Wednesday, June 30, 2010

Quotes in June


မိုးမခ၏ ဇွန်လ စာကိုး စကားကိုး
ဇူလိုင် ၁၊ ၂ဝ၁ဝ

လက်ရှိ မြန်မာနိုင်ငံရဲ့ခန့်မှန်းခြေ လူဦးရေ ၅၈ သန်းကျော်မှာ အကြမ်းဖျင်း ၁၁ ဦးမှာ တစ်ဦးက သက်ကြီးရွယ်အို ဖြစ်နေပါတယ်။ မြန်မာနိုင်ငံဟာ သက်ကြီးရွယ်အိုဦးရေနှုန်း မသိမသာ တိုးပွားနေတဲ့ နိုင်ငံထဲမှာပါပြီး လာမယ့်ငါးနှစ် အတွင်း ၃၀ ရာနှုန်းကျော် တိုးသွားနိုင် ပါတယ်။ ဒီသက်ကြီးရွယ်အို ဘိုးဘွား အများစုက စောင့်ရှောက်ဖို့ လိုနေသူတွေ ဖြစ်ပေမယ့် ပြည့်စုံလုံလောက်တဲ့ စောင့်ရှောက်မှုတွေ မရှိသေးပါဘူး။ ပုံမှန် စောင့်ရှောက်နိုင်တာလည်း ဦးရေ ၃၀,၀၀၀ ထက်မပိုဘူး။ နောက်ပိုင်းမှာ အခက်အခဲကြုံလာနိုင်ပါတယ်
လူမှု ၀န်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ထွန်းခိုင်
မြန်မာတိုင်းမ် ဂျာနယ်

အမရပူရမြို့နယ် မယ်တော်စုကျေးရွာမှ အသက် ၁၁၇ နှစ်ရှိ ဒေါ်မြကြီးကို ယမန်နှစ် ဩဂုတ်လက တွေ့ရပုံ။ ဓာတ်ပုံ-ဖြိုးဝေကျော် မြန်မာတိုင်းမ် ဂျာနယ်

အရင်ကတော့ D Form ကို ပြည်တွင်းကနေ ရက်သုံးဆယ်ကျော်မှ ပြန်ထွက်ဖြစ်တဲ့ သူတွေသာ လုပ်စရာလိုတယ်လို့ သိထားပါတယ်။ ဒါပေမယ့် တချိန်လုံး ပြောင်းနေတဲ့ စည်းမျဉ်းဥပဒေက တသမတ်တည်း ရှိလား မရှိလား မသေချာလို့ မြန်မာပြည် အပြန်ခရီးမှာ စိတ်ချ လက်ချ သွားချင်ရင် D-Form လေးတော့ ဆောင်သွားစေချင်ပါတယ်။ D Form တင် မကပါဘူး။ လိုအပ်တဲ့ စာရွက်စာတမ်းအားလုံး ပြည့်စုံအောင် လုပ်ထားသင့်ပါတယ်။

သိင်္ဂီနွယ်၊ ဘလော်ဂါ
theinginwai.co.cc ဇွန် ၂၆

လက်ဖက်နှပ်ဖို့အတွက်တော့ အာရှဆိုင်တွေမှာ အလွယ်တကူဝယ်လို့ရတဲ့ါမနနည အနေ လက်ဖက်ခြောက်တွေကိုပဲ သုံးပါတယ်..
လက်ဖက်ခြောက်တွေကို ပြန်ပြီး ရေနွေးငွေ့နဲ့ပေါင်းလိုက်တာပါပဲ.. ပေါင်းလိုက်တဲ့အတွက်ကြောင့် အရွက်လေးတွေ ပျော့သွားပြီး အခါးရည်တွေလည်း ထွက်မသွားပါဘူး..
ပြီးတော့ လက်ဖက်နှပ်သလိုပဲ သံပုရာသီး၊ ပုစွန်ခြောက်၊ ကြက်သွန်ဖြူ တို့နဲ့ ကိုယ်ကြိုက်သလို နှပ်စား၊ သုပ်စားနိုင်ပါတယ်..
မြန်မာပြည်က လာတဲ့ လက်ဖက်လိုပဲ စားကောင်းပါတယ်..


sunny007
http://mmcpcommunity.net/content.php?317-pickled-tea-leaves ဇွန် ၉

မြန်မာနိုင်ငံမှနေ၍ မလေးရှားသို့ အလုပ် လုပ်ကိုင်ရန် သွားရောက်နေသည့် အလုပ်သမား ဦးရေမှာ လစဉ် နှစ်ထောင်ဝန်းကျင်ရှိ။
Voice ဂျာနယ်၊ ဇွန် ၂၁

နျူကလီးယားဆိုတာ အစွမ်း ထက်တာကြောင့် လက်နက် တစ်ခုလို ကိုင်စွဲထားပြီး ခြိမ်းခြောက်လို့လည်း ရတယ်။ ဓားတစ်လက်လိုပေါ့။ အဟန့်သဘောနဲ့ အိမ်ဧည့်ခန်းမှာ အလှ ချိတ်ရင် ချိတ်ထားမယ်။ ထင်းခုတ်ရင် ခုတ်မယ်။ အသားခုတ်ရင် ခုတ်မယ်။ လည်ပင်း လိုက်မခုတ်ရင် ပြီးတာပဲ။ အိမ်တစ်အိမ်မှာ ဓားတစ်လက် ရှိတာ ကြောက်စရာ မဟုတ်ပါဘူး။ ကမ္ဘာမှာ နျူကလီးယားလက်နက်နဲ့ နျူကလီးယား ပါဝါ မရှိလို့ ငြိမ်းချမ်းသွားမှာလား။ မထင်ပါဘူး။ စစ်ဖြစ်တယ် ဆိုတာ နျူကလီးယားခေတ် မတိုင်မီကတည်းက ဖြစ်နေကြတာပါ။
ဆောင်းပါးရှင် မောင်ခေတ်
Voice ဂျာနယ်၊ ဇွန် ၂၁

မြန်မာတွေမှာ ၉ဝ ရာခိုင် နှုန်းလောက်က passport မရှိဘူး။ passport လုပ်ပြီး ပိုက်ဆံစုပြီး နိုင်ငံတကာကို ခရီး များများ ထွက်ရမယ်။ အတွေ့အကြုံ ဗဟုသုတတွေ ရှာရမယ်။ အဲဒီလို သွားရင် စိတ်ဓာတ် အင်အား တိုးတက်လာလိမ့်မယ်။


(photo:voice)
ရန်ကုန်အခြေစိုက် တောင်ကိုရီးယား သံတမန် မစ္စတာလီဂျောင်ကွမ်း
Voice ဂျာနယ်၊ ဇွန် ၁၄

တလောက ရုပ်ရှင်မင်းသမီး တဦးနဲ့ သတင်းထောက် အမျိုးသမီး တဦး ရန်ကုန်မှာ အင်တာဗျူး လုပ်ရာကနေ ပြဿနာ တက်တာ ကြားရပါတယ်။ သတင်းထောက်ကလည်း သစ်ပင်တွေ စိုက်ကြဖို့ မေးခွန်းတွေကိုမေး၊ မင်းသမီးကလည်း မြန်မာပြည်မှာ သစ်ပင်တွေ ပြန်လည် စိုက်ပျိုးဖို့ ဖြေကြတယ် ဆိုရင် ဘယ်လောက် ကောင်း လိုက်မလဲလို့ တွေးမိပါတယ်။ ပရိသတ်ကိုလည်း မျက်စေ့ ဖွင့်ပေးရာ လမ်းကြောင်းပေးရာလည်း ရောက်ပါတယ်။ ဒီလိုပြောတော့ ဒီဆောင်းပါး ရေးသူကလည်း သူလိုရာပဲ ဆွဲပြောတယ်လို့ အပြစ် တင်ရင်လည်း အပြစ်တင်ခံ ပါတယ်ဗျာ။ အခုက မိုးရာသီ စပြီဆိုတော့ သစ်ပင် စိုက်လို့လည်း ကောင်းတဲ့ ရာသီမဟုတ်လား။
ဘလော်ဂါ ဇော်မင်း (လူ့ဘောင်သစ်)
fine-leaves.blogspot.com ဇွန် ၂

နွားနို့ခဲကို မြန်မာပြည်မှာတော့ နွားမွေးတဲ့ အညာဒေသတွေမှာ ပိုပေါပါတယ်။ မုရိုးပင်ကထွက်တဲ့ မုရိုးအစေးနဲ့ လုပ်ရတဲ့အကြောင်း အဖွားပြောဘူးလို့ ရန်ကုန်အိမ်နားမှာလဲ မုရိုးပင်ရှိတာနဲ့ ရန်ကုန်မှာလဲ လုပ်စားဘူးပါတယ်။

စလုံးရောက်တော့ နွားနို့ခဲချက်စားချင်လို့ ချင်ချင်းတက်ပါတယ်။ မုရိုးပင်ကလည်း ဘယ်မှရှာမတွေ့တာနဲ့ သံပုရာသီးအချဉ်နဲ့ ညှစ်ပြီး နွားနို့ခဲ
အောင်လုပ်ပါတယ်။ ဟိုတစ်လောကတော့ တိုက်တိုက်ဆိုင်ဆိုင် အိမ်ဘေးက အန်းမားကြီး စိုက်ခင်းထဲမှာ မုရိုးပင်တစ်ပင်တွေ့တာနဲ့ အဆင်ပြေသွားပါတယ်။

မုရိုးပင်ကို ရုက္ခဗေဒနာမည်ကတော့ Calotropis procera gigantean လို့ခေါ်ပါတယ်။ ခရမ်းရောင်အပွင့်လေးတွေ ပွင့်ပါတယ်။ အစေးကအဖြူရောင်နဲ့ အစေးထွက်သန်တဲ့ အပင်မျိုးပါ။

(
photo: TTsweet.blogspot.com/2010/06/blog-post.html)
ဘလော်ဂါ TTsweet
auntysweet.blogspot.com ဇွန် ၁

“နာဂစ်မုန်တိုင်းဘေးသင့်ခဲ့တဲ့ ဧရာဝတီမြစ်ဝ ကျွန်းပေါ်ဒေသက ကျန်းမာရေး၊ အစားအစာ၊ ပညာရေး စတဲ့ ကဏ္ဍတိုင်းမှာ သိသိ သာသာ တိုးတက်ကောင်း မွန်လာတာ လက်တွေ့ဖြစ်တယ် æ ဒါပေမယ့် နာလန်ထူ ရေးနဲ့ ပြန်လည်ထူထောင်ရေးအတွက် ဆက်ပြီးဆောင်ရွက်ဖို့ အထောက်အပံ့တွေ အရေးတကြီး လိုအပ်နေတုန်းပါပဲ”
ကုလသမဂ္ဂ ရန်ကုန်ရုံး ပြန်ကြားရေးအရာရှိ ဦးအေးဝင်း
DVB သတင်းဌာန၊ ဇွန် ၁၆

NLD အဟောင်းတွေက လိုက်ပြီးတော့ ကျနော်တို့ကို ဖျက်နေတဲ့ဟာတွေလည်း ရှိတယ်။ မိုးကုတ်ဆို အင်မတန် အားကောင်းတဲ့နေရာပေါ့။ NDF ကို အပြည့်အ၀ ထောက်ခံတဲ့ NLD အဟောင်းတွေကို NLD အဖွဲ့ချုပ် ခေါင်းဆောင်အချို့က လိုက်ပြီးတော့ တားဆီးနေတယ်လို့ သတင်းတွေ ၀င်လာပါတယ်။ ရှမ်းပြည်တောင်ပိုင်း၊ ကချင်ပြည်နယ်ကိုလည်း NLD လူငယ်အဖွဲ့ဝင် တချို့က သွားပြီးတော့ ကျနော်တို့နဲ့ မပတ်သက်ဖို့ ပြောတယ်လို့ သတင်းတွေ ၀င်လာပါတယ်။

(photo:ap)
NDF ခေါင်းဆောင် ဦးခင်မောင်ဆွေ
VOA ဇွန် ၁၆

NDF ပါတီက စည်းရုံးတဲ့ ပုဂ္ဂိုလ်တွေက ကျနော်တို့ မြို့နယ်တွေက တချို့ပုဂ္ဂိုလ်တွေကို NLD ပါတီဆိုတာ မရှိတော့ဘူး၊ ပျက်ပြယ်သွားပြီ၊ ဒါကြောင့်မို့ သူတို့က နိုင်ငံရေးကို ဆက်ပြီး မှတ်ပုံတင်ရတာ ဖြစ်တယ်။ အဲဒီလိုဟာတွေ လျှောက်ပြောပြီးတော့ပဲ NLD ရဲ့ အဖွဲ့ခွဲ ဖြစ်သလိုလို၊ သူတို့နဲ့ NLD နဲ့ အတူတူပဲ ဖြစ်သလိုလို အဲဒါမျိုးတွေ လျှောက်ပြောနေတယ် ဆိုတာ အဖွဲ့ဝင်တွေက ကျနော့်ကို မေးတာမြန်းတာတွေ ရှိပါတယ်။ ခြိမ်းခြောက်တယ် ဘာညာဆိုတာ ကျနော်တို့ ရဲဘော်တွေ မရှိပါဘူး။ ကျနော်တို့မှာ အဲဒီစိတ်ဓာတ်လည်း မရှိပါဘူး။

(photo:moemaka)
NLD ခေါင်းဆောင် ဦးအုန်းကြိုင်
VOA ဇွန် ၁၆

ရန်ကုန်က အပြန်မှာ အင်မတိအင်မတန် မုန်းတီးမိတာကတော့ မီးစက်များပါပဲ။ ဟိုမှာလည်း မီးစက်သံ၊ ဒီမှာလည်း မီးစက်သံ။ သူမရှိရင်လည်း မှောင်မှောင်မဲမဲ နေရမယ့် အဖြစ် (အင်ဗာတာ တွေတော့ ရှိပါရဲ့၊ ဒါပေမဲ့ အင်ဗာတာလေးခမျာ.. မီးအ၀င် ကောင်းကောင်းမရရှာဘူး။)၊ သူရှိတော့လည်း ဆူဆူညံညံ နေရတဲ့ အဖြစ် (အသံတိတ်မီးစက်များရှိပါသော်လည်း ဈေးအနည်းငယ် ပိုကြီးသည်ဟု သိရ။)


(photo:pan-nwe.blogspot.com)
ဘလော်ဂါ ပန်းနွယ်
pan-nwe.blogspot.com ဇွန် ၁

Burmese Police forces taking bribes

ငွေသိန်းထောင်ချီသည့် လိမ်လည်မှုတွင် ရဲနှင့် တရားရုံးတို့ ငွေများသည့်ဘက်လိုက်
ဝင်းမြတ်၊ ရန်ကုန်
ဇူလိုင် ၁၊ ၂၀၁၀
၂၀၀၉ ခုနှစ် အတွင်း လေလံဖြင့် ၀ယ်ခွင့်ရခဲ့သည့်  ရုပ်ရှင်ရုံ နောက်ဘက်မှ ဆိုင်ခန်းများ ရှင်းလင်းရေးနှင့် ပတ်သက်ပြီး ငွေလိမ်လည်မှု ဖြစ်ပွားခဲ့ရာ အဆိုပါလိမ်လည်သူတို့အား တိုင်ကြားသဖြင့် ရဲကဖမ်းဆီးသော်လည်း လိမ်လည်သွားသည့် ငွေသိန်းထောင်ကျော် အနက် တပြားတချပ်မှ သိမ်းဆည်းနိုင်ခြင်း မရှိဘဲ အဆိုပါ ဖမ်းဆီးထားခြင်း ခံရသည့် တရားခံများက ငွေဖြင့် ရဲစခန်းနှင့် တရားရုံးတို့အား လွှမ်းမိုးလျက်ရှိသည်ဟု အမည်မဖေါ်လိုသည့် အမှုကိစ္စနှင့် နီးစပ်သူ တဦးက ပြောသည်။
ယခု လိမ်လည်မှု ဖြစ်ပွားမှုနှင့် ပတ်သက်သည့် ရုပ်ရှင်ရုံမှာ စမ်းချောင်းမြို့နယ် မြေနီကုန်းမှတ်တိုင် အနီးရှိ “ရတနာပုံ ရုပ်ရှင်ရုံ” ဖြစ်ပြီး လွန်ခဲ့သည့် နှစ်ဆန်း နအဖ အစိုးရ၏ ပုဂ္ဂလိကပိုင် ပြုလုပ်ရေး အစီအစဉ်အရ ကျပ်သိန်း ၉၂၀၀  ရာဖြင့် လေလံဖြင့် ရောင်းချပေးခဲ့သည့် ရုပ်ရှင်ရုံဖြစ်သည်။
အဆိုပါ ရုပ်ရှင်ရုံအား လေလံဖြင့် ၀ယ်ယူခွင့်ရရှိပြီးနောက် ရုပ်ရှင်ရုံနောက်ဘက်ရှိ ဆိုင်ခန်းများအား ရှင်းလင်းဖယ်ရှားရန် အတွက် ဦးထွန်းရီ ဆိုသူနှင့် အဖွဲ့က ရန်ကုန်တိုင်း စစ်ဌါနချုပ်၏ အထူးစစ်ဆင်ရေးအဖွဲ့ လက်မှတ်အတု စာအတုများဖြင့် ရှင်းလင်းပေးမည်ဟု ဆိုကာ ရုပ်ရှင်ရုံပိုင်ရှင် ဒေါ်ခင်နန်းဝေထံမှ ငွေကျပ်သိန်း ၁၅၀၀ တောင်းယူခဲ့သည်။  ငွေ ကျပ် သိန်း ၁၃၀၀ ပေးပြီး မကြာမီ  မသင်္ကာဖွယ် တွေ့ရှိရသဖြင့် ရန်ကုန်တိုင်း စစ်ဖက်ရေးရာ လုံခြုံရေးအဖွဲ့နှင့် ကမာရွတ်ရဲ စခန်းတို့မှ လက်ရဖမ်းဆီးခဲ့ပြီး ရန်ကုန် အနောက်ပိုင်း ခရိုင်ရုံးတွင် တရားစွဲဆိုခဲ့သည်။
သို့သော်လည်း ရဲတပ်ဖွဲ့ဝင်များက လိမ်လည်မှုနှင့် ပတ်သက်သည့် ပေးပြီးသား ကျပ်ငွေ သိန်း ၁၃၀၀ အနက် တပြားတချပ်မှ ရှာဖွေ သိမ်းဆည်းနိုင်ခြင်း မရှိခဲ့သည့် အဖြစ်က ထူးဆန်းနေသည်ဟု အမှုကိစ္စနှင့် နီးစပ်သူက ပြောဆိုသည်။
“အခုခေတ်မှာ လိမ်တဲ့သူက ငွေလုံလုံလောက်လောက် ရထားရင် အဲဒီလိုစွဲဆိုခံရတဲ့ အမှုကို ငွေနဲ့လိုက်ပြီး လွတ်အောင် လုပ်လို့ရတဲ့ အနေအထားမြင်နေရတယ်။ အခု လိမ်တဲ့သူက ရဲကိုရော တရားရုံးကိုပါ ငွေသိန်းရာဂဏန်းနဲ့ချီ ပေးထားပြီလို့ ယူဆရတယ်။ အခုအာမခံတောင် လျှောက်ထားသေးတယ်။ လိမ်လည်မှု ပုဒ်မ ၄၂၀ ကို အာမခံပေးလိုက်လို့ကတော့ ဒီလိမ်တဲ့သူတွေက ထွက်ပြေးတော့မှာပေါ့”
ဟု အဆိုပါ ပုဂ္ဂိုလ်ကပြောသည်။
နိုင်ငံရေးနှင့် မပတ်သက်သည့် လိမ်လည်မှု၊ လောင်းကစားမှုများအား ရဲဖမ်းဆီးရာတွင် အမှန်တကယ် ဖမ်းမိသည့် ငွေပမာဏထက် အဆများစွာလျော့ပြီး အမှုတွင် တင်ပြလေ့ရှိကြသည်ကို ယခင်ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များအရ သိရှိရသည်။
“ကျွန်မတို့ အသိတွေပါတဲ့ ဂျင်ဝိုင်း အဖမ်းခံရတုန်းက တကယ် သိမ်းဆည်းရတဲ့ ငွေက သိန်း ထောင်နဲ့ချီတယ်။ တစ်ထောင်တောင်မကဘူး၊ ၂ထောင် ကျော် ၃ထောင်နီးပါး ဖမ်းမိတာ။ ဒါပေမယ့် ရဲက အမှုမှာတင်တော့ သိန်း ၂ ရာ ၃ ရာ ပဲတင်တာ။ အဖမ်းခံရတဲ့ သူတွေလည်း အမှန်တကယ် ငွေပမာဏက ဒီလောက်မဟုတ်ဘူးလို့ ငြင်းရင် ရဲက ငြှိုးတော့မယ်။ ပြောလည်းငွေက အားလုံးပြန်ရတာမဟုတ်တော့ ရေငုံနှုတ်ပိတ်နေလိုက်ရတာ။ ကစားဝိုင်းမှာ ပါတဲ့သူတွေက အဖမ်းခံရတော့မယ် မလွတ်တော့ဘူးဆိုရင် ပါလာတဲ့ကားရဲ့သော့ကို ရဲတယောက်ယောက်ဆီ ကပ်ပေးပြီး သွားပေးရမယ့် ဖုန်းနံပါတ်ကို ပြောလိုက်။ အဲဒီရဲက ကားသွားပေးပြီး ၁၀ သိန်း ၊ သိန်း ၂၀တောင်းယူတာ”
ဟု လုပ်ငန်းရှင်တဦးက သူ့အတွေ့အကြုံကိုပြောပြသည်။
ယခုအဖြစ်အပျက်တွင်လည်း လိမ်လည်သူဟု စွပ်စွဲခံရသူ ဦးထွန်းရီက ရဲနှင့် တရားရုံးအား ငွေဖြင့် ပေးပြီး အာမခံရယူရန် ကြိုးစားနေသည့် အခြေအနေဟု အမှုနှင့် နီးစပ်သူကပြောသည်။ ယခု လိမ်လည်မှု အား အနောက်ပိုင်း ခရိုင်တရားရုံးတွင် စွဲဆိုတားပြီး တရားသူကြီး ဒေါ်စိုးဥာဏ်က တာဝန်ယူ ကြားနာလျက်ရှိသည်ဟု သိရှိရသည်။
မြန်မာနိုင်ငံ တရားစီရင်ရေး စနစ်သည် နိုင်ငံရေး နှင့် သက်ဆိုင်သည့် အမှုများမှလွဲလျင် “ငွေများ တရားနိုင်သည့်” အခြေအနေဖြစ်နေသည်မှာ ဆယ်စုနှစ်များနှင့်ချီနေပြီ ဖြစ်သော်လည်း ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီတွင် အခြေအနေသိသာစွာ ဆိုးရွားလာသည်ဟု ဥပဒေ ပညာဖြင့် အသက်မွေးလျက်ရှိသည့် ရှေ့နေများက ပြောဆိုကြသည်။
ရွေးကောက်ပွဲပြီးနောက်ပိုင်းတွင် တိုင်းပြည်၏ အခြေအနေများ ပိုမို ရှုပ်ထွေးခြင်း၊ ၎င်းတို့အကာအကွယ်ယူထားသည့် အာဏာပိုင်တို့၏ အပြောင်းအလဲများ ပိုမို ဖြစ်ပေါ်လာနိုင်ခြင်းတို့ကြောင့် ရွေးကောက်ပွဲမတိုင်မီ ရသမျှ စုဆောင်းထားလိုသည့် သဘောဟုလည်း ရှေ့နေများက ပြောဆိုသည်။
(Photo - ရန်ကုန် - ရတနာပုံ ရုပ်ရှင်ရုံ တည်ရှိရာ မြေနီကုန်းလမ်းဆုံ မြင်ကွင်း၊  အင်တာနက်)

Cartoon Maung Yit - 2010 Election is the end of People's democracy

ကာတွန်းမောင်ရစ် - ၂၀၁၀ ရွေးကောက်ပွဲ = လူထုဒီမိုကရေစီ၏ သင်းချိုင်းကုန်း
ဇူလိုင် ၁၊ ၂၀၁၀

1st July 2010 - Burmese Journal Headlines

ပြည်တွင်းက ဖတ်မိသမျှ ဂျာနယ် အပိုင်းအစ
ဂျာနယ်ဂြိုဟ် သာဂိ
ဇူလိုင်  ၁ ၊ ၂၀၁၀
ရခိုင်ပြည်တွင် တောင်ပြို၊ ရေကြီးမှုများကြောင့် သေဆုံးသူ ၆၃ ဦး ထိ တိုးလာ
ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများ တည်ဆဲဥပဒေများ လိုက်နာရမည်ဟု သတိပေး
ရခိုင်ရေဘေး - ဘူးသီးတောင်၊ မောင်တောကားလမ်း - ၆၈၅ ပေ လှိုဏ်ခေါင်း ပိတ်ဆို့၊ တံတားများ ရေထဲပါသွား
ဗြိတိန်ရောက် မြန်မာကျောင်းသားတွေ အခက်အခဲတွေ့၊
ပုဂ္ဂလိကဓာတ်ဆီဆိုင်တွေ နာမည်ကောင်းရ၊ ဈေးတွေတော့ တဆိုင်နဲ့ တဆိုင်မတူကြ
၂၀၁၀ မှာ ကိုရီးယားကို မြန်မာလုပ်သား စေလွှတ်ဖို့ နီးစပ်နေပြီ
သတင်းစာဆရာကြီး ဖိုးသောကြာ အင်တာဗျူး -
၅ သိန်းတန်ဖုန်းများ ၂၄ နာရီအတွင်း ချပေးမည်
မြန်မာပန်းချီကား ဈေးကွက် ပျက်နေ - သန်းမြင့်အောင်အမှတ်တရပွဲတွင် ၀ယ်လက်တဦးက ဈေးဖြတ်ပြီး ဈေးချဝယ်ယူထားသည်မှာ ကား ၂၀၀ ကျော်ပြီဟု ဆို (ဖတ်ကြည့်ကြပါဦး)
အင်တာာဗျူးများ - အမျိုးသားနိုင်ငံရေးမဟာမိတ်များက ဦးတင်ထွန်းမောင် နဲ့ ဦးတင်ဝင်း၊ ဦးလေးကြီးကျောင်းဝတ်စုံ ပိုင်ရှင် စိုးနန္ဒာဦး၊ အလုံ ထူးဆီဆိုင် မန်နေဂျာ ဦးသန်းစိန်အေး၊
တနေ့ ၁၂ နာရီ မီးပိုရလာပြီ၊ မုတ္တမကမ်းလွန် ဓာတ်ငွေ့လိုင်းကြောင့် ဟုဆို
သုမောင်အမှတ်တရစာ - မိုးတိမ်
တက္ကသိုလ်ဝင်တန်း အောင်သူတို့ရဲ့ ရင်ဖွင့်သံများ -
ပြန် ဆက်က အလင်းစေတမန် စာကြည့်တိုက်ဖွင့်ပွဲ ရေနံချောင်းမြို့နယ် ကျေးရွာများတွင် ကျင်းပ
ပြည်ပက ဓာတ်ဆီများကို လွတ်လပ်စွာ လုပ်ငန်းရှင်တို့ တင်သွင်းမည်
ဆေးလိပ်တိုကြောင့် မြန်မာအင်ဖိုတက် အဆောင်သစ်ကြီး မီးလောင်ရကြောင်း
၂၀၁၀ မေလတွင် မြန်မာတနိုင်ငံလုံး မီး ၈၁ ကြိမ် လောင်
ရန်ကုန်တွင် ဇူလိုင်လမှာ ၂၄ နာရီ မီး ရရှိမည်ဟု တာဝန်ရှိသူက ပြောကြား
မှောင်ခို ဆီဆိုင်တွေ နေ၀င်ပြီလား - အားမာန်
စင်္ကာပူရွှေကျောင်းဆရာတော်က စာသင်ကျောင်းဆောင်သစ်များအတွက် လှူဒါန်း
ကာတွန်းများ ကောက်နုတ်ချက်
အရောင်တင်မှုန့် ၈ မျိုး စားသုံးရန် မသင့်ကြောင်း ကြေညာ
တက္ကသိုလ်ဝင် စာမေးပွဲတွင် ရခိုင်ပြည်နယ်မှ ဂုဏ်ထူးရှင် ၉၉၁ ဦး ထွက်ပေါ်
ပြည်တွင်း တိုဖယ်စာမေးပွဲများ စာရွက်ဖြင့်သာ ဖြေဆိုရဦးမည်
တောင်ကတုံးတွေ သျှောင်ထုံးဖို့ လိုနေပြီ - ဇော်ဝင်းမောင် (အောင်ပန်း)
မီးလောင်ပြီးနောက် ဆေးကုမ္ပဏီအများစုက လက်ငင်းငွေချေစနစ်ဖြင့် ရောင်းချ၊ အကြွေးမပေးတော့
အာဆီယံ အမ်တီဗီ ပြိုင်ပွဲတွင် မြန်မာရော့ခ်ဂီတအဖွဲပတခု ဆန်ကာတင် စာရင်းတွင် ပါဝင်
ဒေါ်လာကဲ့သို့ ခွင့်ပြုထားသော်လည်း FEC တန်ဖိုး ကျဆင်းနေဆဲ

Dr Maung Ba Chit - Burmese Community at NY - Albany

အမေရိကန် - နယူးယောက် -အယ်ဘနီက မြန်မာလူမှုအဖွဲ့အစည်း  မြင်ကွင်း
ဒေါက်တာမောင်ဘချစ်
ဇူလိုင် ၁၊ ၂၀၁၀
၂၁ ရာစုလူမှုအဖွဲ့အစည်း သည် အင်မတန်မှ လျှင်မြန်တိုးတက်နေတာကိုတွေ့ရပေမည်။
          သမိုင်းတွင် အတိုးတက်ဆုံးသောကာလဟုဆိုနိုင်သည့် ဤကာလ။
          မေတ္တာတွေနဲ့နေကြသည်။ အပြုံးတွေနဲ့နေကြသည်။
          ဒါပေမဲ့ တစ်ခါတစ်ခါလည်း အမုန်တရားတွေနဲ့ သေနတ် တွေအကြားနေရတာတွေလည်းရှိ၏။
          ကမ္ဘာဦးအစကတည်းက ရေကြည်ရာမြက်နုရာပြောင်းရွှေ့နေထိုင်ကြသော လူတွေထဲတွင် မြန်မာတွေ လည်း ပါဝင်သည်။ သို့သော် သူတို့သည် မြန်မာနိုင်ငံတွင် အခြေကျနေကြပြီ။ ပြောင်းရွှေ့မှုကို မလိုလားကြသူများ ဖြစ်ကြသည်။
          သူတို့သည် မိမိအရပ်မှာရှိတာနဲ့ စား၊ သင့်သလို နေထိုင်ကြသူများဖြစ်ကြသည်။
          သို့သော် သေနတ်မရှား သနားမရှိသူများအကြား လည်စင်းခံကြရသည်။
          နောက်ဆုံး မြန်မာသန်းပေါင်းများစွာသည် နယ်စပ်ကို ကျော်ပြေးခဲ့ရသည်။
          အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံရပ်ခြားရောက်နေကြသောမြန်မာတို့သည် မိမိတို့ ယဉ်ကျေးမှုကိုနှစ်သက် မြတ်နိုးကြသည်။ အမေရိကန်ရောက် မြန်မာတို့သည်လည်း  အကောင်းဆုံးဘဝကို တည်ဆောက်ရာတွင် မိမိသားသမီးမြေးမြစ်များကို မြန်မာစကား တတ်စေလိုသော ဆန္ဒရှိကြသည်။
ဓမ္မဝါဒီအောင်မြေမင်္ဂလာကျောင်းတိုက် ကျောင်းထိုင်ဆရာတောာ် ဦးဣဿရိယ

ဘယ်သူတွေကူညီ
          အမေရိကန် နယူးယောက်ပြည်နယ် ရက်ဆလီယာ (ALbany, NY) ရောက်တော့ မောင်ဘချစ် ဘုန်းကြီးကျောင်း ကိုရောက်သည်။
          ကျောင်းထိုင် ဘုန်းတော်ကြီးဦးဣဿရိယက အစစအရာရာ ကူညီသည်။
          မြန်မာလူမှုအဖွဲ့အစည်းတစ်ခုလုံးကို ကိုဒီ၊ ကိုဂျေ၊ ကိုထွန်းထွန်း စသောလူပုဂ္ဂိုလ်များက ကူညီသလို၊ ဆရာတော် ဦးဣဿရိယကလည်း ကူညီသည်။
          မောင်ဘချစ်စောင့်ကြည့်သည်။
          ထိုလူပုဂ္ဂိုလ်များသည် အဆင်ပြေရုံ အစလောက် ကူညီသည်မဟုတ်ပါ။ အစစအရာရာ အစမှအဆုံး ကူညီတတ်ကြသည်။
          အမေရိကန်တွင် အချိန်သည် တန်ဖိုးရှိလှသည်။ အိပ်ချိန် စားချိန်များကို ဖဲ့ပေးသည်။
          တရားရုံးများ သွားရောက်ကာ အခမဲ့ ကူညီသည်။
          သင် ဘာလုပ်ချင်သလဲ။ ရင်စလီယာတွင် သူတို့အားလုံး ကူညီသည်။
          ဘုန်းတော်ကြီးဦးဣဿရိယကတော့ ပိုပြီး စမတ်ကျသည်။ သူ့ကို အမေရိကန်လူမျိုးများက ကူညီသည်။ သူက မြန်မာတွေအတွက် အမေရိကန်တွေကို အကူအညီတောင်းသည်။ သူတို့လိုအပ်သည်များကိုလည်း ကူညီသည်။
          ကားကို ကိုယ်တိုင်မောင်းကာ လူမှုရေးကိစ္စများ၊ ဘာသာရေးကိစ္စများကို ဆောင်ရွက်သည်။
          အမျိုး ဘာသာ သာသနာ ခွဲခြားမှု မရှိပါ။
          မြန်မာ့အရေးကို အကူအညီပေးခြင်း ဖြစ်သည်။
          နိုင်ငံရေးသမား လာလည်း ကူညီသည်။ စာရေးဆရာ လာလည်း ကူညီသည်။ အလုပ်ရှာလာသူတွေကိုလည်း ဆရာတော်က တလ ကိုးသီတင်း ကျွေးမွေးထားသည်။ သူသိသော လူမှုအဖွဲ့အစည်းမှ လူတွေကို အကူအညီတောင်းကာ အလုပ်ရှာပေးသည်။
          မြန်မာပြည်မှရောက်လာသော ဆရာတော်များကိုလည်း တရားပွဲ ကျင်းပပေးသည်။
          စားစရတ်၊နေစရိတ်ထိုင်စရိတ် မပေးရပါ။ ကားမောင်း သင်ချင်လျှင်လည်း အိပ်စိုက်သင်ပေးသည်။ ထိုနည်းတူ ကျောင်းရှိသံဃာများကလည်း ဘုန်းတော်ကြီးနှင့် တ တစိတ်ထဲတဝမ်းတည်း ကူညီသည်။
          ရက်စရီယာမှ တကာများကလည်း အင်မတန်တော်သည်။ လိုသမျှ ပစ္စည်း လေးပါး ပေးကမ်း ထောက်ပံ့သည်။
          

ဦးပဉ္စင်းဦးခေမိန္ဒက စာသင်နေပုံ
 
နွေရာသီ သင်တန်း
          ယခုကဲ့သို့ ရောက်လာသည့်အခါ မြန်မာလူမှုအဖွဲ့အစည်းရှိ ကလေးသူငယ်များ အားနေကြသည်။
          တို့ကျောင်းလာခဲ့ မြန်မာစာ သင်ပေးမည် … တဲ့။
          ကောင်းလိုက်တာ …
          ယမန်နေ့က မောင်ဘချစ်သည် ဆရာတော်ဦးဣဿရိယ၏ ဓမ္မဝါဒီအောင်မြေမင်္ဂလာ ကျောင်းကို ရောက်သွား လေ့လာသည်။
          ဦးပဉ္စင်းဦးခေမိန္ဒက စာအုပ်ဖြင့် စာရင်းယူသည်။
          အသက် (၆) နှစ်အထက် ကလေး (၂ဝ) ကျော်လာရောက်သည်။
          ထိုကလေးများကို ဒီနေ့တွေ့ရပါသည်။
          “ မမဝဝ ထထက အက ပထမ
          ကသာကပါ မမရာ ညည လ သာသာ
          ညအခါ  ငါ စာ ရ
          မမ ဝဝ ထထ က …”
          ကလေးတွေ စာတွေ ရးကြသည်။
          စာ ဆိုကြသည်။
          ကလေးတွေကို အသက်လိုက် အစုလေးတွေ ခွဲကာ သင်သည်။
          ရွာက ဘုန်းတော်ကြီးများလိုပင် ကြိမ်တစ်လုံးနှင့် စောင့်သည်။
          “တပည့်တော်သားသမီးကို မကျိုးမပဲ့ရင် ပြီးရော၊ ရိုက်ပြီး ဆုံးမနိုင်ပါတယ် …”
ဟု မြန်မာမိဘများက အပ်နှံပါသည်။
          ဦးခေမိန္ဒကတော့ ချောက်ရုံသာ ချောက်ပါသည်။
          စားပွဲပေါ်သာ တဖြန်းဖြန်းရိုက်သည်။
          ကလေးအများသည် အင်္ဂလိပ်စကားကို သေသေချာချာ ပြောတတ်ကြသည်။
          သို့သော် မြန်မာလို မေ့နေကြသည်။
          ဘုန်းကြီးကျောင်း ရောက်တော့လည်း သူတို့ မြန်မာလို ပြောတတ်ပြန်သည်။
          နိုင်ငံရပ်ခြား စာစကား သင်ကြားအပ်သည် မှတ် … တဲ့။
          မြန်မာစာသည် သူတို့အတွက် နိုင်ငံခြားဘာသာ ဖြစ်နေလေသည်။

သီလရှင် ဆရာကြီးသင်ကြးပြသ

ကျေးဇူးကမ္ဘာ
          ကျေးဇူးကြီးလှပါသည်။ ဆရာတော်နှင့် တကွသံဃာတော်များကို ကျေးဇူးတင်ပါသည်။
          အမေရိကန်ရောက်တော့ ကျွန်တော်တို့အားလုံး တွေ့ရမြင်ရသည်မှာ တယောက်ကို တယောက်၊ တဦးကို တဦး လေးစားခြင်း ပင်ဖြစ်သည်။ ထိုလေးစားမှုအကြားတွင် ပေါက်ဖွားလာသည်မှာ မေတ္တာစေတနာများ ဖြစ်သည်။
          ဆန်ပေးမှ ဆေးရ မလုပ်ကြပါ။
          ဆေးနှင့် ဆန် လိုသူများကို ပေးကြပါသည်။
(Community Service) တွင်ပါဝင် ကူညီကြသူများကို အထူးလေးစားမိပါသည်။
          အာဏာရူးများနှင့် သေနတ်တွေအကြား မေတ္တာတရားဖြင့် ရပ်တည်နေကြသော မြန်မာများလည်း မြန်မာပြည်တွင် များစွာ ရှိနေပါသေးသည်။ သူတို့ကို လေးစားကြောင်း ပြောလိုပါသေးသည်။
          လူလူချင်း ကူညီခြင်းဖြင့် ကောင်းကျိုးစေတနာ တည်ပါစေ။

(ဤဆောင်းပါးဖြင့် ဓမ္မဝါဒီအောင်မြေမင်္ဂလာကျောင်းတိုက်ရှိ  ဦးခေမိန္ဒ၊ ဦးပညာဝံသ၊ ဦးခေမာနှင့် ဆရာမကြီးဒေါ်စန္ဒာသီရိတို့ကို ဂုဏ်ပြုမှတ်တမ်း တင်အပ်ပါသည်။)

Cartoon Beruma - Burmese Regime's One Man Underground Cup

ကာတွန်းဘီရုမာ - နေပြည်တော်က ပြိုင်ဖက်မရှိ မြေအောက်ဖလားပွဲကြီး
ဇွန် ၃၀၊ ၂၀၁၀

nyi nyut yay neh a thet shay shay : Yan Win (Taung Da Gar)

ညီညွတ်ရေးနဲ့ အသက်ရှည်ရှည် ခင်ခင်မင်မင်
ရန်ဝင်း (တောင်တံခါး)
ဇွန်လ ၃၀၊ ၂၀၁၀

“ညီညွတ်ရေးနဲ့ အသက်ရှည်ရှည် ခင်ခင်မင်မင်၊ လက်ရေတပြင်တည်း ရှေးကတော့ ပိုချစ်ကြတယ်။”
လက်ရေတပြင်တည်း၊ နန်းတော်ရှေ့ဆရာတင်

မြန်မာ့ရိုးရာဓလေ့အတိုင်း ဒေါင်းလန်းကြီးနဲ့ ဝိုင်းဖွဲ့ပြီးထမင်းစားရတာကို လက်ရေတပြင်တည်းစားတယ် လို့ ခေါ်ပါတယ်။ ဟင်းခွက်ကို ဒေါင်းလန်းကြီးအလည်မှာတည်ထားပြီး ထမင်းပုံ ကိုယ်စီပုံလို့ တိုးတိုးခွေ့ခွေ့ ဝိုင်းဖွဲ့စားကြတဲ့ ထမင်းဝိုင်းပါ။ မိသားစုနဲ့ဖြစ်ဖြစ်၊ သူငယ်ချင်းအပါင်းအသင်းတွေနဲ့ဖြစ်ဖြစ်၊ အဲဒီလို ဒေါင်းလန်းကြီးကိုဝိုင်းထိုင်လို့ ထမင်းစားကြတဲ့အခါ ညီညီညွတ်ညွတ် ချစ်ချစ်ခင်ခင် မျှမျှတတ ဝိုင်းဖွဲ့ပြီး စားကြတာမို့ ပျော်လည်းပျော်တယ်။ ပျော်တော့လည်း ကျန်းမာလို့ အသက်ရှည်ကြတာပါပဲ။

“လက်ရေတပြင်တည်း၊ နှီးဒေါင်းလန်းတွေနဲ့၊ ဝိုင်းဖွဲ့ကာ စားကြသည်၊
မြမဒီခင် ခပ်ငယ်ငယ်၊ တေးဆိုကြ၊ မြူးပျော်ကြ၊ ဟေ့ သူငယ်ချင်းရေ၊”
လက်ရေတပြင်တည်း၊ နန်းတော်ရှေ့ဆရာတင်

စားရတာက မြန်မာ့ရိုးရာဓလေ့ထမင်းဟင်းဆိုတော့ ခပ်ဖွယ်ဖွယ်ဆန်ကြမ်းထမင်းနဲ့ ဟင်းသီးဟင်းရွက်တွေပဲ များတာပါ။

“ဆူးပုပ်ကယ်ကင်းပုံ၊ အလုံးစုံ၊ ဘူးငုံသာရော၍ပြွမ်းသည်နှင့်လေး။
ချိုလည်းချိုလွန်း၊ ရည်ရွမ်းများစွာ၊ ကြံဟင်း ကြွက်နားပေါင်း သောင်းပြောင်းရော၍သာ၊”
လယ်သမားဖွဲ့တျာချင်း၊ ဝန်ကြီးပဒေသရာဇာ

ခပ်ဖွယ်ဖွယ်ထမင်းထဲမှာ အဲဒီ ဟင်းရွက်ကန်စွန်းပေါင်း သောင်းပြောင်း ဟင်းချိုဟင်းရေ ဆမ်းချလိုက်တဲ့အခါ ဟင်းရေတွေက ဘေးဘက် ဘယ်ညာ ထမင်းပုံတွေဆီကို စီးသွားတတ်တယ်။ အဲဒါကို လက်ရေတပြင်စီးတယ် လို့ ခေါ်ပါတယ်။ မိသားစုတစုမှာ သားသမီး ဘုစုခရုတွေများနေရင် လူတိုင်းကိုယ်စီ ဒေါင်းလန်းကြီးကို ဝိုင်းပြီး ဝင်မထိုင်သာတဲ့အခါ လက်ချည်းပဲ လှမ်းလို့ဝင်နှိုက်စားရတတ်တယ်။ ဒါကလည်း ပျော်စရာပါပဲ။

“နှီးဒေါင်းလန်းကြီး၊ ခူးပြီးသောအခါ၊ သမီးနှင့်သား၊ များလို့မဝင်သာ၊”
ထန်းတက်သမားဖွဲ့တျာချင်း၊ ဝန်ကြီးပဒေသရာဇာ

ဒေါင်းလန်းဆိုတာ အဝန်းကျယ်ကျယ် လင်ပန်းပုံစံ ဗျပ်ကြီးတမျိုးပါ။ တပေလောက်အမြင့် အောက်ခံအခြေ ဝိုင်းဝိုင်းတပ်ထားတဲ့ စားပွဲငယ်ကလေးနဲ့ဆင်တူတယ်။ အောက်ခံအခြေမပါတဲ့ ဗျပ်ကြီးတွေကိုလည်း ဒေါင်းလန်းအစား သုံးပါတယ်။ အချင်း ၃ ထွာခွဲ၊ ၄ ထွာခွဲ၊ ၅ ထွာခွဲ၊ အရွယ်အမျိုးမျိုး ရှိတယ်။ တထွာမှာ ၉ လက်မ ရှိပါတယ်။

နှီးဒေါင်းလန်းကြီး

ဘုန်းကြီးကျောင်းမှာရှိတဲ့ ဒေါင်းလန်းကြီးတွေကတော့ ၅ ထွာခွဲအရွယ် အကြီးကြီးတွေပါ။ ထမင်းစားချိန်ရောက်ပြီလားဆိုရင်၊ တယောက်တလက် ကျောင်းသားလက် ဆိုသလိုပဲ ရောင်ပေစူးနဲ့ ဘုန်းကြီးကျောင်းသားတွေက သူ့ထက်ငါ ဝိုင်းပြီး အမြန်စားကြတယ်။ အစားနှေးလို့ နောက်ဆုံးကျန်ရစ်တဲ့သူက ဒေါင်းလန်းကြီးကို ဆေးကြောသန့်ရှင်းတာနဲ့ ကျောင်းခွေးတွေကိုကျွေးရတဲ့ တာဝန်ယူရတယ်။ ဒါကြောင့် အမြန်စားပြီး အရင်ဆုံး ထသွားတဲ့သူတွေက “နောက်ကျခွေးကျွေး ဒေါင်းလန်း ဆေးဟေ့” လို့အော်ရင်း ထပြေးတာပဲ။

“တို့ငယ်ငယ်တုန်းအရွယ်၊ ရောင်ပေစူးကလေးတွေနဲ့ကွယ်၊ ပုဆိုးကို စလွယ်သိုင်း၊ ရွာဝိုင်းပတ်လည်၊ ပြေးလွှားပျော်ပါးတဲ့၊ သူငယ်ချင်း အပေါင်းအဖော်များရယ်၊”
ရောင်ပေစူး၊ အကော်ဒီယံ အုန်းကျော်

နှီးဒေါင်းလန်းလို့ခေါ်တာကတော့ ဝါးနှီးဖြာပြီး ယက်ထားတဲ့ဗျပ်အဝိုင်းကို သစ်စေးသုတ်ပြီး အချောကိုင်ထား ကြောင့်ပါ။ အများအားဖြင့် ဝါးနှီးနဲ့ ယက်ထားတဲ့ အဖြူထည်အခြေခံပုံစံလုပ်ပြီး သစ်စေးသုတ် ယွန်းထည်မျိုးတွေကို ပုဂံမြို့နယ် မြင်းကပါအရပ်က လုပ်ကြတယ်။ မုံရွာနယ်က ကျောက်ကာ အရပ်မှာတော့ ဝါးနှီးကိုခွေထားတဲ့ အဖြူထည်အခြေခံပုံစံကို သုံးကြတယ်။ မြင်းကပါလက်ရာ ယွန်းထည်တွေကို အနုအယဉ်အလှအပအတွက် နှစ်သက်ကြတယ်။ ကျောက်ကာနယ် ယွန်းထည်တွေကတော့ အခိုင်အခံ့မှာ နာမည်ရပါတယ်။ နှီးဒေါင်းလန်းတွေကိုတော့ မြင်းကပါမှာရော ကျောက်ကာမှာပါ လုပ်ကြတယ်။

ကျောက်ကာအရပ် ယွန်းပညာရှင်တွေက ဒေါင်းလန်းကို ဒေါင်းနန်း လို့ ခေါ်ကြတယ်။ ဘာကြောင့်လဲဆိုတော့ အနက်ရောင် ဒေါင်းလန်းတွေရဲ့အလယ်မှာ ဒေါင်းရုပ် အမြဲပါလေ့ရှိတယ်။ ဒေါင်းရဲ့နေရာ၊ ဒေါင်းရဲ့နန်း ဖြစ်တာကြောင့် ဒေါင်းနန်း ခေါ်တယ်လို့ ပြောကြတယ်။ အနီရောင် ဒေါင်းလန်းတွေမှာတော့ ဒေါင်းရုပ်ထည့်လေ့ မရှိပါ။ အနီရောင် ဒေါင်းလန်းတွေမှာ ဈေးကြီးတဲ့ ဟင်္သပြဒါး ကိုသုံးရတော့၊ ပစ္စည်းဖိုးပိုကုန်လို့ အနက်ရောင်ထက် ကုန်ကျစားရိတ်ပိုပါတယ်။ ဒါကြောင့် လက်ခ သက်သာအောင် ဒေါင်းရုပ်မထည့်တာပါတဲ့။ ဒါပေမယ့် အနီရောင်ရော အနက်ရောင်ပါ ဒေါင်းနန်း လို့ပဲ ခေါ်ကြတယ်။

မြန်မာရိုးရာ ဒေါင်းရုပ် ဒီဇိုင်းများ
မောင်အေးမြင့် (မြန်မာမှုဒီဇိုင်းသုတေသီ)

တကယ်တော့ မြန်မာပြည်က ဒေါင်းတို့ရဲ့နေရာ၊ ဒေါင်းအိုးဝေတို့ရဲ့နန်း၊ ဒေါင်းနန်း ပါပဲ။ မြန်မာတွေရဲ့ ရိုးရာဓလေ့မှာ ဒေါင်း ကို အလေးအနက်ထားပါတယ်။ တွန်တဲ့အသံက သာယာပြီး၊ ခန့်ညား တင့်တယ်လှပခြင်း၊ ရဲရင့်ခြင်း၊ မဆုတ်မနစ် အပြီးတိုင် တိုက်ခိုက်တတ်ခြင်း ဆိုတဲ့ သတ္တိတွေကို ကိုယ်စားပြုတာကြောင့်၊ ခေတ်အဆက်ဆက်မှာ ကဒေါင်း၊ ခွပ်ဒေါင်း၊ ဒေါင်းရုပ်ဒီဇိုင်း အမျိုးမျိုးသုံးပါတယ်။

“အပေါင်း ဘဝင်ချမ်းစေဘို့၊ အကောင်း တမင်မှန်းမှန်းပြီး၊ ဒေါင်း အဆင်ဆန်းတွေနှင့် ပုဝါအလံထူ”
သခင်ကိုယ်တော်မှိုင်း

ကဒေါင်း အလံ

ခွပ်ဒေါင်း အလံ

“ကောင်းမျိုးအထွေထွေရယ်နဲ့ ချွန်စေ မြစေစော၊ ဒေါင်းအိုးဝေရယ်လို့ တွန်စေ ကစေသော။”
သခင်ကိုယ်တော်မှိုင်း

ညီညွတ်ရေးနဲ့ အသက်ရှည်ရှည် ခင်ခင်မင်မင်၊ ထာဝစဉ် နေချင်သူတွေအဖို့မှာတော့ ဒေါင်းအိုးဝေတို့ရဲ့ နန်းဖြစ်တဲ့ ကိုယ့်နိုင်ငံ၊ ကိုယ့်ဇာတိနွယ်ကို လွမ်းကြရတာပါပဲလေ။


“ငယ်မူကို မဖျောက်နိုင်ဘူး၊ ပျော်လောက်ဖွယ်၊ မယ်ရင်ရယ် လွမ်းပါဘိတယ်၊ ကိုယ်တို့ဇာတိနွယ်”
လက်ရေတပြင်တည်း၊ နန်းတော်ရှေ့ဆရာတင်



အထူးကျေးဇူးတင်စွာဖြင့် ကိုးကားခြင်း

(၁) မြန်မာ့ရိုးရာ ယွန်းလက်မှုပညာ (သပြေညိုမောင်ကိုဦး)၊ ၁၉၇၁
(၂) မဟာကဗျာကျမ်း၊ ဒုတိယတွဲ (ဆရာမောင်ပန်းဦး)၊ တပေါင်းလ၊ မြန်မာခုနှစ် ၁၂၆၈
(၃) ပြည်သူချစ်သော အနုပညာသည်များ၊ လူထုဒေါ်အမာ၊ မေလ၊ ၁၉၆၄
(၄) Visions From Golden Land: Burma and the art of Lacquer (Ralph Isaacs and T. Richard Blurton) 2000
(၅) Animals and Birds in Myanmar Art by U Aye Myint : www. Goldenlandpages.com/articles
(၆) www.crwflags.com

Tuesday, June 29, 2010

MoeMaKa Reader from Rangoon - Donor ? Fund Rasier? Volunteer himself ?

အလှူရှင်လား၊ အလှူခံလား၊ စေတနာဝန်ထမ်း စွမ်းဆောင်သူ ကိုယ်တိုင်လား
မိုးမခစာဖတ်သူတဦး (ရန်ကုန်)
ဇွန် ၃၀၊ ၂၀၁၀
မိုးမခစာတည်းများခင်ဗျား
          ရေးနေကျအတိုင်း စာရေးလိုက်ပါတယ်။ ပေးပို့တဲ့ အီးမေးသတင်းလွှာတွေကြောင့် ပြင်ပက အင်တာနက်ကမ္ဘာကြီးနဲ့ မျက်ခြေမပြတ်ဘူးပေါ့ခင်ဗျာ။ ပရောက်ဆီဆာဗာတွေကို ဆက်သွယ်လို့မရလို့ အပြင်က ၀က်ဆိုက်တွေကို တိုက်ရိုက်ကြည့်လို့မရပါဘူး။ သို့သော်လည်း လေလှိုင်းတွေကတဆင့်၊ အီးလှိုင်းတွေကတဆင့် ကျနော်တို့တတွေ သတင်းတွေ ရနေကြပါတယ်။
          အခုကမန်းကတမ်းရေးရတာက ပြည်တွင်းကလူမှုရေး စေတနာဝန်ထမ်းလုပ်ငန်းတွေ အကြောင်းကို ပြည်ပက မြန်မာတွေက ပိုသိလာကြတယ်။ ၀ိုင်းဝန်း လှူဒါန်းဖို့ ကြိုးစားကြတယ်။ ပြည်တွင်းကလည်း စေတနာ့ဝန်ထမ်းတွေကိုယ်တိုင်က အကြောင်းကြားပြီး အလှူခံကြပါတယ်။ ပြည်ပကလည်း အလှူခံလုပ်ငန်းတွေ ဆောင်ရွက်လာကြတယ်။ အဲသည်မှာ ကျနော်တို့ ရန်ကုန်မှာ လမ်းပေါ်မှာ တွေ့နေ မြင်နေရတဲ့ အလှူခံတွေ၊ အလှူရှင်တွေကို မြင်ယောင်ပြီး သည်စာကို ရေးပါတယ်။
          မိဘမဲ့ကလေးဂေဟာကို စောင့်ရှောက်ဖို့၊ ရွာက ဘုရားတွေ၊ ကျောင်းတွေ၊ လမ်းတွေ ပြင်ဖို့ လိုက်လံပြောဆို ရှင်းပြပြီး အလှူခံကြတာက အလှူခံ သီးသန့် အမျိုးအစား ဖြစ်ပါတယ်။ သူတို့ပေးတဲ့ ပြေစာနဲ့ ဖြတ်ပိုင်းနဲ့ လှူလိုက်ရုံနဲ့ ပြီးပါတယ်။ ယုံကြည်စိတ်ချ စိတ်ပြတ်လို့ကတော့ အဲသည်လို အလှူခံတွေကို သူတို့နောက်ကြောင်းနဲ့ ရပ်တည်မှုကို ကြည့်ပြီး လှူကြရုံပါပဲ။
          နောက်တမျိုးကတော့ ကိုယ်တိုင်အစုအဖွဲ့တွေနဲ့ ရန်ပုံငွေ ထူထောင်၊ အလှူငွေ စုဆောင်း၊ နီးစပ်ရာ ရင်းနှီးရာ တူရာ သန်ရာ အလှူခံလို့ သူတို့ရဲ့ အလှူငွေကို အစုအဖွဲ့ အမည်နာမရဲ့ ကောင်းမှုလို့ တပ်ပြီး အလှူရှင်အဖြစ် လှူကြ တန်းကြသူတွေ ဖြစ်ပါတယ်။ သူတို့ရဲ့ လုပ်ရပ်၊ ရန်ပုံငွေ၊ သူတို့ရွေးချယ်တဲ့ အလှူခံလုပ်ငန်းကို စိတ်ကျေနပ်သူ၊ သဘောတူသူများက အဲသည်ရဲ့ “အလှူရှင်” အမည် အောက်မှာ သွားရောက် လှူဒါန်း ရပ်တည်ကြရုံပဲ ဖြစ်ပါတယ်။
          သဘောကတော့ မိဘမဲ့ကလေးဂေဟာသို့ အလှူရှင် ××××× အဖွဲ့ကြီး၏ ကောင်းမှုပေါ့။ အဲသည်လို ဂုဏ်ပြုမှတ်တမ်းတခု နဲ့ အလှူရှင်အဖွဲ့ကြီးက အများကို အကြောင်းကြားမှာ ဖြစ်ပါတယ်။ သူတို့က အလှူရှင်တွေဆိုတော့ အများသူငှာ အလှူခံများကလည်း သူတို့လို အလှူရှင်တွေဆီမှာ သွားရောက် အလှူခံလို့ ရနိုင်တဲ့ သဘောပါပဲ။
          နောက်ဆုံးတခုကတော့ ကိုယ်တိုင် စေတနာ့ဝန်ထမ်း ရင်းနှီးမြုပ်နှံဆောင်ရွက်နေကြတဲ့ စွမ်းဆောင်သူတွေ၊ အဖွဲ့အစည်းတွေ၊ ကာယကံရှင် စေတနာ့ဝန်ထမ်း လူမှုလုပ်ငန်းတွေ ဖြစ်ပါတယ်။ သူတို့ကိုယ်တိုင်ကလည်း အလှူုငွေတွေ လက်ခံပါတယ်။ သူတို့ကလည်း တိုက်ရိုက်အလှူခံတွေပါပဲ။ သူတို့တွေဆီမှာ အလှူရရှိသမျှကို လူမှုလုပ်ငန်းထဲ လည်ပတ်လှူဒါန်း အသုံးပြုသလို၊ သူတို့ကိုယ်တိုင်က ရန်ပုံငွေတရပ် ထူထောင်ပြီး အခြားဘ၀တူ လူမှုလုပ်ငန်းတွေကို ဖေးဖ၊ ပျိုးထောင် ဒါနပြုလေ့လည်း ရှိပါတယ်။ ဒါဆိုရင် သူကိုယ်တိုင်လည်း အလှူရှင်တွေ ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။
          ခင်ဗျားတို့ဆီမှာ ရေးထားတဲ့သတင်းတွေအရ - နာရေးကူညီမှုအသင်းရဲ့ ကိုကျော်သူ့အဆိုကတော့ တော်တော်ပြတ်တယ်။ ရန်ပုံငွေ ဘယ်လိုရှာသလဲ လို့ မေးတော့ - သူက ရန်ပုံငွေ မရှာပါဘူး၊ အလှူရှင်တွေ လာလှူတဲ့ငွေနဲ့ပဲ သုံးတာပါလို့ ပြောပါတယ်။ နိုင်ငံခြားက အင်န်ဂျီအိုတွေလို ပရိုပိုဇယ် တင်ပြီး လုပ်တာမဟုတ်ဘူး။ လှူတဲ့ငွေနဲ့ စနစ်တကျ လုပ်တယ် လို့ ပြောပါတယ်။ ဒါလည်း စဉ်းစားစရာ အချက်ပါပဲ။
          ဒါပါပဲဗျာ။ ရေးချင်တာက။ လူမှုရေးလုပ်ငန်းတွေကို မြန်မာတွေက စိတ်ဝင်စားကြတယ်။ ၀ိုင်းလည်း လုပ်အားပေးကြတယ်။ လှူလည်း လှူကြတယ်။ ကိုယ်တိုင် အစုအဖွဲ့နဲ့ စိုက်ထုတ်ပြီး ရန်ပုံငွေ ထူထောင်တဲ့ အလှူုရှင်အဖွဲ့တွေလည်း ပေါ်လာတယ်။ ကောင်းတဲ့ အလုပ်တွေ၊ အလှူတွေကို လူတွေကြားမှာ များများသိပြီး ကျယ်ပြန့် ထိရောက်လာဖို့ လိုတယ်။
အမနာပ ပြောကြ၊ ဆိုကြတာတွေလည်း ပေါ်လာမှာပဲ။ အများပြည်သူတွေ အားတက်သရော ဖြစ်နေကြတာတွေကို ပျက်စီးသွားစေတာ၊ အနှောက်အယှက်ဖြစ်စေတာတွေ ဖြစ်လာနိုင်တဲ့အကြောင်း ကြိုတင်ပြီး မြင်မိလို့ ရေးတာပါ။ ခင်ဗျားတို့ဆီမှာ အလှူုခံတွေအကြောင်း၊ အလှူရှင်တွေ အကြောင်းလဲ ထည့်ပါဗျ၊ ပြီးတော့ စေတနာဝန်ထမ်း လူမှုလုပ်ငန်းစွမ်းဆောင်သူတွေအကြောင်းလဲ ပြောပြပါ။
အင်န်အယ်ဒီပါတီရဲ့ လူမှုရေးစွမ်းဆောင်မှုတွေ၊ လိုအပ်ချက်တွေလည်း ရေးပါဦးဗျာ။ သူတို့အတွက် အလှူရှင်တွေ၊ အလှူခံတွေအကြောင်းလည်း ဖတ်ခွင့်ကြုံရင် ဖတ်ချင်ပါရဲ့။
အန္တရာယ် ကင်း၊ ဘေးရှင်း ကြပါစေ။       ။

1 trishaw equal to 2 motor bikes

ဆိုက်ကားတစ်စီး ညီမျှခြင်း ဆိုင်ကယ် နှစ်စီး
ဝင်းမြတ်၊ ရန်ကုန်
ဇွန် ၃၀၊ ၂ဝ၁ဝ ခရီးသည် စောင့်နေသော ဆိုက်ကားဆရာများ (photos: moemaka)


ဆိုက်ကားတစ်စီး တန်ဖိုးဟာ မော်တော်ဆိုင်ကယ်နှစ်စီးရဲ့ တန်ဖိုးနဲ့ ညီမျှတယ် ဆိုရင် အဲဒီနေရာဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော် ရန်ကုန် လို့ပဲ မှတ်ယူလိုက်ပါတော့။ ရန်ကုန်မြို့လယ် မြို့နယ်ခြောက်ခုအတွင်း တရားဝင် လိုင်စင် ချထားပေးတဲ့ ဆိုက်ကားတစ်စီး ဟာ ကျပ် ၁၅ သိန်းနဲ့ ၁၆ သိန်းကြား ရှိနေတာကြောင့်ပါပဲ။

တရုတ်နိုင်ငံလုပ် လော်ဂျာ (LOUJIA) ဆိုင်ကယ် တစ်စီးဟာ ၅ သိန်းခွဲနဲ့ ၆ သိန်း ကြားမှာ အရောင်းအဝယ် ဖြစ်ပြီး လိုင်စင်ဝင်ကြေး အပါအဝင် ရှစ်သိန်းခန့်သာ ရှိပါတယ်။ ဒါပေမယ့် ရန်ကုန်တောင်ပိုင်းခရိုင်နဲ့ မြောက်ပိုင်းခရိုင်အတွင်းမှာ ရှိတဲ့ မြို့နယ်အချို့က လွဲပြီး ဆိုင်ကယ်စီးခွင့် ကန့်သတ်ထားပါတယ်။

ရန်ကုန်မြို့တွင်းမှာ မတ (မြို့တွင်း ရဲ့ အတိုကောက် ဝေါဟာရ) လိုင်စင်အဖြစ် ချထားပေးတဲ့ ဆိုက်ကားတွေကိုလည်း မနက် ငါးနာရီကနေ ည ၁ဝ နာရီအတွင်း ဗိုလ်အောင်ကျော်လမ်းနဲ့ လမ်းမတော်ကြား၊ ကုန်သည်လမ်းနဲ့ ဗိုလ်ချုပ်အောင်ဆန်းလမ်းကြား ဖြတ်သန်း သွားလာခွင့် မပြုပါဘူး။
ဆိုက်ကားတစ်စီးရဲ့ အမှန်တကယ် တန်ကြေးဟာ ၂ သိန်း ဝန်းကျင်သာ ရှိပေမယ့် ၁၅ သိန်း ဝန်းကျင် အထက်ကို ဈေးပေါက်နေတာဟာ အစိုးရက လိုင်စင်ချထားပေးမှုကို ရပ်ဆိုင်းထားတာကြောင့် ဖြစ်တယ်လို့ ဆိုက်ကားဆရာတွေက ပြောပါတယ်။

ရန်ကုန်မြို့တွင်း ဆိုက်ကား လိုင်စင် ချထားပေးမှုကို နှစ်အလိုက် လျှော့ချပြီး တဖြည်းဖြည်းနဲ့ ပပျောက်သည် အထိ ဆောင်ရွက်သွားမယ်လို့ ရန်ကုန်တိုင်း ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီက လတ်တလော ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ရန်ကုန်မြို့တွင်း ဟိုနားဒီနား ဈေးသွားဈေးပြန်သူတွေဟာ ဆိုက်ကားကိုပဲ အားထားရပါတယ်။ ဆိုက်ကားနဲ့ လေးငါးခြောက်ရာ ကျသင့်မယ့် လမ်းခရီးကို တက္ကစီ ငှားမယ် ဆိုရင် တစ်ထောင်၊ ထောင့်နှစ်ရာ ပေးရမှာဖြစ်တာကြောင့် ဆိုက်ကားငှားတာဟာ တက္ကစီငှားတာထက် တွက်ခြေကိုက်တယ်လို့ ဆိုရပါမယ်။ အထုတ် အပိုးတွေကိုလည်း ဆိုက်ကားဆရာ အများစုက ဝိုင်း ကူတင် ချပေးတာကလည်း တက္ကစီထက် သာတဲ့ အချက်ပါပဲ။

နောက်တစ်ချက်က လူအများစုရဲ့ ဝင်ငွေဟာလည်း တက္ကစီ ငှားစီးနိုင်တဲ့ အခြေအနေကို လက်လှမ်း မမီတာပဲ ဖြစ်ပါတယ်။
ဗိုလ်တထောင်မြို့နယ်အတွင်း နေထိုင်သူ တစ်ဦးက “ညမိုးချုပ်ရင် လိုင်းကား မရှိတော့ဘူး။ တက္ကစီလည်း နေ့တိုင်း ငှားမစီးနိုင်ဘူး။ အဲဒီတော့ စီးစရာ ဆိုက်ကားပဲ ရှိတယ်။ ဆိုင်ကယ် စီးခွင့်ပေးမယ် ဆိုရင်တော့ စရိတ် ကျဉ်းကျဉ်းနဲ့ ခရီးတွင်တာပေါ့” လို့ ပြောပါတယ်။
အစိုးရက တရားဝင် လိုင်စင်ချထားပေးတဲ့ မြို့တွင်း ဆိုက်ကား အရေအတွက်က ၇၃၆ စီး ရှိတယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီရဲ့ စာရင်းတွေအရ သိရတယ်။

အစိုးရက လိုင်စင်ချထားပေးမှုကိုသာ ကန့်သတ်နိုင်ပေမယ့် အမှန်တကယ် လူထုရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ခြင်း မရှိပါဘူး။ ရန်ကုန်မြို့တွင်း အမှန်တကယ် ပြေးဆွဲနေတဲ့ ဆိုက်ကား စီးရေပေါင်း သုံးထောင်ကျော် ရှိတယ်လို့ ဆိုက်ကားနင်းသူတွေက ခန့်မှန်းကြပါတယ်။

ရန်ကုန်မြို့တွင်း ဆိုက်ကားနင်းသူ အများစုဟာ သာကေတ၊ ဒလ နဲ့ လှိုင်သာယာဘက်မှာ နေထိုင်တဲ့သူတွေ ဖြစ်ကြပါတယ်။ နယ်မြို့တွေကနေ ရန်ကုန်ကို ရောက်လာပြီး အလုပ်မရှိခင်စပ်ကြားမှာ ဆိုက်ကားနင်း အသက်မွေးတဲ့သူ အချို့လည်း တွေ့နိုင်ပါတယ်။ အသက်မွေး ဝမ်းကျောင်းဖို့ ခက်ခဲတဲ့ ရန်ကုန်မြို့မှာ ဆိုက်ကား နင်းတာဟာလည်း ဝင်ငွေ အသင့်အတင့် ရနိုင်တဲ့ အလုပ်အကိုင် တစ်ခု ဖြစ်ပါတယ်။

အင်ဘီး၊ ပွားဘီး လို့ ခေါ်တဲ့ လိုင်စင်မဲ့ ဆိုက်ကားစီးရေဟာ တစ်နေ့တစ်ခြား တိုးတိုးလာတယ်လို့ ရန်ကုန်မြို့တွင်းမှာ ဆိုက်ကား ထောင်ထားတဲ့ အုံနာတွေက ဆိုပါတယ်။ ဒီအချက်ဟာလည်း လိုင်စင်ဘီးတွေ ဈေးမြင့်တက်စေတဲ့ အချက်ပါပဲ။

ပုဇွန်တောင်မြို့နယ် အတွင်း နေထိုင်တဲ့ ဆိုက်ကားအုံနာ တစ်ဦးက “အင်ဘီးငှားလည်း ဒီအုံနာကြေးပဲ။ လိုင်စင်ဘီးလဲ ဒီအုံနာကြေးပဲ။ စပေါ်ငွေပဲ ကွာတယ်။ ဆိုက်ကား တစ်စီးကို နင်းလို့ရရုံ အဖြစ်ဆင်မယ် ဆိုရင် ငါးသောင်းလောက်နဲ့ ရတယ်” လို့ ဆိုက်ကားဈေးကွက်အခြေအနေကို သုံးသပ်ပြပါတယ်။

ဆိုက်ကားတစ်စီးရဲ့ အုံနာကြေးဟာ နေ့လယ် ကျပ် ၇ဝဝ နဲ့ ညဘက် ကျပ် ၅ဝဝ ဖြစ်ပါတယ်။ စပေါ်ငွေကတော့ လိုင်စင်ဘီးနဲ့ အင်ဘီး ဆယ်ဆ ကွာခြားပါတယ်။ အင်ဘီး တစ်ဘီးကို စပေါ်ငွေ သုံးသောင်းကျပ်သာ ပေးရပေမယ့် လိုင်စင်ဘီး တစ်ဘီးကို အနည်းဆုံး ကျပ် သုံးသိန်းပေးရပါတယ်။

ပုဇွန်တောင်မြို့နယ် အတွင်းမှာ လိုင်စင်ဘီး ၁ဝ ဘီး ဝန်းကျင်ခန့်သာ ရှိပေမယ့် အစီး ၄ဝ လောက် ပွားထားတဲ့ ဆိုက်ကားအုံနာလည်း ရှိပါတယ်။

ရန်ကုန်မြို့က ဆိုက်ကားတွေကို စည်းကမ်း ထိန်းသိမ်းတဲ့ အဖွဲ့ ၂ဖွဲ့ ရှိပါတယ်။ တစ်ဖွဲ့က ယာဉ်ထိန်းရဲ နဲ့ ကျန် တစ်ဖွဲ့က စည်ပင် ဖြစ်ပါတယ်။

ယာဉ်ထိန်းရဲက ယာဉ်ကြောမှားတဲ့ ဆိုက်ကားတွေကို ဒဏ်တပ် အရေးယူပါတယ်။ လိုင်စင်ရှိ မရှိကို အဓိက မထားပါဘူး။ ယာဉ်ကြော မှားနင်းခဲ့ရင် ဒဏ်ငွေ တစ်သောင်းလေးရာကျပ် ပေးဆောင်ရပါတယ်။ စည်ပင်ကတော့ ယာဉ်ကြောမှားတာထက် လိုင်စင်ကို အဓိကထား စစ်ဆေးတတ်ပါတယ်။ လိုင်စင်မဲ့ ဆိုက်ကားတွေကို နိုင်ငံတော်ပိုင် အဖြစ် သိမ်းယူပါတယ်။
ရဲဖမ်းရင်တော့ ဒဏ်ငွေဆောင်ရင် ဆိုက်ကား ပြန်ရနိုင်သေးပေမယ့် စည်ပင် ဖမ်းရင်တော့ ဆိုက်ကား တစ်စီးလုံး ပြန်ရဖို့ လမ်း မရှိတော့ပါဘူး။

“ရဲထက် စည်ပင်ကို ကျွန်တော်တို့ ပိုကြောက်တယ်” လို့ အင်ဘီးနင်းတဲ့ ဆိုက်ကားဆရာတွေက ပြောကြတယ်။

အဖမ်းအဆီးနဲ့ အကန့်အသတ်တွေ များပေမယ့် ဆိုက်ကားဈေးနှုန်းတွေကတော့ အခုချိန်ထိ ကျဖို့ လမ်းမမြင်ဘူး လို့ ဆိုက်ကားဆရာတွေက ဆိုကြပါတယ်။

တစ်ကယ်လို့သာ ရန်ကုန်မြို့တွင်း ဆိုက်ကား သွားလာခွင့်ကို ပိတ်ပင်ခဲ့မယ် ဆိုရင်တော့ “ဗီစီဒီ ခိုးကူးခွေတွေသာ လမ်းဘေးမှာ ထိုင်ရောင်းတော့မယ်။ အပြာကားပဲ ဖြစ်ဖြစ် အဝါကားပဲ ဖြစ်ဖြစ် မရှက်မကြောက် ထိုင်ရောင်းတော့မယ်” လို့ အသက် ၇၃ နှစ်အရွယ်၊ ဆိုက်ကားနင်းသက် နှစ် ၃ဝ ကျော်ရှိ ဆိုက်ကားဆရာတစ်ဦးက ညည်းတွားလိုက်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဆိုက်ကားတစ်စီး တန်ဖိုးဟာ မော်တော်ဆိုင်ကယ် နှစ်စီးရဲ့တန်ဖိုးနဲ့ ညီမျှတယ် ဆိုရင် အဲဒီနေရာဟာ မြို့တော်ရန်ကုန် လို့ပဲ မှတ်ယူလိုက်ပါတော့။

Citizen of Burma Association to support charity drive for local volunteers' group

ပြည်သူ့ဂုဏ်ရည်မိတ်ဆွေများက လူထုမဲဆန္ဒ ခံယူသည့် ဆုချီးမြှင့်ရေးလုပ်ငန်းအပြင် ပြည်တွင်းသို့ ကူညီသည့် အလှူခံလုပ်ငန်းကိုပါ တိုးချဲ့မည်ဟု ပြောကြား
မိုးမခအထောက်တော် ၀၀၂
ဇွန် ၃၀၊ ၂၀၁၀၁
၂၀၁၀ ခုနှစ်အတွက် မြန်မာပြည်တွင်းရှိ စေတနာ့ဝန်ထမ်း လူမှုလုပ်ငန်းစွမ်းဆောင်သူများကို မဲစစ်တမ်းများ ကောက်ယူပြီး အများဆန္ဒတောင်းယူ၍ ဂုဏ်ပြုချီးမြှင့်ခဲ့သည့် အစီအစဉ်တွင် နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ ဦးဆောင်သူ (ဦး) ကျော်သူကို ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်နိုင်ခဲ့သည့် အမေရိကန်ရောက် မြန်မာမိသားစုများ စုစည်းသည့် လှုပ်ရှားမှုက ၂၀၁၁ အတွက် ပြည်သူ့ဂုဏ်ရည်စာရင်းတင်သွင်းရန် အမည်စာရင်းများ လက်ခံလျက်ရှိသည်ဟု သိရသည်။
၎င်းတို့၏ ၀က်ဆိုက်စာမျက်နှာသစ်မှာ - http://2011.citizenofburma.org ဟု တွေ့ရှိရပြီး၊ မူလလိပ်စာဖြစ်သည့် http://citizenofburma.org က တဆင့်လည်း သွားရောက်နိုင်သည်ဟု ဆိုသည်။ ထိုဝက်ဆိုက်ဒီဇိုင်းအသစ်ကို ဥရောပနိုင်ငံရောက် ကိုမင်းကျော်က စေတနာဖြင့် တည်ဆောက်ပေးသည်ဟု သိရသည်။
အမေရိကန်ရောက် မြန်မာမိသားစုများ၏ ၀ိုင်းဝန်း အားပေးကူညီမှု၊ ဆောင်ရွက်မှုများဖြင့် လက်တွဲဆောင်ရွက်နေသည့် ပြည်သူ့ဂုဏ်ရည်အဖွဲ့က လုပ်အားပေးများ၊ အကြံဉာဏ်ပေးသူများ နှင့် စေတနာရှင် အလှူရှင်များကို တိုးချဲ့ကြိုဆိုလျက်ရှိရာ ၂၀၁၀ ခုနှစ်၏ ပြည်သူ့ဂုဏ်ရည် အမည်စာရင်းဝင် (၂၄ ဦး) ထံသို့ အများပြည်သူ၏ စိတ်ဆန္ဒအလျောက် ၀ိုင်းဝန်းလှူဒါန်းမှုများကိုလည်း အဆင်ပြေချောမွေ့အောင် ဆောင်ရွက်ပေးလျက်ရှိသည်ဟု ဆိုသည်။
“လက်ရှိမှာ - ဦးကျော်သူတို့ နာရေးကူညီမှုအသင်း (ရန်ကုန်)၊ ဦးအေးမြင့် (လမ်းပြကြယ်အဖွဲ့)နဲ့ မဖြူဖြူသင်း (HIV/ AIDS ဝေဒနာသည်နဲ့ မိသားစုများ စောင့်ရှောက်ရေး) တို့အတွက် အများပြည်သူက ၀ိုင်းဝန်းလှူဒါန်းမှုတွေကို အဆင်ပြေချောမွေ့မှု ရှိအောင် ဆောင်ရွက်ပေးပါတယ်။ အချို့ကတော့ ကိုယ်တိုင်ကိုယ်ကျ လှူဒါန်းချင်တယ်။ အချို့ကတော့ အလှူငွေ ဖြတ်ပိုင်းကို ပြည်တွင်းကနေ ပြန်ပို့ပေးတာမျိုး လိုချင်တယ်။ တော်တော်များများကတော့ ပြည်သူ့ဂုဏ်ရည်က တာဝန်ခံပြီး အလှူငွေကို လက်ခံပြီး ပေးပို့တာမျိုးကို သဘောကျပါတယ်။ နောက်ပိုင်းမှာ မြန်မာပြည်တွင်းက ပြည်သူ့ဂုဏ်ရည်အမည်စာရင်းဝင်တဲ့ လူမှုရေးစွမ်းဆောင်သူ စေတနာရှင်အဖွဲ့တွေ၊ လူပုဂ္ဂိုလ်တွေဆီကို ဒါနပြုကြတဲ့အလှူရှင်တွေကို အမည်နဲ့ စာရင်းထုတ်ပြန်ပြီးတော့ ၀က်ဆိုက်မှာ စုစည်း ပြန်ကြားသွားဖို့ စီစဉ်နေပါတယ်” ဟု ပြည်သူ့ဂုဏ်ရည်မိတ်ဆွေတဦးဖြစ်သူ အယ်လ်အေမြို့က လုပ်အားပေးတာဝန်ခံတဦးဖြစ်သူ ကိုကျော်ဝဏ္ဏက ပြောကြားသည်။
၂၀၁၀ ခုနှစ် ဇန်န၀ါရီလဆန်းမှ စတင်ပြီး မြန်မာပြည်တွင်းရှိ လူမှုလုပ်ငန်း စေတနာ့ဝန်ထမ်း စွမ်းဆောင်သူများကို စာရင်းပြုစုခြင်း၊ အများပြည်သူ၏ စာရင်းတင်သွင်းမှု လက်ခံခြင်း၊ ဂုဏ်ပြုဆု ချီးမြှင့်ရန် ရန်ပုံငွေ စုဆောင်းခြင်း၊ အမေရိကန်ပြည်ထောင်စုအတွင်းရှိ မြို့နယ်များအလိုက် လုပ်အားပေးအဖွဲ့များ၏ စုပေါင်းသဘောထားဖြင့် ပြည်သူ့ဂုဏ်ရည်အမည်စာရင်းဝင်များကို ထုတ်ပြန်ကြေငြာခြင်းတို့ ပြုလုပ်ခဲ့သော ပြည်သူ့ဂုဏ်ရည်မိတ်ဆွေများသည် ၂၀၁၀ ဧပြီလတွင် အင်တာနက်ဆန္ဒမဲစနစ်ဖြင့် ပြည်သူ့ဂုဏ်ရည် နောက်ဆုံးဆန်ကာတင် ၅ ဦးအနက်မှ မဲအများဆုံးရရှိသူ (ဦး) ကျော်သူ (နာရေးကူညီမှုအသင်း (ရန်ကုန်)) ကို ၂၀၁၀ ခုနှစ်၏ ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်နိုင်ခဲ့သည်။
          ထိုနောက်ပိုင်း ၂၀၁၀ ဧပြီလကုန်နှင့် မေလဆန်းမှ စတင်ပြီး မြန်မာပြည်တွင်း သောက်သုံးရေ ရှားပါးမှုဒဏ်ကို ခံစားရသော ကျေးလက်များ၊ နယ်များသို့ ပြည်ပက စေတနာရှင်အလှုရှင်များက ငွေကြေးများ လှူဒါန်းလာကြရာ ပြည်သူ့ဂုဏ်ရည်အဖွဲ့ကလည်း မိမိလုပ်အားပေးအဖွဲ့များဖြင့် ရန်ပုံငွေ စုဆောင်းခြင်း၊ လာရောက်ဆက်သွယ်ကြသူ မြန်မာမိသားစုများ၊ အစုအဖွဲ့များက အလှူငွေများကို မြန်မာပြည်တွင်းရှိ စေတနာ့ဝန်ထမ်းလူမှုလုပ်ငန်းစွမ်းဆောင်သူ အဖွဲ့များသို့ ရောက်ရှိရန် ကူညီပေးခြင်းများကို အများ၏ တောင်းဆိုချက်အရ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
          “အခုချိန်မှာ ဆက်လက်ပြီးတော့ ဂုဏ်ယူဖွယ်ရာ မြန်မာများ ဆိုတဲ့ကဏ္ဍကို စာရင်းပြုစု နေပါတယ်။ မြန်မာပြည်တွင်းက စာနယ်ဇင်းသမားတွေနဲ့ စေတနာရှင်လုပ်အားပေးတွေဆီက အချက်အလက်တွေလည်း စုဆောင်းတယ်။ အခုလို အင်တာနက်ကနေပြီး အများက စာရင်းသွင်းတာကိုလည်း လက်ခံတယ်။ ဒါကို မြို့နယ်အလိုက် ၀ိုင်းဝန်းကြတဲ့ လုပ်အားပေးတွေ၊ လက်ရှိ ယာယီ တာဝန်ခံအဖွဲ့ဝင်တွေရဲ့ အများသဘောထားနဲ့အညီ ၀က်ဆိုက်ပေါ်မှာ ရွေးချယ် တင်ဆက်သွားမှာ ဖြစ်ပါတယ်။ အခုအချိန်မှာ ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်နိုင်ရန် ရန်ပုံငွေ စုဆောင်းပြင်ဆင်ကြတာအပြင် ပြည်တွင်းက ပြည်သူ့ဂုဏ်ရည်အတွက် အမည်စာရင်းတင်သွင်းခြင်း ခံခဲ့ရတဲ့ လူမှုလုပ်ငန်း စေတနာ့ဝန်ထမ်းတွေအတွက်ပါ တောင်းဆိုလာတဲ့ အခြေအနေ၊ လိုအပ်ချက် ပေါ်ပေါက်လာမှုပေါ်မူတည်ပြီးတော့ အလှူငွေလက်ခံတဲ့ အလုပ်ကိုပါ ဆောင်ရွက်နေရတာ ဖြစ်ပါတယ်။ စည်းကမ်းစနစ်တကျနဲ့ ပရိသတ်ကို အသိပေးပြီး လုပ်နေတဲ့အကြောင်းကို အသိပေးပါတယ်”
          ဟု ပြည်သူ့ဂုဏ်ရည်အဖွဲ့ ပြန်ကြားရေး နဲ့ ဆန်ဖရန်ဘေးဧရိယာက လုပ်အားပေး တာဝန်ခံတဦးဖြစ်သူ (ကို) မောင်ရစ်က ပြောကြားသည်။
          ပြည်သူ့ဂုဏ်ရည်အဖွဲ့၏ မူလလုပ်ငန်းစဉ်တရပ်ဖြစ်သော ပြည်သူ့ဂုဏ်ရည်ဆု အများသဘောထားဖြင့် ရွေးချယ် ချီးမြှင့်ခြင်းကို ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း၊ ၂၀၁၁ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည်အခမ်းအနားကို လာမည့် ၂၀၁၁ မေလအတွင်း ဆန်ဖရန်စစ္စကို ဘေးဧရိယာတွင် ကျင်းပနိုင်ရန်နှင့် ၂၀၁၁ နှစ်ဆန်းတွင် ပြည်သူ့ဂုဏ်ရည်ဆုချီးမြှင့်နိုင်ရန် ရန်ပုံငွေပွဲများ ပြုလုပ်ကြရန်၊ စသည့် ပဏာမသဘောတူညီချက်များအခြေခံလျက် လုပ်အားပေးများ၊ စေတနာရှင်များကို အသိပေး တိုင်ပင် ဆွေးနွေးလျက်ရှိကြောင်း ဆန်ဖရန်ဘေးဧရိယာ မြို့နယ်လုပ်အားပေးတာဝန်ခံတဦးထံက သိရှိရသည်။
          ယခုအချိန်ကတည်းက ပြည်သူ့ဂုဏ်ရည် လှုပ်ရှားမှုများ ကျယ်ပြန့်အားပေးမှုများ ရရှိစေရေးအတွက် ရန်ပုံငွေ အထိမ်းအမှတ် ပိုစတာများ၊ ပို့စကဒ်များ ထုတ်ဝေ ဖြန့်ချိရန် စီစဉ်နေကြောင်းကို နယူးယောက်မြို့က လုပ်အားပေးတာဝန်ခံ ကိုဝေလ က မိုးမခသို့ ပြောကြားသွားသည်။
(ဓာတ်ပုံ - ပြည်သူ့ဂုဏ်ရည် ၂၀၁၀ ဆုရှင် (ဦး) ကျော်သူဖြင့် ဒီဇိုင်းထုတ်ထားသည့် ပိုစတာ၊ ပို့စကဒ် နမူနာ။ ဒီဇိုင်းပညာရှင် - ကိုမျိုး(Art))

a joke made in burma

ကမ္ဘာကျော်သည့် ဟာသ
ဘီရုမာ
ဇွန် ၃ဝ၊ ၂ဝ၁ဝ

ကျောင်းခဏပိတ်၍ မြန်မာပြည် အလည်ပြန်လာစဉ်က ကမ္ဘာ့ဖလား ဘောလုံး ရှုံးထွက်ပွဲတွေ ကန်နေကြချိန် ဖြစ်ပါသည်။ မြန်မာတီဗီတွေကလည်း တိုက်ရိုက် ထုတ်လွှင့်ပေးမယ်ဟု ကြေညာထားသော်လည်း ကြည့်ရဖို့က မကျိန်းသေဘူးဟု ထင်သည်။ ဒီအချိန်လောက်ဆို တောင်အာဖရိကတွင် ဗူဗူဇီးလားသံတွေ ညံနေလောက်ပြီ။ မြန်မာပြည်မှာတော့ လျှပ်စစ်မီး မလာ၍ မီးစက်သံတွေက တထုံးထုံး ညံနေသည်။ တကမ္ဘာလုံးက စိတ်ဝင်တစား စောင့်ကြည့်နေကြသည့် ကမ္ဘာ့ဖလားကို ကျနော်လည်း ကြည့်ချင်ပါသည်။

တချိန်က ကမ္ဘာ့မြေပုံပေါ် ရှိမရှိ ကျနော်သေချာ မသိခဲ့သော တောင်အာဖရိကလို နိုင်ငံမှာ ခမ်းခမ်းနားနား ကမ္ဘာ့ အဆင့်မှီ ဘောလုံးပွဲတော်ကြီး ကျင်းပနေပါသည်။ ဒီလိုအချိန်မျိုးမှာမှ ဟိုးတုန်းက အာဖရိက ကန္တာရနဲ့ တဖြည်းဖြည်း တူလာပြီဖြစ်သည့် မြန်မာနိုင်ငံကို ပြန်လာမိသဖြင့် နောင်တ ရချင်မိသည်။

ဂျပန်မှာတုန်းက အုပ်စုပွဲတွေကို သူငယ်ချင်းတွေနှင့် အတူ နေ့တိုင်း ပျော်ပျော်ပါးပါး ကြည့်ခဲ့ရသည်။ ပိုစိတ်ဝင်စားဖို့ ကောင်းသော ရှုံးထွက်ပွဲတွေ ရောက်ကာမှ ကျနော် မြန်မာပြည်ကို ပြန်လာမိခဲ့သည်။ အနီးအနားက မီးစက် မောင်းထားသည့် တိုက်ခန်းတွေကိုပဲ တံခါးခေါက်ပြီး ၀င်ကြည့်လိုက်ချင်သည်။ ဒါလည်း မဖြစ်နိုင်။ အကယ်၍ သူတို့က ဘောလုံးပွဲ ကြည့်နေတာ မဟုတ်ရင် ကျနော် အမျိုးသမီးရေးရာကို ရောက်သွားနိုင်သည်။

ထိုင်လိုက်၊ ထလိုက်၊ ပါးစပ်ကပွစိပွစိဆဲလိုက်နဲ့ မြန်မာပြည်ပြန်ရောက်သည့် တရက်၊ နှစ်ရက်မှာပဲ မြန်မာပြည်သား ဘ၀ကို ကောင်းကောင်း ပြန်ရခဲ့ပါသည်။ နောက်ဆုံး အကြံတခု ရမိသည်။ မြို့ထဲက မီးစက် မောင်းပြီး စလောင်းကနေ တိုက်ရိုက် ဖမ်းပြီးပြသည့် ဘီယာဆိုင်ကြီး တဆိုင်သို့ သွားပြီး သူများဘီယာဝိုင်းမှာ သွားကပ်ကြည့်ရန် ဖြစ်သည်။

ကြည့်ချင်စိတ်တွေ ပြင်းထန်လွန်းသဖြင့် ကြိုးစားလိုက်ရာ ဘပ်စ်ကားခ ၂၀၀ တည်းနှင့် အဆင်တော့ ပြေသွားပါသည်။ သူလိုကိုယ်လိုပဲ နောက်မှာ၊ အပေါက်ဝမှာ ယောင်ပေပေ မတ်တတ်ရပ်ပြီး ကြည့်နေသူတွေ အများကြီး ရှိနေသည်။ မတ်တတ်ပဲ အားပေးနေရင်း ရှေ့နားက ၀ိုင်းတ၀ိုင်းတွင် ခုံတခုံ လွတ်နေတာ သတိထားမိ၍ ခပ်တည်တည် သွားထိုင်လိုက်သည်။

ဖြစ်ချင်တော့ ကျနော် သွားကပ်ထိုင်သည့် ဝိုင်းက နဖူးပြောင်ပြောင်နှင့် ဟာသသရုပ်ဆောင်တဦး ဖြစ်နေသည်။ ကျနော်က အကိုကြီး ဒီဝိုင်းမှာ ကျနော်ကပ်ထိုင်မယ်နော် ဆိုတော့ သူက "ထိုင်၊ ထိုင် ကောင်လေး... ငါလည်း ကပ်ထိုင်နေတာ" ဟူ၏။

သူ့ဘေးကိုကြည့်လိုက်ရာ လူဝကြီးနှစ်ယောက်က ဘီယာကို ဘောလုံးပွဲဖြင့် မြည်းနေကြသည်။ ဘရာဇီးနှင့် ချီလီ ကန်သည့်ပွဲ။ ပတ်လည်ပွဲတုန်းကတော့ မြောက်ကိုးရီးယား နှင့် ကမ္ဘာ့အဆင့် (၁) ဘရာဇီးအသင်းပွဲ ကြည့်လိုက်ရသည်။ အကောင်းဆုံး အသင်းနှင့် ခပ်ညံ့ညံ့အသင်း ကန်သည် ဆိုသော်လည်း ဂိုးပေါက်အတွင်း ဘောလုံး ဝင်သွားရင် အနုမြူ ထပေါက်မယ်များ မှတ်သလားမသိ။ ဘရာဇီးက တော်တော်နှင့် ဂိုးမရနိုင် ဖြစ်နေ၍ မရိုးမရွ ဖြစ်ခဲ့ရသည်။ အဲဒီတုန်းက စိတ်ပျက်မိတာတော့ အမှန်။

ဘာပဲဖြစ်ဖြစ် ဘရာဇီးရဲ့ တည်ငြိမ်မှု၊ အချင်းချင်း တသားတည်း ဖြစ်မှု၊ ကစားပုံ ထူးခြားမှုတွေကြောင့် တခြား အသင်းတွေထက် ပိုကြိုက်သည်။ ဒီပွဲမှာလည်း ပထမမှာတော့ ဘရာဇီးက ပေကပ်ကပ် လုပ်နေပေမယ့် နောက်ပိုင်းမှာ အစွမ်းပြလာပါသည်။ ပထမပိုင်းအပြီးမှာ ဘရာဇီးက ချီလီကို ၂ ဂိုး သွင်းလိုက်နိုင်သည်။

ဒီလိုနှင့် ဘောလုံးပွဲ အားလပ်ချိန်ပေးသည့်အခါ ဘောလုံးပွဲ ကပ်ကြည့်နေသည့် ဟာသသရုပ်ဆောင်ကြီးက ကျနော့်ကို ကုတ်တဗူး ဝယ်တိုက်ပါသည်။ ဘောလုံး အကြောင်းတွေ ဆွေးနွေးကြရင်း သူနဲ့ကျနော် စကား လက်ဆုံ ကျနေခဲ့ကြသည်။

ဘောလုံးအကြောင်းထဲမှာ လျှပ်စစ်မီးတွေလည်း ပါသည်။ ရေအကြောင်းလည်း ပါသည်။ မြန်မာ ဘောလုံးကလပ်တွေလည်း ပါသည်။ မြန်မာအသင်းသည်လည်း တကယ် အစစ်အမှန် ကြိုးစားခွင့် ရှိလာလျှင် အာရှသာမက ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေကို လှမ်းနိုင်လာမည် ဖြစ်ကြောင်း မြောက်ကိုးရီးယား အသင်းကို ဥပမာပေး၍ ပြောကြသည်။

မြန်မာက နိုင်ငံတကာပွဲတွေ သွားကန်ပြီ ဆိုလျှင် နိုင်ငံခြားမှာ ရှော့ပင်းထွက်လိုသူတွေက အရည်အချင်း မရှိ သော်လည်း သူ့ထက်ငါ အပြိုင် လိုက်ခွင့်ရဖို့ ကြိုးစားကြသည့် အကြောင်းတွေလည်း ပါသည်။ အဲဒီကနေ နိုင်ငံခြား အကြောင်းတွေ ရောက်သွားကြပြန်သည်။

ကျနော်က ဂျပန်မှာ ဘယ်နေရာမဆို ဘောလုံးပွဲ ကောင်းကောင်း ကြည့်လို့ ရနေတာကို မြန်မာပြည် ပြန်လာမိတဲ့ အတွက် ကိုယ့်ကိုယ်ကို အပြစ်တင်မိတယ် ဟု ပြောရာ “ကောင်လေး၊ ကမ္ဘာကျော်တဲ့ ဟာသ တပုဒ် ကြားဖူးလား” ဟု ပြန်ပြောသည်။ မဆီမဆိုင် ဖြတ်ပြောတယ်ဟု ထင်လိုက်မိသည်။

ပြောပြပါဦးဆိုတော့ သူက “ငါလည်း မကြာသေးခင်က ထိုင်းနိုင်ငံက ပြန်လာတာကွ။ ဒါပေမယ့် အပေါ်ကနေ တရားဝင် သွားတာတော့ မဟုတ်ဘူး” ဆိုပြီး သူ၏ ကမ္ဘာကျော်သည့်ဟာသ အကြောင်းကို အစချီပြီး ပြောပြပါတော့သည်။

“ငါလည်း ဒီနောက်ပိုင်းမှာ ခိုးကူးတွေက အရမ်း သောင်းကျမ်းနေလို့ ကားရိုက်တွေ ကျဲတာကြောင့် အလုပ် သိပ်မရှိဘူး။ ဒါနဲ့ သူများတွေလိုပဲ နိုင်ငံခြားမှာ အလုပ် သွားလုပ်ဖို့ စိတ်ကူးမိတယ်ကွ။ စရိတ်ကလည်း သိပ် မရှိတော့ ငါလည်း သူများတွေလိုပဲ လွယ်လွယ်ကူကူ အိမ်နီးချင်း ထိုင်းနိုင်ငံကို အောက်လမ်းကနေ ခိုးဝင်သွားတာပေါ့ကွာ။ ရောက်ပြီး မကြာပါဘူးကွာ၊ ကံဆိုးချင်တော့ တရားမဝင် ရွှေ့ပြောင်း အလုပ်သမားတွေ ဖမ်းတဲ့ထဲ ငါပါသွားရောကွ” ဟု ဆိုသည်။

ထိုသို့ အဖမ်းခံခဲ့ရပြီးသည့်နောက် ကံကောင်း ထောက်မစွာဖြင့် ထိုင်းရဲတွေက သူ့ကို မည်သူမည်ဝါ ဖြစ်မှန်း သိနေကြကြောင်း၊ သူ့အား သာမန် ရွှေ့ပြောင်း အလုပ်သမား မဟုတ်ဘဲ မြန်မာနိုင်ငံက ရုပ်ရှင်သရုပ်ဆောင် ဟာသမင်းသား ဖြစ်နေသဖြင့် မည်သို့ မည်ပုံ အရေးယူ ဆောင်ရွက်ရမည်ကို မဆုံးဖြတ်နိုင်ကြဘဲ ဖြစ်နေ၍ နောက်ဆုံး ထိုင်းဘုရင် မင်းမြတ်ထံသို့ ပို့ဆောင်လိုက်ကြကြောင်း ပြောပြပါသည်။

“ထိုင်းဘုရင်ကြီးဆီ ရောက်သည့် အခါ ထိုင်းဘုရင်ကြီးက ငါ့ကို ထိုင်းနိုင်ငံထဲ တရားမဝင် ရောက်နေတာ ဟုတ်သလား လို့ မေးတယ်။ ငါလည်း ဟုတ်ပါတယ် လို့ မှန်မှန်ကန်ကန်ပဲ ဖြေရတာပေါ့။ ပြီးတော့ မြန်မာနိုင်ငံက ရုပ်ရှင်သရုပ်ဆောင် ဟာသမင်းသား ဟုတ်သလား လို့ ထပ်မေးတယ်ကွ။ ငါလည်း ဟုတ်ပါတယ် လို့ ဖြေတယ်။ အဲဒီမှာသူက ဒါဆို မင်းကို အခွင့်အရေး တခုပေးမယ် လို့ ပြောတယ်။ ငါလည်း တော်တော် အားတက်သွားတာပေါ့ကွာ” ဟု သူက ဆိုသည်။

“ဘုရင်ကြီးက ဘာပြောသလဲ ဆိုတော့ ကျုပ်ကို ရယ်အောင် ဟာသ တခု ပြောနိုင်ရင် ခင်ဗျားကို ပြန်လွှတ်ပေးမယ် တဲ့။ အဲဒီမှာ ငါ အကြပ်ရိုက်တာပဲဟေ့။ ထိုင်းဘုရင်ကြီးကို ကြည့်လိုက်တော့လည်း အင်မတန် တည်တာကွ။ တော်ရုံတန်ရုံ ဟာသပြောလည်း ရယ်ဖို့ ဝေးစွ ပြုံးမယ့်ဟန်တောင် မပေါက်ဘူး။ ဟာသကလည်း တခုတည်း ပြောရမှာ။ ဒါပေမယ့် ငါလည်း ဟာသမင်းသားကြီးပဲကွာ ဘယ်ရမလဲ၊ ဟဲ... ဟဲ... ငါ စကား တစ်ခွန်းပဲ ပြောလိုက်တယ် အဲဒီ ထိုင်းဘုရင်ကြီး ၇ ရက်လုံး အရယ် မရပ်တော့ဘူး ကွ၊ ဟားဟားဟား” ဟု ပြောပြီး သူ့စကား သူ သဘောကျနေသည်။

သူ့အတွေ့အကြုံနှင့် ကမ္ဘာကျော်နိုင်သည့် ဟာသစကားကို သူက ရယ်ရယ်မောမော ပြန်ပြောပြတော့ ဘေးက လူဝကြီးနှစ်ယောက်ရော၊ ကျနော်ပါ ရယ်လိုက်ကြရတာ မျက်ရည်များပင် ထွက်မိသည်။ ကန်နေသည့် ဘရာဇီးလည်း ဘယ်ရောက်သွားမှန်း မသိတော့။

ထိုင်းဘုရင်ကြီး အရယ် မရပ်အောင် သူ ပြောနိုင်ခဲ့သည့် တခွန်းတည်းသော ဟာသစကားမှာ “မြန်မာ့ အားကစား ကမ္ဘာကို လွှမ်းစေရမည်” ဟူ၏။

Moe Cho Thin - The art of teaching

စာသင်ခြင်း

မိုးချိုသင်း

ဇွန် ၃၀၊ ၂၀၁၀

အခု ဒီမှာ နွေရာသီ ရောက်လာပြီဆိုတော့ ထုံးစံအတိုင်း ပူ စ ပြုပြီပေါ့။ ပူတော့ နေလို့ ထိုင်လို့ မကောင်းဘူး။ လင်းတော့ လင်းချင်းပါရဲ့၊ ဒါပေမဲ့ အိုက်တယ်။ ကိုယ်က ဒီမှာ နွေဦးရာသီကို သဘောကျတယ်။ ရာသီဥတုလဲ ကောင်း၊ နေရောင်ခြည်လဲ ကောင်းကောင်းရလို့ပါ။ ပန်းတွေလဲ ပွင့်ကြတာမို့ မြင်မြင်သမျှ နှစ်သက်မိတယ်။
ငယ်ငယ်တုန်းက နွေရာသီဆိုရင် ကျောင်းပိတ်တာမို့ ပျော်စရာအကောင်းဆုံးပေါ့။ ကလေးဆိုတော့ နွေရာသီကိုသာ မျှော်မိတာပဲ။ ကျောင်းတက်ရတဲ့အချိန်တွေမှာ မနက်စောစော ကျောင်းတက်ဖို့ နှိုးရသလောက် နွေရာသီ ကျောင်းပိတ်ရက်ကျရင်တော့ အစောကြီး အလိုလို နိုးနေတတ်တယ်။ ဆော့ဖို့ ကစားဖို့ ရယ်ဒီပဲ ဆိုသလိုပေါဲ့။ ဒါကလဲ ၇တန်းလောက်အထိပါပဲ။
၈တန်း ကျောင်းပိတ်ရက်ကစ ပြီး ကိုယ်တို့ အမေ့ကျောင်းကို စ လိုက်ရပါတယ်။ အမေ့ကျောင်းဆိုတာ အမေဖွင့်ထားတဲ့ မူကြိုကျောင်းလေးပါ။ အဲဒီကျောင်းလေးကို အမေနဲ့အတူ လိုက်သွားရပြီး အမေစာသင်တာ ကူလုပ် ကူဝိုင်းပြီး ကလေးတွေကို စာသင်ပေး၊ သီချင်းဆို သင်ပေးရတာ..။ ကလေးတွေက ကျောင်းကြီး မတက်ခင် မူကြိုကလေးတွေ ဆိုတော့ ကူထိန်းရင်း ကိုယ်ပါ ရောဆော့တဲ့အခါလဲ ဆော့ပေါ့။
အမေက မိဘကို ကူလုပ်ရင်း ဘ၀ကိုလဲ နားလည်အောင်၊ လူတွေနဲ့လဲ ဆက်ဆံတတ်အောင်၊ ကျောင်းပိတ်ထားချိန်မှာ စိတ်လဲ မလေအောင် ၈တန်းကျောင်းပိတ်ရက်က စပြီး ကိုယ်တို့ ညီအမတတွေ အမေ့ကျောင်းလိုက်ရတော့တာပဲ။ အစမှာတော့ ပျင်းတယ်။ မလိုက်ချင်ဘူး။ နောက်တော့ တဖြည်းဖြည်းနဲ့ စာသင်ရတာလဲ စိတ်ဝင်စားပြီး ပျော်လာတယ်။ ကလေးတွေနဲ့ နေရတာ၊ သူတို့ တိုးတက်မှုလေးတွေ စောင့်ကြည့်ရတာ၊ သူတို့ ဖြူစင်မှုလေးတွေ သဘောကျမိတာ အစုံပေါ့။
ကလေးလေးတွေကို ပေါင်ပေါ်မှာ ပွေ့ချီပြီး သူတို့လက်သေးသေးလေးတွေပေါ် ထပ်ကိုင်ရင်း ၀လုံး ၀လုံး လို့ဆိုပြီး ၀ိုင်းဝိုင်း ရေးတတ်အောင် အတူတူ ရေးရတယ်။ အဖေ့ရဲ့ “မမ၀၀ ထထက” ကဗျာသင်ရင် ပုံဖော်စရာမလိုဘဲ ကိုယ့်ကိုကြည့်ကြည့်ပြီး သူတို့ ဆိုကြတယ်။
“နေလုံးနီနီ ညနေစောင်းတော့ အမေ့ကျောင်းကို သွားရမယ်”
လို့ ဟန်ပန် အမူအရာလေးနဲ့ ဆိုရတာကို သဘောကျတယ်။
“မနီကလေး ဘာတွေသင်၊ စာရေးစာဖတ်သင်..”
ဆိုတာ အဖေက ကိုယ်တို့ ညီအမတတွေကို စပ်ခဲ့တာမို့ အဲဒီကဗျာလေးတွေ ပြန်သင်ပေးရတာ ပျော်တယ်။
ကလေးတွေက မပီကလာ ပီကလာ နဲ့ ခေါ်တာက ဆရာမ မိုးချုပ်သင်း တဲ့။ “ချို” ပါ ဆိုတာ ပြောမရ။ ဘယ့်နှယ် ငါ့နံမည် လှတပတမှာ မိုးကြီးစုန်းစုန်းချုပ် သလို ဖြစ်ရပါလိမ့် လို့..။ တချို့က တရုတ်ကလေးတွေမို့ “သင်း” ကို “တင်း” လုပ်ချင်သေးတယ်။ သူတို့အသံလေး နားထောင်ပြီး ရီရ အမောပြေရတာပေါ့။
သတ်ပုံစစ်လို့ ရရင် ကိုယ်က သူတို့ထက်တောင် ပျော်မိသေးတယ်။ တချို့ကလေးတွေက သူတို့ စာရလို့ ကိုယ်ပျော်တာကို သဘောကျပြီး စာတွေတောင် ကြိုးစားလို့..။ ဂဏန်းတွေများ တွက်လိုက်တာ တကုံးကုံးနဲ့..။ နှပ်ချေးကို လက်ခုံနဲ့ သုတ်လိုက်၊ ကိုယ့်ကို မော့ကြည့်လိုက်၊ တွက်လိုက် နဲ့..။ ကိုယ်ကလဲ အမှန်အရှည်ကြီး ခြစ်ပေးလိုက်တာ..။
ဒါနဲ့ အရှိန်ရပြီး အမေ့ကျောင်းတင်မက၊ အိမ်မှာပါ စာတွေ သင်တော့တယ်။ အိမ်မှာ စာသင်တာကတော့ အိမ်မှာ လာကူတဲ့ ရွာက ညီမတွေကိုပါ။ သူတို့ရွာကို စာရေးရင် အဆုံးသတ်မှာ တော်သေပြီ လို့ ရေးထားတာကို “သေ”မှာ ၀စ္စနှစ်လုံးပေါက် ထည့်မှ မှန်တော့မပေါ့ လို့ မင်နီနဲ့ ဖြည့်ပစ်လိုက်တာမျိုး ဆရာလုပ်တတ်တယ်။ တခါတလေများ စာမရရင် မင်နီနဲ့ ပြင်ပစ်တာ စာအုပ်မှာ ရဲပတောင်းခတ်လို့..။ ပညာစွမ်းပြတယ် ပြောရမှာပေါ့။
ခင်မ ဆိုတဲ့ ညီမတယောက်ကတော့ သတ်ပုံစစ်တော့မယ်ဆိုရင် သူ့လက်မှာ ကူးပြီး မှတ်ထားတယ်။ ကိုယ်က အစက မသိဘူး၊ ခပ်တည်တည်နဲ့ သတ်ပုံခေါ်နေတာ။ မီးရထား စီးလာပါ၊ အလကား မစီးရ တို့ဘာတို့ပေါ့။ သူက ဆံပင်ကွယ်ပြီး လက်ဖ၀ါးက စာတွေကို ခိုးကြည့်ပြီး ရေးနေတာလေ။ မှန်လှချည်လား အောက်မေ့လို့ လက်ဖ၀ါး ပြပါအုံး ဆိုတော့ ရီနေတယ်။ တံတွေးနဲ့ ကြိတ်ဖျက်သေးတယ်။ မမီဘူး။ ဆရာမ မိသွားတာပေါ့။
ကိုယ်က ခိုးချလို့ ဆူပူ ကြိမ်းမောင်းလဲ ခင်မ က ရီနေတာပါ။ စိတ်မဆိုးပါဘူး။ လိုက်လဲ လိုက်တဲ့ ဆရာ တပည့်ပဲ။ ကိုယ့်အမတွေကတော့ ကိုယ်တို့ညဖက် စာသင်ဖို့ ပြင်ဆင်နေကြပြီဆိုရင် အိမ်ပေါ်တက်ပြေးကြတယ်။ နားအေးပါးအေး လွတ်ရာပြေးကြတဲ့ သဘောပေါဲ့။ ခိုးချရင် ကိုယ်က ဆူ၊ သူက ရီနဲ့ မုန့်လုံးစက္ကူကပ်နေလို့လေ..။ ဟိုတယောက်ကလဲ စာရတောင် ခိုးတော့ ကူးလိုက်ရမှ.. ဆိုတာမျိုး။
“ခင်မရယ်၊ နင်ကလဲ နင်ပဲ၊ ဘာလို့ သူမကြိုက်တာ ခိုးချရသလဲ၊ မသင်ချင်လဲ မသင်ပါနဲ့တော့”
လို့ အမတွေက ပြောကြလဲ ခင်မက သင်ချင်တာပါပဲ။ အင်မတန် ကြိုးစားချင်စိတ်၊ စာတတ်ချင်စိတ် ရှိပါတယ်။ ဒီလိုနဲ့ သူလဲ ရည်းစားစာ ကို သတ်ပုံမှန်မှန်နဲ့ ရေးတတ်သွားပြီး ယောကျာင်္းရသွားမှပဲ ကိုယ်တို့စာသင်တာ တခန်းရပ်တော့တာ..။ သူကြိုးစားနေတာ ဒါကြောင့်ကိုး။
ဒီလိုနဲ့ လုပ်ငန်းခွင်ထဲရောက်၊ ရေခြားမြေခြားရောက်နဲ့ စာသင်ခန်းလေးနဲ့ အလှမ်းကွာသွားတယ်။ ဟိုးတလောက ကိုယ်တို့နေတဲ့မြို့မှာ မြန်မာကလေးလေးတွေကို အခမဲ့ မြန်မာစာ သင်ပေးကြမယ်ဆိုပြီး လူကြီးတွေက စီစဉ်ကြတော့ ကိုယ်တို့လဲ ကိုယ်တတ်နိုင်တဲ့ဖက်က ၀ိုင်းဝန်းကြတာပေါ့။ ရန်ကုန်မှာ ကျောင်းအုပ်ဆရာမ လုပ်သက်ရင့်ခဲ့တဲ့ မာမားနဲ့ အတူ သားအမိနှစ်ယောက် တနင်္ဂနွေနေ့တိုင်း ကလေးတွေကို မြန်မာစာ သွားသင်ကြပါတယ်။
ဒီမှာက ကလေးတွေက မြန်မာလိုစကားပြောတဲ့ အသိုင်းအ၀ိုင်းမှာ ကြီးပြင်းရတာမဟုတ်တော့ သူတို့ကို ကိုယ့်ဘာသာစကားတခုကို စိတ်ဝင်စားလာအောင်၊ ပြောချင်၊ ရေးချင်လာအောင် ဆရာမတွေအားလုံး တိုင်ပင်ဆွေးနွေးပြီး သင်ကြတာပါ။ ရန်ကုန်မှာ သင်ရတာနဲ့ မတူပါဘူး။ လူကြီးမိဘ ဆရာသမားကို ရိုသေလေးစားဖို့ ဂါရ၀တရားလဲ ပြောပြ သင်ပြရတယ်။ နားထောင်ကျင့် ပြောကျင့်ရအောင် ကဗျာတွေ၊ ပုံပြင်လေးတွေလဲ ဆိုပြ၊ ပြောပြရတယ်။
ကလေးတွေက စိတ်ပါဝင်စားကြပါတယ်။ စကားလဲ နားထောင်တယ်။ အိမ်စာလဲ မှန်မှန် လုပ်လာပြီ။ ဆရာမကို ပြောရင်လဲ မြန်မာလို ကြိုးစားပြီး ပြောကြတယ်။ တချို့မိဘတွေက မြန်မာလို အိမ်မှာ အမြဲပြောနေတဲ့ကလေးများဆိုရင်တော့ စကားပြောရာမှာ သိပ်အခက်အခဲ မရှိဘူး။ ပိုသွက်သွက် ပြောနိုင်တာပေါ့။ ကိုယ်တို့ကလဲ မြန်မာလိုပဲ ပြောပြီး သင်တာပါ။ ဘာသာစကားတခုဆိုတာ တတ်ထားရင် အကျိုးများတာပဲ မဟုတ်လား။
အဲဒီမှာ သင်တာနဲ့ ယူတာ ကွဲလွဲတာလေးတွေကို ပြောပြချင်သေးတယ်။ ပထမဆုံးနေ့မှာပဲ ၀လုံး သင်တယ်။ နောက် ထဆင်ထူး သင်လိုက်တယ်။ အိမ်ပြန်ရောက်တော့ ကိုယ်တို့မိတ်ဆွေ ကလေးအဖေက သူ့ကလေးကို မေးပါသတဲ့။ သားသားဆရာမက ဘာသင်လိုက်သလဲ လို့..။ ကလေးက ပြန်ဖြေတယ်။ နို့ နို့ တဲ့..။ မြတ်စွာဘုရား..။ ကိုယ်သင်လိုက်တာ ထဆင်ထူး သင်လိုက်တာပါ။ ကလေး အမြင် စူးရှလွန်းတယ်။
နောက်တခါတော့ ကလေးတွေကို ယပက်လက် သင်လိုက်ပါရော..။ ကလေးတွေ အဖေကလဲ မေးပြန်ပါရော။ ဒီတခါတော့ ကလေးက မြန်မာလို ဘယ်လို ပြောရမယ် မသိလို့ သူ့တင်ပါးကို ပုတ်ပြီး ပြောပါတယ်။ အဲဒါ ယပက်လက် တဲ့။ ကလေးမိဘတွေနဲ့ မိတ်ဆွေတွေဖြစ်နေလို့ သာပေါ့၊ နို့မို့ဆို ချိုသင်း ဘာတွေ သင်နေပါလိမ့် ဖြစ်မှာ..။ ကလေးတွေက သူတို့အမြင်နဲ့ တွဲမှတ်ထားကြတာပါ။ လန့်လောက်ပါပေတယ်။
သူတို့က အင်္ဂလိပ်စာကို ပိုအားသန်တာမို့ မြန်မာအက္ခရာတွေကို အင်္ဂလိပ်လို တွဲမှတ်သေးတယ်။ ဒဒွေးကို three 3 တဲ့။ “အ”ကို thirty two 32 တဲ့။ င ကို C စီ တဲ့။ ဓ ကို Q တဲ့။ သူတို့မှတ်ထားတာလေးတွေက ချစ်စရာလေး။
နောက်ပြီး သူတို့ကို ကိုယ် မြင်တွေ့နေရတဲ့ နီးစပ်တဲ့ အရာတွေကို မြန်မာလို့ ခေါ်ပုံခေါ်နည်း သင်ရသေးတယ်။ ဥပမာ လက်မ ကိုပြပြီး ဒါကို လက်မ လို့ ခေါ်တယ်၊ လက်ညှိုးကို ထောင်ပြီး ဒါကတော့ လက်ညှိုး ပေါ့။ လက်ခလယ်ကျတော့ ကိုယ်ကလဲ လက်ခလယ်တခုတည်း ထောင်ပြီး ဒါ ဘာလဲ ဆိုတော့ Oh My God!!! တဲ့။ ကလေးတွေ အကုန်လုံး ၀ိုင်းအော်ကြပါရော။ ဆရာမလဲ ကြောက်လန့်ပြီး လက်ကို အမြန်ရုတ်လိုက်ရပါတယ်။ ကိုယ့်ရိုးရိုးကို သူတို့က ဆန်းဆန်း တွေးပစ်လိုက်ကြတာလေ..။
ဒီလိုနဲ့ ကလေးတွေနဲ့ ဆရာမ စခန်းသွားနေကြတာ အတော်တော့ ခရီးပေါက်နေပြီ။ ပျော်စရာလဲ ကောင်းတယ်၊ စိတ်လဲ ချမ်းသာရပါတယ်။ ဒါကြောင့် ကြည်နူးမိတာလေးတွေ ကိုယ့်မှတ်တမ်းမှာ အမှတ်တရ တို့ ထားလိုက်တာပါ။ နောက်လဲ သူတို့အကြောင်းလေးတွေ ရေးဖို့ ကြိုးစားအုံးမယ်။
         (မိုးချိုသင်းဘလော့ဂ် - http://moechothin.blogspot.com က ယူတယ်။ မိုးမခမိတ်ဆွေတွေ ဆိုတော့ ခွင့်တောင်းမနေပါ။ )

Burma to take part in North Korea film festival

မြန်မာရုပ်ရှင်များ မြောက်ကိုရီးယားသို့ သွားမည်
people.com.cn
ဇွန် ၃ဝ၊ ၂ဝ၁ဝနာမည်ကျော် မြန်မာရုပ်ရှင်ကား၏ DVD ကာဘာ



မြောက်ကိုရီးယားတွင် စက်တာဘာလအတွင်း ပြုလုပ်ရန် စီစဉ်ထားသည့် ကမ္ဘာ့ရုပ်ရှင်ပွဲတော်သို့ အရည်အသွေးကောင်းသည့် မြန်မာဇာတ်လမ်းတချို့ ပေးပို့မည်ဟု မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး သတင်းရပ်ကွက်က အင်္ဂါနေ့တွင် ပြောသည်။

မြို့တော် ပြုံယမ်းတွင် စက်တက်ဘာ ၁၇ မှ စတင်ပြီး ၈ ရက်ကြာ ကျင်းပမည့် ပွဲတော်အတွက် ရွေးချယ်ထားသည့် ဇာတ်ကားများမှာ

ဆဋ္ဌဂံ
လျှို့ဝှက်သောနှင်း
မျှော်လင့်ခြင်းများစွာ
ကြိုးတန်း
အတိတ်ကအရိပ်

တို့ ဖြစ်သည်။

မြောက်ကိုရီးယားသို့ ပထမဆုံးအကြိမ် သွားရောက်မည့် မြန်မာကားများ ဖြစ်သည်။

ယခုနှစ် ဖေဖော်ဝါရီလက မြန်မာနိုင်ငံတွင် ရုပ်ရှင် ၇ ကားတွင် ပါဝင်သည့် အနုပညာရှင်များကို၂၀၀၈ ခုနှစ်အတွက် အကယ်ဒမီဆုများ ပေးအပ်ခဲ့သည်။

၂၀၀၈ တွင် ထုတ်လုပ်ခဲ့သည့် ရုပ်ရှင် ၁၂ ကားထဲမှ ရွေးချယ်ခြင်း ဖြစ်ပြီး အများနှင့်မသက်ဆိုင်သောသူ အမည်ရှိ ဇာတ်ကားက အကောင်းဆုံးဇတ်ကားဆု ရသွားသည်။

၁၉၅၂ မှ အစပြုပြီး အကယ်ဒမီ ဆုပေါင်း ၃၁၉ ဆု ပေးအပ်ခဲ့ပြီး ဖြစ်သည်။