Yan Win (Taung Da Gar) - Myanmar Palway & World Flutes

မြန်မာ့ပလွေ နှင့် ကမ္ဘာ့ပလွေများ
ရန်ဝင်း (တောင်တံခါး)
ဒီဇင်ဘာ ၁၉၊ ၂၀၁၁

မြန်မာ့ရိုးရာပလွေတွေက ကမ္ဘာရပ်ရပ် နိုင်ငံအသီးသီးမှာရှိကြတဲ့ ပလွေအမျိုးစုံနဲ့ တည်ဆောက်ပုံချင်း ကွဲပြားခြားနားရုံတင်မကဘဲ မှုတ်ပုံမှုတ်နည်း ပညာရပ်တွေပါ ကွဲပြားခြားနားကြပါတယ်။ 

ဒါကလည်း ရိုးရာဓလေ့ ခြားနားပြီး မတူညီနိုင်တဲ့ ဂီတဖွဲ့စည်းပုံနဲ့ ကြိုက်နှစ်သက်ကြတာချင်း ကွဲပြားကြတာတွေကြောင့် ဂီတကိုဖော်ထုတ်တဲ့ တူရိယာကအစ အားလုံး ကိုယ်စီကိုယ်ငှ တမျိုးတဘာသာစီ ရှိကြပေလိမ့်မယ်။ တူညီတဲ့အချက်ကတော့ ပလွေရှင်ရဲ့ ဖန်တီးမှုကတဆင့် ဖော်ကျူးလိုက်တဲ့ သူ့ရင်ထဲ၊ နှလုံးသားထဲက ဂီတသံကို ဖြန့်ဝေလိုက်ခြင်းပါပဲ။ 

အဲဒီ ပလွေတေးသံ ဖန်တီးရှင်တွေရဲ့ လက်စွဲဖြစ်တဲ့ ကမ္ဘာအရပ်ရပ်က ပလွေတွေကို အုပ်စုခွဲလိုက်ရင် လှုပ်ရှားတဲ့ ခလုတ် ကရိယာ အစိတ်အပိုင်းတွေပါတဲ့ (mechanical) ပလွေ နဲ့ လှုပ်ရှားတဲ့ ကရိယာ အစိတ်အပိုင်းတွေ မပါတဲ့ (non- mechanical) ပလွေ အုပ်စုနှစ်မျိုးရှိပါတယ်။ 

လှုပ်ရှားတဲ့ ခလုတ် ကရိယာ အစိတ်အပိုင်းတွေပါတဲ့ (mechanical) ပလွေအုပ်စုမှာတော့ ရှေးခေတ်ဟောင်းစနစ် ပလွေတွေနဲ့ ခေတ်သစ်စနစ်ပလွေတွေ ရှိပါတယ်။ သတ္တုမျိုးစုံ၊ သစ်သားအမျိုးမျိုးနဲ့လုပ်ထားပြီး အရွယ်အစားကလည်း အသံစဉ် နဲ့ မူလထုတ်လုပ်တဲ့နိုင်ငံတွေရဲ့ ပုံစံကိုမူတည်ပြီး၊ အမျိုးမျိုး အဖုံဖုံရှိနေလို့ လေ့လာစရာဆိုတာ သိပ်ကို များပြားပါတယ်။

ခလုတ်ပါ အိုင်းရစ်ပလွေ KEYED IRISH FLUTE

ခေတ်သစ်ပလွေ MODREN WESTERN CONCERT FLUTE

ခေတ်သစ် ဘယ်သံပလွေကြီးများ

ခေတ်သစ် ဘယ်သံပလွေကြီး
SUBCONTRABASS ‘G’

ခေတ်သစ် ဘယ်သံပလွေကြီး
DOUBLE CONTRABASS ‘C’

လှုပ်ရှားတဲ့ ကရိယာ အစိတ်အပိုင်းတွေမပါတဲ့ ပလွေတွေက ရိုးရာပလွေတွေပါပဲ။ အဲဒီပလွေတွေကို ထပ်ပြီးအုပ်စုခွဲရင် သုံးမျိုးပဲ ရှိပါတယ်။ အဖျားပိုင်းမှုတ် ပလွေ (DIAGONAL/END-BLOWN FLUTE)၊ ကျော်ပလွေ (TRANSVERSE FLUTE) နဲ့ ခင်ပလွေ (DUCT FLUTE) ဖြစ်ပါတယ်။ 

တူးဖော်ရရှိတဲ့ ရှေးအကျဆုံးပလွေကတော့ နီယံဒါသော (NEANDERTHAL) ဂူအောင်း ကျောက်ခေတ်လူသား အရိုးပလွေ လို့ ယုံကြည်လက်ခံသူတွေ များပါတယ်။ ဝက်ဝံအရိုးနဲ့ လုပ်ထားတယ်လို့ မှန်းဆကြတယ်။ တရုတ်နိုင်ငံမှာ တူးဖော်ရရှိတဲ့ သမိုင်းခေတ်ဦး အရိုးပလွေတွေက အဖျားပိုင်းမှုတ် ပလွေ (DIAGONAL/END-BLOWN FLUTE) တွေ ဖြစ်ကြတယ်။ ပညာရှင်တွေက စမ်းသပ်မှုတ်ကြည့်တော့ ဒီကနေ့ တရုတ်နိုင်ငံမှာသုံးနေဆဲ အသံစဉ်တွေနဲ့ ကိုက်ညီတယ်လို့ ဆိုပါတယ်။

နီယံဒါသော NEANDERTHAL ဂူအောင်း ကျောက်ခေတ်လူသား အရိုးပလွေ

တရုတ်နိုင်ငံမှာတွေ့ရတဲ့ သမိုင်းခေတ်ဦး အရိုးပလွေများ

ကမ္ဘာအရပ်ရပ်မှာရှိတဲ့ ပလွေအမျိုးမျိုးတွေထဲမှာ DIAGONAL တစောင်းမှုတ်ပလွေတွေက အစောဆုံး ပေါ်ပေါက်ခဲ့တာ ဖြစ်ပေလိမ့်မယ်။ အလေ့အကျင့်တော်တော်ရှိမှ အသံထွက်အောင် မှုတ်နိုင်ပါတယ်။

အရှေ့အလယ်ပိုင်းဒေသ ရိုးရာ DIAGONAL တစောင်းမှုတ်ပလွေ NEY

တည်ဆောက်ပုံဆင်ဆင်တူတဲ့ ပလွေတွေက ဂျပန်နိုင်ငံဇာတိ ရိုးရာ SHAKUHACHI ပလွေ၊ တောင်အမေရိကတိုက် ရိုးရာ ခေနာKENA ပလွေနဲ့ တရုတ်နိုင်ငံ ရိုးရာ XIAO ပလွေတွေ ဖြစ်ပါတယ်။ DIAGONAL စစ်စစ်မဟုတ်ပေမယ့် ဆင်တူတဲ့ ထိပ်ဖျားပိုင်းမှုတ် END-BLOWN FLUTE တွေ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံဇာတိ ရိုးရာ SHAKUHACHI ပလွေ

တောင်အမေရိကတိုက် ရိုးရာ ခေနာ KENA ပလွေ

တရုတ်နိုင်ငံ ရိုးရာ XIAO ပလွေ

DUCT FLUTE ခင်ပလွေအုပ်စုကတော့ အကျယ်ဝန်းဆုံးအုပ်စုပါ။ အရွယ်အမျိုးမျိုး၊ အသံစဉ်အမျိုးမျိုး စုံလင်တာကြောင့် လေ့လာစရာ သိပ်များပါတယ်။

တောင်အမေရိက ရှေးခေတ် MAYAN လူမျိုး ရိုးရာ သစ်သားခင်ပလွေ

ကမ္ဘာကျော် ‘ပဲနိ’ ခင်ပလွေ PENNY WHISTLE

အိုင်းရစ် ဒန်သတ္တု ဘယ်သံ ခင်ပလွေ ALLUMINUM LOW WHISTLE

အနောက်တိုင်း ပလပ်စတစ် RECORDER ခင်ပလွေ

အနောက်တိုင်း သစ်သား ECORDER ခင်ပလွေ

အမေရိကန်နိုင်ငံ မူလဇာတိသား ရိုးရာ LOVE FLUTE ခင်ပလွေ

ထိုင်းနိုင်ငံ ရိုးရာ KHLUI ခင်ပလွေ

အင်ဒိုနီးရှားနိုင်ငံ ရိုးရာ SULING ခင်ပလွေ

မြန်မာ့ရိုးရာ ဝါးခင်ပလွေ

ခင်ပလွေတွေလိုပဲ အမျိုးစုံတဲ့ အုပ်စုကတော့ ကျော်ပလွေ တွေပါ။ လက်နှိပ်ပေါက် ၄ ပေါက်က စပြီး ၉ ပေါက်၊ ၁ဝ ပေါက်အထိ ရှိပါတယ်။

တရုတ်နိုင်ငံ ရိုးရာ DIZI ကျော်ပလွေ

အိန္ဒိယပြည် တောင်ပိုင်း ရိုးရာ BANSURI ကျော်ပလွေ

ကိုရီးယားနိုင်ငံ ရိုးရာ DAEGEUM ကျော်ပလွေ

ဂျပန်နိုင်ငံ ရိုးရာ SHINOBUE ကျော်ပလွေ

ခင်ပလွေဖြစ်ပေမယ့် အလုံပိတ် အိုးပုံလို ပုံစံရှိတဲ့ VESSEL FLUTE တွေက ထူးခြားပါတယ်။ OCARINA လို့ ခေါ်ကြတယ်။ THE GOOD, THE BAD, THE UGLY ရုပ်ရှင်ရဲ့ နာမည်ကျော် နောက်ခံတီးလုံးမှာပါတဲ့ ပလွေသံက အိုကာရီနာ ပလွေသံပါပဲ။

တောင်အမေရိကတိုက်က ရှေးခေတ် MAYAN လူမျိုး ရိုးရာ OCARINA မြေအိုး ပလွေ

OCARINA မြေအိုးထက်ခြမ်းပုံ ပလွေ

SWEET POTATOE ခေါ် မြေအိုး ပလွေ

ရှေးဟောင်းအကျဆုံး ပလွေအမျိုးအစားပဲလို့ ပြောလေ့ရှိတဲ့ ပလွေတမျိုးကတော့ PAN FLUTE ပင် ပလွေမျိုးပါ။ ပင် ပလွေတွေမှာ အကြီး အသေး စီထားတဲ့ ဝါးလုံး၊ သစ်သားထွင်းလုံး၊ အရိုး၊ ကြွေ၊ စဥ့်၊ ကျောက်စိမ်း အမျိုးစုံရှိပါတယ်။ တည်ဆောက်ပုံ ရိုးစင်းပြီး အသံထွက်အောင်မှုတ်ဖို့လည်း လွယ်ကူပေမယ့် တေးသံစဉ်ဖွဲ့စည်းရာမှာ ခက်ခဲတဲ့ ပလွေတွေပါပဲ။

ရိုမေနီယံ ရိုးရာဇာတိ ပင် PAN ပလွေ

ခင်ပလွေ နဲ့ ပင်ပလွေ နှစ်မျိုးစပ် တောင်အမေရိက ပလွေ

တောင်အမေရိက ပီရူးဗီယံ ပင် ပလွေ

မဒီဗယ်ခေတ် ရီကော်ဒါ RECORDER ပလွေရှင်

ရိုမေနီယံ ပင် PAN ပလွေရှင်

အိုကာရီနာ ပလွေရှင်

အမေရိကန်နိုင်ငံ မူလဇာတိသား ရိုးရာ ပလွေရှင်

ပါရှန်းဒေသ မူလဇာတိ ရိုးရာ NEY တစောင်းမှုတ်ပလွေရှင်

အရှေ့အလယ်ပိုင်းဒေသ ရိုးရာ NEY တစောင်းမှုတ်ပလွေရှင်

ဂျပန်နိုင်ငံရိုးရာ ရှာခုဟာချိ SHAKUHACHI ပလွေရှင်

မြန်မာ့ရိုးရာ ပလွေရှင်

မြန်မာ့ရိုးရာ ‘ပလွေ’ ကလည်းပဲ ပြုလုပ်ထားပုံ ရိုးစင်းသလောက် ပညာရပ်က အင်မတန် ကျယ်ဝန်းပါတယ်။ နွားကျောင်းသားတွေက အစ အိုးစည် ဒိုးပတ်ဝိုင်း အလယ်၊ မြန်မာ့ဆိုင်းဝိုင်းကြီး အဆုံး၊ မြန်မာ့သီချင်းကြီး ထိုင်ဆိုတီးဝိုင်း၊ အငြိမ့် ဇာတ်ပွဲပါမကျန် တီးမှုတ်သုံးစွဲကြတာဆိုတော့ ပညာရပ် အတိမ်အနက် ကွဲပြားချက် အမျိုးမျိုးရှိရမှာ အမှန်ပါပဲ။

နွားကျောင်းသားကလည်း နားထောင်သူ ရှိရှိ မရှိရှိ၊ စည်းဝါးကျကျ မကျကျ၊ နွားကျောင်းသားသဘာဝအလျောက် နွားကျောင်းရင်း မှုတ်ပေလိမ့်မယ်။ တူရိယာပညာရှင်ကလည်း ပညာရှင်ပီပီ သူ့ပါရမီ စွမ်းအားရှိသလောက် ဂီတကို သူနှစ်သက်သလို လွတ်လွတ်လပ်လပ် ဖန်တီးပေလိမ့်မယ်။ မြန်မာ့ရိုးရာပလွေ က အဲဒီလို ကြိုက်သလို တီးမှုတ်နိုင်ခွင့်ရှိတဲ့ မြန်မာ့ရိုးရာတူရိယာပါပဲ။

မြန်မာ့ရိုးရာ ပလွေကလေး အသံစဉ် 

ကမ္ဘာ့ ပလွေတွေနဲ့ ရင်ပေါင်တန်းနိုင်တဲ့အကြောင်းကိုတော့ မြန်မာ့ရိုးရာ ပလွေပညာရှင်တွေရဲ့ တေးဂီတ က သက်သေပြနေကြပါတယ်။ ကိုယ့်ရိုးရာကို ထိန်းသိမ်းပြီး ဂုဏ်ယူချင်စရာပါပဲ။ ကမ္ဘာအရပ်ရပ်က ပလွေတမျိုးချင်းစီရဲ့ ကွာခြားချက် အသေးစိတ်တွေကိုတော့ နှိုင်းယှဉ်ပြဖို့ မလွယ်ကူပါ။ ကျမ်းတစောင်တဖွဲ့ ရေးရပေလိမ့်မယ်။ ပလွေတူရိယာတွေရဲ့ တည်ဆောက်ပုံနဲ့ ပုံစံကွဲပြားချက်တွေကိုသာ လက်လှမ်းမီသလောက် တင်ပြလိုက်ပါတယ်။ 

ပလွေရှင်တွေအတွက် အရေးကြီးတဲ့အချက်ကတော့ ရင်ထဲက ခံစားချက်နဲ့ စေတနာကို ဖော်ကျူးကြဖို့ပါပဲ။
‘ဂျလာအက်ဒင် မူဟာမက် ရူမီ (၁၂ဝ၇-၁၂၇၃)’ ဆိုတဲ့ ပါရှန်း ကဗျာဆရာကြီးက ရေးခဲ့တယ်။ ပလွေကို မှုတ်လိုက်ပြီဆိုကတည်းက တေးသံကို ပလွေက ဖန်တီးတာမဟုတ်တော့ဘဲ ပလွေမှုတ်သူကသာ ဖန်တီးရှင်ပါတဲ့။

“The Fluteplayer puts breath into a flute,
And who makes the music?
Not the flute.
The Fluteplayer!”

(Jelaluddin) Jalal ad-Din Muhammad Rumi (1207-1273)


Comments