Saturday, July 31, 2010

Charity Begins at Home from Burmese overseas

မြန်မာပြည်သားချင်း ရိုင်းပင်းကူညီ၊ အလှူဒါန သတင်းကြားကြားသမျှ

ပြည်သူ့ဂုဏ်ရည်ပြန်ကြားရေးနဲ့ မိုးမခ
သြဂုတ် ၁၊ ၂၀၁၀
လွန်ခဲ့သည် မြန်မာ့ပြည်နွေကာလ ရေရှားပါးဒဏ်ကို ပြည်သူအများခံစားကြရစဉ် ပြည်ပရောက် မြန်မာတို့က တတ်အားသမျှ ချွေးနည်းစာများမှ ပြည်တွင်းရှိ စေတနာဝန်ထမ်း လူမှုလုပ်ငန်း စွမ်းဆောင်သူများထံ လှူဒါန်းကူညီခဲ့ကြသည်။ ထိုအလှူဒါန ပြုကြသူငှာ သတင်းကြားသိသမျှကို မိမိတို့ မြန်မာအသိုင်းအ၀န်းကြား ၀မ်းမြောက်ဂုဏ်ယူနိုင်စေရန် မိမိတို့ ကြားသိသမျှကို တင်ဆက်လိုက်ပါသည်။

အမေရိကန်ပြည်နယ်များ၊ မြို့များ (ဆန်ဖရန်၊ ၀ါရှင်တန်မက်ထရို၊ နယူးယောက်၊ ဘော့စတွန်၊ ဖီးနစ်၊ တက္ကဆပ်၊ အာရီဇိုးနား) နှင့် ဗြိတိန်နိုင်ငံရောက် မြန်မာမိသားစုများ၊ တိုင်းရင်းသားများ၊ ရခိုင်အမျိုးသားများက ရခိုင်ပြည်နယ်ရှိ ရေဘေးသင့်သူများကို ကူညီရန် ကိုယ်တိုင်ကိုယ်ကျ စေတနာဝန်ထမ်းဆောင်ရွက်နေသူ ဒေသခံ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသို့ အမေရိကန်ဒေါ်လာ ၄၇၈၀.၀၀ ( ဇူလိုင် ၂၈၊ ၂၀၁၀)

ဆန်ဖရန်စစ္စကို ဘေးဧရိယာမြန်မာမိသားစုများက ရန်ကုန်ရှိ နာရေးကူညီမှုအသင်းသို့ ရေဘေးကူညီမှုအတွက် ကျပ် ၁၃၅ သိန်း ၁ သောင်း (ဇွန် ၂၅၊ ၂၀၁၀)

          Burmese American Women Alliance က ဒေါ်အောင်ဆန်းစုကြည် ၆၅ နှစ် မွေးနေ့ ကုသိုလ်အဖြစ် အိတ်ခ်ျအိုင်ဗီ ဝေဒနာရှင်များကို စောင့်ရှောက်နေသူ မေတ္တာရှင် မဖြူဖြူသင်း ထံရည်စူး၍ အမေရိကန် ဒေါ်လာ ၁၅၄၀.၀၀ နှင့် ပဲခူးတိုင်း ရေအလှူကူညီနေသူ ဦးအေးမြင့် (လမ်းပြကြယ်) ထံ အမေရိကန် ဒေါ်လာ ၁၀၂၀.၀၀ ( ဇွန် ၂၀၊ ၂၀၁၀)
         
          အမေရိကန်၊ တက္ကဆပ်ပြည်နယ်၊ Amarillo, Dumas, Cactus မြို့ ၃ မြို့ရောက် မြန်မာနိုင်ငံသားများက ရန်ကုန်ရှိ နာရေးကူညီမှုအသင်းသို့ ရေဘေးကူညီမှုအတွက် ကျပ် ၄၀ သိန်း၊ ၁ သောင်း၊ ၅ ထောင် ၆၅၀ (မေ ၂၉၊ ၂၀၁၀)

          အမေရိကန်၊ နယူးယောက်ပြည်နယ်၊ ယူတီကာမြို့ရောက် ဆရာတော် ဦးပညာနန္ဒနဲ့ ဒကာ၊ ဒကာမ မြန်မာမိသားစုများက ရန်ကုန်ရှိ နာရေးကူညီမှုအသင်းသို့ ရေဘေးကူညီမှုအတွက် ကျပ် ကိုးသိန်း ငါးသောင်း (မေ ၂၉၊ ၂၀၁၀)

          အစရှိသည့် ကောင်းမှုဒါနများ ပြုလုပ်ခဲ့ကြပါသည်။ မိတ်ဆွေများ၏ ဆက်လက်သတင်းပို့သမှုများမှ တဆင့်လည်း အသိပေးတင်ဆက်နိုင်ရန် ကြိုးစားပါဦးမည်။ ပြည်သူ့ဂုဏ်ရည် ကိုကျော်သူ၏ စကားဖြင့် ပြောရလျင် - အများပြည်သူအကျိုး အများပြည်သူကောင်းမှု စစ်စစ် ဖြစ်ပါတော့သည်။

Patten

ပါရာဒိုင်း
မေနှင်းလဲ့မွန်
သြဂုတ် ၁၊ ၂ဝ၁ဝ
ကျမသည် ဒေါက်တာမောင်ဘချစ် တိုက်တွန်းသဖြင့် (The Wave) ရုပ်ရှင်ကို ကြည့်ပြီး အောင်မြင် ကြီးထွားလာသော အဖွဲ့အစည်းများတွင် တွေ့ရလေ့ ရှိသည့် ပါရာဒိုင်း (Patten- ဂရိစကား) ကို စဉ်းစားနေမိပါသည်။ ဤပါရာဒိုင်းကို အသုံးပြုပြီး စီးပွားရေး နယ်ပယ်တွင် ဈေးကွက် လက်ဝါးကြီး အုပ်နိုင်ကြသော ကုမ္ပဏီကြီးများ အကြောင်းကိုလည်း ဆက်စပ် တွေးနေမိပါသည်။

တကယ်တော့ ဒီပါရာဒိုင်းကို မြန်မာစစ်တပ်ကပဲ အသုံးချနိုင်တာ မဟုတ်ပါဘူး။ ဗုဒ္ဓရဲ့ သံဃ အဖွဲ့ အစည်း မှာလည်း ဒီပါရာဒိုင်းပါပဲ။ ဂျပန် လူမှုအဖွဲ့အစည်းမှာလည်း ဒီပါရာဒိုင်းပဲ။ ကွန်ဖြူးရှပ်ခေတ်မှာလည်း ဒီ ပါရာဒိုင်းပါပဲ။

လူသားအရင်းအမြစ်ကို အသုံးချရတဲ့အခါ လူ့သဘော လူ့သဘာဝ လူ့အကျင့်စရိုက်ကို သိတဲ့သူက ဦးဆောင်ပြီး ပါရာဒိုင်းတခု ချပေးလိုက်တယ်။ ဒီပါရာဒိုင်း အတိုင်း မျိုးပွားယူတယ်။ ဒီပါရာဒိုင်းကို (Networking) ကွန်ရက်နည်းနဲ့ လက်ဆင့်ကမ်း သယ်ဆောင်သွားကြတယ်။

ပါရာဒိုင်း စပြီး ချပေးသူက နေရာတကာ ပါစရာ မလိုတော့ဘဲ ဒီပါရာဒိုင်း တည်တံ့အောင် စံနစ်က အလိုလို လည်ပတ်ပေးသွားတယ်။

စီးပွားရေးနယ်မှာ Simplify, Unify, Multiply ဆိုတဲ့စကားကို ကြားဖူးကြမှာပါ။ စစ်တပ်မှာလည်း ဒီလက္ခဏာရပ်ကို တွေ့ရပါတယ်။ သံဃအဖွဲ့အစည်းမှာရော ဒီလက္ခဏာပဲ မဟုတ်လား။

ဗုဒ္ဓက ဗြဟ္မစိုတရားကို အခြေခံပြီး သမ္မာမဂ္ဂင်နဲ့ ပါရာဒိုင်းကို ပျိုးထောင် သာသနပြုပါတယ်။ အာဏာရှင်က လောဘ ဒေါသ မောဟအခြေခံပြီး မိစ္ဆာမဂ္ဂင်နဲ့ ပါရာဒိုင်းအင်ပါယာ ချဲ့ကြတယ်။ အများပြည်သူက လက်မခံတော့ရင် ခေတ်အခြေအနေမပေးတော့ရင် ပါရာဒိုင်းပြောင်းပေးရပါတယ်။ ပါရာဒိုင်း မပြောင်းဘဲ ဆုတ်ကိုင်ထားရင်တော့ စီးပွားရေးနယ်မှာ ဈေးကွက်ကျပြီး ငွေကြေး ဆုံးရှံးကြရတယ်။ နယ်ချဲ့စနစ်မှာ စစ်အာဏာရှင်တွေ ကျဆုံးရတယ်။ အရှင်ဒေ၀ဒတ်ရဲ့ တပည့် နောက်လိုက်များ ဘက်ပြောင်းကုန်ကြပြီး ရှင်ဒေ၀ဒတ် ကိုယ်တိုင် မြေမျိုခံရပါတယ်။ ပါရာဒိုင်း လေဖြတ်သွားတယ် (Paradigm Paralysis) ဆိုတာမျိုးပေါ့။

ကဲ ဒို့ မြန်မာပြည် ဒီမိုကရေစီအရေးကို ပျိုးထောင်ချင်သူတွေ အရှင်ဉာဏိက ပြောသလို ပါရာဒိုင်းတခု “စမလား၊ စောင့်မလား”။

ဒွေးတော်အိမ်ကလူကလဲ အမေ့ကိုလွမ်း၊

အမေ့အိမ်ကလူကလဲ ဒွေးတော်ကိုလွမ်း၊

လက်ရှိ ဗုဒ္ဓသာသနာတွင်းက လူကလည်း နောင်ပွင့်မယ့် ဘုရားကိုလွမ်း။

Khet Mar - Midnight Light

သန်းကောင်ယံ အလင်း
ခက်မာ
သရုပ်ဖော် ပန်းချီ သန်းဌေးမောင်
သြဂုတ် ၁၊ ၂၀၁၀

မ ။       ညဥ့်နက်သန်းကောင်ကြီးမှာ
          လရောင်တွေရုတ်တရက်လင်းဖြာလာတယ်ထင်လိုက်မိတာ
          တကယ်က… ရှင်ကျမကို နမ်းလိုက်တာပဲ။

ကျား ။  ဟုတ်တယ်။
         တခါလေမှာ
         အနမ်းတပွင့် မင်းမျက်နှာပေါ်ကြွေကျလာခြင်းဟာ
         မင်းကမ္ဘာမှာ လမင်းတစင်းဝင်းပသွားသလို
         အေးမြတဲ့အလင်းအင်အားနဲ့  ခရီးသွားနိုင်တယ်။

မ။      အေးမြတဲ့အလင်းနဲ့ ခရီးသွားရခြင်းက
        ပင်ပန်းမှုတွေကို လျော့ကျပြီး ခရီးတွင်စေတဲ့အတွက်
        အဲ့ဒီခရီးစဉ်မှာ ကျမတစ်ယောက်ထဲ မဖြစ်သင့်ဘူး။

ကျား။  အလင်းရောင်ဆိုတာမျိုးက
         တစ်ယောက်ထဲ
         စုပ်ယူသုံးစွဲလို့ ကုန်သွားနိုင်တာမဟုတ်တော့
         မင်းလိုအပ်သလောက်အဖော်တွေနဲ့ ခရီးဆက်ပါလေ။
         ငါကတော့ မင်းရဲ့ အပါးမှာ၊ ဖ၀ါးခြေရာထပ်ရှိပါ့မယ်။

မ။      ကျမတို့ တတွေ.. စိတ်တူသူခြင်းစုဝေးပြီး
        လက်တွေကိုမြဲမြဲတွဲလို့ 
        ချစ်မေတ္တာလရောင်ထဲမှာ ခရီးသွားကြမယ်။
        ညည်းညူသံ တစ်စုံတရာကြားရတဲ့ဆီ ဦးတည်ပြီးသွားကြမယ်။
        ညည်းညူသံဆိုတာမျိုးက
        လိုအပ်ချက်ရှိသူတွေဆီကသာ ကြားရတတ်တယ်လေ။

ကျား။  လိုအပ်ချက်ရှိသူတွေရှိရာ ရောက်ပြီဆိုရင်တော့
        ငါတို့ရဲ့ နှုတ်ခမ်းတွေနဲ့ 
        ညည်းညူနေသူတွေရဲ့နဖူးကို ထိနမ်းလို့
        လရောင်ဖြန်းတဲ့ အေးချမ်းမှုမျိုး သူတို့ကိုခံစားရစေမယ်။

မ။      ကျမတို့ရဲ့ အပြုံးတွေ၊ စကားလုံးတွေကသာ
        သူတို့ဝေဒနာတွေကို ပြေလျော့စေမယ်ဆိုရင်
        မိုးသောက်မှ နေ၀င်သည့်တိုင် ပြုံးလို့
        သူတို့ကို စိတ်နှလုံးရွှင်လန်းစေမယ်။

ကျား။   ငါတို့ရဲ့လက်တွေကို သူတို့လက်တွေနဲ့ ပေါင်းယှက်ထားလို့
         အင်အားတွေ ကူးယူဆပွားပြီး
         သူတို့ရှေ့ဆက်ရမယ့်ခရီးမှာ၊ ယာဉ်ရထားပမာ အသုံးဝင်စေမယ်။

မ။      ကျမတို့ဆီမှာ ရှိတဲ့ အစားအစာတ၀က်ဟာ
        သူတို့အတွက် ရိက္ခာဖြစ်စေရမှာပေါ့၊
        တဦးကို တဦး ကိုယ်ချင်းစာစိတ်နဲ့
        အစာအိမ်ရဲ့တ၀က်ကိုဖြည့်ကြမယ်။

ကျား။  မေတ္တာတရားတို့နဲ့အတူ
        ကောက်နှံစပါးတချို့ ကိုလည်း သယ်ဆောင်သွားစို့ရဲ။့
        သူတို့ညွှန်ပြတဲ့နေရာမှာ ရေတွင်းတူး
        သူတို့ရဲ့စူး၊ ဆောက်၊ ဂေါ်ပြားနဲ့  မျိုးစေ့များ ပေါင်းဆုံတဲ့အခါ
        သူတို့အနာဂါတ်ဟာ ပိုပြည့်စုံလာလိမ့်မယ်။

မ။     ချစ်ခြင်းမေတ္တာအရင်းခံခြင်းဟာ
       အရာအားလုံးရဲ့ အစပါပဲ။
       ကိုယ်ချင်းစာစိတ်ကလေး နည်းနည်းစွက်မှ
       အသက်ရှင်ရခြင်းက အဓိပ္ပါယ်ရှိတော့မပေါ့။

ကျား။  အေးမြမှုအင်အားတွေဖြာကျလာစေမယ့် အနမ်းလတစ်စင်းကို
         တကယ့်လမင်းအစစ်နဲ့ ထိပ်တိုက်တွေ့ခိုင်းလိုက်တော့မယ်။
         လရောင်အောက်မှာခရီးထွက်ပြီး
         လိုအပ်ချက်ရှိသူတွေဆီ ဦးတည်သွားဖို့အတွက်
         အ၀င်းပဆုံးလရောင် မဖြန်းခင်လေးမှာ
         အနမ်းတစ်ပွင့် ပေးပါရစေဦးကွယ်။
(ဇူလိုင် ၂၂၊ ၂၀၁၀)

Mar Mar Aye - 340

“ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ်” အမှတ် (၃၄၀)
ဆရာနန်းကဗျာ
မာမာအေး
သြဂုတ် ၁၊ ၂၀၁၀

သောတရှင်များ ကျန်းမာတော်မူကြပါစရှင် -
မာအေးချစ်တဲ့ သောတရှင်တွေ ဂီတဝါသနာရှင်တွေ အားလုံး မာအေးရဲ့ အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ၊ အရင် တပတ်က တရင်းတနှီး စုစည်း မိခဲ့ဖူးတဲ့ “မောင်လေး” ဇာတ်နဲ့ ပတ်သက်ခဲ့သူတွေ သွားနှင့်ကြကုန်ပြီလို့ အလွမ်း သီခဲ့မိပါတယ်။ မောင်လေး ဖြစ်ခဲ့တဲ့ စာရေးဆရာကြီး “နန်းညွှန့်ဆွေ” ကိုကျတော့ မာအေး ကဗျာမူးနေဆဲ တချိန်က ကဗျာတောထဲမှာ နာမည်ကို စတွေ့တာပေါ့။ “လှလိုက်တဲ့ နာမည်လေးဟယ်၊ မိန်ကလေး ဖြစ်ဟန်တူရဲ့” လို့ စိတ်ထဲဖြစ်သွားခဲ့ပါတယ်။ လူကသာ ယောင်္ကျားမိန်းလို နေပြီး ရင်းနေတာပေမယ့် နာမည်တောင် လှတာမျိုးမှ သဘောကျတဲ့ မာအေးဟာ ကဗျာလေးတွေကိုလဲ ချစ်မြတ်နိုးတတ်ခဲ့တာပဲ။ မဂ္ဂဇင်းတွေ တွေ့ရင် ကဗျာစာမျက်နှာက စတင် ဖြစ်ခဲ့တာပေါ့ရှင်။

မိဘနဲ့မခွဲ၊ ဇာတ်ပွဲထဲ တလိုက်ထဲ လိုက်နေရတဲ့သူဖြစ်လို့ ဆိုတာ ကတာ သရုပ်ဆောင်တာ ဘာလဲ။ အနည်းနဲ့ အများ သိထားပြီ ကျောင်းသား “လေး၊ သုံးနှစ်” ကာရန်ပွားခိုင်းလာတော့ ဘယ်သူများ အုန်းသီးထဲ ရေလာထည့်ပါလိမ့် ဆိုတဲ့ ရှာနည်းကားနဲ့ ပတ်ရှာလိုက်တာ ကိုယ့်အရွယ်နဲ့ နီးနီး ဆရာကြီးမင်းသုဝဏ်ရဲ့“မောင်ခွေးဘို့ကဗျာ” ဆိုတာလေး တွေ့လာပါတယ်။ လူမမယ် အရွယ်မမြောက်တို့ အသံကလေးတွေ ဟန်ကလေးတွေ နားလည်သလိုလို ပိုဖြစ်လာတာပေါ့။

ဆရာမင်းသုဝဏ် ဖန်ဆင်းတဲ့ “ဇာလီပျော်တဲ့ ကျောင်းသင်္ခဏ်း” ကို ရောက်ချင်တယ်- တကယ်ပဲ။ ဆရာဇော်ဂျီရဲ့ “မဗေဒါက တပင်ထဲ” ဆိုတာလို့ ဇွဲခတ်ချင်တယ်။ ဆရာနန်းရဲ့ကဗျာစုံမှာ အာရုံနစ်တော့လဲ နုမြစ်ယဉ်ကျေး မြန်မာ့ဂီတသံနဲ့ မဝေးသလိုစာတွေက ချိုပါဘိသနဲ့၊ တို့စာ အကဲ့ရဲ့ လွတ်အောင် ဘာတွေများ ဆောင်ရ ရှောင်ရပါ့။ အိပ်ရေးတောင် မဝချင်ဘူး ဖြစ်ပါရော။

ကိုယ့်မိဘနဲ့ သူတို့ အသိုင်းအဝိုင်းက သဘင် ဂီတ ရုပ်ရှင်နဲ့သာ ပတ်သက်နေကြသူချည်းပါပဲရှင်။ စာဂျပိုးရယ်လို့ကို မရှိဘူးရှင့်။ အဲဒီ အနုဝင်္ကဘာ သုံးနေရာမှာ ကဗျာလင်္ကာ စာ ဆိုတာ မပါမဖြစ်တဲ့ အရာပါ။ အလုပ်သဘော သက်သက် သုံးကြဖို့သာ ကျက်မှတ်တယ်။ သရုပ်ဆောင်ပြီးတာနဲ့ မေ့ပစ်လိုက်တာမျိုးတွေများတော့၊ ကိုယ်သိချင်တဲ့ စာ၊ ကဗျာ ဖတ်တိုင်း ရင်မှာ သိမ်းထုပ်ပါ ဆိုတာမျိုး သတိထား မှတ်သားရတော့မယ်။ ဆရာအသွင်ထားတဲ့ ကဗျာအရွှင်တွေကလဲ များပါ့။ ပြောပြဖို့တောင် အချိန်မရဘူး၊ ထားခဲ့ဦးမှ ဆရာနန်းကိုတော့ ထားမရဘူးရှင့်။ ပြောပြမယ်။

၁၉၆၈ ကနေ ၁၉၇၀ ပြည့်နှစ် အတွင်း၊ မြန်မာနိုင်ငံ ခေတ်ပေါ် တေးဂီတကောင်စီရဲ့ အလုပ် အမှုဆောင် ကော်မတီဝင် အဖြစ် တာဝန်ယူခဲ့ရတုန်းက “ဂီတပဒေသာ” မဂ္ဂဇင်း တာဝန်ခံအဖွဲ့ဝင် တဦး လုပ်ဖြစ်သေးတာမို့ မဂ္ဂဇင်းအတွက် စာရေးဆရာတွေဆီက စာမူတောင်းတာ၊ စာမူခ လိုက်ပေးတာမျိုး မာအေး ကိုယ်တိုင် လုပ်ခဲ့ပါတယ်။ အဲဒီတော့ ဆောင်းပါးရှင်တွေနဲ့ လူချင်းလဲ တွေ့ရတာပေါ့ရှင်။ လစဉ်ရေး ပင်တိုင်ဆောင်းပါးရှင်တွေထဲမှာ ဆရာနန်းညွန့်ဆွေလဲ ပါလေတော့ တဲထဲဝင်ဝင် မိသားစုနဲ့ပါ ခင်သွားခဲ့တာပေါ့။
ဆရာနန်းတို့ မိသားစုက ရန်ကင်း (၁၂) လုံးတန်းမှာ နေကြတာလို့ မာအေးတို့ နေတဲ့ ကုက္ကိုင်းနဲ့ သိပ်မဝေးဘူးလို့ ပြောရမှာပါ။ ဒီအရင်က နေခဲ့တဲ့ ကျောက်ကုန်း မင်းရဲကျော်စွာလမ်းက အိမ်နဲ့ ပျံကျဈေးတန်းကလေး ဖြတ်ဆင်းလိုက်တာနဲ့ ဆရာတို့ တိုက်တန်း ရောက်သွားတာပါရှင်။ ဆရာတို့တိုက်ရဲ့အနားက တခြားတိုက်တွေမှာ အနုပညာရှင်တွေထဲက ဂီတစာဆို ရန်နိုင်ဆွေတို့ မိသားစု၊ စန္ဒရားငွေစိုးတို့ မိသားစု၊ ရုပ်ရှင် လူကြမ်းမင်းသား ဝင်းမြင့်တို့ မိသားစုတွေလဲ ရှိကြတယ်။

အဲဒီ ပုဂ္ဂိုလ်တွေနဲ့ မနက်ပိုင်းမှာ ဆုံကြတာ များပါတယ်ရှင့်။ မာအေး အချိန်ရတဲ့ အခါမျိုးမှာ သမီးတို့နဲ့ လမ်းလျှောက်ရင်း မုန့်ဟင်းခါး ဆင်းစားကြတာပေါ့။ “ကျော်ကြားမုန့်ဟင်းခါးက ရန်ကင်းမှာ နာမည်ကြီးပါတယ်။ ဆရာနန်းတိုက်နဲ့ တတိုက်ကျော် ဆိုတော့ အတော်ဘဲ။ စားပြီးရင် ဆရာနန်းတို့က အောက်ဆုံးထပ် ဖြစ်တာမို့ အိမ်ရှေ့မှာ သွားရပ်ရင်း နုတ်ဆက်လို့ရတယ်။ ဆရာရန်နိုင်ဆွေ ကိုလဲ ဒီလိုဘဲ နုတ်ဆက်ရတာပါဘဲ။ အဲဒီဆရာနဲ့ တွေးရတာက နည်းနည်း ခက်ပါတယ်။ နေတဲ့ အခန်းက အပေါ်ဆုံးထပ်မို့ မာအေး မတက်နိုင်တော့၊ လာမှန်း သိရင် ဆရာက ဆင်းလာစကားပြောပေးပါတယ်ရှင်။

မာအေးတို့ ဂီတကောင်စီကိုလဲ ဆရာနန်းတို့ အလုပ်ဌာန၊ ယဉ်ကျေးမှု ဗိမ္မာန် ဝင်းကြီးထဲမှာ နေရာပေးထားတော့ အံကိုက် ပြန်ရော၊ ဆရာနန်းက သုတေသနမှူးဖြစ်ပါတယ်။ မြန်မာ့ယဉ်ကျေးမှု သဘင် ဂီတဆိုင်ရာတွေ စာပေရေးရာတွေအပေါ် အမြဲတစေ စောင့်ရှောက် ရေးသား စေတနာထားရှာလို့ လေးစားလောက်တဲ့သူထဲက တယောက်လည်း ဖြစ်နေပါတယ်ရှင်။

မာအေး ဒီဘက် ထွက်လာတော့ နူတ်မဆက်ခဲ့မိဘူး။ ခဏရယ်လို့ ထွက်လာတာကိုး။ မောင်ဇာဂနာလေးနဲ့ နောက်ဆုံး အရေးမယူခင် အဆက်အသွယ်ရတော့ ဆရာနန်းတို့ ဒေါ်ကြည်ဦးတို့ စာပေချစ်တဲ့ ဇနီးမောင်နှံ ကျန်းကျန်းမာမာ ပါပဲတဲ့။

သားကလေး အဆွဲခံရတော့ အသက် တစ်ရာ့နှစ်ဆယ် (၁၂၀) ကျော်မှ ထွက်ရမယ့် ဥပဒေကြောင်းမို့များ ရှေ့ဆင့်နောက်ဆင့် သွားကြတော့တာလား။ သနားမိတာပဲ တတ်နိုင်ပါတယ်ရှင်။ အထဲရောက်နေတဲ့ ခလေးခမျာ- အမေ့တုန်းကလည်း မထွက်လာရ၊ အဖေ့ကိစ္စမှာလည်း ထွက်မလာရနဲ့ အခက်ကျလိုက်မယ့်ဖြစ်ခြင်း၊ ကိုယ့်ရင်တွင်းက သိနေပါတယ်။ ကဗျာနယ်မှာ ရွာလည်ဖူးတဲ့ ခရီးသည် ဝါတွင်းရောက်ပြီကွယ်လို့ ဆရာနန်း ငယ်ကရေးတဲ့ “ဝါတွင်းခရီးသည်” ကဗျာ အပိုင်းလေး ရွတ်ပေးရင်း နားဦးမယ်နော်။ သူ့အသံ ကြားချင်ရင်ဖြင့် နောက်တပတ်ကို ကြိုလင့်ပါ။

ရည်မျှော်ကာ စခန်းပြည်တော်သာသို့
စည်ဆော်ကာ အရောက်စောတာဖြင့်
ပျောက်သောသူ ရှာရင်တွေ့မယ်တဲ့
မမေ့ရန် သူရည်ညွှန်းတော့၊ လူရည်မွန်ဦးတင်သမိပေါ့
ဒါအလို ဝါဆိုလပေးမို့၊ ပွဲအမီနွှဲချီရပါလိမ့်
တပည့်တော် ကြည့်မျှော်ဆလို့ရယ်
ဖေးကူပါ့ဘုန်း။ ။ (နန်းညွန့်ဆွေ၏ ဝါတွင်းခရီးသည်မှ)


(မူရင်း - ဘီဘီစီ မြန်မာပိုင်း အသံလွှင့်ဌာန BBCburmese.com)



Friday, July 30, 2010

Cartoon Saw Ngo – Than Shwe & Mahatma Gandhi

ကာတွန်း စောငို - အဝတ်အစားက မလုံခြုံ၊ ဆံပင်လည်း မရှိ၊ မျက်မှန်နဲ့
ဘယ်လို ပုဂ္ဂိုလ်တုန်း …

ဇူလိုင် ၃၁၊ ၂၀၁၀

Ni Lon Oo - Poem


မပြီးသေးသော မျိုးဆက်သစ်တို့ရဲ့ အခန်းဆက်တိုက်ပွဲ …
ဖျာပုံ နီလုံဦး
ဇူလိုင် ၃၁၊ ၂၀၁၀

(၁)

၁၉၂၀ … ဒီဇင်ဘာ ၅ ရက်
ကိုလိုနီ ဗြူရိုကရက်အုပ်ချုပ်မှုအောက်မှာ
ရန်ကုန် တက္ကသိုလ်ဥပဒေ
သပိတ်မှောက်ရေး တော်လှန်ပွဲမှာ
“ယူနီဗာစတီ အက်ဥပဒေ ပျက်စီးပါစေ”
“ဆာရယ်ဂျီကရက်ဒေါက် ပြန်သွား”
ကြွေးကြော်သံများနှင့် ကျောင်းသားခေါင်းဆောင်များရဲ့
အမျိုးချစ်တဲ့စိတ်
တို့ … အလေးပြုတယ်။

(၂)

၁၉၃၀ … အောက်တိုဘာ ၃၀ ရက်
လူခွန် … မြေခွန် … သဿမေဓခွန်
အခွန်ကြီးများ … ဖိနှိပ်အားကြောင့် … တိုင်းခြားနယ်ချဲ့ကို
တော်လှန်တိုက်ထုတ်ခဲ့သည့် အသက်စွန့်သွား
လယ်သမား သူပုန်
ဂဋ္ဌုန် ဆရာစံ … ခေါင်းဆောင်ရဲ့
အမျိုးချစ်တဲ့ စိတ်
တို့ … အလေးပြုတယ်။

(၃)

၁၉၃၈ … ဒီဇင်ဘာ ၂၀ ရက်
ကိုလိုနီလက်ပါးစေရဲ့ တရားမဲ့မှု အုပ်ချုပ်ရေးကို
တော်လှန်သွေးနဲ့ သပိတ်မှောက်
မကြောက်တရားနဲ့ အံတုရင်း
အတွင်းဝန်ရုံးကိုဝိုင်း
အရိုင်းမိစ္ဆာ မြင်းစီးပုလိပ်တုတ်အောက်
ပြားပြားမှောက် အရိုက်ခံရ
ဂျပ်ဆင်ကောလိပ်ကျောင်းသား ‘ကိုအောင်ကျော်’ … ရဲ့
အသက်စတေး ပေးခဲ့
မျိုးချစ်စိတ်ရှိတဲ့ ခေါင်းဆောင်ကို
တို့ အလေးပြုတယ်။

(၄)

၁၉၄၅ … မတ်လ ၂၇ ရက်
ဗမာ့ တော်လှန်ရေးသမိုင်းမှာ
ဖက်ဆစ်ရိုင်း နယ်ချဲ့
တော်လှန် တိုက်ထုတ်ခဲ့ကြတဲ့
မျိုး ဆက် သစ် ခေါင်းဆောင်များ
သခင်အောင်ဆန်း
သခင်သန်းထွန်း၊ သခင်စိုး
သခင်ဗဟိန်း၊ သခင်နု၊ သခင်လှဖေ
… … … … …
… … … … …
တို့ အလေးပြုတယ်။

(၅)

၁၉၆၂ … ဇူလိုင် ၇ ရက်
တက္ကသိုလ် သမဂ္ဂ မိုင်းထောင်ဖြိုခွဲ
သွေးမြေကျ လူသတ်ပွဲ အရေးတော်ပုံ
၁၉၇၄ ခုနှစ် … အလုပ်သမား အရေးအခင်း
သွေးချင်းချင်းနီရဲ အရေးတော်ပုံ
ကမ္ဘာ့ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်
ဦးသန့်ဈာပန လှုပ်ရှားမှုတိုက်ပွဲ
မှိုင်းရာပြည့်လှုပ်ရှားမှု သွေးမြေကျတိုက်ပွဲ
မျိုးဆက်သစ်တို့ရဲ့ ခေါင်းဆောင်
ကျောင်းသားများရဲ့ ဦးဆောင်မှု
တို့ အလေးပြုတယ်။

(၆)

၁၉၈၈ … သြဂုတ်လ ၈ ရက်
ရှစ်လေးလုံး အရေးတော်ပုံသမိုင်းမှာ
တပါတီ အာဏာရှင်အစိုးရ … ဖြုတ်ချခဲ့တဲ့
မျိုးဆက်သစ် ကျောင်းသားခေါင်းဆောင်
ရဲဘော် မင်းကိုနိုင်
ရဲဘော် … ကိုကိုကြီး
ရဲဘော် … မိုးသီးဇွန် စတဲ့
ကျောင်းသားခေါင်းဆောင်များကို
တို့ အလေးပြုတယ်။

(၇)

၂၀၀၇ … စက်တင်ဘာလ ၁၈ ရက်
ရွှေဝါရောင်အရေးတော်ပုံသမိုင်းမှာ
ကုန်ဈေးနှုန်းကျဆင်းရေး … စစ်အာဏာရှင် ဖြုတ်ချရေး
တော်လှန်ရေးမှ မျိုးဆက်သစ်ခေါင်းဆောင်
အရှင်ဂမ္ဘီရ နှင့် ရဟန်းပျိုများ
ရဲဘော်ထင်ကျော် တိုက်ပွဲပျော်
ဒီမိုကရေစီ အင်အားစုများ
တို့ အလေးပြုတယ်။

(၈)

၂၀၁၀ မှ … သည်
အနာဂတ် ၂၁ ရာစုသစ် ခရီးမှာ
အရေးတော်ပုံသစ်
မျိုးဆက်သစ်တို့ရဲ့ အခန်းဆက်တိုက်ပွဲမှာ
တော်လှန်ရေး အင်အားစု
စည်းလုံး ညီညွတ်မှု
ပူးပေါင်းဆောင်ရွက်မှု
လက်တွဲချိတ်ဆက်မှု
လူထုနှင့် တသားတည်း ဖြစ်နေမှု
မော်ကွန်းသစ် ဘယ်လိုထိုးမလဲ
ငါတို့ အလေးပြုဖို့ စောင့်နေပြီ။ ။

သရုပ်ဖော် - အောင်ထက်

Than Shwe visit to India

သန်းရွှေရဲ့ မာယာခရီးကြမ်း
ဗုဒ္ဓေါဝါဒ ဆရာတော်
ဇူလိုင် ၃၁၊ ၂၀၁၀

ဗုဒ္ဓဂါယာဆိုတာ ဗုဒ္ဓဘာသာဝင်တွေအားလုံး ကြည်ညိုလေးစားကြတဲ့ နေရာဖြစ်ပါတယ်။ သံဝေဂရဖွယ်ရာ ဖြစ်သလို၊ သံဝေဇနိယလေးဋ္ဌာနကို သွားရောက်ပြီး ဖူးမျှော်ကန်တော့သူတိုင်း လက်ရှိဘဝနှင့် နောင်တမလွန် ဘဝတွေမှာ ကောင်းတဲ့အကျိုးတွေရရှိနိုင်တာကို ဗုဒ္ဓရှင်တော်ကိုယ်တိုင် ဟောကြားခဲ့လို့ အလွန်မှန်ကန်တဲ့ သစ္စာတရားတခုပါပဲ။

Police preying on unlicensed Car for hefty fine and reward

လိုင်စင်ဝင်မယ့်ကားတွေကို ယာဉ်ထိန်းရဲက ရုံးဝနားမှာတင် စောင့်ဖမ်း
ခင်နှင်းလွင်၊ ရန်ကုန်
ဇူလိုင် ၃၀၊ ၂၀၁၀
ရန်ကုန်စည်ပင်သာယာ နယ်နိမိတ်အတွင်းမှ လိုင်စင်မဲ့ကားတွေ အခွန်ဆောင်ဖို့ သင်္ဃန်းကျွန်းရာဖြတ်ရုံးကို လာစဉ်မှာ ယာဉ်ထိန်းရဲတွေက အဆိုပါ ရုံး တ၀ိုက်မှာ စောင့်ဆိုင်း ဖမ်းဆီးနေတယ်လို့ ကားပိုင်ရှင်တွေက ပြောပါတယ်။
မနေ့က စတင်ပြီး ယခုလိုဖမ်းဆီးတာလို့ သိရပြီး ဖမ်းဆီးတဲ့ရည်ရွယ်ချက်ကတော့ ယာဉ်ထိန်းရဲတွေ အနေနဲ့ သူတို့ ဖမ်းဆီးတဲ့ကားရဲ့ အခွန်ဆောင်ငွေထဲမှ ဆုကြေးငွေ ၁၀ ရာနှုန်းရဖို့အတွက် ဖမ်းဆီးတာလို့ စုံစမ်းသိရှိရပါတယ်။
ဒါပေမယ့်လို့ ကားပိုင်ရှင်တွေ အနေနဲ့ ဌါနဆိုင်ရာ အဖွဲ့စုံပါတဲ့ အခွန်ရာဖြတ်အဖွဲ့ဆီ တိုက်ရိုက်လာရောက်စဉ် ကြားမှာ ယာဉ်ထိန်းရဲတွေနဲ့ ထပ်ပြီးဆက်ဆံရတဲ့ အချက်၊ အခွန်ရာဖြတ်တာကို စောင့်ဆိုင်းစဉ်၊ ငွေသွင်းစဉ်တွေမှာ မိမိရဲ့ ကားကို မိမိဘာသာ ထိန်းသိမ်းခွင့် မရှိတော့ပဲ ၅၁ လမ်းယာဉ်ထိန်းရုံးမှာ ညသိပ်ရမယ့် အချက်တွေကြောင့် စိတ်အနှောင့်အယှက် ဖြစ်ကြရတယ်လို့ ကားပိုင်ရှင်များက မိုးမခသို့ပြောပါတယ်။
ဝေဇယန္တာလမ်းနဲ့ လေးဒေါင့်ကန်လမ်းဆုံရာ မီးပွိုင့်အနီး လက်တော့ ကွန်ပျူတာပေါင်ပေါ်တင်ထားတဲ့ ယာဉ်ထိန်း ၄၊ ယောက်ကို ယနေ့တွေ့ရသလို အခွန်ဆောင်မယ့် ဟိုင်းလပ်စ်ဆာ့ဖ် တစ်စီးကို ပိုင်ရှင်ဘေးမှာ ထိုင်စေပြီး ယာဉ်ထိန်းရဲတွေက မောင်းနှင်သွားတာလည်း ရုံးအနီးမှာ မြင်တွေ့ရပါတယ်။
ကားပိုင်ရှင် တဦးကဒီနေ့ လိုင်စင်အတွက် အခွန်ရာဖြတ်ဖို့လာတော့ လမ်းထိပ်မှာ ယာဉ်ထိန်းတွေ အဖွဲ့လိုက်ထိုင်နေကြတယ်။ ဒီအခွန်ရာဖြတ်ရုံးကိုလာတဲ့ လမ်းသွယ်တွေ လမ်းကြားတွေကိုပါ ပိတ်ပြီးစောင့်နေကြတယ်။ ကျွန်တော့်ကားကိုတားပြီး လိုင်စင်ဝင်ဖို့ သွားတာပါလို့ပြောလည်း မရဘူး။ သူတို့ထုံးစံအရ ချလန်ဖြတ်ပြီး သူတို့တက်မောင်းပြီး ရုံးကိုလာတယ်။ အဲဒီနောက်လည်း တောက်လျှောက်လိုက်နေတာ ဒီညနေ ကားကိုရာဖြတ်တဲ့ တန်ဖိုး သိပြီးရင် ငွေသွင်းဖို့ မှီမှာမဟုတ်သေးဘူး ကားကိုရဲတွေက ယူသွားပြီး ကျွန်တော် အခွန်သွင်းပြီးကြောင်း စာရွက်သွားပြမှ သူတို့ဆီက ကားပြန်ထုတ်ရမယ်တဲ့။ ကားက ပစ္စည်းတွေပျောက်ရှတာတို့ ဘာတို့ဖြစ်ရင် ဘယ်လိုလုပ်မလဲတော့ မသိဘူး၊ ကိုယ့်ကားကို ကိုယ့်လက်ထဲမှာပဲ ထားချင်ပေမယ့် ဘာမှ မတတ်နိုင်ဘူးဗျာ”“ဟု ပြောသည်။
ယခင် သီတင်းပတ် သောကြာနေ့က စတင်လိုက်တဲ့ လိုင်စင်မဲ့ကား အခွန်ပေးဆောင်တဲ့ အစီအစဉ် အစပိုင်းမှာ ရဲကို သတင်းပို့ပြီး ရဲကပြေစာဖြတ်ပြီးမှ သက်ဆိုင်ရာအခွန်ရာဖြတ်အဖွဲ့ကို သွားရမယ်လို့ ရဲအရာရှိတဦးက ပြောကြောင်း weekly eleven ဂျာနယ်ရဲ့ သတင်းထဲဖေါ်ပြခဲ့သော်လည်း ဒီသီတင်းပတ် အစကတည်းက ကားပိုင်ရှင်များအနေနဲ့ ယာဉ်ထိန်းရဲဆီမသွားပဲ အခွန်ရာဖြတ်ရုံးကို တိုက်ရိုက်လာပြီး အခွန်ဆောင်နေတာလည်း ဖြစ်ပါတယ်။ ဒီအဖြစ်ကြောင့် ယာဉ်ထိန်းရဲတွေက သူတို့ဆီက မဖြတ်မနေရ ဖြတ်သန်းရအောင် စောင့်ဖမ်းနေတဲ့ သဘောလည်း ဖြစ်ပါတယ်။
ယခုလို အကောက်ခွန်မဲ့ ပစ္စည်းဖမ်းဆီးရမိခြင်းအပေါ် သတင်းပေးသူ၊ ဖမ်းဆီးတဲ့ အဖွဲ့မှ ဆုကြေးငွေခံစားလိုတဲ့ အတွက်ဖမ်းဆီးနေတာလို့ ကားပိုင်ရှင်တွေက ပြောကြပါတယ်။ မနေ့က အဖြစ်အပျက်တခုမှာ ရုံးမှာ အခွန်ရာဖြတ်ဖို့ လာအစစ်ခံပြီးသား ကားတစ်စီးရုံးဆီ ပြန်အလာမှာ လမ်းထိပ်မှာ ယာဉ်ထိန်းရဲက ဖမ်းထားလို့ အခွန်ရာဖြတ်အဖွဲ့ခေါင်းဆောင်သူ အခွန်ဦးစီးမှူးကို ကားပိုင်ရှင်က လာခေါ်ပြီး ဖြေရှင်းခိုင်းရတဲ့ အဖြစ်ဖြစ်ပျက်ခဲ့ပါတယ်။ အခွန်ဦးစီးမှူးက ယာဉ်ထိန်းကို သွားပြောတဲ့အခါကျမှသာ ယာဉ်ထိန်းက ပြန်လွှတ်ပေးလိုက်တယ်လို့လည်း သိရှိရပါတယ်။
အစိုးရ ဌါနဆိုင်ရာ အဖွဲ့အစည်းများအကြား ညှိနှိုင်းဆောင်ရွက်မှု မရှိတဲ့အဖြစ်ကို ယခုအဖြစ်အပျက်က သက်သေပြနေတာလို့ ကားပိုင်ရှင် တစ်ဦးက ညီးတွားပြီးငွေလည်းပေးရသေးတယ်။ မှောင်ခိုပစ္စည်းဖမ်းသလို ပြန်ဖမ်းပြပြီး အပိုအဆင့်တွေလည်း ထပ်လုပ်ရသေးတယ် လို့အဆိုပါ ကားပိုင်ရှင်က မိုးမခသို့ပြောပါတယ်။


Thursday, July 29, 2010

U U Htet Thar - Dead Law and Deadly Burmese Regime

အသက်မပါသည့် အသေမွေး ဥပဒေများနှင့် နအဖ
ဦးဦးထက်သာ
ဇူလိုင် ၃၀၊ ၂၀၁၀
(ပြည်တွင်းက ဥပဒေပညာရှင်နဲ့ လူ့အခွင့်အရေးလှုပ်ရှားသူများရဲ့ အာဘော်အဖြစ် တင်ဆက်ခဲ့တဲ့၊ မတ်လ ၁၁၊ ၂၀၁၀ စာတမ်း၊ ရဲရင့်ငယ်ဘလောဂ့်က ကူးယူတယ်)
အတိုက်အခံ ပါတီများ နှင့်ပြည်သူလူထုသို့ အိပ်ဖွင့်ပေးစာ……
၂၀၁၀ ခုနှစ် မတ်လ ၈ ရက်နေ့စွဲဖြင့် ထုတ်ပြန်လိုက်သော ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥပဒေ (၁/၂၀၁၀) နှင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ(၂/၂၀၁၀) ထုတ်ပြန်လိုက်သည့်အခါ အံ့သြတုန်လှုပ်ပြီး အတိုက်အခံပါတီများ၏အသံသည် ဆူညံပွက်လောရိုက်၍ ထွက်လာပါသည်။
၁၉၉၀ခုနှစ် ကတည်းကစ၍ တရားဝင်ရပ်တည်လျှက်ရှိသော အတိုက်အခံပါတီ (၁၀) ခုစလုံး အသေသတ်၊ အမြစ်ဖြတ်လိုက်သည့် အမိန့်ဖြစ်သည်။ သို့သော်… … …
 “နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥပဒေ အမှတ် (၁/၂၀၁၀) မှ (၅ / ၂၀၁၀ ) တို့အား ဥပဒေအနှစ်သာရ စကားရပ်များအရ အမြဲထည့်သွင့်ရမည့် (၁ /၂၀၁၀ မှ ၅/ ၂၀၁၀) ဥပဒေအား ထုတ်ပြန်သည့်နေ့မှစ၍ အာဏာတည်ရမည်) ထိုစကားရပ် မပါရှိသဖြင့် အတိုက်အခံများ အနေဖြင့် လိုက်နာရန်မလိုအပ်သေးပေ။
မဟာဗျူဟာလုပ်ငန်းနှင့် နည်းဗျူဟာလုပ်ငန်း ခွဲခြားသတ်မှတ်ပြီး အဓိကထား ဆုံးဖြတ်ရန် လိုသည်။
မီးပုံအား မငြိမ်းသတ်ဘဲ၊ မီးခိုးကိုသာ ယပ်ခတ် နေခြင်း
ဖြစ်ပြီး နအဖ အစိုးရ၏ အာရုံလွှဲနေခြင်းလမ်းစဉ်နောက် လိုက်ပါ မျောနေခြင်း ဖြစ်ပါသည်။ (ဗိုလ်ချုပ်မှူးကြီး သန်းရွှေက နိုင်ငံတော်အာဏာအား မည်သူ့ကိုမျှ မလွှဲအပ်ဘဲ၊ ၂၀၀ဂခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ အရိပ်ခိုပြီး နိုင်ငံရေးခရီးရှည် ဆက်လျှောက်သွားမည့်လမ်းစဉ်) ကို မြင်အောင်ကြည့် တတ်ရန်လိုအပ်ပါသည်။
ပထမဦးစွာ အရင်ဆုံး လေ့လာသုံးသပ်ရမည့် အချက်များမှာ
(က) ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးတို့သည် ၂၀၁၀ခုနှစ်ရွေးကောက်ပွဲသို့ ၀င် မ၀င် စဉ်းစားသုံးသပ်ရမည်။
(ခ) ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးတို့ နှစ်ဦးသည် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲမ၀င်ဘဲ နောင်တက်လာမည့်အစိုးရကို အာဏာလွှဲခြင်းကို ဆောင်ရွက်ခြင်းရှိ မရှိကို စဉ်းစားသုံးသပ်ရမည် ။
(ဂ) န.အ.ဖ စိတ်ကြိုက်ရေးဆွဲထားသော ၂၀၀၈ ခုနှစ်ဖွဲ့စည်းးပုံအခြေခံဥပဒေတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးတို့အား ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတွင် အရပ်သားသမ္မတ အဖြစ် ပါဝင်ယှဉ်ပြိုင်ရန် အခက်အခဲနှင့် ရင်ဆိုင်နေရသည့် အခြေအနေကို လေ့လာ သုံး သပ် သင့်သည်။
(ဃ) ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဒုတိယဗိုလ်ချုပ်ကြီးမောင်အေး တို့သည် န.၀.တ အစိုးရအား မည်ကဲ့သို့ ဖြုတ်ချ၍ အာဏာလွှဲပြောင်းယူခဲ့သလဲဆိုတာကို ပြန်လည်သုံးသပ်သင့်သည်။
(တပ်မတော်စစ်ဦးစီးချုပ်များသည် ၄င်းတို့၏လက်ဝယ် အာဏာမရှိတော့သည့် အချိန်အခါတွင် နောင်တက်လာသည့် တပည့်များက ဆရာအား ချောင်ထိုးထားသည့်သာဓကများကို တွေ့မြင်ရမည်။ ဥပမာ။ ။ဗိုလ်ချုပ်ကြီးနေ၀င်း၏ မူလအာဏာရှိခဲ့ချိန်နှင့် နောက်ဆုံးခရီးထိကြည့်လျှင် တွေ့မြင်ရမည်။)
(င) ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ဝယ် လက်နက်နှင့်အာဏာ မရှိတော့သည့်အခါ  ၄င်းအနေနှင့် မည်သို့ရင်ဆိုင်ဖြေရှင်းမလဲဆိုတာကို ထည့်သွင်း သုံးသပ်၍ ဦးသန်းရွှေ၏ နေရာတွင်ဝင်ရောက်၍ စဉ်းစားသုံးသပ် ကြည့်သင့်သည်။
(စ) ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးတို့၏ တပ်တွင်းဆက်ဆံနေရသော အခြေအနေများကို ထည့်သွင်း သုံးသပ်သင့်သည်။
(ဆ) ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးတို့လက်ထဲတွင် လက်နက်နှင့် အာဏာရှိနေသည့် အချိန်ကာလ၌ပင်လျှင် အတိုက်အခံပါတီနှင့် ကျေနပ်မှုမရှိသော ပြည်သူလူထုက လက်ညှိုးဝိုင်းထိုးနေကြတာ အာဏာလက်ဝယ်မရှိသည့်အခါ ဘာဖြစ်လာမလဲဆိုတာ ထည့်သွင်းစဉ်း စားသင့်သည်။
(ဇ) လက်နက်ကိုင်ဆန့်ကျင်နေသောအဖွဲ့နှင့် န.အ.ဖတို့၏ ရှေ့ဆက်ဆံရေးခရီးနှင့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းတို့၏ တုန့်ပြန်ချက်ကို ထည့်သွင်း စဉ်းစားရမည်။
အထက်ပါဖော်ပြသည့် အချက်များကို စဉ်းစားပြီးသည့်အခါ ………
(၁) ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ၂၀၁၀ခုနှစ်ရွေးကောက်ပွဲကို ၀င်၍ အရပ်သားသမ္မတနေရာ ၀င်ရောက်နေရာယူလိုက်ပြီဆိုပါစို့
(က) ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ အခန်း (၃) - နိုင်ငံတော်အကြီးအကဲကဏ္ဍတွင် ပုဒ်မ (၅၈)၊ (၆၀/ခ) နှင့် ပုဒ်မ (၆၂) (၆၃) အရ ဗိုလ်ချုပ်မှူးကြီးသန်းရွှေပိုင် အာဏာနှင့် ရာထူးကို စွန့်လွှတ်၍ သာမန်အရပ်သားသမ္မတ ကူးပြောင်းလာသည့်အခါ အရှိန်အမြင့်ဆုံးရရှိထားသော အာဏာနှင့် လက်နက်ကို စွန့်လွှတ်လိုက်သည့်အပြင် ၂၀၀၈ ဖွဲ့စည်းပုံဥပဒေအရ သမ္မတ၏ လုပ်ပိုင်ခွင့်နှင့် တာဝန်အားချုပ်ချယ်ကန့်သတ်ထားသည့် အခန်း (၅) အုပ်ချုပ်ရေး အခန်းအရ ပုဒ်မ -၁၉၉(က) မှ ပုဒ်မ (၂၁၅) အရ သမ္မတအာဏာသည် လက်ရှိ နအဖဥက္ကဌ၏ ရာထူး၊ ဂုဏ်ရှိန်ကို မမှီ ဖြစ်နေသည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခန်း (၇) တပ်မတော် အခန်းကဏ္ဍရှိ ပုဒ်မ ၃၃၇ မှ ၃၃၉ ရှိ တပ်မတော် စစ်ဦးစီးချုပ်ရာထူးနှင့် လုပ်ပိုင်ခွင့်ကလည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ခြိမ်းခြောက်နေသည်။ တပ်မတော်အစဉ်အလာအရ သွားလေသူ ဆရာသမား ဦးစီးချုပ်ကို ချောင်ထိုးပြီး လှည့်မကြည့်တတ်သော အကျင့်နှင့် တပ်တွင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် မောင်အေးတို့ အုပ်စုအခြေအနေ အပါအ၀င် အမြဲတမ်းဒုတိယနေရာ၌သာ နေခဲ့ရသော ဒုတိယ ဗိုလ်ချုပ်မှူးကြီးမောင်အေးသည် အရပ်ဖက်သို့ မပြောင်းဘဲ တပ်မတော်ထဲတွင်နေလျက် သမ္မတနှင့် အာဏာတန်းတူရှိသော စစ်ဦးစီးချုပ်ရာထူးနှင့် နေခဲ့သော်၊ ဒါမှမဟုတ် သန်းရွှေနှင့် မောင်အေး ဘောင်းဘီချွတ် ၂၀၁၀ခုနှစ် ရွေးကောက်ပွဲဝင်ခဲ့သော်၊ တပ်မတော်စစ်ဦးစီးချုပ်အား မည်သူ့တပည့် ထားမလဲ ? ? ? ပြဿနာများ အခက်အခဲကို မည်သို့ဖြေရှင်းရမလဲ ဆိုတဲ့ အခက်အခဲများကြောင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဘ၀ မှ အရပ်သားသမ္မတဘ၀ သို့ မပြောင်းနိုင်သည့် အခြေနှင့် ရင်ဆိုင်နေရသည်။

(
၂) ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် မောင်အေး ၂၀၁၀ခုနှစ် ရွေးကောက်ပွဲကို ၀င်ရောက်အရွေးမခံဘဲ နေခဲ့သည်ရှိသော်
(က) ၂၀၁၀ခုနှစ် ရွေးကောက်ပွဲကြောင့် ဖြစ်ပေါ်လာမည့် အစိုးရသစ်အား ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအရ အာဏာလွှဲအပ်ခဲ့သော် သူတို့ နှစ်ဘ၀ ခရီးရှေ့ဆက် ဘယ်လိုလျှောက်ရမလဲ ဆိုသည့်အချက် ပိုအရေးကြီးလာသည်။
(ခ) လက်နက်နှင့် အာဏာ လက်ဝယ်မရှိတော့သည့်အခါ အတိုက်အခံပါတီများ၊ လက်နက်ကိုင်တော်လှန်နေသော ဒီမိုကရေစီအင်အားစုနှင့် ပြည်သူလူထုက တုန်ြ့ပန်မှုကို ဘယ်လိုရင်ဆိုင်မလဲ။
(ဂ) တပ်မတော်အစဉ်အလာအရ အာဏာနှင့် လက်နက်မရှိတော့သော စစ်ဦးချုပ်ဟောင်းဘ၀ကို ရင်ဆိုင်ရမည့် အခက်အခဲများကို မည်သို့ရင်ဆိုင်မလဲ။
(ဃ) ဗိုလ်ချုပ်ကြီးများ၏ မိသားစုဘ၀ကို ဘယ်လိုကယ်တင်မလဲ ဆိုသည့်အချက်များသည် န.အ.ဖ ဗိုလ်ချုပ်ကြီးများ ထိုအိပ်မက်ဆိုး မက်စေခဲ့ပါတယ်။
(၄) န.အ.ဖအစိုးရ ဗိုလ်ချုပ်ကြီးသန်းရွှေ၊ မောင်အေးနှင့် ကျန်ဗိုလ်ချုပ်ကြီးများ ရှေ့ဘ၀ခရီးကို ဒီလို နိုင်ငံရေးခရီးရှည် လျှောက်တော့မည်သာ ဖြစ်ပါတော့သည်။ (နိုင်ငံရေး ထွက်ပေါက်သစ်)
(က) ၁၉၉၀ခုနှစ် န.၀.တ အစိုးရ ဗိုလ်ချုပ်ကြီးစောမောင်ကဲ့သို့ရွေးကောက်ပွဲပြီးလျှင် စစ်တန်းလျား ပြန်မည်လို့ ပြောပြီး ကတိဖျက်၍ လူမိုက် ဆန် ဆန် အာဏာမလွှဲပဲ နေသည့် လမ်းကို လျှောက်တာ့မည် မဟုတ်။
(ခ) ပညာသားပါပါဖြင့် မဟားတရားအတင်းအကြတ်မြန်မြန်ဆန်ဆန် အတင်းအဓမ္မ အတည်ပြုခဲ့သော ၂၀၀၈ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ အရိပ်ကို ခိုတဲ့လမ်းစဉ်ကျင့်သုံးခြင်းကို လက်ကိုင်ထားတော့မည်။
(ဂ) ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁၄) ကူးပြောင်းရေးက ဥပဒေပုဒ်မ (၄၄၁)မှ (၄၄၄) (က)သည် န.အ.ဖ အစိုးရအတွက် အကာအကွယ် အားဆေးဖြစ်ခဲ့ပြီ။
(ဃ) ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၄၄၃)သည် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲမှ ထွက်ပေါ်လာသော နောင်အသစ်တက်လာမည့် အစိုးရသစ်အား အာဏာမလွှဲပြောင်းပေးမှီ ကာလအတွင်း န.အ.ဖ အား ကြားဖြတ်အစိုးရသဖွယ် ဥပဒေအရ လုပ်ပိုင်ခွင့်ပေးထားသည်။
(၅) န.အ.ဖ အစိုးရမှ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံ အခန်း(၁၄) ပုဒ်မ (၄၄၃) အရ ကြားဖြတ်အစိုးရ အာဏာကို ယူလိုက်သည့်အခါမှာ
(က) ၂၀၁၀ခုနှစ် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးမှူကောင်စီ ဥပဒေ ပုဒ်မ ၁/၂၀၁၀ မှ ၅/၂၀၁၀ ကို (၈.၃.၂၀၁၀) နေ့တွင် အတိုက်အခံနိုင်ငံ ရေးပါတီနှင့် ပြည်သူလူထုကို စိန်ခေါ်လိုက်ပြီ။ ဒီတော့ ဘာဖြစ်လာမလဲ
(၁) အတိုက်ခံ နိုင်ငံရေးပါတီတွေက မကျေနပ်ဖြစ်မည်။ လူထုကလည်းမကျေမနပ်ဖြစ်မည်။ ပူညံပူညံ ဆူညံဆူညံ လုပ်လာမည်။
(၂) အုံကြွလာမည်။ လူထုလမ်းမပေါ်တက်လာမည်။
(၃) လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ အုံကြွလာမည်။ တိုင်းပြည်ဆူပူလာမည်။ ၂၀၁၀ခုနှစ် ရွေးကောက်ပွဲ ကြန့်ကြာလာမည်။
(၄) ၂၀၁၀ရွေးကောက်ပွဲကို တာဝန်ယူအချိန်သတ်မှတ် ကျင်းပပေးရမည့် တာဝန်ရှိသူမှာ န.အ.ဖ အစိုးရမဟုတ်တော့ပဲ ရွေးကောက်ပွဲကော်မရှင် လူကြီးများသာဖြစ်သဖြင့် ၂၀၁၀ရွေးကောက်အပွဲအချိန် ကြန့်ကြာခြင်းသည် န.အ.ဖ အစိုးရကြောင့် မဟုတ်ပဲ ရွေးကောက်ပွဲကော်မရှင် လူကြီးများ ၏တာဝန် ဖြစ်သည်ဟု လက်ညှိုးထိုးလွှဲချလို့ရသည့်အခြေအနေ ဆိုက်ရောက်သည်။
(ခ) ယခင်ကတည်းက အာဏာမပေးချင်တဲ့ န.အ.ဖ ဘာလုပ်မလဲ၊ န.အ.ဖ သာလျှင် ၂၀၀၈ခုနှစ် အခန်း(၁၄) ပုဒ်မ (၄၄၃) အရ တရားဝင်ကြားဖြတ် အစိုးရဟု ကြွေးကြော်ပြီး နိုင်ငံရေး မိုင်ရှည်ခရီးဆက်လျှောက်ပြီပေါ့ ။ ။
ဦးဦးထက်သာ
(
မတ် ၁၁၊ ၂၀၁၀)
မူရင်း။ ရဲရင့်ငယ်(ကနေဒါ)

Thar Oo - Now You become Man

“ ငါ့သား... မင်း လူလားမြောက်ပြီ ”
သားဦး
ဇူလိုင် ၃၀၊ ၂၀၁၀

၁။ မင်းရဲ့ အခန်းကျဉ်းကို
ခြေသံပြင်းပြင်း မာန်တင်းတဲ့မျက်နှာနဲ့
သော့ပိတ်ရန် လာသူကို
ကရုဏာရှေ့ထား
ကျေးဇူးစကား ဆိုနိုင်ခဲ့ရင်
ငါ့သား... မင်း လူလားမြောက်ပြီ။

၂။ တလောကလုံး အမှောင်ဖုံးတဲ့အခါ
သူရဲကောင်းတို့ရဲ့ ဂုဏ်တော်
သီဆို ပူဇော်ရင်း
အလင်းသစ်နဲ့ နံနက်ခင်းကို
မင်း မျှော်လင့်နိုင်ခဲ့ရင်
ငါ့သား... မင်း လူလားမြောက်ပြီ။

၃။ ဗလငါးတန် အင်အားထူး ထက်
မင်းရဲ့ ခန္တီအင်အား ပိုကြီးမားကြောင်း
ပြသနိုင်ခဲ့ရင်
ငါ့သား... မင်း လူလားမြောက်ပြီ။

၎။ အဆိပ်မြားတန်းလန်းနဲ့ ပျံသန်းခဲ့ရတဲ့
အဖိုးတို့ အဖေတို့ကို ဂါရ၀ပြုရင်း
အဆိပ်မြားတွေပေါ်က ပျံသန်းနိုင်ခဲ့ရင်
ငါ့သား... မင်း လူလားမြောက်ပြီ။

၅။ စွန့်ပစ်အမှိုက်စတွေနဲ့
သဘာဝအလှကို
ရေးဆွဲနိုင်ခဲ့ရင်
ငါ့သား... မင်း လူလားမြောက်ပြီ။

၆။ အကြပ်အတည်း ဆိုတာ
အခွင့်အလန်းသစ်ရဲ့ လမ်းစဆိုတာ
မင်း သိလာတဲ့အခါ
ငါ့သား... မင်း လူလားမြောက်ပြီ။

၇။ လက်ထိပ်သံ တချွင်ချွင်
သံခြေကျဉ်းသံ တချွမ်ချွမ်
သံစဉ်သီကုံး
စစ်မုန်းကဗျာ
ဂါထာသီချင်း
ရေးသွင်းနိုင်လျှင်
ငါ့သား... မင်း လူလားမြောက်ပြီ။  ။

(သံတိုင်နောက်က ကဗျာများ အစီအစဉ်အဖြစ် တင်ဆက်တာဖြစ်တယ်။ ထောင်ထဲက တေးကဗျာသံဟာ အပြင်မှာ အတားအဆီးမဲ့ နေရာဒေသအနှံ့ ပဲ့တင်ထပ်ပါလိမ့်မယ်)

Ashin Nanika - Melting Pot to Multiculturallism and Diversity Community

ရောင်စုံပန်းချီကား
(Melting Pot, Multiculturalism, Diversity)
အရှင်ဉာဏိက
ဇူလိုင် ၃၀၊ ၂၀၁၀
မနေ့ညနေက သူတို့မိခင်ကြီးနဲ့အတူ ကျောင်းပြီးစ သားကြီးနဲ့ မကြာမီမှာ ကောလိပ်ကနေ တက္ကသိုလ်ကို ပြောင်းတော့မယ့် သားလတ်တို့ ကျောင်းကိုရောက်လာတယ်။ သားကြီးဖြစ်သူရဲ့ လုပ်အားခထဲကနေ ရလာတဲ့ ငွေနဲ့ ဦးဦးဖျားဖျားအလှူအဖြစ် ဝါဆိုသင်္ကန်းတစ်စုံ လာရောက်လှူဒါန်းကြတာ။လွန်ခဲ့တဲ့ သုံးလေးလလောက်က လည်းပဲ သူတို့ဖခင်က သူ့ရဲ့သားတွေ ဘာသာရေးနဲ့ စိမ်းမသွားစေဖို့ အိမ်ကိုကြွရောက်ပြီး သားတွေနဲ့ လိုက် လျောညီထွေဖြစ်စေမယ့် တရားစကား အနည်းအကျဉ်းပြောပေးပါဦးဆိုလို့ သူတို့အိမ်ကြွရောက်ကာ တရား စကားပြောဖြစ်ခဲ့ပါသေးတယ်။
ကြီးပြင်းရတဲ့ ခေတ်ကာလခြားနားမှုဆိုတဲ့ မျိုးဆက်ကွာဟမှု၊ နေထိုင်ရာ ပတ်ဝန်းကျင်ဖြစ်တဲ့ ယဉ်ကျေးမှု ကွာ ခြားမှုကြောင့် အရှေ့မှာမွေးပေမယ့် အနောက်မှာကြီးပြင်းကြတဲ့ လူငယ်တွေမို့ လူငယ်တို့ရဲ့ တချို့အယူအဆ တွေက မိဘတွေရဲ့ အတွေးအခေါ်နဲ့တော့ အနည်းနဲ့ အများဆိုသလို ကွားခြားတတ်ပါတယ်။ ဒါကြောင့် လူငယ် တွေကို ပြောတဲ့အခါ လူကြီးသူမတွေကို ပြောနေကြအတိုင်း သမားရိုးကျ ပြောဆိုပုံမျိုးနဲ့ ပြောပြရင် သူတို့အနေ နဲ့ လက်ခံဖို့ တုံ့နှေးတတ်ပါတယ်။ ဒါကြောင့်သူတို့တွေနဲ့ပြောတဲ့အခါ ကျမ်းလာပေလာ စကားတွေကို ခိုင်ခန့်တာ ပဲဆိုပြီး ကိုးကားတာထက် နေ့စဉ်တွေ့မြင်နေ၊ ကြားသိနေကြ ဥပမာစကားတွေနဲ့ ပြောပြတာက ပိုပြီးခရီးရောက် တာကို တွေ့ရပါတယ်။
နာမည်ကြီးဆရာတော်ကြီးတစ်ပါး ပြောပြတဲ့ အတီတေ ဗာရဏသီယံ- ရှေးက ဗာရဏသီမှာ ဆိုတဲ့ ဝတ္ထုတစ်ပုဒ် ကို နားထောင်ပြီး အဲဒါ Fact-လား၊ Fiction-လား၊ တကယ့်အဖြစ်အပျက်လား၊စိတ်ကူးယဉ် ဖန်တီးထားတဲ့ ဇာတ်လမ်းလားဆိုပြီး လူငယ်တစ်ယောက်က မေးခွန်းထုတ်ခဲ့ဖူးတာကိုလည်း တစ်ခါက တွေ့ခဲ့ဘူးပါတယ်။ ဒါကြောင့် လူငယ်တွေနဲ့ စကားပြောတဲ့အခါ သူတို့ယုံကြည်လက်ခံဖို့ ခက်လောက်မယ့် ပုံဥပမာတွေကို မသုံးမိဖို့ လူငယ်တွေကို ပြောတိုင်း သတိရမိတတ်ပါတယ်။
ရောက်လာတဲ့မိသားစုသုံးဦးအတွက် ဆုတောင်းအမျှပေးဝေအပြီး မကြာမီ ရပ်ဝေးမှာရှိတဲ့ တက္ကသိုလ်ကို သွား မယ့် ညီဖြစ်သူကို အားလုံးအဆင်သင့်ဖြစ်နေပြီလားလို့ မေးဖြစ်ပါတယ်။ ဒီတော့ ဖြစ်နေပြီလို့တော့ ထင်ပါတယ် လို့ သူကပြန်ပြောပါတယ်။ ကိုယ့်ရှေ့မှာ အကိုကြီးက သွားထားတာဆိုတော့ သူ့ဆီက အကြံဉာဏ်နဲ့ အကူအညီ ကို ရနိုင်မှာမို့ နောက်ကသွားရသူက ပိုမိုလွယ်ကူမှာပါလို့ ကိုယ်ကပြောဖြစ်ပါတယ်။ ဒီတော့ အကိုကြီးက တပည့် တော်ရဲ့အကြံဉာဏ်က သူတို့အတွက် အထောက်အပံ့ဖြစ်နိုင်မယ် မထင်ပါဘူး။ ဘာကြောင့်လည်းဆိုရင် သူက တပည့်တော်နဲ့ မတူတဲ့အရာမှန်သမျှကို သဘောကျသူမို့လို့ စကားထောက်ဖြည့်စွက်ပါတယ်။
ညီဖြစ်သူကို သူ့ကျောင်းနဲ့စပ်ပြီး မေးကြည့်တော့လည်း အကိုဖြစ်သူတက်ရောက်ခဲ့တဲ့ ကျောင်းမတူသလို သူ ယူမယ့် ဘာသာရပ်လည်း ကွဲပြားပါတယ်။နောက်ညီတွေလည်း သူ့လိုပဲ တစ်ကျောင်းစီ၊တစ်ဘာသာစီ သွားကြ။ ယူကြမယ်လို့လည်း သိရပါတယ်။
ဒီတော့ မိခင်ကြီးကလည်း သူ့သားလေးယောက်က တစ်ယောက်တစ်မျိုးစီဖြစ်ကြောင်း။ တစ်ယောက်နဲ့တစ် ယောက် ဘာမှ တူတာမရှိကြောင်း ပြောပါတယ်။ ဒီတော့ သူတို့တွေနဲ့ ပတ်သက်တဲ့စကားအနည်းငယ်တော့ ပြောပြဦးမှပဲလို့ စိတ်ကူးပေါ်လာလို့ အမေရိကန် လူ့အဖွဲ့အစည်းတွင်းက မတူခြားနားတဲ့ ယဉ်ကျေးမှုပုံစံနှစ်ခု အကြောင်းကို ပြောဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ဆယ်စုနှစ်အနည်းငယ်ဆီက အမေရိကန်တွေ စိတ်ကူးယဉ်ခဲ့ကြတဲ့ ယဉ်ကျေးမှုပုံစံတမျိုး ရှိခဲ့ဘူး ကြောင်း၊ အဲဒါကို Melting pot culture- မတူတာတွေ ရောနှောပျော်ဝင်ပေါင်းစပ်ထားတဲ့ ဟင်းလေးအိုးပုံစံ ယဉ်ကျေးမှု-လို့ခေါ်ကြောင်း။
ဘာကြောင့် အဲဒီလိုခေါ်ရသလဲဆိုရင် အမေရိကန်နိုင်ငံဆိုတာ ကမ္ဘာအရပ်ရပ်က လူမျိုးမတူသူတွေ၊ ယဉ်ကျေးမှု ကွဲပြားခြားနားသူတွေ၊ ကိုးကွယ်ယုံကြည်မှု မတူသူတွေနဲ့ ဖွဲ့စည်းတည်ဆောက် ထားတဲ့ နိုင်ငံတစ်ခုဖြစ်ကြောင်း၊ အဲဒီလူမျိုးဘာသာ မတူကွဲပြားသူတွေဟာ Land of opportunity ဆိုတဲ့ ကမ္ဘာ သစ်ကို ရောက်ရှိလာတဲ့အခါမှာ ပေါင်းဆုံရောနှောသွားပြီး၊ တစ်နည်းပြောရရင် ရှိနှင့်ပြီး ယဉ်ကျေးမှုနဲ့ Assimilate-(တဖြေးဖြေးလက်ခံပေါင်းစပ်)ဖြစ်ကာ အမေရိကန်ယဉ်ကျေးမှုဆိုတဲ့ တစ်ခုတည်းသော ယဉ်ကျေးမှု ဖြစ်လာလိမ့်မယ်လို့ ထင်မြင်ယူဆခဲ့ကြကြောင်း။ တစ်သားတည်း၊ တစ်ရောင်တည်း ဖြစ်သွားမယ်လို့ ယူဆခဲ့ကြ ကြောင်း။
ဒါကြောင့် အများနဲ့သက်ဆိုင်တဲ့ ပေါ်လစီတွေကို ရေးဆွဲရာမှာ အဲဒီ Melting pot-ဟင်းလေးအိုး ယဉ် ကျေးမှုနဲ့ လိုက်လျောညီထွေဖြစ်မယ့် ပေါ်လစီတွေကိုသာ ဦးစားပေးစဉ်းစားကာ ရေးဆွဲချမှတ်လေ့ရှိကြောင်း၊ သို့ပေမယ့် နှစ်ပေါင်းအတော်ကြာလာပြီး မျိုးဆက် သုံးလေးဆက် ကြာလာသည့်တိုင်အောင် သူတို့မျှော်မှန်းသလို ဖြစ်မလာခဲ့တာကို တွေ့ရကြောင်း။
ရှရှားဖက်က လာသူတွေကလည်း သူတို့ရှရှားအချင်းချင်းနဲ့သာ အပေါင်း အသင်းများပြီး သူတို့မူလယဉ်ကျေးမှုကိုသာ အနည်းနဲ့အများ ဆိုသလို ဆက်လက်ကျင့်သုံးတတ်ကြကြေင်း။ အလားတူပဲ၊ အခြားအခြားသော တရုတ်၊ အာရပ်၊ အိန္ဒိယစတဲ့ လူမျိုးတွေလည်း သူတို့ယဉ်ကျေးမှု၊ သူတို့ အသိုင်းအဝိုင်းအချင်းချင်းသာလျင် ကူးလူးဆက်ဆံတတ်ကြကြောင်း၊ ရာခိုင်နှုန်းနည်းပါးတဲ့ လူမျိုးစုအချို့သာ လျင် အမေရိကန်ယဉ်ကျေးမှုထဲမှာ စီးဝင်ပေါင်းစပ်သွားတတ်ကြောင်း။ ဒါကြောင့် လူမှုရေးသိပ္ပံပညာရှင်များက အမြင်သစ်တစ်ခုကို ထုတ်ဖော် တင်ပြလာခဲ့ကြောင်း၊။
ခုလောလောဆယ်မှာဆိုရင် အလျင်က မျှော်မှန်းခဲ့တဲ့ Melting pot-ဟင်းလေးအိုးယဉ်ကျေးမှုထက် Multiculturalism-ယဉ်ကျေးမှုပေါင်းစုံ သူ့ဟန်ပန်နဲ့သူ နေထိုင်တဲ့ လူ့အဖွဲအစည်းဆိုတဲ့ ယဉ်ကျေးမှု ပုံသဏ္ဌာန်ဖက်ကို စဉ်းစားလာခဲ့ကြကြောင်း။ Multiculturalism ဆိုတာကတော့ မတူညီတဲ့ ယဉ်ကျေးမှုပုံသဏ္ဌာန်ကို သူ့ပင်ကိုယ် သဘာဝအတိုင်းထားကာ သူ့နေရာနဲ့သူ စနစ်တကျထားလိုက်ခြင်းဖြင့် ပိုမိုပြည့်စုံတဲ့ အလှတစ်ခုဖြစ်လာနိုင်တယ်ဆိုတဲ့ ယုံကြည်မှုတစ်ခုပင်ဖြစ်ကြောင်း။
ဒီယဉ်ကျေးမှုပုံစံသစ်က အလျင်က လက်ခံထားတဲ့ ဟင်းလေးအိုး ယဉ်ကျေးမှုထက် ပိုမိုလက်တွေ့ဆန်တယ်လို့ လက် ခံလာကြကြောင်းကိုလည်း ပြောဖြစ်ပါတယ်။
Diversity- မတူခြားနားခြင်းများစွာ ဆိုတဲ့စကားတစ်ခွန်းကို နေရာအတော်များများကနေ မင်းတို့တွေလည်း ကြားဖူးမှာပါ၊ အထူးသဖြင့် မင်းတို့တွေ တက်ရောက်နေတဲ့ ကောလိပ်တွေ တက္ကသိုလ်တွေမှာဆိုရင် သူတို့ ကျောင်းတွေဟာ ဘယ်လောက်တောင် Cultural Diversity ဖြစ်တယ်၊ လူမျိုးအသားအရောင် Divert ဖြစ် တယ်။ ဘယ်လောက်တောင် ဘာသာစကားတွေ လူမျိုတွေ စုံလင်တယ်ဆိုတာကို ဂုဏ်ယူအားရစွာ ကြေညာ တတ်တာကို တွေ့ရမှာပါ။ ကျောင်းတွေမှာပါမက အခြားလူမှုရေးနယ်ပယ်မှာလည်း Multiculturalism ကို အားပေးတဲ့ အစီအစဉ်တွေကို အားပေးမြှင့်တင်လာတာကိုလည်း တွေ့ရမှာပါ။ ဒါဟာ ဘာကိုညွှန်ပြသလဲဆိုရင် အရောင်အသွေးစုံလင်မှုဟာ အလှတစ်ခုဖြစ်တယ်ဆိုတာကို ပြောချင်တဲ့စကားပါ။
သူ့ယဉ်ကျေးမှုကို ကိုယ်ကလေးစား၊ ကိုယ့်ယုံကြည်မှုကိုလည်း သူကအသိအမှတ်ပြုလို့ နေသွားမယ်ဆိုရင် ယဉ်ကျေးမှုတစ်ခုဟာ လက်ရာမြောက်စွာ ရေးချယ်ထားတဲ့ ပန်းချီကားတစ်ချပ်ပမာ လှပလာမှာပါ။ ခုလည်း မင်းတို့မိသားစုမှာ အယူအဆမတူသူတွေ၊ ဝါသနာမတူသူတွေနဲ့ စုပေါင်းထားတာဆိုတော့ တကယ့်ကို Divert ဖြစ်တဲ့ မိသားစုပေါ့။ Multiculturalism ကို ကိုယ်စားပြုတဲ့ မိသားစုပေါ့၊ လောလောဆယ် ပေါ်ပြူလာဖြစ်နေတဲ့ ပုံစံတစ်ခုပေါ့။ ကောင်းပါတယ်။ ဂုဏ်ယူစရာပေါ့လို့ ဦးစွာ အားပေးစကားပြောဖြစ်ပါတယ်။
နောက်ပြီး အရေးကြီးတဲ့ စကားတစ်ခွန်းကိုလည်း ပြောချင်ပါသေးတယ်။ အဲဒါက Multiculturalism ကို သရုပ် ဖော်သူတွေက သူတို့ရဲ့ အယူအဆကို ဆေးရောင်စုံ ပန်းချီကားချပ်တစ်ခုနဲ့ ခိုင်းနှိုင်းကြပါတယ်။ သူတို့ပြောတာ က ရှိသမျှအရောင်အားလုံးကို ရောမွှေပြီးတစ်ရောင်ထဲနဲ့ ပန်းချီကားတစ်ချပ်ကို ဖန်တီးတာထက် အနီ အစိမ်း အဝါ အပြာစတဲ့ အရောင်စုံနဲ့ ချယ်သထားတဲ့ ပန်းချီကားတစ်ချပ်က ပိုမိုပြည့်စုံတဲ့ ပန်းချီကားတစ်ချပ်ဖြစ်လာ နိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် Melting pot အလှထက် Multiculturalism အလှက ပိုမိုပြည့်ဝတဲ့ အလှ၊ ပိုမိုကောင်းမွန်တဲ့ ယဉ်ကျေးမှုဖြစ်တယ်လို့ ဆိုပါတယ်။
ပန်းချီကားတစ်ချပ်မှာ ဆေးရောင်စုံတွေ ပါဝင်ပေါင်းစပ်ထားရုံမျှနဲ့ လှပတဲ့ တန်ဖိုးကြီးမားတဲ့ ပန်းချီကားတစ်ချပ် ဖြစ်မလာနိုင်ကြောင်းကိုတော့ မင်းတို့တွေ နားလည်မှာပါ။ တန်ဖိုးကြီးပြီး လှပတဲ့ပန်းချီကားတစ်ချပ်ဖြစ်နိုင်ဖို့ မတူညီတဲ့အရာတွေကို အချိုးကျကျ ပေါင်းစပ်တတ်တဲ့ အတတ်ပညာရှိဖို့လိုပါတယ်။
အရောင်စုံပေမယ့် အချိုး ကျနစွာ သူ့နေရာနဲ့သူ အရောင်ကို မချယ်သတတ်ဘူးဆိုလျင်လည်း လှပတဲ့ ပန်းချီကားတစ်ကား ဖြစ်လာမယ် မဟုတ်ပါဘူး။ နောက်ပြီးလည်း ပန်းချီကားတစ်ချပ်ထဲမှာ မိုးကောင်းကင်ကြီးဟာ ပြာချင်လျှင်လည်း ပြာနေမယ်။ တနေရာမှာတော့ ဒီမိုးကောင်းကင်ကြီးကပဲ အနီရောင်တောက်ကောင်းလည်း တောက်နေပေလိမ့်မယ်။ နောက်ပြီး သစ်ပင်သစ်တောတွေဆိုတာ အများအားဖြင့် စိမ်းလန်းနေပေမယ့် တခါခါမှာတော့လည်း တတော တစ်တောင်လုံး နီညိုဝါရွှေ အရောင်ပြောင်းကောင်းလည်း ပြောင်းနေပေလိမ့်မယ်။
အဲဒါကို တရားသေအယူ အဆနဲ့ မင်းကကောင်းကင်ပဲ၊ အမြဲတမ်း ပြာရမှာတော့။ မင်းကတော့ သစ်တောမို့ ထာဝစဉ် စိမ်းနေရမှာပေါ့လို့ ယူဆထားလို့လည်း ရမယ် မဟုတ်ကြောင်း။ ပန်းချီကားထဲမှာ ငှက်တစ်ကောင်ဟာ နားနေလျင်လည်း နား နေမယ်၊ စားနေလျင်လည်း စားနေမယ်၊ လေဟုန်မှာဝဲကောင်းလည်း ဝဲနေမယ်။ ပုံသေသတ်မှတ်ထားလို့ မဖြစ်ဘူး။ နောက်ပြီး ကိုယ့်အရောင်ကို ပိုချယ်ရမယ်၊ သူ့အရောင်ကိုတော့ လျော့ချယ်ရမယ်ဆိုတဲ့ အတွေးမျိုး မရှိဖို့လည်း လိုပါတယ်။ ပန်းချီကားချပ်တစ်ချပ်မှာ အနည်းဆုံးသော အရောင်လေးက အတောက်ပဆုံး၊ ဆွဲ ဆောင်အား အကောင်းဆုံးပါဝင်ပတ်သက်မှုလည်း ဖြစ်တတ်တာကို သတိရသင့်ပါတယ်။
နည်းတူပဲပေါ့။ ယဉ်ကျေးမှုတစ်ခု၊ လူ့အဖွဲ့အစည်းတစ်ခု၊ မိသားစုတစ်ခုတွင်းမှာလည်း တစ်ဦးတစ်ယောက်ဟာ အခြားသူတွေရဲ့ အတွေးအခေါ် အယူအဆတွေကိုလည်း လက်ခံနားလည်တတ်တဲ့ စိတ်ဓာတ်ရှိဖို့လည်း လိုပါ တယ်။ မတူညီတာတွေ ရှိခဲ့လျင်တောင် မတူညီလို့ လုံးဝမသုံးပဲထားတာထက် အဲဒီမတူညီတဲ့အရာတွေကို အချိုးကျစွာ သူ့နေရာနဲ့သူ အံဝင်ခွင်ကျ သုံးစွဲတတ်မယ်ဆိုလျင်ဖြင့် လှပတဲ့ ပန်းချီကားတစ်ချပ်ဖြစ်လာနိုင်ပါတယ်။
ဒီတော့ မိသားစုဝင်အချင်းချင်း အယူအဆမတူတာ၊ ဝါသနာမတူတာက ပြဿနာ မဟုတ်ကြောင်း၊ သို့ ပေမယ့် မတူတဲ့အရာတွေကို အချိုးတကျ မပေါင်းစပ်နိုင်ဘူး၊ မပေါင်းစပ်တတ်ဘူးဆိုလျင်တော့ ပြဿနာဖြစ် လာနိုင်ကြောင်းကိုလည်း ပြောဖြစ်ပါတယ်။
အယူအဆအတွေးအခေါ် မတူသူတွေ၊ အခြေအနေ မတူသူတွေ စုပေါင်းပြီးနေလို့ တစ်စုတစ်ဝေးတည်း ပေါင်း လို့ဖြစ်နိုင်မယ် မထင်ဘူးလို့ ယူဆခဲ့မယ်ဆိုလျင်တောင် ဒီမတူသူတွေကို မေတ္တာမျက်လုံးနဲ့ ကြည့်သင့်သူကို မေတ္တာမျက်လုံးနဲ့ကြည့်၊ ကရုဏာနဲ့ ဆက်ဆံရမယ့်သူဆိုလျင် ကရုဏာထား။ မုဒိတာအရောင်ခြယ်ကာမှ လိုက်လျောညီထွေ ဖြစ်မယ်ဆိုလျင် မုဒိတာအရောင်ကိုခြယ်သကာ ဆက်ဆံဖို့လိုမယ်ဖြစ်ကြောင်း။ အနည်းဆုံး တော့ လူတစ်ယောက်ကို သူ့အကြောင်းသူ့ကံနဲ့ သူပါပဲလေဆိုတဲ့ ဥပေက္ခာတော့ ထားလို့ရနိုင်ကြောင်း၊ အဲဒီလို မေတ္တာ ကရုဏာ မုဒိတာနဲ့ ဥပေက္ခာနှစ်လုံးသားကို သူ့နေရာနဲ့သူ အချိုးကျစွာ ခြယ်သတတ်မယ်ဆိုလျင်လည်း အရောင်စုံတဲ့ဆေးတွေကို သူ့နေရာနဲ့သူ စနစ်တကျ ခြယ်သထားတဲ့ ပန်းချီကားတစ်ချပ်ပမာ တန်ဖိုးကြီးစွာ၊ စွဲမက်လှပဖွယ် ဖြစ်နိုင်ကြောင်းကိုလည်း ပြောဖြစ်ပါတယ်။
လှပပြီး တန်ဖိုးကြီးတဲ့ ပန်းချီကားတစ်ချပ်ပမာ အရောင်စုံလင်စွာနဲ့ လှပနေတဲ့မိသားစုတစ်ခုဖြစ်အောင် နေထိုင် နိုင်ကြပါစေလို့လည်း ဆုတောင်းပေးလိုက်ပါတယ်။ ။