talking about Skype



လူသုံး များလာတဲ့ Skype
စီထောင်း
စက်တင်ဘာ ၂၅၊ ၂၀၁၁

ဒေါ်စုနဲ့ စကိုက်
နိုင်ငံရေး၊ စီးပွားရေး ခေါင်းဆောင်တွေရဲ့ နယူးယောက်မြို့ အစည်းအဝေးကို ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဒေါ်အောင်းဆန်းစုကြည်လည်း တက်ရောက်ပါတယ်။

NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်မြို့ကနေ Skype အသုံးပြုပြီး အစည်းအဝေးလာသူတွေကို
တိုက်ရိုက် စကားပြောတာပါ။

ထိုင်းအစိုးရအကြိုက် စကိုက်
ဒီနေ့ အင်းလျားလိတ်ဟိုတယ်မှာ ဖတ်ရတဲ့သတင်းတပုဒ်က အရမ်း စိတ်ဝင်စားဖို့ ကောင်းတယ်။
ပြည်ပရောက် ၀န်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်က Skype သုံးပြီး ဘန်ကောက်မြို့က အစိုးရ၀န်ကြီးအဖွဲ့ကို လက်ချာ ပေးသတဲ့။ လွှတ်တော်မှာတော့ မဟုတ်ပါ။ သူ့နှမရဲ့ ပါတီ ဖုယာ့ထိုင်းပါတီ ဌာနချုပ်မှာပါ။ သူ့နှမ ယိင်းလပ်ရှင်နာဝပ်က လက်ရှိ ထိုင်းရဲ့နိုင်ငံ့ခေါင်းဆောင်။

ဒါပေမယ့် ဟိုတလောကမှ နိုင်ငံရေးရေကန်ထဲခုန်ချပြီး အကောင် ဖြစ်လာတာကြောင့် သူ့ကိုကိုကြီး ဆယ်ပြားစေ့က အဝေးကနေ ဂိုက်လိုင်းချပေးနေရတာပေါ့။ နှမကိုသာမက နှမရဲ့ ၀န်ကြီးများကိုလည်း လက်ချာပေးတဲ့နေရာမှာ Skype ကို သုံးနေကြတာပါ။

ဆယ်ပြားစေ့မျက်နှာပိုင်ရှင် သက်ဆင်က skype သုံးပြီး ထိုင်းအစိုးရလူကြီးများကို အကြံပေးပါတယ်

စကိုက် ဘာလဲ
"Skype ဆိုသည်မှာ နိုင်ငံတကာသို့ တယ်လီဖုန်းပြောဆိုနိုင်သည့် အင်တာနက် စာမျက်နှာဖြစ်သည်" ဆိုပါတော့။ အသုံးပြုသူတွေက ကွန်ပျူတာမှာ webcam တပ်ထားရင် တဘက်နဲ့ တဘက် မြင်တွေ့နိုင်ပါတယ်။
ရုပ်မြင်သံကြား အစည်းအဝေးလုပ်မလား၊ တယ်လီဖုန်းထဲ ထည့်သုံးမလား၊ ဒီနေ့အထိ နိုင်ငံတကာမှာ စကိုက် အကောင့်ဖွင့်ထားသူပေါင်း သန်း ၉၀၀ ကျော်သွားပါပြီ။ ပြီးခဲ့တဲ့ ဇူလိုင်မှာတော့
Facebook နဲ့ ပေါင်းပြီး ဗီဒီယိုချက် အစီအစဉ်ကို ဖန်တီးပါတယ်။ ဟီးဟီး - မြင်းကို ဂျိုတပ်ပေးသလို ဖြစ်တော့မှာပဲ။
http://www.facebook.com/videocalling မှာ
သုံးပေတော့။
ဈေးပေါတယ်
ပြည်ပရောက်သူတွေ မြန်မာပြည်ကို ဖုန်းဆက်ရင် ဖုန်းကတ်တွေ သုံးကြတာမို့ အရမ်း အရမ်း ငွေကုန်ခဲ့ကြတယ်။ အင်တာနက်ယဉ်ကျေးမှု ထွန်းကားလာတော့ skype သုံးပြီး ဖုန်းခေါ်ရင် အရမ်း အရမ်း ဈေးသက်သာကြောင်း ရှာဖွေတွေ့ရှိလာကြတယ်။
နိုင်ငံတကာမှာ စုစုပေါင်း ဆရာ ဆရာမ တသောင်းခွဲက skype သုံးပြီး စာသင်ပေးနေတယ်လို့ ကြာသပတေးနေ့ထုတ် သတင်းတပုဒ်မှာ ဖတ်ရပါတယ်။ ဆရာမက ကျနော်တို့ရန်ကုန်မှာ ဆိုပါတော့၊ သူ့တပည့် ဆယ်ယောက်က တိုကျိုမှာ ဖြစ်ချင် ဖြစ်နိုင်တယ်။ ဒါမှ မဟုတ် တခြားနိုင်ငံမျိုးစုံကလည်း ဖြစ်နိုင်တယ်။
မြန်မာတိုင်းမ် ဂျာနယ်မှာ ဖော်ပြခဲ့ဖူးတဲ့ အိန္ဒိယက skype သုံးတဲ့ ဆရာတယောက်အကြောင်း ဒီမှာ http://www.myanmar.mmtimes.com/2011/tech/514/tech01.html ဖတ်ပါ။
ဆက်သွယ်ရေးဌာနကို လာဘ်ပိတ်စေတဲ့ စကိုက်
ဈေးသက်သာပြီး ရုပ်မြင်ရလို့ မြန်မာပြည်မှာ တွင်တွင် သုံးလာကြပါတယ်။ ဒီတော့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ၀င်ငွေပင် ထိခိုက်လာတယ် တဲ့။ ဒါကြောင့် မြန်မာပြည်တွင် Skype အသုံးပြုမှုကို တားမြစ်ကြောင်း ဆိုတဲ့ ကြေညာချက် နှစ်ဆန်းပိုင်းမှာ ထွက်လာပါတယ်။


နိုင်ငံစုံရောက်နေတဲ့သူတွေ skype သုံးပြီး မိသားစုနဲ့ စကားပြောတာ အကုန်အကျသက်သာတယ် တဲ့
အသံထွက်
စကိုက် လို့ အသံထွက်ကြပါတယ်။ ဘိုဆန်ချင်ရင်တော့ အသံထွက်ပြီးရင် ပါးစပ်ပိတ်လိုက်ပါ။ စကိုက်ပ်။
စကိုင်းပီ လို့ အသံထွက်သူလည်း ရှိပါတယ်။ သူ့ကိုလည်း မှားတယ်လို့ မဆိုချင်ပါ။ 7up ကို ဆဲဗင်းယူပီ လို့ အသံထွက်သလိုပေါ့။

ခက်သလား
ခက်ပါဘူးလေ။ သုံးရင်းနဲ့ ကျွမ်းကျင်အဆင့် ရောက်သွားမှာပါ။
ပညာရေးဝက်ဆိုက်တခုမှာတော့ ဆရာ ဆရာမတို့ရဲ့ အောင်မြင်ရေးသော့ချက် ၂၀ ထဲမှာ Skype သုံးပါ ဆိုတာကို တွေ့ရတယ်။
Skype ကို ချက်တင်လုပ်ဖို့ မသုံးလေနှင့်၊ ကမ္ဘာအနှံ့က ပညာရေးဆိုင်ရာပုဂိုလ်များနဲ့ ချိတ်ဆက်ဖို့ သုံးပါလို့ အကြံပြုထားတယ်။ စာသင်ခန်းထဲမှာ အကြံကောင်းဥာဏ်ကောင်းတွေရနိုင်မယ် တဲ့။ ဘယ်လိုရနိုင်မလဲတော့ ပြောမထားပါ။ (အောင်မြင်သောဆရာသမားဖြစ်ရေး သော့ချက်တွေထဲမှာ အင်တာနက်နဲ့ဆိုင်တာတွေထဲက ၄ ခု ကို ပြောရရင် -တွစ်တာသုံး၊ တွစ်တာထဲမှာချက်တင်ဝင်၊ ကိုယ့်အကြောင်း ဘလော့ရေး၊ ကျောင်းသားတွေနဲ့ ဘလော့ရေး ဆိုပဲ။ အင်တာနက်မရှိရင် ဆရာကောင်း မဖြစ်တော့မယ့်ပုံပဲ။)

ဘာကြောင့် တိုးတက်

အင်တာနက်မှာ eBay, Facebook, Microsoft, CNN စသဖြင့် စသဖြင့်တို့နဲ့ ပူးပေါင်း လုပ်ဆောင်မှုတွေ ဟောတခု ဟောတခုလုပ်ရင်း မောင်မင်းကြီးသား (မယ်မင်းကြီးမ?) skype က ထောင်တက်သွားတာပါ။ Google လိုပဲ ဘာသာမျိုးစုံနဲ့ သုံးရလွယ်အောင် လုပ်ထားတာမို့ နိုင်ငံတကာထိုးဖောက်ရ အင်မတန် အဆင်ပြေပါတယ်။

မြန်မာဘာသာနဲ့ သုံးလို့ ရသလား
မရသေးပါ။ ဇော်ဂျီဝမ်း သူယောင်မယ်ဝမ်း ဆိုတာတွေကို ကမ္ဘာကြီးက အသိအမှတ်မပြုတော့ skype ကလည်း အသိအမှတ် မပြုပါ။ ဒီတော့ ကျုပ်တို့က ဘိုလိုပဲ ဖတ်ပေါ့။

သို့သော် - ၀မ်းသာစရာ တခုက Gtalk မှာလိုပဲ မြန်မာဘာသာနဲ့ ချက်တင် လုပ်လို့ ရပါတယ်။ ဖောင့်တော့ ပြောင်းရမယ်။ လူသုံးများတဲ့ ဇော်ဂျီနဲ့ ချက်တင် လုပ်မယ်ဆိုရင်
1/ Tools ကိုနှိပ်။ Options ကိုနှိပ်။
2/ IM & SMS ကို ရှာပြီးနှိပ်။
3/ IM appearance ဆိုတဲ့ အ၀ါရောင် smile လေးကိုနှိပ်။
4/ change font ကိုနှိပ်။ Zawgyi one ကို ရွေး။ font size ကို 11 လောက်ထားရင် အတော်ပဲ။
5/ Save ကို နှိပ်။
ဒါဆိုရင် Gtalk လိုပဲ ဇော်ဂျီနဲ့ လျှောက်ရေးလို့ ရပါပြီ။

သတင်းဌာနများလည်း သိပ်ကြိုက် ဆိုပဲ
သတင်းသမားတွေက skype ကနေ ဖုန်းဆက်အင်တာဗျူးရင် ကွန်ပျူတာကနေ အသံဖမ်းလိုက်ရုံပဲ။ (အသံဖမ်းမယ့် ပရိုဂရမ်တော့ သွင်းထားရမယ်)
နိုင်ငံတကာ ရုပ်သံဌာန ကြီးကြီးငယ်ငယ်တို့က skype ကြောင့် ဟန်ကျနေကြပြီ။ ခါတိုင်းဆို သူတို့ဗျူးချင်သူကို ရုပ်သံရိုက်ဖို့ဆိုရင် အဲဒီလူကို စတူဒီယိုခန်းထဲ ခေါ်ရတယ်၊ ဒါမှမဟုတ် သူ့ဆီကို ကင်မရာသမား လွှတ်ရတယ်။ ကသီတယ်။ ခုတော့ သူတို့ဗျူးချင်သူက skype သုံးတယ်ဆိုရင် အရမ်း အဆင်ပြေပြီပေါ့။ ကျွမ်းကျင်သူတွေ ပညာရှင်တွေ အကဲခတ်တွေထဲက တချို့ skype သုံးပြီး ပြောဆိုတာတွေကို ရုပ်သံမှာ တွေ့ရမှာပါ။

ဒေါ်အောင်ဆန်းစုကြည်လည်း skype သုံးနေပြီဆိုတော့ ပြည်ပကနေ လှမ်းပြီး ဗျူးဖို့ ကြိုးစားကြမယ် ထင်ပါရဲ့။ အင်တာနက်နှေးလို့ အရုပ်အသံ ပြတ်တောက်ပြတ်တောက်ဖြစ်တာတွေကိုတော့ သည်းခံပေါ့ခင်ဗျာ။


Comments