2600 anniversay of Buddha Vesak Day celebrated at UN HQ on 17th May 2011

 
 သာသနာနှစ် ၂၆၀၀ ပြည့် အထိမ်းအမှတ် ကဆုန်လပြည့်ဗုဒ္ဓနေ့ ကုလသမဂ္ဂတွင် နိုင်ငံပေါင်းစုံ သံဃာတော်များဖြင့် ကျင်းပ၊ မြန်မာပြည်က သီတဂူဆရာတော် ဦးဥာဏိသရနှင့် မြန်မာရဟန်းတော်များ တက်ရောက်ခဲ့
မိုးမခ၊ မေ ၂၀၊ ၂၀၁၁
၂၀၁၁ ခုနှစ်၊ မေလ ၁၇ ရက်နေ့သည် ဗုဒ္ဓဘာသာဝင်တို့အတွက်  ကဆုန်လပြည့် ဗုဒ္ဓနေ့ အနှစ် ၂၆၀၀ ပြည့် အထိမ်းအမှတ်ဖြစ်သည်။ ထိုနေ့တွင် ဗုဒ္ဓနေ့အထိမ်းအမှတ် ညီလာခံကို နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်တွင် ဗုဒ္ဓဘာသာဝင်တို့ ထွန်းကားသည့် နိုင်ငံပေါင်း ၁၆ နိုင်ငံက သံဃာတော် ၁၅၀ ကျော်က တက်ရောက်ပြီး အခမ်းအနားကျင်းပခဲ့သည်။ သီရိလင်္ကာနိုင်ငံက ကမကထပြု ကျင်းပပြီး ကုလအထွေထွေ အတွင်းရေးမှူးချုပ် ဘင်ကင်မွန်းကိုယ်တိုင် တက်ရောက် အမှာစကားပြောကြားခဲ့သည်။ 
 
တက်ရောက်ကြသော နိုင်ငံများစာရင်းမှာ အောက်ပါအတိုင်းဖြစ်သည်။
(Sri Lanka, Pakistan, Bangladesh, Bhutan, Cambodia, China, India, Japan, the Lao Democratic People’s Republic, Mongolia, Myanmar, Nepal, the Philippines, South Korea, Thailand and Vietnam)
            မြန်မာပြည်ကိုယ်စား သီတဂူဆရာတော်ကြီး ဦးဥာဏိသရဦးဆောင်ပြီး ပြည်တွင်း ပြည်ပက သံဃာတော်များ စုဝေးတက်ရောက်ကြသည်။ အမေရိကန်ရောက် မြန်မာသံဃာတော်များအနက် ၃ ပုံ ၁ ပုံ ခန့်ကလည်း တက်ရောက်ချီးမြှင့်ခဲ့ကြသည်ဟု သိရသည်။ နယူးယောက်မြို့တော်ရှိ မြန်မာကွန်မြူနီတီမိသားစုများကလည်း လာရောက် ကြည်ညိုအားပေးကြသည်ဟု ဆိုသည်။ 
            ဘင်ကီမွန်းက ၎င်း၏မိခင် ဗုဒ္ဓဘာသာဝင်တဦး ဖြစ်ရာ ဗုဒ္ဓ၏ အဆုံးအမများကို လက်ခံကြောင်း၊ လောဘ၊ ဒေါသ၊ မောဟများကို ကမ္ဘာကြီးတွင် လျော့ချပြီး ငြိမ်းချမ်းမှုနှင့် အတူတကွ ယှဉ်တွဲနေထိုင်သွားမှုကို တည်ဆောက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ဆိုသည်။
            ဆရာတော်ကြီး ဦးဥာဏီသရက ညီလာခံ ပထမပိုင်း မနက်ခင်းတွင်  မြတ်စွာဘုရား၏ ပါရမီတော် ၁၀ပါး အကြောင်းကို ထုတ်ဖော်ပြောကြားသည်။ ဒုတိယပိုင်း ညနေခင်းတွင် ဘာသာပေါင်းစုံ သာသနာပြုပုဂ္ဂိုလ်များ အားလုံး စုဝေးပြီး ညီလာခံဆက်လက် ကျင်းပသည်။
ဆရာတော် ဦးဥာဏိသရက ညီလာခံကြီး၏ အာဘော်ဖြစ်သော Peace, Harmony and Coexistence ဆိုသည် ငြိမ်းချမ်းစွာ သာတူညီမျှ အတူတကွ ယှဉ်တွဲနေထိုင်ရေး ကို အားပေးသည့် ဗုဒ္̔ဓအဆုံးအမကို အကျဉ်း ရှင်းပြသည်။ အများပြည်သူအားလုံး တူညီသည့် ရပ်တည်ချက်တွင် စုဝေးညီညွတ်ကြရန် ဗြဟ္မ၀ိဟာရတရားလေးပါးဖြစ်သည့် မေတ္တာ၊ ဂရုဏာ၊ မုဒိတာနှင့် ဥပက္ခာတို့ကို ကျင့်သုံးကြရန်၊ ဘာသာအားလုံးတွင် ထိုတရား ၄ပါးကို လက်ခံကျင့်သုံးကြကြောင်း၊ ထိုမှ ဆက်လက်ပြီး အတူတကွ ယှဉ်တွဲနေထိုင်ကြမည် ဖြစ်ကြောင်း ဟောပြောခဲ့သည်ဟု ဆိုသည်။
ညနေခင်းတွင် ကုလဌာနချုပ်အတွင်း ကဆုန်လပြည့် ဗုဒ္ဓနေ့ပြခန်း ပြသကြရာ ဆရာတော်ကြီးက ဗုဒ္ဓရုပ်ပွားတော်၊ စေတီတော် ပုံပေါင်း ၁၅၀ ကျော်ကို စီတန်းပြီး ဒစ်ဂျစ်တယ်အတ်တ် (အနုပညာတင်ဆက်မှု) အဖြစ် တင်ဆက်ပေးခဲ့သည်ဟု သိရသည်။
ဆရာတော်ကြီး၏ အမေရိကန်ရောက် ဓမ္မခရီးစဉ်ကို ဆက်လက်ကြွရောက်သွားမည်ဖြစ်ရာ ယခုဆန်ဖရန်ဘေးဧရိယာတွင် လာမည့် စနေတွင် တရားပွဲ ၂ ပွဲ ကျင်းပမည် ဖြစ်သည်ဟု ဆိုသည်။ ဆက်လက်မည့် ခရီးစဉ်များကို အခု ဖော်ပြပါ လိပ်စာမှာ ကြည့်ရှုနိုင်ပါသည်။ http://www.shwevideos.net/shwevideos_advertisement.php?Sitagu-Sayardaw-Trip
ဆရာတော်ကြီးက ၎င်း၏ တရားဓမ္မခရီးစဉ်တွင် အထက်ပါ ဗုဒ္ဓအဆုံးအမများကို ဟောပြောရှင်းလင်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။ 
(ဓာတ်ပုံများ - အမေရိကန် သီတဂူဌာနေ ဆရာတော် ဦးအရိယဓမ္မထံက ရယူသည်)
လာမည့် စနေ၊ မေတ္တာနန္ဒ၀ိဟာရကျောင်းတွင် တရားမနာမီ စုပေါင်းဆွမ်းကပ်ကြမည် ဖြစ်ရာ ဝေယျာဝစ္စလူငယ်များ၏ ဖိတ်ကြားစာကို တွေ့နိုင်ပါပြီ။ အားလုံးကို ဖိတ်ခေါ်လိုက်ပါသည်။

Comments