Than Soe Hlaing -Naypyidaw - the city of diserted streets with dusty buildings

နေပြည်တော် သို့မဟုတ် ဖုန်မြို့တော်နှင့် လူမရှိသည့် လမ်းမကြီးများ
သန်းစိုးလှိုင်
မေ ၁၁၊ ၂၀၁၁
လူမရှိသည့် လမ်းမကြီးများ
နေပြည်တော်၊ လွန်ခဲ့သည့် ၄ နှစ်ခွဲဝန်းကျင်က မှည့်ခေါ်ခဲ့သည့် အမည်နာမ၊ ထိုအချိန်တုန်း ကြားခါစ ရှေးပဒေသရာဇ်မင်းများ ခေတ်က အမည်နာမလို့သာ စိတ်တွင်ခံစားရပြီး ဘယ်အတွက်ကြောင့်  မှည့်ခေါ်ကင်မွန်းတပ်ခဲ့သည့် အတွက်နားမလည်နိုင်အောင် ဖြစ်ခဲ့ရသည်။ နည်းပညာပိုင်းတွင် ခေတ်မှီဖွံ့ဖြိုးနေသည့် ဒီနေ့ခေတ် ကမ္ဘာ့အလယ်တွင် အဆိုပါအမည်က ခေတ်နောက်ပြန်သွားနေသည့် သဘောကို ညွှန်းဆိုနေသည်ဟု ခံစားမိသည်။  တနည်းအားဖြင့် ပဒေသရာဇ်ခေတ်၊ သက်ဦးဆံပိုင် ဘုရင်အုပ်ချုပ်မှုကို ပြန်ပြောင်း သတိရစရာပင်ဖြစ်သည်။ 
(နေပြည်တော်က ရုံးတော်၊ လွှတ်တော် အဆောက်အဦကြီးများ၊ လမ်းကျယ်များ)
နိုင်ငံတကာနှင့် အမှီလိုက်နေရသည့် ခေတ်ကြီးတွင် ရှေးဟောင်း အငွေ့အသက်ပြည့်လျှမ်းနေသည့် ထိုအမည်နာမကို ပေးမည်ဟု မည်သူမျှ မမှန်းဆမိခဲ့ကြ။ မြို့တော်ကို ရန်ကုန်မှ ပျဉ်းမနားဒေသသို့ ပြောင်းရွှေ့ဖို့ ကောက်ခါငင်ခါ ကြေညာခဲ့ပြီးနောက် သီတင်းပတ် ၂ ပတ်ခန့်အကြာတွင် မြို့သစ် အမည်ကို ရန်လုံမြို့တော်၊ ရန်စင်မြို့တော်စသည့်အမည် နာမပေးလိမ့်မည်ဆိုသည့် သတင်းများ  ပျဉ်းမနားမြို့ခံများအကြား ထွက်ပေါ် နေခဲ့သည်။ ထိုအမည်နာမ ၂ ခုစလုံးက တရုတ်ဘာသာ  လိုလို ဖြစ်နေခဲ့သည်။ နောက်ဆုံး နေပြည်တော် ဆိုသည့် အမည်နာမက အတည်ဖြစ်သွားခဲ့သည်။
ထိုအချိန်က ပျဉ်းမနားမြို့ထဲတွင် ပျဉ်းမနားဒေသ ဆောက်လုပ်ရေး အထူးတာဝန် ဟူသည့် အမှတ်အသား ပြုထားသည့် ဆောက်လုပ်ရေး လုပ်ငန်းသုံး ထရပ်ကားများ၊ သဲတင်သည့်ကားများ၊ အုတ်တင်သည့်ကားများ မြို့လယ်လမ်းကျဉ်းကျဉ်းတွင် ဥဒဟို သွားလာနေကြသည်။ ဒီနယ်မှ ဟုတ်ဟန်မတူသည့် အလုပ်သမားများကိုလည်း ကားများပေါ်တွင်ေ တွ့ရသည်။ နေ၀င်ရီတရောချိန်တွင် မြေသယ်ထရပ်ကား မြင့်မြင့်ကြီးပေါ်တွင် အလုပ်သမားတွေ အပြည့်မတ်တပ်ရပ်လျက် စီးနင်းကာ အလုပ်ခွင်မှ ပြန်လာကြသည့် ကိုနေ့စဉ်တွေ့ရသည်။ 

(ကြာပန်းအ၀ိုင်း)
အတိတ် - သပြေကုန်း တဖြစ်လဲ ကြပ်ပြေးရွာ နဲ့ ယခု
ပျဉ်းမနား တောင်ညို ကားလမ်းပေါ်ရှိ ယခု သပြေကုန်း အ၀ိုင်းဟုခေါ်သည့် အ၀ိုင်းကြီးမရောက်ခင် လက်ဝဲဘက်တွင် ကြပ်ပြေးဆိုသည့် ရွာငယ်တရွာရှိသည်။ ကားလမ်းနဘေး ယာယီဈေး သဖွယ်တဲငယ်လေးများဖြင့် ကုန်ခြောက်၊ စားစရာ လက်ဘက်ရည်ဆိုင်လေးတွေသာ ရောင်းချသည့် တောဈေးတဈေး အဖြစ်မြင်တွေ့ရသည်။
ရန်ကုန်မြို့မှ ရုံးဝန်ထမ်းများ၊ ရုံးပစ္စည်းပစ္စယများကို နိုဝင်ဘာ၆ ရက်နေ့နံနက် ရုတ်တရက်ပြောင်းရွှေ့ပြီး ရက်သတ္တ ၃ ပတ်ဝန်းကျင်အကြာ ကြပ်ပြေးရွာဘက်ကို ရောက်ခဲ့သည်။ ကြပ်ပြေးလမ်းဆုံရှိ ယာယီဈေးထိပ်က ခုံပုပုများဖြင့် ခင်းထားသည့် တောလက်ဘက်ရည်ဆိုင်တွင် ခဏ၀င်နားပြီး လက်ဘက်ရည်သောက်ရင်း မေးမြန်းတီးခေါက်ကြည့်သည်။
ဆိုင်ရှင် အဒေါ်ကြီးက မနေ့ကပဲ ပြန်ကြားရေးဝန်ကြီးရုံး ဖွင့်ပွဲအတွက် လက်ဖက်ရည်နဲ့ မုန့်သွားပို့ခဲ့ရသေးသည်ဟု ပြောသည်။ ဘယ်လောက်ဖိုးလဲဟုမေးကြည့်တော့ ကျပ်  ၂ သောင်းဖိုးဟု ဂုဏ်ယူစွာပြောသည်။ ရွာငယ်လေး တရွာက လက်ဘက်ရည်ဆိုင်က ၀န်ကြီးရုံးဖွင့်ပွဲအတွက် တာဝန်ယူ ပို့ပေးရသည့် အဖြစ်ကို ဂုဏ်ယူဟန်တူပါသည်။ လက်ဘက်ရည်ဆိုင်ရဲ့ ရှေ့ဘက်ကိုကြည့်လိုက်လျင်တော့ အစိုးရရုံးများဘက်သို့ ဦးတည်သွားသည့် မြေသားလမ်းမကြီး ၊ ဘူဒိုဇာများဖြင့် ထိုးထားခါစ ကတ္တရာ ၊ ကွန်ကရစ်ဘာမျှ မခင်းရသေးသည့် လမ်းမကြီး၊ တောင်စောင်းတွေကို ဖြိုချ၊ လှီးချထားသည့် မြင်ကွင်းတွေကို တွေ့ရသည်။ အနီးအနားပတ်ဝန်းကျင်တွင် ဆိုင်ကယ်ဂိတ် မြင်းလှည်းဂိတ်များသာရှိပြီး ဘတ်စကား မပြေးဆွဲသေး။ 

 (သမ္မတကြီး စိုက်ခင်းကနေ မြင်ရသည့် မြို့တော်နဲ့ ရွှေတိဂုံပုံတူ စေတီတော်)

ယနေ့ ကြပ်ပြေးမြင်ကွင်းက ဟိုတုန်းကနှင့် တခြားစီ ၄နှစ်ခွဲအတွင်း မယုံနိုင်လောက်အောင် ပြောင်းလဲကုန်သည်။ ကြပ်ပြေး နေပြည်တော်တွင် ပထမဆုံးဆောက်ခဲ့သည့် သပြေကုန်း အ၀ိုင်းကြီးက ရန်ကုန်မှာရှိသည့် အ၀ိုင်းကြီးများ အားလုံးထက်ကြီးသည်။ လမ်းနဘေးက မြေသားတွေကို အုတ်နံရံကြီးတွေကာပြီး ပန်းတွေအလှဆင်ထားသည်ကို တွေ့ရမည်ဖြစ်သည်။ အ၀ိုင်းမှ တဆင့် ၀န်ကြီးရုံးတွေဘက်သို့ တက်သည့်လမ်းကလည်း ၆ လမ်းသွားလမ်းကျယ်ကြီးတွေ၊ ယခင်ကလို ဖုန်တလုံးလုံးမဟုတ်တော့။ ဆလွန်းကားတွေ၊ လန်းခရူဇာတွေ၊ စစ်ကား ဌာနဆိုင်ရာရုံးကားတွေ စက္ကန့်နှင့်အမျှ ဖြတ်သန်းသွားနေကြသည့် လမ်းဆုံကြီးဖြစ်နေပြီ။ ဟိုတုန်းက ယာယီဈေးနေရာတွင် ဈေးမရှိတော့။ အုတ်နှင့်အခိုင်အမာ ဈေးဆိုင်တွေဖြစ်နေပြီ။ ကြပ်ပြေးရွာမှ အိမ်တန်းတွေက ဆိုင်တွေ၊ အုတ်တိုက်အဆောက်အဦတွေနှင့် ဖြစ်ကုန်သည်။
နေပြည်တော် -ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမှ မြို့တွင်းသို့ဝင်လာသည့် လမ်းကလည်း သပြေကုန်းလမ်းဆုံကို ရောက်သည့် အတွက်သပြေကုန်းလမ်းဆုံမှာ ပိုပြီး စည်ကားသည့် နေရာတနေရာ ဖြစ်လာသည်။ အမြန်လမ်းမကြီးနှင့် သပြေကုန်းလမ်းဆုံအကြား ကြံ့ဖွံ့ခေါင်းဆောင်တွေနေထိုင်မည့် လုံးချင်းအိမ်ရာတွေ၊ ဟိုတယ်ဇုန်အသစ်၊ နကိုဟိုတယ်ဇုန်၊ ဈေးဝယ်စင်တာကြီးနှစ်ခု ဖြစ်သည့် ကက်ပီတယ် ဟိုင်ပါမတ်နှင့် နေပြည်တော် ဂျန့်ရှင်းစင်တာ ၊ ကျောက်မျက်ပြတိုက်၊ ကျောက်မျက်ရောင်းချပွဲကျင်းပရာ အင်ပိုရီယံ အစရှိသည့် စီးပွားရေးဆိုင်ရာ အဆောက်အဦတွေကိုတွေ့ရမည် ဖြစ်သည်။ ဆောက်လက်စ ဟိုတယ်တွေကိုလည်း ဖုံတထောင်းထောင်းကြားတွင် မြင်တွေ့နိုင်သည်။ မိုးကမရွာသေးသဖြင့် နေပြည်တော် တခွင်ကြည့်လိုက်သည့် နေရာတိုင်း ဖုန်များဖြင့် နံ့သာရောင် မှုန်မှုန်ထနေသည်။ 
ဟိုတယ်ပိုင်ရှင်တွေကတော့ ဖုန်တွေမှုန်နေသည့်မြင်ကွင်းအစား ၀င်လာမည့် ငွေများအဖြစ် စိတ်ကူးဖြင့် မြင်နေလိမ့်မည် ထင်သည်။ လေအတိုက်တွင် ဆောက်လုပ်ရေး လုပ်ငန်းများမှ ဖုန်များက လွင့်ပါလာပြီး ကောင်းကင်သို့ လွင့်တက်သွားကြသဖြင့် နေပြည်တော်တခွင်ကို ဖုန်မြို့တော်ကြီးအဖြစ် မြင်တွေ့ရသည်။
ကျယ်လိုက်တဲ့လမ်းမကြီးတွေ
လူများများစားစား မရှိသည့် နေပြည်တော်တွင် ကားလမ်းမကြီးတွေမှာ အနည်းဆုံး ၆ လမ်းသွားမှ အများဆုံး ၁၂ လမ်းသွားလမ်းမကြီးတွေ ဖြစ်ကုန်သည်။ လမ်းတွေကို ဆက်၍လည်း ဖောက်နေတုန်း ချဲ့နေတုန်း၊ ကွန်ကရစ်ခင်းနေတုန်း ဖြစ်သည်။ ယခင်နှစ်များက ပင်လောင်းလမ်းဆုံမှ ကြပ်ပြေးနေပြည်တော်ဘက်သို့ ဆက်သွယ်ထားသည့် ၈ လမ်းသွား လမ်းမကြီးက အကျယ်ဆုံးဟု ထင်မှတ်ခဲ့ကြရာမှ ယခုတစ်ခေါက်ရောက်သည့်အခါ  ၈လမ်းသွားလမ်းမကြီးမှာ အလယ်အလတ် အဆင့်မျှသာရှိတော့သည်။ အသစ်ဆောက်ထားသည့် လွှတ်တော်ရှေ့မျက်နှာစာမှ လမ်းမကြီးမှ လမ်းတဘက်ခြမ်းမှ အခြားတဘက်သို့ လှမ်းကြည့်လျင် လူရေးရေးမျှသာ မြင်ရသလောက် ကျယ်လှသည်။ 

 
(လမ်းကျယ်ကြီးများ၊ လမ်းလယ်ကျွန်းများ)
လမ်းလယ်ကျွန်းလည်း မဆောက်လုပ်ထား သဖြင့် ခရီးသည်တင် လေယာဉ်အလတ်စား ဆင်းတက်လို့ရသည့် ပြေးလမ်းတမျှ ကျယ်သည်ကိုတွေ့ရသည်။ လူမရှိသည့် တောထဲတောင်ထဲ လွှတ်တော်ကြီးကိုဆောက်ထားသလို ခံစားရသည်။ မကြာမီက ကျင်းပသည့် လွှတ်တော်အဆောက်အဦကို လွှတ်တော် အမှတ်တံဆိပ် ပါသည့် သံပန်းအကာအရံများဖြင့် ကာရံနေသည်ကိုလည်း တွေ့ရသည်။ လွှတ်တော်ဧရိယာမှာ ဧကရာနှင့်ချီလိမ့်မည် ထင်သည်။ မျက်နှာစာတဖက်ကို ကားဖြင့်ဖြတ်သန်းလျင်ပင် ၂ မိနစ်၊ ၃ မိနစ်မျှ ဖြတ်ရသည်။ 
 
လွှတ်တော်အ၀င် လမ်းတလျှောက်တွင် လုံထိန်းရဲကား ဒါဇင်နှင့်ချီရပ်ထားသည်။ ညနေခင်း နေ၀င်ဆည်းဆာချိန်တွင်  လွှတ်တော်အဆောင်ဆောင် အခန်းခန်းနှင့် တောတောင်တွေ လျှိုတွေ မြောင်တွေ ချောက်တွေကို တွဲလျက်မြင်တွေ့ရသည်။
လမ်းကျယ်ကြီးတွေမှာ လမ်းလျှောက်သူ တဦးတလေမှ မတွေ့ရ၊ မိနစ်အနည်းမှ တခါ ဆိုင်ကယ်၊ ကားတစီးတလေကိုသာ တွေ့ရလေ့ရှိသည်။ ဘာကိုစိတ်ကူးပြီး အခုလောက်လမ်းကျယ်ကြီးတွေ ဆောက်သလဲတော့ မသိ။ တိုင်းပြည်မှာ ဘိလပ်မြေ စက်ရုံတွေဆောက်ပြီး လမ်းမကြီးတွေကို ကွန်ကရစ်နဲ့ ခင်းနေရုံဖြင့် တိုင်းပြည်တိုးတက်ပြီဟု ယူဆမှတ်ထင်နေသလား မပြောတတ်။
(ဆက်လက်ဖေါ်ပြပါမည်)

Comments

Unknown said…
လှလိုက်တာနော် ။ ရွဲ့ ပြောတာမဟုတ်ပါ။ တကယ် လှတာ