iRRAWADDY Lovers from Burmese Singapore Community to publish the vdo cd of their talk show

စင်္ကာပူက ဧရာဝတီကိုချစ်သူများရဲ့ ဟောပြောပွဲ ရုပ်သံခွေထုတ်မည်
မိုးမခအထောက်တော် စင်္ကာပူ၊ အောက်တိုဘာ ၂၈၊ ၂၀၁၁
အောက်တိုဘာ ၂၆ ရက်က နေ့ခင်း ၂ နာရီက ည ၁၀နာရီခွဲအထိ 21 Tyrwhitt Road (S) 207530 (LAVENDER MRT အနီး) က Foochow Building မှာ ကျင်းပခဲ့တဲ့  ဧရာဝတီကို ထာဝရ ရှင်သန်စေလိုသူများ စီစဉ်သည့် "စာပေဟောပြောပွဲ"မှာ စာရေးဆရာနဲ့ ပညာရှင်များဖြစ်ကြတဲ့  
-       မောင်စိန်ဝင်း(ပုတီးကုံး) က ကျွန်တော်နှင့် ကျွန်တော်၏မြစ်
-       ဦးထွန်လွင်(မိုးလေဝသ) က အိမ်နီးချင်းမှ မြစ်ကောများ
-       အော်ပီကျယ် က ကူ၍တွန်းပေးကြပါနဲ့
-       မြင့်မောင်ကျော်  ဧရာဝတီရဲ့ ဝိညာဉ် ခေါင်းစဉ်များနဲ့ ဟောပြောခဲ့ကြပါတယ်။
စာပေဟောပြောပွဲ အတွေ့အကြုံကို ဓာတ်ပုံ ဂျစ်တူး(မုံရွာ) က ပြောရာမှာ
"စာပေဟောပြောပွဲကနားထောင်သူရော ဟောပြောတဲ့ဆရာတွေရော အချိန်ကို မလုံလောက်ကြဘူး။ ဟောပြောပွဲကို မပြီးချင်ကြဘူး။  ဒေါက်တာထွန်းလွင်ရဲ့ အချက်အလက်တွေကလည်း တော်တော်စိတ်ဝင်စားစရာ ကောင်းသလို ဆရာမြင်မောင်ကျော်ရဲ့ဓါတ်ပုံတွေနဲ့တကွ သက်သေ အထောက်အထားတွေနဲ့ ဟောပြောတာတွေလည်းကောင်း၊ ဆရာမောင်စိန်ဝင်းကလည်းကဗျာတွေ ပုံပြင်တွေနဲ့ ချဲလင့်လုပ်၊ ဆရာအော်ပီကျယ်ကလည်း သူ့ကာတွန်းတွေ နဲ့ တွန်းအားပေးတော့နားထောင်သူတွေရဲ့  ရင်ထဲမှာ “ဧရာဝတီ”အတွက် တကယ့်ကို ရင်တွင်းရှိုက်သံတွေ တခန်းလုံးပြည့် သွားတဲ့ စာပေဟောပြောပွဲညလေး တညပါပဲဗျာ"
လို့ ပြောပြပါတယ်။
လူပေါင်း တစ်ထောင် ပတ်ဝန်းကျင်လောက် လာကြပြီး၊ ခန်းမနေရာအခက်အခဲကြောင့် လက်မှတ် မရပေမယ့် အပေါက်ဝကနေ နားထောင်နေတဲ့လူအုပ်စုတွေလည်း ရှိခဲ့ပါတယ်။ ရ နာရီ ၈ နာရီ ဆက်တိုက် ဟောပြောတာကိုတလျောက်လုံး မတ်တပ်ရပ်ပြီး နားထောင်ရတဲ့သူတွေကို တွေ့ရပါတယ်။ ခန်းမကျယ်ကျယ်ငှားဖို့အတွက် ရက်တွေကပြည့်နေလို့ နောက်နှစ် ဧပြီလအထိကို ခန်းမတွေ ငှားလို့ မရတဲ့အတွက် ခန်းမကျဉ်းသွားရတယ်လို့ ဆိုပါတယ်။ ဘူတာရုံကနေ ခမ်းမကို အတော်ဝေးသည့် ခရီးကို မြန်မာတွေက ကြိုးစားပြီး အရောက်လာကြတာ ဖြစ်ပါတယ်။
ဆရာလေးယောက်စလုံးနဲ့ ဒီပြင်ဆရာတွေရဲ့အသံဖိုင်၊ ဒေါ်အောင်ဆန်းစုကြည်အသံဖိုင်တွေနဲ့ ရုပ်သံမှတ်တမ်းကို နောက်လ ၆ ရက် မှာ့ ဗွီစီဒီ ထုတ်ပြီး ဖြန့်မယ်။ တစ်ခွေကို ၅ ဒေါ်လာနဲ့ ရောင်းမယ်။  ဤစာပေဟောပြောပွဲမှ ရရှိသော အမြတ်အစွန်းနှင့် အလှူငွေများကို ဧရာဝတီမြစ် ပြန်လည်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးကဏ္ဏများတွင် သုံးစွဲသွားမယ်လို့ သိရပါတယ်။
ဧရာဝတီကို ထာဝရရှင်သန်စေလိုသူများရဲ့ အကြောင်းအရာတွေကို သည်ဖေ့စ်ဘွတ်စာမျက်နှာမှာ တွေ့နိုင်ပါတယ်။

Comments