Tuesday, November 30, 2010

satire on the mayor and No. 1

“ကာလ၀ိပါက် နောက်ပိုးတက်”
ဂျော်ဒီး
ဒီဇင်ဘာ ၁၊ ၂၀၁၀

“ အမယ်မင်း … ကြီးလှတဲ့ ဒွတ်ခ ဟဟ … …။ သွားလေသူဂျီး အဘ ပေါ တာ ခေါင် ချုပ် ရေး အေးအေး။ ကျွန်တော်မျိုးကြီး အ ရောင် အစိမ်း မလင်းတဲ့ ဗြောင်သိမ်းခြင်း ကို မကယ် နိုင် တော့ ဘူး လား ဟား ဟာ ဘုရာ့…”

အလို …ဘယ်လို ပု ဂ္ဂိုလ် ကြီး များ ငိုချင်းရှည် ချ နောက်ပိုင်း ဇာတ်ထုပ် ကနေတာပါလိမ့်။ ကြည့် စမ်း ဆံပင် မရှိတဲ့ နဖူး ပြောင် ပြောင် ပေါ် မှာ က သိကြားမင်း ဆောင်းတဲ့ မကိုဋ် ကြီး ကို ဆောင်း လို့။ အောက် ပိုင်း ကျတော့ ရင် ဖုံး တိုက်ပုံကြီး နဲ့ မလိုက် ဖက်စွာ စစ် ဘောင်း ဘီ အစုတ် ကြီး နဲ့။ ဟော … ကြည့် ပါဦး။ မအပ် မစပ်၊ လက်ထဲမှာက ခြောက် လုံး ပြူး သေနတ် ကြီး ကိုင်လို့။ ခြေထောက် မှာကျ စင် ကြယ် ဖိနပ်ကြီး စီး လို့။ မျက်နှာကို သေသေ ချာချာ ကြည့်မိတော့

“ဟယ် တော့ … မြို့တော်ဝန်ဂျီး ဦးဗြောင်သိမ်းခြင်းပါလား” လို့ ဂျီးဒေါ် အလန့် တကြား အော်လိုက်မိတော့ မလှမပ သူ့ နှုတ်ခမ်းကြီးနား လက်ညှိုးကြီး ကပ်လို့ “ရှူးးးး တိုး တိုး” တဲ့။ သိတယ် မဟုတ်လား။ ဂျီးဒေါ်ကလည်း စပ်စုစိန် ဆိုတော့ …

“ဘယ် လို ဖြစ် လာ ရ တာ လဲ ဦး ဗြောင် သိမ်း ခြင်း ရယ်။ လူ မဟုတ်၊ ဂျိုကုတ် မဟုတ်၊ သိကြားမင်း မဟုတ်။ သီဟဗာဟုကို အားကျပြီး သိကြား ဗာဟု ဇာတ်လမ်း ရိုက် နေတာလား”

“အမယ်မင်း ဟင်းးးး ငင်း ငင်း။ ဖြစ်ပုံ သနစ်စုံကို ပြောရရင်ဖြင့် ဟောဒီ ဘ၀၀ယ် လမ်းခင်း၊ တံတားဆောက်မောင် မာဂ လမ်းစဉ် လိုက် ရင် ဖြင့် သိကြား မင်း ဖြစ် တယ် ဆို လို့။ ရွေး ကောက် ပွဲ အတွက် မဲလေးလည်း ဆွယ်ရင်း လမ်းခင်းပေးတာ လမ်းတ၀က်သာ ခင်းမိလို့။ ခုတော့ သိကြား မဟုတ် ထန်းလျက် မဟုတ်၊ နို့ဆီလည်း မမည်။ အရေးကြီးတာက နတ် ပြည် မှာ သိကြား ဖြစ် ရင် တော့ နတ် သမီး မော်ဒယ် လေး တွေ တဖက် လေး ငါး ရာ နဲ့ စံ လိုက် မဟဲ့ လို့အား ခဲ ထား တာ။ ခုတော့ ခုတော့ အရှင် လတ်လတ် ဘာမှန်းမသိတဲ့ ဘ၀ကို တ၀က်ဘဲ ပြောင်းလို့။ နတ်သမီးလေးတွေကလည်း ကျုပ် ဒီဇိုင်း ကြည့်ပြီး အနားကပ်ကို မခံ။ မဲ ပုံး ကြီး အတင်း ဗြောင်သိမ်းသွား မိလို့ ဗြောင် သိမ်း ခြင်း လို့ အမည်သညာကလည်း သမုတ် ခံရသေး အေးဟေး ဟေး ဟေ”

“သြော် … ဒွတ်ခ … ဒွတ်ခ … တရားကျစရာ ပါလား”

ထိုစဉ် “ကယ်ကြပါဦးရှင် … ကူ ကြပါဦး တော့…” အသံ နက် ကြီး နဲ့  ၀င်လာသူ က စိန်စီ သော ည ဇာတ် ကား က အော် စကာ ဆု ရှင် အဖွားကြီး ပါလား။ ထမီ စွန် တောင် ဆွဲ ပြီး ပြေးလာပုံ ထောက်တော့ ပဋာ စာ ရီ ဇတ် လမ်း ကြည့် နေ ရသလို။ ဆံပင် တွေ ကလည်း ဖို့ယိုးဖားယား။ ရင်ဘတ် စည် တီး ငို ချင်း ကြီး တွေ ချ လို့။ ခု မှ ဘဲ ဇာတ် ထုပ် အစုံ ကြည့် နေ ရ တော့ တယ်လို့ ဂျီးဒေါ် တွေး နေ တုန်း …

“ကာ လ ၀ိ ပါက် နောက်ပိုးတက် ဆိုတာ တယ် မှန် ပါလား ဘုရား။ မောင်ဘုရား ပေါတာ ခုတော့ ကွိုင့်ကို ထားရစ် ခဲ့ ပြီ ပေါ့……။ ၁၀၉ ပါး သော ရောဂါတွေနဲ့  ဘ၀ တပါး ငရဲ လားရှာပေါ့ အို မောင် မောင် ပေါတာ ရဲ့ …။ သူများ မိသားစုတေ ကို သေကွဲ ရှင်ကွဲ ကွဲ အောင် ထောင်တွေ ချ၊ သတ် ပစ်၊ ရှင်းပစ် လုပ် ခဲ့သမျှ ခု ဘ၀တောင် မကူး လက် ငင်း ခံ စား နေရပါလား……။ ယမမင်း ဆိုတာကြီးက မောင် တော် ပေါ တာ ကြီး အလောင်းတောင် သင်္ဂြို လ်ခွင့် မပေး အေး ဟေး ဟေ………။ လူ သားခြင်း စာနာစိတ်တွေ ခေါင်း ပါးကြပုံ များ…”

“အမယ် သူတို့ တုံးကတော့ လူသားခြင်း စာနာ ရှာ သကိုး လို့” ဂျီးဒေါ် တိုးတိုးလေး ပြောတာကို မျက် စောင်း ကြီး လှမ်းထိုးရင်း

“အခုတော့ မြေးတော်လေး ဖိုးလောက်လန်းကိုလည်း ဘာမှု ညာ မှုတွေ ဆင်လို့ ဟိုး ပူတာအို ထောင်မှာ ထောင်ဒဏ် (၃၆၅) နှစ် တဲ့ တော်။ ရက်စက် လိုက်ပုံများ။ သူတို့ တုံးက ညှာညှာ တာတာ နှစ် (၁၀၀) ကျော်လေး ချ ခဲ့  တာ ကို။ အောင်မယ်လေး ကိုကိုပေါတာရေ … ငရဲ အိုး ထဲ က ခေါင်း ထောင် ကြည့် ပါဦး တော့……”

အသံ ပြဲ ကြီး ကြောင့် ဂျီးဒေါ် ခေါင်းတွေတောင် ကိုက်လာသည်။ ထိုစဉ် ညည်းသံ သဲ့ သဲ့ ကြားလို့ သေသေချာချာ နားထောင်လိုက် တော့

“ မယ်တော်…… မယ် ဟယ်……ဟယ် ……တော်………”

အားနည်း တိုးတိမ်လွန်းသော အသံပိုင်ရှင်ကား ပေါတာဂျီးရဲ့  သမီးတော် ရှင် ဂွမ်း ဂွိ…။ အလို … ခင်သန္တာသက်ချိုပြုံး ဘော်ဒီပိုင်ရှင်က ဘယ် လို ဖြစ် လို့ ပိန်ချုံး ချိနဲ့  သွား ရ ပါ လိမ့်။

“မယ်တော် သ… သမီးတော်ကို ကယ်ပါ။ သ… သ… သမီးတော် အေအာတီဆေး ပြတ်နေလို့ သေရပါတော့မယ်၊ ကယ်ပါ……”

“ဟယ် …ဂွိဂွိ……။ ဘယ်လို ဖြစ် လာ တာ တုံး။ အမလေး… တပူပေါ် နှစ်ပူဆင့်။ မယ် တော့် အနား သိပ် မကပ်နဲ့နော်။ ခပ် လှမ်း လှမ်း လေး က ပြော၊ ရတယ်……”

ပြောရင်းဆိုရင်း မယ်တော်ကွိုင်က နှာ ခေါင်း စည်း လေး ထုတ်စည်း လိုက်သေး။

“ညည်းကို တို့ စောင့်ရှောက်ရေး ဂေဟာကို ပို့  ခဲ့ တာ လေ။ ဘယ်လို ဖြစ် လို့  အေ အာ တီ ဆေး မရ တာ လဲ။

“မယ်တော်တို့ စောင့်ရှောက်ရေးဌာနတွေက ဆေးတွေ မှောင်ခို ထုတ် ရောင်း ခဲ့ လို့ ဆေး ပြတ် နေတယ်။ အရင် တုံး က H I V လူ နာ တွေ ကို နေစရာ မရှိ အောင်၊ ဆေး မရအောင် မယ်တော်တို့ လုပ်ခဲ့ တာ တွေ… ခု သမီးတော်က ၀ဋ် ခံ နေရပြီ မယ်တော်…”

သြော်… ၀ဋ်……၀ဋ် …… တယ် … ကြောက်စရာ ကောင်းပါလား။ ဂျီး ဒေါ် သို့ကလို တထိုင်ထဲ တရားတွေ ရ နေ တုံး တူတော်မောင် သာဂိက အော်ကြီးဟစ်ကျယ်ဖြင့် ရောက်လာသည် ……

“ ဂျီးဒေါ်၊ ဂျီး ဒေါ် … နေ့ခင်းကြောင်တောင်ကြီး အိပ် ငိုက် နေ ရ သလားဗျ။ လာ… လိုက်မလား”

သြော်… သာဂိ၊ အမိုက်အမဲလေး သာဂိ …။ တရား ရနေတဲ့ လူကြီးကို အိပ်ငိုက်သလေး ဘာလေးနဲ့၊ ဂျီးဒေါ် အကြား အမြင် ရှေ့ ဖြစ်တွေ သိနေတာ ဒင်း မသိပါလား။

“ဘယ်ကို သွား မလို့လဲ … သာဂိ ရဲ့ ”

“မဖြူဖြူသင်း တို့ရဲ့  တောင်ဒဂုံ က H I V လူ နာ စောင့် ရှောက် ရေး ဂေဟာမှာ လူနာတွေ အကြီးအကျယ် ပြဿနာ ရှာခံနေရတယ်ဗျ။ နေ ထိုင် ခွင့် ဆက် မပေး တော့ ဘူး ဆို လို့။ ကျ နော် တို့ ပြည်သူတွေ သူတို့ ဆီ သွား ပြီး အားပေးကြောင်း ဆန္ဒ ဖော် ပြ မလို့ ဗျ”

“ဟေ…… ဂ လို လား…။ ဒါဆို ငါလည်း လိုက်မယ် ချန် မထားနဲ့”

ဤသို့ဖြင့် တောင်ဒဂုံသို့ သွားသည့် ဘတ်စ်ကား တစီးပေါ်တွင် ဂျီးဒေါ်က တူတော်မောင် သာဂိကို ပေါတာကြီးတို့ မိသားစု မည်သို့မည်ပုံ ကာလ၀ိပါက် နောက်ပိုးတက်နေကြောင်း ပြောပြရင်း လိုက်ပါသွားလေသတည်း။ ။

Burmese Way of Life - Long queue to petrol station

မြို့လုံး ပတ်လည်လှည့်ပါလို့ တန်းစီတိုးစား ဓါတ်ဆီရောင်းကြစို့
မိုးမခ အထောက်တော်၊ ရန်ကုန်
ဒီဇင်ဘာ ၁၊ ၂၀၁၀
ပြန်ပေါ်လာတဲ့ ကားတန်းရှည်ကြီးတွေ
ရန်ကုန်မြို့ရဲ့ လမ်းတွေမှာ ကားတန်းရှည်ကြီးတွေ လအတန်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် ယခုလဆန်းပိုင်းက စတင်ပြီး တကျော့ပြန် ပြန်မြင်တွေ့လာရပါတယ်။ ကားတန်းရှည်ကြီးတွေက ယခင်ထက် များပြားပြီး မြို့နဲ့အလှမ်းကွာတဲ့ ဆိုင်အချို့ကလွဲရင် ပုဂ္ဂလိက စက်သုံးဆီဆိုင်တိုင်းမှာ တွေ့မြင်နေရပါတယ်။
ကားအမျိုးအစားတွေအရ  ကြည့်ရင် လေးဘီးကားအမျိုးအစားက အများဆုံးဖြစ်နေပါတယ်။ ကားတံခါး တခြမ်းဟနေတဲ့ကား၊ ကားဘော်ဒီတွေက မညီမညာနဲ့ လက်ဖြစ်ဆေးသုတ်ထားတဲ့ ကားလည်း ရှိပြီး ကားနောက်ခန်းမှာ ပလပ်စတစ်ဓါတ်ဆီပုံးတွေ တင်ထားတာလည်းမြင်နိုင်ပါတယ်။ လေးဘီးကားတွေ အပြင် ပါဗလေကာ၊ မာဇဒါ၊ ဆန်နီလိုပစ်ကပ်ကားငယ်တွေလည်း မြင်တွေ့ရပါတယ်။
အဲဒီကားအမျိုးအစားတိုင်းဟာ ဆီထုတ်ပြီး ပြန်ရောင်းတာ မဟုတ်ပေမယ့် ပြန်ရောင်းတဲ့ကားတွေရဲ့ နောက်ခန်းမှာ ဓါတ်ဆီပုံးတွေ့မြင်ရတာလည်း ရှိသလို၊ ကားနောက်ပိုင်းမှ ပလပ်စတစ်ပိုက် တန်းလန်းနဲ့ ပုံးတွေထဲ ဖေါက်ထုတ်နေတာကို လမ်းပေါ်မှာမြင်တွေ့နေရတာလည်း ရှိပါတယ်။
မာဇဒါ လေးဘီးလို ဖင်မလီယာလို ကားတွေသာမကပဲ အိမ်စီး ဆလွန်းကားတွေထဲက ဆန်နီဆူပါဆလွန်းလို၊ ကိုရိုလာလိုကားတွေလိုမျိုး ပိုင်ဆိုင်သူတွေအထဲမှာလည်း ဓါတ်ဆီပြန်ထုတ်ရောင်းသူတွေ ရှိပါတယ်။ သိန်း၁၀၀၊ ၁၅၀ တန်ကားကိုပိုင်ဆိုင်ထားပေမယ့် တရက်ကို ကျပ် ၆ ထောင် ၁ သောင်းကျော်ဝင်ငွေကို မလွန်ဆန်နိုင်ပါဘူး။ အချိန်ကလည်းရှိ တရက်ကို ကျပ်၁သောင်း ၀န်းကျင်ဝင်ငွေ ပမာဏကလည်း ဆွဲဆောင်မှုရှိနေတော့ ကိုယ်ပိုင်ကားစီးသူတွေထဲမှာလည်း ဆီထုတ်ရောင်းသူ ရှိနေတာပါ။
ဒါက မြန်မာပြည်ရဲ့ သီးခြားလက္ခဏာ တရပ်လိုဖြစ်နေပါတယ်။ လွန်ခဲ့တဲ့ ၂၅နှစ်က ထုတ်ခဲ့တဲ့ ကားကို ကျပ် သိန်း ၁၀၀ ကျော်နဲ့ ၀ယ်စီးပေမယ့် တရက်ကို ကျပ် ၁ သောင်းမျှသော ၀င်ငွေကိုလည်း မက်မောစွာ နဲ့ အချိန်ကုန်ခံ ၊ နေပူခံတန်းစီနေကြရသေးတာပါ။ ကားဆိုတာ အသုံးပစ္စည်း မဟုတ်ပဲ အရင်းအနှီးတစ်ခု ဖြစ်နေတာဟာ မြန်မာနိုင်ငံရဲ့ ထူးခြားချက် ဖြစ်လို့ပါပဲ။
တဖက်ပွင့်၊ တခြမ်းပိတ် မြန်မာပြည်ဈေးကွက်
အခုလဆန်းက စတင်ခဲ့တဲ့ ဓါတ်ဆီတန်းစီ ထုတ်ရောင်းတဲ့ အဖြစ်အပျက်ကို စေ့ငုကြည့်လိုက်တဲ့အခါမှာ အစိုးရက ဓါတ်ဆီကို ၂၅၀၀ ကျပ်နဲ့ပဲ ရောင်းရမယ် ဆိုတဲ့အချက်၊ နယ်မြို့တွေနဲ့ ရန်ကုန်မြို့ဝယ်ယူနိုင်တဲ့ အခွင့်အရေးမတူညီတဲ့ အချက်တွေကြောင့် ပျောက်ကွယ်လုနီးဖြစ်နေတဲ့ ပြင်ပဈေးကွက် ပြန်လည် အသက်ဝင်လာပါခဲ့တာပါ။
ရန်ကုန်မှာ ဓါတ်ဆီ ၁ ဂါလံကို ၂၅၀၀ ကျပ်နဲ့ ၀ယ်ခွင့်ရှိနေတဲ့ အချိန်မှာ နယ်မြို့မှာရှိတဲ့ ပုဂ္ဂလိကဆိုင်တွေမှာ ဂါလံ အကန့်အသတ်နဲ့ သို့မဟုတ် ရက်ခြားပြီး ရောင်းချပေးနေရတဲ့ အနေအထားဖြစ်နေပါတယ်။ နယ်မြို့ကြီးတွေမှ တဆင့်ထပ်ဆင်းကြည့်မယ် ဆိုရင် နယ်မြို့ငယ်တွေမှာ အဲဒီလို ၂၅၀၀ကျပ်နဲ့ ရောင်းချပေးတာမျိုးတောင် လုံးဝမရှိပဲ ပြင်ပဈေးကွက်ကိုသာ မှီခိုနေကြရ တာလည်းဖြစ်ပါတယ်။ အဲဒီလိုဟာနေတဲ့ နေရာတွေက ၀ယ်လိုအားကြောင့် ရန်ကုန်လိုမြို့ကနေ ဖြည့်ဆည်းပေးတဲ့ ဈေးကွက် သဘောဖြစ်ပေါ်လာတာပါ။
ထိုင်းနယ်စပ်၊ တရုတ်နိုင်ငံနယ်စပ်မြို့တွေမှာတော့ တဘက်နိုင်ငံက တင်သွင်းလာတဲ့ ဓါတ်ဆီကိုသာ မှီခိုနေကြရတာပါ။ ယခုလို အချိန်အခါလိုက် ပေါ်လာတဲ့ စီးပွားရေး လုပ်ကွက်ကို လုပ်ကိုင်နေတဲ့ ရန်ကုန်မြို့က ကားပိုင်ရှင် တယောက်ကို မေးမြန်းကြည့်တော့
“အခုလဆန်းကစပြီး ဓါတ်ဆီရောင်းပေးတာ ရန်ကုန်မှာ တဆိုင်နဲ့ တဆိုင်မတူဘူး ၊ တချို့ဆိုင်က ၆ ဂါလံအထိ ရောင်းပေးသလို တချို့ဆိုင်က ၄ ဂါလံ၊ ၃ ဂါလံ၊ ၂ ဂါလံပဲပေးတာလည်း ရှိတယ်။ ပုဇွန်တောင် ကြက်တန်းက ဆိုင်ဆို ၆ ဂါလံထိပေးတယ်။ ဘူတာကြီးရှေ့က ဆိုင်ဆို ၄ ဂါလံ၊ သိမ်ဖြူလမ်းကဆို ၃ ဂါလံ ၊ အဲလိုကွာကြတယ်။ ကျွန်တော်က မနက် စောစောကြက်တန်းက ဆိုင်ကို တကြိမ်စီလိုက်တယ်။ အဲဒီက ထွက်ရင် ဦးဝိစာရလမ်း ရေကူးကန်ရှေ့နားကဆိုင်ကို သွားတယ်။ အဲဒီနောက် ဘူတာကြီးကိုစီတယ် ၁၂ဂါလံရရင် ၁၁ ဂါလံရောင်းလိုက်ပြီး ၁ဂါလံကိုမောင်းဖို့ ထားတယ်။ အဲလိုရောင်းလိုက်ရင် အမြတ်က ၆ထောင်ကျော် ၇ ထောင်နီးပါး ကျန်တယ်”
လို့သူ့ရဲ့ တနေ့တာ တန်းစီရပုံကို ပြောပြပါတယ်။
ဒါကတော့ မြန်မာနိုင်ငံ ရန်ကုန်မြို့က ကားပိုင်ရှင်တွေရဲ့ ဘ၀နဲ့ စီးပွားရှာနည်း တနည်းပါ။
မူမပြောင်း လူမပြောင်း တန်းစီ တိုးစားရောင်း
အစိုးရရဲ့ မကြာခဏပြောင်းတတ်တဲ့ စီးပွားရေး မူဝါဒ၊ တသမတ်ထည်း သွားတဲ့ စည်းမျဉ်းဥပဒေ မရှိပဲ သူတို့ အကျိုးစီးပွား၊ လုပ်ငန်းရှင်ကြီးတွေရဲ့ အကျိုးစီးပွားကိုကြည့်ပြီး အမျိုးမျိုးပြောင်းတတ်တာမို့လို့ လူထုကလည်း ပြောင်းလဲတဲ့ အခြေအနေနဲ့ လိုက်ဖက်အောင် တပွဲထိုး နည်းနဲ့ စီးပွားရှာတတ်ကုန်ကြပါတယ်။
ယခုလက်ရှိ အုပ်ချုပ်နေတဲ့ နအဖ အစိုးရ၊ မကြာခင် ပုံစံပြောင်းတက်လာမယ့် ကြံ့ဖွံ့အစိုးရ လက်ထက်မှာလည်း အခုလိုပဲ လူတွေကို လမ်းပေါ်တန်းစီတိုးစားတဲ့ အဖြစ်ကလွတ်အောင် ဈေးကွက်စီးပွားရေး စနစ်ကို ပီပြင်စွာဖေါ်ဆောင်မှာလား မဖေါ်ဆောင်ဘူးလား ဆိုတာစောင့်ကြည့် ကြရဦးမှာပါ။

The Family of Ludu U Hal & Daw Ama offered swan and food to monks and guests at the anniversary



 
လူထုဦးလှနဲ့ လူထုဒေါ်အမာတို့၏ ကျန်ရစ်သူမိသားစုအလှူ ကျင်းပ
တာရာဝေယံ
ဒီဇင်ဘာ ၁၊ ၂၀၁၀
ကွယ်လွန်ခဲ့ကြပြီဖြစ်တဲ့ စာရေးဆရာ၊ သတင်းစာဆရာကြီး လူထုဦးလှနဲ့ ဒေါ်အမာတို့ကို ရည်စူးပြီး ကျန်ရစ်သူမိသားစုက ပဲခူးတိုင်း၊ ညောင်လေးပင်မြို့၊ တောရရွှေကျင်ဂိုဏ်း၊ ၁၁၄ ကြိမ်မြောက် ၀ိနည်း အာဂုံစာပြန်ပွဲတော်ကြီးမှာ သံဃာတော်အပါး ၅၁၀ ကို နေ့ဆွမ်း၊ အချိုပွဲ၊ ညနေ ဖျော်ရည်များ ဆက်ကပ်လှူဒါန်းခဲ့ကြပါတယ်။


အလှူကို ရန်ကုန်မြို့နဲ့ ညောင်လေးပင်အနီး ကျေးရွာများက ဆွေမျိုး မိတ်သင်္ဂဟများ ကြွရောက်ခဲ့ကြပါတယ်။


          ဆရာကြီးလူထုဦးလှဟာ ညောင်လေးပင် အရှေ့ဖက် ၈ မိုင်ခန့် ဝေးတဲ့ ပုဇွန်မြောင်းရွာ ဇာတိဖြစ်ပြီး ယခုအလှူကျင်းပတဲ့ ညောင်လေးပင်နယ်၊ ရွှေကျင်တောရကျောင်းတိုက်ရဲ့ တတိယမြောက် ပဓါန နာယကဆရာတော် သကျသီဟပါမောက္ခ အဂ္ဂမဟာပဏ္ဏိတ၊ ဘန္ဒန္တ အရိယာဘိဝံသ အရှင်သူမြတ် (၁၂၄၈ - ၁၃၁၄ (မြန်မာသက္ကရာဇ်))ဟာ  လူထုဦးလှနဲ့ အကိုဝမ်းကွဲ တော်စပ်သူ ဖြစ်ကြောင်း သိရပါတယ်။



Burmese Artist Khin Maung Yin turns 72 with Art Exhibit



ပန်းချီဆရာကြီး ဦးခင်မောင်ရင် ၇၂ နှစ်ပြည့် ပန်းချီပြပွဲ ကျင်းပ
တာရာဝေယံ
ဒီဇင်ဘာ ၁၊ ၂၀၁၀
          ဆရာဦးခင်မောင်ရင်ရဲ့ အသက် ၇၂ နှစ်မြောက် မွေးနေ့ ပန်းချီပြပွဲကို ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်း၊ ပုလဲကွန်ဒိုမီနီယမ်မှာ ရှိတဲ့ မိုးခ (More Kha) ပန်းချီပြခန်းမှာ ပြုလုပ်ခဲ့ပါတယ်။ ပြပွဲကို နိုဝင်ဘာ ၂၉ မှ ဒီဇင်ဘာ ၅ အထိ ပြသထားမှာ ဖြစ်ပါတယ်။
 


          ပြပွဲဖွင့်ပွဲကို နိုဝင်ဘာ ၂၈ ညနေ ၄ နာရီက ၆ နာရီအထိ ကျင်းပခဲ့ပြီး အခမ်းအနားမှူးအဖြစ် ဆရာဆန်နီညိမ်းက ဆောက်ရွက်ကာ ဆရာဦးခင်မောင်ရင်ရဲ့ မိတ်ဆွေများဖြစ်တဲ့ စန္ဒယားဦးသိမ်းမောင်၊ ဆရာမောင်မိုးသူ၊ ဆရာစန်းမြင့်တို့က အမှတ်တရစကားများ ပြောကြားခဲ့ကြပါတယ်။
 
          ဆရာဦးခင်မောင်ရင်ဟာ မြန်မာပန်းချီခေတ်ကို ဆန်းသစ်စေသူ၊  ခေတ်သစ်ပန်းချီကျော်တဦး ဖြစ်ပြီး ရိုးရှင်းသော ဟန်နဲ့ အရောင်ပြင်း ဟုတ်ချက်များကို လွတ်လပ်စွာ ဖန်တီးရေးဆွဲလေ့ရှိသူ တဦးဖြစ်ပါတယ်။
 
          မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံတူအများအပြားကို ရေးဆွဲခဲ့တဲ့ ပန်းချီဆရာတဦးလည်း ဖြစ်ပါတယ်။











(ဓာတ်ပုံများ - နို၂၈၊ ၂၀၁၀၊ ခင်မောင်ရင် ၇၂ ပန်းချီပြပွဲ မြင်ကွင်း၊ တက်ရောက်သူများ၊ ပန်းချီကားများ (တာရာဝေယံ))