literature, music and film in 2011


၂၀၁၁ ထဲက စာပေ၊ ဂီတ၊ ရုပ်ရှင်
မျိုးဇော် နှင့် ညွန့်ထွေး
ဒီဇင်ဘာ ၃၁၊ ၂၀၁၁


စာပေ၊ ဂီတ၊ ရုပ်ရှင်လောကသားတွေ လူမှုရေးလုပ်ငန်းတွေကို ပိုမိုစိတ်ဝင်စားလာတာကို ၂၀၁၁ နှစ်ဆန်းကတည်း တွေ့ကြရမှာပါ။ ငလျင်၊ ရေ၊ မီး အန္တရာယ်များနဲ့ ကြုံသူတွေကို အပြေးအလွှား သွားရောက် ကူညီ အားပေးသူတွေထဲမှာ သူတို့လည်း ထိပ်ဆုံးက ပါခဲ့သလို ဧရာဝတီမြစ်အရေးအတွက်လည်း စုစည်းတွဲချိတ်မိလာကြပါတယ်။

ဒီလောကထဲ ဖြစ်ပျက်ခဲ့တာတွေထဲက ထူးခြားချက် တချို့ကို မျိုးဇော် နဲ့ ညွန့်ထွေး တို့က စုစည်း တင်ဆက်ထားပါတယ်။



မြန်မာစာ ရှင်သန် တိုးတက်ရေး

လုံးပါးပါးနေတဲ့ မြန်မာစာ ရှင်သန်ရေးအတွက် စိုးရိမ်ပူပန်သူတို့ နိုဝင်ဘာလတုန်းက ရန်ကုန်မှာ ဆွေးနွေး ညှိနှိုင်းကြတဲ့အကြောင်း အလင်းတန်းဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။

မြန်မာစာအသုံးပြုတာရယ်၊ အသုံးချစာရယ်က ကျွမ်းကျင်မှု နိမ့်ကျတဲ့အချိန် ဖြစ်နေတယ် လို့ ဒီပွဲစီစဉ်သူတဦးက ပွင့်ပွင့်လင်းလင်း ပြောဆိုထားပါတယ်။

ဒါဟာ မြန်မာပြည်တခုတည်း ဖြစ်နေတာ မဟုတ်ဘဲ ဖွံ့ဖြိုးမှုနောက်ကျတဲ့နိုင်ငံတွေမှာ မိခင်ဘာသာစကား ဦးစားပေး တန်ဘိုးထားမှု လျော့ကျတတ်ပါတယ်လို့ သတင်းမှာ ရေးထားပါတယ်။


နှောင်းခေတ်ကာလပေါ်တေးများ

နှောင်းခေတ်ကာလပေါ်တေးသီချင်းများ အတွဲ ၄ နဲ့ ၅ ဇူလိုင်လထဲမှာ ထွက်လာပါတယ်။

အတွဲ ၄ မှာ စန္ဒရားချစ်ဆွေရဲ့ သီချင်း အပုဒ် ၆၀ ကျော် ပါဝင်သလို ပန်တျာချစ်လှိုင်၊ တက္ကသိုလ်ချိုကြီး၊ စန္ဒရားအောင်ကြီး၊ သောင်းတင်ဌေး၊ စိန်မောင်မြင့်၊ မောင်ကြေးမုံ၊ မောင်ဆွေနွယ်၊ ဥက္ကလာခင်စော တို့ရဲ့ သီချင်းတွေ ပါဝင်ပါတယ်။

အတွဲ ၅ မှာတော့ ကိုသက်ဦး၊ အကယ်ဒမီ စန္ဒရားလှထွဋ်၊ ကိုမျိုးဆက်၊ ကိုကျော်ညွန့်၊ ရေနံ့သာဝင်းမောင်၊ ရွှေဖြူးလွင်သစ္စာ တို့ ပါဝင်ပါတယ်။

၂ တွဲစလုံးမှာ ကိုယ်ရေးအချက်အလက်တွေ ထည့်ထားပါတယ်။

၁၉၄၈-၁၉၈၉ ကာလအတွင်း မြန်မာ့အသံရေဒီယိုက ထုတ်လွှင့်ခဲ့တဲ့ သီချင်း သောင်းဂဏန်း ရှိတဲ့ထဲက ကောက်နှုတ်ထားတာပါ။

မြန်မာသံစဉ်သီချင်းတွေထဲက ပရိသတ် အကြိုက်ဆုံးတွေကို ဦးစားပေး ပြုစုထားတာလို့ ဆိုပါတယ်။

ပြန်ကြားရေးဌာနက ထုတ်တဲ့ ဒီစာအုပ်တွေမှာ တအုပ်ကို သီချင်းပုဒ်ရေ ၂၀၀ ၀န်းကျင် ထည့်သွင်းဖို့ စီစဉ်ခဲ့ကြပါတယ်။ နှောင်းခေတ်ကာလပေါ်တေးသီချင်းများ စိစစ်ရေးကော်မတီက ပြုစုပါတယ်။


ဗုံလေးလုံး သံစဉ် ဂန္တဝင် အကပဒေသာ
မေလမှာ ထုတ်ဝေတဲ့ “ ဗုံလေးလုံး သံစဉ် ဂန္တဝင် အကပဒေသာ” ဗီစီဒီဟာ ပရိသတ်ကြားထဲ လွယ်လွယ်နဲ့ ရောက်သွားတာ မဟုတ်ပါဘူး။
စိစစ်ရေးဌာနကို တင်ပြတော့ "ဆင်ဆာဘုတ်မှာ ၁၇ ယောက်ကနေ ၁ ယောက်က ကန့်ကွက်တာ" လို့
စာရေးဆရာ ဆူးငှက်က မဇ္စျိမသတင်းဌာနကို ပြောပါတယ်။

“ကဗျာလွတ်” ဆိုတဲ့ စာသားကို ဆင်ဆာဘုတ်အဖွဲ့က ဖြုတ်ခိုင်းတယ်။ ၁ဝ နေရာလောက်တော့ ပါမှာပေါ့။ 'ဒေါ်သြဘာသောင်း၏ အခြေခံ အမျိုးသမီးအက' လို့ ပြောင်းသုံးခိုင်းတယ်” တဲ့။

ကဗျာလွတ် ဆိုတဲ့ စကားလုံးမှာ ဘာအပြစ်ရှိလိုပါလဲ။

“ဗမာအမျိုးသမီးတွေ အခြေခံ ကကွက်တွေကို ဗုံနဲ့ပဲ ကတယ်။ ဗမာလိုတော့ ဒိုးဆစ်နဲ့ ကတယ်။ ဗုံ ၄ လုံးနဲ့ပဲ ကတယ်။ ဘာ မယ်လိုဒီ၊ စာသားမှ မပါဘူး။ အဲဒီကနေမှ တီးလုံး၊ တီးကွက်တွေ ပြောင်းလာတယ်။ ၁၉၅၃ မှာ ပန်တျာကျောင်း စဖွင့်တယ်။ သူက အကသင်တန်း နည်းပြဆရာမ လုပ်တော့ သင်တန်းသာ ဖွင့်တယ်။ ဘာသင်လို့ သင်ရမှန်းမသိလို့ သူကနေ စိတ်ကူးပေါက်သွားပြီးတော့ ဗုံ ၄ လုံးနဲ့ ဒိုးစစ်တွေ တီးခိုင်းပြီးတော့ ကကြိုးတွေ ထွင်တာ။ ... မန္တလေးသား ပြည်ထဲရေး ဝန်ကြီး ဗိုလ်ခင်မောင်လေးက ဗုံ ၄ လုံးနဲ့ ကပြခဲ့တဲ့ အကအမည်ကို သီချင်း၊ ကဗျာ၊ စာသားများ မပါဝင်တဲ့အတွက် ကဗျာလွတ် ဆိုပြီး နာမည်ပေးခဲ့တာပါ”

ဒီနေ့ခေတ်မှာ ဒီရဲ့ ဗီစီဒီ ဘယ်လောက်အထိ ထိုးဖောက်နိုင်မလဲ။ ဆူးငှက်ရဲ့ အသံကတော့ သိပ်ပြီး အားရစရာ မရှိပါဘူး။

"မြန်မာ့ရိုးရာ မြန်မာသံ၊ မြန်မာမူတို့ကို စိတ်ဝင်စားမှု နည်းတယ်။ ဘာကြောင့်လဲ ဆိုတော့ နောက်ပိုင်း လူငယ်တွေမှာ ရုပ် ဝတ္ထုနောက်ကို တအားလိုက်တယ်။ ခေတ်ပေါ် နည်းပညာဘက်ကို လိုက်တယ်။ သူတို့အဖို့က ရိုးရာယဉ်ကျေးမှုကို အဟောင်းလို့ဘဲ သတ်မှတ်ပြီးတော့ အဟောင်းတွေက သူတို့နဲ့ မဆိုင်သလိုဖြစ်သွားတယ်။ အဲဒါကို ချစ်မြတ်နိုးရမှန်း မသိတော့ဘူး။ -- နိုင်ငံခြားမှာနေတဲ့ အနုပညာရှင် မိသားစုတွေက ပိုစိတ်ဝင်စားမယ်လို့ ထင်ပါတယ်။ အင်္ဂလိပ်လိုလည်း ထည့်သွင်းထားပါတယ်"

5 star လူရွှင်တော် အဖွဲ့
နာမည်က ကြယ်ငါးပွင့်ဝန်ထမ်းဟောင်းတွေလို့ ထင်ရပေမယ့် မဟုတ်ပါဘူး၊ တကယ့် လူရွှင်တော်တွေပါ။
ပေါ်လာတာ ၅ နှစ်ရှိပြီဖြစ်တဲ့ ဒီအဖွဲ့ဟာ ဒီနှစ်ထဲမှာ လူကြိုက် ပိုများလာပါတယ်။
ပြည်ပ တင်ဆက်မှုအဖြစ် စင်္ကာပူကို နှစ်လယ်ပိုင်းမှာ သွားရောက်ခဲ့ပါတယ်။
Five Star ဟာသ လူရွှင်တော် အဖွဲ့မှာ ပါဝင်သူတွေကတော့ ကျင်ဝှက်၊ မျောက်ရှုံး၊ အောင်သော်၊ အောင်မော်၊ ကြာစိ တို့ ဖြစ်ပါတယ်။

ပြေတီဦး၊ အိန္ဒြာကျော်ဇင်
နာမည်ကျော်သရုပ်တွေ ဖြစ်တဲ့ ပြေတီဦး၊ အိန္ဒြာကျော်ဇင်တို့ရဲ့ မင်္ဂလာပွဲများကို MRTV4 ကနေ ထုတ်လွှင့်ခဲ့ပါတယ်။
ရမယ့် အကျိုးအမြတ်တွေကို ပြေတီဦးက သူ့ရဲ့ ပညာရေး ဖောင်ဒေးရှင်းထဲ ထည့်မယ့်လို့ သတင်းထောက်တွေကို ပြောပါတယ်။

မင်္ဂလာပွဲ ၆ ကြိမ်ကို ဇန်န၀ါရီလ တလအတွင်း ပြုလုပ်ခဲ့ကြတာပါ။

တောင်းရမ်းမင်္ဂလာ (အိန္ဒြာကျော်ဇင်အိမ်)
လက်မှတ်ထိုး မင်္ဂလာ (ကုန်သည်ကြီးများဟိုတယ်)
ဆွမ်းကျွေး မင်္ဂလာ (မဟာစည်သာသနာ့ရိပ်သာ)
စုလျားရစ်ပတ် ဘိသိက်မင်္ဂလာ (ဆီဒိုးနားဟိုတယ်)
လက်ထပ် မင်္ဂလာပွဲ (ဆီဒိုးနားဟိုတယ်)
မင်္ဂလာ ညစာစားပွဲ (အင်းယားလိတ်ဟိုတယ်)

(ဓာတ်ပုံ - နံနက်ခင်း သတင်းဂျာနယ်)
မင်္ဂလာပွဲတွေအပြီး ၂၀၀၉ ရုပ်ရှင်ကားများအတွက် အကယ်ဒမီဆုတွေပေးပါတယ်။ အိန္ဒြာကျော်ဇင်ဟာ
“မာမီရှိန်း” “အတိတ်ရဲ့အရိပ်” ဆိုတဲ့ ဇာတ်ကားတွေနဲ့ ဆုရလိမ့်မယ်လို့ တစ်ပ် ပြေးနေပေမယ့် မှန်းချက်နဲ့ နှမ်းထွက် မကိုက်ခဲ့ပါ။
အာဏာပိုင်အ၀န်းအ၀ိုင်းထဲက မနာလိုမှုရှိတာကြောင့် သူ့ကို ဆုပေးမယ့် အစီအစဉ် ဖျက်လိုက်တယ်ဆိုတဲ့ သတင်းတွေ ထွက်ခဲ့ပါတယ်။
နှစ်ကုန်ပိုင်းမှာ သူတို့မောင်နှံ ကလေးတယောက် ရပါတယ်။ သမီးလေးကို ပြေသုဒြာ လို့ နာမည်ပေးလိုက်ကြပါတယ်။


ဂီတလောကသားများနဲ့ ဒေါ်အောင်ဆန်းစုကြည်
လူမှုရေးရန်ပုံငွေပွဲတွေကို ဂီတလောကသားတွေ ရင်းနှီးပြီးသားပါ။ နှစ်ကုန်ပိုင်းမှာ လုပ်ခဲ့တဲ့ ဂီတပွဲတော်ကြီးကတော့ ထင်ရှားတဲ့ တီးဝိုင်း၊ အဆိုတော် အများအပြား ပါဝင်အားဖြည့်တာကတော့ ထူးခြားလွန်းပါတယ်။ အဲဒါထက် ပိုပြီးထူးတာကတော့ ဒီ ဂီတပွဲတော်ကြီးကို NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ စီစဉ်ခဲ့တာပါပဲ။ ပြည်ထောင်စု တိုင်းရင်းသားများ ပညာရေး ရန်ပုံငွေအတွက် ဖြစ်ပါတယ်။
ဒီပွဲမတိုင်ခင် ဂီတလောကသား အများအပြား ဒေါ်အောင်ဆန်းစုကြည်နဲ့ နှစ်ကြိမ် တွေ့ဆုံခဲ့တာကိုလည်း စာနယ်ဇင်းများမှာ ဖော်ပြခဲ့တာကို တွေ့ကြရမှာပါ။

ဂီတပွဲ နဲ့ ဈေးရောင်းပွဲ မြင်ကွင်းတခု (ဓာတ်ပုံ-မိုးမခ)

ရုပ်ရှင်လောကသားများနဲ့ ဒေါ်အောင်ဆန်းစုကြည်
လူရွှင်တော်၊ သရုပ်ဆောင် ဇာဂနာ ဒီနှစ်ထဲ ထောင်ကလွတ်လာပြီးနောက်မှာ ရုပ်ရှင်လောကသားများနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံခဲ့ကြပါတယ်။ ဒီတွေ့ဆုံမှုမှာ မကြာခင် ကျရောက်တော့မယ့် ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်မှာ ဗိုလ်ချုပ်အကြောင်း ရုပ်ရှင်ဇာတ်ကားကြီး ပေါ်ပေါက်ရေး ဆိုတာကို စတင် ပြောဆိုခဲ့ကြပါတယ်။ ဒီရုပ်ရှင် ဖြစ်မြောက်ရေး ကော်မတီကိုလည်း ဖွဲ့စည်းပြီး စတင် အကောင်အထည် ဖော်နေတာကို တွေ့ခဲ့ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်၊ ဇာဂနာ၊ မင်းထင်ကိုကိုကြီးတို့ ပူးပေါင်း စီစဉ်တဲ့ "လွတ်လပ်ခြင်းအနုပညာ" ရုပ်ရှင်ပွဲတော်ကို ဒီဇင်ဘာ ၃၁ ရက်နေ့မှာ အစပြုခဲ့ပါတယ်။ ဒီပွဲတော်အတွက် ရောက်လာတဲ့ ရုပ်ရှင်ဇာတ်လမ်းတို ၂၀၀ နီးပါး ရှိပြီး အဲဒီထဲကမှ ၅၀ ၀န်းကျင်ကို ၅ ရက်ကြာ ပွဲတော်မှာ ပြသဖို့ ရွေးခဲ့တာကို တွေ့ကြရမှာပါ။ ဒီလိုမျိုးပွဲတော်ကို မြန်မာပြည်မှာ အရင်တုန်းက မတွေ့ခဲ့ရပါဘူး။

ဒီဇင်ဘာ ၃၁ ရက်နေ့က ရုပ်ရှင်ပွဲတော်မှာ တွေ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ-Reuters)

Comments