Tu Maung Nyo - Who set aside Regime 2008 Constitution ?

(၂၀၀၈) ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ဘေးဖယ်ထားနိုင်ကြမလား
တူမောင်ညို
သြဂုတ် ၂၄၊ ၂၀၁၁
သမ္မတဦးသိန်းစိန်၏ ပြည်ထောင်စုလွှတ်တော်မိန့်ခွန်း
လွှတ်တော်အစည်းအဝေးတွေစတင်တဲ့နေ့(သြဂုတ်၂၂)က သမ္မတ ဦးသိန်းစိန် ပြောတဲ့မိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံကြတဲ့ကိစ္စတွေကို ထည့်သွင်း ပြောကြားလေမလားဆိုတဲ့ ကျနော့်တိတ်တခိုးမျှော်လင့်ချက်ကလေးကြေမွသွားပါတယ်။
ပြည်ထောင်စုဝန်ကြီးဦးအောင်ကြည်နဲ့လည်း ၂ ခါတွေ့ဆုံခဲ့။ သမ္မတနဲ့လည်း ပူပူနွေးတွေ့ဆုံခဲ့၊ နေပြည်တော်မှာကျင်းပတဲ့ အလုပ်ရုံဆွေးနွေးပွဲလည်းတက်ရောက်ခဲ့လေတော့ ဆိုတဲ့အချက်တွေနဲ့ မျှော်လင့်ခဲ့မိတာပါ။
 ဒီတော့ နောက်ထပ်တမျိုးပြောင်းပြီး မျှော်လင့်မိပြန်ပါတယ်။
 လွှတ်တော်ကိုယ်စားလှယ်တွေမေးကြမယ့် “ကြယ်ပွင့်ပြမေးခွန်း”တွေမှာ ဒီကိစ္စကြားရနိုင်သေးတယ် ဆိုတဲ့မျှော်လင့်ချက်ပဲ ဖြစ်ပါတယ်။ ဒီကိစ္စက လွှတ်တော်မှာ မေးသင့်မေးထိုက်တဲ့ကိစ္စတစ်ခုမဟုတ်လား။
ဦးသိန်းစိန်က  သူ့မိန့်ခွန်းထဲမှာ အခုလိုပြောသွားပါတယ်။
“ကျွန်တော့်အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပြည်ထောင်စုလွှတ်တော်ကအပ်နှင်းထားတဲ့ နိုင်ငံတော်သမ္မတရဲ့တာဝန်နဲ့ လုပ်ပိုင်ခွင့်များကို ထိရောက်မှန်ကန်စွာကျင့်သုံးပြီး အမျိုးသားအကျိုးစီးပွားကို အလေးအနက်ထားဆောင်ရွက်လျက်ရှိပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံနိုင်ကြသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကိုလည်း နိုင်ငံတော်နဲ့ တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံးရဲ့ အကျိုးစီးပွားကိုရှေ့ရှုပြီး ငြိမ်းချမ်းရေးတံခါးကိုဖွင့်လှစ်ကာ ကျွန်တော်တို့ရဲ့မှန်ကန်တဲ့ စေတနာကို ထုတ်ဖေါ်ပြသ ဆောင်ရွက်လျက်ရှိပါတယ်”
“အလားတူပဲ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံနိုင်ကြသေးတဲ့ ပြည်တွင်းနိုင်ငံရေးအင်အားစုများကိုလည်း သဘောထား အမြင်ကွဲလွဲမှုကြောင့်ဖြစ်ပေါ်နေခဲ့တဲ့ ပဋိပက္ခတွေလျော့ပါးအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်” တဲ့။

-      ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံနိုင်ကြသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ
-      ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံနိုင်ကြသေးတဲ့ ပြည်တွင်းနိုင်ငံရေးအင်အားစုများ

သမ္မတ ဦးသိန်းစိန်နဲ့ဒေါ်အောင်ဆန်းစုကြည်တို့ (သြဂုတ်၁၉ ရက်)နေ့ “တွေ့ဆုံမှု”ကို မြန်မာ့အလင်းသတင်းစာမှာ အခုလို ဖေါ်ပြခဲ့ပါတယ်။
“နိုင်ငံတော်သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် မတူကွဲပြားသည့်အမြင်များကို ဘေးဖယ်ထားပြီး နိုင်ငံနှင့်ပြည်သူ လူထုအတွက် အမှန်တကယ်အကျိုးရှိစေမည့် ဘုံအကျိုးစီးပွားများတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများအား ရင်းနှီး ပွင့်လင်းစွာဆွေးနွေးခဲ့ကြောင်း” တဲ့။
ဒီနေရာမှာ အထက်ပါစာပိုဒ်ထဲက “နိုင်ငံတော်သမ္မတနှင့်ဒေါ်အောင်ဆန်းစုကြည်တို့သည် မတူကွဲပြားသည့်အမြင်များကို ဘေးဖယ်ထားပြီး” ဆိုတဲ့ အပိုင်းကိုပဲ ကွက်ပြီးကြည့်ကြရအောင်။
မတူကွဲပြားသည့်အမြင်များ ဆိုတာ ဘာတွေဖြစ်မလဲ။
မတူကွဲပြားတဲ့အမြင်ဆိုတာ မတူကွဲပြားတဲ့ အခြေခံ(ရပ်တည်ချက်)တွေကို ကိုယ်စားပြုနေတာပါ။ ထင်ဟပ်ဖေါ်ပြနေတာ ဖြစ်ပါတယ်။
သမ္မတ ဦးသိန်းစိန် ကသူ့မိန့်ခွန်းထဲမှာ “ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံနိုင်ကြသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ/ ပြည်တွင်းနိုင်ငံရေးအင်အားစုများ” လို့ တိတိလင်းလင်းဖေါ်ညွှန်းသွားပါတယ်။
(၂၀၀၈)ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံနိုင်တဲ့အချက်ဟာ အခြေခံကျတဲ့ မတူကွဲပြားမှုတစ်ခုပင်မဟုတ်ပါလား။
 ဒီလိုအရင်းခံကျတဲ့ မတူကွဲပြားမှုကို အားလုံးက(ဦးသိန်းစိန်အစိုးရ၊ NLD နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ)  ဘေးဖယ်ထားနိုင်ပါ့မလား။
ပြည်ထောင်စုလွှတ်တော်မှာ သမ္မတဦးသိန်းစိန်က သူ့မိန့်ခွန်းနိဒါန်း ကို “၂၀၀၈ ခုနှစ်၊ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ”ဆိုတဲ့ စကားပိုဒ်နဲ့စတင်ပါတယ်။ သူ့မိန့်ခွန်းမှာ “ဖွဲ့စည်းပုံအခြေခံဥပဒေ” ဆိုတဲ့ စကားလုံးချည်း အကြိမ် (၂၀) တိတိ ပါဝင်ပါတယ်။ 


အမျိုးသားဒီမိုကရေစီအဖွဲ့ (NLD) ၏  ကြေညာချက် (၁၅/၀၈/၁၁)
 သြဂုတ်လ၂၂ ရက်နေ့စွဲဖြင့် ထုတ်ပြန်သော အမျိုးသားဒီမိုကရေစီအဖွဲ့ (NLD) ၏ ကြေညာချက်(၁၅/၀၈/၁၁)ကို ဖတ်ရပါ တယ်။ သြဂုတ်လ၁၅ ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ (NLD)၏ ကြေညာချက်(၁၄/၀၈/၁၁) ကဲ့သို့ပင် ဖြစ်ပါတယ်။
 “ကြေညာချက်”က ထုတ်ဖေါ်လိုသည့် ပထမဆုံးအချက်မှာ ဒေါ်အောင်ဆန်းစုကြည်ဆောင်ရွက်ခဲ့သည်များကို အမျိုးသား ဒီမိုကရေစီအဖွဲ့ (NLD) ဗဟိုအလုပ်အမှုဆောင်အဖွဲ့က“သဘောတူကြိုဆိုထောက်ခံပါကြောင်း” ဆိုသည့်အချက်ပင်ဖြစ်ပါတယ်။
ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်၏ လက်ရှိဆောင်ရွက်ချက်များသည် စိုးရိမ်နေကြသလိုတစ်ကိုယ်တော်ဆောင်ရွက်ချက် မဟုတ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဗဟိုအလုပ်အမှုဆောင်အဖွဲ့က သိရှိပြီး/ တိုင်ပင်ဆောင်ရွက်နေခြင်းဖြစ်တယ် ဟူသော အချက်ကို ပေါ်လွင်စေလိုသည့်ဆန္ဒလည်းရှိပုံရပါတယ်။
တွေ့ဆုံခဲ့သည့်ဖြစ်ရပ်များအပေါ် “ဝမ်းမြောက်အားရမှုနဲ့ ကျေနပ်ဝမ်းသာမှု” ရှိတယ်လို့ ကြေညာချက်က ဖေါ်ပြပါတယ်။
“အဘယ့်ကြောင့်” ယင်းသို့ “ဝမ်းမြောက်အားရမှုနဲ့ ကျေနပ်ဝမ်းသာမှု”များဖြစ်ရတာကို ပါတီဝင်များ၊ မဟာမိတ်များ၊ ပြည်သူ များထံသို့လည်း မျှဝေသင့်သည်မဟုတ်ပါလော။ အသိပေးသင့်သည်မဟုတ်လော။ အစီရင်ခံသင့်သည်မဟုတ်ပါလော။
သို့မှသာ ပါတီဝင်များ၊ မဟာမိတ်များ၊ ပြည်သူများရှင်းလင်းစွာနားလည်သိရှိပြီး တက်တက်ကြွကြွဝန်းရံနိုင်မှာဖြစ်ပါတယ်။  
၂၀၀၉ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော “ရွှေဂုံတိုင်ကြေညာစာတမ်း”တွင် ဖေါ်ပြထားတဲ့ “အဖွဲ့ချုပ်၏ ရပ်တည်ချက်များ” မှ အချက် ၃ ခုကိုသာ ကွက်ပြီး အမှတ်တရ ပြန်လည်ဖေါ်ပြရပါလျှင် -

(က)  ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိလွှတ်ပေးရေး၊
(ခ) ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)  ပြန်လည်သုံးသပ်ပြင်ဆင်ရေး၊  
(ဃ) ၁၉၉၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုရေး၊
တို့ဖြစ်ပါတယ်။
          သို့သော်လည်း NLDပြောခွင့်ရပုဂ္ဂိုလ်များ၏ လက်သုံးစကားမှာ“ အသေးစိတ်အချက်အလက်များ ယခုအချိန်မှာ မပြောနိုင် သေးပါ” တဲ့။          ။

Comments