U Myint invited Daw Suu to join the economic forum in NPD

စီးပွားရေးဆိုင်ရာဆွေးနွေးပွဲ ဒေါ်အောင်ဆန်းစုကြည် တက်ရန် ဦးမြင့် ဖိတ်ကြားခဲ့
မိုးမခအထောက်တော် အမှတ် ၀၀၂
သြဂုတ် ၂၀၊ ၂၀၁၁

နေပြည်တော်တွင် တွေ့ရသည့် ဦးမြင့် နှင့် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ-AP)

ဦးသိန်းစိန်အစိုးရက ကြီးမှူးကျင်းပသည့် စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲကို တက်ရောက်ရခြင်းမှာ စီးပွားရေးပညာရှင် ဦးမြင့်က ဖိတ်ကြားသောကြောင့် ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ပြောလိုက်သည်ဟု 7Day သတင်းဂျာနယ်၏ သတင်းတပုဒ်တွင် ဖော်ပြထားသည်။

ဦးမြင့်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် သိကျွမ်းသူတဦး ဖြစ်သည့်အပြင် သမတဦးသိန်းစိန်၏ စီးပွားရေးဆိုင်ရာ အကြံပေးအရာရှိလည်း ဖြစ်သည်။

နေပြည်တော်တွင် ရောက်ရှိစဉ် ဒေါ်အောင်ဆန်းစုကြည်သည် ယမန်နေ့က သမ္မတဦးသိန်းစိန်နှင့် ၂ ကြိမ် တွေ့ဆုံခဲ့ပြီး ယနေ့ နံနက်ပိုင်းကလည်း စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲသို့ ခေတ္တ တက်ရောက်ခဲ့သည်။

"ဦးသိန်းစိန်နဲ့တွေ့ရတာ ၀မ်းသာပါတယ်။ ကျေနပ်ပါတယ်။ အခု အလုပ်ရုံဆွေးနွေးပွဲကလည်း ဦးမြင့်ဖိတ်လို့ လာခဲ့တာပါ။ ကျေနပ်အားရပါတယ်"ဟု နေပြည်တော်တွင် သတင်းထောက်များကို ပြောကြားလိုက်သည်ဟု 7Day ဂျာနယ်သတင်းတွင် တွေ့ရသည်။

"မနေ့က ခေါင်းမူးနေလို့ နေပြည်တော်ကို သေချာမကြည့်လိုက်ရဘူး။ အခု မပြန်ခင်မှ လိုက်ကြည့်ရမယ်"ဟု ဆိုသည်။

ဆွေးနွေးပွဲ တက်ရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်သို့ ပြန်သွားခဲ့သည်ဟု သိရသည်။

ယမန်နေ့က သမ္မတဦးသိန်းစိန်နှင့်ဒေါ်စုတို့ တွေ့ဆုံပုံကို အစိုးရမီဒီယာများတွင်လည်း ဖော်ပြခဲ့သည်။

သူတို့ နှစ်ဦး၏ တနာရီကြာဆွေးနွေးပွဲနှင့် ပတ်သက်ပြီး "မတူကွဲပြားသော သဘောထားအမြင်များ ဘေးဖယ်ထားပြီး နိုင်ငံနှင့် ပြည်သူလူထုအတွက် အမှန်တကယ်အကျိုးရှိစေမည့် ဘုံအကျိုးစီးပွားများတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများအား ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့သည်" ဟု ဖော်ပြထားသည်။

သူတို့နှစ်ဦး ဆွေးနွေးသည့်ရုံးခန်းအတွင်း ဗိုလ်ချုပ်အောင်ဆန်း၏ဓာတ်ပုံချိတ်ဆွဲထားခြင်းကို မှတ်တမ်းဓာတ်ပုံတွင် တွေ့မြင် သတိပြုမိသူတိုင်းက အံ့အားသင့်ခဲ့ကြသည်။
ဗိုလ်ချုပ်အောင်ဆန်း၏ပုံသည် မြန်မာနိုင်ငံတွင် နှစ်ပေါင်းများစွာ ကန့်သတ်ထားသည့် ရုပ်ပုံဖြစ်သည်။ မကြာသေးမီနှစ်များအတွင်းကမှ ဗိုလ်ချုပ်အောင်ဆန်း၏ဓာတ်ပုံကို စာနယ်ဇင်းများတွင် ပိုမို ပွင့်လင်းစွာ ဖော်ပြနိုင်ခဲ့သည်။

အစိုးရ၏ ထူးခြားသော ခြေလှမ်းများကို မြန်မာ့နိုင်ငံရေးလောကသားများက အံ့သြတကြီး ကြိုဆိုခဲ့ကြပြီး နိုင်ငံရေးအကျဉ်းသားများပြန်လွှတ်ပေးခြင်းကဲ့သို့သော လုပ်ရပ်များကို မျှော်လင့်ကြောင်း ပြောဆိုခဲ့ကြသည်။

အစိုးရရင်ဆိုင်နေရသည့် အခက်အခဲများ ပြေလျော့စေရန် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပြခြင်းဖြစ်ပါက
"နာတာရှည်ရောဂါကို ခဏတာသက်သာရန် သုံးသည့် ဆေးမြီးတိုများသာ ဖြစ်နေမည်" ဟု Yangon Press International သတင်းအုပ်စု၏ သုံးသပ်ချက်ဆောင်းပါးတစောင်တွင် ယနေ့ ရေးသားထားသည်။

"အရပ်သားအစိုးရသစ်၊ အတိုက်အခံခေါင်းဆောင် နှင့် တိုင်းရင်းသားခေါင်းဆောင်များ တစ်စားပွဲတည်းထိုင်ကာ ဆွေးနွေးပွဲများ စတင်နိုင်မည်ဆိုလျှင်တော့ မြန်မာ့နိုင်ငံရေးသည် တကယ်ပင် စားပွဲဝိုင်းပေါ် ရောက်လာပြီဟုဆိုနိုင်မည်" ဟု ထိုဆောင်းပါးတွင် ရေးထားသည်။



ဒေါ်အောင်ဆန်းစုကြည်က အခမ်းအနားစတင်ချိန် နံနက် ၉ နာရီတွင် ရောက်ရှိလာကာ ခမ်းမအတွင်း ရှေ့ဆုံးခုံတန်းတွင် စီးပွားရေးပညာရှင်နှစ်ဦးဖြစ်သော ဒေါက်တာဦးမြင့်နှင့် ပါမောက္ခဒေါ်ရီရီမြင့်တို့ကြားတွင် နေရာယူကာ စာတမ်းနှစ်စောင်ဖတ်ကြားမှုကို နားထောင်ခဲ့သည်။ (ဓာတ်ပုံနှင့်စာသား 7Day ဂျာနယ်)

ခေတ္တနားချိန်တွင် ကော်ဖီ၊ မုန့်တို့ဖြင့် တည်ခင်းဧည့်ခံရာ ဒေါ်အောင်ဆန်းစုကြည်ကလည်း ထိပ်ဆုံး အထူးပုဂ္ဂိုလ်ဝိုင်းတွင် ပြည်ထောင်စုဝန်ကြီးအချို့နှင့်အတူ မိနစ် ၃၀ နီးပါးစကားဝိုင်းဖွဲ့ခဲ့ကြောင်း အစည်းအဝေးရောက်နေသော 7Day News သတင်းထောက်က သတင်းပေးပို့သည်။ (ဓာတ်ပုံနှင့်စာသား 7Day ဂျာနယ်)

"စက်မှု(၁)၊ (၂) ၀န်ကြီး ဦးစိုးသိန်း၊ မီးရထားဝန်ကြီး ဦးအောင်မင်း၊ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်၊ ဦးမြင့်၊ ပါမောက္ခဒေါ်ရီရီမြင့်နဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်ချုပ်သိန်းဌေးတို့တွေနဲ့ တစ်ဝိုင်းတည်းအတူထိုင်ပါတယ်။ ဗိုလ်ချုပ်သိန်းဌေးတစ်ယောက်ပဲ စစ်ဝတ်စုံနဲ့တွေ့ရပါတယ်။ သူတို့အားလုံး ရယ်လိုက်မောလိုက်နဲ့ တော်တော်ရင်းရင်းနှီးနှီးစကားပြောကြတာတွေ့ရတယ်။ စကားပြောပြီးဝိုင်းကထမှ တက်ရောက်လာကြတဲ့ လုပ်ငန်းရှင်တွေက ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ဓာတ်ပုံတွဲရိုက်ကြတယ်။ ပညာရှင်အချို့လည်း ပါ ပါတယ်။ ဦးဇော်ဇော်တို့ ဦးဝင်းအောင် တို့ကိုလည်း တွေ့ရတယ်"ဟု ဆွေးနွေးပွဲပထမပိုင်းအပြီး ခေတ္တနားချိန်မြင်ကွင်းကို သတင်းထောက်က တယ်လီဖုန်းမှတစ်ဆင့် ပေးပို့ပြောကြားသည်။ (ဓာတ်ပုံနှင့်စာသား 7Day ဂျာနယ်)

ဒေါ်စု နှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်ချုပ်သိန်းဌေး (ဓာတ်ပုံ - getty images)

(ဓာတ်ပုံ - getty images)
(ဓာတ်ပုံ - AP)

(ဓာတ်ပုံ - AP)


(ဓာတ်ပုံ - getty images)

Comments