Suu and RFA listeners on Jan 28

“လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်”

သွေးမြေ မကျတဲ့ တော်လှန်ရေး၊ တိုင်းရင်းသားတို့နှင့် ညီညွတ်မှု
RFA
ဖေဖော်ဝါရီ ၁၊ ၂၀၁၁

သောကြာနေ့က ဆွစ်ဇာလန်နိုင်ငံ ကမ္ဘာ့စီးပွားရေး ဆွေးနွေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ပေးပို့သော ဗီဒီယို မိန့်ခွန်း ဖွင့်နေပုံ (photo: getty images)

အရှင်ရာဇိန္ဒာ လင်္ကာရ (သီရိလင်္ကာ)၊ ဦးတင်မောင်ဝင်း (စင်္ကာပူ)
ကိုဇော်နိုင်(ကနေဒါ)၊ ဇော်နိုင် (သင်္ဃန်းကျွန်း – မိကျောင်းကန်)
ကိုမင်းဇော် (USA)၊ ဒေါ်ယာစ်မင်း ဗားညား (USA) တို့၏ မေးခွန်းများ

ဒေါ်အောင်ဆန်းစုကြည်၏ အဖြေများ


ဇန်န၀ါရီ ၂၈၊ ၂၀၁၁ RFA ထုတ်လွှင့်ချက်

မေးသူ။ ။ အရှင်ရာဇိန္ဒာ လင်္ကာရ၊ သီရိလင်္ကာရောက် မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့

မေးခွန်း။ ။ ရဟန်းသံဃာတော်တွေ နိုင်ငံရေးမှာ မပါဝင်သင့်ဘူး လို့ ပြောလည်းပြောနေတယ်။ ချုပ်လည်းချုပ်ခြယ်တယ်။ ထောင်ချအကျဉ်းချနေတာတွေလည်း ရှိနေပါတယ်။ အဲဒီတော့ ဦးဇင်းတို့လို ရဟန်းသံဃာတော်တွေအနေနဲ့ နိုင်ငံရေးမှာ ပါဝင်သင့်တယ်လို့ ဒကာမကြီးအနေနဲ့ မြင်ပါသလား။

နောက်တစ်ခုက ကမ္ဘာ့ဘယ်နေရာကပဲ ဖြစ်ဖြစ်။ ဘယ်ဘာသာဝင်.. ဘယ်ဘာသာတရားကပဲ ဖြစ်ဖြစ် လွတ်လွတ် လပ်လပ်နဲ့ သာသနာ ပြုစေချင်ပါတယ်။ ဦးဇင်းတို့နိုင်ငံမှာ ဘာ သာရေး လွတ်လပ်ခွင့် မရှိဘူးလို့ ဦးဇင်းတို့ ထင်ပါတယ်။ အဲဒီအပေါ်မှာရော ဒကာမကြီးအနေနဲ့ ဘယ်လို သုံးသပ်မိပါသလဲ။


ဖြေ။ ။ နိုင်ငံရေးဆိုတာတွေကို အဓိပ္ပာယ်ဖေါ်တာတွေကတော့ အမျိုးမျိုးတွေပါပဲ ဘုရား။ တပည့်တော်မတို့ကတော့ နိုင်ငံရေး ဆိုတာ နိုင်ငံရဲ့အရေး၊ တိုင်းသူပြည်သားတွေရဲ့ အရေး လို့ သဘောထားပါတယ်။ ဒါကြောင့်မို့လို့ နိုင်ငံကောင်းဖို့ အတွက်၊ တိုင်းသူပြည်သားတွေ ကောင်းဖို့ အတွက် ရဟန်းသံဃာတော်တွေ လုပ်ဆောင်တာကို အပြစ်မြင်စရာ မရှိဘူး လို့ ယုံကြည်ပါတယ် ဘုရား။


လွတ်လွတ် လပ်လပ်နဲ့ သာသနာပြုတယ် ဆိုတာကတော့ သာသနာ့ဝန်ထမ်းများရဲ့ လုပ်ပိုင်ခွင့် ဖြစ်ရပါမယ်ဘုရား။ တပည့်တော်မတို့နိုင်ငံမှာတော့ လူ့အခွင့်အရေးတွေ ပြည့်ပြည့်၀၀ မရသရွေ့ သာသာနာ့ ၀န်ထမ်းတွေလည်း သာသနာရေးကို လွတ်လွတ် လပ်လပ် လုပ် ပိုင်ခွင့် ရမယ် လို့တော့ မထင်ပါဘူး ဘုရား။


မေးသူ။ ။ ဦးတင်မောင်ဝင်း (စင်္ကာပူ)
မေးခွန်း။ ။ ဒီ စင်္ကာပူနိုင်ငံမှာ နအဖ ရဲ့ကုမ္ပဏီတွေ၊ စီးပွားရေးသမားတွေဟာ ဒီမှာရှိတဲ့ မြန်မာ permanent Residents တွေ၊ (ဆ) တွေ၊ (ဆ) တွေဆိုတာက ကျွန်တော်တို့က ဒီမှာရှိတဲ့ မြန်မာနိုင်ငံသားကနေ စင်္ကာပူ နိုင်ငံသားကို ပြောင်းသွားတဲ့သူတွေကို ခေါ်တာပါ။ ကုမ္ပဏီတွေ ထောင်ကြပါတယ်။ အဓိက Business ကတော့ In port, Export ပါပဲ။ အဲဒီတော့ အဲလို လုပ်တဲ့သူတွေဟာ စီးပွားရေးပိတ်ဆို့မှုကို အာခံ ဆန့်ကျင်တဲ့သူတွေရဲ့ လုပ်ရပ်လို့ ယေဘုယျ ယူဆလို့ ရမယ်လို့ ထင်ပါတယ်။ စီးပွားရေးပိတ် ဆို့မှုဟာ နအဖ နဲ့ စီးပွားရေး ပူးပေါင်း မလုပ်ကိုင်ရေးလို့ နားလည်ပါတယ်။ ကျွန်တော် မေးလိုတာက ပြည်ပမှာ နေထိုင် လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားများဟာ ဒီမိုကရေစီရရှိရေးကို လိုလားတယ် ဆိုရင် အထက်က ပြောတဲ့ လုပ်ငန်းတွေကို မြန်မာနိုင်ငံနဲ့ ဆက်သွယ်ပြီး စီးပွားရေး လုပ်ငန်းတွေကို လုပ်သင့်ပါသလား။ လုပ်ကိုင်တာ မှန်ပါသလား။ အဲဒီလို လုပ်ကိုင်နေသူတွေကို ဘာများ ပြောကြားချင်ပါသလဲ။


ဖြေ။ ။ မြန်မာနိုင်ငံနဲ့ ဆက်သွယ်ပြီး စီးပွားရေးလုပ်ငန်း လုပ်နေတဲ့သူတွေ ကိုယ်တိုင်က မိမိတို့ရဲ့ လုပ်ရပ်တွေဟာ တိုင်းပြည်ကို အကျိုးပြုဖို့လား။ မိမိတို့ကိုယ်တိုင် ကြီးပွားချမ်းသာ တိုးတက်ဖို့လား ဆိုတာကို ကောင်းကောင်း သိပါမယ်လို့ ထင်ပါတယ်။ လူတိုင်းလူတိုင်းဟာ ကိုယ်လုပ်တဲ့ ကိစ္စအတွက် ကိုယ်တာဝန်ယူဖို့ လိုပါတယ်။ အထူးသဖြင့် နိုင်ငံခြားရောက်နေတဲ့ မြန်မာတွေဟာ လွတ်လွတ်လပ်လပ် လေ့လာခွင့် ရှိတာကြောင့် ဘယ်လိုလုပ်ငန်းတွေဟာ လုပ်သင့်တယ်၊ မလုပ်သင့်တယ် ဆိုတာကို သေသေချာချာ သိကြ နိုင်မယ်လို့ ထင်ပါတယ်။


မေးသူ။ ။ ကိုဇော်နိုင်(ကနေဒါ) (ဘလော်ကာ – ရဲရင့်ငယ်)
မေးခွန်း။ ။ လက်ရှိအစိုးရအာဏာပိုင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေ တွေ့ဆုံဆွေးနွေးမှုတွေ ပေါ်ပေါက်လာဖို့ အတွက် တိုင်းရင်းသားတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကြားမှာ ၁၉၄၇ ပင်လုံညီလာခံလိုမျိုး ညီညွတ်မှုတွေရအောင် ဘာတွေ ပြင်ဆင်ထားပါသလဲ။ တိုင်းရင်းသားတွေဘက်ကရော ဘယ်လို ပြင်ဆင်ထားသင့်တယ်၊ ဘယ်လိုစိတ်မျိုး ရှိသင့်တယ်လို့ ထင်ပါသလဲခင်ဗျား။


ဖြေ။ ။ မေးခွန်းကို ကျွန်မ နားလည်သလောက်က တိုင်းရင်းသားတွေနဲ့ ကျွန်မတို့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေကြား ညီညွတ်မှုတွေ ရရင် ကျွန်မတို့နဲ့ လက်ရှိအစိုးရအကြား တွေ့ဆုံဆွေးနွေးရေးတွေ ပေါ်ပေါက်လာမယ်။ ဒါကြောင့် ညီညွတ်မှု ရဖို့ ဘယ်လိုပြင်ဆင်ထားလဲ ဆိုတဲ့ အဓိပ္ပာယ်လို့ ထင်ပါတယ်။ ညီညွတ်မှု ဆိုတာကတော့ လက်တွေ့ လုပ်ယူရမယ့် ကိစ္စပါ။ တဖက်နဲ့ တဖက် နားလည်မှုရဖို့ တွေ့ဆုံတာ ပြောဆိုဆွေးနွေးတာ ယုံကြည်မှုတည်ဆောက်တာ အဲဒါတွေကို လုပ်ရမှာပါ။ တိုင်းရင်းသားတွေကလည်း အချင်းချင်း အကြား နားလည်မှု ညီညွတ်မှု လိုလားတဲ့စိတ်ကို အခြေခံပြီး၊ သံသယတွေ နည်းသွားစေဖို့၊ ယုံကြည်မှု တိုးပွားစေဖို့ နည်းလမ်းတွေ ရှာလုပ်မယ် ဆိုရင် ကျွန်မတို့ရဲ့လုပ်ငန်းတွေ ပိုပြီး အမြန် အောင်မြင်မှာပါ။


မေးသူ။ ။ ဇော်နိုင် (သင်္ဃန်းကျွန်း – မိကျောင်းကန်)
မေးခွန်း။ ။ နံပါတ်(၁) မေးခွန်းအနေနဲ့ ဒီမိုကရေစီနိုင်ငံထူထောင်နိုင်တဲ့အချိန်မှာ နိုင်ငံခြားတိုင်းပြည်များက နအဖနဲ့ ရင်းနှီးမြှုပ်နှံမှု စာချုပ်တွေ ချုပ်ထားတာကို NLDနဲ့ ဒေါ်စုတို့ကနေ ဆက်ပြီးတော့ အသိအမှတ်ပြုနိုင်ပါသလား။


နံပါတ် (၂) မေးခွန်းက ဒီမိုကရေစီနိုင်ငံ ထူထောင်နိုင်တဲ့ အချိန် ပြည်သူတွေ ကောင်းစားရေး လုပ်နိုင်မယ့်အချိန် ရောက်ဖို့အတွက်ကို တပ်မတော်ထိပ်ပိုင်း ခေါင်းဆောင်တွေက ဒေါ်စုနဲ့ NLD နဲ့ လာရောက် ပူးပေါင်းရင် ပိုပြီး အဆင်ပြေမယ်လို့ ကျွန်တော်တို့နဲ့ ပြည်သူတွေကနေပြီးတော့ ယုံကြည်ပါတယ်။ အဲဒါ ဒေါ်စုနဲ့ NLD ရဲ့ဆန္ဒသဘောထားနဲ့ ကိုက်ညီပါသလားခင်ဗျာ။


ဖြေ။ ။ နိုင်ငံတွေအကြားမှာ စောင့်ထိန်းသင့်တဲ့ ကျင့်ဝတ်သိက္ခာတွေရှိသလို၊ မိမိနိုင်ငံအကျိုးကို စောင့်ရှောက်ရမယ့် တာဝန်တွေလည်း ရှိပါတယ်။ နိုင်ငံများအကြား ချုပ်တဲ့ စာချုပ်တွေကို ချဉ်းကပ်တဲ့အခါမှာ ဒီအမြင် နှစ်ခုစလုံးကို အခြေခံပြီး လုပ်ရမှာပါ။


မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေးအတွက် ကောင်းစားရေး အတွက် တပ်မတော် ခေါင်းဆောင်တွေနဲ့ ဒီမိုကရေစီ အင်အားစုများ ပူးပေါင်းပြီး လုပ်တာ အကောင်းဆုံး ဆိုတာ၊ အမြန်ဆုံး ဆိုတာကို ကျွန်မတို့ကလည်း လုံးဝ လက်ခံပါတယ်။ ဒီလိုဖြစ်စေဖို့ ဆိုတာကိုလည်း ကြိုးစားပါတယ်။


မေးသူ။ ။ ကိုမင်းဇော် (အမေရိကန်ပြည်ထောင်စု)
မေးခွန်း။ ။ သွေးမြေမကျတဲ့ ပြုပြင်ပြောင်းလဲရေးကို လုပ်မယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြောတာကို ကျွန်တော် ကြားမိပါတယ်။ အဲဒီတော့ တဖက်မှာလည်း ကျွန်တော်တို့တိုင်းပြည်မှာ အာဏာရှင် အုပ်စိုးမှုအောက်မှာ ခေါက်ရိုးကျိုး နေတာလည်း ကြာတဲ့အခါကျတော့ တပ်မတော် မပါဘဲနဲ့လည်းပဲ ကျွန်တော်တို့ တိုင်းပြည်မှာ သွေးမြေမကျပြောင်းလဲမှုဆိုတာ ဖြစ်ဖို့မလွယ်ပါဘူး။ သွေးမြေ မကျတဲ့ တော်လှန်ရေးဖြစ်ဖို့ ဆိုရင် တပ်မတော်ကို မည်ကဲ့သို့ ပါဝင်လာအောင် လုပ်သင့်တယ်လို့ ထင်ပါသလဲ။ ကျွန်တော်တို့ မြန်မာလူငယ် ပညာတတ်တစ်ယောက် အနေနဲ့လည်း ဘယ်အခန်း ကဏ္ဍကနေ ပါဝင် ဆောင်ရွက်သင့်ပါသလဲ။


ဖြေ။ ။ ကိုမင်းဇော်ရဲ့မေးခွန်းက ကိုဇော်နိုင်ရဲ့မေးခွန်းဒုတိယပိုင်းနဲ့ နည်းနည်း ဆင်ပါတယ်။ ကျွန်မတို့ဟာ တပ်မတော်အစိုးရရဲ့ လုပ်ရပ်အချို့ကို လက်မခံနိုင်ပေမယ့် တပ်မတော်အပေါ် မုန်းတီးတဲ့စိတ် ရန်လိုတဲ့စိတ် မရှိဘူး ဆိုတာ တပ်မတော်ခေါင်းဆောင်တွေနဲ့ တပ်မတော်သားတွေ သဘောပေါက်မယ် ဆိုရင် အချင်းချင်းကြား နားလည်မှုယူပြီး တိုင်းပြည် အတွက် ပူးပေါင်း ဆောင်ရွက်နိုင်မှာပါ။


လူငယ်ပညာတတ်တွေ အနေနဲ့ ဒီလိုနားလည်မှုတွေ ရရှိနိုင်ဖို့ တတ်နိုင်တဲ့ဘက်ကနေ ကူညီ ဆောင်ရွက်ပေးစေချင်ပါတယ်။


မေးသူ။ ။ ဒေါ်ယာစ်မင်း ဗားညား (အမေရိကန်ပြည်ထောင်စု – ကယ်လီဖိုးနီးယားပြည်နယ်)
မေးခွန်း။ ။ များသောအားဖြင့် လူတွေက ဗမာပြည်နိုင်ငံရေးကိစ္စ ဆိုပြီးတော့ အခုအထိ နိုင်ငံခြား ရောက်နေပေမယ့် ရှောင်ကြပါတယ်။ တခြား ဘုန်းကြီးကျောင်းပွဲတို့ သင်္ကြန်ပွဲတို့ ဆိုရင် လူတွေအများကြီး တက်ရောက်ပါတယ်။ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ပွဲ ဆိုရင် လူတွေအများကြီး မတတ်တဲ့အတွက် ဘယ်လိုများ လူတွေကိုစည်းရုံးပြီးတော့ ဘယ်လိုများ ဗမာပြည်အတွက် လူတွေကို စိတ်ဝင်စားအောင် ဘယ်လိုလုပ်နိုင်ရင် ကောင်းမလဲ ဆိုတာပါပဲရှင့်။


ဖြေ။ ။ ကိုယ့်ကိုယ်ကို နိုင်ငံရေးနဲ့မဆိုင်ဘူးလို့ နေကြတဲ့သူတွေကတော့ ကြောက်လို့ ဖြစ်နိုင်သလို ပြည်သူ့နီတိပိုင်း ဆိုင်ရာ အားနည်းလို့ ဖြစ်နိုင်ပါတယ်။ နိုင်ငံရေးမှာ ပါဝင်ရဲဖို့ ပါဝင်ချင်ဖို့ နည်းအမျိုးမျိုး စမ်းပြီး စည်းရုံးယူရမှာပါ။ ကယ်လီဖိုးနီးယားလို နေရာမှာ ဆိုရင် ဆက်သွယ်ရေး နည်းပညာတွေ အလွန်ကောင်းတော့ ဒါတွေကို အသုံးချပါ။ အထူးသဖြင့် လူငယ်တွေကို ဦးတည်ပြီး နိုင်ငံရေးအသိစိတ်တွေ များလာအောင်လို့ လုပ်ကြည့်ပါ။


(http://www.rfa.org/burmese/program_2/people_and_assk-11262010114051.html
အသံဖိုင်ကို နားထောင်ပြီး ABMA ၀ိုင်းတော်သားများက စာစီစာရိုက် လုပ်ပါသည်)

Comments