ ဒေါ်လာ ကျော်) နောက်ရက်အနည်းငယ် အကြာမှာပဲ  ၄၂၀၀ (အမေရိကန်ဒေါ်လာ ၅ ဒေါ်လာ ကျော်) အထိရောက်ရှိခဲ့ပြီး ဓါတ်ဆီဈေးနှုန်းမှာလည်း လွန်ခဲ့သည့် သီတင်းပတ်များထက် ကျပ် ၅၀၀ (အမေရိကန်ဒေါ်လာ ပြား ၅၀ ) ၀န်းကျင်မြင့်တက်ခဲ့ကာ ပြင်ပပေါက်ဈေးအနေဖြင့် တစ်ဂါလံ ကျပ်၃၉၀၀ မှ ၄၀၀၀  (အမေရိကန် ဒေါ်လာ ၅ ဒေါ်လာ ၀န်းကျင်) အထိရောက်ရှိခဲ့ခြင်း ဖြစ်သည်။
ပုဂ္ဂလိက လုပ်ကိုင်ခွင့်ပြုထားပြီးဖြစ်သည့် စက်သုံးဆီဆိုင်များတွင် သတ်မှတ်ဈေး တစ်ဂါလံ ၂၅၀၀ ကျပ် (အမေရိကန်ဒေါ်လာ ၃ ဒေါ်လာ) ဖြင့်ရောင်းချလျက်ရှိသော်လည်း ထိုဈေးနှုန်းဖြင့်ဝယ်ယူခွင့်ရဖို့ အချိန်နာရီနဲ့ချီစောင့်ဆိုင်းရသည့် အတွက် တန်းစီပြီး ပြန်လည်ရောင်းချသည့် အလုပ်ပေါ်ထွက်လာခဲ့သည်။ ထိုကဲ့သို့  ကားသို့မဟုတ် ဆိုင်ကယ်ဖြင့် ဓါတ်ဆီတန်းစီပြီး ပြန်လည်ရောင်းချပြီး ပြင်ပပေါက်ဈေးတွင် ဓါတ်ဆီအဖြူမှာ တစ်ဂါလံ ၃၉၀၀ ကျပ် (အမေရိကန် ဒေါ်လာ ၄ ဒေါ်လာ ကျော်) အထိရောက်ရှိလာခဲ့သည်။
လောင်စာဆီ ဈေးနှုန်းမြင့်တက်မှု၏ တိုက်ရိုက်သက်ရောက်မှု အဖြစ် လွန်ခဲ့သည့် ရက်ပိုင်းအတွင်း ရန်ကုန် - မော်လမြိုင်ခရီးသည်တင်ကား လက်မှတ်ခ ကျပ် ၅၀၀၀ မှ ၅၅၀၀ ကျပ်သို့ (အမေရိကန်ဒေါ်လာ ၆ ဒေါ်လာ ၀န်းကျင်) မြင့်တက်ခဲ့သည်ဟု ခရီးသည်များ၏ ပြောဆိုချက်အရ သိရှိရသည်။
ဇန်န၀ါရီ  လလယ်မှ စတင်ခဲ့သည့် အရှေ့အလယ်ပိုင်း မတည်ငြိမ်မှုများကြောင့်သီတင်းပတ် အနည်းငယ်အတွင်း ကမ္ဘာ့ရေနံဈေးနှုန်း တစ်စည်လျင် ဒေါ်လာ ၁၂၀ ၀န်းကျင်ထိ မြင့်တက်ခဲ့ခြင်းကြောင့် ယခုလို ဒီဇယ်နှင့် ဓါတ်ဆီဈေးနှုန်းများ မြင့်တက်ခဲ့ခြင်းဖြစ်သည်။
အခြားတစ်ဘက်တွင်လည်း လွန်ခဲ့သည့် လအတွင်း အာဆီယံစံနှုန်း ဟုခေါ်ဆိုသည့် ကုန်တန်ချိန်ပိုတင်ခွင့်မပြုသည့် အတွက်ကြောင့် နယ်မြို့များနှင့် ရန်ကုန်ကုန်သယ်ပို့ခ ၂ဆနီးပါး မြင့်တက်ခဲ့သည်ဟု နယ်မြို့များမှ ကုန်သည်များက ပြောသည်။
မော်လမြိုင်မြို့မှ ဆေးရွက်ကြီး ရောင်းချသူ တစ်ဦးကပြောရာတွင် ယခင်လမှ စပြီးကုန်တန်ပိုတင်ခွင့်မရသည့်အဖြစ်ကြောင့် ကုန်ပို့ခ နှစ်ဆနီးပါး မြင့်တက်ခဲ့သည်ဟု ပြောဆိုသည်။ ဆေးရွက်ကြီးလိပ် တစ်ထုပ်လျင် ယခင် ကျပ် ၁၈၀၀ (အမေရိကန် ဒေါ်လာ ၂ ဒေါ်လာ) ကျသင့်သော်လည်း ယခုအခါ  ၃၀၀၀ ကျပ်ကျော် (အမေရိကန် ဒေါ်လာ ၃ ဒေါ်လာ ကျော်) သို့ရောက်ရှိခဲ့သည့် အတွက်ကုန်ပစ္စည်း ဈေးနှုန်းများ မြင့်တက်ခဲ့ရသည်ဟု ပြောသည်။
နအဖ စစ်အစိုးရ အနေဖြင့် လောင်စာဆီဖြန့်ဖြူးသည့် လုပ်ငန်းအား လွန်ခဲ့သည့်နှစ်လယ်က ပုဂ္ဂလိကအားလုပ်ကိုင်ခွင့် ပြုခဲ့သော်လည်း လောင်စာဆီဖြန့်ဖြူးသည့် ဆိုင်များအနေဖြင့် ဓါတ်ဆီဈေးနှုန်းအား ကျပ် ၂၅၀၀ ဖြင့်သာရောင်းချရန် သတ်မှတ်ထားခဲ့သဖြင့် ယခုလို ဆိုင်ထုတ်ဈေးနှင့် ပြင်ပဈေး ၂မျိုးဖြစ်နေပြီး ပြင်ပပေါက်ဈေးက ဆိုင်ဈေးထက် ကျပ် ၁၄၀၀ ၀န်းကျင်မြင့်နေသည်ကိုတွေ့ရသည်။
          ယခုသတင်းတွင် အမေရိကန်ဒေါ်လာ နှင့် မြန်မာငွေ မှောင်ခိုငွေလွှဲဈေး ကျပ် ၈၅၀ - ၉၀၀ အတွင်း ကို အခြေခံပြီး အမေရိကန် ဒေါ်လာဈေးနဲ့ ယှဉ်တွဲ ရေးသားထားခြင်းဖြစ်သည်။ ၂၀၁၁ ဇန်န၀ါရီလ သတင်းအရ ရန်ကုန် အထည်ချုပ်အလုပ်သမား အခြေခံလစာမှာ ကျပ် ၁ သောင်း မှ ၅ သောင်း ( အမေရိကန် ၁၁ မှ ၄၅ ဒေါ်လာ) ဖြစ်သည်။ အိမ်နီးချင်း အိန္ဒိယနိုင်ငံတွင် စက်ရုံအလုပ်သမား တဦးလျင် အမေရိကန် ဒေါ်လာ ၅၀ အနည်းဆုံး ရသည်။ ဓာတ်ဆီဈေးမှာ အမေရိကန် ဒေါ်လာ ၁ ဒေါ်လာ ခွဲ သာ ရှိသည်။

Sunday, February 27, 2011

Nay Pyi Taw award for Kadafi


နေပြည်တော် ဒုက္ခသီရိ ဂုဏ်ထူးဆောင်ဆု ကဒါဖီ ရမည်
ရန်လိုကျွဲ
ဖေဖော်ဝါရီ ၂၈၊ ၂၀၁၁

(illustrated by Saw Ngo)

"---ဟောဒီ ဒုက္ခသီရိမြို့မှာ ငါ ဂုဏ်ပြုချင်တဲ့သူတွေရဲ့ နာမည်နဲ့ လမ်းတွေချည်းပဲကွ---"

၁၅ မိနစ် လွှတ်တော်ကြီးကို အနားမကပ်နိုင်သေးသဖြင့် နေပြည်တော်ရောက် ကျွန်ုပ် ရန်လိုကျွဲ သတင်းတပုဒ်မှ မရေးရသေး။ ထို့ကြောင့် ချိုကုပ်ဒူးကြီးထံသို့ ရောက်ရပြန်ချေပြီ။

ဒူးကြီးက ချိတ်လုံချည်တထည် ကောက်စွပ်ပြီး လမ်းလျှောက်ထွက်ရန် ပြင်နေသည်။ ကျွန်ုပ်ကို မြင်သည်နှင့် ၀မ်းသာအားရ နှုတ်ဆက်လေသည်။

ဒူးကြီး။ ။ ဟေ့ကောင် ကျွဲကြီး - ငါ အခုပဲ အပြင်သွားမလို့၊ လိုက်မလား ငါနဲ့။

ကျွဲ။ ။ ဘယ်ကိုလဲဗျ။ ရေခဲတောင် ဆိုရင်တော့ မလိုက်ပါရစေနဲ့။

ဒူးကြီး။ ။ (တဟက်ဟက် ရယ်ရင်း) ဟုတ်ပါဘူးကွာ။ နီးနီးနားနား လမ်းလျှောက်မှာပါကွ။ ဒုက္ခသီရိမြို့ထဲ သွားပြီး လိုအပ်တာတွေ လမ်းညွှန်မှာကြားတာမျိုး လုပ်မလို့ပါ။ ကဲပါကွာ၊ လိုက်ခဲ့စမ်းပါ သတင်းစာသမားရယ်။

ဤသို့ဖြင့် နှစ်ကောင်သား နေပြည်တော် ဒုက္ခသီရိမြို့နယ်အတွင်း လှည့်လည် ကြည့်ရှုကြသည်။ လမ်းမကြီးများက ကောင်းလှသည်။ လမ်းဆုံတခုအရောက်တွင် ဒူးကြီးက ရုတ်တရက် ရပ်လိုက်သဖြင့် ကျွန်ုပ်လည်း ရပ်လိုက်ရသည်။

ဒူးကြီး။ ။ ကဲ - ဒီနားမှာ ထူးခြားတာ ဘာတွေ့လဲ။

ကျွဲ။ ။ တခြားနေရာတွေလိုပါပဲ၊ လူသူလေးပါး မမြင်ရဘူး။ လမ်းမီးတွေလည်း နေ့ခင်းကြောင်တောင် လင်းနေတယ်။ ဘာထူးလို့လဲ။

ဒူးကြီး။ ။ အင်း - ဒီသတင်းသမားကတော့ အောင်မြင် ဖြစ်ထွန်းအုံးမယ်။ (လမ်း ဆိုင်းဘုတ်တခုကို ညွှန်ပြပြီး) ဟောဒီ ဆိုင်းဘုတ်မှာ ဘာရေးထားလဲ။

ဒူးကြီး လက်ညှိုးထိုးပြသည့် ဆိုင်းဘုတ်ကို ကြည့်ပြီး ကျွန်ုပ် အံ့သြသွားမိသည်။

ကျွဲ။ ။ ဟိုက် - သခင်တင်မြလမ်း ဆိုပါလားဗျ။ ဘယ်လိုဖြစ်တာလဲ။ ဒီလမ်းမကြီးကို သူ့နာမည် ပေးထားတာ သူတောင် မသိဘူး ထင်တယ်။

ဒူးကြီး။ ။ ဟုတ်တယ်၊ သူ မသိသေးဘူး။ ဒီတည့်တည့် ဆက်သွားရင် တွေ့မယ့် လမ်းမကြီးကိုတော့ မောင်စူးစမ်း လို့ နာမည်ပေးထားတယ်။

ထူးဆန်းလှသဖြင့် အိပ်မက် မက်နေသလားဟုပင် ထင်ရသည်။

ကျွဲ။ ။ မြန်မာပြည်မှာ လမ်းနာမည် အများစုက သေပြီးတဲ့သူတွေရဲ့ နာမည်ချည်းပဲ။ ဒုက္ခသီရိမှာတော့ အဲဒါနဲ့ ပြောင်းပြန် ဖြစ်နေတာ အံ့သြစရာကောင်းလိုက်တာ။

ဒူးကြီး။ ။ သူတို့ ၂ယောက်က နိုင်ငံတော်အကျိုးပြုစာတွေ ရေးကြတော့ ထိုက်တန်စွာ ဂုဏ်ပြုရတာပေါ့ကွာ။ သူတို့၂ယောက်တင် မကဘူး၊ ဟောဒီ ဒုက္ခသီရိမြို့မှာ ငါ ဂုဏ်ပြုချင်တဲ့သူတွေရဲ့ နာမည်နဲ့ လမ်းတွေချည်းပဲကွ။

စကားတပြောပြောဖြင့် လမ်းလျှောက်လာစဉ် လမ်းသွယ်တခုထိပ်ရှိ ဆိုင်းဘုတ်တွင် နိုင်ငံရေးသမားတဦး၏ အမည်ကို တွေ့ရသည်။

ကျွဲ။ ။ ဦးသုဝေ လမ်းသွယ် ဆိုပါလားဗျ။

ဒူးကြီး။ ။ အေး - ဟုတ်သကွ။ ငါတို့ကို စနစ်တကျ တပ်ဆုပ်နေတယ်လို့ ပြောတဲ့ ဆရာဦးသုဝေပေါ့ကွာ။ သူ့ကိုလည်း ဂုဏ်ပြုရတာပေါ့။ ဟီးဟီး - ငါတို့က စနစ်တကျ တပ်ဆုပ် သလိုလိုနဲ့ စနစ်တကျ လည်ပင်းညစ်နေတယ်ဆိုတာ သူ မသိရှာသေးဘူး။ အဟက်ဟက်ဟက် --

ဒူးကြီး၏ ခြောက်သွေ့သွေ့ရယ်သံများ၊ ရှင်းလင်းချက်များကို မကြားတချက် ကြားတချက်။ ကျွန်ုပ်က လမ်းအမည်များကိုသာ အအံ့သြကြီး အံ့သြနေမိသည်။

“---ဟီးဟီး - ငါတို့က စနစ်တကျ တပ်ဆုပ် သလိုလိုနဲ့ စနစ်တကျ လည်ပင်းညစ်နေတယ်ဆိုတာ သူ မသိရှာသေးဘူး။ အဟက်ဟက်ဟက်---”

ကျွဲ။ ။ ဟာ - ဟိုမှာ ဒေါက်တာသန်းငြိမ်းလမ်းသွယ်၊ ဦးခင်မောင်ဆွေလမ်းသွယ်။ ဂုဏ်ပြုထားတာပဲလား။ သူတို့ကိုတော့ ဘာကြောင့် လမ်းမကြီးနာမည်တွေ မပေးရတာလဲ။

ဒူးကြီး။ ။ ဟဲဟဲဟဲ - ဒီကောင်တွေက ငါတို့ လမ်းပြမြေပုံကို ထောက်ခံလို့ ဂုဏ်ပြုထားတာ။ ဒါပေမယ့် ငါတို့ကို ပူးသတ်မယ်ဆိုလား ဘာဆိုလား အဲဒါမျိုး ဆိုတော့ အရမ်း ယုံလို့ မရသေးဘူးလို့ ငါ့တပည့်တွေက ပြောလို့ လမ်းမကြီးနာမည် ပေးလို့ မဖြစ်ဘူး။

နှစ်ကောင်သား ဆက်လျှောက်ကြသည်။ ဒူးကြီးက ဒုက္ခသီရိမြို့နယ်အတွင်းမှ လမ်းအမည်များ အကြောင်းကို အာဘောင်အာရင်း သန်သန်ဖြင့် အဆက်မပြတ် ပြောပြသည်။

ကျွဲ။ ။ ဟိုက် - ဒီလမ်းလေးက ဗိုလ်ခင်ညွန့်လမ်း တဲ့။ ထောက်လှမ်းရေး ဗိုလ်ခင်ညွန့်လား။

ဒူးကြီး။ ။ သိပ် ဟုတ်တာပေါ့။ ဒီခွေးမသားကို ငါ မကြိုက်ပေမယ့် ငါတို့ကို ကောင်းကောင်း အကျိုးပေးခဲ့တဲ့ကောင်ပေပဲ။ နိုင်ငံရေးသမားတွေကို နှိပ်ကွပ်ဖို့၊ ထောင်ထဲမှာ ဖြည်းဖြည်းချင်း သေအောင်လုပ်ဖို့ကိစ္စတွေမှာ အရမ်း အားကိုးရတာကွ။ ကဲ - ငါလည်း ခြေညောင်းပြီ သတင်းထောက်ရေ။ ဟော - ဟိုက ဆိုင်းဘုတ်မှာ ရေးထားတာ မင်း ဖတ်လိုက်အုံး။ ဖတ်ပြီး ငါတို့ လှည့်ပြန်ကြစို့။

ဒူးကြီး ပြောသည့် ဆိုင်းဘုတ်မှာ ရှစ်လမ်းသွား လမ်းမကြီး၏အမည် ဖြစ်သည်။ ထိုဆိုင်းဘုတ်ကို ကြည့်ပြီး ကျွန်ုပ် မျက်လုံး ပြူးထွက်သွားလေသည်။

ကျွဲ။ ။ ဗိုလ်မှူးကြီး ကဒါဖီ လမ်းမကြီး ဆိုပါလား။ ဒီလူကြီး နာမည်က ဘယ်လိုဘယ်လို ဒီရောက်နေတာလဲ။

ဒူးကြီး မျက်လုံးများ အရောင်တလက်လက် တောက်လာသည်။ ကျွန်ုပ်မေးသည်ကို ချက်ချင်း မဖြေဘဲ “ဗိုလ်မှူးကြီး ကဒါဖီ လမ်းမကြီး” ဟူသော ဆိုင်းဘုတ်တိုင်ကို ပွေ့ဖက်နေပုံက ကဒါဖီကို အလွန်တရာ ဂုဏ်ယူ လေးစားစိတ် ကြီးမားကြောင်း ပေါ်လွင်နေသည်။

ဒူးကြီး။ ။ လေးစားလွန်းလို့ ဒီလမ်းကို သူ့နာမည် ပေးထားတာဟေ့။ လစ်ဗျားနိုင်ငံမှာ ဆန္ဒပြတာကို သူက လက်နက်မျိုးစုံ သုံးပြီး ရှင်းတယ်၊ လေယာဉ်ပျံတောင် သုံးတယ် တဲ့။ ကဲ - ငါက သူ့ကို မလေးစားရင် ဘယ်သူ့ကို လေးစားရမလဲ။

ကျွဲ။ ။ အဘ - ဒီငနဲကြီးက ဆင်းပြေးရတော့မှာနော်၊ အားကျ မနေနဲ့။

ဒူးကြီး။ ။ သူ့အတွက် စိတ်မပူစမ်းပါနဲ့ကွာ။ နေပြည်တော် ပြေးလာဖို့ ငါ လှမ်းပြောပြီးပြီ။ နိုင်ငံရေးခိုလှုံခွင့် ပေးမယ်လို့လည်း အာမခံထားတယ်။

ခက်ပြီ။ အမှန်တကယ် ခက်ပြီ။ ဒီ လူလွန်မသား အာဏာရှင်ကြီး၂ဦး ပေါင်းမိပါက ဒုက္ခ နှင့် လှလှ တွေ့ကြတော့မည်ဟု တွေးနေမိသည်။ ဒူးကြီးကို နှုတ်ဆက်ပြီး လှည့်အပြန်တွင် ဒူးကြီးက အောက်ပါအတိုင်း လှမ်းအော်ပြောလေသည်။

ဒူးကြီး။ ။ ဟဲဟဲ - ဘယ့်နှယ်လဲ သတင်းထောက်။ အံ့သြသွားသလား။ ဒါ အစပဲ ရှိသေးတယ်။ ကဒါဖီအတွက် “အေးချမ်းသာယာရေး” ဆိုတဲ့ ဂုဏ်ထူးဆောင်ဆု ဆိုပြီး ဖန်တီးမယ်၊ ကဒါဖီကို ပေးမယ်လို့ ပြောထားပြီးပြီ။ သူ လက်ခံမယ် ဆိုတာနဲ့ ပေးလိုက်ရုံပဲ။ မင်းတို့ သတင်းရေးဖို့သာ ပြင်ပေတော့။ ဟားဟားဟား -

ဒူးကြီးက ထိုသို့ ခြောက်ကပ်ကပ် အော်ရယ်ပြီး ဒုက္ခသီရိမြို့ရှိ သူ၏ နန်းတော်သို့ ပြန်သွားလေသတည်း။

Bomb blast in Rangoon, Insein -


အင်းစိန် အောင်ဇေယျတံတား အနီးဗုံးကွဲ၊ လက်သည် အဖွဲ့အစည်းအမည် မဖော်နိုင်သေး
ခင်နှင်းလွင် ၊ ရန်ကုန်
ဖေဖေါ်ဝါရီ ၂၈၊ ၂၀၁၁
ယမန်နေ့ည ၇ နာရီဝန်းကျင်က အင်းစိန် လှိုင်မြစ်ကမ်းအနီး အောင်ဇေယျတံတားအနီး ဗုံးပေါက်ကွဲခဲ့ရာ ဗုံးသယ်လာသူတွင် ဒဏ်ရာပြင်းထန်စွာရခဲ့ပြီး မည်သည့်အဖွဲ့အစည်းမှ ဖြစ်သည်ကို တထစ်ချပြောဆိုနိုင်ခြင်း မရှိဟု သွားရောက်စုံစမ်းခဲ့သည့် ပြည်တွင်း သတင်းထောက် တဦးကပြောသည်။
ဗုံးဖောက်ခွဲရန် ကြံစည်သူဟု ယူဆရသည့် အမျိုးသား၏ လွယ်အိတ်ထဲတွင် ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု သိရပြီး ထိုအမျိုးသားမှာ ပေါက်ကွဲမှုကြောင့် ခြေထောက်ပြတ်သွားခဲ့ကာ သွေးရူး သွေးတန်းဖြစ်နေခဲ့ပြီး ရဲများက စစ်မေးပြီး အင်းစိန်ဆေးရုံသို့ ရှေးဦးစွာပို့ခဲ့သည်ဟု အဆိုပါ သတင်းထောက်ကပြောသည်။ ပေါက်ကွဲမှုကြောင့် ဗုံးသယ်ဆောင်လာသူ အပါအ၀င် အနည်းဆုံး ၅ ဦး ဒဏ်ရာရခဲ့သည်ဟုလည်း အဆိုပါ သတင်းထောက်က ဆိုသည်။
ထိုသို့ အင်းစိန်ဆေးရုံပို့ပြီးနောက်မကြာမီတွင် တရားခံဟု ယူဆရသူအား အင်းစိန်ဆေးရုံမှ ထပ်မံရွှေ့ပြောင်းခဲ့သည်ဟုလည်း သိရှိရသည်။
ရန်ကုန်မြို့တွင် ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုအများစုမှာ မည်သည့်အဖွဲ့အစည်းဖြစ်သည်ကို အထောက်အထားခိုင်ခိုင်မာမာဖြင့် ဖေါ်ထုတ်မှု နည်းပါးလွန်းပြီး များသောအားဖြင့် ထိုင်းမြန်မာနယ်စပ် အခြေစိုက် အဖွဲ့အစည်းများဖြစ်သည့် အေဘီအက်စ်ဒီအက်ဖ်၊ ကေအန်ယူနှင့် စွမ်းအားမြှင့်ကျောင်းသားစစ်သည်တော် အဖွဲ့တို့ကို စစ်အစိုးရက စွပ်စွဲလေ့ရှိသည်ကို တွေ့ရသည်။
၂၀၀၅ ခုနှစ် ပုဇွန်တောင် ကုန်သွယ်မှု ဗဟိုစင်တာနှင့် စီးတီးမတ် ၂ နေရာတို့တွင် တပြိုင်နက်ထဲ ဗုံးကွဲမှုမှ အစပြုပြီး ၂၀၀၈ ရန်ကုန်ထရိတ်ဒါး ဟိုတယ်အနောက်ဘက် ဗုံးကွဲမှုနှင့် ၂၀၀၉  စက်တင်ဘာ စက်မှုဇုန် ဗုံးကွဲခဲ့မှု၊ မတ်လတွင်း ကားဂိတ်များဗုံးကွဲမှု၊ ယမန်နှစ် သင်္ကြန် အိတ်စ်တူးအို မဏ္ဍပ်ဗုံးကွဲမှု များအထိ သက်သေခိုင်ခိုင်မာမာဖြင့် ဖေါ်ထုတ်ခဲ့ခြင်းမရှိပဲ နိုင်ငံရေးအရ ဖမ်းဆီးသည့် တရားခံအချို့နှင့် မသက်ဆိုင်သူအချို့ကို တရားခံအဖြစ် စွပ်စွဲပြစ်ဒဏ်ပေးခဲ့သည် ကိုသာတွေ့ခဲ့ရသည်။
ဗိုလ်ချုပ်ခင်ညွန့် ဦးဆောင်သည့် စစ်ထောက်လှမ်းရေး အားဖြုတ်ချပြီးနောက် အသစ်ပြန်လည်ဖွဲ့စည်းသည့် စစ်ဖက်ရေးရာ လုံခြုံရေးအဖွဲ့ (စရဖ) နှင့် ရဲနှင့် သတင်းတပ်ဖွဲ့ (အက်စ်ဘီ) တို့မှာသီးခြားစီသတင်းယူလှုပ်ရှား လျက်ရှိပြီး တခါတရံ တဖက်အဖွဲ့မှ မွေးထားသည့် သတင်းပေးများအား အခြားတဖက်မှ မှားယွင်းဖမ်းဆီးခဲ့သည့် ဖြစ်ရပ်များလည်း ရှိသည်ဟု ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်မှ ရဲတပ်ဖွဲ့ဝင်တဦး၏ ပြောဆိုချက်အရသိရသည်။
အဆိုပါရဲ တပ်ဖွဲ့ဝင်၏ ပြောဆိုချက်အရ ဆိုပါက လှိုင်သာယာ နှင့် အခြားစက်မှုဇုန်တို့တွင် ပေါက်ကွဲခဲ့သည့် ရှေ့ဆင့်နောက်ဆင့် ဗုံးကွဲမှုများတွင် ရဲအဖွဲ့ဝင်များက မသင်္ကာသူအချို့ကိုဖမ်းဆီးခဲ့ရာတွင် စရဖ သတင်းပေးများ ပါဝင်ခဲ့သည့် အတွက် ထိုစဉ်က ရန်ကုန်တိုင်း ရဲမှူးကြီး ၀င်းနိုင်မှာ အပြစ်တင်ခံခဲ့ရသည်ဟုလည်းအဆိုပါ ရဲတပ်ဖွဲ့ဝင်ကပြောသည်။
မြန်မာနိုင်ငံတွင် ပေါက်ကွဲမှုများ ဖြစ်ပွားလျင် နယ်စပ်အခြေစိုက် လက်နက်ကိုင်အဖွဲ့နှင့် အတိုက်အခံအဖွဲ့များကိုသာ စွပ်စွဲလေ့ရှိသည့်အတွက် လူထုအနေဖြင့် စစ်အစိုးရထုတ်ပြန်သည့် ကြေညာချက်များအား ယုံကြည်လေ့မရှိသည်ကိုလည်း တွေ့ရသည်။
မြန်မာပြည်တွင်းနှင့် ရန်ကုန်မြို့တွင်း ဗုံးပေါက်ကွဲ ဖြစ်စဉ်များကို မဇ္ဈိမသတင်း မှတ်တမ်းတွင် ကြည့်ရှု လေ့လာနိုင်သည်။ http://www.mizzima.com/political-background/military-vs-opposition/bomb-attacks.html

Letters from Michigan - 56

မစ်ရှီဂန်ကပေးတဲ့စာ (၅၆)
အောင်ဝေး
ဖေဖော်ဝါရီ ၂၈၊ ၂၀၁၁


မိတ်ဆွေကြီးကိုဒေါင်း-
ကျန်းခံ့သာလို့မာကြပါရဲ့လားဗျာ။ အရင်တပတ်က ကျနော် ဂျီစီဘီအေ မြန်မာ အသင်းချုပ်ကြီးနဲ့ဆရာကြီး သခင်ကိုယ်တော်မှိုင်း အကြောင်း အစချီ ပြောခဲ့တာမို့ အခု တဆက်တည်း သမိုင်းမှာ ကြုံတွေ့ခဲ့ရတဲ့ အကွဲအပြဲတွေ၊ မညီညွတ်မှုတွေ၊ ကျနော့်ခေါင်းထဲ ပေါ်လာတာကို ပြောကြည့်ချင်တယ်ဗျာ။

ခုတလော၊ ပြည်သူလူထုတွေထဲကနေပြီး ပြည်တွင်းရော၊ ပြည်ပကပါ ဆိုပါတော့၊ ကျနော်တို့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တိုင်တည်ပြီး မေးကြပြောကြတဲ့ စကားတွေထဲမှာ မြန်မာ့ဒီမိုကရေစီ ဘက်တော်သားတွေ မညီညွတ်ကြဘူး ဆိုတဲ့ ကိစ္စက၊ ထိပ်တန်းက အမြဲ ပါပါနေတာ သတိထားမိတယ် ကိုဒေါင်း။

သူတို့ပြောသလို ကျနော်တို့ မြန်မာ့ ဒီမိုကရေစီ ဘက်တော်သားတွေ တကယ် မညီနိုင် မညွတ်နိုင် ဖြစ်နေကြလို့လား။ ဒီလိုတော့လည်း ဟုတ်နိုင်မယ် မထင်ဘူး ကိုဒေါင်းရေ။ ကျနော်တို့ မညီညွတ်ရင်၊ ကျနော်တို့ ရှိနေနိုင်ပါဦးမလား။ တဖက်က သမိုင်းရေး အခြေအနေနဲ့ လက်ငင်း ပြဿနာ၊ အခက်အခဲတွေကလည်း ရှိသေးတာ မဟုတ်လား။ တချို့က အဆိုး မြင်ကြတယ်။

ကိုဒေါင်းကြီး၊ ငြင်းပယ်ခြင်းသီအိုရီ ဆိုတာ ရှိရဲ့ဗျာ။ Negation of negation တဲ့။ ငြင်းပယ်ခြင်းကို ငြင်းပယ်ခြင်းပေါ့ဗျာ။ အဆိုးမြင်တဲ့သူတွေကို ကျနော်က ဒီလို ပြောချင်တယ်။ (၁) မြန်မာ့ဒီမိုကရေစီ ဘက်တော်သားတွေ မညီညွတ်ဘူး ဆိုတာ မဟုတ်ဘူး။ ထပ်ပြီး ပြောရဦးမယ် ဆိုရင် (၂) မြန်မာ့ ဒီမိုကရေစီ ဘက်တော်သားတွေ ဘယ်တော့မှ ညီညွတ်မှာ မဟုတ်ဘူး ဆိုတာလည်း မဟုတ်ဘူး။

ကိုဒေါင်း၊ တချို့က ညီညွတ်ရေး အပေါ်မှာ သိပ်ပြီး အဆိုးမြင်လွန်းတာလည်း ပါပါတယ်။ တချို့ကတော့ အကောင်းမြင်ဖို့ ၀န်လေးတာလည်း ပါချင်ပါမှာပေါ့ဗျာ။ သမိုင်းမှာ ကွဲခဲ့ ပြဲခဲ့တာကတော့ ငြင်းလို့မရတာ သေချာတယ်။ ညီညွတ်ရေးပျက်ပြားလို့ ပန်းတိုင်မရောက်ဘဲ၊ လမ်းပျောက်ခဲ့တာတွေ ရှိခဲ့တာလည်း မှန်ပါတယ်။

ဂျီစီဘီအေ မြန်မာအသင်းချုပ်ကြီးကနေပဲ စပြီး ကြည့်လိုက်ဦး။ အမျိုးသား လွတ်မြောက်ရေး ကြိုးပမ်းမှုသမိုင်းမှာ၊ ပထမဆုံး နယ်ချဲ့ဆန့်ကျင်ရေးတပ်ဦး လို့ ဆိုနိုင်တဲ့ ဂျီစီဘီအေအဖွဲ့ကြီးကို တိုင်းပြည်ကလည်း အားထားခဲ့တယ်။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းတို့လို ပုဂိုလ်တွေကလည်း မျှော်လင့်ခဲ့တယ်။ ဒါပေမဲ့ ဘာဖြစ်လာသလဲ။

မကြာဘူး။ ဦးချစ်လှိုင် ဂျီစီဘီအေနဲ့ ဦးဘဖေ(၂၁)ဦး ဂျီစီဘီအေ ဆိုပြီး နှစ်ခြမ်း ကွဲတော့တာပဲ။ အကွဲက ဒီလောက်နဲ့ မရပ်ခဲ့ဘူး။ ဦးချစ်လှိုင်ဂျီစီဘီအေထဲကနေပြီးတော့ကိုပဲ၊ ဦးချစ်လှိုင် တခြမ်း၊ ဦးစိုးသိန်း တခြမ်း ဆိုပြီး ထပ်ကွဲခဲ့ပြန်ရော မဟုတ်လားဗျာ။

ဒီလို အကွဲအပြဲတွေကတော့ နိုင်ငံရေး အယူအဆပေါ်မှာ အဓိက အခြေခံတာတော့ ဟုတ်တယ်။ မလိုလားအပ်တဲ့ ပုဂိုလ်ရေးကိစ္စတွေ၊ ငွေကြေး ရန်ပုံငွေကိစ္စတွေလည်း၊ အနည်းနဲ့အများ ပါတန်သလောက် ပါခဲ့တယ်။ ကွဲတာကတော့ ကွဲတာပဲ ဖြစ်တယ်။

ကိုယ့်ဘက်က ညီညွတ်ရေး ပျက်ပြားသွားတော့၊ ရန်သူ နယ်ချဲ့ ဗြိတိသျှအစိုးရက၊ အားရတော့ပေမပေါ့။ ညီညွတ်ရေးက ပျက်ရုံတင်ပျက်တာ မဟုတ်တော့ဘဲ၊ အမျိုးသားရေး အပေါ် သစ္စာဖောက်တာတွေ၊ ရန်သူနဲ့ ပူးပေါင်းသွားတာတွေ အထိ ဖြစ်လာခဲ့တာပါပဲ။

နယ်ချဲ့ ကိုလိုနီအစိုးရကလည်း၊ မြန်မာ့ လွတ်လပ်ရေး အင်အားစုတွေကို ဒီအတိုင်း ဘယ် လက်ပိုက်ကြည့်နေမလဲဗျာ။ တတ်နိုင်သလောက် သွေးခွဲတာပေါ့။ အတွင်းဝင်ပြီး သပ်လျှို တာပေါ့။ ဒီတော့ ကိုယ့်မြန်မာ အချင်းချင်း စိတ်ဝမ်း ကွဲကုန်ကြတော့တာပေါ့။

တို့ဗမာအစည်းအရုံးကြီးလည်း နှစ်ခြမ်း ကွဲခဲ့တာပဲ မဟုတ်လား။ ဆရာကြီး သခင်ကိုယ်တော်မှိုင်း၊ သခင်အောင်ဆန်း၊ သခင်သန်းထွန်းတို့ ဦးဆောင်တဲ့ လက်ဝဲဂိုဏ်း နဲ့ ဗစိန်-ထွန်းအုပ်-ရှုမောင်ဂိုဏ်း လို့ ခေါ်တဲ့ သခင်ဗစိန်၊ သခင်ထွန်းအုပ်၊ သခင်ရှုမောင် (သခင်ရှုမောင် ဆိုတာကဗိုလ်နေ၀င်းပါ) သူတို့ ဦးဆောင်တဲ့ လက်ယာဂိုဏ်း ဆိုပြီး ဖြစ်ခဲ့ဖူးတာလည်း အထင်အရှားပဲ။

နောက်ထင်ရှားတဲ့ဟာ တခုက ဖက်ဆစ်တော်လှန်ရေးတုန်းက အဓိက မဏ္ဍိုင်ဖြစ်ခဲ့တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ ဆိုရင်လည်း ဖက်ဆစ်တော်လှန်ရေးကြီး အပြီးမှာ မညီမညွတ်တွေဖြစ်ပြီး၊ သခင်စိုးကွန်မြူနစ်ပါတီ နဲ့ သခင်သန်းထွန်းကွန်မြူနစ်ပါတီ ဆိုပြီး နှစ်ပါတီနှစ်ဖွဲ့ ကွဲခဲ့ဖူးတာပဲ။

ပြီးတော့တခါ လွတ်လပ်ရေးကို တိုက်ယူပေးခဲ့တဲ့ ဖဆပလအဖွဲ့ချုပ်ကြီး၊ ဒါလည်း လွတ်လပ်ရေးရပြီးတဲ့ ဒီဘက်ခေတ်မှာတော့၊ ဖဆပလလည်း နှစ်ခြမ်း ကွဲပြန်တာပါပဲ။ ဦးနုနဲ့သခင်တင် တို့က သန့်ရှင်းဖဆပလ၊ ဦးဗဆွေနဲ့ ဦးကျော်ငြိမ်းတို့က တည်မြဲ ဖဆပလ ဆိုပြီး ကွဲဖြစ်အောင် ကွဲခဲ့တော့တာပဲ။

ကိုဒေါင်းရေ - ကွဲတယ် ဆိုတဲ့နေရာမှာ ခိုင်လုံတဲ့သူ့ အကြောင်းတရားတော့ ဧကန်ရှိမှာပဲ။ ကိုယ့်တဖက်တည်းနဲ့လည်း မလုံလောက်ဘူး။ ရန်သူဘက်က အကြောင်းတရားတွေကိုလည်း မလွဲမသွေ ထည့်တွက်ရဦးမှာပဲ။ ပြောရရင် ကိုဒေါင်းရေ - ရန်သူက၀င်နှောင့်ရင်၊ တိုးတက် ခိုင်မာပါတယ် ဆိုတဲ့ အဖွဲ့အစည်းပေမဲ့လည်း၊ ကွဲချင် ကွဲတတ်တာပဲ မဟုတ်လား။

ကျနော် စဉ်းစားကြည့်မိတယ် - ဘာ့ကြောင့် မြန်မာ့ ဒီမိုကရေစီဘက်တော်သားတွေ မညီညွတ်ဘူး၊ မညီညွတ်ဘူး လို့ အပြော ခံနေရတာလဲ။ နိုင်ငံရေးသမားတွေရော၊ တက်ကြွ လှုပ်ရှားသူတွေပါ ဘာကြောင့် ဒီလိုဖြစ်နေရတာလဲ။ တိုက်ပွဲ မရှိလို့လား။ တိုက်ပွဲ မရှိရင်၊ ညီညွတ်ရေး မရှိနိုင်ဘူး မဟုတ်လား ကိုဒေါင်း။ တိုက်ပွဲရှိမှ ညီညွတ်ရေး ရှိမယ်။

ဒါဖြင့် - တိုက်ပွဲ မဖော်နိုင်လို့လား။ တိုက်ပွဲဖော်ဖို့ ဘုံရန်သူ ရှိရမယ်။ ဘုံရန်သူက ကိုယ့်ကို လည်ပင်းညှစ်၊ ကိုယ့်ကုပ်ကို ခွစီးနေတာ ကြာပြီ။ အနှစ်(၂၀)ကျော်ပြီ။ ကျနော်တို့ ညီညွတ်ဖို့ ဆိုရင်၊ ဒိပြင်ဟာတွေ ရှည်ရှည်ဝေးဝေး မလိုဘူး။ ဘုံရန်သူကို မြင်တတ်ဖို့ပဲ လိုတယ်။ ဘုံရန်သူကို ကြည့်တတ်ဖို့ပဲ လိုတယ်။

အဓိက ရန်သူကြီးကိုလည်း မြင်နေတွေ့နေရပြီ။ အဲဒီရန်သူကြီးကို ဖယ်ရှားပစ်ရမယ် ဆိုတာလည်း သိနေ သဘောပေါက်နေကြပြီ။ ဒီလောက် သိရင်မြင်ရင်ကိုပဲ၊ ကျနော်တို့ အခြေခံ ညီညွတ်ရေး တည်ဆောက်လို့ ရပါပြီ။ ညီညွတ်ရေး အပေါ်မှာ သိပ်ပြီးတော့လည်း အဆိုးမမြင် ကြစေချင်ပါ။ အကောင်းမြင်စိတ်နဲ့ ညီညွတ်ရေး ကြိုးပမ်းကြပါစို့ ကိုဒေါင်းရေ။

အားလုံးကို လေးစား တန်ဖိုးထားလျက်-

အောင်ဝေး
ဇန်န၀ါရီ ၃၁ -၂၀၁၁။

မူရင်း - လွတ်လပ်သည့် အာရှအသံ www.rfa.org/burmese