Monday, January 31, 2011

Moemaka welcomes SPDC's parliaments

နိမိတ်ကောင်းများ ယူဆောင်လာသော လွှတ်တော်ကြီးများ
ရန်လိုကျွဲ
ဖေဖော်ဝါရီ ၁၊ ၂၀၁၁

လွှတ်တော်သတင်းကြီးများကို မြန်မာ့အလင်း ကြေးမုံတို့က ဝေေ၀ဆာဆာ ထည့်သွင်းထားသည်။ ပုံများကိုသာ မောက်စ်ဖြင့် ကလစ်ပြီး ကြည့်ကြပါလေ။

ကျွဲရောင်းလာကြသော အဲ - ကြွရောက်လာကြသော ကိုယ်စားလှယ်တော်ကြီးများထဲမှ သမ္မတ၊ ဒုသမ္မတ စသဖြင့်ကို ရွေးမည်ဟု ဆိုသည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ အဖြစ် တာဝန်ယူရန် သူရဦးရွှေမန်းကို အဆိုပြုခဲ့သူမှာ ဦးသိန်းစိန် ဖြစ်လေသည်။
ဦးသိန်းစိန် သမ္မတဖြစ်ရေးအတွက် ဦးရွှေမန်းက ကျေးဇူးဆပ် အဆိုပြုဖွယ် ရှိသည်။ စောင့်ကြည့်ကြပါကုန်။

ဤ သဘာပတိကား မည်သူနည်း။ တခြား မဟုတ်ပါ၊ "ဗိုလ်ချုပ်မှူးကြီးက နိုင်ငံတော်အပေါ်မှာ အတော်သံယောဇဉ်ရှိပါတယ်။ တိုးတက်ဖို့လည်း အမြဲတွေးတောနေတာပါ" ဟု အတည်ပေါက်ပြောခဲ့သူ
မစ္စတာ ဌေးဦး ဖြစ်ပေသည်။
လွှတ်တော်ထဲတွင် ဗိုလ်ချုပ်မှူးကြီး ချီးမွှမ်းခန်း ဆက်ဖွင့်နေသည်ဟု ယူသော် ရ၏။

ဤပုံတွင် ပါဝင်သူများမှာ နှယ်နှယ်ရရ မဟုတ်ပေ၊ စည်းကမ်းရှိသော ဒီမိုကရေစီကို ၀ိုင်းဝန်းဖော်ဆောင်မည့်သူများပင်တည်း။


တနည်းအားဖြင့် ဗိုလ်ချုပ်ကြီးတို့ စနစ်တကျ တပ်ဆုပ်ရေးအတွက် ကူညီမည့်သူများ ဖြစ်ပေသည်။


တိုင်းရင်းသားတဦးဦး ဒုသမ္မတဖြစ်ရေး အိပ်မက် မက်နေသူများဖြစ်သည်။ ဒုသမ္မတအိပ်မက်အတွက် အဖြေ ရှိပြီးသား ဖြစ်သည်။ သူတို့လည်း အချဉ်မဟုတ်တော့ ထိုအဖြေကို သိကြပြီးလေပြီ။


မြန်မာပြည်အတွက် ဤသို့ စုဝေးနေကြသည့် မြင်ကွင်းမှာ အားရဖွယ် ကောင်းပါဘိ။ ပုံကို ကလစ် တချက် နှစ်ချက် နှိပ်ပြီး ကြည့်လော့၊ သင်တို့မိတ်ဆွေတဦးဦး ပါကောင်း ပါမည်၊ မသေချာ။


စာသင်ကြားပို့ချသည့် ခန်းမကြီးနှင့် ဆင်တူလှသည့် လွှတ်တော်ခန်းမကြီး။


လွှတ်တော်အမည်သာ ပြောင်းသွားသည်၊ ခုံအချင်းအကျင်း မပြောင်းလဲ။
ဤအခင်းအကျင်းက လက်ညှိုးထောင် ခေါင်းညိမ့်သူများအတွက် အထူး သင့်လျော်ပေ၏။
လွှတ်တော်ဥက္ကဋ္ဌ နေရာ အတွက် ဘောင်းဘီချွတ်များဘက်မှ တဦး တင်သွင်းသည်။ ဟုတ်သည်။ ဇာတ်လိုက်ကျော် သူရဦးရွှေမန်း တည်း။
တိုင်းရင်းသားများ၊ ဒီမိုကရေစီအော်ဟစ်ကြသူများကလည်း မျှော်လင့်ချက် တကျပ်ခွဲသားဖြင့် တဦး တင်သွင်းပါ၏။

ထို ၂ ဦးကို မဲခွဲရာ ဦးရွှေမန်း တောင်ပြိုကမ်းပြို နိုင်လေသည်။ ကြိုတင်မဲမဟုတ်ဟု ယူဆရသည်။ ကျေးဇူးရှင် ကြိုတင်မဲ လိုဦးမည်လော။ ကြံ့ခိုင်ရေး အများစု၊ စစ်ဗိုလ်ကြီးများ အစိတ်သား ဟူသော တပ်ပေါင်းစုက ကြိုတင်မဲ သုံးတော့မည် မဟုတ်ပေ။

ရွှေမန်းကြီး ထောက်ခံမဲပေါင်း ၃၇၆ မဲ ရလေ၏ဟု သတင်းစာက ဆိုသည်။ မယုံလျှင် ကလစ်ကြည့်ပါကုန်။

အလို! ၃၇၆ ဆိုတာ ဘာပါလိမ့်။ ဒီ ဂဏန်း ကြားဖူးသလိုလိုပင်။
ဟိုက် - မတရားပြုကျင့်သောသူကို စွဲဆိုတတ်သည့် ပုဒ်မ မဟုတ်လော။
သြော် - တိုက်ဆိုက်လေစွ။ တိုက်ဆိုင်လှပေစွတကား။


လွှတ်တော်ဖွင့်ပွဲကား တိုက်ဆိုင်မှုများဖြင့် အစပြုလေသည်။ စည်းကမ်းရှိသည့် ဒီမိုကရေစီအတွက် အားရှိဖွယ် နိမိတ်တည်း။
ကောင်းလေစွ၊ ကောင်းလေစွ၊ ကောင်းလေစွ -----။

Thu Rain Htet - Dear Father ...


ဖေဖေကြီး ပြဇာတ်
သူရိန်ထက်
ဖေဖော်ဝါရီ ၁၊ ၂၀၁၁

ဇာတ်လမ်းအမည်။         ။ဖေဖေကြီး
ရည်ရွယ်ချက်။               ။ထောင်ကျ နိုင်ငံရေးသမားတို့၏ ဘ၀ကို နားလည်စာနာနိုင်စေရန်၊ နိုင်ငံချစ်စိတ်၊ အမှန်တရားကို ချစ်စိတ်၊ အနစ်နာခံယူရဲသည့်စိတ်များ ဖြစ်ပေါ်စေရန်၊ ဒီမိုကရေစီ တိုက်ပွဲအတွင်း အမှန်တရားချစ်သူတို့နှင့် အမှန်ကို ဖုံးကွယ်ကာ ဖိနှိမ်ကောက်ကျစ်သူတို့ အကြား ပဋိပက္ခကို မှတ်တမ်းတင်ရန်။
ပါဝင်သူများ။                 ။ကိုစိုးမြင့်။ ကိုစိုးမြင့်ဇနီး၊ ကိုစိုးမြင့် သမီး၊ ထောင်ဝါဒါ ၃ ဦးခန့်၊ ထောင်ကျ ၃ ဦးခန့်၊ 
ကိုစိုးမြင့်ဇနီး သူငယ်ချင်း။

အခန်း ၁

အချိန်.. နေ့၊ ထောင်တွင်း
ကင်မရာ အမှောင်ဖက်မှ အလင်းဖက်သို့ ရိုက်ရန်
ယူနီဖေါင်းဝတ်နှင့် ဘွတ်ဖိနပ်စီးတဦး (ထောင်ဝါဒါ) ခြေလှမ်းမှန်မှန်နှင့် ၀င်လာ..
အသံ (နောက်ခံအသံပါးပါးတွင် ဖိနပ်သံကို စည်းချက်ယူရန်။ စိတ်လှုပ်ရှားဖွယ်ဖြစ်ရမည်။)
(ကင်မရာနှင့် အနီးဆုံး)အခန်း (  )ရှေ့သို့ အရောက်တွင် ရပ်လိုက်ပြီး….

ထောင်ဝါဒါ။       ။ဗျို့.. ကိုစိုးမြင့်.. ခင်ဗျားအတွက် သတင်းကောင်းပါတယ်ဗျို့..
စိုး။                   ။ဟင်း.. ဘာလဲ.. ထောက်လှမ်းရေးက ခေါ်စစ်ဦးမလို့လား။ စစ်ရတာ မမောကြသေးဘူးလားဗျာ..။
ဝါဒါ။                 ။ဒီတခါ တကယ်သတင်းကောင်းပါဗျ။
စိုး။                   ။ဘာလဲ.. ကျနော် လွတ်တော့မယ်လို့ ဘိုးတောိက ဟောလိုက်တယ်လား..
ဝါဒါ။                 ။မဟုတ်ဘူးဗျို့.. ခင်ဗျားတကယ်ဝမ်းသာရမယ့်သတင်းကောင်းပါဗျ။
(စိုး.. ၀ါဒါ မျက်နှာအမူအရာကို လှမ်းကြည့်ရင်း မတ်တပ်ထရပ်.. အနီးဝန်းကျင် အခန်းမှ ထောင်ကျများ အာရုံစိုက်နားစွင့်လိုက်ကြ)
စိုး။                   ။လုပ်စမ်းပါဦး.. ဘာဖြစ်လို့လဲဗျ
ဝါဒါ။                 ။ခင်ဗျားကို ထောင်ဝင်စာ တွေ့ခွင့်ပြုလိုက်ပြီတဲ့..။

Suu and RFA listeners on Jan 28

“လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်”

သွေးမြေ မကျတဲ့ တော်လှန်ရေး၊ တိုင်းရင်းသားတို့နှင့် ညီညွတ်မှု
RFA
ဖေဖော်ဝါရီ ၁၊ ၂၀၁၁

သောကြာနေ့က ဆွစ်ဇာလန်နိုင်ငံ ကမ္ဘာ့စီးပွားရေး ဆွေးနွေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ပေးပို့သော ဗီဒီယို မိန့်ခွန်း ဖွင့်နေပုံ (photo: getty images)

အရှင်ရာဇိန္ဒာ လင်္ကာရ (သီရိလင်္ကာ)၊ ဦးတင်မောင်ဝင်း (စင်္ကာပူ)
ကိုဇော်နိုင်(ကနေဒါ)၊ ဇော်နိုင် (သင်္ဃန်းကျွန်း – မိကျောင်းကန်)
ကိုမင်းဇော် (USA)၊ ဒေါ်ယာစ်မင်း ဗားညား (USA) တို့၏ မေးခွန်းများ

ဒေါ်အောင်ဆန်းစုကြည်၏ အဖြေများ


ဇန်န၀ါရီ ၂၈၊ ၂၀၁၁ RFA ထုတ်လွှင့်ချက်

မေးသူ။ ။ အရှင်ရာဇိန္ဒာ လင်္ကာရ၊ သီရိလင်္ကာရောက် မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့

မေးခွန်း။ ။ ရဟန်းသံဃာတော်တွေ နိုင်ငံရေးမှာ မပါဝင်သင့်ဘူး လို့ ပြောလည်းပြောနေတယ်။ ချုပ်လည်းချုပ်ခြယ်တယ်။ ထောင်ချအကျဉ်းချနေတာတွေလည်း ရှိနေပါတယ်။ အဲဒီတော့ ဦးဇင်းတို့လို ရဟန်းသံဃာတော်တွေအနေနဲ့ နိုင်ငံရေးမှာ ပါဝင်သင့်တယ်လို့ ဒကာမကြီးအနေနဲ့ မြင်ပါသလား။

နောက်တစ်ခုက ကမ္ဘာ့ဘယ်နေရာကပဲ ဖြစ်ဖြစ်။ ဘယ်ဘာသာဝင်.. ဘယ်ဘာသာတရားကပဲ ဖြစ်ဖြစ် လွတ်လွတ် လပ်လပ်နဲ့ သာသနာ ပြုစေချင်ပါတယ်။ ဦးဇင်းတို့နိုင်ငံမှာ ဘာ သာရေး လွတ်လပ်ခွင့် မရှိဘူးလို့ ဦးဇင်းတို့ ထင်ပါတယ်။ အဲဒီအပေါ်မှာရော ဒကာမကြီးအနေနဲ့ ဘယ်လို သုံးသပ်မိပါသလဲ။


ဖြေ။ ။ နိုင်ငံရေးဆိုတာတွေကို အဓိပ္ပာယ်ဖေါ်တာတွေကတော့ အမျိုးမျိုးတွေပါပဲ ဘုရား။ တပည့်တော်မတို့ကတော့ နိုင်ငံရေး ဆိုတာ နိုင်ငံရဲ့အရေး၊ တိုင်းသူပြည်သားတွေရဲ့ အရေး လို့ သဘောထားပါတယ်။ ဒါကြောင့်မို့လို့ နိုင်ငံကောင်းဖို့ အတွက်၊ တိုင်းသူပြည်သားတွေ ကောင်းဖို့ အတွက် ရဟန်းသံဃာတော်တွေ လုပ်ဆောင်တာကို အပြစ်မြင်စရာ မရှိဘူး လို့ ယုံကြည်ပါတယ် ဘုရား။


လွတ်လွတ် လပ်လပ်နဲ့ သာသနာပြုတယ် ဆိုတာကတော့ သာသနာ့ဝန်ထမ်းများရဲ့ လုပ်ပိုင်ခွင့် ဖြစ်ရပါမယ်ဘုရား။ တပည့်တော်မတို့နိုင်ငံမှာတော့ လူ့အခွင့်အရေးတွေ ပြည့်ပြည့်၀၀ မရသရွေ့ သာသာနာ့ ၀န်ထမ်းတွေလည်း သာသနာရေးကို လွတ်လွတ် လပ်လပ် လုပ် ပိုင်ခွင့် ရမယ် လို့တော့ မထင်ပါဘူး ဘုရား။


မေးသူ။ ။ ဦးတင်မောင်ဝင်း (စင်္ကာပူ)
မေးခွန်း။ ။ ဒီ စင်္ကာပူနိုင်ငံမှာ နအဖ ရဲ့ကုမ္ပဏီတွေ၊ စီးပွားရေးသမားတွေဟာ ဒီမှာရှိတဲ့ မြန်မာ permanent Residents တွေ၊ (ဆ) တွေ၊ (ဆ) တွေဆိုတာက ကျွန်တော်တို့က ဒီမှာရှိတဲ့ မြန်မာနိုင်ငံသားကနေ စင်္ကာပူ နိုင်ငံသားကို ပြောင်းသွားတဲ့သူတွေကို ခေါ်တာပါ။ ကုမ္ပဏီတွေ ထောင်ကြပါတယ်။ အဓိက Business ကတော့ In port, Export ပါပဲ။ အဲဒီတော့ အဲလို လုပ်တဲ့သူတွေဟာ စီးပွားရေးပိတ်ဆို့မှုကို အာခံ ဆန့်ကျင်တဲ့သူတွေရဲ့ လုပ်ရပ်လို့ ယေဘုယျ ယူဆလို့ ရမယ်လို့ ထင်ပါတယ်။ စီးပွားရေးပိတ် ဆို့မှုဟာ နအဖ နဲ့ စီးပွားရေး ပူးပေါင်း မလုပ်ကိုင်ရေးလို့ နားလည်ပါတယ်။ ကျွန်တော် မေးလိုတာက ပြည်ပမှာ နေထိုင် လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားများဟာ ဒီမိုကရေစီရရှိရေးကို လိုလားတယ် ဆိုရင် အထက်က ပြောတဲ့ လုပ်ငန်းတွေကို မြန်မာနိုင်ငံနဲ့ ဆက်သွယ်ပြီး စီးပွားရေး လုပ်ငန်းတွေကို လုပ်သင့်ပါသလား။ လုပ်ကိုင်တာ မှန်ပါသလား။ အဲဒီလို လုပ်ကိုင်နေသူတွေကို ဘာများ ပြောကြားချင်ပါသလဲ။


ဖြေ။ ။ မြန်မာနိုင်ငံနဲ့ ဆက်သွယ်ပြီး စီးပွားရေးလုပ်ငန်း လုပ်နေတဲ့သူတွေ ကိုယ်တိုင်က မိမိတို့ရဲ့ လုပ်ရပ်တွေဟာ တိုင်းပြည်ကို အကျိုးပြုဖို့လား။ မိမိတို့ကိုယ်တိုင် ကြီးပွားချမ်းသာ တိုးတက်ဖို့လား ဆိုတာကို ကောင်းကောင်း သိပါမယ်လို့ ထင်ပါတယ်။ လူတိုင်းလူတိုင်းဟာ ကိုယ်လုပ်တဲ့ ကိစ္စအတွက် ကိုယ်တာဝန်ယူဖို့ လိုပါတယ်။ အထူးသဖြင့် နိုင်ငံခြားရောက်နေတဲ့ မြန်မာတွေဟာ လွတ်လွတ်လပ်လပ် လေ့လာခွင့် ရှိတာကြောင့် ဘယ်လိုလုပ်ငန်းတွေဟာ လုပ်သင့်တယ်၊ မလုပ်သင့်တယ် ဆိုတာကို သေသေချာချာ သိကြ နိုင်မယ်လို့ ထင်ပါတယ်။


မေးသူ။ ။ ကိုဇော်နိုင်(ကနေဒါ) (ဘလော်ကာ – ရဲရင့်ငယ်)
မေးခွန်း။ ။ လက်ရှိအစိုးရအာဏာပိုင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေ တွေ့ဆုံဆွေးနွေးမှုတွေ ပေါ်ပေါက်လာဖို့ အတွက် တိုင်းရင်းသားတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကြားမှာ ၁၉၄၇ ပင်လုံညီလာခံလိုမျိုး ညီညွတ်မှုတွေရအောင် ဘာတွေ ပြင်ဆင်ထားပါသလဲ။ တိုင်းရင်းသားတွေဘက်ကရော ဘယ်လို ပြင်ဆင်ထားသင့်တယ်၊ ဘယ်လိုစိတ်မျိုး ရှိသင့်တယ်လို့ ထင်ပါသလဲခင်ဗျား။


ဖြေ။ ။ မေးခွန်းကို ကျွန်မ နားလည်သလောက်က တိုင်းရင်းသားတွေနဲ့ ကျွန်မတို့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေကြား ညီညွတ်မှုတွေ ရရင် ကျွန်မတို့နဲ့ လက်ရှိအစိုးရအကြား တွေ့ဆုံဆွေးနွေးရေးတွေ ပေါ်ပေါက်လာမယ်။ ဒါကြောင့် ညီညွတ်မှု ရဖို့ ဘယ်လိုပြင်ဆင်ထားလဲ ဆိုတဲ့ အဓိပ္ပာယ်လို့ ထင်ပါတယ်။ ညီညွတ်မှု ဆိုတာကတော့ လက်တွေ့ လုပ်ယူရမယ့် ကိစ္စပါ။ တဖက်နဲ့ တဖက် နားလည်မှုရဖို့ တွေ့ဆုံတာ ပြောဆိုဆွေးနွေးတာ ယုံကြည်မှုတည်ဆောက်တာ အဲဒါတွေကို လုပ်ရမှာပါ။ တိုင်းရင်းသားတွေကလည်း အချင်းချင်း အကြား နားလည်မှု ညီညွတ်မှု လိုလားတဲ့စိတ်ကို အခြေခံပြီး၊ သံသယတွေ နည်းသွားစေဖို့၊ ယုံကြည်မှု တိုးပွားစေဖို့ နည်းလမ်းတွေ ရှာလုပ်မယ် ဆိုရင် ကျွန်မတို့ရဲ့လုပ်ငန်းတွေ ပိုပြီး အမြန် အောင်မြင်မှာပါ။


မေးသူ။ ။ ဇော်နိုင် (သင်္ဃန်းကျွန်း – မိကျောင်းကန်)
မေးခွန်း။ ။ နံပါတ်(၁) မေးခွန်းအနေနဲ့ ဒီမိုကရေစီနိုင်ငံထူထောင်နိုင်တဲ့အချိန်မှာ နိုင်ငံခြားတိုင်းပြည်များက နအဖနဲ့ ရင်းနှီးမြှုပ်နှံမှု စာချုပ်တွေ ချုပ်ထားတာကို NLDနဲ့ ဒေါ်စုတို့ကနေ ဆက်ပြီးတော့ အသိအမှတ်ပြုနိုင်ပါသလား။


နံပါတ် (၂) မေးခွန်းက ဒီမိုကရေစီနိုင်ငံ ထူထောင်နိုင်တဲ့ အချိန် ပြည်သူတွေ ကောင်းစားရေး လုပ်နိုင်မယ့်အချိန် ရောက်ဖို့အတွက်ကို တပ်မတော်ထိပ်ပိုင်း ခေါင်းဆောင်တွေက ဒေါ်စုနဲ့ NLD နဲ့ လာရောက် ပူးပေါင်းရင် ပိုပြီး အဆင်ပြေမယ်လို့ ကျွန်တော်တို့နဲ့ ပြည်သူတွေကနေပြီးတော့ ယုံကြည်ပါတယ်။ အဲဒါ ဒေါ်စုနဲ့ NLD ရဲ့ဆန္ဒသဘောထားနဲ့ ကိုက်ညီပါသလားခင်ဗျာ။


ဖြေ။ ။ နိုင်ငံတွေအကြားမှာ စောင့်ထိန်းသင့်တဲ့ ကျင့်ဝတ်သိက္ခာတွေရှိသလို၊ မိမိနိုင်ငံအကျိုးကို စောင့်ရှောက်ရမယ့် တာဝန်တွေလည်း ရှိပါတယ်။ နိုင်ငံများအကြား ချုပ်တဲ့ စာချုပ်တွေကို ချဉ်းကပ်တဲ့အခါမှာ ဒီအမြင် နှစ်ခုစလုံးကို အခြေခံပြီး လုပ်ရမှာပါ။


မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေးအတွက် ကောင်းစားရေး အတွက် တပ်မတော် ခေါင်းဆောင်တွေနဲ့ ဒီမိုကရေစီ အင်အားစုများ ပူးပေါင်းပြီး လုပ်တာ အကောင်းဆုံး ဆိုတာ၊ အမြန်ဆုံး ဆိုတာကို ကျွန်မတို့ကလည်း လုံးဝ လက်ခံပါတယ်။ ဒီလိုဖြစ်စေဖို့ ဆိုတာကိုလည်း ကြိုးစားပါတယ်။


မေးသူ။ ။ ကိုမင်းဇော် (အမေရိကန်ပြည်ထောင်စု)
မေးခွန်း။ ။ သွေးမြေမကျတဲ့ ပြုပြင်ပြောင်းလဲရေးကို လုပ်မယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြောတာကို ကျွန်တော် ကြားမိပါတယ်။ အဲဒီတော့ တဖက်မှာလည်း ကျွန်တော်တို့တိုင်းပြည်မှာ အာဏာရှင် အုပ်စိုးမှုအောက်မှာ ခေါက်ရိုးကျိုး နေတာလည်း ကြာတဲ့အခါကျတော့ တပ်မတော် မပါဘဲနဲ့လည်းပဲ ကျွန်တော်တို့ တိုင်းပြည်မှာ သွေးမြေမကျပြောင်းလဲမှုဆိုတာ ဖြစ်ဖို့မလွယ်ပါဘူး။ သွေးမြေ မကျတဲ့ တော်လှန်ရေးဖြစ်ဖို့ ဆိုရင် တပ်မတော်ကို မည်ကဲ့သို့ ပါဝင်လာအောင် လုပ်သင့်တယ်လို့ ထင်ပါသလဲ။ ကျွန်တော်တို့ မြန်မာလူငယ် ပညာတတ်တစ်ယောက် အနေနဲ့လည်း ဘယ်အခန်း ကဏ္ဍကနေ ပါဝင် ဆောင်ရွက်သင့်ပါသလဲ။


ဖြေ။ ။ ကိုမင်းဇော်ရဲ့မေးခွန်းက ကိုဇော်နိုင်ရဲ့မေးခွန်းဒုတိယပိုင်းနဲ့ နည်းနည်း ဆင်ပါတယ်။ ကျွန်မတို့ဟာ တပ်မတော်အစိုးရရဲ့ လုပ်ရပ်အချို့ကို လက်မခံနိုင်ပေမယ့် တပ်မတော်အပေါ် မုန်းတီးတဲ့စိတ် ရန်လိုတဲ့စိတ် မရှိဘူး ဆိုတာ တပ်မတော်ခေါင်းဆောင်တွေနဲ့ တပ်မတော်သားတွေ သဘောပေါက်မယ် ဆိုရင် အချင်းချင်းကြား နားလည်မှုယူပြီး တိုင်းပြည် အတွက် ပူးပေါင်း ဆောင်ရွက်နိုင်မှာပါ။


လူငယ်ပညာတတ်တွေ အနေနဲ့ ဒီလိုနားလည်မှုတွေ ရရှိနိုင်ဖို့ တတ်နိုင်တဲ့ဘက်ကနေ ကူညီ ဆောင်ရွက်ပေးစေချင်ပါတယ်။


မေးသူ။ ။ ဒေါ်ယာစ်မင်း ဗားညား (အမေရိကန်ပြည်ထောင်စု – ကယ်လီဖိုးနီးယားပြည်နယ်)
မေးခွန်း။ ။ များသောအားဖြင့် လူတွေက ဗမာပြည်နိုင်ငံရေးကိစ္စ ဆိုပြီးတော့ အခုအထိ နိုင်ငံခြား ရောက်နေပေမယ့် ရှောင်ကြပါတယ်။ တခြား ဘုန်းကြီးကျောင်းပွဲတို့ သင်္ကြန်ပွဲတို့ ဆိုရင် လူတွေအများကြီး တက်ရောက်ပါတယ်။ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ပွဲ ဆိုရင် လူတွေအများကြီး မတတ်တဲ့အတွက် ဘယ်လိုများ လူတွေကိုစည်းရုံးပြီးတော့ ဘယ်လိုများ ဗမာပြည်အတွက် လူတွေကို စိတ်ဝင်စားအောင် ဘယ်လိုလုပ်နိုင်ရင် ကောင်းမလဲ ဆိုတာပါပဲရှင့်။


ဖြေ။ ။ ကိုယ့်ကိုယ်ကို နိုင်ငံရေးနဲ့မဆိုင်ဘူးလို့ နေကြတဲ့သူတွေကတော့ ကြောက်လို့ ဖြစ်နိုင်သလို ပြည်သူ့နီတိပိုင်း ဆိုင်ရာ အားနည်းလို့ ဖြစ်နိုင်ပါတယ်။ နိုင်ငံရေးမှာ ပါဝင်ရဲဖို့ ပါဝင်ချင်ဖို့ နည်းအမျိုးမျိုး စမ်းပြီး စည်းရုံးယူရမှာပါ။ ကယ်လီဖိုးနီးယားလို နေရာမှာ ဆိုရင် ဆက်သွယ်ရေး နည်းပညာတွေ အလွန်ကောင်းတော့ ဒါတွေကို အသုံးချပါ။ အထူးသဖြင့် လူငယ်တွေကို ဦးတည်ပြီး နိုင်ငံရေးအသိစိတ်တွေ များလာအောင်လို့ လုပ်ကြည့်ပါ။


(http://www.rfa.org/burmese/program_2/people_and_assk-11262010114051.html
အသံဖိုင်ကို နားထောင်ပြီး ABMA ၀ိုင်းတော်သားများက စာစီစာရိုက် လုပ်ပါသည်)

Kyaw Thu - FFSS Yangon Activity (31st January 2011)

နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ သတင်းမှတ်စု လှုပ်ရှားမှုများ
ကျော်သူ
ဖေဖော်ဝါရီ ၁၊ ၂၀၁၁

မျိုးဆက်သစ်တို့ဖြင့် စတည်ခြင်း

နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ၂၀၀၁ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်၍ အများပြည်သူတို့၏ နာရေး ကိစ္စများကို (အခမဲ့) ကူညီပံ့ပိုး ဖေးမမှုများပြုလုပ်ခဲ့ရာ ယခု ၂၀၁၁ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် ၁၀ နှစ်တင်းတင်း ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။





ထို့ကြောင့် ၂၀၁၁ ခုနှစ်၊ ဇန်နဝါရီလအတွင်း၌ ၁၀ နှစ်မြောက် အခမ်းအနားတရပ် ကျင်းပရန်အတွက် စီစဉ်မှုများ ပြုလုပ်ခဲ့သော်လည်း ယင်းအခမ်းအနားအား စည်ကားသိုက်မြိုက်စွာ ကျင်းပလိုခြင်း၊ စည်းကမ်းရှိရှိ စနစ်တကျ ပြုလုပ်လိုခြင်း၊ မြန်မာပြည်အနှံ နာရေးကူညီမှုအသင်း၊ လူမှုရေးအသင်းများအား ဖိတ်ကြားလိုခြင်း၊ အလှူရှင် အပေါင်းတို့အား ကြွရောက်စေလိုခြင်းဆန္ဒများဖြင့် ယခုတည်ဆောက်လျှက်ရှိသော နာရေးကူညီမှုအသင်း(ရန်ကုန်) ရုံးခန်း၊ စာကြည့်တိုက်၊ ပညာသင်ကြားရေးနှင့် လူမှုရေးသင်တန်းများ ပါဝင်သော အဆောက်အဦသစ်ကြီး ပေါ်ထွန်းလာမည့် ဧပြီလ သင်္ကြန်ပွဲတော်အပြီး ၂၃ - ၂၄ (စနေနေ့/ တနင်္ဂနွေနေ့) ၂ ရက်တိုင်တိုင် ကျင်းပရန် ဆုံးဖြတ်ခဲ့ကြသည်။





ယင်း နာရေးကူညီမှုအသင်း(ရန်ကုန်) ၁၀ နှစ်မြောက် အခမ်းအနားတွင် ကြွရောက်လာကြသော ဧည့်ပရိသတ်များ၊ အလှူရှင်များအား ဖျော်ဖြေမှုများပြုလုပ်ရန်အတွက် လူမှုရေး မျိုးဆက်သစ် ကလေးငယ်များအား သင်တန်းနည်းပြ ဆရာများဖြစ်သော ဒေါ်ဧရာမောင်မောင်၊ ဒေါ်နီနီအေး၊ ဦးဝင်းကိုနှင့် အကူ ဆရာ/မများမှ ဦးစီး၍ လူမှုရေး မြန်မာ/အင်္ဂလိပ်သီချင်းများအား အကနည်းပြဆရာများနှင့် ယူနီဗာဆယ်စတူဒီယိုမှ ကီးဘုတ်ပညာရှင် ကိုဇာနည်နှင့် ဇနီးတို့မှလည်း လာရောက်ကာ သီချင်းတိုက်ပေးခြင်း၊ အကတိုက်ပေးခြင်းတို့ကို လုပ်အားဒါနများ ပြုလုပ်ပေးနေကြသည်။



ဖေဖော်ဝါရီလကုန် ကလေးသူငယ်များ စာမေးပွဲပြီးစီးသည့် အချိန်မှစ၍ ၁၀ နှစ်မြောက် အခမ်းအနားမကျင်းပမီ အချိန်ကာလအတွင်း နာမည်ကြီး အဆိုတော်များမှလည်း မျိုးဆက်သစ်တို့၏ စွမ်းအားများကို လာရောက် မြှင့်တင်ပေးမှုများ ပြုလုပ်ပေးမည်ဖြစ်သည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ၁၀ နှစ်မြောက် အခမ်းအနားပွဲကို ၂၀၁၁ ခုနှစ်၊ ဧပြီလ ၂၃ ရက် စနေနေ့တွင် နံနက် ၉း၀၀ နာရီမှ ညနေ ၅း၀၀ နာရီအထိ ဈေးရောင်းပွဲများ၊ ဖျော်ဖြေပွဲများ၊ ဂီတလူမှုရေး သူရဲကောင်းဂုဏ်ပြုပွဲ ကျင်းပခြင်းတို့ကို ပြုလုပ်သွားမည်ဖြစ်သည်။ ၂၄ ရက် တနင်္ဂနွေနေ့တွင် မြန်မာပြည်အတွင်းရှိ နာရေး/လူမှုရေး အသင်းများအား တွေ့ဆုံမိတ်ဆက်ပွဲကို ကျင်းပမည် ဖြစ်ပါသည်။ ယင်းတွေ့ဆုံ မိတ်ဆက်ပွဲ စကားဝိုင်းအား ဖိတ်စာများ သီးသန့်ပေးပို့ရန် အခက်အခဲရှိပါသဖြင့် တဆင့်စကား တဆင့်ပါးခြင်းဖြင့် ကုသိုလ်ပါဝင်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

နာရေးကူညီမှုအသင်း(ရန်ကုန်) အား ဆက်သွယ်ရန် -

အမှတ် - ၁၃/က၊ ဗိုလ်မှူးဗထူးလမ်း၊ ၄၂ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်။
၅၈၁၃၆၃၊ ၅၈၀၁၃၃၊ ၀၉ - ၅၁၄ ၈၄၅၂

ကမ္ဘာမြေကြီးကို ကျေးဇူးဆပ်ခြင်း (သို့) ကုသိုလ်ယူခြင်း

နာရေးကူညီမှုအသင်း(ရန်ကုန်) တည်ရှိရာ အမှတ် ၁၃/က၊ ဗိုလ်မှူးဗထူးလမ်း၊ မြောက်ဒဂုံ မြို့နယ်၊ ၄၂ ရပ်ကွက် မြေနေရာ အနေအထားသည် ပလပ်စတစ် (ကြွတ်ကြွတ်အိပ်) အမှိုက်ပုံကြီး ဖြစ်သည်။ အဆောက်အဦများ ဆောက်လုပ်ရာတွင် မြေကိုတူးယူ၍ ပုံမှန်အတိုင်း ဆောက်လုပ်၍ မရ။ စက်ပိုင်ကြီးများဖြင့် ပိုင်တိုင်များ ရိုက်သွင်း၍ အဆောက်အဦများကို ဆောက်လုပ်ခဲ့ရသည်။





သာမန်မြေတွင် ဆောက်လုပ်သော အဆောက်အဦများထက် ကုန်ကျငွေ ၃ ဆ ခန့်ပို၍ ကုန်ခဲ့သည်။ ယခုဆိုလျှင် ကုန်ကျငွေ မြောက်များစွာဖြင့် အဆောက်အဦများ ဆောက်လုပ်ကာ ဆေးဝါးကုသပေးမှုများ၊ နာရေးပို့ဆောင်မှုများ မြောက်များစွာကို (အခမဲ့) ထမ်းရွက်ပေးနေပြီ ဖြစ်သည်။





သို့သော် နာရေးကူညီမှုအသင်း(ရန်ကုန်) အဆောက်အဦတည်ရှိရာ နေရာဌာန၌ သစ်ပင်ပန်းပင်များ၊ အရိပ်ရ အပင်ကြီးများ၊ သီးပင်စားပင်များ စိုက်ပျိုးနိုင်ရန်အတွက် မြေအနေအထားကို ပြုပြင်ပြောင်းလဲ ထိန်းသိမ်းမှုများကို ပြုလုပ်နေရပြီ ဖြစ်သည်။ နဂိုရှိပြီးသား မြေသားအညံ့များကို တူးယူဖယ်ရှားပစ်ရန် အခက်အခဲများစွာ ရှိသည်။ ကုန်ကျငွေများစွာ ရှိမည်။ စက်ယန္တရားကြီးများ အကူအညီများစွာ လိုအပ်မည်။ ထို့အပြင် ဖယ်ရှားလိုက်သော မြေသား အညံ့များအစား ပြန်လည်၍ ဖို့မြေအဖြစ် အသုံးပြုရမည့် မြေသားထုထည် မြောက်များစွာ လိုအပ်မည်ဖြစ်သည်။ ထို့ကြောင့် ဤကဲ့သို့ စိုက်ပျိုးမြေ အစားထိုးမည့်ကိစ္စရပ်အား လက်လျော့လိုက်ရသည်။

၃၀.၁.၂၀၁၁ (တနင်္ဂနွေ) နေ့တွင် စိုက်ပျိုးမြေအဖြစ် အသုံးပြုနိုင်ရန်အတွက် မြေဆီ မြေနှစ်များကို နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဝယ်ယူ၍ မြောက်ဥက္ကလာမြို့နယ်၊ သုမိတ္တာ (၂၁) လမ်းရှိ “ဝေယျဝိစ္စအဖွဲ့လူငယ်များ” ၂၅ ယောက်သည် ကုသိုလ်ဖြစ် နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ မြေဆိုး၊ မြေညစ်များအပေါ်သို့ သဘာဝဝမြေဆီမြေနှစ်များကို လာရောက်၍ သစ်ပင်ပန်းပင် စားပင်၊ အရိပ်ရ အပင်ကြီးများ စိုက်ပျိုးနိုင်အောင် မြေသားညှိပေးခြင်း၊ တူးဆွပေးခြင်းများကို ဝေယျဝိစ္စ ရှမ်းအိုး စည်ဝိုင်းဖြင့် အားကြိုးမာန်တက် အမျိုးသားများတင်မက အမျိုးသမီးများ၊ ကလေးငယ်များကပါ တနေကုန် လုပ်ဆောင်ပေးဆပ်ခဲ့ကြသည်။ ယင်းကဲ့သို့ “ဝေယျဝိစ္စ အဖွဲ့လူငယ်များ” လာရောက် လုပ်အားပေးခြင်းသည် ပျက်စီးနေသော ကမ္ဘာမြေကြီးအား ပြန်လည်၍ ကောင်းမွန်လာရန် ပြုပြင်ပေးခြင်း (သို့) ကမ္ဘာမြေကြီးအား ကျေးဇူးဆပ်ခြင်း (သို့) ကုသိုလ်ယူခြင်းပင် ဖြစ်တော့သည်။





မကြာတော့မည့် ပစ္စုပ္ပန်အချိန်ကာလ၌ နာရေးကူညီမှုအသင်း(ရန်ကုန်) မြေနေရာဌာနသည် လူသား အကျိုးသယ်ပိုးမည့် လူမှုရေးသမားများ လှုပ်ရှားနေမည့် အဆောက်အဦကြီးများ၊ ကျန်းမာရေး ကူညီစောင့်ရှောက်ကုသမှု ပြုလုပ်မည့် အဆောက်အဦကြီးများ၊ မျိုးဆက်သစ်လူငယ် ကလေးငယ်များ မွေးဖွားပေးမည့် အဆောက်အဦကြီးများ၊ တိုင်းပြည်၏ ပညာရေးတိုးတက်စေမည့် ပညာတတ် ကလေးငယ်များ မွေးဖွားပေးမည့် အဆောက်အဦကြီးများနှင့်အတူ စိမ်းလန်းစိုပြေသော လူမှုရေး သမားများ နားခိုရာ နေရာဌာနတခု ဖြစ်လာတော့မည် မလွဲပေ။

Cartoon Saw Ngo - The Regime's parliament

ကာတွန်း စောငို - ဟေ့လား မောင်ရို့ ဝါး
ဖေဖော်ဝါရီ ၁၊ ၂၀၁၁

Quotes for Jan 2011

မိုးမခ၏ ဇန်န၀ါရီ စာကိုး၊ စကားကိုး
ဇန်န၀ါရီ ၃၁၊ ၂၀၁၁


မိဘများက သားသမီးများကို သတင်း စာမှနေ၍ အမွေပြတ်စွန့်လွှတ်ကြောင်း ကြေညာချက်များသည် ဥပဒေအရ တရားမဝင်ပါကြောင်း၊ ထိုသို့ ကြေညာခြင်းများသည် မိဘများအနေဖြင့် ယင်းသားသမီးအပေါ် လောလောဆယ် အခိုက်အတန့်အတွင်း အလွန်အမင်း စိတ်ဆိုးနေကြောင်း၊ ယင်းသားသမီးကို အသိအမှတ် မပြုကြောင်း၊ ယင်းသားသမီးနှင့် အဆက်အဆံ၊ အချေးအငှား၊ အပေးအယူ များကို လုံးဝ တာဝန်မယူကြောင်း အများသိစေသည့်အဆင့်မျှသာ အကျိုး သက်ရောက်ပါကြောင်း အသိပေး တင်ပြအပ်ပါသည်။
အောင်နိုင်(လက်ပံတန်း)
Voice Weekly ဂျာနယ်၊ ဇန်န၀ါရီ ၁၇
-------------------------------------------------


အမေ့မေတ္တာဆိုတာကို ဘယ်ကဗျာ၊ ဘယ်စာပေကမှ မီအောင် မရေးဖွဲ့နိုင်ဘူး အမေ။ အမေနေကောင်းပါစေ အမေ။ စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာ ရှိပါစေ အမေ။ ဒီစာစုလေးနဲ့ အမေ့ကို ရှိခိုး ကန်တော့လိုက်ပါတယ်။ ဖုန်းဆက်တာပဲ တက်နိုင်တဲ့ အဝေးရောက် ကျွန်တော်ကတော့ မနက်ဖြန်မှာ အမေ့ဆီ ဖုန်းဆက်ပါဦးမယ်။
ဘလော်ဂါ ခနွဲ(မြင်းခြံ)
www.kha-nhwe.blogspot.com ဇန်န၀ါရီ ၁၈
-------------------------------------------------


မြို့ နဲ့ သိပ်မဝေးလှပေမဲ့ လာရောက် လှူဒါန်းသူ နဲပါးတဲ့ အတွက် ကျောင်းဂေဟာ ကလေးမှာ အတန်ငယ် ချို့တဲ့နေဆဲပါ ။ လူမှုဝန်ထမ်းဦးစီးဌာန လက်အောက်မှာ ချင်းအတူတူ ၊ အမျိုးသမီးစောင့်ရှောက်ရေးကျောင်း၊ မျက်မမြင်ကျောင်း အစရှိတာတွေ မှာ ရန်ပုံငွေ များပြားလှတဲ့အတွက် အဆင်ပြေကြောင်း သိရပါတယ် ။ ဒီ မသန်စွမ်း ကလေးများ ပြုစုစောင့် ရှောက်ရေးဂေဟာ ကို ဖွင့်လှစ်ခဲ့တာ ၄ နှစ်ရှိပေမဲ့ ရန်ပုံငွေ မှာ မဆိုစလောက်သာ ရှိနေသေးတဲ့အတွက် ဒီကလေး တွေ စားဝတ်နေရေး အခက်အခဲ ရှိနေကြပါတယ် ။ အစိုးရ သတ်မှတ်ထားတဲ့ အသုံးစရိတ်မှာ ကလေးတယောက် အတွက် တနေ့ စာ ( မနက်၊ နေ့ လည်၊ ညစာ ) မှာ ၂၃၅ ကျပ်တိတိသာ ရှိပါတယ် ။ အင်း .. ဒီခေတ်ကြီးထဲ မှာ ကျပ်ငွေ ၂၃၅ ကျပ် နဲ့ တနေ့  စာ ဘယ်လို နေထိုင်စားသောက်ကြမလည်း လို့  မတွေးရဲပါ ။ လဖက်ရည် တခွက်စာ ၊ မုန့်ဟင်းခါး တပွဲ စာ တောင် မရှိ တာမို့ တာဝန်ခံ ဆရာမ ကို တအံ့တသြကြည့်မိတဲ့ အခါ ၊ အပြုံးယဲ့ယဲ့ နဲ့ ဒီလိုပဲ ရှိတာလေးနဲ့ ဖြစ်သလို စားနေကြရကြောင်း ၊ ဒါကြောင့် စေတနာရှင် တွေ လာလှူ ကြတဲ့ အခါ ဝမ်းသာကြရကြောင်း ပြောပြပါတယ်။
ဘလော်ဂါ ကိကိ
http://www.kiki-idiotlove.com/2011/01/blog-post_10.html ဇန်န၀ါရီ ၁၀

-------------------------------------------------


အကြည်ဓာတ်တွေ ပျောက်ဆုံးတော့ ကိုယ့်လေသံတွေ မာလာတယ် အကြည်ဓာတ်နည်းတော့ ကိုယ့်လုပ်ရပ်တွေက အမှားများလာတယ် အကြည်ဓာတ်မရှိတော့ ခံစားချက်တွေကို ဖွင့်ချဖို့တောင် လက်တွေက တွန့်ဆုတ်နေတယ် အကြည်ဓာတ်မရှိလိုက်ပုံများ ငှက်ပျော်သီး အခွံနွှာစားဖို့တောင် ပျင်းသလိုလို။
ဘလော်ဂါမောင်မျိုး
www.kyanaww.blogspot.com ဇန်န၀ါရီ ၂၆
-------------------------------------------------


မနက်စောစော အိပ်ရာထပြီး ဘုန်းကြီးကျောင်း သွားကြဖို့ အရေးဆိုလာလေရဲ့။ တနင်္ဂနွေလိုနေ့မျိုး အစောကြီး အိပ်ရာနှိုးရင် သိတ်စိတ်ဆိုးတတ်တဲ့ ကျမက "အိပ်စမ်းပါရစေဦး အိပ်ရေးဝမှ သွားကြတာပေါ့" ပြောမိတယ်။ သူက စောစောသွားဖို့ပဲ ဇွတ်ပြော၊ ကျမက ဇွတ် ပေကပ်အိပ်နဲ့...။ အတော်လေးကြာတော့ "ဒီနေ့ ဘာနေ့လဲ" ဆိုမှ ရုတ်တရက် "ဟာ...ဒီနေ့ သူ့မွေးနေ့ကိုး"...လို့ သတိရမိသွားတယ်။ ကျမ အရမ်း အားနာသွားခဲ့တယ်။ လင်နဲ့မယားပေမဲ့ သူ့အပေါ် အားနာစိတ်နဲ့ ကိုယ့်ကိုယ်ကိုလည်း ယောင်္ကျားမွေးနေ့မှ မေ့ရက်လေခြင်းရယ်လို့ အင်မတန် မကျေမနပ် ဖြစ်သွားခဲ့ဖူးတယ်။
ဘလော်ဂါ ချစ်ကြည်အေး
www.chitkyiaye.com ဇန်န၀ါရီ ၆

-------------------------------------------------


မီးပြတ်တယ်၊ ဖုန်းလိုင်းမကောင်းဘူး ဘာညာဆိုတာ ကိုင်းဖျားကိုင်းနားလေးတွေ၊ အစွန်အဖျားလေးတွေ။ တကယ့်တကယ် ရေသောက်မြစ်က ပျက်နေတဲ့ စိတ်ဓာတ်။ ရော့..အင့် ဒီမိုကရေစီ ဒီမှာယူတော့ ဆိုပြီး ပုံပေးလိုက်ရင်တောင် မြန်မာပြည်က နေ့ချင်းညချင်း တိုးတက်ကြီးပွားလာမှာ မဟုတ်ဘူး။ လူတိုင်းသိတယ်။ ဒါပေမဲ့ ပျက်နေတဲ့စိတ်ဓာတ်လေးတွေကိုသာ အမြန်ပြုပြင်ကြည့်လိုက်၊ နတ်ရေကန်ထဲ ခုန်ချတာကမှ ကြာချင်ကြာနေအုန်းမယ်။
ဘလော်ဂါ ကလူသစ်
www.luthit.blogspot.com

-------------------------------------------------


တချို့ဆေးခန်းတွေ၊ ဆရာဝန်တွေဆိုရင် မလိုအပ်ဘဲ ဓာတ်မှန်ရိုက်၊ ဆေးစစ်၊ သွေးစစ်၊ စတာတွေလုပ်တယ်။ ဥပမာ ဗိုက်အောင့်တဲ့လူနာကို ဘယ်နေရာက အောင့်လဲ၊ ကျောထဲကပါ အောင့်လား မေးကြည့်ပြီး ရောဂါ အတိမ်အနက် သတ်မှတ်လို့ ရတယ်။ ဆရာတို့ သင်လာကတည်းက လက်နှစ်ဖက်နဲ့ လုပ်ဖို့၊ ဦးဏှောက်နဲ့ စဉ်းစားဖို့ ဆေးပညာတွေ သင်ကြားပေးလိုက်တာပါ။ မလိုအပ်ဘဲ စစ်ဆေးပြီး၊ ငွေကိုယူ နေကြတာတွေ ရှိတဲ့အတွက် လူနာရှင်တွေမှာ ငွေမကုန်သင့်ဘဲ ငွေကုန်ကြရပြီး အလွန် နစ်နာတယ်။
ဒေါက်တာဦးသန်းအေး၊ လုမ္ဗိနီဆေးခန်း(မြေနီကုန်း)
မြန်မာပို့စ်ဂျာနယ်၊ ဇန်န၀ါရီ ၂၆

-------------------------------------------------

စင်ကာပူသည် မြန်မာလုပ်ငန်းရှင်များအတွက် နိုင်ငံတကာ စီးပွားရေး ပိတ်ဆို့မှုကို ကျော်လွှားသည့် (Proxy) တစ်ခုဖြစ်ကြောင်း၊ စင်ကာပူတွင် မြန်မာလူမျိုးများ ဖွင့်လှစ်ထားသည့် ကုမ္ပဏီ ထောင်နှင့်ချီ၍ ရှိကြောင်း။
စင်ကာပူမှ မြန်မာလုပ်ငန်းရှင်တဦး
Voice Weekly ဂျာနယ်၊ ဇန်န၀ါရီ ၁၇

-------------------------------------------------


(BBC မြန်မာပိုင်း အသံလွှင့်ဌာနဟာ မြန်မာ) အတိုက်အခံတွေ၊ ဒီမိုကရေစီ အင်အားစုတွေအတွက် အလွန်အရေးကြီးတဲ့ main source ဖြစ်တယ်လို့ ကျနော် ပြောချင်ပါတယ်။ အမှန်အတိုင်းပြောရရင်တော့ တခြား source ထက်ကို အရေးကြီးသလို ဖြစ်တယ်။
NLD ခေါင်းဆောင် ဦးဝင်းတင်
မဇ္ဈိမသတင်းဌာန၊ ဇန်နဝါရီလ ၂၇
-------------------------------------------------


လူတွေက သီလရှင်တွေဆို ဘုန်းတော်ကြီးတွေလောက် မလှူချင်ကြဘူး။ ဘုန်းကြီးကျောင်းတွေမှာ လှူဖွယ်တွေ လျှံချင် လျှံမယ်။ သီလရှင်ကျောင်းတွေမှာတော့ သီလရှင်တွေက ဆွမ်းဆန်အတွက် ထွက်ရတာ နေကုန်ပါပဲ။ ဒီလိုကြားထဲက ဆရာလေးတို့ ခုလို ကျောင်းဖြစ်လာအောင် မနည်းကို လုပ်ယူရတာပါ။ ခုထိ ကျောင်းက ကျဉ်းတော့ ကလေးတွေအိပ်ဖို့ရာ သိပ်ကျပ်ပါတယ်။ တိုးတိုးဝှေ့ဝှေ့ပေါ့။
ဒေါ်တိက္ခဉာဏီ
Voice ဂျာနယ်၊ ဇန်န၀ါရီ ၂၄
-------------------------------------------------


ကျွန်တော်တို့ ကျတာ ၂ နှစ် ကျတာလေ။
အခုဟာ ၂ နှစ်နဲ့ ၇ လ နေလိုက်ရတာပေါ့။
ဒေါက်တာနေဝင်း၊ နာဂစ်ဒေသတွင် ကူညီစဉ် ထိန်းသိမ်းခံရသူ
RFA အသံလွှင့်ဌာန၊ ဇန်န၀ါရီ ၂၆
-------------------------------------------------


(တနှစ်တာလုံး ရေပန်းအစားဆုံး အမျိုးသမီးအဆိုတော်ဆု အဖြစ် City FM က ပေးတဲ့) ဒီ ရွှေတစ်ကျပ်သားကို ဖေဖော်ဝါရီလထဲမှာ ဖေဖော်ဝါရီ ၁၄ ဒါမှ မဟုတ် အေသင့်အဖေ မွေးနေ့မှာ စိတ်ကျန်းမာရေးဆေးရုံကို လှူမှာပါ။ အဲဒီမှာ လူနာ အယောက် တစ်ထောင် ရှိတယ်လို့ သိရပါတယ်။
အေသင်ချိုဆွေ
7DAY NEWS သတင်းဂျာနယ်၊ ဇန်န၀ါရီ ၂၇
-------------------------------------------------


photo: San San Tin
အငြိမ်းစားယူပြီးမှ စာပိုဖတ်တယ်။ ၂၄နာရီမှာ တစ်ခါတလေ ၁၅ နာရီလောက် ထိဖတ်တယ်။ အလုပ်သွားဖို့ ပူစရာမရှိတော့ တစ်ညလုံး မအိပ်ဘဲ စာ ဖတ်နေလည်း ရတယ်။ စာဖတ်ရရင် စိတ်က ချမ်းသာ အေးချမ်းတယ်။ စာဖတ်နေရတာလောက် ပျော်တာ လောကမှာ မရှိဘူး ထင်တာပဲ။ စာသိပ်ဖတ်တော့ ရေးဖြစ်ဖို့က ခက်နေတယ်။ စာရေးတာထက် စာဖတ်တာ ပိုအရသာရှိတာကိုး။
ကြည်အေး၊ စာရေးဆရာမ
မြန်မာတိုင်း(မ်) ဇန်န၀ါရီ ၅
-------------------------------------------------


photo: www.chinworld.info
ချင်းပြည်နယ်မှာ ချင်းဘာသာစကား အင်မတန်အရေးကြီးပါတယ်။ ကျွန်တော် တဖြည်းဖြည်းချင်း လုပ်ရမယ့် ကိစ္စလည်း ဖြစ်တယ်။ မလုပ်မဖြစ် လုပ်ရမယ့်ကိစ္စလည်းဖြစ်တယ်။ ကျွန်တော်တို့ ငယ်ငယ်တုန်းက ဆိုရင် ချင်းဘာသာစကားကို မြို့နယ်ဘာ သာစကားတွေကို တစ်တန်းကနေ လေးတန်းအထိ ဘာသာရပ်တစ်ခု အနေနဲ့ ချင်းပြည်နယ်မှာ သင်တယ်။ ကလေးတွေအတွက်က ကိုယ့်မြို့နယ် ဘာသာစကားကိုတော့ သင်စေချင်တယ်။
ချင်းအမျိုးသားပါတီ ဥက္ကဋ္ဌ ဦးဇိုဇမ်
မြန်မာပို့စ် ဂျာနယ်၊ ဇန်န၀ါရီ ၂၆
-------------------------------------------------