Thursday, September 30, 2010

disgusting junta

လူထုက ပိုပိုပြီး အမြင်ကတ် ရွံရှာလာ
ပြည်တွင်းဂျာနယ် အယ်ဒီတာတဦး
အောက်တိုဘာ ၁၊ ၂၀၁ဝအာရုံဦးမှာ ဖူးသည့်ကြာ ၀ါဒဖြန့် ဇာတ်ကားတွင် ပြောင်မြောက်စွာ သရုပ်ဆောင်သူများကို ကန့်ကွက်နေသည့် လော့စ်အိန်ဂျလိစ် မြို့ရောက် မြန်မာပြည်သားတချို့

"---ဒါရိုက်တာ တင်သန်းဦး ဇာတ်လမ်းထဲမှာ တချိန်က တာဝန်ယူသွားဖူးတဲ့ လွတ်လပ်ရေးခေါင်းဆောင်တွေ၊ အစိုးရ ခေါင်းဆောင်တွေကို ရစရာမရှိအောင် ပုတ်ခတ်ထားပါတယ်။ ဦးနု၊ ဦးကျော်ငြိမ်း၊ ဦးဘဆွေတို့ သမီးတွေ ရွေးကောက်ပွဲ ဝင်ကြမှာမို့ တမင်ရည်ရွယ် ပုတ်ခတ်ထားတာပါ---"

၂ဝ၁ဝ နိုဝင်ဘာ (၇) ရက်နေ့ကိုရောက်ဖို့ ရက်ပေါင်း (၄ဝ) ကျော်လောက်ပဲ လိုပါတော့တယ်။ အခုထက်ထိတော့ ပြည်သူလူထုက ရွေးကောက်ပွဲကို စိတ်ဝင်စားမှုနည်းနေတုန်းမှာ နိုင်ငံရေးအမြင်ရှိတဲ့ နိုင်ငံရေး အသိုင်းအဝိုင်းကြားမှာတောင် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း မသိသေးတာတွေ အများကြီး ရှိနေပါသေးတယ်။ အဲဒီလို စိတ်မဝင်စားတာနဲ့ မရှင်းမလင်း ဖြစ်နေတာတွေက မဲမထည့်ရေးဘက်ကို ယိမ်းယိုင်လာနေတယ် ဆိုတာ အထင်အရှားပါ။ ပါတီထောင်ကြတဲ့ လူနည်းစုကလွဲလို့ ကျန်အများစုဖြစ်တဲ့ ဒီမိုကရေစီ အင်အားစု အသီးသီးကလည်း ရွေးကောက်ပွဲမှာ မဲမထည့်ကြဖို့ အင်နဲ့အားနဲ့ ဆုံးဖြတ်ထားကြပါပြီ။

ဒီရက်ပိုင်း ထုတ်ဝေတဲ့ နိုင်ငံပိုင် သတင်းစာတွေထဲမှာ ဥပဒေလေ့လာသူတဦး ဆိုပြီး အစိုးရအာဘော် ဆောင်းပါးတပုဒ် ပါတယ်။ အဲဒီထဲမှာ မလျော်သြဇာသုံးပြီး မဲမထည့်အောင် စည်းရုံး လှုံ့ဆော်ခဲ့ရင် ထောင်ဒဏ် တနှစ်၊ ဒဏ်ငွေ တသိန်း၊ သို့မဟုတ် နှစ်မျိုးလုံး ကျခံရမယ်လို့ ပြည်သူတွေကို ခြိမ်းခြောက်ထားပါတယ်။ ဒီလိုဆိုရင် မလျော်သြဇာ သုံးပြီး မဲထည့်အောင် စည်းရုံး လှုံ့ဆော်ရင်ကောလို့ မေးချင်ပါတယ်။

အခုဆိုရင် ရွေးကောက်ပွဲ သီချင်းတွေတောင် လွှင့်နေပါပြီ။ ယခုတပတ်ထုတ် ပေါ်ပြူလာသတင်းဂျာနယ်ထဲမှာ စာရေးဆရာမ ခင်ပိုင်နှင်း က ချစ်ကြမယ်ဟေ့ ကောင်းကောင်းဆိုတဲ့ ခေါင်းစဉ်နဲ့ ဆောင်းပါးတပုဒ် ရေးပါတယ်။ ဆောင်းပါးထဲမှာ မဲထည့်ကြဖို့ အားစိုက်ခွန်စိုက် ပြောဆိုထားပါတယ်။ မဲပေးခွင့် ဆိုတာ ပြည်သူလူထု အတွက် အရေးကြီးပေမယ့် မဲထည့်ဖို့လည်း မလျော်သြဇာ သုံးပြီး မစည်းရုံးသင့်ပါဘူး။ ပိုဆိုးတာက မဲဆန္ဒနယ်မြေ အများစုမှာ ထိပ်တိုက် တွေ့ကြမှာက ကြံ့ဖွံ့နဲ့ တစည (တိုင်းရင်းသားစည်းလုံး ညီညွှတ်ရေးပါတီ) တို့ပါ။ ပြည်သူလူထုက နှစ်ပါတီလုံးကို မကြိုက်ဘူး ဆိုရင် ဘယ်လိုလုပ်မလဲ။ တခုခုကို ရွေးရမယ်လို့ ပြည်သူကို ဖိအား ပေးနေသလို မဖြစ်နေဘူးလား။

ရွေးကောက်ပွဲဝင်ကြမယ့် ကြံ့ဖွံ့ဝန်ကြီးတွေကလည်း ဘယ်အခမ်းအနားပဲဖြစ်ဖြစ် သူတို့ကို မဲပေးရမယ်လို့ ထုတ်မပြောရုံတမယ် မဲဆွဲနေကြတာပါ။ အဲဒါနဲ့ ပတ်သတ်ပြီး ဥပမာလေး တခုကို ပြောရရင် ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်း က ကွန်ဂရစ်ခင်း လမ်းတခုကို တက်ရောက် ချီးမြင့်တဲ့အခါ သူတို့ရွေးချယ်ထားတဲ့ ရပ်မိရပ်ဖ တဦးက ကျေးဇူးတင်စကား ပြောပါတယ်။ အဲဒီလူ ကျေးဇူးတင်စကား ပြောပြီးတဲ့အခါ မြို့တော်ဝန်ကြီးက တကယ် ကျေးဇူးတင်တယ် ဆိုရင် ဘယ်လို ကျေးဇူးဆပ်ရမယ် ဆိုတာ သိတယ် မဟုတ်လား၊ ကျေးဇူးဆပ်ချင်ရင် ရွေးကောက်ပွဲမှာ ဘယ်သူ့ကို မဲထည့်ရမယ် ဆိုတာ သိပေါ့လို့ ပြောသွားခဲ့ပါတယ်။

နောက်ထပ် ရှိပါသေးတယ်။ အခုရက်ပိုင်းတွေ အတွင်းမှာ မြန်မာ့အသံ၊ မြဝတီ၊ MRTV တွေမှာ အခန်းဆက် ပြသနေတဲ့ စစ်တပ်ထွက် ဒါရိုက်တာတင်သန်းဦးရဲ့ အာရုံဦးမှာ ဖူးတဲ့ကြာ ဇာတ်လမ်းတွဲကြီးကလည်း တော်တော့ကို ဆိုးပါတယ်။ နအဖရဲ့ ရွေးကောက်ပွဲ ကော်မရှင် ဥပဒေထဲမှာ တခြား အင်အားစုတွေကို ပုတ်ခတ် မပြောဆိုရဘူးလို့ ဆိုထားပါတယ်။ ကြံ့ဖွံ့ကို ကလိမ်ကျတယ်လို့ ရေးသား ဖော်ပြမိတဲ့ ဒီမိုကရက်တစ် မြန်မာရဲ့ ကဒေါင်း စာစောင်တောင် ဒဏ်ငွေ ရိုက်ခံရပါတယ်။ ပြင်းထန်စွာ သတိပေးသည် ဆိုတာတောင် အဆစ် ပါလိုက်ပါသေးတယ်။ ဒါရိုက်တာ တင်သန်းဦး ဇာတ်လမ်းထဲမှာ တချိန်က တာဝန်ယူသွားဖူးတဲ့ လွတ်လပ်ရေးခေါင်းဆောင်တွေ၊ အစိုးရ ခေါင်းဆောင်တွေကို ရစရာမရှိအောင် ပုတ်ခတ်ထားပါတယ်။ ဦးနု၊ ဦးကျော်ငြိမ်း၊ ဦးဘဆွေတို့ သမီးတွေ ရွေးကောက်ပွဲ ဝင်ကြမှာမို့ တမင်ရည်ရွယ် ပုတ်ခတ်ထားတာပါ။ စစ်တပ်ကျတော့ ခေတ်အဆက်ဆက် ဘယ်လို ကောင်းကြောင်း မွမ်းထားပါတယ်။ ၈၈ ဒီမိုကရေစီအရေးကြီးကိုလည်း မတော်မတရား ပုံဖျက်ထားပါတယ်။

ပြည်သူတွေက သိပါတယ်။ အဲဒီလိုမျိုးလုပ်လို့ နအဖ နဲ့ ကြံ့ဖွံ့တို့ရဲ့ ဝါဒဖြန့်ချိရေး မအောင်မြင်တဲ့အပြင် လူထုက ပိုပိုပြီး အမြင်ကတ် ရွံရှာလာဖို့ ရှိတယ်လို့ ဆိုလိုက်ပါရစေ။

မူရင်း - ဗွီအိုအေ မြန်မာသတင်းဌာန
http://www.voanews.com/burmese/news/special-reports/101513009.html

why did i go to school?

ဘာကြောင့် ကျောင်းတက်ခဲ့ရပါလိမ့်
လေးဝါ
စက်တင်ဘာ ၂၀၁၀

စာသင်ကျောင်းတွေ မရှိရင် ကမ္ဘာကြီး ဘာဖြစ်သွားမလဲ လို့ တခါမှ မတွေးဖူးပါဘူး။ အခု တွေးကြည့်တော့ အင်း - လူတွေ ပိုပြီး ကြပ်တည်းမယ်၊ ကလေးတွေလည်း ပိုပြီး အရိုက်ခံရမယ်ထင်တယ်လို့ တွေးမိပါတယ်။

မိဘတွေက ကလေးတွေကို ကျောင်းအပ်ကြတဲ့ ရည်ရွယ်ချက်ကို မေးလိုက်ရင် “ပညာတတ်ဖို့ပေါ့” လို့ ဖြေကြမှာပဲ။ ပြီးတော့ရောလို့ မေးလိုက်ပါဦး။ အဖြေက “အင်း - သူတို့ အလုပ်မှ မရှိဘဲ၊ ကျောင်းတက်တာ သူတို့အလုပ်ပဲ” ဆိုတာ ဖြစ်ပါလိမ့်မယ်။

ထပ်မေးပါဦး စစ်စစ်ပေါက်ပေါက်။ တခြား ရည်ရွယ်ချက် မရှိတော့ဘူးလား၊ ကြံဖန်ပြီး ဖြေပါဦးလို့ မေးလိုက်ပါ။ ဒါဆိုရင် “ကလေးတွေကို မထိန်းချင်လို့ ကျောင်းကိုပို့လိုက်တာဟေ့” ဆိုတဲ့ အဖြေ ထွက်လာနိုင်ကောင်းပါရဲ့။

ကလေးထိန်းရ သက်သာအောင် ကျောင်းကို ပို့လိုက်တဲ့ မိဘ အရေအတွက်က တော်တော် များမယ်လို့ ယူဆရပါတယ်။

ဒါဆို စာသင်ကျောင်းတွေ မရှိရင် ကမ္ဘာကြီး ဘာဖြစ်သွားမလဲ။ နိဒါန်းမှာ ကျနော် ဖြေထားတာက လူတွေ ပိုပြီး ကြပ်တည်းမယ်၊ ကလေးတွေလည်း ပိုပြီး အရိုက်ခံရမယ် ဆိုတာပါပဲ။

ကျောင်းတွေ မရှိခဲ့ရင် အိမ်မှာပဲ နေဖြစ်တော့ ပို အရိုက်ခံရကိန်း ဆိုက်ပြီပေါ့။ အကြောင်းအမျိုးမျိုးကြောင့် စိတ်တိုတဲ့ မိဘက ကလေးတွေကို ရိုက်တတ်ကြတယ်။ ကလေးကို စိတ်တိုရင် ကလေးကိုရိုက်မယ်၊ လူကြီးကို စိတ်တိုရင်လည်း ကလေးကိုပဲ ရိုက်ကြတယ်။ အင်း - ကလေးဖြစ်ရတာ မသက်သာပါလား။

ကျောင်းတွေ မရှိတော့ မိဘတွေက ကလေးတွေကို တနေကုန် ထိန်းရတဲ့အတွက် စီးပွားမရှာနိုင်တော့ဘူး။ အလုပ်ပျက်တယ်။

ဒါဆိုရင် စာသင်ကျောင်းတွေ ပေါ်လာတဲ့ အကြောင်းရင်းဟာ ကလေးတွေကြောင့် မဟုတ်ဘဲ “မိဘတွေအဆင်ပြေဖို့” ဆိုတဲ့ အချက်ကြောင့် ဖြစ်နိုင်ပေတာပေါ့။

ကလေးတွေ စိတ်ချရတဲ့ ခပ်ဝေးဝေး တနေရာမှာ ရှိနေရင် မိဘတွေ အဆင်ပြေမယ် မဟုတ်လား။ တတ်နိုင်တဲ့ မိဘတွေဆို ကလေးတွေကို ကျောင်းအိပ်ကျောင်းစားတောင် ပို့ထားလိုက်ကြသေးတယ်။

ပညာရေးအကြောင်း ရေးသားပြောဆိုသူတွေဆီက ဒီလိုအချက်တွေကို ကြားရ ဖတ်ရရင် ကောင်းမှာပဲ။ ပညာရေးရဲ့ သမိုင်းကြောင်း ဆောင်းပါးတွေဟာ သီအိုရီတွေ အဆိုအမိန့်တွေနဲ့ ပြည့်မနေဘူး ဆိုရင် သိပ်ကောင်းမှာပါ။

မိဘတွေက သူတို့ကလေး ကျောင်းပို့တဲ့ ရည်ရွယ်ချက်တွေအကြောင်းတော့ ပြောပြီးပြီ၊ ကဲ - ဆရာတွေကရော ဘာကြောင့် ကျောင်းဖွင့်ရတာလဲ။

ဖတ်ဖူးတဲ့ စာတွေထဲမှာတော့ ရှေးတုန်းက ကျောင်းတွေမှာ ဆရာကြီးက “ဒိသာပါမောက္ခ” ဖြစ်နေတတ်တယ်။ ဗြဟ္မဒတ်မင်း အုပ်ချုပ်တဲ့ ဗာရာဏသီပြည် ဖြစ်နေတတ်တယ်။ ဘုရင်တွေအကြောင်းတော့ ထားလိုက်ပါဦး၊ ဆရာတွေကရော ဘာကြောင့် ကျောင်းဖွင့်ရတာလဲ ဆိုတာ စဉ်းစားကြည့်ရအောင်။

ဒိသာပါမောက္ခကြီးက ဘာကြောင့် ကျောင်းဖွင့်ရတာလဲ။ အင်း - စာထဲမှာ မပါဘူး အဲဒီအချက်။ ပါတာကတော့ စာသိပ်တော်တဲ့ ကျောင်းသား၊ ထူးချွန်တဲ့ ကျောင်းသား အိမ်ပြန်တဲ့အခါ သူ့သမီးနဲ့ ညားပြီး ယောင်နောက် ဆံထုံးပါသွားတယ် ဆိုတဲ့ အချက်ပါပဲ။ ဒါဆို ဒိသာပါမောက္ခကြီး ကျောင်းဖွင့်တာက ကိုယ့်သားသမီးကို ထူးချွန်သူနဲ့ အိမ်ထောင်ချပေးဖို့ဖြစ်တယ်လို့ တွေးရမလို ဖြစ်နေတယ်။ သမိုင်းဆရာများ ဒီအကြောင်းကို တူးဆွ လေ့လာ ရေးသားကြပါဦး။

ကျနော်ကတော့ စာသင်ကျောင်းတွေ မရှိရင် ကမ္ဘာကြီး ဘာဖြစ်သွားမလဲ၊ ဘာကြောင့် ငါ ကျောင်းတက်ခဲ့ရပါလိမ့် လို့ ဖြတ်ခနဲ စဉ်းစားမိတာကို ရေးလိုက်ပါတယ်။

(မူရင်း - မဲဆောက်မြို့ထုတ် ရောင်ခြည်ဦး အလုပ်သမားဂျာနယ် အတွဲ ၃၊ အမှတ် ၈)

Kyaw Thu – FFSS Yangon Activity (30th September 2010)

လူမှုရေးဝန်ထမ်းများ တိုက်ပွဲဝင်တော့မည်
ကျော်သူ
အောက်တိုဘာ ၁၊ ၂၀၁၀


ကမ္ဘာလောကကြီးတွင် အာဏာအတွက် တိုက်နေတဲ့ စစ်ပွဲ၊ လွတ်လပ်မှုအတွက် တိုက်နေတဲ့ စစ်ပွဲ၊ အာဃာတအတွက် တိုက်နေတဲ့ စစ်ပွဲ၊ စီးပွားရေးအတွက် တိုက်နေတဲ့ စစ်ပွဲ၊ ဘာသာရေးအတွက် တိုက်နေတဲ့ စစ်ပွဲ၊ ပညာရေးအတွက် တိုက်နေတဲ့ စစ်ပွဲ … စတဲ့ … စတဲ့ ဝိရောဓိ စစ်ပွဲများ အပြိုင်အဆိုင် တိုက်ခိုက်ကျင်းပနေချိန်မှာ ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)သည် လူမျိုးမရွေး၊ ဘာသာမရွေး၊ ဆင်းရဲချမ်းသာမရွေး၊ မိတ်ဆွေရန်သူ မရွေးတို့၏ နာရေးကိစ္စ၊ ကျန်းမာရေး ကိစ္စအဝဝတို့ကို နိုင်သလောက် ထမ်းဆောင်ပေးဆပ်လျှက် ရှိပါသည်။

အထူးအားဖြင့် နာရေးကူညီမှု ပြုလုပ်ရာ၌ စည်းကမ်းရှိရှိ၊ စနစ်တကျ၊ ကျန်းမာရေးနှင့် ကိုက်ညီ ရန် ရုပ်အလောင်းများကို သယ်ဆောင်ရာ၌ အများအမြင်တွင် တင့်တယ်မှုရှိစေရန်အတွက်၎င်း၊ အယူသည်းမှု မိစ္ဆာဒိဋ္ဌိအယူဝါဒ အစွဲများ ပပျောက်စေရန်အတွက်၎င်း၊ ဝန်ထမ်းများ၊ အသင်းသူ/သားများကို သင်တန်းများ ပို့ချပေးလျှက်ရှိပါသည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် ယာဉ်မောင်း၊ ယာဉ်နောက်လိုက် ဝန်ထမ်းများသည် နာရေးကူညီဆောင်ရွက်ရာ၌ အသင်း၏ ရှေ့တန်းတိုက်စစ်မှူးများ ဖြစ်သည်။ ကော်မတီဝင်များ မပါရှိသော နာရေးကူညီမှု လမ်းကြောင်းများတွင် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တို့သည် အသင်းကိုယ်စား ဦးဆောင်၍ နာရေးရှင်များနှင့် တွေ့ဆုံရခြင်း၊ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လုပ်ဆောင်ချက်များကို နာရေးရှင်တို့ နားလည်သဘောပေါက်အောင် ပြောကြားရခြင်း၊ ရုပ်အလောင်းများကို သယ်ဆောင်ရခြင်း စသည့် ပေးဆပ်မှုများကို နိစ္စဓူဝ ထမ်းဆောင်နေရသူများ ဖြစ်သည်။ ထို့ကြောင့် လူမှုရေးရှေ့တန်း တိုက်စစ်မှူးများပီပီ မိမိတို့ပေးဆပ်ရာ၌ လူအချင်းချင်း လူသားချင်း စာနာစိတ်တို့ဖြင့် ဗြဟ္မစိုရ်တရား လက်ကိုင်ထားကာ တိုက်ပွဲဝင်ဖို့ လိုအပ်ပေသည်။

ယနေ့ ၃၀.၉.၂၀၁၀ (ကြာသပတေးနေ့) နံနက် (၈း၀၀) နာရီတွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ရှိ ဘုရားခန်းမဆောင်တွင် ဝန်ထမ်းများအားလုံးအား အသင်းအုပ်ချုပ်သူ မန်နေဂျာမှ ဝန်ထမ်းစည်းကမ်း စည်းမျဉ်းများ၊ ထမ်းဆောင်ရမည့် တာဝန်များကို တိကျစွာ လိုက်နာဆောင်ရွက် ပေးဆပ်ရန်၊ သီလလုံရန်၊ ဗြဟ္မစိုရ်တရား လက်ကိုင်ထားရန် စသည်တို့ကို ပြောကြား မှာကြားခဲ့သည်။

ထို့အပြင် ရုပ်အလောင်းများကို အထပ်မြင့် အဆောက်အဦတို့မှ သယ်ချရာတွင် အသုံးပြုသော ရေလုံဇစ်အိတ်၊ ထမ်းစဉ်တို့ကို အသုံးပြုပုံ အဆင့်ဆင့်တို့အား၎င်း၊ မှားယွင်းစွာ အသုံးပြုခဲ့သော နာရေး လမ်းကြောင်း၏ မှတ်တမ်းဓာတ်ပုံများကို ယှဉ်တွဲ၍ Slide Projector ဖြင့် ပြသပြီးနောက် ရုပ်အလောင်းများအား သယ်ဆောင်ရာ၌ လူသေ/ရှင် ဟူ၍ မခွဲခြားဘဲ ကြင်နာစိတ်၊ မေတ္တာစိတ်၊ ကရုဏာစိတ်များမွေး၍ ကိုင်တွယ်ပုံ၊ ကိုင်တွယ်နည်းများ ပါဝင်သော ဂျပန်ရုပ်ရှင် (DEPARTURES) ဇာတ်ကားမှ မိမိတို့နှင့် အကျုံးဝင်သော ဇာတ်ဝင်ခန်းများအား အဓိကထား၍ ပြသကာ သင်တန်းပို့ချခဲ့သည်။

ထို့ကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ လူမှုရေးဝန်ထမ်းများသည် အသင်းသူ/သားများ ကော်မတီဝင်များ နှင့်အတူ ပူးပေါင်း၍ အများပြည်သူအတွက် စနစ်သစ်ဖြင့် လူမှုရေးတိုက်ပွဲဝင်တော့မည် ဖြစ်ပါသည်။

U Ni Mar weekly swan offering

မမာမာဦးရဲ့ ဖခင် ဦးနီမာရဲ့ ရက်လည်ဆွမ်းကျွေး
တာရာဝေယံ၊ ရန်ကုန်
အောက်တိုဘာ ၁၊ ၂၀၁၀
Justify Fullမိသားစုဝင်မပါတဲ့ ရက်လည်ဆွမ်းကျွေးတခုဟာ စက်တင်ဘာ ၂၈ ရက်မနက်ပိုင်းက စည်စည်ကားကားနဲ့ ပြီးဆုံးခဲ့ပါတယ်။ နိုင်ငံရေးအကျဉ်းသူ အကျဉ်းသားဟောင်းတွေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်တွေရဲ့ ဝိုင်းဝန်းကူညီဆောင်ရွက်မှု ကြောင့် ဗန်းမော်အကျဉ်းထောင်ထဲမှာ နှစ် ၇၀ ကျော် အကျဉ်းကျခံနေရတဲ့ မမာမာဦးရဲ့ ဖခင် ဦးအုန်းမောင် (ခ) ဦးနီမာ ၇၄ နှစ်ရဲ့ ရက်လည်ဆွမ်းကျွေးကို စီစဉ်နိုင်ခဲ့ကြောင်း သိရပါတယ်။







သံဃာတော် ၃ ပါးကို နံနက် ၅ နာရီ ၁၅ မိနစ်မှာ အာရုံဆွမ်းကပ်လှူပြီး သင်္ကန်းဒွိစုံများကို ဆက်ကပ် လှူဒါန်းခဲ့ကြပါတယ်။ ဆွမ်းကျွေးကို လှိုင်မြို့နယ် ၁၃ ရပ်ကွက်၊ သီရိမြိုင် ၃ လမ်း၊ အိမ်အမှတ် ၁၉ နေအိမ်မှာ ကျင်းပခဲ့တာပါ။









ရက်လည်အလှူကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဝင်းတင်၊ ဦးအုန်းကြိုင်၊ ဦးလှဖေ အစရှိတဲ့ နိုင်ငံရေးသမားများ၊ ကျောင်းသားခေါင်းဆောင်ဟောင်းများနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။







ဦးနီမာကွယ်လွန်ကြောင်းကို ဗန်းမော်အကျဉ်းထောင်မှာရှိနေတဲ့ တဦးတည်းသောသမီးဖြစ်သူ မမာမာဦးထံသို့ ဆွေမျိုး နီးစပ်များရဲ့တောင်းဆိုမှုကြောင့် သက်ဆိုင်ရာ အာဏာပိုင်များက အကြောင်းကြားပေးခဲ့ရပါတယ်။ မမာမာဦးက … “ဖခင်ဖြစ်သူ ကွယ်လွန်ခဲ့တဲ့အတွက် ဝမ်းနည်းကြောင်း၊ ဒါပေမယ့် စိတ်ဓာတ်မကျကြောင်း အပြင်မှာရှိတဲ့ လုပ်ဖော် ကိုင်ဖက်ဟောင်းများတိုင်ပင်ပြီး ဖခင်ရဲ့ရက်လည်ကိစ္စကို ဆောင်ရွက်ပေးကြပါ” ဟုပြောကြောင်း သက်ဆိုင်ရာ အာဏာပိုင်များက မမာမာဦးရဲ့ ဆွေမျိုးတော်စပ်သူတဦးသို့ အကြောင်းပြန်ကြောင်း ကြားသိရပါတယ်။









An Election Not Worthy of Support

အိပ်မက် မက်မနေကြနဲ့တော့
ဝင်းတင်
အောက်တိုဘာ ၁၊ ၂၀၁၀ နယူးယောက်တိုမ်းမ် သတင်းစာတွင် ပါရှိသော ဦးဝင်းတင်၏ An Election Not Worthy of Support ဆောင်းပါး တစိတ် တဒေသကို မိုးမခက ဆီလျော်အောင် ပြန်ဆိုသည်။

http://www.nytimes.com/2010/10/01/opinion/01iht-eduwintin.html

ဥရောပနိုင်ငံ တချို့က စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကို စောင့်ကြည့်နေကြရုံတင် မကဘဲ ထောက်ခံလိုက်ကြသေးတယ်။ ကျနော်တို့နဲ့ တွေ့တုန်းက သူတို့ ဘာပြောလဲ ဆိုတော့ ရွေးကောက်ပွဲဟာ တခုတည်းသော ထွက်ပေါက် ဖြစ်တယ်၊ NLD က ၀င်ပြိုင်သင့်တယ် တဲ့။

ကျနော်တို့က စစ်ကျွန်သက်ရှည်ရေးကို တရားဝင် မလုပ်ပေးနိုင်ဘူးလို့ ပြန်ရှင်းပြတော့ တခြားသူတွေကို သွားညှိနှိုင်းပါတယ်။ ညှိနှိုင်းပြီးတော့ အခု ဆိုရင် စစ်အုပ်စုရဲ့ ရွေးကောက်ပွဲတော်ကို ၀င်ဖို့ ကူညီတာတွေ လုပ်နေပြီ။

စစ်အုပ်စုကို ထောက်ခံတဲ့ ပညာရှင်တွေ၊ အခွင့်အရေးသမားတွေကို ကူညီနေကြပြီ။ အဲဒီလူတွေက ဥရောပအထိ သွားပြီးတော့ စစ်အစိုးရရဲ့ ရွေးကောက်ပွဲကို ရောင်းစွံအောင် လုပ်ရင်းနဲ့ သူတို့သဘောကျတဲ့ နိုင်ငံရေးပါတီတွေ အကူအညီ ရဖို့ လုပ်နေကြပါတယ်။

ဒီမိုကရေစီအရေး လှုပ်ရှားမှုထဲက တချို့ ပါတီတွေဟာ ဥရောပရဲ့ ထောက်ခံမှုတွေ ရနေပေမယ့် ရွေးကောက်ပွဲမှာ အနိုင်ရဖို့အခွင့်အလမ်းက နည်းနည်းလေးပဲ ရှိတယ်။ သူတို့မဲဆွယ်စည်းရုံးတာတွေက တနေ့ထက်တနေ့ ပိုပြီး အတားအဆီးတွေနဲ့ ကြုံနေရပြီ။ စစ်အုပ်စုက ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ်နဲ့တိုင်း လွှတ်တော်တွေမှာ နေရာ အကုန်ရဖို့ လိမ်တာ ညာတာ ခြိမ်းခြောက်တာတွေ လုပ်မှာပဲ။

လွှတ်တော်မှာ စစ်တပ်က ၂၅ ရာခိုင်နှုန်း အလိုအလျောက် နေရာ ရမယ်လို့ ဆိုတယ်။ အခုတော့ စစ်တပ်နဲ့ သူ့လူတွေကပဲ ရာနှုန်းပြည့် နေရာရဖို့ တဖြည်းဖြည်း သိသာလာနေပြီ။ တချို့တလေ ကံကောင်းထောက်မလို့ အရွေးခံရပါပြီတဲ့၊ အပြောင်းအလဲ လုပ်ဖို့ ဘယ်လို အခွင့်အရေး ရနိုင်မလဲ။ လွှတ်တော်က အစိုးရ ဖွဲ့လို့ မရဘူး၊ စစ်ဘက်ရေးရာနဲ့ ပတ်သက်ပြီး လုပ်ပိုင်ခွင့် မရှိဘူး၊ သမ္မတက ခန့်အပ်တာတွေ၊ ဘတ်ဂျက် သတ်မှတ်တာတွေကို ငြင်းပိုင်ခွင့် မရှိဘူး။

ရွေးကောက်ပွဲက အလုပ်မဖြစ်နိုင်ဘူး ဆိုရင် ပြဿနာ ဖြေရှင်းတဲ့ နည်းလမ်းက ဘာဖြစ်မလဲ ဆိုတဲ့ မေးခွန်း ပေါ်လာပြီ။ အဲဒီ နည်းလမ်းကတော့ တွေ့ဆုံဆွေးနွေးတဲ့ နည်းလမ်းပဲ။ ဒါကို ကျနော်တို့ ပြောနေတာ နှစ်ပေါင်းများစွာ ရှိပြီ။ စစ်အစိုးရ၊ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ တိုင်းရင်းသားသား ကိုယ်စားလှယ်တွေ အဓိပ္ပာယ်ရှိရှိ နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာကြဲ။တာကပဲ မြန်မာပြည် ပြဿနာတွေကို ငြိမ်းငြိမ်းချမ်းချမ်း ရှင်းလို့ ရတဲ့ တခုတည်းသော နည်းလမ်းပါပဲ။

စစ်တပ်ကတော့ ဆွေးနွေးချင်စိတ် ဘယ်ရှိမလဲ။ ဒါပေမယ့် နိုင်ငံတကာ အ၀န်းအ၀ိုင်းက အလေးအနက် ထားပြီးတော့ စစ်အုပ်စုကို ထိထိရောက်ရောက် ဖိအား ပေးနိုင်မယ် ဆိုပါတော့၊ ဒါဆိုရင် ပြည်ပ ဖိအားနဲ့ ပြည်တွင်းက အကြမ်းမဖက် လှုပ်ရှားမှုတွေကြောင့် စစ်အုပ်စုက ဆွေးနွေးပွဲစကားဝိုင်းကို ရောက်လာမှာပဲ။

ဥရောပက ကျနော်တို့ မိတ်ဆွေနိုင်ငံတွေဟာ ရွေးကောက်ပွဲကနေ ထွက်ပေါ်မလာနိုင်တဲ့ အရာတခုကို မျှော်တလင့်လင့်ဖြစ်မနေနဲ့တော့၊ အိပ်မက် မက်မနေကြနဲ့တော့။ ဆွေးနွေးပွဲတွေ ပေါ်ပေါက်လာဖို့အတွက် စစ်အုပ်စုကို ထိထိရောက်ရောက် အရေးယူဖို့ လုပ်သင့်ပါပြီ။ မြန်မာပြည် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးမယ့် ကုလသမဂ္ဂ ကော်မရှင်တခု ပေါ်ပေါက်လာအောင် သူတို့ စပြီး လုပ်သင့်ပါပြီ။

talk with Sai Win Kyaw

မီးလျှံကြားမှာ ပြည်သူ့ရင်ခွင် ခိုလှုံသူ ဗိုလ်ကြီးစိုင်းဝင်းကျော်
ရော်နီညိမ်း
အောက်တိုဘာ ၁၊ ၂၀၁၀

"----
ဒီလောက် များပြားတဲ့လူတွေ ထောင်နဲ့သောင်းနဲ့ ချီတဲ့ လူတွေ ရန်ကုန်လမ်းပေါ်မှာ နေ့တိုင်း နေ့စဉ်လိုလို စီတန်း လှည့်လည် ဆန္ဒပြကြတာကို ဘာဖြစ်လို့များ ကျနော်တို့က သေနတ်တွေ အသင့် ကိုင်ပြီးတော့မှ----"

Maung Lu Yay - Blessing in Burma 6

မင်္ဂလာနှင့် နိုင်ငံရေး - ၆
မောင်လူရေး
အောက်တိုဘာ ၁၊ ၂၀၁၀
သုဘာသိတဝါစာ = စကားကောင်း ပြောခြင်းမင်္ဂလာ ။
စကားကောင်းဟူသည် မှန်ကန်ခြင်းနှင့် တခြားသူတွေ၏ အကျိုးစီးပွားကိုဆောင်နိုင်ခြင်းကို ဆိုသည် ။
အထူးသဖြင့် ခေါင်းဆောင်သည် ဒီမင်္ဂလာရှိဖို့ အရေးကြီးသည် ။ ကျွန်ုပ်တို့၏ခေါင်းဆောင်မှာ “နိုင်ငံတော်” ဖြစ်ဘိတော့သည်လတည်း ။
What is နိုင်ငံတော်? နိုင်ငံတော်ဟူသည် အဘယ်နည်းဟူမူ ကျမ်းကြီး၏အခန်း(၁) ၄၇ ၌  “ဤအခန်းပါ အခြေ ခံမူများနှင့် အခန်း(၈)၊ နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့်တာဝန်များ အခန်းတွင်ပါရှိသော “နိုင်ငံတော်” ဆိုသည်မှာ ရှေ့နောက် စကားရပ်တို့၏ အဓိပ္ပါယ်ကိုထောက်၍ ဤဖွဲ့စည်းပုံအခြေခံဥပဒေအရ ဥပဒေ ပြုမှုအခွင့်အာဏာကိုသော်လည်းကောင်း၊ အုပ်ချုပ်မှု အခွင့်အာဏာကိုသော်လည်းကောင်း ကျင့်သုံးသော အဖွဲ့ အစည်း သို့မဟုတ် ပုဂ္ဂိုလ်ကိုဆိုလိုသည်” ဟု ဆိုထားသည့်အတိုင်း ဖြစ်ပေချေသည် ။
ဤသို့လျှင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဥပဒေပြုခွင့်၊ အုပ်ချုပ်ခွင့်ရှိသည့်အဖွဲ့နှင့် ပုဂ္ဂိုလ်ကို နိုင်ငံတော်ဟုဆို လေရာ ဤဖွဲ့စည်းပုံအခြေခံဥပဒေကြီးသည် နိုင်ငံတော်၏မွေးသဖခင်ဖြစ်ချေတော့၏ ။ ဤဖွဲ့စည်းပုံအခြေခံ ဥပဒေကြီးရေးသားသူကား နိုင်ငံတော်၏ဘိုးအေတည်း ။ ဤဖွဲ့စည်းပုံအခြေခံဥပဒေကြီးရေးခိုင်းသူကတော့ နိုင်ငံတော်၏အဘေးပင်ဖြစ်ဘိသည် ။ ဤမျှဆိုလျှင် နိုင်ငံတော်၏မျိုးရိုးဇာတိကို ရိပ်မိလောက်ပေပြီ ။
အမိယုတ်တော့ နှုတ်ကြမ်း ၊ အဖယုတ်တော့ သော့သွမ်းဟူသော နီတိရှိချေရာ နိုင်ငံတော်သည် မိကောင်း ဖခင်သားသမီးဟုတ် မဟုတ်၊ တနည်း သုဘာသိတ ဖြစ် မဖြစ်စိစစ်ရာသည် ။ ယခုလောလောဆယ် နိုင်ငံတော် သည် သူ့နိုင်ငံသားများကို “ဖြစ်ရိုးဖြစ်စဉ်” ဟူသော စကားလုံးတစ်လုံးကို  စတင်မြွက်ကြားလိုက်လေပြီ ။
“ဖြစ်ရိုးဖြစ်စဉ်” ဟူသောဝေါဟာရသည် “ဘာမှမဆန်း” ဟူသောအဓိပ္ပါယ်ဆောင်လေသည် ။
သုဘာသိတ လည်းမဟုတ်၊ ဒုဘာသိတလည်းမဖြစ်၊ ကြားနေ သာမန်စကားတစ်ရပ်သာတည်း ။ ယခုမူ နိုင်ငံတော်က ဝိသေသပြုသုံးနှုံးလိုက်သဖြင့် ထိုသို့မဟုတ်တော့ပါပြီ  ။ မြန်မာစာအဖွဲ့သည်ပင် အဘိဓာန်များကို အက်ဒီရှင် အသစ် ထုတ်ဝေရချေတော့မည် ။ အကြောင်းမှာ-
မြန်မာ့အလင်း စသော နိုင်ငံ့ဂုဏ်ဆောင်သတင်းဆာတို့နှင့် ပြည့်တန်ဆာဂျာနယ်ကြီးတို့တွင် အလွန်ရက်စက် ကြမ်းကြုပ်သော၊ အလွန်မှပင် စိတ်နှလုံး ညှိုးခြုံးစရာကောင်းလှသော၊ တိုင်းပြည်ရှေ့ရေး အလွန်ပင် ရင်လေးစရာကောင်းလှသော၊ တပ်မတော်အရာရှိတစ်ချို့ကျူးလွန်ခဲ့သည့် ပဲခူးမြို့လယ်ခေါင် လူသတ်မှုကြီးကို ``ဖြစ်ရိုးဖြစ်စဉ်``ဟု ဝေါဟာရတံဆိပ် ခပ်နှိပ်လိုက်ကြလေပြီ ။
ထို့ကြောင့် “ဖြစ်ရိုးဖြစ်စဉ်” သည် ဖြစ်ရိုး ဖြစ်စဉ်မဟုတ်တော့ဘဲ သွေးချင်းချင်း ရဲသည့် “ခေတ်ဆိုး ခေတ်ကျဉ်” အဓိပ္ပါယ်ရောက်သွားတော့သည် ။
တကယ်တော့ ဝေါဟာရတစ်ရပ်သည် ချက်ချင်းလက်ငင်း အဓိပ္ပါယ်ပြောင်းသွားရိုး မရှိချေ ။ အချိန်ကာလနှင့် အကြောင်းတရားခိုင်ခိုင်မာမာရှိရလေသည် ။ ၁၉၆၂ခုနှစ်က ဗိုလ်နေဝင်း ဦးဆောင်သည့်တပ်မတော်က အာဏာ သိမ်းခဲ့သည် ။ ထိုစဉ်တုန်းက ဗိုလ်နေဝင်းသည် ကျောင်းသားများကို “ဓားဓားချင်း၊ ဒုတ်ဒုတ်ချင်း” ဟုပြောကာ သတ်ဖြတ်ခဲ့သည် ။ ဆင်မလိုက်သင်္ဘောကျင်းအရေးအခင်း၊ ဦးသန့်အရေးအခင်း၊ မှိုင်းရာပြည့် အရေးအခင်းအပါ အဝင် အရေးအခင်းကြီးငယ်မဟူ ကိုယ့်တိုင်းသားပြည်သူ၏ အသက်တွေကို လွယ်လင့်တကူ ချေမှုန်း သတ်ဖြတ် ခဲ့သည် ။
ထို့နောက် ၈၈ အရေးအခင်းကြီးဖြစ်လာပြန်သောအခါ “စစ်တပ်ဆိုတာ ပစ်ရင် မိုးပေါ်ထောင်မပစ်ဖူး၊ တဲ့တဲ့ဘဲ ပစ်တယ်” ဟုပြောကာ လူပေါင်းမြောက်များစွာကို မြို့လယ်လမ်းမကြီးတွေပေါ်မှာပင် လိုက်လံပစ်သတ် လေသည် ။
ထိုမှတဆင့် ပိုမို၍လက်ရဲဇက်ရဲဖြစ်လာပြီး ကြံ့ဖွတ်နှင့်တပ်တွဲစပ်၍ အရပ်သူအရပ်သားများပါ သတ်နည်းဖြတ် နည်းသင်တန်းပေးကာ ၂၀၀၃ခုနှစ်တွင် လမ်းလယ်ခေါင် မီးမောင်းထိုး၊ ညာသံပေး၍ ဒုတ်တွေနှင့် ရိုက်၊ ဝါးချွန်တွေနှင့်ဝိုင်းဝန်းထိုးသတ်သည့် တကယ့်လူသတ်ပွဲသဘင်တော်ကြီး ဒီပဲယင်းမြို့နယ်မှာ ဝှဲချီးကျင်းပခဲ့လေ တော့သည် ။
၂၀၀၇ ခုနှစ်ရောက်သောအခါ ကြံဖွတ်သည် မိကျောင်းဘဝသို့ပြောင်းသွားပြီး ရဟန်းသံဃာတော်များကိုပါ သွေးချောင်း စီးစေတော့သည် ။ မိမိတို့ကိုးကွယ်ရာ ကျောင်းကန်စေတီများအတွင်း ညာသံပေးဝင်ရောက်စီးနင်း ကာ ဆရာတော်သံဃာတော်များကို ရိုက်နှက် ပစ်ခတ် သတ်ဖြတ်ကြသည် ။ ဤသတင်းဆိုး၊ သတင်းအို များကြောင့် တတိုင်းပြည်လုံး နှလုံးကြေကွဲ ဝမ်းနည်းကြရသည် ။
၂၀၀၈ မှာ နာဂစ်မုန်တိုင်းကြီးဝင်၍ လူပေါင်းတစ်သိန်းကျော် သေဆုံးသွားတော့ ထို မဟာ့မဟာလူတွေသေကြေ သည့်ကိစ္စကြီးသည် သာမန်ဖြစ်ရိုးဖြစ်စဉ် ဖြစ်သွားချေတော့သည် ။ ကူညီကယ်ဆယ်ရေးတောင် အခွန်တောင်း၊ လမ်းကြေးကောက်၊ ဖမ်းဆီး၊ ထောင်ချ လုပ်ကြတော့သည် ။
ခရစ္စတီးကျွန်းပေါ် ကလေးလေးများ၊ မိန်းမသား များအပါအဝင် လူ ၈၀ ကျော် သတ်ဖြတ်သည့်ကိစ္စဆိုလျှင်လည်း နေ့တဓူဝ ဖြစ်နေကျသာ ။ တိုင်းရင်းသား များကြားခံစားနေရသော မီးရှို့၊ သတ်ဖြတ်၊ မုဒိန်းကျင့်၊ ပေါ်တာဆွဲစသည့်လူသားတွေအပေါ် ကျူးလွန်နေသည့် ပြစ်မှုကြီးများသည်လည်း ဖြစ်ရိုးဖြစ်စဉ်ပင် ။ ဘာမှမဆန်းတော့ ။
ဗုဒ္ဓဘာသာထွန်းကားရာ၊ ငြိမ်းချမ်းရေးတရားတော်များဝေစည်ရာ၊ စေတီပုထိုးများပေါများရာ၊ မေတ္တာ ကရုဏာတို့ဖြင့်သာ လိမ်းကျံထားသည့် သိမ်မွေ့သည့် ယဉ်ကျေးမှုဓလေ့ထုံးတမ်းတို့ပွင့်လန်းရာ ဤရွှေဝါပြည်၌ အုပ်ချုပ်သူလူတန်းစားက၊ သို့မဟုတ် အုပ်ချုပ်သူလူတန်းစားနှင့်ပတ်သက်သူများက အစုလိုက်အပြုံလိုက် ဖြစ်စေ၊ တစ်ဦးချင်းဖြစ်စေ သတ်ဖြတ်ခဲ့သည်ဆိုလျှင် ထိုလူသတ်မှု၊ လူသေမှုကြီးဟူသမျှသည် “ဖြစ်ရိုးဖြစ်စဉ်” သာတည်း ။ “ဖြစ်ရိုးဖြစ်စဉ်” ဟုခေါ်ပေသည် ။ “ဖြစ်ရိုးဖြစ်စဉ်” ဟုမှတ်ကြပါ ။
“ဘာဆို ဘာမှမဆန်း”
“ဘာမှမဟုတ်”
“သာမန်”
“ဖြစ်ရိုးဖြစ်စဉ် …”

Maung Ba Chit - Apology to Saya Zaw Gyi

အားနာလှပါသည် ဆရာဇော်ဂျီ
မောင်ဘချစ်
အောက်တိုဘာ ၁၊ ၂၀၁၀
ဆရာဇော်ဂျီ စကား
“သင်သေ သွားသော် ...”  တဲ့
နားမှာကြားနေ
''သင် သေသွားသော်
သင် ဖွားသောမြေ
သင်တို့ မြေသည်
အခြေတိုးမြင့်
ကျန်ကောင်းသင့်၏  ...”  တဲ့။

ရေမြင့်ကြာတင့်
ဖြစ်သင့်ပါတယ်ဆရာ။

ခု ... အခါမှာလေ
ရေထဲက ဖွတ် မိကျောင်းဖြစ်
မြစ် မချမ်းသာ ဆိုသလို
ခွေးခြင်္သေ့ ဘုရင်လုပ်
ငုတ်တုပ်ကြီးထိုင်တဲ့နေ့
ဒီတကွေ့မှာ
တွေ့မှ တွေ့တတ်ပလေ ဆရာရယ်။

တိရစ္ဆာန်လိုတွေး၊ တိရစ္ဆာန်လို ရေးတဲ့ ဥပဒေ နဲ့
တိရစ္ဆာန်ရွေးကောက်ပွဲ တဲ့ ဟေ့ နော်... ။

ကျနော်တို့ရဲ့ သမိုင်း ရာဇဝင်ရိုင်း သွားပြီမို့
ကျနော်တို့ကို ခွင့်လွှတ်ပါဆရာ။
လက်ဆယ်ဖြာ ထိပ်မှာ မိုး
ရှိခိုးကန်တော့ကာ တောင်းပန်ပါတယ်
အားနာလိုက်တာဆရာရယ်။

စက်တင်ဘာ ၂၉ ၂ဝ၁ဝ

Zay Hmine - Songless Evening

သီချင်းမရတဲ့ ညနေတွေ
ဇေမှိုင်း
အောက်တိုဘာ ၁၊ ၂၀၁၀

ဖြစ်ရပုံများပြောပါတယ်
သူကြီးနဲ့ ပေါင်းပြီး
ရွာသူလေးကို စော်ကားသတဲ့
သူကြီးသားနဲ့ ပေါင်းပြီး
ရွာကျော် ခဲပစ်သတဲ့ ...

ဖြစ်ပုံများ ပြောပါတယ်
နယ်စပ်မှာလည်း နယ်စပ်မို့လို့
ဒုက္ခသည်တွေအိမ်မှာလည်း ဒုက္ခသည်အိမ် မို့လို့
မြို့ပေါ်မှာနေတဲ့ သူတွေကလည်း
မြို့သားကြီးတွေ ဖြစ်လို့ 

ကွယ်ရင်မေ့ တွေ့ သေအောင် လွမ်း
ဖြူးစရာ နှမ်းခင်းကလေးတွေတောင် ကုန်ပြီ
ဒီမနက်ခင်း ...
သတင်းတခု ရတယ်
ငါ ကွယ်လွန်သွားပြီတဲ့၊၊