Suu urged activsits to be free from prejudices



နိုင်ငံရေးအကျဉ်းသားတွေကို အဂတိလေးပါးတရား ကင်းစေကြောင်း
ဒေါ်အောင်ဆန်းစုကြည်ပြောကြား
ခင်နှင်းလွင်၊ အောက်တိုဘာ ၁၈၊ ၂၀၁၁
နိုင်ငံရေး လုပ်ဆောင်နေသူများ အနေဖြင့် ပြင်ပ အနှောင်အဖွဲ့များမှ လွတ်မြေက်ရန် ကြိုးစားနေစဉ် မှာပဲ ကိုယ်ရဲ့ ကိုယ်တွင်း အနှောင်အဖွဲ့များဖြစ်သည့် အဂတိတရား ၄ ပါးမှလည်း လွတ်မြောက်စေရန် ကြိုးစားဖို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်မွေးနေ့တွင်ပြောဆိုလိုက်သည်။
ရန်ကုန်မြို့ သမိုင်း မြို့မ ပရိယတ္တိ စာသင်တိုက်တွင် ယနေ့ ကျင်းပသည့်  အကျဉ်းကျခံနေရသူ  ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၏ မွေးနေ့တွင် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခြင်း ဖြစ်သည်။
၎င်းက မွေးနေ့ပွဲတွင် ပြောကြားရာ၌ ဆန္ဒာ ဂတိ၊ ဘယာဂတိ၊ လောဘဂတိနှင့် ဒေါသ ဂတိတို့ကို ရှင်းပြပြောဆိုကာ “ကျွန်မတို့နိုင်ငံကို အဂတိတရား ၄ ပါးနှင့် ကင်းဝေးတဲ့ တိုင်းပြည်ဖြစ်စေချင်တယ်” ဟု သူ့၏ ဆန္ဒကို ထုတ်ပြောသွားသည်။
ယနေ့ နံနက် ၈ နာရီကျော်တွင် ဒေါ်အောင်ဆန်းစုကြည်မှ ဖဲကြိုးဖြတ်ကာ ကိုမင်းကိုနိုင် အမြန်ဆုံးလွတ်မြောက်ပါစေ ဟူသော စာတန်းများ ပါသည့် မိုးပျံပူပေါင်းများ လွှတ်တင်ကာ မွေးနေ့ကို ဖွင့်လှစ်ပေးခဲ့သည်။
 
ယနေ့ ကျင်းပသည့်ပွဲသို့ ၈၈ မျိးဆက်ကျောင်းသား နိုင်ငံရေး လှုပ်ရှား တက်ကြွသူများသာမက၊ လူမှုကူညီနေရး လုပ်ကိုင်သည့် အဖွဲ့အစည်းများ၊ နာရေးကူညီမှု အသင်းမှ ဒေါ်မြင့်မြင့်ခင်ဖေ၊ အဆိုတော် အနဂ္ဂ၊ ဆောင်းဦးလှိုင် အပါအ၀င် ပြင်ပမှ စိတ်ဝင်စားသူများပါ တက်ရောက်ကြသည်။ မွေးနေ့ပွဲသို့ ပရိတ်သတ် ၁ထောင် တက်ရောက်လာကြသည်။
နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များ စုံစုံလင်လင် တက်ရောက်ကြပြီး မကြာခင်ကမှ လွတ်မြောက်လာသူ နိုင်ငံရေးအကျဉ်းသားတစ်ချို့လည်း တက်ရောက်လာကြတာကို တွေ့ရသည်။
တက်ရောက်လာသူများထဲမှ လက်ရှိ အကျဉ်းကျနေသော နိုင်ငံရေးအကျဉ်းသား ကိုဝင်းမော်၏ အမျိုးသမီး မသဇင်က “ မင်းကိုနိုင်မွေးနေ့ကို နှစ်စဉ်ပါဝင်ဖြစ်တယ်။ အားလုံးစုံစုံလင်လင် မတွေ့တော့ မပျော်ဘူး ၀မ်းနည်းမိတယ်”လို့ ပြောသည်။
တက်ရောက်လာသူများမှ မင်းကိုနိုင်၏ မွေးနေ့ဆုတောင်းကို လက်မှတ်ရေးထိုး ဆုတောင်းပေးခဲ့ကြပြီး ယခုလို မွေးနေ့ပွဲသည် မင်းကိုနိုင်၏ မွေးနေ့သာ မဟုတ်ပဲ မလွတ်သေးသော နိုင်ငံရေးအကျဉ်းသားများ၏ အထိမ်းအမှတ်နေ့သာ ဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသား ကိုပဏ္ဍိတ်ထွန်း၏ မိခင် ဒေါ်ညွှန့်ညွှန့်ဦးက ပြောခဲ့သည်။
“လွတ်လာတဲ့ ပမာဏဟာ နည်းလွန်းလို့ အစိုးရဟာ တကယ်ပြောင်းလဲလာတယ်လို့ မယူဆဘူး ဘာဖြစ်လို့လဲဆိုတော့ အမြန်ဆုံး အတိကျဆုံး လုပ်ရမဲ့အလုပ်ကို အလွန်နှောင့်နှေးပြီးတော့ မပီပြင်လို့ပါ”လို့ ဒေါ်ညွှန့်ညွှန့်ဦးက ပြောသည်။
နိုင်ငံရေးအကျဉ်းသား မိသားစုများ နှင့် နိုင်ငံရေးအကျဉ်းသားများ အနေနဲ့ တကယ်မှန်တယ်ထင်လို့ လုပ်တာလား ကိုယ်လုပ်ချင်လို့ လုပ်တာလားဆိုသည့် ဆန္ဒဂတိ၊ ကြောက်ခြင်းတရား ကိုယ့်ကိုယ် လွှမ်းမိုးခြင်းမှ ကင်းလွတ်မည့် အဘယကတိ၊ လောဘဂတိနှင့်  ကိုယ်မကြိုက်လို့ ကိုယ်မုန်းလို့ မလုပ်တဲ့ ဒေါသဂတိတို့ ကင်းရှင်းစေလိုကြောင်း ထိုအဂတိလေးပါး ကင်းရှင်းမှ တိုင်းပြည်လွတ်မြောက်မည် ဖြစ်ကြောင်း ပြောကြားသွားသည်။

Comments