Sunday, October 31, 2010

Mar Mar Aye - 353

“ပြောပြစရာတွေလဲ တပုံကြီး ရှိသေးတယ်” အမှတ် (၃၅၃)
သုံးရောင်ခြယ်
မာမာအေး
နိုဝင်ဘာ ၁၊ ၂၀၁၀

သောတရှင်များ ကျန်းမာတော်မူကြပါစရှင် - မာအေးချစ်တဲ့ သောတရှင်တွေ ဂီတ ဝါသနာရှင်တွေ အားလုံး မာအေးရဲ့ အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရော စိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ မာအေးကတော့ အလွမ်းသီချင်းလေးတွေ ကြားချင်တယ် ဆိုတဲ့ BBC အချစ်တော် ပရိသဒ်တွေထဲက ကြားလာရတဲ့ အာသာ ဆန္ဒကို လိုက်ပြီးတော့ လွမ်းတာလေးတွေ သီကုံး ပြောလို့ မဆုံး ဖြစ်နေပြီ ထင်ပါရဲ့ရှင်။ ဒီမှာတင်ဘဲ အလွမ်းတွေကို တစ်စခန်းနေဦးစို့လို့ နားဖို့ရာ ကြံပေမယ့် ဟန်မရသေးဘူး ချစ်ဆွေတို့ရဲ့၊ လွမ်းရမှာတွေက ကြုံသကိုလေ ဖြစ်နေလို့ပေါ့။

ချစ်ဆွေတို့ တတွေလဲ ဒါလောက်ဆိုရင် သိပြီးလောက်ပြီ ထင်ပါတယ်။ မြို့မေတ္တာခံယူမယ့် မောင်မင်းသားကြီးတွေက လာမယ့် နိုဝင်ဘာလ ထဲမှာ ကြမ္မာ မျက်လှည့် အချဲ့ကြီး ချဲ့ဘို့ ကြံတော့ ပြည်မြန်မာရဲ့ အောင်လံတော်ဟောင်း “ကဒေါင်း”ကို ဖယ်၊ “ကြယ်ဖြူ”ကို အလယ်မှာသွင်း၊ ဗမာ့တော်လှန်ရေး မြေခံ “သုံးရောင်ခြယ်အလံ” က အရောင်တွေ အတိုင်း ထားစေခြင်း ဥပဒေထုတ်၊ အလံတော်သစ်ကြီး လုပ်တယ် တဲ့။

သီချင်းကတော့ ၀ိုင်အင်ဘီ ဆရာတင် ရေး သီကုံးတဲ့ “ဒို့ဗမာသီချင်း” ထဲက သံပြိုင်ပိုဒ်ရဲ့တေးသွား အလိုက် “ကမ္ဘာမကြေ အပိုဒ်”က အသံအတိုင်းဘဲ တဲ့။ မာအေး နားနဲ့ ဆတ်ဆတ် မကြားရဖူးသေးလို့ သေချာတဲ့ အခါ ပြန်ပြောပါ့မယ်။ ဟိုတုန်းက “တရားမျှတ လွတ်လပ်ခြင်းနဲ့ မသွေ ဒို့ပြေဒို့မြေ” အဲဒီလို ဗမာသံ ဗမာ အလိုက်နဲ့ စဆိုရတဲ့ အကြောင်း ပြောပြထားမိလို့ မှတ်တမ်းလေးတော့ ကျန်သေးသဟဲ့ပေါ့နော။ လူသားတိုင်း တရားမျှတ လွတ်လပ်မှုဆိုတာတွေ လိုအပ်ပါလျက် ဘာကြောင့်များ ဖျက်ခဲ့ပါလိမ့်၊ အတွေးမှာ ပေါ်မလာပါဘူး။

ပေါ်လာတဲ့ အတွေးကတော့ သီချင်း အကြောင်းမဟုတ်တဲ့ အလံ ကိစ္စပါဘဲ။ နောက်သုံးမယ့် အလံတော်သစ်ကို “တတိယ သုံးရောင်ခြယ်အလံ”လို့ ပြောဖို့ စိတ်ကူးမိနေလို့ပေါ့ရှင်။ စိတ်ကူးပေါ်သင့် မပေါ်သင့် တွေးချင့်ကြည့်စမ်းပါ။

ပထမ သုံးရောင်ခြယ်အလံမှာ နောက်ခံ အရောင်တွေက သုံးမျိုးပါ၊ အ၀ါရယ်၊ အစိမ်းရယ်၊ အနီရယ် ဖြစ်ပါတယ်။ ဒီ အရောင်သုံးမျိုးကို အကွာအဝေး ညီမျှစွာ ကန့်လန့်စင်း ဆွဲသားပြီး အလယ်ကောင်မှာ “ကဒေါင်း” ပုံပါရှင်။ ဒီအတွက် သုံးရောင်ခြယ် သီချင်း ရွှေတိုင်ညွှန့် ရေးခဲ့ပါတယ်။ ခေတ်ဟောင်းမှာ အဆိုတော်ကြီး မကြည်အောင်နဲ့ စိန်ပါတီတို့ သီဆိုထားတဲ့ ဓါတ်ပြားများ ရှိပါတယ်။ မာအေးကြိုက်တဲ့ နိုင်ငံရေး သီချင်းထဲမှာ ‘သုံးရောင်ခြယ်’ လဲ ပါတာပေါ့။ စင်ပေါ်နဲ့ ကားတွေပေါ်မှာတော့ ပြည်သူတွေကို ဆိုပြပြီးပါပြီ။ မှတ်တမ်း အဖြစ် သခင်၊ သခင်မကြီးတွေနဲ့ ဂီတပညာရှင်တွေ စုပေါင်း သိမ်းဆည်း ထုတ်လွှင့်တဲ့ အခါမှာ တပည့်ကျော် ခေတ္တရာ တမာချိုက ဆိုခွင့်ရသွားပါတယ်။ အလွမ်းပြေ နားထောင်ရအောင်ပါ။

ဗမာကိန်းအညီ၊ အ၀ါ၊ အစိမ်း၊ အနီ။ အ၀ါရောင်ရည်ရွယ်ချက်က ဘာသာရယ်၊ သာသာနာရယ်၊ ပညာရယ် တိုးလိမ့်မည်၊ အစိမ်းရောင် ဆိုတာကတော့ စပါးဆန်ရေ ရွှေငွေ အထွေထွေ ပေါမည်။ အနီရောင် မြင်သူ့အသည်းမှာ ရဲစိတ်ရဲမာန်ထက်သန်ကြမည်၊ အနီရောင်တွေကို မြင်သူ့အသည်း ရဲစိတ်ရဲမာန်ထက်သန်ကြမည် တို့ဗမာ- ကုန်းဘောင်နွယ်မှန်သည်၊ သုံးရောင်ခြယ် အလံတော်ကြီး ကဗ္ဗည်းနဲ့ စိုက်ထူမည် xxx
[ခေတ္တရာ တမာချို သီဆိုတဲ့ သုံးရောင်ခြယ်]

ကဲ .. ဒါကတော့ အများကြားဖူး ကြိုက်ဖူးတဲ့ သုံးရောင်ခြယ်ပေါ့ရှင်။ ဒုတိယ သုံးရောင်ခြယ် အလံလဲ ရှိတယ်ရှင့်။ အဲဒီ အလံက ၀ါစိမ်းနီပေါ်က ဒေါင်းပုံနေရာမှာ အလုပ်သမား လယ်သမားကိုယ်စားပြု တူနဲ့ တံဇင်ပုံပါတယ် တဲ့။ မာအေးကလဲ “လေးဆယ့်နှစ်” ကျမှ မွေးတာ ဆိုတော့ မမြင်လိုက်နိုင်ခဲ့ပါဘူး။ တို့ဗမာ အစည်းအရုံး အတွက် သီချင်းတွေ စုစည်း သီဆိုကြတဲ့ အခါကျတော့မှ သုံးရောင်ခြယ် တူတံဇင် အလံ အကြောင်း၊ တူတံဇင်သုံးရောင်ခြယ် သီချင်းတွေလဲ ရှိသေးကြောင်း သိခဲ့ရတာပါဘဲ။ ဘငြိမ်းချမ်း မှိုင်းဆရာကြီး ဦးစီးတဲ့ တို့ဗမာသခင်အဖွဲ့ကြီးလဲ နှစ်ဖွဲ့ဖြစ်ခဲ့သေးတာကိုး လို့ အသိလဲ တိုးရတာပေါ့လေ။ ဒါကြောင့်လဲ မူကွဲရှိခဲ့တဲ့ ဒုတိယ သုံးရောင်ခြယ်ကို ဆိုထားခဲ့ပါတယ်။ ပြဇာတ်ဝိဇ္ဇာ ဒဂုန်ဆရာတင် ရေးခဲ့တဲ့ တူတံဇင်သုံးရောင်ခြယ် သီချင်းပါ။ အဆိုတော်ကြီး မသိန်းဟန် အသံနဲ့ ခေတ်ဟောင်း ဓါတ်ပြားရှိပါတယ်။ ခုကတော့ မာအေး အသံနဲ့ ပေါ့နော။

ဝါစိမ်းနီ တူတံဇင် သီချင်းကိုဖြင့်၊ ဗမာကိန်း အညီ ဇမ္ဗူတခွင် ပွင့်လင်းစေဘို့၊ မောင်ရယ် … မူ အမြန်ရှင်းအောင်ပ ပြောပြချင်တယ် xx ဗမာ့ အလံကြီးရယ်ဟု ကမ္ဘာ့ရန်မီးတွေ အဖြာဖြာကွယ်ဘို့၊ သာသာနာနွယ်ဝါရောင်သုံးတယ် ဘုန်း … ဘုန်းတောက်လို့ကြွယ် xx ထူးထူးခြားခြား၊ ဗမာများ နေတဲ့ ဗမာတိုင်းပြေရဲ့ ကျက်သရေ အသွယ်သွယ်၊ သာသနာတော် ထွန်းရာအရပ်မို့ကွယ် အထက်က အ၀ါရောင်ခြယ်၊ သစ်ဝါး ရေနံ ကျောက်သံ စပါး ထွက်တယ်၊ စိုစို စိမ်းစိမ်း အထိမ်းအမှတ်ခြယ် သတ္တိဂုဏ် ရဲဂုဏ်ကိုသာ တကယ်၊ သွေးသစ် အနီရောင်ခြယ် (သုံးရောင်လွှမ်းခြယ် ဆန်းကျယ်၊ ခေတ်သစ် ထူထောင်နိုင်မယ်)၂ xx အောင် အောင်လံတော်ကြီး နိသျှည်းမြင်စေဘွယ်။
[သုံးရောင်ခြယ် - တူတံဇင်]

ဒါကတော့ ဒဂုန်ဆရာတင်ရေးတဲ့ တူတံဇင်သုံးရောင်ခြယ် သီချင်းထဲက ပါဘဲ။ ချစ်ဆွေတို့ကတော့ သုံးရောင်ခြယ် အလံသီချင်းတွေ အကြောင်း ပြောနေတာများ - လွမ်းစရာလားလို့ ထင်နေမှာမို့လား။ မာအေးအဖို့ကတော့ လွမ်းစရာ တကယ်ပါ။ ပြောမိတဲ့ အခါ အဲဒီသီချင်းတွေ အသံသွင်းတုန်းက တွေ့ခဲ့ရတဲ့ ဂီတညီအစ်ကို မောင်နှမတွေ၊ အသံသွင်းပေးတဲ့ လုပ်ဖေါ်ကိုင်ဖက်တွေကိုပါ မျက်စေ့ထဲမှာ ပြန်ပေါ်လာတတ်လို့ပါ။ မာအေးလွမ်းတာက အဲဒါမျိုး။ ဒီသီချင်းလေးမျိုးကလဲ သူ့ခေတ် သူ့အခါ ကုန်သွားခဲ့တာ ကြာမှဘဲ၊ ကိုယ်ကသာ နှုတ်မဆက်ရက်လို့ လိုက်လက်ရှာကြ နောက်ကြောင်း ပြန်တွေဖြစ်တော့ အလွမ်းသစ်တာပေါ့။ တူတံဇင် သုံးရောင်ခြယ် နောက်တပုဒ်ကို ဗိုလ်အောင်ဒင် မင်းသားကြီး ခင်မောင်ရင့် အသံနဲ့လဲ ဓါတ်ပြား သွင်းထားတာ ရှိပါတယ်။

အခု သုံးမယ့် အလံကလဲ အခုပြောနေတဲ့ သုံးရောင်ခြယ် နောက်ခံတွေ တူနေပါတယ်။ အလယ်ကောင်မှာ ကျတော့ “ကဒေါင်း” မဟုတ်ဖူး၊ “တူတံဇင်” လဲ မဟုတ်ဖူး၊ “ကြယ်ဖြူတပွင့်” ပြောင်းသွားတာ မြင်ရပါတယ်။ ဒါကြောင့် မာအေးက “တတိယသုံးရောင်ခြယ်” လို့ ခေါ်ချင်လာတာ ဖြစ်ကြောင်းပါရှင်။

(ဘီဘီစီ မြန်မာပိုင်း အသံလွှင့်ဌာနက ထုတ်လွှင့်ခဲ့သော ဆောင်းပါးကို ပြန်လည် ဖော်ပြသည်။ http://www.bbc.co.uk/burmese/programmes/2010/10/101028_mmaye28.shtml တွင် နားဆင်နိုင်သည်။)

going to Mt Everest for internet

အင်တာနက်သုံးဖို့ ငါ ဧဝရက်တောင်ကိုတက်မယ်
လင်းနွေးအိမ်
နိုဝင်ဘာ ၁၊ ၂၀၁၀

မနက်ခင်းတိုင်းမှာ မျက်နှာသစ်ဖို့ လိုသလို
မနက်ခင်းတိုင်းမှာ အင်တာနက်ဖွင့်ဖို့ လိုတယ်
ဆန်ဈေး၊ ဆီဈေး၊ ကြက်ဥဈေးက စလို့ ဂျက်ဖိုက်တာတွေ ဈေးနှုန်းထိ
(မဝယ်နိုင်တောင်မှ) သိထားမှ တန်ကာကျမယ်။
နေ့ စဉ် ထမင်းစားဖို့  လိုသလို
နေ့ စဉ် အင်တာနက်ဖွင့်ဖို့  လိုတယ်
ညီအကို မောင်နှမ သူငယ်ချင်းတွေ၊
ဒါမှမဟုတ် သူစိမ်းတွေနဲ့ ဆက်သွယ်ဖို့  အင်တာနက်ရှိရင် လွယ်ကူတယ်။
ဧဝရက်တောင်မှာတောင် အင်တာနက် ရနေပြီတဲ့ ချစ်သူရေ
ဒါဆို တို့ ဗမာပြည်က
ဧဝရက်တောင်ထက် မတ်စောက် ခက်ခဲတဲ့နေရာလား
စစ်နဲ့ ငြိမ်းချမ်းရေးအတွက် အင်တာနက် လိုတယ်။
ချစ်သူရေ
တောင်ကြီး ဖဝါးအောက်
မှောက်ရက်လဲရင်လဲ ပြန်ထ
မဖြစ်မနေ အင်တာနက်သုံးရဖို့ 
ငါ---- ဧဝရက်တောင်ပေါ် တက်မယ်။ ။

လင်းနွေးအိမ်
အောက်တိုဘာ ၂၉ ရက် ၂၀၁၀

(Ncell CEO Pasi Koistinen speaks to mountaineer Namgel Sherpa, who is located at Kalapathar. 5,164 m (16,942 feet) near Mt. Everest/Reuters photo)

Security Tightened in Naypyidaw Capitol - shops closed at 9 PM

နေပြည်တော်တွင် တပ်အင်အား အများအပြားချ၊ ဆိုင်များ ည၉နာရီ ပိတ်ရန် ညွှန်ကြား
မိုးမခ အထောက်တော်၊ ရန်ကုန်
နိုဝင်ဘာ ၁၊ ၂၀၁၀
ယခုရက်ပိုင်းအတွင်း နေပြည်တော် ပျဉ်းမနား၊ လယ်ဝေး တ၀ိုက်တွင်
စစ်တပ်အင်အား အများအပြားချထားပြီး မြို့နှင့် ရွာများမှ စားသောက်ဆိုင်၊ လက်ဘက်ရည်ဆိုင်များအား ည ၉နာရီနောက်ဆုံးထားပြီး ပိတ်ကြရန် ညွှန်ကြားထားသည်ဟု နေပြည်တော်မှ လာသောသတင်းများ အရသိရသည်။
စစ်တပ်များအား ချထားသည့် ပုံစံမှာ ယခင်နှင့်မတူ ထူးခြားနေပြီး လက်ပတ်တံဆိပ်မတူသည့် စစ်သားများအား နေရာတခုအတွင်း နီးကပ်စွာ မြင်တွေ့နေရသဖြင့် အထက်မှ အမိန့်ပေးခြင်း မတူသည့် တပ်ရင်းများဖြစ်နိုင်သည်ဆိုသည့် မှန်းဆပြောဆိုမှုများလည်း ရှိနေပြီး စစ်ခေါင်းဆောင်အထက်ပိုင်းအား သစ္စာခံ မတူသည့် တပ်များဖြစ်နိုင်သည်ဆိုသည့် ပြောဆိုမှုများလည်း ထွက်ပေါ်လျက်ရှိသည်။
ယခုရက်အတွင်း စားသောက်ဆိုင်၊ လက်ဘက်ရည်ဆိုင်များအား ည ၉ နာရီ ပိတ်ခိုင်းသော်လည်း ရွေးကောက်ပွဲ မတိုင်မီ ရက်ပိုင်းအလိုတွင် ညနေ ၆ နာရီ ပိတ်ခိုင်းမည့် သတင်းလည်းထွက်ပေါ်လျက်ရှိကာ၊ ညမတွက်ရ ကာဖျူးအမိန့်ထုတ်သကဲ့သို့ လူအသွားအလာ ခြောက်ကပ်နေသည်ဟုလည်း နေပြည်တော်တွင် နေထိုင်သူ တဦးကပြောသည်။
လယ်ဝေး ဘက်မှ ပျဉ်းမနားမြို့သို့ အ၀င်လမ်းကြောင်းများအားလုံးအား ကင်းချ စောင့်ကြည့်လျက်ရှိ ပြီးစစ်သားများအား ဟိုနားသည်နား အစုလိုက်တွေ့မြင်နေရသဖြင့် မြို့ခံလူထုမှာ စိုးရိမ်ထိတ်လန့်မှု ပိုမိုလာနေသည်ဟုလည်း မြို့ခံတဦးကပြောသည်။
လာမည့် အပတ် တနင်္ဂနွေတွင် ကျင်းပမည့် ရွေးကောက်ပွဲအား စစ်အစိုးရအား ကိုယ်စားပြုသည့် ကြံ့ဖွံ့ပါတီ အနိုင်ရရေးအတွက် နည်းအမျိုးမျိုးသုံးပြီး လုပ်ဆောင်နေသလို၊ အတိုက်အခံပါတီများ၏ စည်းရုံးရေး ခရီးစဉ်များအားလည်း အနှောက်အယှက်ပေးခြင်း သို့မဟုတ် နည်းဥပဒေ လုပ်ထုံးလုပ်နည်းများသုံးပြီး နှေးကွေး အလုပ်မဖြစ်အောင် လုပ်ဆောင်လျက်ရှိသည်ဟု အတိုက်အခံ ပါတီအင်အားစုများက ထုတ်ဖေါ်ပြောဆိုကြသည်။

Burmese in Washington DC Metro Community say NO to Burmese Sham Election

အောက်တိုဘာ ၃၀ -  ၀ါရှင်တန် မြန်မာသံရုံးရှေ့မှာ မြန်မာများက ၂၀၁၀ ရွေးကောက်ပွဲကို ရှုတ်ချ
ဓာတ်ပုံသတင်း
နိုဝင်ဘာ ၁၊ ၂၀၁၀
             လွန်ခဲ့တဲ့ အောက်တိုဘာ ၃၀၊ စနေနေ့က ၀ါရှင်တန်ဒီစီ မြန်မာစစ်သံရုံးရှေ့မှာ ၀ါရှင်တန်ဒီစီမက်ထရိုက မြန်မာကွန်မြူနီတီတို့ စုဝေးကြပြီး ၂၀၁၀ ရွေးကောက်ပွဲကို ကန့်ကွက်ရှုတ်ချခဲ့ကြပါတယ်။ မြန်မာပြည်က စစ်အစိုးရရဲ့ အလံအသစ် လွှင့်ထူထားတဲ့ သံရုံးရှေ့မှာ မြန်မာ့အရေးလှုပ်ရှားသူများနဲ့အတူ စစ်အစိုးရအလံရဲ့ မူလပိုင်ရှင် အဝေးရောက် အမျိုးသားညွန့်ပေါင်းအစိုးရက ၀န်ကြီးချုပ်ကိုယ်တိုင်လည်း တက်ရောက်ခဲ့တာကို တွေ့ရပါတယ်။



Burmese in NYC say NO Vote to Burmese Regime 2010 Election

အောက်တိုဘာ ၂၉၊ နယူးယောက်၊ ကုလရုံးချုပ်ရှေ့ မြန်မာများ ၂၀၁၀ ကန့်ကွက်ပွဲ
ဓာတ်ပုံသတင်း
အောက်တိုဘာ ၃၁၊ ၂၀၁၀
အောက်တိုဘာ ၂၉ သောကြာနေ့က နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်ရှေ့တွင် မြန်မာတို့ စုဝေးပြီး စစ်အစိုးရ နှင့် ရွေးကောက်ပွဲကို အလိုမရှိကြောင်း၊ မဲရုံကို ကျောခိုင်းကြရေး မြန်မာပြည်သူတို့၏ ဆန္ဒသဘောထားများကို ထုတ်ဖော်ပြသခဲ့ကြသည်။ ဓာတ်ပုံ ဖေ့ဘွတ်၊ မျှဝေသူ - Zorm Ou



Burmese in Singapore say NO to Regime's Election


စင်္ကာပူမြန်မာများက စစ်အစိုးရနဲ့ ရွေးကောက်ပွဲကို အလိုမရှိ
မိုးမခအထောက်တော် စင်္ကာပူ
အောက်တိုဘာ ၃၁၊ ၂၀၁၀
အောက်တိုဘာလ ၃၀ ရက်နေ့ ညနေ ၄ နာရီမှ စတင်၍ စင်္ကာပူနိုင်ငံ စပီကာကော်နာတွင် ပြုလုပ်သော ရွေးကောက်ပွဲဆန့်ကျင်ဆန္ဒပြပွဲသို့ မိုးတဖွဲဖွဲ ရွာနေသည့်ကြားမှ မြန်မာနိုင်ငံသားများနှင့် လူ့အခွင့်အရေးလှုပ်ရှားသူ စင်္ကာပူနိုင်ငံသား ၇၀ ခန့် တက်ရောက် ဆန္ဒပြခဲ့ကြသည်။ တက်ရောက်လာသူများသည် အနီရောင် တီရှပ်များကိုဝတ်ဆင်ထားကြပြီး အချို့မှာ “NO” စာတမ်းပါသော တီရှပ်နဲ့ ဦးထုပ် အနီရောင်များကို ဝတ်ဆင်ထားကြသည်။
ဆန့်ကျင်ဆန္ဒပြပွဲအတွင်း တက်ရောက်သူများသည် ဒေါ်အောင်ဆန်းစုကြည် ဓါတ်ပုံများပါသော ရွေးကောက်ပွဲဆန့်ကျင်ရေး ပိုစတာများ၊ စစ်အစိုးရ၏ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ကြ ဟု အဓိပ္ပါယ်ရသော ဘန်နာများကို ကိုင်ဆောင်ထားကြကာ မြန်မာ့ဒီမိုကရေစီရေးနှင့် တော်လှန်သင်္ကေတဖြစ်သော ခွပ်ဒေါင်းအလံကိုလည်း လွှင့်တင်ကိုင်ဆောင်ထားကြသည်ကို တွေ့ရသည်။
ထို့မတိုင်မီနေ့က အမေရိကားမှ မြန်မာများ ဆန့်ကျင်ဆန္ဒပြရာတွင် အသုံးပြုသော “No" စာလုံးနှင့် အန္တရာယ် မကောင်းဆိုးရွားတံဆိပ်များကပ်နှိပ်ထားသည့် စစ်အစိုးရ၏ သုံးရောင်ခြယ် အလံသစ်ကိုလည်း ဖေ့စ်ဘွတ်ခ်မှတဆင့် ရယူရိုက်နှိပ်ကာ ကိုင်ဆောင်ရှုတ်ချထားသည်ကို တွေ့ရပါသည်။
အခမ်းအနားတွင် တရားဝင်စကားပြောခွင့်ရှိသော စင်္ကာပူနိုင်ငံသား လူ့အခွင့်အရေးလှုပ်ရှားသူသုံးဦးမှ ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်ရခြင်းနှင့် စပ်လျဉ်း၍ အမှတ်တရ စကားပြောကြားခဲ့ကြသည်။ 
ထို့နောက် တက်ရောက်လာသူများ စုပေါင်း ဓါတ်ပုံရိုက်ခြင်း၊ "စစ်အစိုးရ၏ အတုအယောင် ရွေးကောက်ပွဲအား ဆန့်ကျင်သပိတ်မှောက်ကြ” ဆိုသည့် အဓိပ္ပါယ်ရသော ကြွေးကြော်သံများကို သုံးကြိမ်တိတိ ရွတ်ဆိုကာ အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းလိုက်သည်။

Saturday, October 30, 2010

Newyork, Washington, Buffallo and San Francisco say NO to Burmese Regime's Election

နယူးယောက်၊ ၀ါရှင်တန်၊ ဘတ်ဖဲလိုးတို့နဲ့အတူ ဆန်ဖရန်ကလည်း ၂၀၁၀ ရွေးကောက်ပွဲကို အလိုမရှိ
မိုးမခဓာတ်ပုံသတင်း
အောက်တိုဘာ ၃၁၊ ၂၀၁၀
အမေရိကန်တ၀ှမ်းရှိ မြန်မာအများစု သဘောတူညီထားသည့်အတိုင်း မြန်မာစစ်အစိုးရ၏ ၂၀၁၀ နိုဝင်ဘာရွေးကောက်ပွဲကို လက်မခံကြောင်း၊ ကန့်ကွက်ကြောင်းနှင့် ရွေးကောက်ပွဲ၏ မည်သည့်ရလဒ်ကိုမျှ အသိအမှတ်ပြုမည် မဟုတ်ကြောင်းကို ထုတ်ဖော်ပြသသည့် ကန့်ကွက်ဆန္ဒပြပွဲများကို ယခုအပတ် အောက်တိုဘာ ၂၉ ၊ ၃၀ တို့တွင် ကျင်းပခဲ့ကြသည်။
အောက်တိုဘာ ၂၉  တွင် နယူးယောက်၊ အောက်တိုဘာ ၃၀ တွင် ၀ါရှင်တန်နှင့် ဆန်ဖရန်စစ္စကိုတို့ရှိ မြန်မာဒီမိုကရေစီရေး လိုလားသူများက စုဝေးပြီး ကန့်ကွက်ဆန္ဒပြပွဲများ ဆင်နွှဲကြရာတွင် လာရောက်ကြသူ မြန်မာဦးရေ ၁၀၀ ကျော် အသီးသီး ရှိသည်ဟု ဆိုသည်။ နယူးယောက် ဘတ်ဖဲလိုးက မြန်မာမိသားစုများမှာ သြဂုတ်လ ၂၂ ကတည်းက နိုဝင်ဘာ ၇ အထိ အပတ်စဉ် မြို့ပန်းခြံတွင် ဆန္ဒပြပွဲများ တောက်လျောက် ပြုလုပ်လျက်ရှိရာ၊ ၎င်းတို့လည်း နယူးယောက်နှင့် ၀ါရှင်တန် ဆန္ဒပြပွဲများသို့ သွားရောက် ပူးပေါင်းခဲ့ကြသည်ဟု သိရသည်။
အောက်တိုဘာ ၃၀ နေ့ တနေ့တည်းတွင်ပင် စင်္ကာပူနိုင်ငံရှိ မြန်မာများနှင့် မြန်မာ့အရေးလှုပ်ရှားသူများကလည်း စင်္ကာပူအစိုးရ၏ ကန့်သတ်ထားသော ဆန္ဒထုတ်ဖော်ခွင့် ပြုသည့် ပြည်သူ့အော်သံ ပန်းခြံထောင့်တွင် စုဝေးပြီး စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲကို ရှုတ်ချ ကန့်ကွက်ခဲ့ကြသည်ဟု ဆိုသည်။
၂၀၁၀ နိုဝင်ဘာ ၇ ရက်တွင် စစ်အစိုးရ၏ တဖက်သတ်ကျင်းပမည့် ရွေးကောက်ပွဲကို မြန်မာပြည်၏ တခုတည်းသော အတိုက်အခံ ဒီမိုကရေစီနိုင်ငံရေးပါတီ အင်န်အယ်ဒီနှင့် အတိုက်အခံခေါင်းဆောင်များက ဧပြီလကတည်းက သပိတ်မှောက်ခဲ့ပြီး ဖြစ်သည်။ စစ်အစိုးရကလည်း ၎င်းတို့ ထူထောင်ထားသည် စစ်တပ်ပါတီဖြစ်သော ကြံ့ဖွံ့ပါတီကို ရွေးကောက်ပွဲဖြင့် ပွဲထုတ်ပြီး စစ်အာဏာရှင်ချုပ်ကိုင်သော လွှတ်တော်ဖြင့် တိုင်းပြည်ကို ဆက်လက် ချုပ်ကိုင်သွားရန် ဆောင်ရွက်လျက် ရှိသည်။
ယခုအချိန်တွင် ပြည်တွင်းရှိ အင်န်အယ်ဒီနှင့် တိုင်းရင်းသားအစုအဖွဲ့များဖြစ်သော  မြန်မာ့ဒီမိုကရေစီရေးအတိုက်အခံအင်အားစုများက တစုတစည်းတည်း ရပ်တည်ပြီး စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စုစနစ်ကြီး ပေါ်ထွန်းရန်၊ စစ်မှန်သော တန်းတူညီမျှ လွတ်လပ်မှု အပြည့်ရှိသော ပြည်ထောင်စုနိုင်ငံသားများ အခွင့်အရေးများ ရရှိနိုင်ရန် ဦးတည်သော ဒုတိယပင်လုံညီလာခံ ခေါ်ယူရေးကို အာရုံစိုက် လျက်ရှိပြီး၊ ပြည်တွင်းပြည်ပရှိ မြန်မာမိသားစု အများစုကလည်း ထောက်ခံကြောင်း ပြသလျက်ရှိသည်။

Cartoon Zaw DD - Welcome to 2010 Election #5

Cartoon Zaw DD - Welcome to 2010 Election #5
October 30th, 2010

Burma internet shutdown in daytime ahead of the elections

သတင်း အချက်အလက်များ ပြည်ပသို့ မထွက်စေရန် အင်တာနက်ကို နေ့ခင်းဘက် ဖြတ်တောက်
မိုးမခ အထောက်တော်၊ ရန်ကုန်
အောက်တိုဘာ ၃၁၊ ၂၀၁၀AFP သတင်းဌာနက ရိုက်ကူးထားသော ရန်ကုန်မှ အင်တာနက် ဆိုင်ရှေ့ မြင်ကွင်း တခု။ အင်တာနက်က အင်တာပျက် ဖြစ်နေသောကြောင့် ဆိုင်အတွင်း ဂိမ်းကစားခြင်းသာ ပြုလုပ်နိုင်သည်။

ယခုလ ၂၅ ရက်နေ့ ၀န်းကျင်မှ စတင်ကာ အင်တာနက် ဆက်သွယ်မှုကို နေ့ခင်းပိုင်းတွင် ဖြတ်တောက်ထားပြီး ညဦးပိုင်းနှင့် ညနက်ပိုင်းတွင်သာ ဖွင့်ပေးလျက်ရှိသည်ကို တွေ့ရသည်။ ထို့အပြင် အခြား နယ်မြို့များတွင် လုံးဝ နီးပါး ပြတ်တောက်နေသည်ဟုလည်း မွန်ပြည်နယ် မော်လမြိုင်မြို့မှ သုံးစွဲသူများ၏ ပြောဆိုချက်အရ သိရှိရသည်။

ယခုကဲ့သို့ ဖြတ်တောက်ရခြင်းမှာ ရွေးကောက်ပွဲ အကြိုကာလနှင့် ရွေးကောက်ပွဲ ကာလအတွင်း သတင်း အချက်အလက်များ ပြည်ပမီဒီယာများသို့ မရောက်ရှိစေရန် ကြိုတင် လုပ်ဆောင်ချက်ဖြစ်သည်ဟု ပြည်တွင်းမှ အင်တာနက် သုံးစွဲသူ အချို့နှင့် သတင်းထောက်များက ယူဆနေကြသည်။

အင်တာနက် ဆက်သွယ်မှု ရသည့် အချိန်အတောအတွင်းမှာပင် မကြာခဏ ပြတ်တောက်ခြင်း ဖြစ်ပေါ်လျက်ရှိရာ ဖိုင်များ အင်တာနက်ပေါ် အောင်မြင်စွာ မတင်နိုင်စေရန် တမင်ရည်ရွယ် ဆောင်ရွက်နေသည့် သဘောဟု အင်တာနက် ကျွမ်းကျင်သူ တဦးက ပြောသည်။

စစ်အစိုးရ၏ ဆက်သွယ်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူက 7Day ဂျာနယ်အား အင်တာနက် ဆက်သွယ်မှု တိုက်ခိုက်ခံရခြင်း ဖြစ်သည်ဟု ပြောဆိုခဲ့သည်။ သို့သော်လည်း ယခုလို ရွေးကောက်ပွဲ အကြိုကာလနှင့် တိုက်ဆိုက်လွန်းသည့် အချက်နှင့် နေ့အချိန်တွင် ဆက်သွယ်မှု မရသော်လည်း ညဦ.းပိုင်းနှင့် ညနက်ပိုင်းတွင် ရရှိနေခြင်းအတွက် တိုက်ခိုက်ခံရသည် ဟူသော အကြောင်းပြချက်ကို မယုံကြညိကြခြင်း ဖြစ်သည်။

နယ်မြို့များတွင်မူ နေ့ရောညပါ လုံးဝ သုံးစွဲမရသလောက် ဖြစ်နေပြီး အင်တာနက် ကဖေးများမှာ နက်ဝေါ့ခ် ဂိမ်းဆော့ရန်အတွက်သာ ဖွင့်လှစ်ထားရသည့် အနေအထားဖြစ်သည်ဟု မော်လမြိုင်မြို့မှ ဆိုင်ပိုင်ရှင် တဦးက ပြောသည်။

၂၀၀၇ ရွှေဝါရောင် သံဃာ့ အရေးအခင်း ဖြစ်စဉ်ကလည်း အင်တာနက်ကို သီတင်းပတ် ၂ ပတ်ခန့် ဖြတ်တောက်ထားခဲ့ပြီး နောက်ပိုင်းရက်များတွင် ညသန်းခေါင် ကဲ့သို့သော အချိန်မျိုးတွင် သုံးစွဲနိုင်ခဲ့သည်။

အင်တာနက် မသုံးမဖြစ်သည့် စီးပွားရေး လုပ်ငန်းများ အတွက် ထိုကဲ့သို့ ညဘက်တွင် အချိန်ပိုင်း ဖွင့်ပေးသည့် သဘောဖြစ်သည်ဟုလည်း သုံးစွဲသူများက ယူဆလျက်ရှိသည်။

Webmaster TheGeek - Leave me in the blog of the free facebook

အလကားရတဲ့ မျက်နှာပေါ်က ဘလော့ဂ်မှာ သာဂိကို ထားရစ်ခဲ့
ဝက်မာစတာသာဂိ
အောက်တိုဘာ ၃၀၊ ၂၀၁၀
ပိုက်ဆံမရလို့ မလုပ်ဘူး တို့
ပိုက်ဆံမပေးရင် မရဘူး တို့
ဆိုတာ မိုးမခက လက်တိုလက်တောင်း သာဂိရဲ့ အဘိဓာန်မှာ မရှိပါ။ သာဂိတို့များ သူသိတဲ့ ဟိုစပ်စပ် ဒီစပ်စပ် နည်းပညာတွေနဲ့ အင်တာနက်ဆေးမြီးတိုတွေကို လူတွေဆီ လက်တို့လွန်းလို့ ဘယ်သူမှ သူ့ကို မလေးစားကြဘူးလေ။ နေရာတကာမှာ အလကားသာဂိ၊ အလကားသာဂိနဲ့ နာမည် ကြီးတယ်။ တချို့များ သာဂိလုပ်ပေးတာကို အလကားယူရမှာစိုးလို့တဲ့ တခြားက ကွန်ပျူတာပညာသည်ကြီးများဆီမှာ ပိုက်ဆံသွားပေးပြီး အလုပ်တွေ အပ်ကြတယ်တဲ့။ အလကားလုပ်ပေးတာကို လက်ခံရမှာ အားနာစရာတဲ့။
ဒါကြောင့် ဒီစာကို အလကားရေးတယ်ဗျာ။ တနေ့က မိုးမခမှာ လုပ်အားပေးစာရေးသူတဦးဖြစ်(ခဲ့)တဲ့ ကိုကျော်က တက္ကဆပ်ကနေ ဖုံးဆက်ပါတယ်။ သူလည်း ၀က်ဆိုက်တွေ ၀က်ခြံတွေ လုပ်ချင်လွန်းလို့ လေ့လာနေတဲ့အကြောင်း၊ မိုးမခက လက်တည့်စမ်းနေတဲ့ ဇွန်းလားတို့၊ ခရင်းလားတို့ ဆိုတာကို သုံးချင်တဲ့အကြောင်း၊ အဲသည်က စွမ်းဆောင်ရည်တွေကို အသုံးချချင်ကြောင်း ပြောလှာပါတယ်။ အဲဒါ သာဂိကို အလကားခိုင်းရင် အလကားလုပ်ပေးမှာ စိုးလို့ သူများတွေဆီမှာ ပိုက်ဆံအကုန်ခံပြီး အပ်တာ အဆင်မပြေသေးကြောင်း ရင်ဖွင့်ရှာပါတယ်။ 
သာဂိလည်း ဟိုကြီးတော်နွားကျောင်းသားတွေလိုပဲပေါ့နော် … အလကားကောင်ကြီးဆိုတော့ မချိတဲ့သွားလေးဖြဲပြပြီးတော့ သူ့ကို အခမဲ့ အကြံတွေ ပေးမိပြန်ပါတယ်။ နောက်တော့ ပြောမိသမျှကို မှတ်တမ်းလေး ရအောင် မိုးမခမှာပဲ အလကားမတ်တင်းဈေးနဲ့ တင်လိုက်ပါတယ်။ သာဓုပါ ဗျာ။
အင်တာနက်မှာ အလကားမရဘူး ဆိုတာ မှားပါတယ်။ အင်တာနက်မှာ ဂူးဂဲက အတော်များများကို အလကားပေးထားတယ်။ အတော်လည်း ကောင်းတယ်။ ခင်ဗျားကို ဘယ်ချောင်ကနေ ဆော်ထည့်လိုက်မလဲ ဆိုတဲ့ ရန်ကုန်က နေပြည်တော်ကွမ်းယာဆိုင်လို စိတ်ထားမျိုး မရှိတာ အမှန်ပဲ။
ဂူးဂဲမှာ အီးမေး ယူပါ။ (http://gmail.com ) အဲသည် အီးမေးနဲ့ ဂူးဂဲအီးမေးဂရု ဖွင့်ပါ။ (http://groups.google.com) အီးမေးအုပ်စု ဖွဲ့လိုက်ရင် ကိုယ့်သတင်းလွှာတွေ၊ အီးမေးတွေကို လူတွေဆီကို အစုလိုက် ပို့လို့ ရပြီ။ ပြီးတော့ ပီကာဆာ ဆိုတဲ့ ဓာတ်ပုံအယ်လဘန် သုံးပါ။ (http://picasa.google.com) ပြီးတော့ ဂူးဂဲဆိုက် ဆိုတာမှာ နေရာတခု ယူပြီးတော့ ကိုယ့် ဓာတ်ပုံမဟုတ်တဲ့ ဖိုင်တွေကို သိမ်းလို့ရပါတယ်။ (http://sites.google.com)  နောက်ပြီးတော့ ၀က်ဆိုက်လိုမျိုး ကိုယ့်အကြောင်း၊ ကိုယ့်အာဘော်တွေ၊ အစုအဖွဲ့ လှုပ်ရှားမှုတွေ အကြောင်း တင်ဆက်လို့ရအောင် ဘလောက် လိပ်စာတခု ကို ယူပါ။ (http://blogger.com) အဲသည်မှာ စာတွေကို တင်ပါ။ ပြီးတော့ စာတွေကို ကဏ္ဍတွေ ခွဲပါ (Label , Tag ) လို့ ခေါ်ပါတယ်။ ဂူးဂဲရဲ့ ဘလောက်မှာ ဇွန်းလားလို ၀က်ဆိုက်မျိုးနဲ့ ပုခုန်းချင်း ယှဉ်နိုင်တဲ့ Design, Theme and Gadget တွေ အများကြီး ရှိပါတယ်။ သူများဆိုက်တွေကို ကြည့်ပြီး အတုယူနိုင်ပါတယ်။ ပြီးတော့ http://youtube.com တို့နဲ့ ခင်ဗျားတို့ရဲ့ ဗီဒီယိုတွေ ၁၅ မိနစ်စာ တင်ထားလို့ ရတယ်။ ပြီးရင်တော့ အင်တာနက်မှာ ခေတ်စားတဲ့ RSS Feed တွေကိုပါ ချိတ်လို့ ရပါတယ်။ ကဲ … ခင်ဗျားကို အလကားပေးထားတာကို ပိုက်ဆံပေးပြီးတော့ လုပ်ချင်သေးသလား။
ပြီးရင်တော့ ကိုယ်ပိုင် ဒိုမိန်းတွေ၊ ၀က်လိပ်စာတွေ၊ ၀က်ခြံတွေ လိုချင်သူတွေကို ဂူးဂဲက သူ့ဘလောက် (http://moemaka.blogspot.com) နဲ့ တိုက်ရိုက် ချိတ်ဖို့ကိုလည်း အခမဲ့ ၀န်ဆောင်ပေးပါတယ်။ သာဂိဒေါ့ကွန်ကို တနှစ် ၅ ကျပ်လောက်နဲ့ ၀ယ် (ဒါတော့ ပိုက်ဆံ ကုန်တယ်) ပြီးတော့ ဂူးဂဲက ခင်ဗျားရဲ့ သာဂိဒေါ့ ဘလော့ဂ်စပေါ့ဒေါ့ ကွန် နဲ့ ချိတ်ထားလိုက်ပေတော့ဗျာ။ ဂူးဂဲက ဂဂျက် (Gadget) တွေထဲမှာ ခင်ဗျားရဲ့ ဖေ့စ်ဘွတ်တွေ ဘာတွေနဲ့ တိုက်ရိုက် ချိတ်လို့ရတယ်။ သူများတွေကို ကြိုက်လို့ သူများမျက်နှာတွေ သူများတွိ (Tweet)  တွေမှာ ရှယ်ချင် ရှယ်လို့ရအောင် ခလုတ်တွေ ချိန်လိုက်လို့ ရတယ်။ ဘာလိုသေးလဲ အကို … ဂူးဂဲက ညောင်းနေလား ခင်ဗျာ ဆိုပြီးတော့ ခင်ဗျားကို နှိပ်မပေးလို့သာ ခင်ဗျား စိတ်ဆိုးချင် ဆိုးပေတော့၊ သူက တာဝန်ကျေပါတယ်။ ပြီးတော့ အလကား ခင်ဗျာ။ အလကား …
ပြီတော့ တခု ပိုက်ဆံကုန်ချင်လှချည်ရဲ့ ဆိုပြီး တိုင်နဲ့ခေါင်းနဲ့ ဆောင့်ပြသူတွေအတွက် ဂူးဂဲက ခင်ဗျားကို တခုတော့ ပေါပေါလေး ရောင်းတယ်။ ခင်ဗျား ဂျီမေးကို တနှစ် ၅ ကျပ် ( ၅ ဒေါ်လာပြောတာနော်) ၀ယ်လိုက်၊ အဆင့်မြှင့်လိုက်။ ခင်ဗျား ဂျီမေးက အခု ၇ ဂစ်ဂါဘိုက် (7 GB Size) ကနေ 20 GB Size ဖြစ်သွားမယ်။ တနှစ် ၅ ကျပ်ပဲပေးယုံ။ ဘာလိုသေးလဲ။ ခင်ဗျားတိုကို ပေါတာကြီးအက်သန်းရွှေဒေါ့ကွန် ( PawTarGyi@ThanShwe.Com ) လိုမျိုး ဆားဗစ်လည်း ရောင်းသေးသဗျ။ ကြိုက်ရင် ၀ယ်သုံးပေတော့။
ဘာကြောင့် ဒီလောက် ဂူးဂဲ ဂူးဂဲနဲ့ ရှူးရှူးရှဲရှဲ ဖြစ်နေရသလဲ ဆိုတော့ အလကားရတဲ့ နည်းပညာနဲ့ ၀န်ဆောင်မှုမှာ အာမခံချက်က အပြည့်ပါခင်ဗျာ။ ခင်ဗျားရဲ့ “သန်းရွှေဒေါ့ကွန်”တို့၊ “ရတာတွေကုန်ဒေါ့ကွန်” တို့လို လူချစ်များတဲ့ ၀က်ဆိုက်ကြီးတွေကို ဒီဒေါ့စ်အတက်ခ်တွေ မနာလိုသူတွေက တိုက်ခိုက်တာတွေ၊ ကိုယ်ပေါ့လို့ လွတ်ကျပြီး ပျောက်ရှ ကွဲကြေတာတွေကိုလည်း ခင်ဗျား ခေါင်းစားပြီး ပူပန်နေစရာ မလိုတော့ဘူးလေ။ ဂူးဂဲကြီးက သူ့ဆာဗာတွေအကုန်လုံး သူ တာဝန်ယူ ကာကွယ်ပေးထားပြီးသားပါ။ ဘာလိုသေးလဲ အချစ်ရယ်ပေါ့။ (အလကားပေးထားပါတယ်ဆိုတာ မယုံလို့ ဇွန်းလားတွေ၊ ခရင်းလားတွေ ၀ယ်၊ ၀က်ဆာဗာတွေ၊ ၀က်ခြံတွေ ၀ယ်ချင် သွားဝယ်ပေတော့။ သာဂိကတော့ အလကားကောင်ဆိုတော့ ရောင်းစရာမရှိ၊ အလကားညွန်းစရာ ဂူးဂဲသာ ရှိ၏)
မိုးမခဒေါ့ကွန်ကို ၂၀၀၄ က စတင်ပြိးတော့ ဂူးဂဲရဲ့ ဘလော့ဂ်မှာ စတင်ပြီး မူပွားခဲ့တယ်။ မြန်မာပြည်က ပရိသတ်နဲ့ ဘလော့ဂ်ဂါတွေရဲ့ နောက်လိုက် လုပ်တာပါ။ သူတို့လုပ်တာ ကောင်းတယ်ဆိုပြီး လိုက်နာတဲ့သဘော။ ဒါဟာ အလွန်ကောင်းမွန် ထိရောက်တာကို ၂၀၀၇၊ ၂၀၀၈၊ ၂၀၀၉ မှာ သိပ်သိသွားတယ်။ (သံဃာ့အရေးတော်ပုံ၊ နာဂစ်အရေးအခင်း၊ ဒေါ်စုတရားရင်ဆိုင်သည့် အရေးအခင်း) တွေမှာ မိုးမခ၀က်ဆိုက်ကြီး ခနခနဒေါင်းသော်လည်း ဘလော့ဂ်ကတော့ ပန်းပန်ပြီး ရှောက်သီးဆေးပြားတောင်လည်ရောင်းနေသေး။  ဂူးဂဲသိမ်းပေးထားလို့ မိုးမခလိုမျိုး အလကားပဲတင်း ၀က်ဆိုက်ကလေး သက်ဇိုးရှည်နေတာ သက်သေပါ။ နောက်တော့ http://MoeMaKa.WordPress.com ဆိုပြီး ဘလောက်လိုမျိုး အလွန်မာချာပြီး ကျန်းမာတဲ့ အခမဲ့ ဘလောက်ဘိုးအေဆိုက်ကြီးတခုမှာလည်း သွားပြီး ကလုံး (Clone) လုပ်လိုက်ပြန်သေး။ သာဂိရဲ့ ဘိုးတော် ရန်လိုကျွဲတို့၊ ကိုဦးတို့ကို ကျေးဇူးတင်ပါတယ်။ သူတို့ ရှိလို့ သည်လောက် ဖြစ်နေတာပါ။
ကဲ … ဘာပြောချင်သလဲ ပြော။ သာဂိတို့ကတော့ အလကားတွေပဲ ရှာပြီး လုပ်ရလွန်းလို့ (ကိုယ်တိုင်လဲ ပိုက်ဆံမရှိ၊ မိုးမခကလည်း ပိုက်ဆံမရှိ) အလကားပဲ လုပ်တတ်တော့တယ်။ ပိုက်ဆံပေးမယ် လုပ်ပါဆိုတောင် … ဟင် အဲသည်ပိုက်ဆံ ဘာလုပ်ရမှာလဲ။ မြန်မာပြည်က လိုတဲ့သူတွေ ပေးလိုက်မှာပေါ့ လို့ ပြောမိလို့ … ဟယ် သာဂိကြီးက မြန်မာပြည်မှာ အမျိုးတွေ အများကြီးပဲတော့၊ ပြည်တွင်းကိုပဲ ထောက်နေတာ။ အတော် ကိုယ်ကျိုးရှာတဲ့သူလို့ အပြောခံရသေး သဗျ။ (အဟိ)
အခုကတော့ မြန်မာပြည်က ရွေးကောက်ပွဲတောင် မပြီးသေးဘူး၊ ဂူးဂဲတောင် လည်ပင်းညှစ်ခံထားရပြီ။ စစ်အစိုးရရဲ့ ရွှေရည်စိမ်လွှတ်တော်ကြီးများ ပေါ်ပေါက်လာရင် ဂူးဂဲဆိုတာ မြန်မာပြည်တွင်းမှာ မူးလို့တောင်မှ ရှူစရာ ရှိပါ့မလား စိုးရိမ်မိတယ်။ ဂူးဂဲမရှိရင် ဆိုက်ဘာကဖေးတွေလည်း ဆိုက်ဖာ အရက်ဆိုင်တွေ ဖြစ်ကုန်လိမ့်မယ်။ ဒေ၀ါ်လီခံကုန်လို့လေ။ (အခု အင်တာပျက်ဖြစ်နေတာကို ပြောတာ၊ စကားချပ်)
သို့သော်လည်း ဂူးဂဲက သင့်ကို တံခါးပေါက်အပြင်က အဆင်သင့်စောင့်နေတာ ဆိုတော့ အင်တာနက်လှိုင်ခေါင်းတွေ သုံးပြီးတော့ ခိုးဝှက် သွားလာလို့ ရပါတယ်ဗျာ။ ဒါက မြန်မာပြည်က အင်တာနက်သမားတွေဟာ မဟောသဓာထုံး နှလုံးမူပြီး လှိုင်ခေါင်းကြီးတွေ တူးပြီး ကေးဝပ်သန်းရွှေတို့ ကေးဝပ်ပုဏ္ဏားကြီးတွေကို တိုက်ခိုက်ကြတာပေါ့။
သို့သော်လည်း အခုအချိန်မှာ သင်တို့အတွက် ဂူးဂဲကို ၀ိုင်းယံပေးမယ့် FaceBook တို့ Tweeter တို့ ရှိပါတယ်။ တွစ်တာကတော့ ခင်ဗျားတို့ ဖေ့စ်ဘွတ်တို့၊ ဘလော့ဂ်တို့မှာ တင်တဲ့ ဆောင်းပါးလင့်ခစ်တွေကို ကော်ပီအင်ပေ့စ်လုပ်ပြီး အများကို ရှယ်လုပ်တဲ့ သဘော။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က တွစ်တာနဲ့ လူငယ်တွေရဲ့ အမြင်ကို ကြည့်ချင်တယ် ပြောမှတော့ သူကလည်း ခေသူတော့ မဟုတ်တာ သေချာသလို ဖေ့စ်ဘွတ်မှာလည်း လူသန်းပေါင်း ၅၀၀ ကျော် ပရိသတ်တို့ အကြိုက်ဆိုတာ မေ့ထားလို့ မဖြစ်ဘူး မဟုတ်လား။ ပြီးတော့ သူတို့ ၂ ခု စလုံးကလည်း အလကားပါ ခင်ဗျား။
ဂျီမေးအကောင့်နဲ့ http://FaceBook.com တို့ http://tweeter.com တို့မှာ အကောင့်ဖွင့်ပါ။ ပြီးရင် facebook’s Wall တွေ Notes တွေမှာ စာမူတွေ တင်ပေတော့။ ဘလောက်နဲ့ အပြိုင်၊ သူငယ်ချင်းတွေ မိတ်ဆွေတွေ တိုးသည်နဲ့ အမျှ သင့်စကားတွေ သင့်အာဘော်တွေလည်း ဝေးဝေးပြေး၊ မြင့်မြင့်ပျံတော့မှာ ဖြစ်ပါတယ်။ နောက်တခုကတော့ ဘလော့ဂ်လိုမျိုး FaceBook’s Page ကို ရယူပါ။ http://www.facebook.com/pages/
ခင်ဗျား ဘလောက်လိုမျိုး နှစ်သက်ရာ အမည်ပေးပါ။ မောင်သာဂိ၏ အာလူးမှတ်တမ်း ဘာညာ ဘာညာပေါ့။ အဲသည်မှာ Notes တွေ ရေးပေတော့။ ဒါလည်း ပရိသတ်အတွက် မိတ်ဆွေ၊ သူငယ်ချင်းအဖြစ် စာရင်းသွင်းစရာမလိုပဲ အင်တာနက်ပေါ်မှာ ရှယ်နိုင်တဲ့ ၀က်စာမျက်နှာပေပဲ။ မိုးမခရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကို ကြည့်ပါ။ အတင်းကြီး သူငယ်ချင်း မလုပ်ပဲနဲ့ မိုးမခစာမျက်နှာကို လိုက်ကြည့်လို့ ရပါတယ်။ သည်မှာ ကြည့်ပါလေ။
ပြီးတော့ နောက် ဆေးမြီးတိုတခုကတော့ ခင်ဗျားလုပ်ထားတဲ့ ဘလောက်စပေါ့တို့၊ ဝေါ့ဒ်ပရက်စ်တို့က ဘလောက်တွေကို အင်ပို့လုပ်ထားလိုက်ရင်၊ Face Book Page – Notes – Import from External Blog ဆိုတာကို ဆောင်ရွက်လိုက်တာနဲ့  ခင်ဗျား ဘလောက်မှာ တင်သမျှကို ဖေ့စ်ဘွတ်မှာ အော်တိုမက်တစ် ဖေ့စ်ဘွတ်က တင်ဆက်ပေးနေတော့တာပါပဲ ခင်ဗျား။ ပိုက်ဆံ တပြားမှ ပေးစရာ မလိုပါ။ သာဂိကို ပိုက်ဆံပေးပြီး လုပ်ခိုင်းတောင် လုပ်မပေးပေ။ ဒါကို အခမဲ့ လမ်းညွှန်လိုက်မှာပါ။ (တုံးပါ့ကွာ)။
အဲသည်လိုနည်းနဲ့ မိုးမခဘလော့က စာတွေအားလုံးကို မိုးမခဖေ့စ်ဘွတ်ပေ့ဂ်ျမှာ တင်ထားပါတယ် ခင်ဗျား။ တချို့များ မိုးမခကို ၀က်ဆိုက်ရှိမှန်းတောင် မသိပါခင်ဗျား။ အရင်ကဆိုရင် မိုးမခကို ဘလောက် ဘလောက်နဲ့ ပြောကြတယ်။ သာဂိခင်ဗျာ အောင့်သက်သက်နဲ့။ ငါတို့မှာ အလကားလဲ လုပ်နေရသေး၊ ဘလောက်လို့လည်း ပြောကြသေးဆိုပြီး။ နောက်တော့ ဘလောက်ဂါတွေလို့ ပြောရင် ဂုဏ်ယူရကောင်းမှန်းသိလာတယ်။ နောက်တော့ မိုးမခကို ၀က်ဆိုက်လို့လည်း မပြောတော့၊ ဘလောက်လို့လည်း မသိတော့ဘူးလေ။ အခုဆိုရင် မိုးမခကဖေ့စ်ဘွတ်ပေ့ဂ်ျ ကပဲ စာဖတ်နေကြတယ်တဲ့။ ဖြစ်ပုံ။ အလကားကောင်ကြီး မောင်သာဂိတို့ အလကားရတာတွေ နောက် လိုက်ချင်အုံးပေါ့လေ။ ကဲအခုတော့ မိုးမခဆိုတာ မျက်နှာကြီး သက်သက်သာ ဖြစ်ရရှာ … (သွပ် သွပ်) (ဦးဝင်းတင်ပြောသလိုပေါ့လေ၊ ခြေတွေ လက်တွေ မရှိလဲ၊ ခေါင်းတွေ အပြတ်မခံနိုင်ဘူး ဆိုလား)
ကဲ … ဇာတ်ကို နိဂုံးချုပ်ရသည် ရှိသော် … မည်သို့ပင်ဖြစ်စေကာမူ အင်တာနက်ဆိုတာကြီးက ပြည်သူတွေကို အခမဲ့ဝန်ဆောင်ပေးချင်သူတွေ အများစုနဲ့ လည်ပတ်နေတာ ဖြစ်ပါတယ်။ သူတို့တွေက အင်တာနက် နေရာဒေသအသီးသီးမှာ စေတနာ့ဝန်ထမ်းလုပ်လို့ နေပါတယ်။ အလကားကောင် ငပေါကြီးတွေလို့ ပြောချင်လည်း ပြောပေါ့လေ။ သူတို့တွေလိုပဲ အခမဲ့ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းကြီးတွေလည်း အပြိုင်းအရိုင်း အောင်မြင်လျက် ရှိတာပါပဲ။ ပရဟိတကို လုပ်ရင်းနဲ့ အတ္တဟိတ ကိုယ်ကျိုးစီးပွားလုပ်နေကြတာ အတော်များများဟာ အင်တာနက်မှာ ရှိပါတယ်။ ပိုက်ဆံသရဏံဂစ္ဆာမိပြီး အတ္တမာနာတွေ အလံလွှင့်ကြသူတွေလည်း ရှိကြတာပါပဲ။ သို့သော် အင်တာနက်မှာ အခမဲ့ဝန်ဆောင်မှုဆိုတာကို ကောင်းမွန်သန့်စင်စွာ ရရှိနိုင်ပါတယ်။ အဲသည်အရာတွေကို လိုက်လံရှာဖွေပြီး သာဂိလို အလကားကောင်တွေက ကြီးတော်နွားကျောင်းသူတွေကို ပံ့ပိုးကူညီပါတယ် ခင်ဗျာ။
သာဂိတို့များ အလကားကောင်ကြီးတွေ ဖြစ်လာတော့ တနေ့တခြား တုံး တုံးလာပါတယ်။ အမှန်ကို ၀န်ခံရရင်။ ဟဲ့ … မောင်သာဂိလေး ရော့ ဒေါ်လာ သန်း  ၁ ထောင် ယူသွားစမ်း၊ တိုင်းပြည်ကြီး လွတ်လပ်အောင် အင်တာနက်ကြီးနဲ့ တိုက်ပြစမ်းဆိုရင်တောင် အလကားလုပ်နေကြဖြစ်နေလို့ ပြန်တောင် အမ်းရမယ့် အပေါက်ပါ ခင်ဗျာ။ မလုပ်တတ်ပါဘူး အကိုတို့ အမတို့ရယ် … အဲသည် သန်း ၁ ထောင်ကို ယူပြီးတော့ ဟိုလူတွေကို ပေးလိုက်ပါ။ သူတို့တွေမှာ လိုနေရှာတယ် ဆိုပြီးတော့ပေါ့နော်။ သူတို့တွေခင်ဗျာ … ၀က်ဆိုက်တွေ ဘာတွေရှိမှ နေတတ်မှာလေ။ သူတို့ကို မြန်မာဒေါ့ကွန်ကြီး ၀ယ်ပေးလိုက်မယ်။ မြန်မာပြည်ကြီးနဲ့ ပြန်အမ်းမလားလို့ မေးလိုက်ချင်ပါရဲ့။

Friday, October 29, 2010

When you meet with Tiger and Gator

ကျားတွေ မိချောင်းတွေနဲ့ ဆုံကြတဲ့ ချောက်ကမ်းပါးအစွန်းက ...
မိုက်ခဲစိန်
အောက်တိုဘာ ၃၀၊ ၂၀၁၀
ရွေးကောက်ပွဲ ၀င်၊ မ၀င် ဆိုတာက လွန်ခဲ့တဲ့ ဧပြီလကတည်းက ရှင်းသွားပြီ။ မ၀င်တဲ့သူက တခွန်းပဲ။ ၀င်မယ်ဆိုသူတွေက ဆက်ပြီတော့ အစိုးရကို ခယ ရတယ်။ ပြိုင်ဘက်တွေနဲ့ အပြိုင်မဲဆွယ်ရတယ်။ မဲဆွယ်တယ် ဆိုတာက ဆင်တွေ၊ အကောင်ကြီးတွေကို ယှဉ်ပြီး မဆွယ်နိုင်ကြပါဘူးလေ။ အကောင်သေးတွေ အချင်းချင်း တွန်းကြ တိုက်ကြ ပြိုင်ကြရတာပါ။
ဟော … ပြည်သူတွေမှာကလည်း မဲပေးရေး မပေးရေး လမ်း ၂ ခွကို ဖြတ်ခဲ့ကြပြီးပါပြီ။ မဲမပေးတဲ့သူက ရှင်းတယ်၊ တခွန်းပဲ။ မယုံဘူး၊ မဲမပေးဘူး၊ ဒါပဲ အေးရော။ အဲလိုလူမျိုးကို ဘယ်လိုမှကို ဒုက္ခလိုက်ပေးနေစရာ မလိုဘူး။ အင်း … မဲပေးမယ်လို့ ဆုံးဖြတ်ထားတဲ့ သူတွေကမှ ပြဿနာဖြစ်တော့တာ၊ ဘယ်သူ့ကို ပေးမလဲ။ ဘယ်သူ့ကို မပေးဘူးလဲ။ အဲသည် လမ်း ၂ ခွကို သူတို့က ရောက်ရရှာတာ။
            မဲပေးတယ် ဆိုတာမှာ ဘယ်သူကို ပေးမှလဲ။ ဘယ်အကောင်တွေကို ပေးကြမှလဲပေါ့။ အကောင်တွေပါ ဆိုမှတော့ ကြီး ကြီး ငယ် ငယ် အစွယ်တွေ တဖွေးဖွေး၊ ဟန်ရေးတွေ တပြပြလို့ပဲ မြင်ကြည့်ကြပေတော့။
အခု ကျနော်တို့ဟာ ခြောက်ကမ်းပါး တခုရဲ့ အစွန်အဖျားမှာ ရောက်နေပြီ။ ခုန်ချလိုက်မယ်ဆိုပြန်တော့ အောက်မှာစားမယ့်ဝါးမယ့် ငါးမန်းတွေ၊ မိချောင်းတွေက ပင်လယ်ထဲကနေ စောင့်ကြိုနေတယ်။ နောက်ကို လှည့်ကြည့်လိုက်တော့ သားရေတမြားမြားနဲ့ ကျားတွေ ခြင်္သေ့တွေ သားရဲတွေက လှမ်းလာနေတယ်။ ရပ်နေလို့တော့ မရတော့ဘူး။ တခုခုကို ရွေးရတော့မယ်။ ကျားအစားခံလိုက်ရတာက ပိုသက်သာမလား၊ မိချောင်းအကိုက်ခံလိုက်ရတာက ပိုကောင်းလား။ စစ်အစိုးရက သဘောကောင်းချင်ယောင်ဆောင်၊ တရားမျှတချင်ယောင်ဆောင်။ ကြိုက်ရာရွေး….တဲ့ဗျား။
ဒီတော့ ဘယ်ဟာမှ မကောင်းတဲ့ လမ်းနှစ်ခွကို ဘယ်ဟာရွေးရွေး ဘာမှတော့ မထူးဘူး။ ဒါပေမယ့် တခုတော့ ရှိတယ်။ ခုန်ချပြီးတော့ မိချောင်း အကိုက်ခံ ငါးမန်း အစားခံပြီး အသက်ရှင်ရက်နဲ့ ဒီမိုကရေစီတဘက်ကမ်းကို ရောက်မှာပါလို့တော့ မျှော်လင့်ချက်စကားမျိုးတော့ မပြောလေနဲ့။ စခုန်ချလိုက်ကတည်းကိုက သေဖို့ ပြင်ထားပဲ။ သေမှန်းသိတယ်ဟေ့။ ဒါပေမယ့် ဒီလမ်းပဲ ရွေးလိုက်ပြီ ဆိုရင် အဓိပ္ပါယ်ရှိတယ်။ ရွေးတာကိုက သေဖို့ ပြင်ပြီးသားပဲ။
အဲ … နောက်ပြီးတော့ ကျား အစားခံလိုက်တော့မယ့် လမ်းကို ရွေးလိုက်ပြီဆိုလည်း ဒါကလည်း သေဖို့ပဲ ရှိတယ်။ ဒါလည်း သေမှာပဲ။ ဘာမှ မထူးဖူး။ အဲဒီလို ရွေးလိုက်လို့ ကျားက ဥပုဒ် စောင့်နေမှာ မဟုတ်ဘူး။ သေလမ်းချည်းမို့လို့ ဘာရွေးရွေး မှားတယ်လို့ မဆိုချင်ဘူး။ (သေမှာကို သိပြီး ရွေးတာကို ခင်ဗျားက ဘယ်လိုဝင်ပြီး ဝေဖန်ချင်သေးသလဲ)
မဲပေးတော့မယ့် ပြည်သူတွေလည်း ခုနကလိုပဲ။ ပြည်သူတွေ ချောက်ကမ်းပါးထိပ် ရောက်နေတာပဲ။ ဘာမှမထူးဘူး။ အခု မိုက်ခဲစိန်တယောက်  ပြည်သူတွေကြားထဲက ဒီစာကို ရေးလိုက်တာ။ ပြည်သူတွေကိုယ်စား ဒီစာလုံးတွေ ရေးလိုက်တာပဲ။ ပြည်သူတွေကြားထဲက စကားသံတွေ နားထောင်ကြည့်ပြီး ရေးလိုက်တာ။ အနှေးယာဉ် အမြန်ယာဉ် ရထား သင်္ဘော လှေ သမ္ဗာန်စီးပြီး ကြားခဲ့တာတွေ။ နေပြည်တော် မြို့ပြ တောရွာ၊  အလုပ်သမား လယ်သမား ဈေးသည်တွေကြားထဲက စကားလုံးတွေ စုဆောင်းခဲ့တာ။
ကျနော်၊ ကျမတို့ ဘာမှ မထူးဘူး။ သူတို့ ပေးပေး မပေးပေး၊ သူတို့ပဲ နိုင်မှာ။ ကဲ … သူတို့ မနိုင်လည်း နိုင်မှာပဲ။ သူတို့ရူံးရင် မနိုင်နိုင်အောင် လုပ်ပြီး နိုင်မှာပဲ။ အဲဒါပဲ။ အဲဒါ အလုပ်ရှုပ်ခံပြီး ရွေးကောက်ပွဲ လုပ်နေရသလား။ အဲဒီနေ့ကျ အလုပ်ပျက် အကိုင်ပျက် ဖြစ်အုံးမယ်။ မဲမပေးမိရင်လည်း ဘာဖြစ်ဦးမှာလဲ ကြောက်ရ။ သူတို့ကိုပဲ ပေးရမှာပါဗျာ။ မဲပေးဖို့အရေး အလုပ်ရှုပ်ခံပြီး ဟိုသွားရ၊ နံမယ်ရှာရ၊ မဲပုန်းရှာရ၊ လက်မှတ်ထိုးရ၊ ခြိမ်းခြောက်တာ ခံရ။ အဲဒါ သူတို့ မဲပေးပါ့မယ် ဆိုတဲ့သူတွေ အလုပ်ပျက် အကိုင်ပျက် ဖြစ်ရဦးမယ်။
မိချောင်း အကိုက်ခံလိုက်ရ ကောင်းမလား။ ကျားကိုက်ခံလိုက်တာ ပိုသက်သာမလား။ စဉ်းစား … စဉ်းစား …။ ဒီနေရာမှာ ကိုမိုက်ခဲစိန်က အကြံတခု ပေးလိုက်မယ်။ ကျားကိုက်ခံရမှာကြောက်တဲ့သူက မိချောင်းအစားခံလိုက်ပါ။ မိကျောင်းအစားခံရမှာကြောက်တဲ့သူက ကျားဆွဲတာပဲ ခံလိုက်။ အဲဒါပါပဲ။
(တကယ်ကတော့ ဖောက်ထွက်တွေးနည်းက ရှိထားပြီးသားလေ၊ မဲမပေးနဲ့တော့ … ကျားတွေ ခြင်္သေ့တွေကို ချောက်ကမ်းပါးထဲကို ပေး ခုန်ချလိုက်၊ ဟိုးအောက်ထဲမှာ ငါးမန်းတွေ မိချောင်းတွေနဲ့ ဆင် (အဲလေ) ကျားတွေ၊ ခြင်္သေ့တွေ တွေ့ကြပါစေ၊ ရင်ဆိုင်ကြပါစေပေါ့။ ကိုယ်ကတော့ ကမ်းပါးကနေ ခြေတွဲလွဲချိတ်ပြီးသာ ထိုင်ကြည့်နေရုံသာ။ )
အဟိ …
(ဓာတ်ပုံ - အောင်မိုးဝင်း (BGAN)  ရဲ့ ဒီဇိုင်းပိုစတာကို ယူသုံးတယ်။ ခွင့်မတောင်း)

Cartoon Zaw DD - Welcome to 2010 Election #4

Cartoon Zaw DD - Welcome to 2010 Election #4
October 30th, 2010

Thurain Htet - Pushing

ညီညီညာညာ ပြိုင်တူကို တွန်းကြတာပါပဲဗျာ ...
သူရိန်ထက်
အောက်တိုဘာ ၃၀၊ ၂၀၁၀

တောလမ်းလေးအတိုင်း ‘ဖွတ်ချက်’ ‘ဖွတ်ချက်’ နဲ့ မောင်းနှင်လာတဲ့ ဒိုင်နာကားလေးပေါ်မှာ ခရီးသည်တွေ အပြည့်တင်လာတယ်။ အမိုးပေါ်မှာလည်း ကြက်တွေထည့်ထားတဲ့ ကြက်ခြင်းက တခြင်း၊ ဟင်းသီးဟင်းရွက် ဈေးတောင်းက ၂ တောင်း၊ ကုန်တွေထည့်ထားတဲ့ ဂုန်နီအိတ်က ၄ လုံး၊ ခရီးဆောင် အိတ်တချို့ ...။ လမ်းက ခပ်ကြမ်းကြမ်း မညီမညာ။ ဖုန်က တထောင်းထောင်း ... မြေနီလမ်းလို့တော့ ဆိုနိုင်တဲ့ လမ်းပေါ့လေ။


Yan Win (Taung Da Gar) – Bagan Cedi myar

ပုဂံမြို့ဟောင်းက ရှေးဟောင်းဘုရားစေတီများ (၃)
မြေပေါက်စေတီပုထိုးများ
ရန်ဝင်း (တောင်တံခါး)
အောက်တိုဘာ ၃၀၊ ၂၀၁၀

သက္ကတဘာသာ စဲတျ နဲ့ ပါဠိဘာသာ စေတိယ က စေတီ ဆိုတဲ့ ဝေါဟာရ ဖြစ်လာပါတယ်။ ဓာတ်တော် ကိန်းဝပ်ရာ မြင့်မြတ်တဲ့နေရာဖြစ်ပါတယ်။

စေတီတွေမှာ ဌာပနာထားတာတွေကိုမူတည်ပြီး ဓာတုစေတီ၊ ပရိဘောဂစေတီ၊ ဥဒိဿစေတီ နဲ့ ဓမ္မစေတီ လို့ အမှတ်အသားရှိပါတယ်။ ပရိနိဗ္ဗာန်ပြုပြီးတဲ့ ဗုဒ္ဓကိုရည်မှန်းပူဇော်ဖို့ ဓာတုစေတီတွေကို စပြီး တည်ကြတယ်။ စေတီတွေမှာ ဗုဒ္ဓရဲ့ သရီရ ဓာတ်တော်အမျိုးမျိုး၊ ဆံတော်၊ စွယ်တော်နဲ့ မြတ်နိုးရာရာ ရတနာတွေကိုပါ ဌာပနာလေ့ရှိတယ်။

USDA Party owns businesses and companies

ပါတီတဖြစ်လဲ ကြံ့ဖွံ့အသင်းကြီးရဲ့ အခွင့်ထူးခံစီးပွားရေးလုပ်ငန်းများစာရင်း
ကိုတိုင်းချစ်
အောက်တိုဘာ ၃၀၊ ၂၀၁၀
မိတ်ဆွေများခင်ဗျား …
          နိုင်ငံရေးပါတီများဟာ ပါတီရန်ပုံငွေ စုဆောင်းတဲ့နေရာမှာ အလှူခံတဲ့ငွေတွေ၊ ထောက်ပံ့တဲ့ အရင်းအနှီးတွေ၊ ပိုင်ဆိုင်မှုတွေကို စာရင်းလုပ်တင်ပြရပါတယ်။ ဒါ့အပြင် ပါတီရပ်တည်ရှင်သန်ရေးအတွက် အာမခံပေးတဲ့ (စပွန်ဆာတွေ၊ စီးပွားရေးလုပ်ငန်းရှင်) တွေကိုလည်း အမည်စာရင်း ထုတ်ပြန်ပေးရပါတယ်။ သို့သော် ပါတီတွေကိုယ်တိုင် ပိုင်ဆိုင်တဲ့ သီးခြားစီးပွာရေးလုပ်ငန်းတွေ စာရင်းကတော့ မြန်မာပြည်မှာပဲ ရှိမယ် ထင်ပါတယ်။
အောက်ကစာရင်းကတော့ အတည်မပြုနိုင်သေးတဲ့ စာရင်းပါ။ ဒါတွေကို ကြံ့ဖွံ့အသင်းကြီးအဖြစ်နဲ့ တည်ထောင်စဉ်က မတည်ထောက်ပံ့ခဲ့တဲ့ လုပ်ငန်းတွေလို့ ဆိုပါတယ်။ ကဲ … ပရိသတ်ကြီးကပဲ စိစစ်ပေးကြပါဦး။ 
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်း နာမည်နဲ့ အခွင့်ထူးခံလုပ်ကိုင်စားသောက်နေတဲ့ ကုမ္ပဏီများ

မြန်ဂုဏ်မြင့် ရောင်းဝယ်ရေးကုမ္ပဏီလီမိတက်
မာဃ ရောင်းဝယ်ရေး ကုမ္ပဏီလီမိတက်
မြန်မာ့မာန် ကုမ္ပဏီလီမိတက်
သပြေအောင် ကုမ္ပဏီလီမိတက်
အောင်အောင်အုပ်စု သတ္တုတူးဖော်ရေး ကုမ္ပဏီလီမိတက်
မြန်မာအင်းလေး စားသောက်ကုန်စက်မှုလုပ်ငန်း ကုမ္ပဏီလီမိတက်
ဝရဇိန် ဓါတ်မြေသြဇာထုတ်လုပ်မှု ကုမ္ပဏီလီမိတက်
ဖြိုးရာဇာ ကုမ္ပဏီလီမိတက်
ဖြိးဧရာ ကုမ္ပဏီလီမိတက်
ငွေသော်တာ ကုမ္ပဏီလီမိတက်
တင့်တယ် စက်မှု ကုမ္ပဏီလီမိတက်
အောင်ရဲရွာ ကုမ္ပဏီလီမိတက်
မြကြေးမုံ ကုမ္ပဏီလီမိတက်
သစ်မင်းရာဇာ ကုမ္ပဏီလီမိတက်
ဆုံစည်းရာ ခရီးသွား ကုမ္ပဏီလီမိတက် ( Tryst Travels Co., Ltd. )
ဝေယံနန်း ဆောက်လုပ်ရေး ကုမ္ပဏီလီမိတက်
ဧည့်ဝတ်ကျေပွန်သော ဟိုတယ်အုပ်စု ကုမ္ပဏီလီမိတက် ( Holy Hotel Group Co., Ltd. )

solution or trap?


ရွေးကောက်ပွဲဟာ ထွက်ပေါက်လား၊ ထောင်ချောက်လား
ပြည်တွင်းဂျာနယ် အယ်ဒီတာတဦး
အောက်တိုဘာ ၃၀၊ ၂၀၁၀ ဆူးလေဘုရားလမ်းတွင် တွေ့ရသော စစ်အစိုးရ၏ ကြံ့ဖွံ့ ပါတီ မဲဆွယ် ဆိုင်းဘုတ်


“---အပြောင်းအလဲ ဆိုတာလဲ မြူတစ်မှုန်စာမျှ မတွေ့ရနိုင်တဲ့ ရွေးကောက်ပွဲမှာ ဘာလို့များ အိမ်ဖြည့် ဝင်ကစား ပေးနေကြမှာလဲ။ ကျောချနေတာတောင် ဓားပြမှန်း မသိကြသေးတာ အံ့စရာပဲ---”

ဒေါက်တာတူးဂျာ ဦးဆောင်တဲ့ ကချင်တိုးတက်ရေးပါတီဟာ အစောဆုံး မှတ်ပုံတင်ခဲ့တဲ့ ပါတီတွေထဲက တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပါတီတည်ထောင်ခွင့် မပေးခဲ့ပါဘူး။ ဘာ့ကြောင့် ပါတီတည်ထောင်ခွင့် မပေးသလဲ ဆိုတာကိုတော့ ရွေးကောက်ပွဲ ကော်မရှင်က အကြောင်းပြချက် မပေးခဲ့ဘူး။ ထားပါတော့။ ပါတီ တည်ထောင်ခွင့် မပေးချင်နေပါ။ တသီးပုဂ္ဂ္ဂလ အနေနဲ့ ဝင်ပြိုင်ကြမယ်ပေါ့။ ဒေါက်တာတူးဂျာ အပါအဝင် ကချင်အမျိုးသား ၁၂ ဦးဟာ ကချင်ပြည်နယ်ထဲက လွှတ်တော် မဲဆန္ဒနယ်မြေများမှာ တသီးပုဂ္ဂလကိုယ်စားလှယ်များအဖြစ် အမည်စာရင်း တင်သွင်းလိုက်ကြတယ်။

ရွေးကောက်ပွဲကော်မရှင်က စက်တင်ဘာ (၁) ရက်ကနေ (၁ဝ) ရက်နေ့အထိ စီစစ်ပါတယ်။ စိစစ်ပြီးတဲ့ အခါမှာတော့ ဒေါက်တာတူးဂျာ အပါအဝင် တစ်သီး ပုဂ္ဂလကိုယ်စားလှယ်လောင်း (၁၂) ဦးလုံးကို ရွေးကောက်ပွဲဝင်ခွင့် ငြင်းပယ်လိုက်ပါတယ်။ ဘာ့ကြောင့်လဲ။ ဘယ်ဥပဒေနဲ့ ညိစွန်းလို့ပါလဲ။ ထုံးစံအ တိုင်း ဘာအကြောင်းပြချက်မှ မပေးပါ။ ဘာအကြောင်းပြချက်မှလည်း မပေးနိုင်ပါ။ အမှန် တကယ်တော့ တိကျခိုင်လုံတဲ့ အကြောင်းပြချက် ပေးဖို့လိုအပ်ပါတယ်။

ဒေါက်တာတူးဂျာတို့ကို ဘာ့ကြောင့်ရွေးကောက်ပွဲဝင်ခွင့် မပြုသလဲ။ ဘာ့ကြောင့်ပယ်ချရသလဲ ဆိုတဲ့အဖြေက ရိုးရိုးလေးပဲဖြစ်ပါတယ်။ ဒေါက်တာတူးဂျာ တို့ဟာ ကချင်လူထုကို ကိုယ်စားပြုလို့ပါပဲ။ ကချင်လူထုက ထောက်ခံတဲ့ သူတွေဖြစ်နေလို့ပါပဲ။ ပိုရှင်းအောင် ပြောရရင်တော့ အာဏာသိမ်း အစိုးရခေါင်းဆောင်တွေနဲ့ စစ်တပ်က ကျောထောက်နောက်ခံ ပေးထားတဲ့ ကြံ့ခိုင်ရေးပါတီရဲ့ ကိုယ်စားလှယ်တွေဟာ ဒေါက်တာတူးဂျာတို့ကို မယှဉ်နိုင်ပါဘူး။ အဲ့ဒီကြံ့ခိုင်ရေးပါတီနဲ့ ဒေါက်တာတူးဂျာတို့ ယှဉ်ပြိုင် အရွေးခံကြရင် ကချင်လူထုက ကိုယ်ကျိုးရှာ၊ ပြည်သူ့ဘဏ္ဍာငွေတွေ အလွဲသုံးစား လုပ်နေကြတဲ့ ကြံ့ခိုင်ရေးပါတီတဖြစ်လဲ လူမိုက်အသင်း ကို မဲပေးကြမှာ မဟုတ်ပါဘူး။ ဒါ သိပ်သေချာတဲ့ အချက်ပါ။ ဒါ့ကြောင့် ပြည်သူလူထုက အပြည့်အဝ ယုံကြည်မှုရှိတဲ့ သူတွေကို ဖယ်ရှားလိုက်ပြီး ကြံ့ခိုင်ရေးပါတီ ပြိုင်ဖက်ကင်းအောင် အနိုင်ရအောင် လုပ်လိုက်တာပါ။

ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ဖြုတ်ပယ်မှုတွေဟာ ဒေါက်တာတူးဂျာတို့နဲ့တင် ပြီးသွားမှာ မဟုတ်ပါဘူး။ နောက်ထပ် ... နောက်ထပ် ဖြုတ်ပယ်မှုတွေ လာအုံးမှာပါ။ ဘယ်လို လူတွေအတွက်လဲ ဆိုရင်တော့ ဒီမိုကရေစီအရေးကို အမှန်တကယ် ဆောင်ရွက်မယ့်သူတွေ။ ကြံ့ခိုင်ရေးပါတီကို ယှဉ်ပြိုင် စိန်ခေါ်နိုင်မယ့်သူတွေ၊ န.အ.ဖ အစိုးရက ခါးပိုက်ထဲ ထည့်လို့ မရတဲ့သူတွေ၊ ပြီးတော့ မဲဆန္ဒရှင်ပြည်သူ လူထုက ယုံကြည် ထောက်ခံသူတွေပေါ့။

ရွေးကောက်ပွဲ ဥပဒေတွေမှာ ညစ်ကွက် အထပ်ထပ် ကျန်နေပါသေးတယ်။ မဲဆွယ်စည်းရုံးစဉ် ကာလမှာ တို့တာဝန် အရေးသုံးပါးထဲက တပါးပါးကို ကျူးလွန်မိရင်သော် လည်းကောင်း၊ စစ်တပ် (န.အ.ဖ) ရဲ့ ကိုယ်ကျိုးစီးပွားရှာမှုများ၊ ကမောက်ကမ လုပ်ရပ်များနဲ့အတူ အာဏာ သက်ဆိုးရှည်ရေးအတွက် ဖိနှိပ်ညှင်းပန်း၊ ဗိုလ်ကျ စိုးမိုးမှုများအကြောင်း တလုံးတလေ ယောင်ယမ်း ပြောဆိုမိရင်သော် လည်းကောင်း၊ နောက်ဆုံး မဲဆနရှင်ပြည်သူတွေက ရွေးခြယ်တင်မြှောက်လိုက်လို့ လွှတ်တော် ကိုယ်စားလှယ် ဖြစ်ပြီဆိုရင်တောင် (ငွေစာရင်း) ဆိုတာနဲ့ မငြိငြိအောင် လုပ်လို့ ရပါသေးတယ်ဗျာ။

ဒါ့ကြောင့် ရွေးကောက်ပွဲ ဝင်ကြမယ့် ပုဂ္ဂ္ဂိုလ်များ စဉ်းစားသင့်လှပါတယ်။ ဘာ့ကြောင့် အချိန်ကုန်၊ လူပန်းခံနေကြမှာလဲ။ တရားမျှတမှုလည်း မရှိ။ ဒီမိုကရေစီ အတွက် ဦးတည်တဲ့ ရွေးကောက်ပွဲလည်း မဟုတ်။ အပြောင်းအလဲ ဆိုတာလဲ မြူတစ်မှုန်စာမျှ မတွေ့ရနိုင်တဲ့ ရွေးကောက်ပွဲမှာ ဘာလို့များ အိမ်ဖြည့် ဝင်ကစား ပေးနေကြမှာလဲ။ ကျောချနေတာတောင် ဓားပြမှန်း မသိကြသေးတာ အံ့စရာပဲ။ စဉ်းစားကြပါ။ ဆရာဆရာကြီးတွေ၊ နာမည်ရ ဆောင်းပါးရှင်ကြီးတွေ၊ နိုင်ငံရေး ခွဲခြမ်းစိတ်ဖြာသူ ဆိုသူကြီးတွေ ပြောသလို Alternative လေးများ စဉ်းစားကြပါအုံး။

ရွေးကောက်ပွဲဝင်တဲ့ နည်းလမ်းတစ်ခုပဲ ရှိပါသလား။ ရွေးကောက်ပွဲဟာ အမှန်တကယ် ထွက်ပေါက်လား၊ သို့တည်းမဟုတ် ထောင်ချောက်လား ဆိုတာတော့ မကြာမီ နဖူးတွေ့ ဒူးတွေ့ တွေ့ကြရတော့မှာပါ။

မူရင်း - ဗွီအိုအေ အသံလွှင့်ဌာန၊ တနင်္ဂနွေ, 19 စက်တင်ဘာ 2010
photo: AP

Human Rights Abuses on Burmese Workers and Farmers Report Book published

မြန်မာပြည်က အလုပ်သမား၊ လယ်သမားတို့၏ ဘ၀များ၊ သတင်းမှတ်တမ်းစုစည်းချက်ထုတ်
မိုးမခစာအုပ်စင်
အောက်တိုဘာ ၃၀၊ ၂၀၁၀
အောက်တိုဘာ ၂၈ နေ့စွဲနဲ့ အီးဘုတ်တအုပ် ထွက်လာခဲ့ရာမှာ ထုတ်ဝေသူက မြန်မာနိုင်ငံ အလုပ်သမား၊ လယ်သမား သွေးစည်းညီညွတ်ရေးအဖွဲ့ချုပ် (ရန်ကုန်မြို့၊ မြန်မာနိုင်ငံ) ဖြစ်ပြီး၊ စာအုပ်အမည်က သိမ်းဆည်းခံလယ်ယာ၊ သွေးစုပ်ခံလုပ်အား၊ နင်းပြားတို့၏ ဘ၀ဇာတ်ကြမ်းများလို့ ရေးထားပါတယ်။ စာအုပ်ရဲ့ ခက်ဆစ်က မြန်မာနိုင်ငံ အလုပ်သမား၊ လယ်သမားတို့၏ အခွင့်အရေး ချိုးဖောက်ခံရမှုများ မှတ်တမ်းတစိတ်တဒေသလို့ ရေးထားပါတယ်။
ဖြစ်စဉ်များဆိုပြီးတော့ ပြည်ပနဲ့ ပြည်တွင်း စာနယ်ဇင်းတွေ၊ ရေဒီယိုတွေမှာ ကြားသိ မြင်တွေ့နေခဲ့ရတဲ့ အလုပ်သမား၊ လယ်သမားသတင်းတွေကို ခေါင်းစဉ်တွေ၊ ကဏ္ဍတွေ ခွဲပြီးတော့ သိမ်းဆည်း တင်ဆက်ထားတာကို တွေ့ရပါတယ်။ ရည်ရွယ်ချက်က အစီရင်ခံစာသဘောမျိုး မဟုတ်ဘဲ ပြည်တွင်းမှာ အလုပ်သမား၊ လက်သမားတွေရဲ့ လူ့အခွင့်အရေးချိုးဖောက်ခံနေရမှုတွေကို အများပြည်သူတို့ တစုတစည်းတည်း လေ့လာသိရှိနိုင်အောင် တင်ပြထားတယ် လို့ ဆိုပါတယ်။
သည်နေရာမှ ဖတ်နိုင်ပါတယ်။ မိုးမခ - စကရစ်စာမျက်နှာမှာပါ။