Tu Maung Nyo - Down with 2008 Constitution & USDP Regime

၂၀၀၈ အခြေခံဥပဒ ကို တိုက်ဖျက်။ ကြံ့ဖွံ့အစိုးရကိုလည်း ပြတ်ပြတ်သားသား ဆန့်ကျင်
တူမောင်ညို
ဧပြီ ၁၊ ၂၀၁၁
 “အစိုးရသစ်” ပေါ်လာပြီ။
(နအဖ) ကိုဖျက်သိမ်းလိုက်ပြီ။
အခြေခံဥပဒေ (၂၀၀၈) အရ ဖွဲ့စည်းကြသည့် “နိုင်ငံရေးပါတီများ” က ပေါ်ထွက်လာသည့် “အစိုးရသစ်” နဲ့ပတ်သက်ပြီး အလိုက်အထိုက်သဘောထားကြမည်သာဖြစ်သည်။ သူတို့သည် “အခြေခံဥပဒေ(၂၀၀၈) ကို လက်ခံပါမည်/ထိန်းသိမ်း စောင့် ရှောက်ပါမည်” ဟု ခံဝန်ချက်ထိုးပြီးမှ ပါတီထောင်ခွင့်/ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ရခဲ့ကြတာဖြစ်သည်။ သို့အတွက် သူတို့ဆီက ပြတ်သားသည့်သဘောထားကို မမျှော်လင့်နိုင်ပါ။
ထူးဆန်းနေသည်မှာ အခြေခံဥပဒေကို တရားမဝင်/လက်မခံဟူ၍ ထုတ်ပြန်ခဲ့ပြီး၊ ရွေးကောက်ပွဲမဝင်ရန် ဆုံးဖြတ်ခဲ့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပေါ်ထွက်လာသည့် “အစိုးရသစ်” နှင့်ပတ်သက်ပြီး “ရေလိုက်ငါးလိုက်သဘောထား” နေခြင်း ဖြစ် သည်။
 ဒီချုပ်၏ ယခင်က ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်း က (ဗွီအိုအေ) နှင့်အင်တာဗျူးတွင်ယခုလိုပြောပါသည်။
“အခုလက်ရှိ ပြည်သူ့လွှတ်တော်က အစိုးရအဖွဲ့သစ်တရပ် ဖွဲ့စည်းပြီးသွားပြီဆိုတဲ့ အခြေအနေကို အရှိအတိုင်း ကျနော် တို့ လက်ခံပါတယ်။ အရှိအတိုင်း အသိအမှတ် ပြုပါတယ်။
 NLD အနေနဲ့ကတော့ အစိုးရအဖွဲသစ်နဲ့ တွေ့ဆုံဆွေးနွေးနိုင်ဖို့ မျှော်လင့်ထားပါတယ်။
လောလောဆယ် ကျနော်တို့ရဲ့ သဘောထား ဒီ ၂ ခုပါပဲ။”

ကျနော်တို့နားလည်သလောက် “လွှတ်တော်အစည်းအဝေးအားလုံး” ပြီးဆုံးခဲ့ပြီ။  ပြည်တွင်းပြည်ပ အများက အလေးထား မျှော်လင့်ခဲ့ကြသည့် နိုင်ငံရေးပြဿနာများဖြစ်သော -

-       နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရေးကိစ္စ
-       အမျိုးသားပြန်လည်သင့်မြတ်ရေးတွေ့ဆုံဆွေးနွေးရေး
-       အပစ်အခတ်ရပ်စဲရေးမှ ထာဝစဉ်ငြိမ်းချမ်းရေး

စသည့်ကိစ္စများနှင့်ပတ်သက်၍ အခြေခံဥပဒေ (၂၀၀၈) အရ ဖွဲ့စည်းခဲ့ကြသည် “နိုင်ငံရေးပါတီများ”မှ “မေးခွန်း” အဖြစ် ဖေါ်ထုတ်မေးမြန်းခဲ့ကြသည်။ လွှတ်တော်တွင်း၌ မည်သို့အဖြေပေးတုန့်ပြန်ခဲ့သည်ကို အားလုံးကြားသိကြပြီးဖြစ်ပါသည်။
“ငြိမ်းချမ်းရေးတံခါးဖွင့်ထားပြီးအခြေခံဥပဒေနှင့်အညီဆက်လက်ဆောင်ရွက်ကြိုးပမ်းသွားမည်”ဟုဖြေကြားခဲ့သည် မဟုတ် ပါလော။
သူတို့သည် (အစိုးရသစ်သည်) (နအဖ) စစ်အစိုးရထံမှ အာဏာနှင့်အတူလွှဲပြောင်းရယူခဲ့သောပြဿနာမှန်သမျှကို သူတို့ စိတ်ကြိုက်ရေးဆွဲ အတည်ပြုထားသည့် အခြေခံဥပဒေ (၂၀၀၈) ဘောင်ထဲကသာဖြေရှင်းပေလိမ့်မည်။
“အရှိအတိုင်းလက်ခံသည်/ အသိအမှတ်ပြု သည်”ဟု ပြောသဖြင့် ကျနော်တို့ကိုလည်းအရှိတိုင်းပြောခွင့်ပြုစေချင်သည်။
လက်ရှိအခြေအနေတွင် “ဒီချုပ်” သည် တရားဝင်အဖွဲ့အစည်းမဟုတ်ပါ။
 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည်အခြေခံဥပဒေ (၂၀၀၈)ကိုလက်မခံအသိအမှတ်မပြုဟုကမ္ဘာသိကြေညာထားသည်။ အခြားတစ်ဖက်ကပြောရလျှင်လည်း (နအဖ) စစ်အစိုးရက ဖွဲ့စည်းပေးခဲ့သည့် “ရွေးကောက်ပွဲကော်မရှင်” က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အပါအဝင် ၁၉၈၈ ခုနှစ်က မှတ်ပုံတင်ခဲ့သော နိုင်ငံရေးပါတီများကို ဖျက်သိမ်းကြောင်းကြေညာခဲ့ပြီးဖြစ်သည်။
 ယခုပေါ်ထွက်လာသည့် “အစိုးရသစ်”က  အခြေခံဥပဒေ (၂၀၀၈) ၊ အခန်း (၁၄) “အကူးအပြောင်းကာလပြဋ္ဌာန်းများ” တွင်ဖေါ်ပြထားသည့် ပုဒ်မ (၄၄၅/၄၄၆/၄၄၇) ကို တစ်သဝေမတိမ်း လိုက်နာမည်မှာ မည်သို့မျှယုံမှားသံသယရှိစရာ မလိုပါ။
သို့ပါ၍ အရှိအတိုင်းချုပ်ပြောရလျှင် “ဒီချုပ်”ကို “အစိုးရသစ်”က ယခင်အတိုင်းရေရှည်ဆက်လက်ခွင့်ပြုနေလိမ့်မဟုတ်ပါ။ 
ယင်းသို့ ဆောင်ရွက်လာလျှင် “ဒီချုပ်”က မည်သို့တုန့်ပြန်မည်နည်း။
ဗိုလ်ချုပ်အောင်ဆန်း က   A leader must lead. ဟုပြောဖူးပါသည်။

 သို့သော်လည်း အခြေခံဥပဒေ (၂၀၀၈) လက်ခံမည်ဆိုလျှင်တော့ ကိစ္စသည်တမျိုးတမည်ဖြစ်လာနိုင်ပါသည်။
ကျနော်တို့က လမ်းပြမြေပုံကို အဆင့်တိုင်းမှာတိုက်ဖျက်ဆိုတဲ့ လုပ်ငန်းစဉ်ချပြီး အဆင့်တိုင်းကိုဖွင့်ချခဲ့သည်။ တိုက်ဖျက် ရေးကို ကြိုးစားဆောင်ရွက်ခဲ့ကြသည်။ ထိထိရောက်ရောက်မဖြစ်ခဲ့ပါ။
 သို့ဖြင့်ယခုအခါ (နအဖ) စစ်အစိုးရ မှနေ၍ “ကြံ့ဖွံ့အစိုးရ” ဟူ၍ ဖြစ်လာခဲ့ပြီ။
ကျနော်တို့သည် အခြေခံဥပဒေ (၂၀၀၈) တိုက်ဖျက်ရေးကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပြီး။ အခြေခံဥပဒေ(၂၀၀၈) အရ ယခုပေါ်ထွက်လာသည့် “အစိုးရသစ်”ကိုလည်း ဆက်လက်ပြီး ဝေဖန်တိုက်ခိုက်ဆန့်ကျင်သွားရမည်သာဖြစ်သည်။
 အခြားနည်းလမ်းမရှိပါ။ 
-      အခြေခံဥပဒေ (၂၀၀၈) ကို ဖျက်သိမ်းကြ
-       ပေါ်ထွက်လာသည့်“ ကြံ့ဖွံ့အစိုးရ” ဆန့်ကျင်ကြ
-        
(၂၀၁၁ ခုနှစ်၊ မတ်လ ၃၁ ရက်)

Comments