Friday, April 30, 2010

MoeMaKa Question for U Win Tin - NLD and its Allies

အတိုက်အခံခေါင်းဆောင်ဦးဝင်းတင်နဲ့ မေးခွန်းများ
မိုးမခ
မေ ၁၊ ၂၀၁၀
မဟာမိတ်များ၊ မိတ်ဆွေများနဲ့ အစဉ်အလာကောင်းနဲ့ ဆက်လက်ရပ်တည်သွားမည့် ပါတီ - အင်န်အယ်ဒီ
            ဆရာဦးဝင်းတင်ကို မေးခဲ့တဲ့ မေးခွန်းတွေထဲမှာ ပါတီရဲ့ ရပ်တည်မှုရဲ့ ဒေါက် ၄ ဒေါက်၊ ဂွင် ၄ ဂွင် ဆိုတဲ့ဆီမှာ ပြည်သူ့လူထုနဲ့ ဆက်ဆံရေး၊ ပါတီတွင်း ဆက်ဆံရေးနဲ့ ပတ်သက်ပြီး ပြောခဲ့ပြီး မေးခဲ့ပြီးပါပြီ။ မေးစရာတွေလည်း ရှိနေဦးမှာပါပဲ။ သို့သော်လည်း နောက်ထပ် ဒေါက် ၁ ဒေါက် ဖြစ်တဲ့ မဟာမိတ်များ၊ မိတ်ဆွေများနဲ့ အင်န်အယ်ဒီပါတီ မည်ကဲ့သို့ လက်တွဲ ရပ်တည်ခဲ့တယ်။ ဆက်လက်ပြီး ဘယ်လို လက်တွဲ ရပ်တည် သွားမှာလဲ ဆိုတဲ့ မေးခွန်းကို ဆက်လက်ကူးပြောင်း မေးမြန်းဖြစ်ခဲ့ပါတယ်။
ဆရာဦးဝင်းတင်က ပြန်လည် ရှင်းပြတဲ့ အချက်တွေထဲက ပြန်လည် ကောက်နုတ်ဖော်ပြရမယ် ဆိုရင် -
“ဒီနေရာမှာ အင်န်အယ်ဒီရဲ့ မဟာမိတ်တွေထဲမှာ အဓိကကတော့ - ပြည်သူ့လွှတ်တော်ကိုယ်စားပြု ကော်မီတီဆိုတဲ့ CRPP ကိုယ်စားလှယ်အဖွဲ့ရဲ့ အခန်းကဏ္ဍနဲ့ ဆက်ဆံရေးကို ပြောချင်ပါတယ်။ စီအာရ်ပီပီ ဆိုတာက ၁၉၉၀ ရွေးကောက်ပွဲက ပေါ်ထွန်းလာတဲ့ နိုင်ငံရေးပါတီတွေနဲ့ အနိုင်ရရှိခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ကိုယ်စားပြုဖို့ ထွက်ပေါ်လာခဲ့တာ ဖြစ်တယ်။ ၁၉၉၈ စက်တင်ဘာမှာ ဖွဲ့စည်းခဲ့တယ်။ ပြည်သူ့လွှတ်တော် မခေါ်ယူနိုင်သေးခင်မှာ ၉၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေ ကိုယ်စား တာဝန်ရှိတဲ့ တိုင်းပြည်အရေးကိစ္စတွေကို ဆွေးနွေး ဆောင်ရွက် ထုတ်ဖော်နေဖို့ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။”
လို့ ဆရာက စတင်ပြောကြားပါတယ်။
အဲသည်နေရာမှာ ဖြစ်ပျက်ခဲ့တဲ့ အချက်အလက်တွေကို ပြန်လည် ရည်ညွှန်းရမယ် ဆိုရင် စစ်အစိုးရက ပြည်သူ့လွှတ်တော်ကိုယ်စားပြု ကော်မီတီဆိုတာကို လုံးဝလက်မခံဘဲ ဖျက်သိမ်းပစ်ဖို့ အရေးယူဆောင်ရွက်ခဲ့ပါတယ်။ အင်န်အယ်ဒီရဲ့ အမတ်ပေါင်း ၁၁၀ ဖမ်းဆီးခြင်း ခံခဲ့ရပြီး အင်န်အယ်ဒီ ရုံးခန်းပေါင်း ၄၀ ကျော် ပိတ်ဆို့ခြင်း ခံခဲ့ရပါတယ်။ စီအာရ်ပီပီ ကော်မီတီဟာ ဖိအားပေါင်း မျိုးစုံအောက်မှာ ဆက်လက်ပြီး ရပ်တည်ခဲ့ရာမှာ အောက်တိုဘာ ၂၀၀၂ မှာ တိုင်းရင်းသားအဖွဲ့တွေနဲ့ပါ တိုးချဲ့ပြီး ဖွဲ့စည်းနိုင်ခဲ့ပါတယ်။
အဲသည်မှာ အတိုက်အခံခေါင်းဆောင်တွေထဲက ထင်ရှားသူတွေ ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးတို့အပြင် တိုင်းရင်းသားခေါင်းဆောင်တွေ အဖြစ် - ဥိးအေးသာအောင်၊ ဦးခွန်ထွန်းဦး၊ ဦးနိုင်ထွန်းသိန်း၊ ဦးပုကျင်းရှင်းထန်၊ ဦးထောင်ကိုသောင်း၊ ဦးစိုးဝင်း၊ ဦးကျော်မင်း၊ ဦးသိန်းဖေနဲ့ ဦးရန်ကျဲမော်တို့ စတဲ့ တိုင်းရင်းသားပါတီခေါင်းဆောင်များ၊ ကိုယ်စားလှယ်များနဲ့ တသီးပုဂ္ဂလများနဲ့ ထူထောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
၎င်းကော်မီတီဟာ ပထမအကြိမ် ပြည်သူ့လွှတ်တော်တရပ် အောင်မြင်စွာ ခေါ်ဆိုနိုင်သည့် အချိန်မှာ သက်တမ်းကုန်မယ် လို့ ဆိုပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲက အများပြည်သူလူထုရဲ့ လွတ်လပ်သန့်ရှင်းတဲ့ ဆန္ဒမဲနဲ့ ပေါ်ထွန်းလာတဲ့ နိုင်ငံရေးပါတီများ၊ လွှတ်တော်ကိုယ်စားလှယ်များနဲ့ ဖွဲ့စည်းထားတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မီတီကို စစ်အစိုးရက တရားဝင် အသိအမှတ်ပြုခြင်း မရှိဘဲ ထားရှိပါတယ်။
ဆရာဦးဝင်းတင်က ဆက်လက် ပြောဆိုရာမှာ -
“ကျနော် ထောင်က ထွက်လာတော့ ၂၀၀၈ စက်တင်ဘာ ၂၃ မှာ ထွက်လာကတည်းက စီအာရ်ပီပီနဲ့ ဆက်သွယ်ပါတယ်။ လက်တွဲ လုပ်ကိုင်ကြဖို့ကိုလည်း ကျနော်တို့အားလုံးက ဆောင်ရွက်ကြတယ်။ စီအာရ်ပီပီ ကို တရားဝင်မဟုတ်ဘူးလို့ ဆိုပြီး ပြောထား ဆိုထားကြတော့ သူတို့မှာ ရပ်တည်ဖို့၊ လှုပ်ရှားဖို့၊ ထုတ်ပြန်ဖို့ အခက်အခဲတွေ ရှိတယ်။ အဲသည်ကြားထဲက အဲသည်တုန်းကတော့ အင်န်အယ်ဒီက သူတို့ထက်စာရင် တရားဝင်ပါတီပေါ့ဗျာ။ ဟုတ်လား။ နောင်ဆိုရင်တော့ သူတို့လိုပဲ ကျနော်တို့လည်း ဖြစ်လာမယ် ထင်တယ်။ အဲသည်တုန်းကတည်းက အင်န်အယ်ဒီပါတီက စီအာရ်ပီပီနဲ့ သူတို့ရဲ့ အဖွဲ့ဝင် တိုင်းရင်းသားပါတီတွေနဲ့ လက်တွဲပြီး မဟာမိတ်ပြုပြီး ရပ်တည်ခဲ့တာ ဖြစ်ပါတယ်။
ကျနော်တို့နဲ့ မဟာမိတ်တွေ၊ မိတ်ဆွေတွေ ဆက်ဆံရေးမှာ အစဉ်အလာကို ပြန်ကြည့်မယ် ဆိုရင် တဖက်သတ် ဆက်ဆံတာ မရှိဘူး။ တရားဝင်တွေ မ၀င်တာတွေကို အထူးပြောမနေဘူး။ တူညီတဲ့ အခြေခံရပ်တည်ချက်ပေါ်မှာ အတူတူ လက်တွဲပြီး ရပ်တည်ကြပြီးတော့ အလုပ်တွေ လုပ်ခဲ့ကြတယ်။ သူတို့ကိုယ်စား တိုင်းရင်းသားတွေ ကိုယ်စား သဘောထားတွေ၊ ပြောဆိုပြန်ကြားရတာတွေ ထုတ်ပြန်ပေးခဲ့ပါတယ်။”
အဲသည်မှာ မိုးမခက မေးတာကတော့ - ဦးဝင်းတင်က အင်န်အယ်ဒီရဲ့ ဗဟိုအလုပ်အမှုဆောင် တဦးအဖြစ် (CEC) အဖြစ် ရပ်တည်ခဲ့သလို၊ စီအာရ်ပီပီမှာကော ၀င်ရောက် တာဝန်ထမ်းဆောင်ခဲ့တာ ရှိသလား။ ပြီးတော့ အင်န်အယ်ဒီနဲ့ စီအာရ်ပီပီတို့ရဲ့ တူညီတဲ့ အခြေခံရပ်တည်ချက် ဆိုတာက ဘာလဲ ဆိုတာ ဖြစ်ပါတယ်။
“ကျနော့်ကို ၂၀၀၈ နိုဝင်ဘာ ၆ လောက်မှာ အားလုံး အစည်းအဝေးနဲ့ စီအာရ်ပီပီ အဖွဲ့ဝင်အဖြစ် တာဝန်ပေးပါတယ်။ နောက်ပြီးတော့ စီအာရ်ပီပီရဲ့ အခန်းကဏ္ဍကို ကြည့်ရင် လွှတ်တော်ခေါ်ယူနိုင်ရေး၊ ဥပဒေပြုရေးကိစ္စတွေ၊ တိုင်းပြည်ရဲ့ အရေးကြီးတဲ့ ကိစ္စတွေမှာ ပြည်သူ့လွှတ်တော်တရပ်လို သဘောထားပြီး ဆွေးနွေးကြ၊ ထုတ်ပြန်ကြတာတွေ ဖြစ်ပါတယ်။ အားလုံးအခြေခံမှာ သဘောတူကြတဲ့ အချက်ကတော့ - ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို ကိုင်စွဲပြီး ပြည်သူ့လွှတ်တော်တရပ် ခေါ်ဆိုနိုင်ရေးဟာ အရေးကြီးတယ် ဆိုတဲ့ အချက်ဖြစ်ပါတယ်။
ဘာကြောင့်ပြောရသလဲဆိုတော့ - ၂၀၀၉ မှာ စီအာရ်ပီပီရဲ့ ၁၁ နှစ်မြောက် အခမ်းအနားကို အင်န်အယ်ဒီမှာ ကျင်းပကြတယ်။ မူအရ လွှတ်တော်တရပ် ခေါ်ဆိုနိုင်ဖို့ မလုပ်နိုင်တာတွေ အပထားပါ၊ ၉၀ ရလဒ်ကို မစွန့်ဘူး ဆိုတဲ့ ရပ်တည်ချက်ကတော့ ရှိရလိမ့်မယ်။ ပြည်သူတွေတရပ်လုံးက ပေးအပ်ခဲ့တဲ့ ရွေးကောက်ပွဲကြီးတခုရဲ့ ရလဒ်ကို ကျနော်တို့တတွေက လွယ်လွယ်နဲ့ သစ်ကိုင်းခြောက်လို စွန့်လွှတ်တာမျိုး မလုပ်နိုင်ဘူး။ ဒါဟာ လက်နက်တခုလို၊ ဒါးတခုလိုမျိုးပဲ။ တဖက်က ဒါးသွားကို ချွတ်ယူသွားဦးတော့ ဒါးရိုးကြီး ကျန်သည့်တိုင် ဒါဟာ လက်နက်ဖြစ်တယ်။ လက်နက်ရှိခဲ့ဖူးတဲ့ ရလဒ် တခု၊ မော်ကွန်းမှတ်တိုင်တခုပဲ ဖြစ်တယ်။ ဒါကို စွန့်လွှတ်ကြဖို့ မလိုဘူး လို့ ပြောခဲ့ပါတယ်။ ထိုနည်းတူ စီအာရ်ပီပီ ဆိုတာကလည်း လွှတ်တော်ကိုယ်စားလှယ်တွေကို ဖိနှိပ် ဖမ်းဆီးထားလို့၊ တိုင်းရင်းသားပါတီတွေကို ဖျက်ဆီးခြင်း ခံထားရလို့ စစ်အစိုးရဖက်က တရားဝင်အဖွဲ့အစည်းလို့ ပြောမနေသော်လည်းဘဲ ၉၀ ရွေးကောက်ပွဲ ရလဒ်၊ ၉၀ ရွေးကောက်ပွဲရဲ့ လွှတ်တော်ကိုယ်စားပြုသူတွေအဖြစ် တည်ရှိနေတယ်။ ကျန်ရစ်နေတယ် လို့ ပြောခဲ့တယ်။ ဒါဟာ စီအာရ်ပီပီနဲ့ အင်န်အယ်ဒီတို့ရဲ့ တူညီတဲ့ အခြေခံရပ်တည်ချက်၊ သဘောတရားဖြစ်တယ်။”
လို့ ဆရာက ဖြေကြားပါတယ်။
အဲသည်မှာ မေးဖြစ်ပြန်တာက - ၂၀၀၉ ဧပြီလမှာကတည်းက ရွှေဂုံတိုင် ကြေညာစာတမ်းကို ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါတယ်။ အဲသည်လိုမျိုး ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို မစွန့်လွှတ်ဘူး ဆိုတာကို အကျယ်တ၀င့် ပြောခဲ့ပြီး ဖြစ်ပါတယ်။ အဲသည်ကတည်းက အင်န်အယ်ဒီနဲ့ မဟာမိတ်တွေဖြစ်တဲ့ စီအာရ်ပီပီတို့ဟာ လမ်းမခွဲခဲ့ကြဘူး ဆိုတဲ့ အချက်ကို အဲသည်ကတည်းက ပြသခဲ့ပြီး ဖြစ်တယ် မဟုတ်လား၊ အဲသည်တုန်းကကော ကန့်ကွက်မှုတွေ ရင်ဆိုင်ခဲ့ကြရသေးသလား - ဆိုတာ ဖြစ်ပါတယ်။
“ရွှေဂုံတိုင်ညီလာခံမှာ ၉၀ ရွေးကောက်ပွဲရလဒ်ကို ကိုင်စွဲကြဖို့နဲ့ ပတ်သက်ပြီး စိန်ခေါ်မှုတွေ အများကြီး ခံခဲ့ကြရတယ်။ ၉၀ ရွေးကောက်ပွဲရလဒ်ကို အင်န်အယ်ဒီက မလွှတ်တာကြောင့် ရှေ့တိုး နောက်ဆုတ် လုပ်လို့ မရဘူးလို့ ထောက်ပြခြင်း ခံခဲ့ရတယ်။ ကျနော်တို့က ခိုင်ခိုင်မာမာ ဖြေရှင်းပြခဲ့ရတယ်။ ၉၀ ရလဒ်ကို စွန့်တယ် ဆိုတာဟာ အင်န်အယ်ဒီပါတီတရပ်အနေနဲ့ နိုင်ငံရေးဝိဉာဉ်ကို စွန့်လိုက်တာနဲ့တူတယ်။ အတူတူ ဖြတ်သန်းလာကြတဲ့ မဟာမိတ်တွေ၊ မိတ်ဆွေတွေကို ကျောခိုင်းလိုက်တာနဲ့ တူတယ်။
ကျနော်တို့ တောင်းဆိုနေတာကလည်း အရမ်းကြီး ပြောနေတာမျိုး မဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့လည်း ပြောခဲ့ပြီးပြီ။ ပျော့ပြောင်းတဲ့ သဘောထားကို ပြခဲ့ပြီးပြီ။ ရွှေဂုံတိုင်ကြေညာစာတမ်းမှာ ၉၀ ရွေးကောက်ပွဲကို တနည်းနည်းနဲ့ အသိအမှတ်ပြုနိုင်ရန် ဆောင်ရွက်ရေးကို ပြောခဲ့တာ ဖြစ်တယ်။ အခုဆိုရင်ကိုပဲ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို စွန့်ပြီးတော့ ၂၀၁၀ ရွေးကောက်ပွဲကို ၀င်မည့်သူတွေ ပေါ်လာကြတယ်။
အခုပြည်တွင်းမှာ အမတ် ၁၀၀ ကျော် ကျန်ပါသေးတယ်။ အင်န်အယ်ဒီပြီးရင် တိုင်းရင်းသားပါတီတွေထဲမှာ ရှမ်းတိုင်းရင်းသားတွေရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေလည်း ရှိနေပါသေးတယ်။ ၁၉၉၀ ရွေးကောက်ပွဲဆိုတာ ရှိခဲ့တယ်။ အဲသည်က လွှတ်တော်ဆိုတာ မဖြစ်ပေါ်ခဲ့သော်လည်း လွှတ်တော်ကိုယ်စားပြုအဖွဲ့ဆိုတာ ရှိခဲ့တယ်။ ပြည်သူ့ရင်ထဲက မဲဆန္ဒတွေနဲ့ မွေးဖွားလာတဲ့ ပြည်သူ့လွှတ်တော်ကြီး ဖြစ်ပေါ်လာဖို့ကို ခုချိန်မှာ ဥပက္ခာပြုခြင်း ခံနေရပြီ။ အဲဒါ ဖြစ်သင့်ပါသလား။
နောင်ဖြစ်ပေါ်လာမယ့် အစိုးရတရပ်ဟာ သူ့ထက်အရင်က ရွေးကောက်ပွဲတရပ်က မွေးဖွားခဲ့ပြီးဖြစ်တဲ့ လွှတ်တော်တရပ်ပေါ်ထွန်းလာဖို့ကို မဆောင်ရွက်ဘဲနဲ့၊ အသိအမှတ်မပြုဘဲနဲ့ နေလို့ရပါလား။ အဲသည် မေးခွန်းကို ဖြေကြရတော့မှာ ဖြစ်တယ်။ အဲသည် အမည်းစက်ကြီး ဖြေရှင်းရတော့မှာ ဖြစ်တယ်။ ဒါကို အခုချိန်မှာ ပြေလည်အောင် ညှိနှိုင်းကြဖို့ လုပ်ကြဖို့ ကျနော်တို့က ခိုင်ခိုင်မာမာ ပြောဆိုနေတာ ဖြစ်ပါတယ်။
ဒါကြောင့်လဲ - အခုအချိန်မှာ အင်န်အယ်ဒီဟာ မဟာမိတ်တွေကို မစွန့်လွှတ်ဘူး။ ပါတီရဲ့ နိုင်ငံရေးဝိဉာဉ်ကို မစွန့်လွှတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားနဲ့အညီ အခု ၉၀ ရွေးကောက်ပွဲကို ကျင်းပပေးခဲ့ပြီးတော့ အကောင်အထည် ဘာမှ မဖော်နိုင်တဲ့ စစ်အစိုးရကို တရားစွဲတယ်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေက တရားစွဲတယ်။ လက်ရှိ အမတ် ၂၆ ဦးအနေနဲ့ တရားဥပဒေထဲကနေ တောင်းဆိုတာ ဖြစ်ပါတယ်။”
အဲသည်မှာ မေးဖြစ်တဲ့ မေးခွန်းကတော့ - ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို စွန့်၊ ရွေးကောက်ပွဲမှာ အတူတူ ၀င်ရောက်ခဲ့ကြပြီး လွှတ်တော်ကိုယ်စားလှယ်တွေအဖြစ် ရပ်တည်ခဲ့ကြတဲ့ ပါတီတွင်းသာမက ပါတီပြင်ပက မဟာမိတ်တွေ၊ မိတ်ဆွေတွေနဲ့ လက်တွဲခဲ့တာတွေကို စွန့်၊ ဒါ့အပြင် ၁၉၉၀ ရွေးကောက်ပွဲနဲ့ ရလဒ်တွေ၊ ရပ်တည်ချက်တွေအားလုံးကို ချေဖျက်ထားတဲ့ ၂၀၀၈ အခြေခံဥပဒေကို လုံးဝလက်သင့်ခံလိုက်ပြီးတော့ ပါတီထောင်ပြီးတော့ ဖြစ်စေ၊ တသီးပုဂ္ဂလဖြစ်စေ ၂၀၁၀ ရွေးကောက်ပွဲ ၀င်ကြမည့် အချို့သော လူပုဂ္ဂိုလ်တို့ရဲ့အပေါ် သဘောထား ဖြစ်ပါတယ်။
“အဲသည်လို လူမျိုးတွေထဲမှာ ၉၀ ရွေးကောက်ပွဲကို ဖြတ်သန်းလာခဲ့သူတွေက သမိုင်းမှာ သူတို့ ဘယ်လိုတွေ လုပ်ခဲ့ပါတယ် ဆိုပြီးတော့ ထောက်ပြပြီးတော့ ဘယ်လိုမျိုး ရွေးကောက်ပွဲ ၀င်ကြမယ် ဆိုတာ ကျနော်တော့ မပြောတတ်ဘူး။ သို့သော် ဘာပဲပြောပြော စိတ်ဓာတ်ပိုင်းဆိုင်ရာအရ Morally မှာ ၂၀၀၈ အခြေခံဥပဒေကို လက်ခံတဲ့ သဘောဖြစ်လို့ ကျနော်တို့က လက်မခံဘူးလို့ ပြောခဲ့ပြီးပြီ။ အခြားသူတွေ ၀င်ကြမယ်ဆိုတာက ၂၀၀၈ အခြေခံဥပဒေကို လက်ခံတဲ့ အမှားတခုပဲ ပါတယ်။ ၉၀ ရွေးကောက်ပွဲတုန်းဝင်ခဲ့ပြီးတော့ အခုလည်း ၀င်ဦးမယ်ဆိုရင် ၂ ခါ အမှားခံဦးမယ် ဆိုတဲ့ သဘောဖြစ်သွားပြီ။ စစ်အာဏာရှင်စနစ် သက်ဇိုးရှည်မှာကို လက်ခံလို့ မဖြစ်ဘူး။
လွှတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့သူတွေက ၂၀၁၀ ရွေးကောက်ပွဲကိုလည်း ၀င်ကြဦးမယ် ဆိုတော့  ပထမရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အဖြစ် ရပ်တည်ထမ်းဆောင်နေရတဲ့ တာဝန်တွေကို ပစ်ချလိုက်တာ ဖြစ်လို့ မဲဆန္ဒရှင်ပြည်သူတွေရဲ့ မျက်နှာကို မကြည့်တော့ဘူးလား။ ဒီမိုကရေစီအရေးတော်ပုံတပ်သား အဖြစ် ခံယူထိုက်သေးရဲ့လား လို့  ကျနော်ကတော့ သူတို့ကို ပြန်မေးချင်ပါတယ်”
လို့ ဆရာက ပြောကြားပါတယ်။
ဆက်လက်ပြီး ဆရာကပြောကြားရာမှာ -
“တချို့တွေက ၂၀၀၈ အခြေခံဥပဒေကို လက်ခံလိုက်တာက တော်သေးတယ်။ ဒီ့ထက်ဆိုးတာက ၉၀ ရွေးကောက်ပွဲ ရလဒ်ကို ပစ်ပယ်ပြီးတော့ ၂၀၀၈ အခြေခံဥပဒေကို လက်ခံလိုက်တာကတော့ ပြည်သူတွေကို ပစ်ပယ်ပြီး ၀င်ကြတာ ဖြစ်လို့ မဲဆန္ဒရှင်တွေကို သစ္စာဖောက်ခြင်းပဲလို့ မြင်တယ်။ အင်န်အယ်ဒီပါတီကို စွန့်ပြီတော့၊ ဒီမိုကရေစီအရေးတော်ပုံကို စွန့်လွှတ်ပြီးတော့၊ ကိုယ်နဲ့ အတူလက်တွဲ ရပ်တည်ပေးတဲ့ မဟာမိတ်တွေ၊ မိတ်ဆွေတွေကို စွန့်ပြီးတော့ ရွေးကောက်ပွဲဝင်ကြတယ် ဆိုတာက ၂၀၀၈ အခြေခံဥပဒေကို လက်ခံလိုက်တဲ့ အချက်တခုနဲ့သာ ငြိပါတယ်။ ၉၀ ရွေးကောက်ပွဲမှာ အမတ်ဖြစ်ခဲ့ပြီးမှ ရွေးကောက်ပွဲဝင်တယ် ဆိုတာကတော့ ၂ ထပ်ကွမ်း အမှား ဖြစ်တယ်လို့ ပြောချင်ပါတယ်။
နောက်ပြီးတော့ ပူးသတ်ကြမယ် ဆိုတဲ့ ဆင်ခြေကို ပေးကြတယ်။ လွန်ခဲ့တဲ့ နှစ် ၆၀၊ ၇၀ က ဗြိတိသျှ ကိုလိုနီခေတ်မှာ ကိုလိုနီလွှတ်တော်ကြီးထဲ ၀င်ပြီး ပူးသတ်တာက တော်သေးတယ်။ အခုလိုမျိုး အခြေခံဥပဒေမရှိသေးဘူး။ ကတိစကားဖျက်ခံထားရခြင်း မရှိသေးဘူး။ အခုဟာက စစ်အာဏာရှင်တွေရဲ့ ရင်ခွင်ထဲကို ၀င်၊ ဒူးထောက်ပြီးတော့ သူတို့ ခြေထောက်ကို ဖက်၊ လက်နက်ပါချရတဲ့ အဖြစ်ပါပဲ။ အခြား အင်န်အယ်ဒီတွေ၊ မဟာမိတ်တွေ၊ ပြည်သူတွေကိုပါ သစ္စာဖောက်လိုက်တယ်လို့ ပြောချင်ပါတယ်။
ကျနော်တို့ရဲ့ ရပ်တည်ချက်ဟာ ကျနော်တို့ မဟာမိတ်ဖြစ်တဲ့ စီအာရ်ပီပီ မိတ်ဆွေတွေနဲ့ အတူတူ ၉၀ ရလဒ်ကို မစွန့်လွှတ်ကြတဲ့ အခြေခံမူဆိုတာ ဖြစ်တယ်။ အရေးကြီးတဲ့ အချက်ဆိုတာ ထင်ရှားစေတဲ့ သဘောပါပဲ”
လို့ ဦးဝင်းတင်က ပြောကြားပါတယ်။
အဲသည်မှာ ဆရာကို မေးမြန်းတာက အခုလို အခြေခံအချက်တွေကိုပဲ ဆက်လက်ကိုင်စွဲပြီးတော့ ပါတီက မဟာမိတ်တွေ၊ မိတ်ဆွေတွေနဲ့ ဆက်လက် လက်တွဲသွားမှာလား။ ဆက်လက် ချီတက်သွားမှာလား ဆိုတာ ဖြစ်ပါတယ်။
“ဟုတ်ပါတယ်။ ကျနော်တို့ အင်န်အယ်ဒီက ပါတီတွင်းမှာလည်း ပြတ်သား ရှင်းလင်းတဲ့ ရပ်တည်ချက် ရှိတယ်။ အဲသည်ပေါ်မှာ ပါတီဝင်တွေ အတူတူ ရပ်ကြတယ်။ အဲသည်သဘောထားရှင်းလို့လည်း သည်လို အရေးကြီးတဲ့ ကာလမှာ မဟာမိတ်တွေ၊ မိတ်ဆွေတွေကို မပစ်ပယ်ဘူး။ စစ်အစိုးရကို အခုလို တရားစွဲဆိုပြီး ဥပဒေအရ အရေးယူဖို့ ကြိုးစားတာက သက်သေပဲ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်စုကြည်နဲ့ အင်န်အယ်ဒီဟာ တိုင်းရင်းသားတွေကို မပစ်ပယ်ဘူး။ တသီးပုဂ္ဂလတွေကို မပစ်ပယ်ဘူး ဆိုတာက သက်သေပြလိုက်တာ ဖြစ်ပါတယ်။
ဒါ့အပြင် ကျနော်တို့ဆီမှာ ကျနော်တို့နဲ့အတူ လက်တွဲရပ်တည်ပေးကြသူတွေမှာ - ၀ါရင့်နိုင်ငံရေးသမားကြီးဆိုတဲ့ အစုအဖွဲ့တွေ ရှိပါတယ်။ အသက် ၉၀၊ ၈၀ ကျော် ပုဂ္ဂိုလ်ကြီးတွေ၊ သခင်သိန်းဖေ၊ သခင်သိန်းမောင်၊ ဦးအုန်းမြင့်၊ ဦးထွေးမြင့်၊ ဦးအုန်းမောင် စသည်ဖြင့် အများကြီးပဲ။ သူတို့တတွေက ၀ါရင့်နိုင်ငံရေးသမားတွေက အမျိုးသားနိုင်ငံရေးအတွက် သီးခြားရပ်တည်နေကြတယ်။ အဓိကအားဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်သန်းရွှေတို့ တွေ့ဆုံဆွေးနွေး အဖြေရှာကြဖို့၊ တပ်မတော်ဂုဏ်သိက္ခာတွေကို ထိန်းသိမ်းဖို့၊ ပြည်သူ့ဖက်က ရပ်တည်ဖို့၊ သမိုင်းအစဉ်အလာကောင်းတွေကို ထိန်းသိမ်းဖို့ ရပ်တည်နေသူ တွေ ဖြစ်ပါတယ်။ အသင်းဝင်တွေ အဖွဲ့ဝင်တွေလည်း ရှိတာ မဟုတ်ပါဘူး။ ကျနော်တို့ အင်န်အယ်ဒီက သူတို့နဲ့ အမြဲ ထိတွေ့ ဆွေးနွေးနေတာတွေ ရှိတယ်။ သဘောထားတွေ ပြောဆို ဆွေးနွေး ညှိနှိုင်းနေကြတာတွေ ရှိတယ်။ သည်လိုမျိုး ကျနော်တို့တတွေက ကိုယ်ချည်း သီးခြားချည်း ထီးထီး ရပ်တည်ခဲ့တဲ့ ပါတီတရပ် မဟုတ်ဘူး ဆိုတာ ကို ပြောချင်ပါတယ်”
လို့ ဆရာက ပြောပါတယ်။
အဲသည်မှာ ဆရာဦးဝင်းတင်ကို မေးဖြစ်တာက ပါတီက ကိုယ့်ခေတ်ပြိုင် မဟာမိတ်တွေ၊ တိုင်းရင်းသားတွေအပြင်၊ ၀ါရင့်နိုင်ငံရေးသမားကြီးတွေနဲ့သာ မိတ်ဆွေဖွဲ့ထားတာလား။ လူငယ်တွေ မျိုးဆက်သစ်တွေနဲ့ကော အင်န်အယ်ဒီက ဘယ်လိုမျိုး ဆက်ဆံရေး တည်ဆောက်ခဲ့သလဲ၊ ထူထောင်ခဲ့သလဲ၊ ဘယ်လို ဆက်သွားမည်လဲ ဆိုတဲ့ မေးခွန်း ဖြစ်ပါတယ်။
“ပြန်ပြောရရင်တော့ အရင် ပါတီထူထောင်ခါက ၁၉၈၈၊ ၁၉၈၉ ကာလများမှာ အမှတ် ၄၄၊ တက္ကသိုလ်ရိပ်သာလမ်းမှာ ရုံးခန်းဖွင့်ထားစဉ်ကတည်း ကျောင်းသား လူငယ်တွေ အစုအဖွဲ့တွေနဲ့ အမြဲ ထိတွေ့ ဆွေးနွေးနေတာတွေ ရှိခဲ့တယ် ဆိုတာ ပြန်ပြောချင်တယ်။ ဒေါ်အောင်ဆန်းစုကြည် အဲသည်တုန်းကတည်းက သံတမန်တွေနဲ့ တွေ့ဆုံဆွေးနွေးနေတဲ့ အချိန်တွေနဲ့ အတူတူ အဲသည်တုန်းက ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေနဲ့ အမြဲ တွေ့ဆုံဆွေးနွေးနေခဲ့ပါတယ်။
အခုချိန်မှာ အဲသည်တုန်းက ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ ထောင်ထဲရောက်နေတော့လည်း ကျန်ရှိနေသေးတဲ့ ကျောင်းသား လူငယ် အစုအဖွဲ့ကလေးတွေနဲ့ တွေ့ဆုံ ဆွေးနွေးနေဆဲ ပါပဲ။ အရေးတော်ပုံရဲ့ ဒီမိုကရေစီလှုပ်ရှားမှုတိုင်းရဲ့ ရှေ့တန်းက အမြဲရပ်တည်ကြတဲ့ မွေးဖွားပေးတဲ့ လက်သည်တွေလို့ ပြောနိုင်တဲ့ လူငယ်တွေ မျိုးဆက်သစ်တွေကို အင်န်အယ်ဒီပါတီက ပိတ်ဆို့ ကန့်သတ်ပြီး သီးခြားဆီနေတဲ့ ဖြစ်ရပ်တွေမျိုး သမိုင်းမှာလည်း မရှိဘူး။ အစဉ်အလာလည်း မရှိဘူး လို့ ပြောချင်ပါတယ်။ ပြီးတော့ ကျနော်တို့ရဲ့ မဟာမိတ်တွေ မိတ်ဆွေတွေ ဆိုတာ က စစ်အစိုးရသတ်မှတ်ပေးမှ ဖြစ်တဲ့ တရားဝင်ဖြစ်မှ ဆိုတဲ့ သဘောကို ကျနော်တို့မှာ မရှိပါဘူး။ စီအာရ်ပီပီလိုပဲ ၈၈ မျိုးဆက် ကျောင်းသားများဆိုတာ စစ်အစိုးရဆီမှာ မှတ်ပုံတင်ထားတဲ့ အဖွဲ့မှ မဟုတ်ပဲ။ ကျနော်တို့နဲ့ နွေးထွေးတဲ့ ဆက်ဆံရေးတွေ ရှိခဲ့တာပါပဲ။
ပြောရရင် ၁၉၃၈ မှာ ဒို့ဗမာအစည်းအရုံးကြီးမှာ သခင်ကိုယ်တော်မှိုင်းလို ပုဂ္ဂိုလ်ကြီးတွေနဲ့အတူ လူငယ်ခေါင်းဆောင်တွေ ဖြစ်တဲ့ သခင်အောင်ဆန်းတို့လို မျိုးဆက်သစ်တွေ ခြေစုံပစ်ပြီး ၀င်လာခဲ့ကြတယ်။ အဲသည်ကနေပြီးတော့ လွတ်လပ်ရေးရအောင် ဆောင်ရွက်ကြတာ ဖြစ်ပါတယ်။  အဲသည်လိုမျိုး အင်န်အယ်ဒီဆိုတာ မဟာမိတ်တွေ၊ မျိုးဆက်သစ် မိတ်ဆွေတွေ တိုးအောင် လုပ်နိုင်ပါတယ်။
နောက်ဥပမာတခုကတော့ အခု အကျဉ်းထောင်ကျနေတဲ့ ကိုဇာဂနာဆိုရင်လည်း ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကော၊ ကျနော်ကိုယ်တိုင်ကော အမြဲတန်း ကြိုဆိုတယ်။ တွေ့ဆုံဆွေးနွေးတယ်။ သည်လိုမျိုး နားလည်မှုတွေနဲ့ မိတ်ဆွေတွေ အမြဲရှိနေတာ ဖြစ်ပါတယ်။ သည်လိုမျိုး ပြောချင်ပါတယ်။
          ကျနော်တို့မှာက တိုင်းပြည်ရဲ့ အရေးကိစ္စတွေမှာ အမြဲ မှန်တဲ့ဖက်က ရပ်တည်တဲ့၊ ပြည်သူတွေအားကိုးတဲ့ ဘာသာရေးခေါင်းဆောင်တွေ၊ သာသနာပြုတွေ၊ ဘုန်းတော်ကြီးတွေ၊ ဘုန်းကြီးကျောင်းတွေနဲ့လည်း ဆရာ၊ ဒကာဆက်ဆံရေးတွေ အမြဲတန်း ရှိခဲ့တယ်။ ဘာသာရေးအဆုံးအမတွေကို လက်ခံတယ်။ ဘုန်းတော်ကြီးများနဲ့ ကျောင်းတွေမှာ ကျနော်တို့တတွေက အရိပ်ခိုခွင့်၊ ဆွမ်းကပ်ခွင့်၊ ကုသိုလ်ကောင်းမှု လုပ်ခွင့်တွေ အမြဲရှိတယ်။ အမြဲလည်း ဆောင်ရွက်နေကြတာ တွေ့နိုင်တယ်။
 ဒါ့အပြင် ကျနော်တို့နဲ့ လမ်းမပေါက်တဲ့ အလှမ်းဝေးတဲ့ တိုင်းရင်းသားအဖွဲ့တွေ၊ အသိုင်းအ၀ိုင်းတွေရဲ့ အရေးကိစ္စတွေကိုလည်း အမြဲတမ်း နားစွင့်နေပြီးတော့ ပြောဆိုဆွေးနွေး ထုတ်ဖော် ပြန်ကြားတာတွေ လုပ်ပါတယ်။ ဆက်လုပ်သွားမှာပါ။”
ဟု ဆရာဦးဝင်းတင်က ရှင်းလင်းပြောပြပါတယ်။
အဲဒါတွေကတော့ အင်န်အယ်ဒီပါတီရဲ့ ရပ်တည်ချက်တွေထဲက ဒေါက်တဒေါက်ဖြစ်တဲ့ မဟာမိတ်များ၊ မိတ်ဆွေများနဲ့ ဆက်ဆံရေး အစဉ်အလာတွေနဲ့ အလားအလာတွေအတွက် ဆွေးနွေးဖြစ်တဲ့ အကြောင်းအရာတွေ ဖြစ်ပါတယ်။

2010 May Day Anniversary

International Workers Day - Postcard

Maung Swan Yi - Ludu Daw Ahmar

အမေလူထုဒေါ်အမာ
မောင်စွမ်းရည်
မေ ၁၊ ၂၀၁၀
အမေလူထု ဒေါ်အမာ ကွယ်လွန်ခဲ့တာ ဧပြီလ ရက် ဆိုရင် နှစ်ကြာသွားခဲ့ပြီဖြစ်ပေမယ့် အဝေးရောက် တူသားများဖြစ်ကြတဲ့ ကျနော်တို့အဖို့တော့ အမေ လူထု ဒေါ်အမာဟာ (ကိုယ့်ရှေ့မှာ ကွယ်လွန်ခဲ့တာမဟုတ်လို့) ကွယ်လွန်ပြီလို့ မတွေးမထင် မမြင်နိုင်သေးပါဘူး။
အမေ လူထုဒေါ်အမာလို့ လူငယ်အများက ခေါ်တွင်နေတဲ့ လူထုဒေါ်အမာကို ကျနော်တို့မျိုးဆက်တူသားတွေက တော့ ဒေါ်ဒေါ်လို့ ခေါ်ကြပါတယ်။ လူထု ဦးလှကိုဦးလေး” “ ဦးလေးလှစသဖြင့် ခေါ်ကြပါတယ်။ ဒေါ်ဒေါ်ကို ၁၉၃၆ ခုနှစ် ရန်ကုန်တက္ကသိုလ် ဒုတိယကျောင်းသားသပိတ်ကြီးက ဗမာတို့ရဲ့ရှေ့တန်းခေါင်းဆောင် အမျိုးသမီးတို့ဖြစ်အောင် မွေးထုတ်လိုက်ပါတယ်။ ဒါကြောင့်လည်း သခင်နု၊ သခင်အောင်ဆန်း၊ သခင်ဗဟန်းတို့နဲ့ အတူ တိုက်ပွဲဝင်ခဲ့တဲ့ ရဲဘော်ရဲဘက် မောင်နှမတဦး ဖြစ်ပါတယ်။
၁၉၃၆ ခုနှစ်လောက်ကစပြီး ဦးလေး လူထုဦးလှထုတ်ဝေတဲ့ ကြီးပွားရေး မဂ္ဂဇင်းမှာ မြမဉ္ဇူ၊ ခင်လဝင်း၊ မအမာ (သပိတ်ကျောင်းသူ) စတဲ့ ကလောင်အမည်များနဲ့ ဝတ္ထုတိုများ၊ ဘာသာပြန်များ ရေးသားပြီး စာပေလောကကို ဝင်ရောက်ခဲ့ရာက ကြီးပွားရေး မောင်လှလို့ အဲဒီတုန်းကခေါ်တွင်တဲ့ ဦးလေးနဲ့ အိမ်ထောင်ကျခဲ့ပါတယ်။
ဦးလေးနဲ့ ဒေါ်ဒေါ် အိမ်ထောင်ကျတော့ ၁၉၃၉ ခုနှစ်မှာ ဦးလေးက မန္တလေးကို ရွှေ့ပြောင်းလိုက်ပါပြီး ကြီးပွားရေး မဂ္ဂဇင်းကို ဒေါ်ဒေါ်နဲ့အတူ တည်းဖြတ်ထုတ်ဝေပါတယ်။ ဒုတိယကမ္ဘာစစ်မီးကြီး တောက်လောင်လာတော့ မဂ္ဂဇင်း ထုတ်ဝေတာ ရပ်သွားခဲ့ရပါတယ်။ စစ်ကြီးပြီးတော့ လူထုဂျာနယ်နဲ့ လူထု သတင်းစာတို့ကိုထုတ်ဝေပြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ လက်ရုံးသတင်းစာတစောင်အဖြစ်နဲ့ လွတ်လပ်ရေး တိုက်ပွဲဝင်ခဲ့ပါတယ်။
လွတ်လပ်ရေးရတာနဲ့အတူ ပြည်တွင်းစစ်ကြီးဖြစ်တော့ ငြိမ်းချမ်းရေးဖခင် ဆရာကြီး သခင် ကိုယ်တော်မှိုင်းနဲ့အတူ လူကိုယ်တိုင်ရော သတင်းစာပါ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ကမ္ဘာ့ ငြိမ်းချမ်းရေးတို့အတွက် ရှေ့တန်းက ပါဝင် ဆောင်ရွက်ခဲ့ပါတယ်။
ဗမာပြည်လွတ်လပ်ရေးရပြီး ၁၉၄၈ ခုနှစ်မှာပဲ ဖဆပလ အစိုးရဝန်ကြီး ဦးကျော်ငြိမ်းရဲ့အမိန့်နဲ့ ရန်ကုန်က သတင်းစာ စောင်ကို လူအင်အားနဲ့ ဝိုင်းဝန်း ဖျက်ဆီးခဲ့ပါတယ်။ ၁၉၄၉ ခုနှစ်မှာ မန္တလေး နန်းမြို့ရိုးအတွင်းရှိ စစ်တပ်က ဗိုလ်မှူးတဦး ကိုယ်တိုင်ထွက်လာပြီး လူထု သတင်းစာပုံနှိပ်စက်တွေကို မိုင်းဗုံးနဲ့ ဖောက်ခွဲဖျက်ဆီးတာ ခံရပါတယ်။ လူထုမိသားစုကို တန်းစီပြီး သေနတ်နဲ့ ပစ်သတ်ဖို့ပြင်ဆင်ဆဲမှာ သံဃာတော်များနဲ့ လူထု ပရိတ်သတ်က ဝိုင်းဝန်းတောင်းပန်လို့ အသက်ချမ်းသာရာ ရခဲ့ပါတယ်။
လူထု သတင်းစာကို အစိုးရက ရိုက်ချိုးခဲ့ရုံမက အာမခံတောင်းတာ၊ ရပ်ခိုင်းတာတွေကို မကြာခဏ ပြုလုပ်ခဲ့ပါတယ်။ ၁၉၆၇ ခုနှစ် ဗိုလ်နေဝင်း ဦးဆောင်တဲ့ တော်လှန်ရေးကောင်စီ အုပ်ချုပ်ချိန်မှာ လုံးဝ ရပ်စဲတာ ခံရပါတယ်။မင်းဘေး’ ‘မချစ်မနှစ်သက်သူတို့ ဘေးအန္တရာယ်တို့အပြင် မီးဘေးနဲ့လည်း ကြုံတွေ့ခဲ့ရပါတယ်။ ၁၉၅၃ ခုနှစ်လောက်ကပဲ အယ်ဒီတာချုပ် ဆရာကြီးရွှေဥဒေါင်းနဲ့ တာဝန်ခံအယ်ဒီတာ လူထုဦးလှ၊ ခေတ္တ အယ်ဒီတာ မောင်နေဝင်းတို့ကို ဖမ်းဆီး ထောင်ချပါတယ်။
နောက်ထပ် ဆက်လက်ပြီးတော့လည်း ရန်ကုန် လူထုတိုက်ခွဲက လူထုစိန်ဝင်း၊ ဦးတင်မောင်နဲ့ သတင်းထောက် တဦးတို့ အဖမ်းခံရပါတယ်။
ဆက်လက်ပြီး ဦးလေးနဲ့ ဒေါ်ဒေါ်တို့ရဲ့သားလတ် ကျောင်းသားခေါင်းဆောင် ဖိုးသံချောင်းကိုလည်း ဖမ်းဆီး ထောင်ချခဲ့ပြန်ပါတယ်။ လူထုစိန်ဝင်းနဲ့ ဖိုးသံချောင်းတို့ကိုတော့ နှိပ်စက်ညှဉ်းပန်းပြီး ကိုကိုးကျွန်း အကျဉ်းစခန်းကို ပို့လိုက်ပါတယ်။ မဆလ အစိုးရလက်ထက်မှာတော့ ဦးလေး၊ ဒေါ်ဒေါ်နဲ့တကွ သားအငယ်ဆုံး မောင်ငြိမ်းချမ်း (ညီပုလေး)ကိုပါ ဖမ်းဆီး ထောင်ချခဲ့ပါတယ်။ ဒေါ်ဒေါ်ဟာ ဒီလို လောကဓံတွေကို ဘယ် ဗမာအမျိုးသမီးနဲ့ မတူအောင် ကြုံတွေ့ရပြီး ကြံ့ကြံ့ခံ ရင်ဆိုင်ရုန်းကန်ခဲ့ရပါတယ်။
ဒီလို လောကဓံလှိုင်းလုံး တဝုန်းဝုန်းကြားထဲကပဲ ဗမာ လူငယ်ခေါင်းဆောင် ဗမာအမျိုးသမီးခေါင်းဆောင်၊ ဗမာ သတင်းစာဆရာ စာရေးဆရာမကြီးတဦးအနေနဲ့ နိုင်ငံတကာညီလာခံတွေကို တက်ရောက်ရင်း နိုင်ငံတကာ စာရေးဆရာတွေ၊ သတင်းစာ ဆရာတွေ၊ နိုင်ငံရေး ခေါင်းဆောင်တွေနဲ့ တွေ့ဆုံရင်းနှီးခွင့်ရရှိပြီး အသိအမြင်တွေ နှီးနှောဖလှယ်ခွင့်တွေကိုလည်း ရရှိခဲ့ပါတယ်။ ဒီလိုနဲ့ အမေ လူထုဒေါ်အမာဆိုတဲ့ နာမည်တလုံးနဲ့ ဗမာနိုင်ငံစာပေ လောက၊ ယဉ်ကျေးမှုလောကနဲ့ နိုင်ငံရေးလောကမှာ ရင့်ကျက် အမြင်ကျယ်သူ ရှေ့တန်းခေါင်းဆောင်တဦးအဖြစ် လေးစားအားထာားမှုကို ခံယူခဲ့ရပါတယ်။
အမေ လူထုဒေါ်အမာဟာ ဗမာ့နောက်ဆုံးရှင်ဘုရင် နန်းစိုက်ခဲ့ရာမြို့တော်၊ ဗမာ့ယဉ်ကျေးမှု အနုပညာအရပ်ရပ် တို့ရဲ့ ဗဟိုအချက်အခြာ ရတနာပုံ မန္တလေးမြို့မှာ မွေးဖွားကြီးပြင်း နေထိုင်သူတဦးအဖြစ်နဲ့ ဗမာ့ရိုးရာ ယဉ်ကျေးမှု ဗမာ့ရိုးရာ ပန်းချီ၊ ဗမာ့ရိုးရာ ဇာတ်သဘင်၊ ဗမာ့ရိုးရာတေးဂီတတို့နဲ့ ထဲထဲဝင်ဝင် သိမြင်ကျွမ်းဝင်သူတဦး ဖြစ်ပါတယ်။ ဘာသာပြန် စာရေးဆရာ၊ သတင်းစာဆရာမကြီးအဖြစ်နဲ့သာမက ဗမာ့ရိုးရာ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ တို့ကို သူတေသနပြုလုပ် ဖော်ထုတ်ရေးသားသူ၊ ထိန်းသိမ်းစောင့်ရှောက်သူတဦးအဖြစ်နဲ့လည်း ဗမာသိ၊ ကမ္ဘာသိ ထင်ရှားသူဖြစ်ပါတယ်။အောင်ဗလ၊ ဖိုးစိန်၊ စိန်ကတုံးရွှေမန်းတင်မောင်ပြည်သူချစ်သော အနုပညာသည်များရွှေရိုး ဘကလေးကာတွန်း ဦးဘဂျမ်းစတဲ့စာအုပ်တွေနဲ့အမေ့ ရှေးစကားစတဲ့ စာအုပ်တွေဟာ အမေ လူထုဒေါ်အမာကိုယ်တိုင် ရေတွက်လို့ မရနိုင်လောက်အောင် များပြားခဲ့ပြီး အကြိမ်ကြိမ် ပြန်လည်ရိုက်နှိပ်ရတဲ့ ပြည်သူ့လက်စွဲ စာပေကျမ်းဂန်တွေ ဖြစ်လာခဲ့ပါတယ်။
အမေလူထု ဒေါ်အမာ အသက် ၇၀ ပြည့်နှစ်ကစပြီး အမေကွယ်လွန်ချိန် အသက် ၉၀ ကျော်အထိ အမေ့မွေးနေ့တွေကို အမေကိုယ်တိုင်က မကျင်းပစေချင်ဘူးလို့ ကန့်ကွက်ပြောဆိုတဲ့ကြားက ဗမာတနိုင်လုံးရှိလူထု အမေ ချစ်သူများက မတိုင်ပင် မချိန်းချက် မဖိတ်ကြားဘဲ အမရပူရ တောင်သမန်အင်းစောင်းက တောင်လေးလုံးကျောင်းတိုက်ကို လာရောက်စုဝေးကျင်းပခဲ့ကြတာဟာ နှစ်စဉ်နှစ်တိုင်းပါပဲ။ လူကြီး လူငယ် စာပေသမားတွေနဲ့ နိုင်ငံရေးသမားကြီးငယ်တွေ မျိုးစုံ ပါဝင်ကြပါတယ်။ လေထီးအုန်းမောင်၊ သခင်သိမ်းမောင်၊ သခင်အုန်းမြင့်၊ ကျောက်ဆည် သခင်မ ဒေါ်မြရီ စတဲ့ နိုင်ငံရေးသမား အိုကြီးအိုမများလည်း နှစ်စဉ် မပျက်မကွက် လာရောက်ကြပြီး ရန်ကုန်က ဒေါက်တာ သန်းထွန်း၊ ဒေါ်ခင်နှင်းယု၊ ဒေါ်ကလျာ၊ ဒေါ်ခင်ဆွေဦးတို့နဲ့ မောင်သာနိုး၊ မောင်မိုးသူ စတဲ့ တူသားများ၊ မုံရွာက ကဗျာဆရာကြီး အံ့မောင်၊ အင်းဝက ကြည်အောင်၊ ကိုလေးစတဲ့ တူသားများလည်း နှစ်စဉ်လာရောက်ကြပါတယ်။
အမေ လူထုဒေါ်အမာကို နိုင်ငံခြားသတင်းဌာနမျိုးစုံက ဗမာပြည်စစ်အာဏာရှင် အစိုးရနဲ့ပတ်သက်ပြီး ဝေဖန်သုံးသပ်ချက်တွေ မေးလာရင် ရှင်းရှင်းဘွင်းဘွင်း၊ ပြတ်ပြတ်သားသား၊ ရဲရဲရင့်ရင့်နဲ့ လိုလိုလားလား တက်တက်ကြွကြွ အဖြေပေးလေ့ရှိတာကြောင့် မေးမြန်းရသူတွေရော နားသောတဆင်ကြရသူတွေပါ အားရ တက်ကြွ ဖြစ်ကြရပါတယ်။ ပြည်ပရောက် တူသားတွေကိုလည်း
၁။ အရက်သေစာ သောက်စားမူးယစ် မနေကြဖို့
၂။ ကိုယ့်ယုံကြည်ချက်နဲ့ ကိုယ်လုပ်စရာရှိတာတွေကို အရွယ်ရှိတုန်း အချိန်မဖြုန်းဘဲ တက်တက်ကြွကြွ လုပ်ကြဖို့ ကို ဆုံးမလေ့ရှိပါတယ်။
ကိုနု၊ ကိုအောင်ဆန်း၊ ကိုဗဟိန်းတို့မျိုးဆက်က ပေါ်ထွန်းခဲ့တဲ့ ကိုအောင်ဆန်းတို့ရဲ့သပိတ်မှောက် ကျောင်းသူ ရဲဘော်မ ဒေါ်အမာဟာ နောက်ထပ်ထွက်ပေါ်လာတဲ့ အမှန်တရားဘက်တော်သား၊ သပိတ်မှောက် ကျောင်းသူ ကျောင်းသားအဆက်ဆက်ရှေ့က မားမားမတ်မတ်ရပ်ပြီး ကိုအောင်ဆန်းရဲ့သမီးငယ် မစု၊ မစုတို့ရဲ့ ရဲဘော် မင်းကိုနိုင်၊ ကိုကိုကြီးတို့မျိုးဆက်အထိ အသက် ၉၀ ကျော်အရွယ် ကွယ်လွန်ချိန်တိုင်အောင် ရဲစိတ်ရဲမာန် ရဲအလံ လွှင့်ထူခံသူအဖြစ် ဗမာ့ဒီမိုကရေစီတိုက်ပွဲသမိုင်းမှာ မော်ကွန်းတင် မော်ကွန်းဝင်ခဲ့ပြီမို့ နောင်လာနောင်သား ဗမာလူငယ် အမျိုးသား အမျိုးသမီးအပေါင်းလည်း ရဲစိတ်ရဲမာန် ရဲအလံကို ဆက်လက်သယ်ဆောင် လွှင့်ထူသွား နိုင်ကြပါစေသတည်း။
အမေလူထု ဒေါ်အမာရဲ့ သားတပည့်တဦး
မောင်စွမ်းရည်
၂၀၁၀ ဧပြီ ၇၊ နယူးယောက်။

Nyane Luu -His Late Poem

ပြောင်းခင်းထဲက နေ (သို့) ရင့်မှည့်စေသော စာမျက်နှာ
ငြိမ်းလူ 
မေ ၁၊ ၂၀၁၀
 ထားခဲ့ညနဲ့
သွားမဲ့ည
မှောင်တာ တူတာပဲလား …
ဖနောင့်မှာ
မနုတ်ဖြစ်ခဲ့တဲ့ဆူးက
ပိုနက်သလား …
ထိတာနဲ့
ရုန်းဖို့လား …
အနီလား
အစိမ်းလား
ကမ်းပါးကိုမထိတဲ့ လှိုင်းဆိုတာကော
ရှိလား …
ညကို လမ်းလျှောက်
တောင်မြောက်ကို ကြည့်ခွင့်မရတာ
အပြစ်လား …
ဖုန်းဆိုးတောင်ယာ
တသီတတန်း
ဒီလမ်းကိုတော့ ကဗျာမဖွဲ့နဲ့ …

တို့မှာ
တောင်တန်း
ကမ်းပါး
လမ်းသွားတွေရှိပါလျှက်
ဖြစ်ရရင်လေ
ရက်ရက်စက်စက် …
အရည်ပြားပေါ်မှာ
ထင်ကျန်နေတဲ့
အမဲစက်တစက်အတွက်
ခရီးမထွက်နဲ့လို့
ပြောပြသူတွေအတွက်တော့
မနက်ဖြန်မှာ
လ္ဘက်ရည်ဖန်ဖန်လေး
တခွက် …
တိုက်လိုက်ပါ။
ဒါပြီးရင်လေ
သူတို့က
ပါရီက နံရံတွေအကြောင်း
ဇီမာလမ်းဆုံအကြောင်း
ခင်ဗျားကို ကောင်းကောင်းပြောပြလိမ့်မယ် …
ဆေးရေးနုတ်သွင်း
ချစ်ခြင်းသီဖွဲ့
ဗင်းနစ်ရဲ့
ပန်းခင်းလှေတွေအကြောင်း
မညောင်းတမ်းပေါ့ …
မြင်းတစီး
ဓားတလက်နဲ့
ဇောရိုးရဲ့
ရုပ်ရှင်ကို
မကြည့်ရစကောင်းလားလို့
စောင်းပါးရိပ်ခြေ
ပြောလေအုံးမယ် …
ပြီးတော့ စစ်တွေနဲ့ညှပ်ထားတဲ့
ပေါင်မုန့်တချပ်လက်ဆောင်
စကပ်တိုတိုပေါင်ပေါ် တင်ပေးလိုက်မယ် …
အဲဒီအချိန်မှာပဲ
အသံမကြားအောင်
ကြွေရေသုတ်
ပန်းကန်တချပ်ကွဲ
ဟန်ဆောင်ပြီး ထွက်ခွာသွားမြဲ …
ခင်ဗျားတို့ လေ့လာနေကြ
ကဗျာထဲက
နာရီမဲ့တဲ့
အိုကိုးရဲ့ဘဝထဲမှာ …
ကျနော်မွေးတုန်းကလည်း
လင်းကြက်တွန်စဲ
တောင်ယာပေါ်ချိန်ပဲနော် …။      ။

ဆရာမောင်သစ်ဆင်းအား ဦးခိုက်စွာဖြင့်
ငြိမ်းလူ
သရုပ်ဖော် - အောင်ထက်

Cartoon Beruma - Informer shall be heavily sentenced (awarded)

ကာတွန်း ဘီရုမာ - တောင်စမုဒ်က ထောင်ထုပ် တဲ့ဟေ့ …
မေ ၁၊ ၂၀၁၀

Moemaka Quote in April

မိုးမခ၏ ဧပြီလ စာကိုး စကားကိုး
ဧပြီ ၃၀၊ ၂၀၁၀


cho pyone (photo: mmtimes.com)

"သင်္ကြန်လေးရက်စလုံး နေပြည်တော်မှာပဲ သီချင်းတွေဆိုပြီး နေခဲ့တာပါ။ လဲလည်း မလဲဘူး၊ မူးလည်းမမူးဘူး၊ သေလည်း မသေပါဘူး။ မိုးကောင်းဘုရားကိုတော့ နှစ်တိုင်း နှစ်ဆန်းတစ်ရက်ဆို သွားနေကျမို့ ရောက်သွားတာပါ" လို့ သူ့ မူပိုင် ချိုလွင် ပီသတဲ့ စကားသံနဲ့ ဖြေကြားခဲ့ပါတယ်။ ဒီလို သေပြီရယ်လို့ ကောလာဟလထွက်တာဟာ အရင်တုန်းကလည်း ရှိခဲ့ဖူးလှပါပြီ။
Myanmar Post ဂျာနယ်၊ ဧပြီ ၂၈

ဗုံးပေါက်ကွဲသည့်ကိစ္စသည် နအဖ စစ်အစိုးရလက်ချက်ဖြစ်နေပါက သိပ်အံ့သြစရာမရှိ။ စစ်အစိုးရသည် ဤထက်မက ပိုမို၍ ပက်စက်သော ရာဇဝတ်မှု၊ ဒုစရိုက်မှုပေါင်း များစွာကို ကြိမ်ဖန်များစွာ လူသိရှင်ကြား ကျူးလွန်ခဲ့သည့် အစိုးရဖြစ်သည်။

သို့သော် အတိုက်အခံတချို့၏ ပယောဂဖြင့် ပေါက်ကွဲသည့် ဗုံးများဖြစ်ပါက အတော်ပင် အံ့သြစရာလည်းကောင်းသည်။ ထိတ်လန့်စရာလည်း ကောင်းသည်။ စိတ်ပျက်စရာလည်း ကောင်းလှပေသည်။
ကိုပေါ၊ ဘလော်ဂါ
kopaw07.blogspot.com ဧပြီ ၂၁


(photo:Myanmar Post)
ဗုံးပေါက်ကွဲသော မဏ္ဍပ် အမည်မှန်မှာ တန်ခူးလေ ဖြစ်သည်။ X2O မှာ ကြော်ငြာဆိုင်းဘုတ် ဖြစ်သည်။
Myanmar Post ဂျာနယ်၊ ဧပြီ ၂၈

သမီးငယ်က ပူဆာ လွန်းသဖြင့် တေးသီချင်းဆိုင်ကို ပြေး ကာ သင်္ကြန်သီချင်း ဗီစီဒီ၊ ဒီဗီဒီ နှစ်ချပ် သုံးချပ် ၀ယ်ပေးရ သည်။ သင်္ကြန်မင်းသားက'နာနာရူပ'ပမာ ရုပ်သဏ္ဌာန် အမျိုးမျိုး ပြောင်းကာ မင်းသမီး ထည်လဲတွဲကာ အခါတော်ကြိုသည်ဖြစ်ရာ ကျွန်တော်တို့ အိမ်ကလေးထဲမှာ အခါ မရောက်ခင်ကပင် သင်္ကြန်အမြောက်သံအုန်းအုန်းထလေသည်။ သမီးကကြိုက်ပုံရသော်လည်းသီချင်း ဂီတအရာ ၌ ရိုးရာစမြင်းခံနေသော ကျွန်တော့ အဖို့ သင်္ကြန်အတု၊ ပိတောက်ပန်းအတု၊ ပရိသတ်အတု၊ အခါတော်အတု တို့ကို ရိုက်ကူး ထားသော ထိုသင်္ကြန်ခွေကို ကြားနေရသော်လည်း သင်္ကြန်ဓာတ် မကူးနိုင်ဘဲ ရှိလေသည်။ အတိတ်လက်ဆောင် အသံတဘောင် သင်္ကြန် ယောင်ဆောင်ထားသော သီချင်းများ ဖြင့် သင်္ကြန်လိပ်ပြာ၊ သင်္ကြန်ဝိညာဉ်ရင်နှင့် မစူးရှိလေသည်။ မည်သို့ပင်ဖြစ်စေ အင်္ဂလိပ်ဘင်သံ တို့အကြား၌ တစ်ချီတစ်ချီကြားခုသော နောက်တုန်ဆရာ ဒိုးချောင်ဆရာတို့၏ ကျေးဇူးကြောင့် သင်္ကြန်သံ မပျောက်ဘဲ ရှိသဖြင့် ကျေးဇူး တင်ရသေးသည်။ အရုပ်တွေကတော့ သင်္ကြန် 'နှစ်ပါး သစ္စာထား' တို့သာ များသည် ဖြစ်ရာ အာသဝေါဓာတ်တို့ တလုံ လဲလဲ ရှိရသည်။
နေ၀င်းမြင့်၊ စာရေးဆရာ
မြန်မာ ဧပြီ ၂၃

အီးဘွတ်တွေ ဘယ်လိုရှိရှိ စာအုပ်ကလေးကိုင်ပြီး ဖတ်ရတဲ့ အရသာကိုတော့ ဘာနဲ့မှ မလဲနိုင်ပါဘူး။ အိပ်ရာပေါ်မှာလှဲပြီး စာအုပ်လေးဖွင့်ဖတ်၊ ဖတ်နေရင်းနဲ့ ခဏရပ် စာအုပ်လေးကို ရင်ဘတ်ပေါ်ချပြီး တွေး၊ တခါတလေ စာအုပ်နံ့လေးကို ရှူမိသေးတယ်။ တခေါက်ဖတ်ပြီးလဲ အားရင်အားသလို ထပ်ဖတ်ချင်မိတယ်။ မဖတ်အားရင်တောင် စာအုပ်လေးတွေကို မြင်သာတဲ့နေရာမှာ ထားပြီး လှမ်းလှမ်းကြည့်နေရရင် ကျေနပ်နေမိတယ်။
မေဓာဝီ၊ ဘလော်ဂါ
maydar-wii.blogspot.com ဧပြီ ၇


thwin pa pa aung (photo: snapshot-news.com)
သူ ကားမောင်းကြမ်းတယ်ရှင့်။ သူမောင်းရင် ဘေးမှာ ထိုင်စီးရတဲ့သူက အသက်ကို ဖက်နဲ့ထုပ်ထားရသလိုပါပဲ

သွင်ပပအောင်၊ အဆိုတော် မျိုးကျော့မြိုင်၏ ဇနီး
ပေါ်ပြူလာဂျာနယ်၊ ဧပြီ ၁၄

(စင်္ကာပူမှာ) အစိုးရ အလုပ်မျိုးတွေကျတော့ ဈေးကွက်သိပ်မကောင်းပေမဲ့ တည်ငြိမ်တဲ့ လစာ ရှိတတ်ပါတယ်။ ပိုလီကျောင်းဆရာ၊ လိုကယ် မာစတာ ဒီဂရီနဲ့ လုပ်သက် ၁၀ နှစ် ရှိတဲ့သူ ဆိုရင် လစာ ၄၀၀၀-၅၀၀၀ လောက် ရတယ်လို့ သိရပါတယ်။ အစိုးရ အလုပ်တွေက ဘောနပ်စ် မှန်မှန် မရမှာလဲ ပူစရာ မလိုပါဘူး။ နှစ်တိုးကလဲ နှစ်တိုင်း ရှိပါတယ်။ လွန်ခဲ့တဲ့ ၈နှစ်လောက်က မြန်မာ ဘွဲ့ရ အင်ဂျင်နီယာတွေ ပိုလီဆရာ ခန့်တာ လစာ ၂၄၀၀လောက် ၀င်ဝင်ချင်း ရကြပါတယ် လို့ ဆိုပါတယ်။

မြန်မာပြည်ကလာ အလုပ်ရှာတဲ့ မြန်မာ ဘွဲ့ရ ဈေးကွက်တွေ အနေနဲ့ကတော့ အလုပ် ရသွားသူတွေဟာ လုပ်သက်၊ ဘွဲ့ပေါ် မူတည်ပြီး Autocad Draftsman သမားတွေက လစာ ၁၂၀၀ - ၂၃၀၀၊ Construction Field က သူတွေက ၂၁၀၀ - ၃၅၀၀၊ IT သမားတွေက ၁၆၀၀ - ၃၀၀၀၊ Industry တွေမှာ လုပ်နေသူတွေက ၂၁၀၀ - ၂၅၀၀၊ ACCA၊ Eco နဲ့ပြီးတဲ့ Accountant တွေက ၁၆၀၀ - ၂၅၀၀၊ ရိုးရိုး ဘွဲ့ရ- Admin အလုပ်ဝင်သူတွေက ၁၂၀၀ - ၂၃၀၀ စသဖြင့် ရတာ လေ့လာ တွေ့ရှိရပါတယ်။ Nurse assistant၊ enrolled nurse စတဲ့ အလုပ် လုပ်သူတွေကတော့ basic pay ၁၂၀၀- ၁၆၀၀ လောက်က စလို့ overtime, night shift တွေ လုပ်သလို ၀င်ငွေ ရပါတယ် တဲ့။
စုချစ်သူ၊ ဘလော်ဂါ
suuchitthu.blogspot.com ဧပြီ ၂၅


shwe ohn (photo: SHAN )
ကျွန်တော်က အခု အသက် (၈၈)နှစ်လေ။ နောက်ထပ် (၃၂)နှစ်ထိ နိုင်ငံရေး လုပ်သွားမှာပါ။ ကျွန်တော့်ကို ပုဏ္ဏားက အသက်(၁၂ဝ)ထိ နေရမယ်လို့ ပြောထားတယ်လေ။

ဦးရွှေအုံး၊ ရှမ်းတိုင်းရင်းသား နိုင်ငံရေးသမား
လျှပ်တစ်ပြက်ဂျာနယ် www.snapshot-news.com/

အခုလောလောဆယ်မှာ ကျွန်မတို့ အားကိုးနေတဲ့မီဒီယာ ၂ခုရှိပါတယ်။ ပြည်တွင်းမှာ လက်ခံသည် ဖြစ်စေ၊ လက်မခံသည် ဖြစ်စေ၊ ကြည့်နေ၊ နားထောင်နေရတဲ့ အစိုးရအုပ်ချုပ်တဲ့ မီဒီယာပါ။ နောက် ပြည်ပကနေ ပေါင်းစုံ ရေးသားနေကြတဲ့ မီဒီယာတွေပါ။ ၂ဘက်စလုံးကို အစွန်းရောက်နေတယ်လို့ မြင်ပါတယ်။ ပြည်တွင်းမှာ အမှန်အတိုင်း လွတ်လွတ် လပ်လပ်မရေးနိုင်၊ မပြောနိုင်ပဲ ဆင်ဆာကို ကြောက်နေရပါတယ်။ မြန်မာ့ရုပ်မြင်သံကြား၊ မြ၀တီနဲ့ မြန်မာ့အလင်းတွေက အစိုးရ လုပ်တာ မှန်သမျှ အကောင်း ရေးပြီး သတင်းတွေကို ကွယ်ဝှက်ထားပါတယ်။ တချိန်တည်းမှာပဲ ပြည်ပ မီဒီယာတွေက စစ်အစိုးရက မကောင်းဘူး ဆိုတဲ့ ရပ်တည်ချက်ကို ယူထားပြီး စစ်အစိုးရ လုပ်သမျှ အပြစ်တွေကိုစောင့်ကြည့် ထုတ်လွှင့်ပေးပါတယ်။ စစ်အစိုးရ လုပ်နေတဲ့ အထဲက ဒီတခုကတော့ မဆိုးဘူး ဆိုတဲ့ ပြောဆိုချက်မျိုးကို မတွေ့ရသလောက် ရှားပါတယ်။ ကျွန်မအမြင်တော့ မီဒီယာဆိုတာ အမြင်အတိုင်း တင်ပြရမှာပါ။ (သရော်စာတို့၊ သုံးသပ်ချက်တို့က တကဏ္ဍပေါ့။) အခုတော့ ကျွန်မတို့ ပြည်သူတွေမှာ ဒီမီဒီယာ ကြည့်ရင် တမျိုး၊ ဟိုမီဒီယာကြည့်ရင်တမျိုး။ အဆိုးဆုံးကတော့ ပြည်ပမီဒီယာတွေရဲ့ မြန်မာနိုင်ငံ အပေါ် ရုပ်လုံးဖော်တဲ့ အနေအထားဟာ မြန်မာနိုင်ငံကို မရောက်ဖူးတဲ့ နိုင်ငံခြားသားတွေ ဆိုရင် မြန်မာနိုင်ငံကို မြောက်ကိုရီးယားလောက် နီးနီး ထင်သွားကြတာပါ။
Haymar ၊ ဘလော်ဂါ
policies-for-myanmar.blogspot.com ဧပြီ ၂၁

ငလျင်နဲ့ ပတ်သက်လို့ ဘယ်သူမှ ခန့်မှန်းလို့ မရသေးပါဘူး။ ကြိုးစားဆဲပဲ ဖြစ်ပါတယ်။ လက်ရှိတော့ သိပံ္ပ ပညာရှင်တွေနဲ့ ငလျင်က အားပြိုင်ဆဲပါပဲ။ အရေးကြီးတာက သတိရှိမှုနဲ့ ကြိုတင် ပြင်ဆင်မှုပါပဲ။ ဖြစ်နေတဲ့အချိန်မှာရယ်၊ ဖြစ်ပြီး တဲ့အချိန်မှာ ဒဏ်ရာမရအောင် အသက်ဆုံးရှုံးမှုမရှိအောင် လုံခြုံတဲ့ နေရာမှာ ရှိဖို့ လိုတယ်။ စိုးရိမ်စိတ် မများဖို့လိုအပ်ပြီး စိုးရိမ်စိတ်ကြောင့် တိုက်ပေါ်ကပြေးဆင်းရင် ပို အန္တရာယ် များပါတယ်။ အိမ်ထဲမှာဆိုရင် ခိုင်ခံ့တဲ့ ခုံ စားပွဲရှည်အောက် ဝင်ပြီး ဒူးထောက် ဝပ်နေပါ။

ဘူမိဗေဒပညာရှင် ဦးသောင်းစိန်၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း
Voice ဂျာနယ်၊ ဧပြီ ၂၆

၂၀၁၀ ခုနှစ် မရောက်ခင်
လေးငါးနှစ်အလို မြန်မာပြည်က မြန်မာမလေးတွေ
ကိုရီးယားယဉ်ကျေးမှုတွေ ကူးစက်
ကိုးယိုးကားယားတွေဖြစ်လို့
ဘယ်လိုနိုင်ငံသားဖြစ်ဖြစ် ကိုယ့်မြေ ကိုယ့်ရေပေါ်
အလည်အပတ်ပဲလာလာ နယ်ချဲ့ဖို့ပဲ လာလာ
သူတို့ဆီက ဆိုးရွားတဲ့ ယဉ်ကျေးမှု စရိုက်ဆိုးတွေ
ပူးကပ်တွယ်နှောင် မကျန်ရစ်ဖို့ပဲလိုတယ် မဟုတ်လား
နရီ (မြိတ်)၊ ကဗျာဆရာ
ပိတောက်ပွင့်သစ်မဂ္ဂဇင်း၊ ဧပြီ



ကျော်ရဲမင်း၊ (photo: people.com.mm)
တချို့ Stress တွေက ရှင်းချင်ရင်တောင် ရှင်းလို့ မရဘူး။ စဉ်းစားကြည့်တဲ့အခါ အဖြေ တွေ့ရင် တွေ့မယ်။ တွေ့ချင်မှလည်း တွေ့မယ်။ အခု ဆေးလိပ်သောက်ချင်လား သောက်လိုက်တယ်။ အရက် သောက်ချင်လား သောက်လိုက်တယ်။ ချုပ်တီး မနေတော့ဘူး။ စိတ်အလိုကို လိုက်ပြီး နေလိုက်ရတဲ့အတွက် Life မှာ ပေါ့ပါးသွားတယ်လို့ ခံစားရတယ်။ အရင် Life က ၀န်ထုပ်ဝန်ပိုး ထမ်းပြီး ခရီးသွားနေရတဲ့ လူနဲ့ တူတယ်။ အခုတော့ လွတ်လွတ်လပ်လပ်နဲ့ အထမ်းအပိုး မပါဘဲ သွားနေရတဲ့သူ တစ်ယောက်လို ခံစားရတယ်။ ဒီထက်ကောင်းတဲ့ ဖြေရှင်းနည်း မရှိဘူးလား ဆိုတော့ ရှိတယ်။ လောလောဆယ် ကျွန်တော် လက်မခံနိုင်သေးဘူး။
ကျော်ရဲမင်း၊ Conqueror Fashion ပိုင်ရှင်
People မဂ္ဂဇင်း၊ ဧပြီ

အချို့လူပျိုအပျိုတွေက အိမ်နောက်ဖေးမှာ ရှိတဲ့ စပါးကျီမှာ ချစ်တင်း နှောတတ်ကြပါတယ်။ တချို့ရွာမှာ ချစ်ဗိမ္မာန်လို့ခေါ်တဲ့ တဲလေးတွေ ဆောက်ထားတတ်တယ်။ အဲဒီတဲလေးတွေက ရွာနဲ့တော်တော် ဝေးတော့ လူကြီး မိဘတွေ မျက်စိရှက်စရာမလိုပါဘူး။ အဲဒီတဲလေးမှာ ချစ်သူတွေ ချိန်းတွေ့ကြ၊ သီချင်းလေးတွေ ဆိုကြ၊ ပုံတိုပတ်စလေးတွေ ပြောတတ်ကြပါတယ်။ တစ်ညလုံး ကိုယ်ထိလ က်ရောက် ချစ်တင်းနှောလို့ရပြီး မိုးလင်းတော့မှပဲ အိမ်ပြန်ကြတယ်။ မိန်းကလေး တစ်ယောက်က ယောက်ျားလေး နှစ်ယောက် သုံးယောက်ကို ပြိုင်တူထားလို့ရပြီး အပျိုစစ် လူပျိုစစ် ဆိုတာ ဦးစား မပေးကြတော့ဘူး။ ကိုယ်နှစ်သက်တဲ့ သူတွေ့ရင်တော့ ပစ္စည်းတစ်ခုခု အလဲအလှယ် လက်ဆောင်လုပ်ရတယ်။ မိန်းကလေးဆိုရင် ဘီး။ ယောက်ျားလေးဆို ခေါင်းပေါင်းပေါ့။ လက်ဆောင်လဲတဲ့ အမှတ်အသားက စေ့စပ်ခြင်းပါပဲ။ တစ်ယောက်နဲ့ တစ်ယောက် ကတိ ထားတဲ့ အနေနဲ့ ၀ါးခြမ်းကို ဓါးနဲ့ သင်္ကေတထစ်၊ နှစ်ခြမ်း ပိုင်းပြီး ကာလသားခေါင်းနှင့် ကာလသမီးခေါင်းတို့ဆီမှာ အပ်ရတယ်။ တခါတလေ ရည်းစား အချင်းချင်း သိမ်းထားတတ်ကြပါတယ်။ ရည်းစားချင်း ပြတ်ဆဲပြီ ဆိုပါက လူကြီးနှစ်ဦး သုံးဦးကိုဖိတ်၊ ခေါင်ရည် ကြက်သားနဲ့ ဧည့်ခံပြီး ယောက်ျားလေးက အသိ သက်သေထားပြီး မိန်းကလေးကို သူနဲ့ ပါတ်သက်ပြီး ကိုယ်ဝန် ရှိမရှိ မေးပါတယ်။ မရှိဘူးဆိုရင် တရားဝန် ပြတ်ဆဲပါတယ်။

ခြေလွန်လက်လွန်ဖြစ်လို့ ကိုယ်ဝန်ရှိခဲ့လျင်လည်း အပျိုမလေးမျက်နှာမြင်ဖို့ လူပျိုဘက်က တာဝန် ယူရပါတယ်။ လူပျိုအိမ်မှာပဲ ကလေးမွေးဖွားရတယ်။ မိန်းကလေးဖက်ကို ယောက်ျားလေးဘက်က ကျွဲနွားစသည်ဖြင့် လျော်ကြေးပေးရပြန်ပါတယ်။ လျော်ကြေး မပေးနိုင်ဘူးဆိုလျင်ဖြင့် မိန်းကလေးကို တရားဝန် ယူရပါတယ်။ ကလေးကိုလည်း ယောက်ျားလေးဘက်က တာဝန်ယူရပါတယ်။ မယူလျင် ကလေး အတွက် လျော်ကြေး ထပ်ပေးရပြန်ပါတယ်။ လျော်ကြေးမပေးဘူးဆိုလျင် မိန်းကလေး ဘက်က ကြွေးထိုင်ပါတယ်။ ကြွေးထိုင်တာ မပြေလည်ဘူးဆိုလျင်ဖြင့် နှစ်ဘက်ဆွေမျိုးသားချင်း အကုန်လုံး ရန်ပွဲတွေ ဖြစ်ကြပါတော့တယ်။ မိန်းကလေးဘက်က ကလေး တစ်ယောက်နဲ့ ကျန်ခဲ့တယ် ထားဦး။ ထိုက်သင့်တဲ့ လျော်ကြေးရလျင်ဖြင့် ထိုမိန်းကလေးရဲ့ ဂုဏ်သိက္ခာက တစ်စွန်း တစ်စမှ မပဲ့ပါဘူး။ မျက်နှာလည်း မပျက်ပါဘူး။ များသောအားဖြင့် နေရာတိုင်းမှာ ယောကျာ်း ကြီးစိုးတဲ့ နေရာတွေ ဖြစ်နေပေမယ့် ကချင် ဒေသလေးမှာတော့ အမျိုးသမီးများက သူ့အဆင့် အတန်းနဲ့သူ နေရာရကြပါတယ်။ တကယ်တော့ ကချင်လူမျိုးတွေ အကြောင်း လေ့လာရင် ကုန်နိုင်မယ် မထင်ပါဘူး။ မင်္ဂလာပွဲနဲ့ ဈာပနပွဲကအစ၊ မနောပွဲကအဆုံး စိတ်ဝင်စားစရာ ကောင်းတာလေးတွေနဲ့ ပြည့်နှက်နေပါတော့တယ်။ တချိန်ချိန်မှာ ကမ္ဘာက ကချင်အကြောင်း သိအောင် ထားပါဦး၊ ကိုယ့်မြန်မာပြည် အတွင်းမှာတင် ကိုယ့်လူမျိုး အချင်းချင်း သိအောင်လုပ်ဖို့ အများကြီး လိုပါသေးတယ်လို့ ထင်မိပါတယ်။
သက်ပိုင်သူ၊ ဘလော်ဂါ
thetpaingthu.com၊ ဧပြီ ၆