ဇန်နဝါရီ ၁၊ ၂၀၁၁
Friday, December 31, 2010
Kyaw Thu – 2011 Eve
ကျော်သူ
ဇန်နဝါရီ ၁၊ ၂၀၁၁
ဇန်နဝါရီ ၁၊ ၂၀၁၁
၂၀၁၀ ခုနှစ် ဒီဇင်ဘာလအတွင်း ၂၀၁၁ ခုနှစ် အကြိုအဖြစ် နာရေးကူညီမှုအသင်း (ရန်ကုန်)မှ (အခမဲ့) နာရေးပို့ဆောင်မှုများ၊ (အခမဲ့) ဆေးဝါးကုသပေးမှုများအပြင် မျိုးဆက်သစ် လူမှုရေးသင်တန်းများ၊ ပညာရေးသင်တန်းများပါ အခမဲ့ဖွင့်လှစ်ပို့ချပေးခဲ့ပါသည်။
ယင်းကဲ့သို့ သင်တန်းများပို့ချရာတွင် လူမှုရေးသင်တန်းများကို နာရေးကူညီမှုအသင်း (ရန်ကုန်)မှ ဥက္ကဋ္ဌ ဦးကျော်သူ၊ တွဲဖက်အတွင်းရေးမှူး ကိုဇင်ထွန်းအောင်၊ အလုပ်အမှုဆောင် ဒေါ်မေဇွန်ဦး၊ ဒေါ်ကြည်ကြည်စိန်တို့နှင့် အတွေ့အကြုံရှိသော အသင်းသား/သူတို့မှ ပို့ချပေးခဲ့သည်။ ဈာပနပို့ဆောင်ရေးသင်တန်းများ၊ ဈာပနသယ်ဆောင်ခြင်း လက်တွေ့/စာတွေ့ သင်ကြားလုပ်ဆောင်မှုများဖြင့် ပြသခဲ့သည်။
ထို့အပြင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်ပတ်သက်၍ သဘာဝသီးနှံများဖြင့် ထုတ်လုပ်သော (ခေါင်းလျှော်ရည်၊ ဆပ်ပြာရည်) တို့ကို လက်တွေ့/စာတွေ့ နာရေးကူညီမှုအသင်း (ရန်ကုန်) အတွင်းရေးမှူး စာရေးဆရာမ ဒေါ်သန်းမြင့် အောင်ဦးစီး၍ ဒေါ်ကြည်ကြည်စိန်၊ ဒေါ်ခင်ပပမျိုး၊ ဒေါ်အေးအေးခိုင်တို့မှ လူမှုရေးသင်တန်းသူ/ သားများအား လက်တွေ့ထုတ်လုပ် သင်ကြားပြသခဲ့သည်။ ယင်း ခေါင်းလျှော်ရည်၊ ဆပ်ပြာရည်တို့မှ ဓာတုပစ္စည်းများ မပါဝင်ဘဲ သဘာဝသီးနှံတို့ဖြင့်သာ ထုတ်လုပ်ခြင်းဖြစ်သည့်အတွက် သုံးစွဲသူတို့အား ဈေးနှုန်းသက်သာ၍ ကျန်းမာရေးအရလည်း ဘေးဥပါဒ်ဖြစ်ခြင်းတို့ကို ကာကွယ်နိုင်သည်။
မျိုးဆက်သစ်ကလေးငယ်များအတွက် အင်္ဂလိပ်စာ အခြေခံသင်တန်းတွင်လည်း တဦးချင်း တယောက်ချင်း အင်္ဂလိပ်ဘာသာဖြင့် စကားပြောခြင်း၊ ပုံပြင်များပြောကြားခြင်းတို့နှင့် စာရေး စာဖတ် အင်္ဂလိပ်စာ အခြေခံများကို ဆရာ ဦးဝင်းကို၊ ဆရာမ ဒေါ်ဧရာမောင်မောင်၊ ဆရာမ ဒေါ်နီနီအေးတို့နှင့် လုပ်အားပေးအသင်းသူများမှ ပူးတွဲသင်ကြားပေးခဲ့သည်။
ထို့ပြင် အဆင့်မြင့် အကြီးတန်း အင်္ဂလိပ်စာသင်တန်းအဖြစ် တက္ကသိုလ်ဝင်တန်းမှ တက္ကသိုလ် တက်ရောက်နေကြသောသူများအား English Four Skills သင်တန်းအဖြစ် အင်္ဂလိပ်စာ ဆရာမ ဒေါ်မြသန်း (ဦးကျော်သူ မိခင်)၊ ဆရာ ဦးဝင်းကို၊ ဆရာမ ဒေါ်ဧရာမောင်မောင်၊ ဆရာမ ဒေါ်နီနီအေး တို့မှ လုပ်အားပေးအသင်းသူများနှင့် တွဲဖက်၍ ဖွင့်လှစ်သင်ကြားပေးလျှက်ရှိသည်။
၂၀၁၀ ခုနှစ် ဒီဇင်ဘာလအတွင်း နာရေးကူညီမှုအသင်း (ရန်ကုန်)ရှိ သုခကုသိုလ်ဖြစ်ဆေးခန်း တွင် မကြာမီ ဖွင့်လှစ်တော့မည်ဖြစ်သော မျက်စိခွဲစိပ်ခန်းအတွက် အလှူငွေများကိုလည်း ပြည်တွင်း/ပ အလှူရှင်များမှ သဒ္ဒါတရားထက်သန်စွာ လှူဒါန်းမှုများရှိခဲ့သည်။ ၂၁.၁၂.၂၀၁၀ နေ့တွင်လည်း အဆိုတော် ကော်နီမှလည်း အလှူငွေများ လာရောက်လှူဒါန်းခဲ့ပါသည်။
နာရေးကူညီမှုအသင်း (ရန်ကုန်)မှ နာရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးကိစ္စ အဝဝတို့ကို အထောက်အကူပြု လူအား၊ ငွေအား၊ လုပ်အားတို့ဖြင့် လှူဒါန်းကြကုန်သော ဆရာဝန်၊ ဆရာဝန်မကြီးများ၊ ပညာသင်ကြားပေးသော ဆရာ/မကြီးများနှင့် လုပ်အားဒါနအလှူကို လာရောက် ပေးဆပ်ကြသော လူမှုရေးသမားများ အသင်းသား/သူများ၊ ဝန်ထမ်းများအားလုံးကို ၂၀၁၁ ခုနှစ် အကြိုတွင် အထူးကျေးဇူး မှတ်တမ်းတင်၍ သာဓု သာဓု သာဓု ဟု ခေါ်ဆိုလိုက်ပါသည်။
ယင်းကဲ့သို့ သင်တန်းများပို့ချရာတွင် လူမှုရေးသင်တန်းများကို နာရေးကူညီမှုအသင်း (ရန်ကုန်)မှ ဥက္ကဋ္ဌ ဦးကျော်သူ၊ တွဲဖက်အတွင်းရေးမှူး ကိုဇင်ထွန်းအောင်၊ အလုပ်အမှုဆောင် ဒေါ်မေဇွန်ဦး၊ ဒေါ်ကြည်ကြည်စိန်တို့နှင့် အတွေ့အကြုံရှိသော အသင်းသား/သူတို့မှ ပို့ချပေးခဲ့သည်။ ဈာပနပို့ဆောင်ရေးသင်တန်းများ၊ ဈာပနသယ်ဆောင်ခြင်း လက်တွေ့/စာတွေ့ သင်ကြားလုပ်ဆောင်မှုများဖြင့် ပြသခဲ့သည်။
ထို့အပြင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်ပတ်သက်၍ သဘာဝသီးနှံများဖြင့် ထုတ်လုပ်သော (ခေါင်းလျှော်ရည်၊ ဆပ်ပြာရည်) တို့ကို လက်တွေ့/စာတွေ့ နာရေးကူညီမှုအသင်း (ရန်ကုန်) အတွင်းရေးမှူး စာရေးဆရာမ ဒေါ်သန်းမြင့် အောင်ဦးစီး၍ ဒေါ်ကြည်ကြည်စိန်၊ ဒေါ်ခင်ပပမျိုး၊ ဒေါ်အေးအေးခိုင်တို့မှ လူမှုရေးသင်တန်းသူ/ သားများအား လက်တွေ့ထုတ်လုပ် သင်ကြားပြသခဲ့သည်။ ယင်း ခေါင်းလျှော်ရည်၊ ဆပ်ပြာရည်တို့မှ ဓာတုပစ္စည်းများ မပါဝင်ဘဲ သဘာဝသီးနှံတို့ဖြင့်သာ ထုတ်လုပ်ခြင်းဖြစ်သည့်အတွက် သုံးစွဲသူတို့အား ဈေးနှုန်းသက်သာ၍ ကျန်းမာရေးအရလည်း ဘေးဥပါဒ်ဖြစ်ခြင်းတို့ကို ကာကွယ်နိုင်သည်။
မျိုးဆက်သစ်ကလေးငယ်များအတွက် အင်္ဂလိပ်စာ အခြေခံသင်တန်းတွင်လည်း တဦးချင်း တယောက်ချင်း အင်္ဂလိပ်ဘာသာဖြင့် စကားပြောခြင်း၊ ပုံပြင်များပြောကြားခြင်းတို့နှင့် စာရေး စာဖတ် အင်္ဂလိပ်စာ အခြေခံများကို ဆရာ ဦးဝင်းကို၊ ဆရာမ ဒေါ်ဧရာမောင်မောင်၊ ဆရာမ ဒေါ်နီနီအေးတို့နှင့် လုပ်အားပေးအသင်းသူများမှ ပူးတွဲသင်ကြားပေးခဲ့သည်။
ထို့ပြင် အဆင့်မြင့် အကြီးတန်း အင်္ဂလိပ်စာသင်တန်းအဖြစ် တက္ကသိုလ်ဝင်တန်းမှ တက္ကသိုလ် တက်ရောက်နေကြသောသူများအား English Four Skills သင်တန်းအဖြစ် အင်္ဂလိပ်စာ ဆရာမ ဒေါ်မြသန်း (ဦးကျော်သူ မိခင်)၊ ဆရာ ဦးဝင်းကို၊ ဆရာမ ဒေါ်ဧရာမောင်မောင်၊ ဆရာမ ဒေါ်နီနီအေး တို့မှ လုပ်အားပေးအသင်းသူများနှင့် တွဲဖက်၍ ဖွင့်လှစ်သင်ကြားပေးလျှက်ရှိသည်။
၂၀၁၀ ခုနှစ် ဒီဇင်ဘာလအတွင်း နာရေးကူညီမှုအသင်း (ရန်ကုန်)ရှိ သုခကုသိုလ်ဖြစ်ဆေးခန်း တွင် မကြာမီ ဖွင့်လှစ်တော့မည်ဖြစ်သော မျက်စိခွဲစိပ်ခန်းအတွက် အလှူငွေများကိုလည်း ပြည်တွင်း/ပ အလှူရှင်များမှ သဒ္ဒါတရားထက်သန်စွာ လှူဒါန်းမှုများရှိခဲ့သည်။ ၂၁.၁၂.၂၀၁၀ နေ့တွင်လည်း အဆိုတော် ကော်နီမှလည်း အလှူငွေများ လာရောက်လှူဒါန်းခဲ့ပါသည်။
နာရေးကူညီမှုအသင်း (ရန်ကုန်)မှ နာရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးကိစ္စ အဝဝတို့ကို အထောက်အကူပြု လူအား၊ ငွေအား၊ လုပ်အားတို့ဖြင့် လှူဒါန်းကြကုန်သော ဆရာဝန်၊ ဆရာဝန်မကြီးများ၊ ပညာသင်ကြားပေးသော ဆရာ/မကြီးများနှင့် လုပ်အားဒါနအလှူကို လာရောက် ပေးဆပ်ကြသော လူမှုရေးသမားများ အသင်းသား/သူများ၊ ဝန်ထမ်းများအားလုံးကို ၂၀၁၁ ခုနှစ် အကြိုတွင် အထူးကျေးဇူး မှတ်တမ်းတင်၍ သာဓု သာဓု သာဓု ဟု ခေါ်ဆိုလိုက်ပါသည်။
Labels:
Contemporary Experience,
Kyaw Thu
Burmese Currency Value climbing high
ကျပ်နှင့် ဒေါ်လာလဲနှုန်း စံချိန်တင်ကျ
မိုးမခ အထောက်တော်၊ ရန်ကုန်
ဇန္န၀ါရီ ၁၊ ၂၀၁၁
ယခု သီတင်းပတ်အတွင်း ကျပ်နှင့်ဒေါ်လာလဲလှယ်နှုန်း တရက်ထက်တရက် ကျဆင်းလာရာမှ သီတင်းပတ်မကုန်ဆုံးမီ သောကြာနေ့တွင် ကန်တဒေါ်လာ ကို ၈၆၀ ကျပ်အထိကျဆင်းခဲ့သည်ကို တွေ့ရသည်။ သီတင်းပတ် အစတွင် တဒေါ်လာ ၈၇၅ ကျပ်ဝန်းကျင်ရှိခဲ့ရာမှ နေ့စဉ်ရက်ဆက် တဖြည်းဖြည်းခြင်း ကျဆင်းလာနေခြင်း ဖြစ်သည်။ ဒေါ်လာလဲလှယ်နှုန်း ကျဆင်းသကဲ့သို့ အက်ဖ်အီးစီ တယူနစ်လဲလှယ်နှုန်းလည်း ၈၀၀ ကျပ်ဝန်းကျင်တွင်သာရှိနေသည်ဟု သိရသည်။
ဒေါ်လာနှင့် အက်ဖ်အီးစီ စံချိန်တင်ကျဆင်းမှုများကြောင့် ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းများ၊ ပြည်ပသို့ ကုန်ပစ္စည်း တင်ပို့သူများ၊ ဆန်စပါး တင်ပို့သူများနှင့် နိုင်ငံခြားငွေဖြင့် လစာသတ်မှတ်ထားသူ နိုင်ငံတကာအန်ဂျီအိုများမှ ၀န်ထမ်းများအထိ ထိခိုက်လျက်ရှိနေပြီး နောက်ထပ်ကျဆင်းမည့် အရိပ်လက္ခဏာများလည်း ရှိနေသလို ပြည်တွင်းဈေးကွက်တွင်လည်း ယခင်ကလို ဒေါ်လာဖြင့်ပေးချေလျင် မျက်နှာပန်းမလှတော့ဟု နိုင်ငံခြားသား ခရီးသည်လမ်းညွှန်တဥိးက ပြောသည်။
နိုင်ငံတကာမှာလည်း ဒေါ်လာတန်ဖိုး ကျဆင်းနေသော်လည်း မြန်မာကျပ်ငွေနဲ့ လဲလှယ်သည့်တန်ဖိုးက အခြားနိုင်ငံငွေကြေးတွေထက် ပိုပြီး ကျဆင်းနေသည်။ နှစ်စက တဒေါ်လာ ကျပ် ၁ထောင်ကျော်ရှိရာကနေ နှစ်ကုန်ချိန်မှာ ၈၅၀ ကျပ်ဝန်းကျင်သာရှိသည့်အတွက် ရာခိုင်နှုန်းအားဖြင့် ၁၅-၂၀ ၀န်းကျင် ကျဆင်းလာသည်ကို တွေ့ရသည်။
အမေရိကန်ဒေါ်လာ အားပျော့နေခြင်း၊ နိုင်ငံရဲ့ သယံဇာတရောင်းရသည့် နိုင်ငံခြားငွေများ စီးဝင်နေခြင်း၊ ရေအားလျှပ်စစ်၊ ရေနက်ဆိပ်ကမ်း၊ ဓါတ်ငွေ့ပိုက်လိုင်းသွယ်တန်းမှု အစရှိသည့် ရင်းနှီးမြှုပ်နှံမှုများ စတင် ၀င်ရောက်လျက်ရှိခြင်း၊ ကျောက်မျက်များ ရောင်းချနေသည့် ဈေးကွက်များထံမှ နိုင်ငံခြားငွေ စီးဝင်နေတဲ့ အချက်နှင့် ပြည်တွင်း စီပွားရေးများ နှေးကွေးနေပြီး ၀ယ်လိုအားများ ကျဆင်းနေခြင်း စသည့် အချက်တွေကြောင့် မြန်မာငွေတန်ဖိုးမြင့်မားစေသည့် အကြောင်းအရင်းများ ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် စီးပွားရေးနှင့် ပတ်သက်သည့် အချက်အလက်များ ရရှိရန် ခက်ခဲပြီး စနစ်တကျ စုဆောင်းထားရှိခြင်းလည်း မရှိသဖြင့် ကျပ်ငွေတန်ဖိုး တက်လာခြင်းအကြောင်းရင်းကို မည်သည့် စီးပွားရေး ပညာရှင်လေ့လာသူမျှ တိကျသည့် ကောက်ချက်မထုတ်နိုင်သော်လည်း မြန်မာနိုင်ငံစီးပွားရေး ဦးတည်နေသည့် လမ်းကြောင်းကို ကြည့်ပြီး အထက်ပါ ကောက်ချက်ချကြခြင်း ဖြစ်သည်ဟု စီးပွားရေး သတင်းအယ်ဒီတာ တဦးကပြောသည်။
ဒေါ်လာငွေနဲ့ သတ်မှတ်ပြီး လစာပေးသည့် နိုင်ငံတကာ အန်ဂျီအိုအချို့မှာမူ တဒေါ်လာ ကျပ် ၁ထောင်နှုန်းထားပြီး အပိုဆောင်းပေးခြင်း ၊ လစာပေးသည့်ငွေကို ကျပ် ၁ထောင်ဖြင့် အရှုံးခံဝယ်ယူပေးခြင်း တို့လုပ်ဆောင်ပေးနေကြရသည်ဟု နိုင်ငံတကာ အန်ဂျီအိုမှ တာဝန်ရှိသူတဦးက ပြောသည်။
“ မြန်မာပြည်တွင်းမှာ အစိုးရရဲ့ လက်ဝါးကြီးအုပ်စီးပွားရေးကလွဲရင် အခြား ပုဂ္ဂလိကလုပ်ငန်းလည်ပတ်မှုတွေ၊ ထုတ်လုပ်မှုတွေ နည်းပါးတယ်။ ပြည်သူလူထု အများစုဟာ လက်ဝါးကြီးအုပ် စစ်အာဏာရှင်နဲ့ အပေါင်းအပါတွေရဲ့ လက်ဝေခံတွေဖြစ်နေတယ်။ ဒေါ်လာက လုပ်ငန်းရှင်ကြီးများနဲ့ စစ်အုပ်စုလက်ထဲမှာ လည်ပတ်နေပြီးတော့ ပြည်သူလူထုတွေက ဒေါ်လာက လဲပေးလိုက်တဲ့ မြန်မာငွေစက္ကူကို သုံးစွဲနေရတဲ့ လက်ဝေခံ လူတန်းစားဘ၀ကို ရောက်နေပြီ။ မြန်မာငွေစက္ကူဈေးနဲ့ နိုင်ငံခြားငွေလဲလှယ်ရေးကို ပြည်တွင်း ပြည်ပ ကုန်ကူးသန်း ရောင်းဝယ်မှုတွေ ထုတ်လုပ်မှုတွေက လွတ်လပ်စွာ ပြဋ္ဌာန်းဖို့ လိုအပ်တယ်လို့ ပြောချင်တယ်။”
ဟု ငွေစက္ကူ အရောင်းအ၀ယ်လုပ်ငန်း လုပ်ကိုင်သူ ငွေပွဲစားတဦးက မှတ်ချက်ပေးသည်။
မြန်မာနိုင်ငံတွင် ဒေါ်လာနှင့် ကျပ်ငွေ တရားဝင် လဲလှယ်နှုန်းမှာ ၆ကျပ် ခွဲဝန်းကျင်ရှိပြီး အကောက်ခွန်ဆိုင်ရာ ကိစ္စရပ်များတွင်မူ ကျပ် ၁ထောင် သတ်မှတ်ကောက်ခံလျက်ရှိသည်။ အစိုးရက အမေရိကန် တဒေါ်လာနှင့် ညီမျှသည်ဟု ဆိုပြီးထုတ်ဝေထားသည့် အက်ဖ်အီးစီဈေးနှုန်းမှာ ဒေါ်လာငွေထက် လျော့နည်းနေပြီး ယခုလက်ရှိ အချိန်တွင် တစ်ယူနစ် ကျပ် ၈၀၀သာ ရှိသည်ကိုတွေ့ရသည်။ မြန်မာနိုင်ငံသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများအတွက် အဓိက အတားအဆီးတခုမှာ တရားဝင်ငွေလဲနှုန်းနှင့် ပြင်ပငွေလဲနှုန်း အဆပေါင်းရာချီကွာဟ နေခြင်းဖြစ်သည်ဟု ပြည်ပရင်းနှီးမြှုပ်နှံသူများက ထောက်ပြကြသည်။
Labels:
Local News Headlines
Mar Mar Aye - New Year 2011 Song
Labels:
Mar Mar Aye,
Radio Program
2011 Message from Suu
ဒေါ်အောင်ဆန်းစုကြည်၏ ၂၀၁၁ နှုတ်ခွန်းဆက်သ၀ဏ်လွှာ
မိုးမခဓာတ်ပုံသတင်း
ဒီဇင်ဘာ ၃၁၊ ၂၀၁၀
(ဖေ့စ်ဘွတ်တွင် တင်ဆက်ထားသည်မှ နှင့် မြတ်လေးငုံဘလော့ဂ်က ယူပါတယ်)
နှစ်ဟောင်းလွန်မြောက် နှစ်သစ်ရောက်ချိန်တွင် ကျွန်မ၏ နိုင်ငံရေးဘဝ ဖြတ်သန်းမှုကို ပြန်လည် သုံးသပ်ကြည့်သောအခါ.. ပြည်သူလူထု၏ ဒီမိုကရေစီနှင့် လူအခွင့်အရေးအတွက် ကြိုးပမ်းသည့်ကာလ၊ နေအိမ်အကျယ်ချုပ် ကျခံသည့်ကာလ၊ ပြန်လည် လွတ်မြောက်လာသည့်ကာလ ဟူ၍ ကာလသုံးပါးကို တွေ့မြင်ရပါသည်။
ယင်းကာလသုံးပါးစလုံးတွင် ကျွန်မအတွက်လည်းကောင်း၊ ကျွန်မ၏ ရည်မှန်းချက်အတွက် လည်းကောင်း.၊ ကျမ၏ ကြိုးပမ်း ဆောင်ရွက်မှုများ အတွက် လည်းကောင်း၊ ထောက်ခံသူ အားပေးသူ ကူညီသူ အမြောက်အများ ရှိပါသည်။ နိုင်ငံ့ခေါင်းဆောင်များ၊ ဘာသာရေးခေါင်းဆောင်ကြီးများ၊ ငြိမ်းချမ်းရေး နိုဘယ် ဆုရှင်များ အပါအဝင်..ပုဂ္ဂိုလ်များ၊ ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ စသည်စသည် ပါဝင်သော အဖွဲ့အစည်းများ၊ အမေရိကန်နှင့် ဥရောပနိုင်ငံ အများအပြားမှ နိုင်ငံသူ နိုင်ငံသားများ၊ ပြည်တွင်းပြည်ပမှ ကျွန်မတို့ တိုင်းရင်းသား ပြည်သူများ ပါဝင်ကြပါသည်..။
ထိုသူများ၏ ကာယကံအားဖြင့်၊ ဝစီကံအားဖြင့်၊ မနောကံအားဖြင့် ရိုင်းပင်း ကူညီခဲ့သူများအတွက် ကျွန်မက အထူးတလည် ကျေးဇူးဥပကာရ တင်ရှိပါကြောင်း အထူးတလည် ဖော်ပြအပ်ပါသည်..။
အထူးသဖြင့် ယခုတစ်ကြိမ် ပြန်လွတ်ရာတွင် ပိုမို တက်ကြွနေသော လူငယ်များအပါအဝင် ပြည်သူများမှ အင်တိုက်အားတိုက် ထောက်ခံ အားပေးမှုကြောင့် ကျွန်မ အလွန် ဝမ်းမြောက် ကြည်နူးရပါသည်။ အမျိုးသားပြန်လည် သင့်မြတ်မှုရရှိရေး စစ်မှန်သော ပြည်ထောင်စုစိတ်ဓာတ် တဖန်နိုးထ ရှင်သန်လာရေးတို့ အတွက် ပြည်သူ့နိုင်ငံရေး လူမှုကွန်ယက်ကြီး တစ်ရပ် ထူထောင်ခြင်းဖြင့် ကျွန်မတို့ မဖြစ်မနေ ကြိုးပမ်းရပါဦးမည်။ မင်္ဂလာနှစ်သစ်တွင် ခွန်သစ်အားသစ် လုပ်ငန်းပုံစံသစ်ဖြင့် တိုင်းရင်းသားပြည်သူအားလုံး လက်တွဲကြိုးပမ်းကြပါစို့ဟု နှိုးဆော်ရင်း နှုတ်ခွန်း ဆက်သလိုက်ပါသည်။
ရက်စွဲ ၁-၁-၂၀၁၁
ဒီမိုကရေစီရေး မုချအောင်ရမည်
အောင်ဆန်းစုကြည်
Labels:
News in Photos
Myo Myint Cho - Me and Nyo Mya - Interogated
ကျနော်နှင့် ညိုမြ
မျိုးမြင့်ချို
ဒီဇင်ဘာ ၃၁၊ ၂၀၁၀
ဦးညိုမြ လက်ဘက်ရည်ဆိုင် ထိုင်လေ့ရှိမရှိနှင့် လက်ဘက်ရည် ကြိုက်မကြိုက်ကို ကျနော် အသေအချာ မပြောနိုင်ပါ။ သူနှင့်ရင်းနှီး ကျွမ်းဝင်ဖို့မဆိုနှင့် လူချင်းတောင် တခါမှ မတွေ့ဖူးပါ။ သြော် … ဒါဆို ... ဦးညိုမြကိုများ "ကျနော်နှင့်ညိုမြ" ဆိုတဲ့ခေါင်းစဉ်နဲ့ နင်တလုံး ငါတလုံး ပြောရအောင် မင်းက ဘာကောင်မို့လို့လဲ စသဖြင့်.. ထင်စရာရှိပါသည်။ တကယ်တော့ ကျနော် သူနှင့် အမှန်ပင် အဆက်အစပ် အပတ်အသက် ရှိခဲ့ဖူးပါသည်။
ဒုတိယအကြိမ် ရေကြည်အိုင်ကို ပြန်ရောက်တော့ ၄၈၂၈ အမှုတွဲများတွင် ကျနော်က နောက်ဆုံး အဖမ်းခံရသူဟု ထင်မိပါခဲ့သည်။ သို့သော် ထိုအထင် မမှန်ကြောင်းကို ကိုဗေဒါ (ခေါ်) ကိုမောင်မောင်အေးနှင့် အဖမ်းခံရက်တွေ အကြောင်း စကားစပ်မိတော့မှ သိလိုက်ရပါသည်။ ထားတော့။ ကျနော်ပြောချင်သည်က အဖမ်းခံရစောခြင်း/နောက် ကျခြင်း အကြောင်း မဟုတ်ပါ။ ညိုမြ အကြောင်း ဖြစ်ပါသည်။
ကျနော့်ကို စစ်ကြောရေးမှာထားပြီး မေးသည်။ မြန်းသည်။ စစ်ကြောရေးလုပ်သည်။ "နှိပ်စက်ညှဉ်းပမ်းခြင်း" ဆိုသည့် ဝေါဟာရ အစား အခြားတခုခုရှိလျှင် အပြောင်းအလဲလေး ဖြစ်အောင် သုံးချင်ပါသည်။ "နောက်ဆုံးလူမို့ သူခိုး ရိုးစရာ" လည်း မကျန်တော့ပါ။ သို့နှင့်တိုင် မောင်မင်းကြီးသားများက အားမရ။ ကြံဖတ်မှသကြားချက်လို့ ရသေးသည်ဟု ထင်နေပုံပေါ်သည်။
တနေ့၊ ည ၁၀ နာရီလောက် ရှိမည် ထင်သည်။ ကျနော့်ကို စစ်ကြောရေးအခန်းသို့ ခေါ်ထုတ်လာပြီးနောက် အရာရှိဖြစ်ဟန် ရှိသူ တယောက်က “မင်း...သိန်းတင်ကို သိလား” ဟု ထပ်တလဲလဲ မေးသည်။ ကျနော်က မသိကြောင်း ဖြေသည်။ သူက မကျေနပ်။ “မင်းနဲ့ သိန်းတင် ဘယ်နေ့ ဘယ်အချိန် ဘယ်လက်ဘက်ရည်ဆိုင်မှာ ဆုံခဲ့တယ်.. ဘာတွေပြောခဲ့ကြတယ် ဆိုတာ ငါတို့ အကုန် သိထားပြီးသား. ပြော..မပြောရင် နာမယ်”ဟု ကြိမ်းသည်။ ကျနော်ကလည်း မသိကြောင်း၊ မဟုတ်ကြောင်းသာ တွင်တွင်ငြင်းသည်။ နောက်တော့ သူ စိတ်တိုလာပြီး သူ့လူများအား တခုခု အချက်ပြလိုက်ပုံရသည်။ ကျနော့်လည်း လူစင်စစ်မှ ငါးဖယ်ဖြစ်သွားသည်။
အတေခံနေစဉ်မှာပဲ..
“မင်း ဆွေထဲ မျိုးထဲမှာ၊ မင်းသူငယ်ချင်းတွေထဲမှာ၊ မင်းနဲ့ နိုင်ငံရေး လုပ်ကြတဲ့သူတွေထဲမှာ၊ မင်းအသိ တွေထဲမှာ သိန်းတင်ဆိုတဲ့ နာမည်နဲ့ကောင် တကောင်ကောင်တော့ ရှိကိုရှိရမယ်..ပြောပါ.. မင်း အခု မပြောလည်း နောက်တော့ ပြောလာရလိမ့်မယ်...မင်းတို့လို ကိုင်းဖျားကိုင်းနားတွေ မပြောနဲ့ မင်းတို့ဆရာကြီးတွေတောင် ဒို့ရှေ့ရောက်ရင် အကုန် အန်ထုတ် ပေးသွားကြရချည်းပဲ..ကဲ..ပြောတော့” တဲ။့
နောက်ဆုံး ကျနော်လည်း မခံနိုင်တော့။
“ကျနော်သိတဲ့ သိန်းတင်တယောက်တော့ ရှိပါတယ်”
ဟု ပြောလိုက်ရတော့သည်။
လူလည်း ကုလားထိုင်ပေါ် ပြန်ရောက်လာသည်။
“အဲလိုလုပ်စမ်းပါကွာ... ဟေ့ကောင်တွေ ရေလေး ဘာလေး တိုက်လိုက်”
ဟု စကားသံအဆုံးမှာ ကျနော်ရေတခွက်ရသည်။
“ကဲ...ပြော.. အခု အဲဒီ သိန်းတင် ဘယ်မှာလဲ..”
ကျနော်က...
“အဲဒါတော့ ကျနော် မပြောတတ်ဘူး...”
“ဒါဆိုလည်း မင်းသိသမျှပြောကွာ” ဟုပြောပြီး ခေါင်းစွပ်လည်း ချွတ်ပေးခိုင်းပါသည်။
“ကျနော်သိတဲ့ သိန်းတင်က ညိုမြပါ..” ကျနော့်စကား မဆုံးသေး၊
“အေး..ငါတို့လည်း သိတယ်။ ငါတို့လည်း သိတယ်..အဲဒီ ညိုမြဆိုတဲ့ ကောင်ကို.. အဲဒီ ယူဂျီကောင်တွေ နာမည်အမျိုးမျိုး မှတ်ပုံတင်အမျိုးမျိုး ကိုင်ထားတာ.. ဟုတ်ပြီ ဆက်ပြော..”
ဆိုတော့ ကျနော်က ဆက်ပြော သည်။
“သူ..သေတာကြာပါပြီ”
“ဘယ်သူ သတ်လို့လည်း”
“ဘယ်သူမှမသတ်ပါဘူး.. သူ့ဟာ သူသေတာပါ..”
“ဘယ်တုန်း လောက်ကလဲ...”
“ကျနော်လည်း အသေချာတော့မမှတ်မိတော့ပါဘူး..ကြာတော့ကြာပြီ”
“ခွေးမသား..လုပ်လာပြန်ပြီ.. ဟေ့ကောင်တွေ...”
ဟု ဆိုသည့် စကားသံပင် မဆုံးလိုက်... ငါးဖယ်ဖြစ်သွားပြန်သည်။
ကျနော်က..
“တကယ်ပြောတာပါဗျာ.. သူ သေပါပြီ...သူက နတ်ဝါသနာပါလို့ သူ့မိတ်ဆွေတချို့က သူသေတော့ နတ်ဖြစ်ပါစေတော့ဆိုပြီး သံလျင်ကျောက်တန်းဘက်မှာ သူ့ အတွက် နတ်ကွန်းလေးတောင် ဆောက်ထားပေးတယ်လို့ ကြားဖူးပါတယ်”
ဆိုကာ ဗလုံးဗထွေးတွေ ပြန်ဖြေနေသည်။
နောက်တော့ ဘာတွေဆက်ဖြစ်လည်း ကျနော်မသိတော့။
တရေးနိုးတာလိုလို ဘာလိုလို အိပ်ချင်မူးတူးဖြင့် ပြန်နိုးလာတော့ ကျနော့်အခန်းလေး ထဲ ပြန်ရောက်နေသည်။ လူလည်း နာကျင်နေသည်။
ထိုနေ့မှာပဲ စစ်ကြောရေးကနေ ထောင်သို့ပို့သည်။ ပျော်လိုက်သည့်ဖြစ်ခြင်း။ ထောင်ထဲမှာ အခြားသူတွေလို ကျနော်လည်း စစ်ကြောထပ်ခံရပါ၏။ သို့သော် သိန်းတင်အကြောင်း မေးလည်းမမေး။ ပါလည်းမပါတော့။ ကျနော်ကသာ ထို သိန်းတင်ကို သိချင်နေသည်။
နောက်တော့ စစ်ဗိုလ်ကြီး ၃ ဦးနှင့်ဖွဲ့ထားသည့် နွားထီး ၅ ကျပ် နွားမ ၅ ကျပ်၊ ၅ မိနစ် တရားသို့ ရုံးတင်သည်။ တရားခွင်မှာ တရားလိုထောက်လှမ်းရေးအရာရှိက တရားသူကြီးများအား ဖတ်ပြသည့် စွဲချက်များထဲတွင်.. ကျနော်နှင့်သိန်းတင် ဘယ်နေ့ ဘယ်ရက် ဘယ်အချိန်က ဘယ်လက်ဘက်ရည်ဆိုင်တွင် ဆုံပြီး အစိုးရဆန့်ကျင်ရေးတွေ၊ ယူဂျီလုပ်ငန်းတွေ တိုင်ပင်ကြသည်...။ ကျနော့်ကို သိန်းတင်က ဘာညွှန်ကြားချက်တွေပေးပြီး တောထဲပြန်သွားသည်...။ မပြန်ခင်မှာ ကျနော့်ကို သူ့ကျန်းမာရေးလည်း မကောင်းတော့ကြောင်း... တရားထိုင် တရားမှတ်တွေလုပ်နေကြောင်း ပြောသွားခဲ့သည် ... စတာတွေပါလာတော့မှ ကျနော်လည်း သဘောပေါက်တော့သည်။ ကျနော် ရယ်ချင်နေသည်။ မရယ်ရဲ။
ဦးညိုမြခမျာ လက်နက်ကိုင်တော်လှန်သည့် ကွန်မြူနစ်တစ်ဦး ဖြစ်ခဲ့ရရုံမျှမကသေး ကျနော့်ကို အစိုးရဆန့်ကျင်ရေးနှင့် ယူဂျီ (မြေအောက်တော်လှန်ရေး) လုပ်ငန်းသဘောတရားများ ပို့ချခဲ့သည့်အပြင် ဘယ်ကနေဘယ်လို တရားထိုင် တရားမှတ်ရင်း နတ်ဇာတ် အသွင်းခံရမှန်းလည်းမသိ အသွင်းခံလိုက်ရသေးသည်။
ကျနော်တို့ကား တရားလက်ကိုင်မရှိသူတို့၏ ဓါးမ(ဒါးမ)အောက်တွင် လက်ဘက်ရည်ဆိုင် အတူ ထိုင်ဖက်များ။
( ၁၉၈၅ခု စက်တင်ဘာလ ၂၉ရက်နေ့တွင် မြန်မာပြည်၏ စာနယ်ဇင်းအကျော်အမော်၊ စာရေးဆရာကြီး ဦးညိုမြ (လူအမည် - ဦးသိန်းတင်) ကွယ်လွန်ခဲ့ပြီးဖြစ်သည်)
Labels:
Memories
Than Myint Aung - Sun Set Villa for the Burmese Aged
ရင်ထဲကဆည်းဆာရိပ်
သန်းမြင့်အောင်
ဒီဇင်ဘာ ၃၁၊ ၂၀၁၀
နှင်းဆီအိမ်ဆိုတဲ့ ခြံတခါးဝက ဆိုင်းဘုတ်ကလေးကို မြင်လိုက်တာနဲ့
“ပြင်ဦးလွင်မြို့ကိုရောက်ရင် တခြား ဘာမှမလုပ်နဲ့ ဆည်းဆာရိပ်အကြောင်းကို အရင်ရေးဟာ။ အဲဒီဆောင်းပါး မရေးဖြစ်မချင်း ညီမ မပြန်နဲ့”
ဆိုတဲ့ မမဝင်း(ဆရာမကြီးဒေါ်ကလျာ)ရဲ့စကားကို ဖျတ်ကနဲ သတိရ လိုက်ပါတယ်။
ကွှန်မက အစ်မကြီးတွေ မမဦး(ဆရာမကြီး ဒေါ်ခင်ဆွေဦး) မမဝင်းကို ဇူလိုင်လမှာ ပြင်ဦးလွင်မြို့ကို လိုက်ပို့ပေးမယ် ဆိုတဲ့ ကတိအတိုင်း ခုတော့ ရောက်ခဲ့ပါပြီ။ မန္တလေးနဲ့ ပြင်ဦးလွင်မြို့ လာစရာကိစ္စတွေကလည်း သုံးမျိုးထက် မနည်း ရှိနေလေတော့ တစ်ချက်ခုတ် လေးချက်ပြတ်လို့ပဲ ပြောရလေမလားဘဲ။
ကျွန်မနဲ့ညီမစုထား (Dr ထားထား) တို့ သုခရိပ်မြုံကိစ္စအတွက် သွားလာ တွေ့ဆုံဆွေးနွေးစရာတွေ၊
ကျွန်မ၏ မိသားစု ကိုယ်ရေးကိုယ်တာ ကိစ္စ၊
မန္တလေးက ညီမကြီးဝင်း၏ တူမသမီး၊ ကျွန်မတို့၏တူမလေး စုရတနာ၏မင်္ဂလာကိစ္စ၊
ပြင်ဦးလွင်မြို့က လူမှုရေး လုပ်ဖေါ်ကိုင်ဘက်မောင်နှမများနှင့် တွေ့ဆုံရန် စတဲ့ အကြောင်းကြောင်းတွေကြောင့် အစ်မနှစ်ယောက်ကို ယခုတော့ ပြင်ဦးလွင်မြို့သို့ ပို့ဖြစ်ခဲ့ပါပြီ။
ပြန်ခေါ်လာပါမည်ဟု ကတိ မရှိခဲ့ပါဟူသော အကြောင်းပြချက်ဖြင့် သူတို့ ပြင်ဦးလွင်မြို့တွင် နေပြီး စာရေးကြမည့် တစ်ပတ်(သို့မဟုတ်) ၁၀ ရက်ကိုဖြင့် ကျွန်မ မစောင့်နိုင်တော့ဘဲ နှစ်ရက်နှင့် ရန်ကုန် ပြန်ပြေးရပေတော့မည်။ ကျွန်မနှင့်စုထား နှစ်ယောက်လုံးက သုခရိပ်မြုံဂေဟာနှင့် ဆည်းဆာရိပ်ဂေဟာမှ ရက်ရှည်ခွာ၍ မရသောသူများ….။
ကျွန်မတို့ ခရီးစထွက်ခဲ့သည့် ၂၂-၇-၂၀၁၀ နေ့တွင် သုခရိပ်မြုံမှ သားလေး သုံးယောက်က ဝေဘာဂီဆေးရုံတွင် ဆေးရုံ တင်ထားရပြီး ဆည်းဆာရိပ်မှ အဖွားအိုတစ်ယောက်ကိုလည်း မြောက်ဥက္ကလာပ ဆေးရုံတွင် တင်ထားဆဲဖြစ်သည်။
မလာမဖြစ်သော ကိစ္စများကြောင့်သာ ထွက်လာရသော်လည်း နှစ်နေရာလုံးကို စိတ်က ရောက်နေသည်။ အထူးသဖြင့် ယခုမှ စတင်ဆဲဖြစ်သော ဆည်းဆာရိပ်မှ အဖိုးနှင့်အဖွားများ..။
”ဆည်းဆာရိပ်” က သက်တမ်း အလွန်နုနယ်ပါသေးသည်။
စေတနာမေတ္တာကြီးမားသော အလှူရှင်မိသားစုများ၏ ပံ့ပိုးမှုကြောင့်သာ ကျွန်မတို့ စတင် အကောင်အထည် ဖေါ်နိုင်ကြခြင်းဖြစ်သည်။ ဒါတောင် သံလျှင်က မြေနေရာကလေးကို မြေညှိ ခြံခတ်၊ မီးသွယ်ထားနိုင်ရုံမျှသာ ရှိသေးပြီး အဆောက်အဦး မဆောက်နိုင်သေးပါ။
ကလျာမဂ္ဂဇင်းတွင် ပါဝင်သော ဆောင်းပါးနှင့် ဂျာနယ်သတင်းများကြောင့် အလှူရှင်များနှင့် အကူအညီ တောင်းသူများက ဆက်သွယ်လာသောအခါ ကျွန်မတို့ အမြန် အကောင်အထည်ဖေါ်ဖို့ ကြိုးစားရပါတော့သည်။ ကျွန်မ၏ စိတ်ကူး အိပ်မက်ကို အကောင်အထည်ဝိုင်းဖေါ်ကြသော ကျွန်မ၏ချစ်လှစွာသော သူငယ်ချင်းများနှင့် စာပေမောင်နှစ်မ၊ ညီအစ်မများကိုဖြင့် အထူးပင်ကျေးဇူး တင်စကားပြောကြား၍ ကုန်အံ့ မထင်တော့ပါ။
ယခုအချိန်မှာတော့ အလွယ်တကူ အလျှင်အမြန် အကောင်အထည်ဖေါ်နိုင်သည့် ဆည်းရိပ်(၂) မြေနေရာအမှတ် ၃၀၃/၃၀၅ မဟော်သဓာလမ်း (၁၂) ရပ်ကွက် အရှေ့ဒဂုံ၊ ဖုန်း ၇၃၀၁၈၀၀၇ တွင် ၃၀ပေ × ၄၅တစ်ထပ် အဆောက်အဦးကလေးကို ကိုသက်ချိုဦး + မယဉ်ယဉ်ကြည်မော် မိသားစုက ဆောက်လုပ်လှူဒါန်းသဖြင့် ၂၀၁၀ ဧပြီလမှ စတင်၍ ခိုကိုးရာမဲ့ နာမကျန်းဘိုးဘွား ၈ ဦးကို စတင် လက်ခံပြုစုနေပြီဖြစ်ပါသည်။
လာရောက်ခေါ်ယူပြုစုစောင့်ရှောက်ရန် ကျွန်မတို့ထံ သတင်းပေးကြသော ဦးရေမှာ မနည်းလှပါ။ သို့သော် သင့်တင့်သော အဆောက်အဦး၊ ဝန်ထမ်းအင်အား၊ နေရာထိုင်ခင်း အခက်အခဲကြောင့် သတင်းပေးလာသော ဦးရေထဲမှ အဖွဲ့လိုက် နေရာအရောက် သွားရောက်ကြည့်ရှူစစ်ဆေးပြီး အလိုအပ်ဆုံးနှင့် အခြေအနေအဆိုးဆုံး အဘိုးအဘွားများကို ကိုယ်တိုင် သယ်ယူလာပြီး ပြုစုစောင့်ရှောက်ဖြစ်နှင့်သည်။
ခိုကိုးရာမဲ့ နာမကျန်း ဆိုသည့်အတိုင်း သားထောက်သမီးခံ မရှိ၊ နေစရာအိမ် မရှိ၊ စားစရာအစားအစာမရှိ၊ ကုသစရာဆေးဝါးမရှိကြသည်ကို သနားကြင်နာပါလျှက် ပြုစုစောင့်ရှောက်နိုင်စွမ်း မရှိကြသော အမြင် မတော်သူများ၏ လာရောက် သတင်းပေးသည့် ကျေးဇူးဖြင့် ကျွန်မတို့တစ်တွေ အမေစား၊ အဖေစား၊ အဘွားအစား ရနေကြပါပြီ။
သို့သော်လည်း ကျွန်မတို့ အားချည်းပဲဖြင့်တော့လည်း မစွမ်းဆောင်နိုင်ပါ။ အချိန်တန် ရေချိုးပေးရသော၊ လိုအပ်လျှင် ထမင်းခွံ့ကျွေးရသော၊ အညစ်အကြေး သုတ်သင်ရှင်းလင်း လျှော်ဖွပ်ပေးရသော၊ အချိန်မှန်မှန် ဆေးတိုက် ကျွေးရသော၊ ဆရာဝန်ကြီးများ၊ သမားတော်ကြီးများ ချိန်းသော ရက်ချိန်းအတိုင်း မှန်မှန် ဆေးကုသမှုသွားရောက် ခံယူရသော တာဝန် ဝတ္တရားတွေကိုဖြင့် (ဗော်လံတီယာ) ဘော်လံဒီယာ လုပ်အားပေးများနှင့်ဝန်ထမ်းများက မနားမနေ တာဝန်ယူ ထမ်းဆောင်ရပါသည်။
အသက် အရွယ် အိုမင်း ရင့်ရော်လာသည်နှင့်အမျှ ဦးနှောက် သိမ်လှီ ကျုံ့ဝင်သွားတတ်သည်ဟု ဆေးပညာရှင်များ၏ ပြောစကားများ အတိုင်း အဘိုး အဘွားများကို ကြည့်ရင်း ကျွန်မ အကြွင်းမဲ့ ယုံကြည် လက်ခံမိသည်။ စကားမပြောနိုင်၍ မပြောသော်လည်း သူတို့၏ လိုအင်ဆန္ဒတစ်ခုခုကို တောင့်တနေသော အမူအရာနှင့် အခြေအနေ(ဥပမာ..ကျွန်မ အနားကနေ ထသွားတော့မည် ပြုသောအခါ ကျွန်မ၏ထဘီကို လက်ဖြင့် တင်းကျပ်စွာ မလွတ်တမ်း ဆုပ်ယူဆွဲကိုင်ထားနေခြင်း)၊ စကားပြောနိုင်သောသူက ပြောပြီးသားစကားကို မပြောရသေးဘူး ထင်ပြီး ထပ်တလဲလဲပြောနေမှုများကို သီးခံနားလည်စာနာပေးရသည်။ ဘဝတစ်ခုကို နေရသော သက်တမ်းဟု အဓိပ္ပါယ်ဖွင့်ဆိုလျှင် ထို သက်တမ်း သည်ကား အချိန်ပင်ဖြစ်ပေလိမ့်မည်။
သာမန်လူတစ်ယောက်အတွက် အချိန်တိုင်းသည် အရေးကြီးချင်မှ ကြီးပေလိမ့်မည်။ မေ့မေ့ လျော့လျာ့ ပေါ့ပေါ့တန်တန် နေကောင်း နေဖြစ်ကြပါလိမ့်မည်။ သို့သော် ခိုကိုးရာမဲ့ နာမကျန်းဟူသော ဂီလာနများ အတွက်ကတော့ မိနစ်တိုင်း စက္ကန့်တိုင်းသည် ရောဂါဝေဒနာ၏ နှိပ်စက်ကလူပြုမှုကို အလူးအလဲ ခံနေကြရသည့်အချိန်မို့ အလွန် အရေးကြီးသည်ကား အမှန်ပင်ဖြစ်ပါသည်။
ကျွန်မတို့၏လူ့ဘဝ လူ့အဖွဲ့အစည်းတွင် ကံမကောင်း အကြောင်း မလှစွာဖြင့် လူ့လောကထဲသို့ စတင် ဝင်ရောက်ခဲ့ပြီးမှ မိဘမဲ့သွားရှာသော မိဘ စောင့်ရှောက်နိုင်စွမ်း မရှိသည့် ကလေးသူငယ်များ၏ အနာဂတ်ကို ပြုစုပျိုးထောင်ပေးရန် ကျွန်မတို့မှာ တာဝန် ရှိသကဲ့သို့ လူ့ဘဝ၏နေဝင်ချိန် အိုမင်းမစွမ်းမကျန်းမာ၍ ခိုကိုးရာမဲ့နေသော မိအိုဘအို ဘိုးဘွားများကိုလည်း နောက်ဆုံးထွက်သက်ထိ ငြိမ်းငြိမ်းချမ်းချမ်းဖြင့် ဘဝ ကူးသွားစေနိုင်ရန်လည်း ဝိုင်းဝန်း ကူညီကုသိုလ်ယူကြဖို့ ကျွန်မတို့အားလုံးတွင် တာဝန်ရှိသည်ဟု ယူဆမိပါသည်။
ကျွန်မတို့ ကိုယ်တိုင်ကော သက်ကြီးရွယ်အို ဖြစ်လာလျှင်၊
သတိ ချွတ်ယွင်းလာလျှင်၊
ရောဂါ ဝေဒနာတစ်ခုခု၏ ဖိစီးမှုဒဏ်ကြောင့် စိတ်သွားတိုင်းကိုယ် မပါဘဲ အားမလို အားမရ ဖြစ်လာလျှင်၊
အငြူစူခံ၊ အပစ်ပယ်ခံ ဘဝဆိုးမျိုးနှင့် ဘဝနေဝင်ချိန်ကို ဆင်းရဲပင်ပန်းကြီးစွာ ဖြတ်သန်းကြရပါလျှင်…..။
ကျွန်မ မတွေးရဲပါ။
အစားထိုး၍မရနိုင်သောအရာများတွင် မိဘများ ရှေ့ဆုံးက ပါဝင်ကြောင်း ကျွန်မ ပြောစရာပင် လိုမည် မထင်ပါ။
မိခင်ဖခင်များ ကွယ်လွန်သွား၍ အစားထိုး ပြုစုချင်သူများ၊ မိဘများ ကျန်းမာ သန်စွမ်းသေးပြီး သူတို့အတွက် ပြီးပြည့်စုံ၍ အချိန်ပိုကိုတန်ဖိုးရှိစွာ အသုံးချလိုသူများ ဆည်းဆာရိပ်မှဘိုးဘွားများကို အချိန်ပိုင်း လာရောက်ပြုစုနိုင်ကြပါသည်။
ဆည်းဆာရိပ်တွင် အဘိုးဆောင်နှင့် ဘိုးဘွားများ အတွက် အဆောက်အဦး မလုံလောက်သေးဘဲ နောက်ထပ် အဆောင်တစ်ခု ဆောက်လုပ်ဆဲမို့ လတ်တလော အခြေအနေတွင် အဘွားဆောင် တွင် ခေတ္တ နေရာ ပေးထားရသော လေဖြတ်ဝေဒနာသည် အဘိုးတစ်ယောက်နှင့် မျက်မမြင် အဘွားနှစ်ယောက်၊ ပေါင်ကျိုးနေသော အဘွား တစ်ယောက်၊ ခါးရိုးကောက်ပြီး သူငယ်ပြန်လုလု အဘွားတစ်ယောက်၊ လေးဘက်နာ၊ ဆီးချို၊ သွေးချို၊ သွေးတိုးနှလုံးနှင့် အာဟာရ ပြတ်ပြီး ချိနဲ့နေသောအဘွား ခုနှစ်ယောက် ရှိပါသည်။
နောက်အဆောင် တစ်ခု ပြီးလျှင်တော့ စာရင်းပေးထားသော အဘိုးအဘွားများအား ထပ်မံ ခေါ်ယူပြုစုရပေလိမ့်ဦးမည်။
ကျွန်မတို့၏ ဘိုးဘွားများသည် အားအင်ချိနဲ့ကာ လမ်းလျှောက်နိုင်စွမ်း မရှိကြပါ။ အခုတော့ သုခ ကုသိုလ်ဖြစ်ဆေးခန်းမှ သမားတော်ကြီး၏ ကုသပေးမှုကို ခံယူဆဲဖြစ်ပြီး အချို့မှာ ကိုယ်တိုင် ထမင်းလုပ်ကို ယူစားနိုင်ပြီး အချို့မှာအထောက် အကူ ပြုလမ်းလျှောက်တုတ်ဖြင့် လမ်းပင် စမ်းလျှောက်နိုင်နေပြီမို့ ကျွန်မတို့မှာ ဝမ်းသာရပါသည်။ နာရေး ကူညီမှုအသင်း၏ သုကုသိုလ်ဖြစ် ဆေးခန်းနှင့် အထွေထွေကု သမားတော်ကြီး ဒေါက်တာ ဦးအုန်းမြင့်အားလည်း အထူး ကျေးဇူးတင်မိပါသည်။
အမေတစ်ယောက်မှာ ကျွန်မတို့ ခေါ်လာစဉ်အခါကတည်းကပေါင်ကျိုးပြီးလမ်းမလျှောက်နိုင်ရုံမက ခြေထောက်ပင် ဆန့်မရတော့ဘဲ ညည်းညူနေသော ကာလမှာ သုံး လကျော် ခဲ့ပြီဟု ဆိုပါသည်။ အသက် ၇၃ နှစ် ရှိပြီဖြစ်သော ထိုအမေအားလည်း သူ၏ဆန္ဒအတိုင်း ကျိုးနေသော ပေါင်ရိုးအား ခက်ခက်ခဲခဲ ခွဲစိတ်၍ စတီးလ်ရိုးဖြင့် အစားထိုး ကုသပေးသော မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးမှ ဆရာဝန်ကြီး ဒေါက်တာ စိုင်းဇော်ဝင်းနိုင်နှင့် အဖွဲ့အား အထူး ကျေးဇူးတင်ရပါသည်။
မျက်စိမမြင်သော အမေနှစ်ယောက်ကတော့ဖြင့် မျက်စိ အထူးကု ဆရာဝန်ကြီးများ၏ စမ်းသပ် စစ်ဆေးချက်အရ ခွဲစိတ်ကုသခြင်းဖြင့်လည်း ပြန်လည် မြင်နိုင်စွမ်း ရှိတော့မည် မဟုတ်တော့သဖြင့် သည်အတိုင်းပင် ပြုစုနေရပါသည်။ အမေတစ်ဦးက တုတ်ဖြင့် စမ်းသပ်၍ သွားနိုင်သည့်တိုင် အသက် ၈၅ နှစ်ရှိပြီဖြစ်သည့် အမေတစ်ဦးကတော့ ကျောက်ကပ်နှစ်ဖက်စလုံး အလုပ်မလုပ်တော့ဟု ဆိုသဖြင့် ဘဝတွင် နေရမည့်ကာလ နည်းပါးနေပြီမို့ ကျွန်မတို့ စိတ်လက် မချမ်းမသာဖြစ်ရပါသည်။ သူ့ကို ပိုပြီးဂရုစိုက်ရပါသည်။ ကျွန်မက ခရီးစဉ် ခပ်များများမို့ ကျွန်မ ခရီးသွားခါနီးလျှင် “ဘယ်တော့ပြန်လာမှာလဲ။ မြန်မြန်ပြန်လာနော်” ဟု ပြိုင်တူလိုလို ပြောတတ်သည့် အမေများကို စာရေးရင်း ကျွန်မသတိရနေပါသည်။
ညီမ စုထားကတော့ ကျွန်မထက်အရင်ပြန်နှင့်ပြီမို့ အမေတို့ နည်းနည်းအားရှိသွားမှာ သေချာပါသည်။ ကျွန်တို့ရှိစဉ်ရော ခရီးထွက်နေစဉ်ရော အမေများဘိုးဘွားများကို အလှည့်ကျ တစ်ရံမလပ် ဂရုစိုက်ကြသည့် ကျွန်မတို့ ဆည်းဆာရိပ်အဖွဲ့မှ သူငယ်ချင်းလုပ်ဖေါ်ကိုင်ဘက်များ၊ (ဗော်လံတီယာ) ဘော်လံဒီယာများ၊ ဝန်ထမ်း မိသားစုများ၊ အပတ်စဉ်အလှည့်ကျ ဘိုးဘွားကိုလာရောက်ပြုစုကြသော ဇဗ္ဗူသီရိပရဟိတလူငယ်အဖွဲ့၊ မေတ္တာတံခွန်အဖွဲ့နှင့် ဆည်းဆာရိပ်အပေါ် စိတ်ဝင်တစား အားပေးကူညီ ကြသူများ၊ အလှူရှင်များအား အထူး ကျေးဇူးတင်ရှိပါကြောင်း…..။
သန်းမြင့်အောင်(ခေတ္တပြင်ဦးလွင်)
(မိုးမခ မှတ်ချက် - စာရေးဆရာမ သန်းမြင့်အောင်မှာ နာရေးကူညီမှုအသင်းတွင် တက်ကြွစွာ ဦးဆောင်နေသော ထင်ရှားသည့် စေတနာဝန်ထမ်းတဦး ဖြစ်သည်။ စာရေးဆရာတဦးလည်း ဖြစ်သည်။ သုခရိပ်မြုံ နှင့် ဆည်းဆာရိပ် အပါအ၀င် စေတနာ့ဝန်ထမ်းလူမှုလုပ်ငန်းများစွာကို တက်ကြွစွာဖြင့် မိမိ၏ အချိန်နှင့် စွမ်းအင်များကို မြှပ်နှံ ဆောင်ရွက်နေသူတဦး ဖြစ်သည်)
= ယခုစာမူကို မြန်မာပြည်တွင်းထုတ်၊ ကလျာမဂ္ဂဇင်း အောက်တိုဘာ ၂၀၁၀ က ပြန်လည်ကူးယူဖော်ပြသည် =
Labels:
Contemporary Experience
Pann Thee - Joke of Life 5
ကျနော်တို့ဘ၀ အမှတ်တရဟာသများ - ၅
ပန်းသီး
ဒီဇင်ဘာ ၃၀၊ ၂၀၁၀
ကျနော်တို့ ဗီယက်နမ်ကိုသွားတုန်းက အမှတ်တရလေးပေါ့။ ဗီယက်နမ်ကိုရောက်တော့ ည(၁၀) လောက်ရှိပြီလေ။ ပင်ပန်းနေပြီဆိုတော့ ညစာထမင်းမစားတော့ဘဲ အိပ်တော့မယ်ဆိုပြီး အဖွဲ့သားတွေတညီတညာထဲဆုံးဖြတ်ကြတယ်လေ။
ဒါပေမယ့် ကျနော်စိတ်ထဲမှာ မနက်စာကျွေးတဲ့အချိန်မှာ အဖွဲ့သားတွေကိုကြွားဖို့ဆိုပြီး အကြံစည်တခုကြံစည်ခဲ့တယ်။
အဲဒီအကြံစည်က မနက်စာစားတဲ့အခန်းအ၀င်မှာ ဗီယက်နမ်ကောင်မလေးတွေကို ဗီယက်နမ်လိုနှုတ်ဆက်ဖို့ပါဘဲ...
ဒီလိုနှုတ်ဆက်တာနဲ့ အဖွဲ့သားတွေကအံ့သြမယ် ဗီယက်နမ်ကောင်မလေးတွေက သူတို့စကားပြောတတ်တယ်ဆိုပြီး
အထင်ကြီးမယ် စိတ်ကူးကတော့ကွက်တိဘဲဗျ။
အထင်ကြီးမယ် စိတ်ကူးကတော့ကွက်တိဘဲဗျ။
ဒီအစီစဉ်အောင်မြင်ဖို့အတွက် မင်္ဂလာပါကို ဗီယက်နမ်လိုဘယ်လိုခေါ်သလဲဆိုတာ အရင်ဆုံးလေ့လာခဲ့ရတယ်။
ဗီယက်နမ်လို မင်္ဂလာပါဆိုတာ (ဆင်ကြောင်) လို့ခေါ်သတဲ့ဗျာ......
လွယ်လိုက်တာ ဆင်နဲ့ကြောင်မှတ်ထားလိုက်ရင် ဗီယက်နမ်လို မင်္ဂလာပါပေါ့ ......ကျနော်အရမ်းပျော်သွားတယ်။
မနက်ကျရင်ကျနော်အကြံအစည်အောင်ပြီပေါ့။
ဒီလိုနဲ့ မနက်လဲရောက်ရော အဖွဲ့သားတွေအားလုံး မနက်စာစားဖို့ မနက်စာအခန်းထဲကိုသွားကြတာပေါ့။
အခန်းရောက်ခါနီးမှာ အားလုံးရှေ့ကိုကျော်တတ်သွားပြီး အခန်းရှေ့မှာကြိုနေတဲ့ ဗီယက်နမ်ကောင်မလေးတွေကို အသံကျယ်ကျယ်နဲ့ ကျနော် ဗီယက်နမ်လို အားပါးတရနှုတ်ဆက်လိုက်ပါတယ်။
ကြောင်ဆင်.....ကြောင်ဆင်....ကြောင်ဆင်......ကြောင်ဆင်...........(မင်္ဂလာပါပေါ့)
အဲဒီမှာကောင်မလေးတွေက ရယ်ပြီးတော့ ကျနော့်ကို...NO ..NO ကြောင်ဆင်...ကြောင်ဆင်...
YES.. ဆင်ကြောင်..ဆင်ကြောင်....လို့ ပြန်ပြောလိုက်ပါတယ်။
ဒီအချိန်မှာအဖွဲ့သားတွေက ခွက်ထိုးခွက်လန်ရယ်ပါလေရာဗျာ....ဘာဖြစ်လို့ရီသလဲလို့ စဉ်းစားလိုက်တဲ့အချိန်မှာ..
ဆင်ကြောင်လို့ ပြောရမယ့်အစား ... ကျနော်က ကြောင်ဆင်..ဆိုပြီး ပြောင်းပြန်ပြောလိုက်ခြင်းကြောင့် ဖြစ်ပါတယ်ခင်ဗျား.....
ခုချိန်ထိ ဆင်ကြောင်နဲ့ ကြောင်ဆင် ဘယ်ဟာကအမှန်လဲဆိုတာ… မသိတော့ပါဘူးဗျာ....
မောင်ပန်းသီး (သီးလေးသီး)
Labels:
Lighter Side
Thursday, December 30, 2010
journal pieces on Dec 31
နန်းဆုရတီစိမ်း အမျိုးသမီးသတင်းထောက်
အဝေးကြည့်မှန်ပြောင်း (ရန်ကုန်)
ဒီဇင်ဘာ ၃၁၊ ၂၀၁၀

Envoy ဂျာနယ် (ဒီဇင်ဘာ ၃၀)
အမျိုးသမီးသတင်းထောက်အဝေးကြည့်မှန်ပြောင်း (ရန်ကုန်)
ဒီဇင်ဘာ ၃၁၊ ၂၀၁၀

Envoy ဂျာနယ် (ဒီဇင်ဘာ ၃၀)
မြန်မာပြည်မှာ ဟိုတုန်းက သတင်းထောက်ဆိုတာ ယောင်္ကျားအလုပ်လို့ သတ်မှတ်ခံရမတတ် အမျိုးသား သတင်းထောက်တွေ လွှမ်းမိုးခဲ့တယ်..။ ခုတော့ စနစ်ကသာ မပြောင်းတာ.. ခေတ်က ပြောင်းလို့မို့ အမျိုးသမီးသတင်းထောက်တွေ ဂျင်းဘောင်းဘီဝတ်လို့ သတင်း လိုက်လာကြတယ်..။ ကောင်းတဲ့ အလားအလာ ပါဘဲ.. ထက်ထက်မိုးဦးနဲ့ မတိုးရင်ပေါ့။
သို့သော် အားလုံးကတော့ မူလကတည်းက သတင်းထောက် ဖြစ်ချင်သူတွေမို့ ကြိုးစားလို့ ဖြစ်လာကြတာ မဟုတ်ပါဘူး။ အခု.. သူတို့ထဲက တယောက် ဘယ်နည်းဘယ်ပုံ သတင်းထောက် ဖြစ်လာလို့ ဘယ်လိုများ ရင်ဆိုင် ဖြတ်သန်းနေတယ် ဆိုတာ သိစေချင်လို့ ဒီသတင်းဆောင်းပါးကို ထည့်ပေးတာပါ။ နည်းနည်းတော့ ရှည်ပါတယ်.. သည်းခံပြီး ဖတ်ကြည့်စေချင်ပါတယ်..။


လျှပ်စစ်မီးကို အပ်ချလောင်း လုပ်ချင်သူ
အများ သိတော်မူကြတဲ့အတိုင်း.. လျှပ်စစ်မီးနဲ့မြန်မာပြည်က.. ရေးစရာ ပြောစရာချည့်..။ ခုလဲ .. မီးမလာလို့ တသက်လုံး ပျက်လာတဲ့ မီးပွိုင့်တွေကို မပျက်စေနဲ့တဲ့.. သူက.. တိုင်းမှူးက..။ အပ်ချလောင်း ဆိုတာ ရွေးကောက်ပွဲမှာဘဲ လုပ်လို့ ရတာကို .. မီး..လာအောင်ပါ အပ်ချလောင်း လုပ်ကြ လို့ လမ်းညွှန်.. မှာကြားတာ များ.. နားခါး..။
မျိုးစုံတော့ ကြံကြတာပါဘဲ.. ဆိုလာ (Solar) နဲ့ရော ပထ၀ီ (battery) နဲ့ပါ မကျန်။ ဘာကမှ ကြာကြာ မခံ ..။ မောင်မင်းကြီးသား ပြောကောင်းတိုင်း ပြောသွားတာ.. သတင်းဖြစ်အောင် ရေးတတ်တဲ့ မောင် ကို တော့ ချီးကျူးပါရဲ့ .. အဟက်.. လက်တွေ့ကတော့ စောင့်ပေဦးတော့.. ။

====================================
Good Health ဂျာနယ် (ဒီဇင်ဘာ ၂၉)
Good Health ဂျာနယ် (ဒီဇင်ဘာ ၂၉)
ကျန်းမာရေးဂျာနယ်က ဟာသလေးတွေက အမြဲ ဆေးပညာ ရှုထောင့်ကမို့ တမျိုး ထူးခြားတတ်ပါတယ်။ ဖတ်ကြည့်ပါဦး.. ပြုံးဖြစ်ရင်လဲ နည်းမှတ်လို့..။

မလိုအပ်သေးဘူးဆိုပေမယ့်လည်း သွားဝယ်လိုက်ပါ
ပရိုမိုးရှင်းဘဲပြောပြော မားကက်တင်းဘဲ ဆိုဆို ဘိနပ် ၀ယ်ချင်ရင်တော့ ဒီဆိုင်ကို သွားပေါ့..။ ကုသိုလ်ပြုတဲ့ ဈေးရောင်းပွဲတဲ့လေ.. ၃- ရက်တောင်..။ နှစ်သစ်ကူးက စမှာ...။ ဖြူဖြူသင်းက ကျေးဇူး တင်ပါတယ် တဲ့..။ ကိုယ်တော့ သွားဖြစ်အောင်သွားဖို့ ဆုံးဖြတ်ထားပါရဲ့..။

====================================
Venus ဂျာနယ် (ဒီဇင်ဘာ ၃၀)
ကိုရီးယား ကွိုင်Venus ဂျာနယ် (ဒီဇင်ဘာ ၃၀)
လာပြန်ပြီ ကိုရီးယားရောဂါလို့မပြောနဲ့.. ဒီတခါက အပိုင်ဗျ..။ မြန်မာနဲ့ ကိုရီးယား ဘယ်သူက ဘယ်သူ့ကို ဘယ်လိုပိုင်လို့.. ဘယ်လို ဆိုင်သွားလဲမသိ..။
ဖတ်ကြည့်.. ရေးထားတာများ.. (မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယား သမ္မတနိုင်ငံ) တဲ့..။ အယ်ဒီတာလဲ ကျော်သွား.. စာပေကင်ပေတိုင်လည်းချော်သွား.. ဟဟား။
သံရုံး ဆိုတဲ့ စာတလုံး ကျကျန်ရစ်တာ.. စိတ်သာဆိုးတတ်လို့က.. စစ်ဖြစ်ကုန်ဦးမှာ..။ ပြီးတော့ ကြည့်ဦး Korean Speech Contest တဲ့ဗျ..။ သိတ်တော့ မကြားဘူးဘူး။ တခြား ဘာသာရပ်တွေမှာ.. သူကတော့ ၈-ခါတောင် ရှိပါပေါ့လား..။

ကော်ဖီဆိုင်
ဥရောပ ကော်ဖီတဲ့..။ ကော်ဖီဆိုင် ယဉ်ကျေးမှုလေးထွန်းကားလာတာ.. နှစ် အတန်ကြာလာပါပြီ..။ ကြာလေ သိသာလေ ဖြစ်လာတာက ကော်ဖီဆိုင် ထိုင်တဲ့ သီးသန့် အနည်းစု.. လူတန်းစားတရပ်.. ရှိနေတာပါ။ ကော်ဖီတခွက်ကို ငွေ နှစ်ထောင်ကျပ် အနည်းဆုံး ပေးသောက်ရတဲ့နောက်တော့.. သီးသန့် လူတန်းစား တရပ် ရှိတယ် ပြောမိတာ လွန်မယ် မထင်ပါဘူးနော်..။ အင်း.. သောက်လို့တော့ ကောင်းသား.. သူများက တိုက်ရင် ပြောပါတယ်။

ကမ္ဘာဆန်လာတဲ့ ရာသီဥတု
ဒါလေးကတော့ အားကျမခံ.. တို့ဆီမှာလဲ ချမ်းမယ်တဲ့ကွယ်.. လို့ ပြောချင်လို့ပါ..။ ကမ္ဘာရွာကြီးထဲမှာ တူတူနေကြရတာ..မို့လား….။

သတင်းပေးမယ် ဆိုပဲ
မြန်မာပြည် တွင်းမှာ ပက်ကျိ အင်တာပျက် အတွက်စိတ်ပျက်လက်ပျက် ဖြစ်နေတဲ့ အချိန်မှာမှ.. ဘယ်ဟာနဲ့ အင်တာနက် ရမယ်.. ဘာကတော့ အင်တာနက်နဲ့ ချိတ်နိုင်သတဲ့ နဲ့ ထွက်လာလိုက်တဲ့ တယ်လီဖုန်းတွေ.... ခုချိန်ထိ.. မင်းကြီးတာက လွှတ်လိုက်တဲ့.. ဟက်ကာ ရန်ကဖြင့်..လွတ်အောင်..မပြေးနိုင်ဘဲနဲ့လေ… ။
တခါ.. G-talk ကို ဆန့်ငင်ဆန့်ငင် နဲ့ ၀င်နေရတာကိုဘဲ.. သူတို့က ဆိုသေး နောက်ဆုံးရ ပြည်တွင်းသတင်းတွေ ဖတ်ရှု နိုင်တဲ့ ၀န်ဆောင်မှုတဲ့..။ ကြည့်လဲ.. လုပ်ကြနော်.. သွား add လိုက်မိလို့ ကိုယ့်အကောင့်လေး အဟက်ခံနေရမှ ဒုက္ခ ဖြစ်သွားမယ်.. ကာလကြီးက ဘယ်သူ့ဘယ်သူကိုမှ မယုံရဘူးရယ်..။
စေတနာအမှန်နဲ့ပါ ဆိုရင်တော့ ကြိုပြီးတောင်းပန်သဗျ.. ကိုယ်တို့က.. ခံရလွန်းလို့ပါ။

စွဲမက်ဖွယ် နန်းဆုရတီစိမ်း
ဗီးနပ်စ်ရဲ့ နယူးရီးယား အကြို က အရောင် စုံလို့ပါ ကြည့်ပါဦး..။
စဉ်းစားစရာလေးတခုတော့ ထည့် ပေးလိုက် ချင်ပါတယ်..။ ငှက်ပျောရွက်၊ အုန်းရွက်လေးတွေ ပတ်ထားတဲ့ နန်းဆုရတီစိုးက ဧ၀ များ ၀င်စားလား မသိဘူးနော်..။

Labels:
Journals Digest
The New Year Present
လမ်းမတွေက
မရှင်းလင်းရသေးတဲ့ နှင်းတွေနဲ့
အဖြူတဝက် အနက်တဝက်
ကားတွေက ခက်ခက်ခဲခဲရွေ့မျော
အမြဲတမ်း ခြောက်သွေ့မှုံမှိုင်းနေတဲ့ ကွန်ကရစ်တောအုပ်ကြီးထဲ
ဘုရားသခင်ဖန်ဆင်းခဲ့တဲ့ ပန်းသီးတွေ သန်းပေါင်းများစွာ။
ခရစ္စမတ် တဲ့
နှစ်သစ်ကူး တဲ့
တိုက်နံရံတွေ အလှဆင်ကြ
သစ်ပင်တွေမှာ မီးထွန်းကြ
နှစ်တနှစ်ကို ရီရီမောမောကုန်ဆုံးကြ
နှစ်အသစ်ကို မျှော်လင့်တကြီးကြိုလင့်ကြ
ရောင်စုံလက်ဆောင်ထုပ်တွေ မျှဝေကြ
ချစ်သူတွေက ချစ်တဲ့သူတွေဆီ
အချစ်ငတ်သူတွေက မချစ်တတ်သူတွေဆီ
ကျန်ရစ်ခဲ့ရသူက ချန်ထားခဲ့သူဆီ။
အဲဒီ လက်ဆောင်ထုပ်တွေထဲမှာ
ချစ်ခြင်းမေတ္တာတွေပါတယ်
အကြင်နာတရားတွေပါတယ်
နွေးထွေးယုံကြည်မှုတွေပါတယ်
ဈေးချတုံး ဝယ်ထားတဲ့ ပစ္စည်းတွေပါတယ်
ဆန်တာကလောစ်ဆီကလဲ ပါတယ်ဆိုပဲ။
ဪ ... ငါ့သူငယ်ချင်းတွေ
ကျိုင်းတုံထောင်မှာ မင်းကိုနိုင်
မိုင်းဆတ်ထောင်မှာ ကိုကိုကြီး
မြစ်ကြီးနားထောင်မှာ ကိုသူရ
ဘူးသီးတောင်ထောင်မှာ ဌေးကြွယ်
လွိုင်ကော်ထောင်မှာ မြအေး
မြင်းခြံထောင်မှာ ဂျင်မီ နဲ့
သရက်ထောင်မှာ နီလာသိန်း
ထောင်ပေါင်း ၄၀ကျော်က နိုင်ငံရေးအကျဉ်းသားတွေ။
မင်းတို့တွေကတော့
၈ပေ ၁၂ပေ အခန်းကျဉ်းကလေးထဲမှာ
သွေးဝနေတဲ့ ကြမ်းပိုးတွေ၊ သန်းကြီးမတွေ၊ ခြင်တွေ
ရိုင်းစိုင်းလွန်းတဲ့ ယင်ကောင်တွေ၊ ပုရွက်ဆိတ်တွေဝိုင်းရံပြီး
နှစ်ဟောင်းတွေကို အကြိမ်ကြိမ်ကုန်ဆုံးခဲ့ရ
နှစ်သစ်တွေကို အကြိမ်ကြိမ်ကြိုခဲ့ရ
ဘယ်သူ့ဆီကမှ ဘာလက်ဆောင်မှ မရ။
သူငယ်ချင်း တို့ရေ
ငါလဲ အဲဒီ အခန်းကျဉ်းကလေးထဲ
ဒီလို နေ့တွေ ကြေကွဲဖြတ်သန်းခဲ့ဘူးတာပေါ့။
ငါလေ
ငါ့သွေးကို အဓမ္မစုတ်ယူနေတဲ့ ကြမ်းပိုးတွေ၊ သန်းတွေ၊ ခြင်တွေကို
မေတ္တာသုတ်ရွတ်ပြခဲ့ဘူးပါရဲ့
ဒင်းတို့ နားမထောင်ကြ
ငါ့ပုံစံထမင်းကို တဝက်ခွဲပြီး ယင်ကောင်တွေ၊ ပုရွက်ဆိတ်တွေကို ကျွေး
ကျန်တဲ့ ငါ့တဝက်ကို မနှောက်ရှက်ကြဖို့
ငြိမ်းချမ်းရေးကမ်းလှမ်းခဲ့ဘူးရဲ့
ဒင်းတို့ လက်မခံကြ။
ဒီလိုနဲ့
သံလှောင်အိမ်ကျဉ်းကျဉ်းကလေးဟာ
ထောင်ပေါင်းများစွာသော သတ္တဝါတွေနဲ့
ငါ့ရဲ့ စစ်မြေပြင်ဖြစ်
ငါ့ကိုယ်မှာ ယားနာတွေ ဗလပွ
ငါ့လက်မှာ သွေးတွေစွန်းထင်း
ဒင်းတို့ကို ငါ အနိုင်ရခဲ့တယ်၊ တကယ်။
သူငယ်ချင်းတို့ရေ
ငါ့ရဲ့ အကြမ်းဖက်ဝါဒကို
မင်းတို့ဆီ လက်ဆောင်ပို့လိုက်ပါတယ်
မင်းတို့ရဲ့ အခန်းကျဉ်းကလေးထဲ
မင်းတို့ရဲ့အသွေးအသားကို ဝါးမြိုနေတဲ့
မင်းတို့ရဲ့မဝရေစာကို လုယူအနိုင်ကျင့်နေတဲ့
အရိုးမဲ့မဲ့အကောင်တွေကို တန်ပြန်တိုက်ခိုက်
ဘုရား မကြိုက်ရင်လဲ ရှိပါစေ ။။။
(ပန်းချီ ထိန်လင်း၊ Ponsan Tain Assume The Position ၊ ရန်ကုန် ဂျွန် ၂၀၀၅၊ Paintings approximately 70 in X 36 in in Rhodamine Power and Glue)
Labels:
Poems
poem of Ye Yint Thet Zwe
ဝိဉာဉ်နီတို့  ပေးတဲ့လက်ဆောင်
ရဲရင့်သက်ဇွဲ
ဒီဇင်ဘာ ၃၁၊ ၂၀၁၀
ရဲရင့်သက်ဇွဲ
ဒီဇင်ဘာ ၃၁၊ ၂၀၁၀
ယုံကြည်ပါ ရဲဘော်တို့ 
နှစ်တနှစ် ကုန်ဆုံးသွားတိုင်း
ဟောဒီ နှလုံးသားတွေ
နာကျင်ကြေကွဲ တမ်းတ
အသက်စွန့် သွားတဲ့ ရဲဘော်တွေကို
သတိတရ ရှိနေမိတယ် …..။
ယုံကြည်ပါ ရဲဘော်တို့ 
တကမ္ဘာ မခြားသေးပါဘူး
အနှစ်နှစ်ဆယ်ကျော် ကာလမှာ
အပြောင်းအလဲတွေ များတဲ့ကြား
ငါတို့ ခေတ်ရဲ့  သွေးစွန်းနှစ်များ
ဟောင်းမသွားဘူး ပြောင်းမသွားဘူး …..။
ယုံကြည်ပါ ရဲဘော်တို့ 
ရဲဘော်တို့ ရဲ့ စွန့် လွှတ်ပေးဆပ်မှုအပေါ်
ငါတို့  ဘယ်တော့မှ သစ္စာမဖေါက်ဘူး
ရဲဘော်တို့ ရဲ့ စွန့် လွှတ်ပေးဆပ်မှုအပေါ်
ငါတို့  ဘယ်တော့မှ သစ္စာမမဲ့ဘူး
ရဲဘော်တို့ ရဲ့ စွန့် လွှတ်ပေးဆပ်မှုအပေါ်
ငါတို့  ဘယ်တော့မှ အမြတ်မထုတ်ဘူး
မပြီးဆုံးသေးသော တိုက်ပွဲ
ငါတို့  ဆက်လက်ဆင်နွှဲမယ် …..။
ယုံကြည်ပါ ရဲဘော်တို့ 
သင်တို့ ရဲ့ 
ယုံကြည်ချက် မျှော်လင့်ချက်
အန္တိမ ပန်းတိုင်
မယိုင်မလဲ ခိုင်မြဲသော
သံမဏိစိတ်ဓာတ်များ
ငါတို့  အားလုံး ထပ်တူထပ်မျှ
နှစ်သစ်ကို သယ်ဆောင်သွားမှာပ …..။
ယုံကြည်ပါ ရဲဘော်တို့ 
သင်တို့ ပေးတဲ့ နှစ်သစ်လက်ဆောင်
အဆိုးအကောင်း အကျိုးအကြောင်း
ညီညွတ်ရေးသာ အရေးကြီးကြောင်း
ညီညွတ်ရေးတရား နားမခါးစေကြောင်း
မညီညွတ်တဲ့အခါ
ဟင်္သာကိုးသောင်း ပျက်စီးကြောင်းတရား
ငါတို့  အသက်နဲ့ ထပ်တူ မှတ်သားနာယူပါ့မယ် .....၊
အသင်တို့ ၏ သွေးစွန်းစကား
ရင်ဝယ်ထားလျက်
ဒီမိုကရေစီရလျင် အမျှဝေမည်
စစ်အာဏာရှင်စနစ် မုချ ကျဆုံးစေရမည် …..။
(အသက်စွန့် သွားသောရဲဘော်အပေါင်း၏ ယုံကြည်ချက်အလံကို ခိုင်ခိုင်မြဲမြဲလွှင့်ထူတိုက်ပွဲဝင်လျက်)
၂၈ ၁၂ ၂၀၁၀
Labels:
Poems
2010 diary
၂၀၁၀ ဒိုင်ယာရီ
လင်းနွေးအိမ်
ဒီဇင်ဘာ ၃၀၊ ၂၀၁၀
လင်းနွေးအိမ်
ဒီဇင်ဘာ ၃၀၊ ၂၀၁၀
၂၀၁၀ ခရီးမှာ ငါမလိုချင်တဲ့ အမတ်တွေရလိုက်တယ်
သူတို့ အခု ခေါင်းပေါင်းတွေချုပ်
တောင်ရှည်တွေထုတ်နဲ့ 
အလုပ်များနေကြပြီ။
လှိုင်သာယာမှာတောင်းတာက
လုပ်ခမျှမျှတတရဖို့ ။
ဧရာဝတီမှာတောင်းတာက
နာဂစ်လွန် နလံထဖို့ ။
ရခိုင်ပြည်မှာတောင်းတာက
ဂီရိလွန်မှာ ဝမ်းဝဖို့ ။
ကရင်ပြည်မှာတောင်းတာက
အမိုးတို့ ရွာကို မီးမရှို့ ဖို့ ။
နေပြည်တော်ကိုတောင်းတာက
ထောင်ထဲကလူတွေလွှတ်ပေးဖို့ ။
သူတို့ ငါ့ကိုပေးတာက
နောက်ကျောမှာ အိတ်ကြီးကြီးဖွက်ထားတဲ့
ငါမလိုချင်တဲ့ အမတ်တွေ။ ။
၂၀၁၀ ဒီဇင်ဘာ ၃၀
Labels:
Poems
Interview with U Win Tin - Making Friends, Making Network and Then Making of a Union of Burma
ကွန်ရက်တွေကို - မိတ်ဆွေဖွဲ့ခြင်းနဲ့ စကြဖို့ ပြီးတော့ လွှတ်တော်အပြင်က အမျိုးသားနိုင်ငံရေး နဲ့ ပြည်ထောင်စုကွန်ရက်
ဦးဝင်းတင်နဲ့ မေးခွန်းများ
မိုးမခ။ ဒီဇင်ဘာ ၃၀၊ ၂၀၁၀
ယခင်အင်တာဗျူးရဲ့ အဆက်ဖြစ်ပါတယ်။ ကွန်ရက်တွေ ဖွဲ့ကြဖို့ ပြောတယ်။ သို့သော် တကယ်တန်း ကွန်ရက်တွေ ဖွဲ့ကြစို့ ဆိုတော့ ဘယ်ကနေ စဖွဲ့ကြရမှာလဲ။ ဘယ်လိုမျိုး စ လုပ်ကြရမှာလဲ။ ဘာတွေ အခြေခံလိုအပ်သလဲ။ ဘာတွေ လုပ်ကြမှာလဲ။
လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဒေါ်စုနဲ့ လူငယ်တွေ တွေ့ကြတယ်။ ကွန်ရက်အကြောင်းပဲ ပြောကြတယ်။ ဆွေးနွေးကြတယ်။ ဆက်သွယ်ရေးလမ်းကြောင်းတွေ လုပ်ကြ၊ ဆက်သွယ်ရန် လိပ်စာတွေ ထားခဲ့ကြ၊ ကိုယ်ဝါသနာပါရာ လုပ်ချင်ရာ ပေးဆပ်ချင်ရာတွေကို မှတ်ချက်ရေးပေးခဲ့ကြလို့ ဒေါ်စုက မှာလိုက်တယ်။ နောက် တလနဲ့ တလခွဲ အကြာမှာ ပြန်တွေ့ကြမယ် စသည်ဖြင့် ပြောဆိုသံတွေ ကြားရတယ်။
ဒါတွေကို အခြေခံပြီးတော့ ဦးဝင်းတင်ကို မေးမြန်းတာပဲ ဖြစ်ပါတယ်။
“အခုအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီကွန်ရက်လိုမျိုး ဖြစ်ပေါ်စေချင်တယ်။ ပြည်သူ့ကွန်ရက်ကြီး တခု ဖြစ်ပေါ်လာစေချင်တယ်လို့ ဆိုတယ်။ ဒါပေမယ့် စိတ်ဝင်စားမှုချင်း၊ တူရာ သန်ရာ နယ်ပယ်ချင်း ကွန်ရက်လေးတွေ ဖွဲ့စည်းလာစေချင်တယ်လို့ ကျနော်တို့ ဆွေးနွေးကြတယ်။ ဥပမာ - နိုင်ငံရေးသဘောထားချင်း တူတဲ့ ကွန်ရက် ရှိသလို၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး တူရာ သန်ရာ ကွန်ရက်တွေလည်း ရှိနိုင်တယ်။ ရှိကြဖို့ လိုမယ် ထင်တယ်လို့ ပြောဖြစ်ကြတယ်။ နောက်ပြီးတော့ လူငယ်တွေ၊ အမျိုးသမီးတွေ၊ စီးပွားရေး၊ ဥပဒေပိုင်းဆိုင်ရာ စသည့် ကွန်ရက်တွေလည်း ရှိလာနိုင်တယ် ထင်တယ်လေ။ ဥပမာ - လူတိုင်းက အားလုံးကို စိတ်မ၀င်စားနိုင်ဘူး၊ သူက လူမှုရေးတို့ နာရေးကူညီမှုတို့ လုပ်မယ်၊ လုပ်ချင်တယ်။ ဒါကို သူသန်ရာ ကျွမ်းကျင်လိမ္မာရာ ကွန်ရက်မှာ လက်တွဲပြီး လုပ်ကြရမယ်။ ဒီသဘောမျိုး ဖြစ်တယ်။
ဒေါ်အောင်ဆန်းစုကြည်က ပြည်သူ့ကွန်ရက်လိုမျိုးပေါ့၊ ပြည်သူ ပြည်သားတွေအားလုံးရဲ့ ကောင်းကျိုး ချမ်းသာကို ဆောင်ရွက်နိုင်တဲ့ အားလုံးပါဝင်နိုင်တဲ့ ကွန်ရက်လိုမျိုး ဖြစ်စေချင်တယ်လို့ သူက ပြောတယ်။ ဒီနေရာမှာ ကျနော်တို့က သန်ရာ၊ တူရာ ကွန်ရက်တွေ အသီးသီးနဲ့ စတင်ပြီးတော့ လက်တွဲဆောင်ရွက်ကြဖို့ ကို ပြောဆို ဆွေးနွေးနေကြတယ်လို့ ပြောချင်ပါတယ်။ ဆိုတော့ ပြည်သူ့ကွန်ရက်ကြီး အောက်မှာ ဒီမိုကရေစီကွန်ရက် ဆိုတဲ့ နိုင်ငံရေးအစုအဖွဲ့တွေ ရှိမယ်။ လူမှုရေးကွန်ရက်အောက်မှာ ကျန်းမာရေး၊ လူငယ်၊ အမျိုးသမီးရေးရာတွေ ရှိမယ်။ ပညာရေးကွန်ရက်ဆိုတာတွေ ရှိလာမယ်။ အရေးကြီးသလို လိုအပ်သလို တိုးချဲ့မှုတွေ လုပ်လာနိုင်မယ်လို့ ထင်တယ်။”
ကွန်ရက်တွေ တူရာ သန်ရာ စကြဖို့ ဖွဲ့ကြဖို့ ဆိုတဲ့နေရာမှာ အခုကျင်းပခဲ့တဲ့ လူငယ်တွေနဲ့ တွေ့ဆုံပွဲကနေ အကောင်အထည်ကော စတင်ပေါ်လာပြီလို့ ပြောနိုင်သလား ဆရာ။
“အဲသည်မှာ ကျနော်ရဲ့ အမြင်နဲ့ သဘောထားကတော့ သတင်းသမားတွေက သတင်းအလုပ်လုပ်လို့ရတယ် ဆိုပါစို့၊ သတင်းကွန်ရက်မှာ သတင်းအလုပ်တွေ လုပ်နေလို့ ရတယ်။ သို့သော် အဲသည်အလုပ်တွေကို ဖိနှိပ် ကန့်သတ်လိုက်လို့ သတင်းသမားက သတင်းအလုပ် မလုပ်ရတော့ရင် ဘာသွားလုပ်ရမှာလဲ။ အနည်းဆုံးကတော့ သတင်းသမားတွေ အချင်းချင်း ထိတွေ့နေလို့ ရတယ်။ မိတ်ဆွေ ဖွဲ့ထားလို့ ရတယ်။ အဲသည်ကနေပြီး ရင်းနှီး ကျွမ်းဝင်မှုတွေ အခြေခံလို့ တိုင်ပင်ကြပြီးတော့ လုပ်စရာ အလုပ်တွေ ပေါ်ပေါက်လာနိုင်တယ်။ ဖောက်ထွက်ပြီး လုပ်စရာတွေ ပေါ်လာမယ်။ ဒါကြောင့် တူရာ သန်ရာ လူတွေ အရင်ဆုံး မိတ်ဆွေဖွဲ့ကြ၊ စုကြ၊ တူရာ သန်ရာ အလုပ်ကလေးတွေ ၀ိုင်းလုပ်ကြ၊ အလုပ်ကလေးတွေ လုပ်ကြရာမှာလည်း ကိုယ့်ဖာသာကိုယ် တိုင်ပင်ပြီး လုပ်လို့ရတယ်။ ဘယ်သူဆီကမှ အလုပ်သွားတောင်းနေစရာ မလိုသေးဘူး။ နောက်ပြီးတော့ အခြား တူရာသန်ရာအစုအဖွဲ့ကလေးတွေနဲ့ ချိတ်ဆက်မိသွားရင် လက်ဆင့်ကမ်းပြီးတော့ ကွန်ရက်ကြီး ဖြစ်လာမယ်လို့ ပြောချင်ပါတယ်။”
ဟုတ်ပါပြီ။ မြန်မာပြည်တွင်းကော ပြည်ပမှာ ဒီမိုကရေစီကွန်ရက်၊ ပြည်သူ့ကွန်ရက်ဆိုတာ ဆိုတာက ခေတ်စားလာတယ်။ စိတ်ဝင်စားသူတွေက မိတ်ဆွေတွေ ဖွဲ့ကြပြီးတော့ ကွန်ရက်ပုံသဏ္ဍာန်ကို ထူထောင်လာမယ်။ အဲသည်လို အချိန်နဲ့ တပြိုင်နက်တည်းမှာပဲ စစ်အစိုးရက သူတို့ စိတ်တိုင်းကျ ဆန္ဒမဲတွေကို အလွဲသုံးစားလုပ်ပြီး မတရားသဖြင့် ရွေးချယ်ထားတဲ့ လွှတ်တော်ကြီးကို ကျင်းပမယ်။ သူတို့စိတ်တိုင်းကျ ချယ်လှယ်လို့ရမယ့် နိုင်ငံရေးလမ်းစဉ်တွေကို လွှတ်တော်ကနေတဆင့် ချမှတ်မယ်၊ ချီတက်မယ် ။အဲသည်မှာ အချို့သောသူတွေက ဘာပြောလာသလဲ ဆိုတော့ … မြန်မာပြည်မှာ လွှတ်တော်တွင်း နိုင်ငံရေးလမ်းစဉ်နဲ့ ဖြစ်ပေါ်ပြောင်းလဲမှုတွေ ဆောင်ရွက်ရတော့မှာ ဖြစ်တယ်။ လွှတ်တော်ပြင်ပမှာ ဘာတွေပဲ လုပ်လုပ် ထူးခြားမှာ မဟုတ်ဘူးလို့လည်း ပြောဆို ဝေဖန်တာတွေ ရှိတယ်။ ဒါကိုကော ဘာပြောချင်သလဲ။
“ဒီလွှတ်တော်ဟာ တရားတဲ့ လွှတ်တော်မဟုတ်ဘူး။ မဲလိမ်ညာမှုကနေ ပေါ်ပေါက်လာတဲ့ လွှတ်တော်ဖြစ်တယ်။ ပြည်သူတွေ လက်ခံတဲ့ လွှတ်တော်မဟုတ်ဘူး။ ဒါပေမယ့် တိုင်းပြည်မှာ ဘာပဲပြောပြော လွှတ်တော်တရပ် ပေါ်လာတာကိုတော့ ရှောင်လွှဲလို့မရဘူး။ ရင်ဆိုင်ကြရမှာ ဖြစ်တယ်။ လွှတ်တော်ဆိုတာ ရှိလာရင် လွှတ်တော်တွင်း နိုင်ငံရေးဆိုတာတွေ ပေါ်လာတော့မှာ ဖြစ်တယ်။ နယ်ချဲ့ခေတ်တုန်းကလည်း ဒိုင်အာာခီ အုပ်ချူပ်ရေးတို့ ဘာတို့မှာလည်း လွှတ်တော်နိုင်ငံရေးဆိုတာ ရှိခဲ့တာပဲ။ ဒါက ထူးဆန်းတဲ့ ကိစ္စမဟုတ်ဘူး။
သို့သော် ဒီနေရာမှာ ထောက်ပြချင်တာ တခုကတော့ အခုပေါ်ထွန်းလာတဲ့ လွှတ်တော်နိုင်ငံရေးဆိုတာအပြင် လွှတ်တော်ပြင်ပမှာ အင်န်အယ်ဒီနဲ့ မဟာမိတ်တွေရဲ့ နိုင်ငံရေး ရှိတယ်။ ရှမ်းတွေ၊ ရခိုင်တွေ စတဲ့ တိုင်းရင်းသားပါတီတွေ နဲ့ အစုအဖွဲ့တွေ အားလုံးရဲ့ နိုင်ငံရေးဆိုတာတွေ ရှိထားပြီး ဖြစ်တယ်။ အဲသည်နိုင်ငံရေးအင်အားစုတွေနဲ့ ပြည်သူတွေရဲ့ လှုပ်ရှားမှုတွေ ရှိနေတယ်။
ဒါကြောင့် နိုင်ငံခြားသံတမန်တွေကိုလည်း ကျနော်တို့က ပြောပါတယ်။ ခင်ဗျားတို့ ပေါ်လစီတွေ၊ အတွေးအခေါ်တွေအရ အခုပေါ်လာတဲ့ လွှတ်တော်က နိုင်ငံရေးကို ခင်ဗျားတို့ ဆက်ဆံပါ။ Engage လုပ်ကြပါ။ ကျနော်တို့က ဘာမှ မပြောလိုပါဘူး။ သို့သော် လွှတ်တော်ပြင်ပမှာလည်းပဲ အစကတည်းက ရှိနှင့်ပြီးသားဖြစ်တဲ့ ဒီမိုကရေစီအင်အားစုကြီးကိုလည်း ကျောခိုင်းသွားလို့ မဖြစ်ဘူး။ ပုံမှန် ဆက်ဆံပါလို့ ဟိုတုန်းကတည်း ကျနော်တို့က သူတို့ကို ပြောခဲ့ပြီး ဖြစ်ပါတယ်။ အခုလည်းပဲ သူတို့က ဆက်ဆံနေတာကို တွေ့နေရပါတယ်။
ဒါပေမယ့် ခင်ဗျားတို့က ပြောသလို လွှတ်တော်ပြင်ပမှာ ရှိနေတဲ့ အင်န်အယ်ဒီနဲ့ ဒီမိုကရေစီအင်အားစုများရဲ့ အခန်းကဏ္ဍက တဖြေးဖြေးနဲ့ ကန့်သတ်ခံထားရလို့ မှေးမှိန် ပျောက်ကွယ်သွားမယ် ဆိုတာကတော့ လုံးဝ မဖြစ်နိုင်ဘူးလို့ ကျနော်က ပြောချင်တယ်။ လွှတ်တော်ပြင်ပမှာ ကျနော်တို့ အင်န်အယ်ဒီနဲ့ မဟာမိတ်အင်အားစုတွေရဲ့ အခန်းကဏ္ဍနဲ့ သက်ရောက်မှုဟာ အခုအချိန်မှာကတည်းက သိသာထင်ရှားနေပြီဖြစ်တယ်။ ရခိုင်တို့ ချင်းတို့ စတဲ့ သဘောဝဘေးဒဏ်သင့်တဲ့ နေရာတွေမှာ ကျနော်တို့တတွေ သွားရောက် ကူညီနိုင်တယ်။ HIV/ AIDS လူနာတွေအတွက် အရေးဆိုပေးတယ်။ မြန်မာပြည်ရဲ့ လိုအပ်နေတဲ့ ကဏ္ဍအသီးသီး အရေးကိစ္စအသီးသီးမှာ ကျနော်တို့က ပြည်သူတွေအတွက် ပြောဆို ဆောင်ရွက်ပေးနေရတယ်။ ဒါဟာ အခု ထင်ရှားနေတဲ့ အချက်ဖြစ်တယ်။
ဒါကြောင့် တချို့ကတောင် ပြောကြတယ်။ အခုလက်ရှိ အစိုးရထက်တောင်မှ ပိုပြီး အားကိုးနေရတယ်လို့ ပြောလာကြတယ်။ ဒါက ပြည်သူတွေရဲ့ ၀ိုင်းယံမှု၊ ထောက်ခံ အားပေးမှုတွေ ကြောင့်ပဲ။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာချိန်မှာ ပိုပြီးတော့ သိသာထင်ရှားလာတယ်။ အဲသည်အချက်တွေကြောင့် ပြည်သူလူထုနဲ့ အတူ လက်တွဲမှု ထောက်ခံမှု ရထားတဲ့ လွှတ်တော်ပြင်ပ နိုင်ငံရေးလှုပ်ရှားမှုတွေဆိုတာ မှေးမှိန်ပျောက်ကွယ် သွားမှာ မဟုတ်ဘူး လို့ ပြောချင်ပါတယ်။
နောက်တချက်ကတော့ စစ်မှန်တဲ့ ဖယ်ဒရယ်ပြည်ထောင်စုကြီး ပေါ်ထွန်းလာအောင် အမျိုးသားပြန်လည်သင့်မြတ်ရေး လမ်းစဉ်နဲ့ သွားနေတာ ဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့အနေနဲ့က အားလုံးသော နိုင်ငံရေးအင်အားစုတွေ ပါဝင်နိုင်ကြဖို့ ကျနော်တို့တွေက ဆောင်ရွက်နေတယ်လို့ မြင်ကြစေချင်တယ်။”
ဟုတ်ကဲ့ပါ ဆရာ။ လွှတ်တော်အပြင်မှာပဲ ဖြစ်ဖြစ်၊ လွှတ်တော်အတွင်းမှာပဲ ဖြစ်ဖြစ် ပြည်သူနဲ့အတူ တသားတည်း ထောက်ခံမှု ရပြီး ရပ်တည် ဆောင်ရွက်နိုင်တဲ့ အတိုင်းအတာနဲ့ အောင်မြင်မှုကသာလျင် တိုင်းပြည်တပြည်ရဲ့ အမျိုးသားနိုင်ငံရေးကို ပုံဖော်နိုင်တယ်လို့ ဆရာက ပြောချင်တာပေါ့နော်။
“ဟုတ်ပါတယ်။ ကျနော်တို့တွေက ဒုတိယပင်လုံ လှုပ်ရှားမှုကြီးကိုလည်း ဆောင်ရွက်နေကြတယ်။ အဓိကကတော့ ဒေါ်စုရဲ့ စကားကို ပြန်ပြောရမယ် ဆိုရင် ကျနော်တို့မျိုးဆက်တွေ အားလုံးမှာ ပင်လုံစိတ်ဓာတ် ထွန်းကားကြဖို့ကို ဆောင်ရွက်နေရတာ ဖြစ်တယ်။ စစ်မှန်တဲ့ ပင်လုံစိတ်ဓာတ်တွေ ထွန်းကားမှသာလျင် စစ်မှန်တဲ့ ဖယ်ဒရယ်ပြည်ထောင်စုကြီးကို ထူထောင်နိုင်မှာ ဖြစ်တယ်။ အခုအချိန်မှာ ကျနော်တို့တတွေက တိုင်းပြည်ကောင်းကျိုး ချမ်းသာအတွက် တူရာ သန်ရာ ညီညွတ်ကြပြီး မိတ်ဆွေတွေ ဖွဲ့ကြတယ်။ မိတ်ဆွေ အစုအဖွဲ့တွေနဲ့ အလုပ်တွေ ၀ိုင်းလုပ်ကြရင်းနဲ့ ကွန်ရက်တွေ ချိတ်ဆက်မိကြမယ်။ သည်ကွန်ရက်တွေ အချင်းချင်း ဖြန့်ကျက်မှုနဲ့ ပြည်သူ့ကွန်ရက်ကြီး ဖြစ်လာရင် ကျနော်တို့ရဲ့ စစ်မှန်တဲ့ ပြည်ထောင်စုစိတ်ဓာတ်၊ ပင်လုံစိတ်ဓာတ်နဲ့ ပြည်ထောင်စုကြီး ဖြစ်ပေါ်လာရမှာ ဖြစ်တယ် လို့ ပြောချင်တယ်။ ဒါဟာလည်း ကျနော်တို့ ရဲ့ ဒုတိယပင်လုံလှုပ်ရှားမှုလို့ ပြောရင် ရမယ် ထင်တယ်။
ဒီနေရာမှလည်း ကျနော်တို့က ဒုတိယပင်လုံလှုပ်ရှားမှုမှာ စိတ်ဓာတ်ကို အဓိကထားပြီး ဖော်ဆောင်နေတယ် ဆိုတာကို သဘောပေါက်စေချင်တယ်။ ပုံသဏ္ဍန်ကို အဓိကလုပ်နေတာ မဟုတ်ဘူး။ ဘာကြောင့်ဆိုတော့ ပထမပင်လုံလှုပ်ရှားမှုမှာ ဆိုရင် ပုံသဏ္ဍန်ပိုင်းမှာ အစိုးရကို ဘယ်လိုဖွဲ့မယ် ဘာတွေ ပါလာတယ်။ အခုအချိန်မှာ ကျနော်တို့က အဲသည်ပုံသဏ္ဍာန်ကို မဦးတည်ဘူး။ ကျနော်တို့ ဦးတည်တဲ့ ပုံသဏ္ဍာန်က “အမျိုးသားပြန်လည်သင့်မြတ်ရေး” ဖြစ်ပါတယ်။
ဟုတ်ကဲ့ပါဆရာ သည်တော့ ပြည်ထောင်စုကြီး ဆိုတာကလည်း ကွန်ရက်ကြီး တခုပဲပေါ့။ လူထုကို မျက်နှာမူတဲ့ နိုင်ငံရေးလုပ်ငန်းတွေနဲ့ အင်န်အယ်ဒီလှုပ်ရှားမှုဆိုတာတွေဟာ လူမှုရေးလုပ်ငန်းတွေထဲကို တွန်းပို့ခံလိုက်ရတာလား။ လူမှုရေးလုပ်ငန်းဆိုတဲ့ အကာအကွယ်ကို ယူလိုက်တာလား။ ဒါမှမဟုတ် မြန်မာပြည်ရဲ့ လက်ရှိ အခြေအနေအရ အင်န်အယ်ဒီကိုယ်တိုင်က ပြည်သူတွေနဲ့အတူ ရပ်တည်ပြီး ဆောင်ရွက်နေရတာလား။ ဘယ်လိုမျိုး ဖြစ်တယ်လို့ ပြောချင်သလဲ။
ဒါကတော့ အမျိုးမျိုး ပြောကြပါတယ်။ အင်န်အယ်ဒီပါတီဟာ ၂၀၁၀ ရွေးကောက်ပွဲကို မ၀င်တော့လို့ နိုင်ငံရေးပါတီတခု မဟုတ်တော့ဘူးလို့ ဆိုကြတယ်။ နိုင်ငံရေးပါတီ မဟုတ်တော့တဲ့အတွက် လူမှုရေးလုပ်ငန်းတွေထဲ တွန်းပို့ခံလိုက်ရတယ်လို့ ပြောကြတယ်။ တချို့ကတော့ တရားမ၀င်တော့တဲ့ အင်န်အယ်ဒီဟာ လူမှုရေးလုပ်ငန်းတွေကို အကာအကွယ်ယူပြီး လှုပ်ရှားမှုတွေ ဆက်လုပ်ရမယ် ဆိုတာမျိုးလည်း ပြောပါတယ်။ နိုင်ငံရေးတွေ လျော့ပြောပြီး လူမှုရေးတွေ လုပ်ကြလို့ ပြောတာမျိုးတွေ ရှိတယ်။ သို့သော် အင်န်အယ်ဒီဟာ နိုင်ငံရေးရပ်တည်ချက်အရ ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်လိုက်တာ ဖြစ်တယ်။ နိုင်ငံရေးလှုပ်ရှားမှုပဲ ဖြစ်တယ်။ ပြီးတော့ ပြည်သူလူထုရဲ့ အကျူိးစီးပွားကို မျက်နှာမူတဲ့ အတွက် လူထုရဲ့ ဒုက္ခဆငိးရဲတွေကိုလည်း ကျနော်တို့က မပစ်ပယ်ဘူး။ လစ်လျူရှုထားခြင်း မပြုဘူး။ အင်န်အယ်ဒီပါတီကိုယ်တိုင်က လူမှုရေးကိစ္စတွေမှာ ဦးဆောင်မှုပေးပြီး ဆောင်ရွက်လာရတယ်။ ဒါတွေဟာ ပြည်သူတွေကိုယ်တိုင်က အားကိုးမှု၊ အားပေးထောက်ခံမှုတွေကြောင့် ဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတဲ့အချိန်မှာလည်း ပိုပြီးတော့ သြဇာသက်ရောက်မှု အောင်မြင်မှုတွေ ရလာတယ်။ သို့သော် အင်န်အယ်ဒီဟာ တိုင်းပြည်အကျိုးစီးပွားကို ဦးတည်တဲ့ နိုင်ငံရေးလှုပ်ရှားမှုဖြစ်တဲ့ ပင်လုံလှုပ်ရှားမှုကိုလည်း ဆက်လက်ဆောင်ရွက်လျက် ရှိနေတယ် ဆိုတာကို သဘောပေါက်ကြစေချင်ပါတယ်။
ကျေးဇူးတင်ပါတယ် ဆရာ။ (ဆက်လက်ဖော်ပြပါမည်)
Subscribe to:
Posts (Atom)



























