Yan Win (Taung Ta Gar) - Articles

လက်ဖျားသံနှော မြန်မာတယော - အပိုင်း (၁)
ရန်ဝင်း (တောင်တံခါး)
စက်တင်ဘာ ၂၄၊ ၂၀၁၁


“စောင်း ညင်း မိချောင်း
အောင်းကလေး တခြား ပတ္တလား နှင့်
လက်ဖျားသံနှော တယော ဟူသည်
ခြောက်မည် ငြိမ့်မျိုး ”
နာရဒပျို့
မုံရွေးဆရာတော်
(မြန်မာ သက္ကရာဇ် ၁၁၂၈-၁၁၉၆ )

လက်ထိပ်ဖျားနဲ့ ကြိုးကလေးတွေ ဖိနှိပ် ပွတ်ဆွဲ တီးခတ်ရာက ဖြစ်ပေါ်လာတဲ့ ဂီတသံကို တေးသီချင်းမှာ ရောနှောဖွဲ့ဆိုနိုင်စရာ မြန်မာ့ကြိုးတပ်တူရိယာ ‘တယော’ ကို ပျူခေတ်၊ ပုဂံခေတ်၊ စစ်ကိုင်း၊ ပင်းယ၊ မြင်စိုင်း၊ အင်းဝ၊ ကုန်းဘောင်ခေတ် ပထမပိုင်း နဲ့ ညောင်ရမ်းခေတ် အထိ ရှေးဟောင်းပစ္စည်း၊ ကျောက်စာ၊ နံရံဆေးရေးပန်းချီ၊ ပေစာ၊ ပုရပိုက်တွေမှာ မှတ်တမ်း မှတ်ရာ တစုံတခုကိုမှ မတွေ့ကြရပါ။

စာပေကျမ်းဂန်တွေထဲမှာ ‘တယော’ ဆိုတဲ့ ဝေါဟာရကို တွေ့ရတာက ကုန်းဘောင်ခေတ် ဒုတိယပိုင်း ဘကြီးတော်ဘုရား ခေါ် စစ်ကိုင်းမင်း လက်ထက်၊ မုံရွေးဆရာတော် (မြန်မာ သက္ကရာဇ် ၁၁၂၈-၁၁၉၆) ရေးခဲ့တဲ့ နာရဒပျို့ထဲမှာဖြစ်ပါတယ်။ မုံရွေးဆရာတော် က မြ၀တီမင်းကြီး ဦးစ နဲ့ ခေတ်ပြိုင်စာဆိုလည်းဖြစ်ပါတယ်။ တယောတူရိယာကို အငြိမ့် တူရိယာ ၆ မျိုး အနက် တမျိုးအဖြစ် ထည့်သွင်းထားပါတယ်။
မင်းတုန်းမင်းကြီးလက်ထက် (နန်းစံသက်၊ ခရစ် သက္ကရာဇ် ၁၈၅၂-၁၈၇၈) ရှေ့တော်ပြေး တီးဝိုင်းအဖွဲ့မှာ အဆို က ဦးပေ၊ စောင်း မောင်မောင်သိုက်၊ မိကျောင်း ကို မောင်မောင်ကြီး တို့က တီးကြတယ်။ နောက်ပိုင်းမှာ ဒေ၀ဣန္ဒာ မောင်မောင်ကြီး က မိကျောင်း အစား စောင်းကို ပြောင်းတီးတဲ့အခါ ကွမ်းဖိုးထိန်း ဦးမှို က တယော ထိုးတယ်လို့ အမှတ်အသားရှိပါတယ်။

၁၉၁၇ ခုနှစ် လင်းပင်မင်းသားကြီး အိန္ဒိယပြည်ကိုမသွားခင် သူစုဆောင်းထားတဲ့ တူရိယာတွေကို ပေးကမ်းခဲ့တုန်းက စောင်း၊ ညှင်း နဲ့ တယော တို့ပါဝင်ကြောင်းကို လူထုဒေါ်အမာရေးတဲ့ မြန်မာ့မဟာဂီတ စာအုပ်မှာ ဖတ်ရပါတယ်။ မြန်မာတယောကို တွင်တွင်ကျယ်ကျယ် သုံးနေဆဲ အချိန်ကာလ ဖြစ်လိမ့်မယ်လို့မှန်းဆနိုင်ပါတယ်။

တိုင်းတပါးသားတွေနဲ့ အတွေ့အထိ ဆက်ဆံရေးတွေ အထူး များပြားလာတဲ့ ကုန်းဘောင်ခေတ် ဒုတိယပိုင်း အချိန်မှာတော့ ကမာသုံးတယောကို မြန်မာတွေနဲ့ မိတ်ဆက်ထားပြီး ဖြစ်ပေလိမ့်မယ်။ အဲဒါကြောင့် မြန်မာတယော က ကမ္ဘာသုံး ဗိုင်အိုလင် ကို မွေးစားပြီး မြန်မာမှု ပြုထားတဲ့ တူရိယာဖြစ်လေရော့သလားလို့ စဉ်းစား ယူဆနိုင်စရာတွေ ရှိနေပါတယ်။
ကမ္ဘာ့နိုင်ငံအသီးသီးမှာ ကိုယ်ပိုင်ရိုးရာ တယောတွေရှိကြတယ်။ မြန်မာနိုင်ငံက တချို့လူမျိုးစုတွေမှာလည်း ဒီကနေ့အထိ ရိုးရာ တယော ကို သုံးနေကြဆဲပါ။ အာရှနိုင်ငံတွေနဲ့ မြန်မာပြည် ပတ်ဝန်းကျင် အိမ်နီးချင်းနိုင်ငံတွေရဲ့ ရိုးရာ တယောတွေက တခုနဲ့တခု နီးနီးကပ်ကပ် ဆင်တူနေတာကို တွေ့ရပါတယ်။

Erhu (တရုတ်ပြည်)

Saw u (ထိုင်းလင်း)

Rebab (ဂျားဗား/အင်ဒိုနီးရှား)

K’ny (ဗီယက်နမ်)

Tro (ခမာ/ကမ္ဘောဒီးယား)

Ravanhatta (အိန္ဒိယ)

Morin khuur (မွန်ဂိုလီယား)

အဲဒီ အိမ်နီးချင်း ရိုးရာ တယောတွေနဲ့ မြန်မာတယောကို နိုင်းယှဉ်ပြီးကြည့်လိုက်ရင် ကွဲပြား ခြားနားတာတွေကို တွေ့ရပြန်ပါတယ်။ အဲဒီ ရိုးရာ တယောတွေမှာ အများအားဖြင့် ကြိုးနှစ်ချောင်းသာ ပါလေ့ရှိပါတယ်။ ကြိုးနှစ်ချောင်းကလည်း တယောလက်တံအပေါ်မှာ ဖိနှိပ်ထားပြီး အသံကိုဖေါ်ကြတာမျိုး မဟုတ်ကြပါ။ ကြိုး သပ်သပ် အပ်ါမှာပဲ ဖိနှိပ်လို့ တီးကြရပါတယ်။

မြန်မာတယောကတော့ ကြိုးသုံးချောင်း ပါပါတယ်။ ကမBာသုံး တယောတွေလိုပဲ တယောလက်တံအပေါ်မှာ တယောကြိုးကို ဖိထားပြီးမှ တယောဘိုးတံ နဲ့ ပွတ်ဆွဲပြီး တီးရပါတယ်။ တယောထိုးတယ်လို့ခေါ်ကြပါတယ်။ အသံထွက်ပုံ သဘောမှာက ကမ္ဘာသုံး တယောတွေအတိုင်းပါပဲ။

ကမ္ဘာသုံး တယောတွေကို အရွယ်အစားအတိုင်း ငယ်စဉ် ကြီးလိုက် ဗိုင်အိုလင် (Violin)၊ ဗီယိုလာ (Viola)၊ ချယ်လို (Cello) နဲ့ ချယ်လို-ဘေ့ (Cello-Bass) ခေါ် ဘေ့ (Bass) ရယ်လို့ ၄ မျိုး ရှိပါတယ်။

ဗိုင်အိုလင် နဲ့ ဗီယိုလာ ကို မေးစေ့မှာညှပ်ပြီး ထိုးပါတယ်။ ချယ်လို နဲ့ ချယ်လို-ဘေ့ ကို တယော ထိပ်မှာတပ်ထားတဲ့ spike လို့ခေါ်တဲ့ ထောက်တိုင် အပေါ်မှာ ထောင်လိုက် ထောက်ထားပြီး ထိုးပါတယ်။

ချယ်လိုတယောကြီး နဲ့ ပညာရှင် ယိုယိုမား



ချယ်လို-ဘေ့ (Cello-Bass)

ချယ်လို (Cello)

အများသုံး ဗီယိုလာ တယောကို အနေအထား ကိုင်တွယ်ပုံ ပြောင်းလဲ တီထွင်ထားတဲ့ တယောတမျိုးကတော့ ထောင်လိုက် ဗီယိုလာ တယော (Vertical Viola) ဖြစ်ပါတယ်။ သမားရိုးကျ မေးစေ့နဲ့ညှပ်ပြီး ထိုးရတာမျိုးမဟုတ်ဘဲ ချယ်လို တယောကြီးလိုပဲ ထောက်တိုင် တပ်ထားပြီး ထောင်လိုက် ထိုးရပါတယ်။

ထောင်လိုက် ဗီယိုလာ
20 inches-vertical Viola (Tom Vohr)

အဲဒီ ထောင်လိုက် ဗီယိုလာ တယောက အရွယ်နည်းနည်း ပိုပြီးကြီးပေမယ်လို့ မြန်မာတယောနဲ့ ပုံသဏ္ဍန်ချင်းကလည်း ခပ်ဆင်ဆင်၊ ထောင်လိုက်ထားပြီး ထိုးပုံရကလည်း တူနေတယ်ဆိုတော့ နှိုင်းယှဉ်ကြည့်လိုက်ချင်ပါတယ်။ ကုလားထိုင်ပေါ်မှာ ထိုင်တာနဲ့ ကျမ်းပြင်ပေါ်မှာထိုင်တာပဲ ကွာခြားပါတယ်။ သဘောချင်းကတော့ ဆင်တူပါတယ်။

မြန်မာတယော ကို ဖန်တီးရာမှာ ဗိုင်အိုလင် နဲ့ ဗီယိုလာ တို့ ရဲ့ပုံသဏ္ဍန်ကို မှီငြမ်းပြုတယ်ပဲ ဆိုဦးတော့ ဆင်တူတယ်လို့သာ ပြောနိုင်ပါလိမ့်မယ်။ သေသေချာချာယှဉ်ပြီးကြည့်ရင် ကွဲပြား ခြားနားချက်တွေ အများအပြားတွေ့ရပါလိမ့်မယ်။

ဆက်လက်ဖော်ပြပါမည်။

Comments