Ange Lay - Second Mother


ကျေးဇူးကြီးပေ ကျွေးမေမေ
အငယ်လေး
အောက်တိုဘာ ၂၈၊ ၂၀၁၁
(၁၂ကြိမ်မြောက် ဆန်ဖရန်ဘေးဧရိယာ မြန်မာစာပေဟောပြောပွဲ၊ ပထမအကြိမ် စာစီစာကုံးပြိုင်ပွဲ၊ ပထမဆုရရှိတဲ့ အက်ဆေးကို မိုးမခက ပြန်လည် ကူးယူတင်ပြလိုက်ပါတယ်)
၁၅ နှစ်နီးပါး မြန်မာပြည်မှာ နေထိုင်လာခဲ့တဲ့ သက်တမ်းတလျှောက်လုံး သူ တစ်ချိန်ချိန်မှာ တိုင်းတစ်ပါးပြည်ကို ပြောင်းရွှေ့နေထိုင်ရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ အဲလိုမထင်ထားခဲ့တဲ့ကြားမှာ သူနဲ့ ၁၃ နှစ်နီးပါးလုံးလုံး အတူမနေခဲ့ဖူးတဲ့ သူ့ရဲ့မိသားစုနဲ့ နေရတော့မယ်။ ဖေဖေ၊ မေမေ၊ ညီမလေး နှစ်ယောက် နဲ့ မောင်လေးနှစ်ယောက်တို့ရှိရာ အမေရိကန်ကို ပြောင်းသွားရတော့မယ်ဆိုတာကို တသက်လုံး ထိန်းကျောင်း လာခဲ့တဲ့ သူ့ရဲ့အဒေါ်ဆီကနေ သူကြားခဲ့တယ်။
သူ ၈ တန်းကျောင်းသူဘ၀ တုန်းကပေါ့။ ကျောင်းဆင်းချိန်တိုင်း ဆိုင်ကယ်တစ်စီးနဲ့ အချိန်မှန်မှန် လာကြိုတတ်တဲ့ သူ့ရဲ့အဒေါ် အဲဒီနေ့မှာတော့ နောက်ကျခဲ့တယ်။ သူတော်တော်လေး စောင့်ခဲ့ရတယ်။ တခဏမှာ သူ့ဆီကို ဦးတည်ပြီးရောက်လာခဲ့တဲ့ ဆိုင်ကယ်ပေါ်က ရင်းရင်းနှီးနှီးရှိတဲ့ မျက်နှာကို မြင်လိုက်ရတော့ သူ့စိတ်ထဲမှာ ကြည်နူးသွားခဲ့တယ်။ ဘာလို့နောက်ကျတာလဲလို့ သူမေးခွန်းမထုတ်ခဲ့ ဘူး။ သူကစောင့်ရတာကို မကြိုက်ပေမယ့်လည်း နောက်ကျတဲ့ အကြောင်းရင်းကိုလည်း မေးတတ်သူ မဟုတ်ဘူး။ ဆိုင်ကယ်လေး အနား မှာရပ်သွားတဲ့အခါ သူလွယ်အိတ်ကို ရှေ့ခြင်းတောင်းထဲ ထည့်နေ ခိုက် အဒေါ့်ဆီက
“သမီးငယ်၊ သမီးငယ် ပါးပါးတို့နဲ့ နောက်နှစ်နိုင်ငံခြားကို သွားရတော့မယ်။” ဆိုတဲ့ အသံကို သူကြားလိုက်ရတယ်။ ကြားကြားပြီးချင်း၊ သူ့စိတ်ထဲမှာ တွေဝေနေခဲ့ပြီး၊ တအံ့တသြ နဲ့ပဲ ဆိုင်ကယ်နောက် သူတက်လိုက်သွားခဲ့တယ်။
ငယ်ငယ်တည်းက သွေးသားမတော်စပ်တဲ့ အဒေါ်နဲ့အတူ ဖွားဖွားအိမ်မှာ နောက်ဆုံးအချိန်ထိ သူနေ ခဲ့ တယ်။ သွေးသားမတော်စပ်ပေမယ့်လည်း သူစိမ်းတစ်ယောက်မဟုတ်ပါဘူး။ သူ့ဖေဖေဘက် က ဦးလေး ရဲ့ ဇနီး ပါ။
သူ ၂ နှစ်အရွယ်မှာ သူ့ကို ဖွားဖွားရဲ့ အိမ်မှာပို့ခဲ့တယ်။ အရွယ်ချင်းကပ်နေ တဲ့ ကလေး နှစ်ယောက်ကို မိဘနှစ်ပါးက မထိန်းနိုင်တာကြောင့် သူ့ကို အဖွားအိမ် ပို့ခဲ့ခြင်းဖြစ်တယ်။
 “ကြိုးချင်းထား ကြိုးချင်းငြိ၊ အိုးချင်းထား အိုးချင်းထိ” ဆိုသလို သူအဖွား အိမ်မှာ နေတာကြာလာ တော့ သံယောဇဉ်၊ တွယ်တာမှုတွေ ရှိလာတာကြောင့် သူ့မိဘတွေ ကလည်း အဖွားအိမ်မှာပဲ နေခွင့် ပြုခဲ့တယ်။ ကြီးတဲ့အထိပေါ့။
အဖွားကသူ့ကို အရမ်းချစ်တယ် လို့ပြောကြ၊ သူကိုယ်တိုင်ကလည်း အဖွားနောက်လိုက်တယ်လို့ ပြောကြပေမယ့်လည်း သူ့အဒေါ့်ကိုပဲ သူတွယ်တာခဲ့မိတယ်။ ငယ်ငယ်က ပုံရိပ်တွေထဲမှာ မိဘအရိပ်အရောင်ဆိုတာ သူ့ဆီမှာ မရှိခဲ့ဘူး၊ အဒေါ်ဖြစ်တဲ့ ကျွေးမေမေ ရဲ့ပုံရိပ် တွေ သာထင်ကျန်ရစ်ခဲ့တယ်။
တခါတုန်းက အဒေါ်ရဲ့သားငယ်၊ သူ့ရဲ့အစ်ကိုဝမ်းကွဲက
“ညည်းဆီမှာ မွေးမေမေနဲ့ ကျွေးမေမေ အမေနှစ်ယောက်ရှိတယ်။”
လို့ တောင် သူ့ကိုပြောခဲ့တယ်။
တခါတရံမှာလဲ သူ့အစ်ကိုက အဖွားအိမ်မှာ အငယ်ဆုံးဖြစ်တဲ့သူ့ကို စ, နောက်တတ်တယ်။ အစအနောက် မခံတတ်တဲ့ သူ့ရဲ့စိတ်ကိုသိတဲ့ အဒေါ်ကပဲ အစ်ကို့ကို ပြောဆိုရင်း သူကပဲ အနိုင်ယူခဲ့တယ်။
၁၃ နှစ်လုံးလုံး အဖွားအိမ်မှာ နေခဲ့ရပြီး မိဘအရိပ်အောက်မှာ သူ မနေခဲ့ရပေမယ့် အဒေါ်ပေးတဲ့  မေတ္တာနဲ့တင် လုံလုံလောက်လောက် စားသုံးခဲ့ရလို့ ဖွံ့ဖြိုးသွက်လက်တဲ့ဘ၀ကို သူပိုင်ဆိုင်နိုင်ခဲ့တယ်။
သူနိုင်ငံခြားမှာ စိတ်အားငယ်မိတိုင်း ငယ်ငယ်ကအကြောင်းတွေဟာ သူ့အတွက် အားတိုးဆေးတစ် ခွက်ဖြစ်ခဲ့တယ်။
ဗိုက်ဆာချိန် ထမင်းခွံ့ကျွေးပေးခဲ့တဲ့ အဒေါ်၊ ဆော့ကစားပြီးချိန် ရေချိုးပေးခဲ့တဲ့ အဒေါ်၊ အိပ်ချိန်တန် ပွေ့ချီလမ်းလျှောက် သီချင်းဆို ချော့တိတ်ပေးခဲ့တဲ့ အဒေါ်၊ စာသင်ရွယ် ကျောင်းအပ် ပေးခဲ့တဲ့ အဒေါ်၊ ကျောင်းမဖွင့်ခင် အဖြူအစိမ်း ချုပ်ပေးခဲ့တဲ့ အဒေါ်၊ ကျောင်းမသွားမီ သနပ်ခါးလိမ်း ပေးခဲ့တဲ့ အဒေါ်၊ ဆံနွယ်ပေါ် Kiss Me Quick ပန်း နေ့တိုင်း ပန်ဆင်ပေးခဲ့တဲ့ အဒေါ်၊ သမီးရင်းပမာ စောင့်ရှောက်ကျွေးမွေးခဲ့တဲ့ အဒေါ့်ရဲ့ ကြီးမားတဲ့မေတ္တာကို သူအတွက် ဘာနဲ့မှ နှိုင်းယှဉ်လို့မရပါဘူး။
အဒေါ့်အပေါ် မိခင်ရင်းပမာ တွယ်တာမိခဲ့တဲ့စိတ်ကြောင့် အဒေါ်နဲ့အတူ ရှိနေချိန်တွေတိုင်း သူပျော်ရွင် နေခဲ့မိတယ်။
တခါတရံ ကျောင်းပိတ်ရက်မှာ သူ့မိဘအိမ်အလည်သွားရင်ကို သူ့ရဲ့စိတ်တွှေ စိမ်းနေခဲ့တယ်။ သူစိမ်းတစ်ယောက်အိမ် အလည်ရောက်သွားသလိုပဲ သူခံစားခဲ့မိတယ်။ အိမ်ခေါင်မိုး အုပ်ပြီး၊ နံရံလေးဘက် လေး လှန်ကာဆောက်ထားတဲ့ အိမ်ချင်းအတူတူ သူ့ငယ်ရာက ကြီးပြင်းလာခဲ့တဲ့ အိမ်မဟုတ်လို့ ဖွားဖွား အိမ်မှာ နေ တာလောက် သူ့စိတ်တွေ သိသိသာသာ ကွာခြားခဲ့တယ်။
သူ့မိဘ ကကျောင်းပိတ်ရက်မို့ အိမ်မှာအိပ်ခိုင်းရင်ကို သူ ငြင်းချင်ခဲ့တယ်။ သူမနေချင်တဲ့အခါ အဒေါ့်ဆီ ဖုန်း ဆက်ပြီး လာခေါ်ခိုင်းတဲ့ရက်တွေလည်း ရှိခဲ့သလို၊ မိဘတွေကပြန် လိုက်မပို့ပေးဘဲ အိမ်မှာအတင်း ခေါ်ထားခဲ့တဲ့နေ့တွေလည်း သူကြုံခဲ့ရတယ်။
အဒေါ်က မနေနိုင်လို့ သူ့ကိုညပြန်အိပ်မလားလို့ ဖုန်းဆက် မေးတော့လည်း ဘေးကမေမေက
“ဒီည ဒီမှာပဲ အိပ်တော့မယ်”
လို့ ပြောခိုင်းတဲ့ရက်တွေလည်း မနည်းခဲ့ပါဘူး။
အဲလိုအကြိမ်ကြိမ် အခါခါ မိဘအိမ်မှာ တလှည့်၊ အဖွားအိမ်မှာတလှည့်နဲ့ပဲ သူနေလာခဲ့တာ ၁၅ နှစ် ရှိသွားခဲ့တယ်။
ဘယ်အရာမှ မတည်မြဲဘူးဆိုတဲ့ နည်းဗျူဟာကို ဆုပ်ကိုင်ထားတဲ့  ကံကြမ္မာကြောင့် အဒေါ်နဲ့ အတူ ဖြတ်သန်းရမယ့်ရက်တွေတဖြည်းဖြည်း ကုန်တာ မြန်လွန်းခဲ့ပြီး၊ ခွဲခွာရတော့မယ့်ရက်တွေက နီးနီးလာခဲ့ တယ်။ သူ့အတွက် လိုအပ်မယ့် အကျီင်္တွေကိုအဒေါ်ကိုယ်တိုင် ထုပ်ပိုးပြီး သူ့မေမေဆီကို ကြိုတင်ပို့ထားပေးခဲ့ တယ်။ သူကလည်း မနက်ကနေ ညအထိ ကျူရှင်နဲ့ ကျောင်း အလုပ် ရှုပ်နေတော့ အဒေါ်ဘယ်အချိန်က ဘယ်လို ထုပ်ပိုးလိုက်တယ် ဆိုတာတောင် မသိလိုက်ခဲ့ဘူး။
မိဘနဲ့အတူ မနေချင်တဲ့အခါ ဖုန်းဆက်ပြီး လာခေါ်ခိုင်းလို့ ရခဲ့ပေမယ့် တောင်တန်း၊ ရေ၊ မြေ ခြားနေတဲ့ အဝေးတနေရာကနေ ဘယ်လိုလုပ်ပြီး အဒေါ့်ကို လာခေါ်ခိုင်းလို့ ရတော့မှာလဲ လို့တွေးမိပြီး သူဝမ်းနည်း နေမိခဲ့တယ်။
မနက်ပိုင်း ကျူရှင်ကအပြန် အဒေါ်က သူ့အတွက် သူများနိုင်ငံမှာ တခြားသူတွေနဲ့ အပြန် အလှန်ပြော နိုင်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အင်္ဂလိပ်စကားပြော စာအုပ်တစ်အုပ် ၀ယ်ပေးခဲ့တယ်။ အဒေါ့်ကို သူ့ဘက်က ဘာမှ ပြန်မပေးဆပ်ခဲ့သေးတာကြောင့် သူ နှစ်သစ်ကူးတုန်းက စုထားတဲ့ ပိုက်ဆံထဲက စာအုပ်ဖိုး ၂၅၀၀ ကျပ်ကို အဒေါ်မသိခင် အဒေါ့်ရဲ့ပိုက်ဆံအိတ်ထဲကို မသိမသာသူ ထည့်လိုက်တယ်။ သူ့မှာကျန်တဲ့ ငွေတွေကိုလည်း အဒေါ့်အတွက်ထားပေးခဲ့တယ်။ အဲဒီအချိန်မှာ သူ့အတွက်တော့ ၁၃ နှစ်လုံးစာ အကြွေးကို ဒီနည်းလမ်း တစ်ခုနဲ့ပဲ သူပေးဆပ်နိုင်ခဲ့တယ်။
အမြဲတမ်းတက်ကြွနေတတ်တဲ့ အဒေါ်က အဲဒီနေ့မှာ တည်ငြိမ်နေခဲ့တယ်။ အဝေးကို သွားရတော့မယ့် သူ့ကို လိမ်လိမ်မာမာနေဖို့၊ မိဘနှစ်ပါးကိုကူညီဖို့၊ မောင်လေး ညီမလေးတွေကို စောင့်ရှောက်ဖို့ နောက်ဆုံး စကားလက်ဆောင်လေး ပါးနေခဲ့တယ်။
အဲဒီနေ့ မိုးတွေအုံ့နေခဲ့ပြီး၊ မိုးဖွဲလေး ကျနေခဲ့တယ်။ လေဆိပ်ဝင်ပေါက်ရှေ့မှာလည်း လူတွေရှုပ်ရှက်ခတ်နေခဲ့တယ်။ အဆောက်အအုံထဲမှာလည်း လူတွေရဲ့နှုတ်ဆက်သံတွေနဲ့ ဖုံးလွှမ်းနေခဲ့တယ်။။
လိုက်ပို့သူတွေနဲ့ ခရီးသည်တွေကို ပိုင်း ခြားထားတဲ့ မှန်ကြည်ပြားလေးတစ်ချပ် ကာထားပေမယ့်လည်း အဒေါ့်ရဲ့စကားသံတွေ တုန်ရီနေခဲ့တာကို သူ့နားထဲ ကြားနေခဲ့တယ်။ သူကလည်း ဘာမှပြန်မပြောဘဲ အဒေါ်ဆုံးမသမျှကို ခေါင်း တညိတ်ညိတ်နဲ့ နာခံနေခဲ့တယ်။
ဒီလိုနဲ့ပဲ သူ့ရဲ့ အမိမြေနဲ့ ကျွေးမေမေကို သူနှုတ်ဆက်ခဲ့ပြီး လေယာဉ်သံနဲ့အတူ လေဟုန်ထဲမှာ တိုးဝှေ့ ပျောက်ကွယ်သွားခဲ့တယ်။
အဒေါ့်အနား တခါပြန်ရောက်ချင်သေးတယ်ဆိုတဲ့အတွေးနဲ့ အဲဒီနေ့ကစပြီး “မျှော်လင့်ခြင်း” ဆိုတဲ့ မျိုးစေ့တစ်စေ့ကို သူ့နှလုံးသားထဲမှာ ပျိုးစိုက်ခဲ့တယ်။ ရေစက် မကုန်သေးရင် ကံကြမ္မာက ပြန်ဆုံခွင့်ပေးမယ် လို့ သူယုံကြည်ခဲ့တယ်။ ပစ်မှတ်တစ်နေရာကို ဦးတည်ပြီး ချိန်ထားတဲ့နေရာရောက်သွားတဲ့ မြားတစ်လက် လိုမဖြစ်ချင်ဘဲ returning boomerang လို ပစ်လိုက်ရင် လေထဲမှာ ခရီးအတိုင်းအတာတစ်ခုထိ ပျံသန်းပြီး အချိန်တန်ရင် နဂိုမူလနေရာ ပြန်ရောက်လာတာမျိုးပဲ သူဖြစ်ချင်ခဲ့တယ်။
အလားတူပဲ ပညာစုံလင်အောင် တတ်ကျွှမ်းပြီး ဘွဲ့ရပညာတတ်ကြီး တစ်ယောက်ဖြစ်တဲ့အချိန်ဟာ သူမူလနေရာ ပြန်သွားပြီး ကျွေးမေမေ ကို ကျေးဇူးပြန်ဆပ်မယ့် အချိန် ဖြစ်တယ်လို့ သူမုချ ဆုံးဖြတ်ခဲ့တယ်။

Comments