De Nyein Linn

ဒီငြိမ်းလင်း သို့  တမ်းတခြင်းများ
ထွန်းဝေ တိုကျို
အောက်တိုဘာ ၁၈၊ ၂၀၁၁

ထောင်ဆိုတာ အ၀င်ရှိရင် အထွက်ဆိုတာ ရှိတယ်
လောက နိရာမ တရား အရ ဘာမှမမြဲကြဘူးလေ၊၊

ဒီနေ့ မြန်မာ ပြည်သူတွေရဲ့ စစ်အာဏာရှင်လက်အောက်က ဘ၀ပုံရိပ်တွေပေါ်ကနေ ပေါ်ပေါက်လာတဲ့ အာဏာရှင် လူသတ်သမားကြီးများ အကြမ်းဖက်နေကြတာကို နှလုံးနာလွန်းလို့ ပြောနေရ အုံးမှာပဲ။ ထောင်ဆိုတာ ဘယ်သူကမှ မနေချင်ကြတာအမှန်ပါဘဲ ။ နိုင်င်္ငကျော် သမ္မတကြီး ဦးသိန်းစိန်ရဲ့ ထာဝရ လွတ်ငြိမ်းချမ်းသာခွင့် က မင်းနဲ့ ဘဲ မဆိုင်ဘူးလို့ မသတ်မှတ်စေချင်ဘူးကွာ၊ မင်း ခေါင်း ကြောမမာပါနဲ့ ၊၊ ၈၈ကျောင်းသားခေါင်းဆောင်တွေလဲ မင်းလိုဘဲ မလွှတ်သေးပါဘူး။ မနေ့ က မစုစုနွေး ပြန်လွတ်လာပါတယ်၊၊ ကိုယ်ချင်းစာကြည့်ပေါ့၊ အစ်ကိုလဲ နိုင်ငံရေး အကျဉ်းသားအားလုံးကို အမြန်ဆုံးလွတ်စေချင်ပါတယ်။ နေ့ စဉ်နှင့် အမျှ ဆုတောင်းပေးနေပါတယ်၊၊

ဒီထောင်ထဲမှာ အလွမ်းတွေ၊ ဒဏ်ရာတွေ၊ အံကြိတ်တောက်ခေါက်သံတွေ၊ ထောင်သားတွေရဲ့  သောက အမောတွေ နောက်ပြီး ညည်းတွားသံတွေ ပြည့်လျံနေဆဲဖြစ်ပါတယ်။ ဒါပေမဲ့ တဖက်မှာ သူရဲကောင်းတွေရဲ့ ရာဇ၀င်တွေလွတ်မြောက်ရေးအတွက် တိုက်ပွဲ ၀င်နေသူရဲ့  တေးသံတွေ GW ညီ ဇေယျာသော်တို့  လိုနောက်မဆုတ်တမ်း စီးဆင်းသွားမယ့် အင်အားသစ်လူငယ်အရေးတော်ပုံ ပုံရိပ်တွေကလည်း အလျံဝင်းဝင်း တောက်ပနေတယ်ဆိုတာ သက်သေခံနေတာဘဲလေ၊၊

ဒီလို ပုံရိပ်တွေ တေးသံ၊ အလွမ်း၊ ဘ၀ ဇာတ်တွေဆိုတာ စစ်အာဏာရှင် လက်အောက်က မြန်မာ ပြည်သူတွေ နိစ္စဓူဝ ခံစားနေရတဲ့ ပုံရိပ်တွေထဲက တစိတ်တပိုင်းလို့လဲ ဆိုနိုင်ပါတယ်။ အစ်ကို ဒီနေရာမှာ အဓိကပြောချင်တာက စစ်အာဏာရှင်စနစ် ရဲ့  လူမဆန်တဲ့ ဥပက္ခာပြုမှု၊ ဥပဒေမဲ့ အနိုင်ကျင့်စော်ကားမှု တွေရဲ့ နောက်မှာ ပြည်သူလူထုရဲ့  ဆန္ဒ နဲ့ ဘ၀များစွာတွေ ဟာ လွတ်လပ်မှုကို အခွင့်ရှိတိုင်း အခါရှိတိုင်း တောင်းဆိုနေအုံးမှာပါဘဲ။

အနီးဆုံးကိုပြောပြပါဆိုရင် နာဂစ်မုန်တိုင်းက သိန်းနဲ့ ချီပြီးအသက်ဆုံးရှုံးခဲ့ကြပြီး သန်းနှင့်ချီဘ၀ပျက်ခဲ့တာကို မြန်မာ ပြည်သူတွေမမေ့သလို ဒီနေ့ တနိုင်ငံလုံး စစ်ကျွန်ဘ၀ ရောက်အောင် ဇာတ်သွင်းနေတဲ့ အတွက်
မြန်မာပြည်သူတွေ ဘယ်တော့မှ လက်ခံမှာ မဟုတ်ပါဘူး၊၊ စစ်အာဏာရှင်တွေဘက်ကသာ သိသိကြီးနဲ့ အရှက်တရား မဲ့ လူထုဆန္ဒမပါ အဓမ္မ ပုံသွင်းနေတာ ဖြစ်ပါတယ်။


ရင်နာစရာ အဖြစ်အပျက်တွေလား
နွေခေါင်ခေါင် နေပူထဲမှာ
ခနီး္တထောင်မှ မုံရွာထောင်သို့  အပြောင်း
ထောင်ဒဏ် မကျဘူးတဲ့
ဒီငြိမ်းလင်းရဲ့ အကြောင်း
ခုမှ ပို သိခဲ့ရတယ်။

လူကောင်က သေးသေး
စိတ်ဓါတ်က ပြင်းပြင်း
အကောင်သေးပေမဲ့
အဆိပ်ပြင်းတဲ့ မင်းလိုလူ
ပွဲပြီးခါနီးမှ ထိုးကျွေးခံရမှန်း ငါသိခဲ့ရတယ်
ငါမသိတဲ့ မင်းကံကြမ္မာက
နိုင်ငံကျော်သမ္မတကြီးဦးသိန်းစိန် ပါးစပ်ထဲက
မှောက်ဖဲတစ်ချပ်တဲ့လား ။

လျှပ်စီးတွေ တဖြန်းဖြန်းလက်တဲ့အလား
အပြစ်ကင်းမဲ့ စွာ မင်းလုပ်နေတဲ့
တော်လှန်ချစ်စိတ်က ချစားခံရတော့မတဲ့
ထောင်ဝင်စာရဲ့ အပြုံးက
လွတ်ရက်တွေ စေ့ဖို့  အချိန်ကျော်နေပြီဟေ့။

အကျဉ်းသားတွေရဲ့ ဘ၀တွေ
အတိတ်က တမ်တခြင်း များစွာနဲ့ 
ထောင်တံခါးဝ ရဲ့ နာကျင်ခြင်းရနံ့တွေ ရှိုက်မိတိုင်း
ကောင်းကင်ထက်က အလင်းပျောက်ကြယ်ဟာ
အသက်ရှူကြပ်ခဲ့ရတယ်
မင်းမိသားစုရဲ့  အိမ်မက်ဟာ
ထောက်လှမ်းရေး ကားသံကြားတိုင်း
ခြောက်လှန့်ခံနေရဆဲပဲ ။

လောက နတ်ကမီး ဖန်ဆင်းထားသလိုပဲ
ကောင်းကင်းတစ်ခုလုံး တိမ်တွေညိုရင်
တိမ်ပြာတွေ မီးတောက်ခဲ့တဲ့
မုံရွာထောင်က မင်းလို
အကျဉ်းသားတွေက
ခုနှစ်စဉ်ကြယ် အိပ်မက်တွေ
ဖဲတစ်ချပ်လို လွယ်လွယ်
အမှောက် ခံလိုက်ရပြီပဲ
ဖြစ်ခဲ့သမျှ အားလုံးအတွက်
ငါ ရင်ထုမနာ ဖြစ်နေဆဲပဲ
ဒီငြိမ်းလင်း ရေ...။

ထွန်းဝေ တိုကျို။ 17.10.2011 3.08am

Comments