Ashin Pyinnyar Nanda - What is "ThanGa Haha Nayaka"

သံဃမဟာနာယက ဆိုတာ ဘာလဲ
အရှင်ပညာနန္ဒ
ဇူလိုင် ၇၊ ၂၀၁၁
အခုတလောအချိန်မှာ တိုက်တိုက်ဆိုင်ဆိုင်ပဲ မြန်မာပြည် စစ်အာဏာပိုင်တွေရဲ့ စစ်အာဏာရှင်တွေရဲ့ အသုံးချခံဖြစ်တဲ့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကြီးအကြောင်း မေးကြ ပြောကြတာတွေကို စုစည်းပြီး တင်ပြပေးချင်လို့ ဒီစာကို ရေးလိုက်ပါတယ်။
၂၀၀၈ခုနှစ် သံဃမဟာနာယကအဖွဲ့ (၄) လပတ် အစည်းအဝေးတခုမှာ အချို့ရဟန်း သာမဏေများသည် သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်၏ ကြီးကြပ်မှုကို မခံယူသည့် တရားမ၀င် သံဃာ့အဖွဲ့အစည်းများ ဖွဲ့စည်းဆောင်ရွက်နေသည်လို့ လျောက်ထားဘူးတယ်လို့ မှတ်သားဖူးပါတယ်။

သံဃမဟာနာယကအဖွဲ့ကြီးကို မဆလ တပါတီအာဏာရှင် ဦးနေ၀င်းရဲ့ စီစဉ်ဆောင်၇ွက်မှုနဲ့ ၁၃၄၂ခုနှစ် နယုန်လ ( ၁၉၈၀ ပြည့်နှစ် မေလ) မှာဂိုဏ်ပေါင်းစုံက သံဃာတော် (၁၂၀၀) ကိုပင့်ဖိတ်ပြီး  ရန်ကုန်မြို့  ကမ္ဘာအေးကုန်းမြေ မဟာပါသာဏလှိုင်ဂူကြီးအတွင်းမှာ စတင်ဖွဲ့ စည်းခဲ့တာပါ။
သံဃာ့ကိုယ်စားလှယ် ၁၂၀၀ ထဲမှ နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင်ဆရာတော် အပါး (၃၀၀) ကို ရွေးချယ်ခဲ့ပါတယ်။ အဲဒီအထဲကမှ သံဃမဟာနာယက ဆရာတော် (၃၃) ပါး (နောက်ပိုင်း (၄၇) ပါး) ကို ထပ်မံရွေးချယ်ခဲ့ပြီး ရန်ကုန်မြို့ မှာ ရုံးထိုင်စေခဲ့တာပါ။ အဖွဲ့ရဲ့ ရည်ချက်ကတော့ သာသနာတော်သန့်ရှင်းတည်တံ့ ပြန်ပွားရေး ဆောင်ရွက်ဘို့ ပါ။
သံဃနာယကအဖွဲ့ စတင်ဖွဲ့စည်းစဉ်က ထင်ရှားတဲ့ မန္တလေးက စာသင်တိုက်ကြီးအချို့က ဆရာတော်ကြီးတွေက သဘောမကျခဲ့တာ အမှန်ပါ။ သံဃနာယက ဖွဲ့စည်းပြီးရင် စစ်အစိုးရက သံဃနာယကအဖွဲ့ကို အသုံးချပြီး သံဃာတော်တွေကိုဖိနှိပ်လာလိမ့်မယ်ဆိုတာ မြင်တော်မူပါတယ်။ သာသနာရေးဌာနကအကောင်ကြီးကြီးတွေကိုယ်တိုင် ဆရာတော်ကြီးတွေထံ ချဉ်းကပ်ပြီး သံဃနာယကအဖွဲ့အစည်းထဲဝင်ဖို့ စည်းရုံးဖူးပါတယ်။ ဆရာတော်ကြီးတွေက လက်မခံဘဲ သံဃနာယကအဖွဲ့နဲ့ ကင်းကင်းနေပြီး စာသင်စာချအလုပ်တွေကိုပဲ ကြိုးစားလုပ်ဆောင်နေခဲ့ကြပါတယ်။ အဲဒီလိုဆရာတော်ကြီးတွေကို နှစ်စဉ်ဆက်ကပ်နေကြ အဂ္ဂမဟာပဏ္ဍိတဘွဲ့တော်နဲ့ အဘိဓဇဘွဲ့တော် ရနိုင်တဲ့အရည်အချင်းတွေရှိပေမယ့် မပေးပဲ အာဏာပိုင်တွေက ချောင်ထိုးထားခဲ့ပါတယ်။ ဆရာတော်ကြီးတွေကတော့ အာဏာရှင်တွေနဲ့ မပတ်သက်ချင်လို့ ဘွဲ့တံဆိပ် မဆက်ကပ်လေကြိုက်လေပါ။
ခုဆိုရင် သံဃနာယအဖွဲ့  ဖွဲ့တာ (၃၂) နှစ်ရှိပါပြီ။ (၃၂)တာ ကာလအတွင်း ဘာတွေဆောင်ရွက်ခဲ့သလဲ။ အကြမ်းဖျဉ်း ပြန်လည်ဆန်းစစ်ကြည့်ရအောင်။

(က) ဓမ္မ၀ါဒ အဓမ္မ၀ါဒဆိုင်ရာအဓိကရုဏ်းများ
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့အနေနဲ့ ဗုဒ္ဓသာသာသနာတော်အတွင်း ဓမ္မ အဓမ္မ ငြင်းခုံနေတဲ့ အဓိကရုဏ်း (၇) မျိုးကို ဖြေရှင်းခဲ့တာတွေ့ရပါတယ်။
(၁) ကျောက်သင်္ဘောဝါဒ
(၂) လူသေလူဖြစ်ဝါဒ
(၃) ကျောက်ပုံတောရ၀ါဒ၊
(၄) ကြောင်ပန်းတောရ၀ါဒ၊
(၅) ဓမ္မနီတိဝါဒ၊
(၆) မိုးညိုဆရာတော်ဝါဒ(မြောက်ဥက္ကလာ)၊
(၇) ဦးမာလာဝါဒ(ရေတာရှည်) စတဲ့ မတူကွဲပြားတဲ့ဝါဒတွေကို ဓမ္ဓ၊ အဓမ္ဓ စိစစ်ပြီး ဆုံးဖြတ်ခဲ့တာ တွေ့ ရပါတယ်။ သာသနာတော်မှာ သို့လော သို့လော ဖြစ်ပေါ်နေတဲ့ဝါဒတွေကို မှန်မှန်ကန်ကန်ဖြေရှင်းပေးတဲ့အတွက် အထိုက်အလျောက် အဓမ္မ၀ါဒတွေ ငြိမ်သွားတဲ့အတွက် သာသနာတော်အတွက် အကျိုးရှိခဲ့တာအမှန်ပါ။
(ခ) ၀ိနည်းဆိုင်ရာအဓိကရုဏ်းများ
ရဟန်းတော်များနဲ့ ပက်သက်ပြီး ဖြစ်ပေါ်လာတဲ့ ၀ိနည်းဆိုင်ရာအဓိကရုဏ်းတွေ ကျောင်းပိုင်ဆိုင်မှုများနဲ့ ပက်သက်ပြီးဖြစ်ပေါ်လာတဲ့ အဓိကရုဏ်းတွေကို ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ် ဗဟိုသံဃမဟာနာယကအဖွဲ့ အဆင့်ဆင့်က စီမံဆုံးဖြတ်ခဲ့ပါတယ်၊။
အဲဒီလိုစီစဉ်ဆုံးဖြတ်ရာမှာ လက်မှတ်အတုတွေသုံးပြီး မမှန်မကန်ဘက်လိုက် ဆုံးဖြတ်ခဲ့မှုတွေ (ပြည်- ကျောင်းအမှု)  လာဘ်စားမှုတွေ ရှိခဲ့တဲ့အတွက် သံဃမဟာနာကအဖွဲ့ အတွင်းမှာ သံသယတွေ အသံထွက်ခဲ့သလို လူအများရဲ့ ကဲ့ရဲ့ မှု၊ အထင်အမြင်သေးခံရမှုတွေ ခံခဲ့ရပါတယ်။ အဲဒီအထဲက အဆိုးဆုံး နာမည်အပျက်ဆုံး အမှုကတော့ ကောလင်းမှာဖြစ်ပွားခဲ့တဲ့ ကျောင်းပိုင်ဆိုင်မှုအဓိကရုဏ်းမှာ သံဃနာယကအဖွဲ့ ရဲ့ လာဘ်စားမှုတွေ ပြည်သူကြားမှာ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့တဲ့အတွက် ပျံလွန်တော်မူသွားပြီဖြစ်တဲ့ မင်းကွန်း တိပိဋကဓရဆရာတော်ကြီး ဦးဝိစတ္တာဘိဝံသကတောင်   "ဒါလား … သံဃမဟာနာယကအဖွဲ့ " လို့ ရှုတ်ချပြစ်တင်ခဲ့ပါတယ်။
အရေးအခင်းကာလများနဲ့ သံဃမဟာနာယက
 (၁) ၁၉၈၈ခုနှစ်မှာ အများသိကြတဲ့အတိုင်း ရှစ်လေးလုံးအရေးအခင်းကြီး ပေါ်ပေါက်ခဲ့ပါတယ်။
အဲဒီ လူထုလှုပ်ရှားမှု အရေးအခင်းမှာ ငယ်ရွယ်တက်ကြွတဲ့ ရဟန်းငယ်များလည်း လူထုနဲ့အတူ ပူးပေါင်း ပါဝင် ဆောင်ရွက်ခဲ့ကြတာပါ။ အရေးအခင်းကာလမှာ သံဃာတော်တွေဟာ ပြည်သူလူထုတွေဘေးအန္တရာယ်ကင်းဖို့နဲ့ ရပ်ရွာအေးချမ်းသာယာရေးအတွက် တဘက်တလမ်းက ပါဝင် ဆောင်ရွက်ခဲ့ကြပါတယ်။
အရေးအခင်းဖြစ်နေချိန်မှာ ကမ်းနားလမ်း၊ ကုန်သွယ်ရေးရုံးပေါ်က စစ်သားတွေက ဆန္ဒပြလူအုပ်ထဲကို သေနတ်နဲ့ ပစ်ခတ်ဖို့ ကြိုးစားပါတယ်။ ရန်စ ဖို့ လုပ်ပါတယ်။ ဆန္ဒပြသူတွေ ဒေါသထွက်ပြီး ရုံးကို ၀ိုင်းပါတယ်။ ဆန္ဒပြနေတဲ့လူအုပ်က များနေတဲ့အတွက် စစ်သားတွေ ပြေးပေါက်မရှိ ပိတ်မိနေတာပါ။ စစ်သားတွေအတွက် အသက်အန္တရယ်ရှိတာ သိလို့ တံခါးပေါက်တွေကို ဖွင့်ပြီး ဘုန်းကြီးတွေက အရင်ဝင်သွားပါတယ်။ အပေါ်ရောက်တော့ စစ်သားတွေကို အရပ်ဝတ် ၀တ်ခိုင်းပြီး အဲဒီစစ်သားတွေကို ဘုန်းကြီးတွေက ကယ်ထုတ်ခဲ့တာပါ။ စစ်သားတွေအသက်ဘေးက လွတ်သွားတာဟာ ဘုန်းကြီးတွေ ကျေးဇူးပါ။
နောက် တောင်ဥက္ကလာဖက်မှာ အဆိပ်ခတ်တဲ့သူတွေကို ဆန္ဒပြလူစုက ဖမ်းမိလိုက်ပါတယ်။ ဆေးခပ်သူတွေကိုယ်တိုင်က ထောက်လှမ်းရေးက ဆေးထိုး ဆေးတိုက်ပြီး စေခိုင်းခံထားရလို့ 
ကြောင်တောင်တောင်တွေ ဖြစ်နေတာပါ။ ဘာမှလည်းမေးမြန်းလို့ မရ။ ဒေါသမထိမ်းနိုင်လို့ လူတချို့ ကို သတ်တောင် သတ်ပြီးနေပါပြီ၊ အဲဒီသတင်းကို ငွေကြာရံကျောင်းတိုက်က ဆရာတော်ကြားလို့ ကားနဲ့ အလျင်အမြန်ရောက်လာပြီး အဆိပ်ခတ်တဲ့လူတွေရဲအသက်ကို အလှူခံခဲ့ပါတယ်။ လူဝတ်နဲ့နေရင် အသက်အန္တရာယ်ရှိလို့ ဒကာတွေကို သင်္ကန်းဝတ်ပေး၊ ဒကာမတွေကို သီလရှင်ဝတ်ပေးပြီး ကျောင်းတိုက်မှာ စောင့်ရှောက်ထားခဲ့တာပါ။ အဲဒီတုန်းက ပါဝင်ခဲ့သူတွေကို မေးကြည့်ရင် သိနိုင်ပါသေးတယ်။
 အစိုးရစက်ရုံတွေ မီးဘေးက ကင်းဝေးအောင် ကယ်တင်ခဲ့တာတွေနဲ့ အခြားအဖြစ်အပျက်များစွာလဲ ရှိပါသေးတယ်။ တကယ်တော့ ဘုန်းကြီးတွေရော လူထုကရော လိုချင်တာက တရားမျှတမှုနဲ့ ငြိမ်းချမ်းမှုပါ။ အဲလို ဆောင်ရွက်ခဲ့တဲ့သံဃာတွေကို စစ်အာဏာရှင်တွေက ဖမ်းဆီးပြီး အတင်းအဓမ္မ လူဝတ်လဲပြီး နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခဲ့တယ်။ စစ်အာဏာရှင်တွေပြောသလို အဲဒီသံဃာတွေဟာ ဘုန်းကြီးအယောင်ဆောင် သံဃာအတုတွေလား။ အဖမ်းခံရတဲ့သံဃာတွေကို သံဃနာယကဆရာတော်တွေက ဘာတွေ အကူအညီပေးခဲ့သလဲ။
(၂) ၁၉၉၀ ခုနှစ်တုန်းကလည်း မန္တလေးသံဃဆွမ်းလောင်းပွဲမှာ စစ်တပ်ကကြိုတင်သတိပေးခြင်းမရှိဘဲ ဆွမ်းခံနေတဲ့ သံဃာတန်းထဲကို အကြမ်ဖက်ခဲ့တဲ့အတွက် ရဟန်းသာမဏေ (၁၅) ပါး ခန့် ထိခိုက်ခဲ့ရတယ်။ (ပျံလွန်တော်မူခဲ့တယ်လို့ ဆိုပါတယ်၊ စာရင်းစုံစမ်းဆဲ)။
စစ်တပ်ရဲ့တရားမဲ့လုပ်ရပ်တွေကို သံဃာထုက မကျေနပ်လို့ မန္တလေးသံဃာထုက ဦးဆောင်ပြီး စစ်တပ်ရဲ့ သာရေး၊နာရေးကိစ္စတွေမှာ မပက်သက်ဖို့ဘို ပတ္တနိက္ကုဇ္ဇကံ ဆောင်ခဲ့ပါတယ်။ ဒီလိုကံဆောင်ခဲ့တာကလည်း ဘုရားဟောကြားထားတဲ့ ၀ိနည်းတော်နဲ့ အညီ ဆောင်ရွက်ခဲ့တာပါ။
အဲဒီလိုကံဆောင်မှုကြောင့် ရန်ကုန်နဲ့  မန္တလေးက ထင်ရှားတဲ့ဆရာတော်ကြီးအချို့ကို လူဝတ်လဲပြီး ထောင်ချခဲ့တာပါ။ ဒီလို အများလေးစားတဲ့ ထေရ်ကြီး ၀ါကြီးဆရာတော်တွေကိုလည်း သံဃာအတုအယောင်တွေ၊ သင်္ကန်းဝတ်တွေဆိုပြီး စွပ်စွဲခဲ့ပါသေးတယ်။ ဒါပေမယ့် အဲဒီဆရာတော်ကြီးတွေ ထောင်ကထွက်တော့ အာဏာရှင်တွေကိုယ်တိုင် ဘွဲ့တံဆိပ်တွေကပ်ပြီး ကျောင်းတွေဆောက်ပေး၊ ဆန် ဆီ ဆား ဆေးလှူနဲ့ ပြားပြားဝပ် ရှိခိုးနေကြပြန်တယ်။ အမြင်ကပ်လောက်အောင် သွားလာ ၀င်ထွက်နေကြတာပါ ။ ဘုန်းကြီးအတု၊အစစ်ဖြစ်တာ စစ်တပ်ကဆုံးဖြတ်ရမှာလား။ သံဃနာယက က ဆုံးဖြတ်ရမှာလား။
အဲဒီဖြစ်ရပ်တွေနဲ့ ပက်သက်လို့ သံဃနာယကဆရာတော်တွေ သံဃာထုဖက်က ရပ်တည်ပေးခဲ့သလား။
(၃) ၂၀၀ရ စက်တာဘာအရေးအခင်း
(သံဃနာယကလက်စွဲ၊ အပိုင်း(၅)၊ အခန်း(၂၈)၊ (စ) မှာ …သို့ဖြစ်ပါ၍ သံဃာတော်များ တန်းစီလှည့်လည် လမ်းလျောက်၍လည်းကောင်း၊ မော်တော်ယာဉ်ဖြင့် လှည့်လည်၍လည်းကောင်း၊ ပရိတ်တော်ရွတ်ခြင်းသည် ၀ိနည်းတော်နှင့် ဆန့်ကျင်မှု မရှိသည့်အပြင် မြတ်စွာဘုရားလက်ထက်တော်မှစ၍ ဆရာစဉ် ဆက်ဆောင်ရွက်ခဲ့သည့်အစဉ်အလာဖြစ်ကြောင်း ဆုံးဖြတ်ခဲ့ပါသည်။ ညွှန်း = (ဒု၊ ၄၇ ပါး စုံညီ ဧကူန၀ီသတိမ အစီရင်ခံစာ စာမျက်နှာ ၂၅-၂၈။)
စက်တင်ဘာ (၅) ရက်နေ့က စခဲ့တဲ့ သံဃာတော်တွေ ငြိမ်းချမ်းစွာမေတ္တာပို့ လမ်းလျောက်ချီတက်ပွဲမှာ သံဃာငယ်တပါးကို ဓာတ်တိုင်မှာ ကြိုးနဲ့တုပ်ပြီး ဖမ်းဆီးရိုက်နှက်ခဲ့တာက စလို့ ရွှေဝါရောင်သံဃာ့အရေး စတင်ဖြစ်ပေါ်ခဲ့တယ်။ အရေးအခင်းကာလမှာ သံဃာ (၃၀၀၀) ကျော် အဖမ်းခံခဲ့ရပါတယ်။
အဲဒီတုန်းက ထင်ရှားတဲ့ အဖြစ်အပျက်တခုကတော့ ငွေကြာရံကျောင်းတိုက်ပါ။ ငွေကြာရံကျောင်းတိုက်ကို ညအချိန်မတော် စစ်တပ်က၀ိုင်းပြီး ရိုက်နှက်ဖမ်းဆီးလို့ သံဃာတွေ သွေးမြေကျခဲ့တာ၊ ကျောင်းတွေ ဖျက်ဆီးခံရတာ၊ ဘုရားဆင်းတုတော်တွေ ဖျက်ဆီးခံခဲ့ရတာတွေဟာ ခုအချိန်ထိ မှတ်တမ်းတွေရှိနေသေးပါတယ်။ ငွေကြာရံကျောင်းဆိုတာ ၈၈ အရေးတော်ပုံတုန်းက စစ်တပ်အလိုတော်ရိတွေ၊ အကြမ်းဖက် ဖျက်ဆီးရေးသမားတွေကို အသက်အလှူခံပြီး ကယ်တင်ပေးခဲ့တဲ့ ကျောင်းဖြစ်တယ်ဆိုတာ မမေ့သင့်ပါ။ ထို့အပြင် ကျောင်းတိုက်တွေ ချိတ်ပိတ်ခံရတာ ကျောင်းပေါင်း (၆၀) ကျော် ရှိပါတယ်။
ထောင်ထဲမှာ သံဃာတော် ၂၀၀ ကျော်ကို ဖမ်းဆီး ထောင်ချထားဆဲ ။ အဲဒီလို စစ်အာဏာရှင်တွေက ဘုန်းကြီးကျောင်းတွေ သံဃာတော်တွေကို အတင်းအဓမ္မ ဖျက်ဆီး နှိပ်စက်နေတာတွေကို သံဃနာယကဆရာတော်တွေက တားဖူးပါသလား ။ သံဃာတော်တော်တွေ လွတ်မြောက်ဖို့ အာဏာရှင်တွေကို သြ၀ါဒတွေ ပေးဖူးပါသလား။
 စစ်အာဏာရှင်တွေက ပြည်သူလူထုကို ဗိုလ်ကျ စိုးမိုး အနိုင်ကျင့်နေတာတွေကို ပြည်သူလှူတဲ့၊ ပြည်သူ့ဆွမ်းကို စားနေတဲ့ သံဃာနာယကဆရာတော်တွေက ထိုင်ကြည့်နေမှာလား။
ကိုယ့်ဒကာ၊ ဒကာမတွေ ဆင်းရဲဒုက္ခက လွတ်မြောက်အောင် ကူညီတာ အပြစ်ရှိလား။
အဓမ္မ၀ါဒတွေ ထွန်းကားနေတဲ့ မြန်မာပြည်မှာ ဓမ္မ၀ါဒတွေ ထွန်းကားအောင်လုပ်ဖို့က ရဟန်းသံဃာတော်တွေရဲ့ တာဝန်မဟုတ်ဘူးလား။ သံဃာတွေကို နှိပ်ကွပ်ဖို့ စစ်တပ်က အမိန့်တွေ ထုတ်ခိုင်းတိုင်း လက်မှတ်ထိုးပြီး ထုတ်ပြန်နေမှာလား။
မြတ်စွာဘုရားက လောကလူသားတွေရဲ့ ကောင်းကျိုးဆောင်ရွက်ဖို့ ကမ္ဘာသူ၊ ကမ္ဘာသား၊ အမျိုးအဆွေမျိုးတွေရဲ့ အကျိုးကို ဆောင်ရွက်ဖို့ မိန့်မှာတော်မူခဲ့တာ မဟုတ်ဘူးလား။
အဲဒီလို ပြည်သူဘက်ကရပ်တည်တဲ့ အမှန်တရားဘက်ကရပ်တည်ခဲ့ကြတဲ့ သံဃာတော်တွေကို ဘာတခုမျှအကူအညီမပေးခဲ့တာကြောင့် ရဟန်းရှင်လူတွေရဲ့ ရင်ထဲမှာ သံဃမဟာနာယကဆိုတာ စစ်တပ်လက်ကိုင်တုတ် ရုပ်သေးသံဃာ့အဖွဲ့အစည်း၊ သံဃာထုကို ကိုယ်စားမပြုတဲ့ အဖွဲ့အစည်းလို့ ယုံကြည်နေတာကတော့ ဘာမှအံ့သြစရာ အထူးအဆန်း မဟုတ်တော့ပါ။ ။
ဆုံးဖြတ်ရမည့် (အမှု) သဘောကို နိုင်ထက်စီးနင်း အလျင်စလိုဆုံးဖြတ်ခြင်းကြောင့် တရားတော်အတိုင်းတည်သူ တရားသူကြီးမဟုတ်ပေ။ ပညာရှိသည် ဟုတ်မှန်သောအကြောင်း၊ မဟုတ်မှန်သောအကြောင်း နှစ်ပါးလုံးကို (စူးစမ်း မေးမြန်း၍) ဆုံးဖြတ်ရာ၏။ ။ (ဓမ္မပဒ)
(ဇူလိုင်၊၀၇ ၊၂၀၁၁)

Comments