Wednesday, August 31, 2011

Kyaw Thu – 30th Anniversary of Kyaw Thu & Myint Myint Khin Pe

စည်းခြားမရနိုင်တဲ့ သူနှစ်ယောက်
ကျော်သူ
စက်တင်ဘာ ၁၊ ၂၀၁၁

ကမ္ဘာမြေပြင်သို့ ရောက်လာခဲ့ပြီးသည့်နောက် အမျိုးမျိုးအဖုံဖုံ ဝေဖန်ရှုံ့ချ ကဲ့ရဲ့ပြစ်တင် တိုက်ခိုက်ထိုးနှက်ခြင်း လောကဓံတွေအကြား လူးလိမ်ရုန်းကန် လောင်မြိုက်ခြင်းတည်း ဟူသော သောကပင်လယ်အကြား မှတ်ကျောက်အတင်ခံပြီး ကျောခြင်းကပ် ရင်ခြင်းအပ် ကြံ့ကြံ့ခံကာ လူသားတို့အတွက် လူပီသစွာ မေတ္တာတရားကို လက်ကိုင်ပြုပြီး သီလလုံစွာ ပေးဆပ်ခဲ့သော သူမနှင့် ကျွန်တော်တို့ ဖြတ်သန်းခဲ့သော နှစ်ပေါင်း ၃၀ တိတိနေ့ (သို့) ပုလဲရတုနေ့မြတ်ကို ၃၁. ၈. ၂၀၁၁ ဗုဒ္ဓဟူးနေ့ နံနက် ၁၀း၀၀ နာရီအချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)၌ ကျင်းပပြု လုပ်ခဲ့သည်။


 
 
 
  ယင်း ပုလဲရတုနေ့မြတ်တွင် ကျွန်တော်တို့နှင့် လက်တွဲဖော်လက်တွဲဖက်၊ ရဲဘော်ရဲဖက်များ၊ စာပေ၊ ဂီတ၊ ရုပ်ရှင်၊ ပန်းချီ အပေါင်းအသင်း မိတ်ဆွေများ၊ အသင်းသူ/သားများ၊ ဝန်ထမ်းများ၊ မိဘဖြစ်သူ ဦးစိန်တင်+ဒေါ်မြသန်းနှင့် ဆွေမျိုးသားချင်းများ စုံညီစွာ တက်ရောက်အားပေးကြသည်။ OK ရှမ်းအိုးစည် တီးဝိုင်းအဖွဲ့မှလည်း မေတ္တာဖြင့် လာရောက်တီးခတ်ဖျော်ဖြေကာ သီးစုံ ထောပတ်ထမင်း၊ ကြက်သားဟင်း၊ ချဉ်ပေါင်ဟင်းချိုနှင့် ရေခဲမုန့်တို့ဖြင့် ဧည့်ခံကျွေးမွေးခဲ့သည်။

 
 
 
 
 
 

မင်္ဂလာနေ့မြတ် အထိမ်းအမှတ်အဖြစ် အသည်းပုံကိတ်မုန့်၊ ပုလဲလုံးလေးများ စီရီထားသော ကိတ်မုန့်တို့ဖြင့် ဧည့်ခံကျွေးမွေးခဲ့သည်။ ကျော်သူ+ရွှေဇီးကွက်တို့၏ ရဲဘော်ရဲဖက်၊ မိတ်ဆွေတချို့၏ ပုလဲရတုနေ့မြတ်အဖြစ် ဂုဏ်ပြုရေးသားထားသော ကဗျာ၊ စာသားတချို့ဖြင့် အမှတ်တရများ ရေးသားပေးခဲ့ကြသည်။

 
 
  

 
 

 
 
ထို့အပြင် ကြွရောက်လာကြသော အနုပညာရှင်များဖြစ်သော ဦးဝင်းငြိမ်း၊ ဦးရဲလွင်၊ ကိုနေဝင်း၊ အနဂ္ဂ၊ သံသာဝင်း၊ မေခလာ၊ မင်းထင်ကိုကိုကြီး၊ မင်းလူ၊ မောင်စိန်ဝင်း (ပုတီးကုန်း)၊ မသီတာ (စမ်းချောင်း)၊ ကိုမျိုး (မြန်မာစာ)၊ ကိုမြတ်ဆွေ၊ မိုက်တီးတို့မှ နှုတ်ခွန်းဆက် မင်္ဂလာစကားများကို ပြောကြားပေးခဲ့သည်။

ယင်းအခမ်းအနားတွင် အသည်းပုံကိတ်မုန့်ကိုလှီး၍ မည်သူက ပို၍ချစ်ကြောင်းပြသရန် ဆရာမ ဒေါ်သန်းမြင့်အောင်မှ တောင်းဆိုမှုကြောင့် ကိုကျော်သူသည် အသည်းပုံကိတ်မုန့်ကို မလှီးရက်ကြောင်း ပြောဆိုကာ ရွှေဇီးကွက်၏ ပါးပြင်အား အနမ်းဖြင့် မည်မျှချစ်ကြောင်း သက်သေပြလိုက်သည့်အတွက် ပရိသတ်များ ပွဲကျကာ လက်ခုပ်လက်ဝါးများ တီးခတ်၍ သြဘာပေးခဲ့ကြသည်။

 
 
 
ဧည့်ပရိသတ်များ နှုတ်ခွန်းဆက်၍ ပြန်လည်ထွက်ခွာသွားချိန်တွင် ဦးရဲလွင် (မဇ္ဈိမလှိုင်း)၏ ဂုဏ်ပြုသီဆိုပေးထားသော “စည်းခြားမရနိုင်သူ” သီချင်းအား ကျော်သူ+ရွှေဇီးကွက်တို့ ငယ်စဉ်သမီး ရည်းစားဘဝမှ ယခုအချိန်ထိ အနှစ် ၃၀ ဖြတ်သန်းခဲ့သော ပုံရိပ်လွှာများဖြင့် ဖော်ကျူးထားသော DVD အချပ်အား လက်ဆောင် အဖြစ်၎င်း၊ အနှစ် ၃၀ ပြည့် အထိမ်းအမှတ် ထုတ်ထားသော T-Shirt အင်္ကျီအား အမှတ်တရအဖြစ် ပြန်လည်၍ ပေးအပ်ပါသည်။

နေ့လည်ပိုင်းတွင် အသင်းသူ/သားများနှင့် ဝန်ထမ်းများအား ဦးကျော်သူမှ ပန်းပေါင်းစုံ မြတ်စွာဘုရား ၃ ဆူအား မဲဖောက်၍ ကုသိုလ်ပြုခဲ့ကာ ပုလဲလုံးလေးများ စီရီထားသောကိတ်မုန့်အား အသင်းသူ/သားများအား ကျွေးမွေးကာ အနှစ် ၃၀ ပြည့် ပုလဲရတု အမှတ်တရအဖြစ် စုပေါင်း၍ မှတ်တမ်းဓာတ်ပုံကို ပျော်ရွှင်စွာရိုက်ကူး၍ အခမ်းအနားအား အဆုံးသတ်ခဲ့ပါသည်။

1 comments:

Mo said...

I'm really happy to see such kinds of photos and really proud of you, U Kyaw Thu,having such a supportive wife through thick and thin.