Wednesday, March 31, 2010

BBC Interview - U Nyan Winn on NLD next steps

အင်န်အယ်ဒီ ရှေ့ဆက်ရမည့် နိုင်ငံရေးခရီး
ဘီဘီစီအင်တာဗျုး (ဦးဉာဏ်ဝင်း)
ဧပြီ ၁၊ ၂၀၁၀
၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့ပြီးတော့ အာဏာလွဲပြောင်းပေးခြင်းကို မရခဲ့တဲ့ NLD ပါတီဟာ အခု ၂၀၁၀ ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီအဖြစ်လည်း မှတ်ပုံတင်မတင်သလို၊ ရွေးကောက်ပွဲလည်း ဝင်မှာမဟုတ်ဘူး ဆိုတဲ့ သမိုင်းဝင်တဲ့ ဆုံးဖြတ်ချက်ကို လွန်ခဲ့တဲ့ ၂ ရက်က ချမှတ်ခဲ့ပါတယ်။ အဲဒီတော့ NLD ပါတီအနေနဲ့ NLD ပါတီဆိုတဲ့ နာမည်အောက်မှာ ဆက်ပြီးတော့နိုင်ငံရေးလုပ်ဖို့အတွက် အခက်အခဲတွေ တွေ့လာရနိုင်ပါတယ်။ ဒီတော့ NLD ပါတီက ခေါင်းဆောင်တွေ၊ အဖွဲ့ဝင်တွေ ရှေ့မှာလျှောက်လှမ်းကြမယ့် နိုင်ငံရေးအရ လမ်းကြောင်းက ဘာလဲဆိုတာကို NLD ပါတီက ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းကို ဆက်သွယ်မေးရာမှာတော့ …

ဦးဉာဏ်ဝင်း ။ ။ NLD က လက်ရှိဆောင်ရွက်နေတဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကိစ္စကို နဂိုအတိုင်းပဲ ဆက်သွားမယ်၊ ဆက်လုပ်မယ်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အကုန်လုံးတစပ်တဆက်တည်း၊ ဒီလုပ်ငန်းတွေ အားလုံးဟာ နိုင်ငံရေးအလုပ်တွေပဲ။ တခုပဲရှိတယ်၊ အခုနပြောတဲ့ NLD ဆိုတဲ့ အမည်ကိုသုံးစွဲခွင့်မရှိတဲ့ဟာမျိုး ကြုံနိုင်ပါတယ်။ သုံးစွဲခွင့် မရှိရင်လည်း နိုင်ငံရေးလှုပ်ရှားမှုက ဆက်လက်ဆောင်ရွက်သွားမယ်လို့ အကြမ်းဖျဉ်း ပြောလို့ရတယ်။ အသေးစိတ်အားဖြင့် ဘယ်ကိစ္စ ဘယ်လိုလုပ်မယ်ဆိုတာမျိုးနဲ့ ပတ်သက်ရင်တော့ ကျနော်အနေနဲ့ အခုအချိန်မှာ မပြောနိုင်ပါဘူး။ အဖွဲ့ချုပ်က နောက် သုံးသပ် ဆုံးဖြတ်ပြီးတဲ့အခါမှ ပြောလို့ရမယ့်ကိစ္စတွေပါ။

ဘီဘီစီ ။ ။ အဖွဲ့ကြီးတခုအနေနဲ့ပဲ ဆက်သွားမှာလား ဒါမှမဟုတ် အဖွဲ့လေးတွေခွဲပြီးတော့ အခြားပုံစံမျိုးနဲ့ ဆက်သွားမှာလား။
ဦးဉာဏ်ဝင်း ။ ။ အဲဒီလို အခြေအနေမျိုးက ရောက်ချင်လည်း ရောက်လာမှာပေါ့နော်၊ အခုလက်ရှိအားဖြင့် NLD ဟာ အပေါ်မှာ CEC, CC နောက် တိုင်းနဲ့ပြည်နယ်၊ မြို့နယ် ဒီလို အပေါ်အောက်အဆင့် သွားတာကိုး။ အကယ်၍ NLD သာ ဟိုဒင်းဖြစ်ခဲ့မယ်ဆိုရင် ဒီအဆင့်အတိုင်းမဟုတ်တော့ ဆက်ဆံမှု Communication လိုင်းတွေဟာ အသစ် ဖြစ်ပါလိမ့်မယ်။ လောလောဆယ် အသစ်ဖြစ်လာမယ့် Communication လိုင်းတွေနဲ့ပတ်သက်ရင်တော့ အခုအချိန် မပြောနိုင်သေးပါဘူး။

ဘီဘီစီ ။ ။ NLD ပါတီရဲ့ဆုံးဖြတ်ချက်က ပါတီအဖြစ်မှတ်ပုံ မတင်ဘူး၊ ရွေးကောက်ပွဲကို မဝင်ဘူးဆိုတဲ့ ဆုံးဖြတ်ချက် ဖြစ်ပါတယ်။ ဒါပေမယ့် တချို့ဒီမိုကရေစီရေးလိုလားတယ်လို့ပြောတဲ့ ပါတီတွေရှိပါတယ်။ သူတို့က ရွေးကောက်ပွဲနည်းလမ်းပဲရှိတယ်လို့ ပြောပါတယ်။ အဲဒီကနေဆက်ပြီးတော့ ဒီမိုကရေစီကို ချဲ့မယ်လို့ ပြောကြပါတယ်။ ဆိုတော့ အဲဒီလို ပါတီတွေပေါ်မှာကော NLD ရဲ့သဘောထားက ဘယ်လိုရှိသွားပါသလဲခင်ဗျ။

ဦးဉာဏ်ဝင်း ။ ။ NLD က အဲဒီလိုပါတီတွေအတွက် ကျနော်တို့ သူတို့ရဲ့သဘောထားကို မဝေဖန်လိုဘူး။ ဒါ သူတို့မှာ အခွင့်အရေးရှိပါတယ်။ ဒါပေမယ့် တခုတော့ပြောချင်ပါတယ်။ NLD က ဒီလိုဆုံးဖြတ်ရတာဟာ နဝတ၊ နအဖ ကျင်းပတဲ့ ရွေးကောက်ပွဲအနိုင်ရပြီးသား ပါတီတခုအနေနဲ့ ဒါကိုထည့်သွင်းစဉ်းစားပြီး အခုလိုဆုံးဖြတ်တာလို့ ပြောချင်ပါတယ်။ သူတို့ကို ကျနော်တို့ မဝေဖန်ပါဘူး။
ဒါကတော့ NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းပါ။
မတ်လ ၃၁ ရက်၊ ၂၀၁၀ ပြည့်နှစ် ဘီဘီစီ (ညပိုင်း) အစီအစဉ်မှ ကောက်နုတ်ဖော်ပြပါတယ်။

Rangoon Blackout worst ever in 2010

ရန်ကုန်မြို့တွင် တစ်နှစ်တာ အတွင်း အဆိုးဝါးဆုံး လျှပ်စစ်ဓါတ်အား ပြတ်တောက်
မိုးမခ အထောက်တော်၊ ရန်ကုန်
မတ် ၃၁၊ ၂၀၁၀
ရန်ကုန်မြို့တွင် ယခုရက်ပိုင်းအတွင်း ဖြစ်ပွားလျက်ရှိသည့် လျှပ်စစ်ဓါတ်အား ပြတ်တောက်မှုသည် လွန်ခဲ့သည့် တစ်နှစ်တာ အတွင်း အဆိုးရွားဆုံးဖြစ်သည်ဟု ရန်ကုန်မြို့ခံများက ပြောဆိုကြသည်။
ယခုရက်ပိုင်း အတွင်း ရန်ကုန်မြို့တွင် လျှပ်စစ်ဓါတ်အား ပေးဝေရာတွင် မိနစ်ပိုင်းမျှသာ ပေးဝေပြီး နာရီနှင့်ချီ ဖြတ်တောက်လျက် ရှိကာ၊ လျှပ်စစ်ဓါတ်အားဖြင့် သုံးရေ စုပ်ခြင်း၊ အိမ်သုံး အင်ဗာတာ ဖြင့်ဘက်ထရီအား ပြန်လည် ဖြည့်သွင်းခြင်း၊ မိုဘိုင်းဖုန်းကဲ့သို့သော တကိုယ်ရေသုံး
လျှပ်စစ်ပစ္စည်းများ အားဖြည့်ခြင်းတို့ကို ပြုလုပ်၍ မရလောက်သည့် အခြေအနေသို့ ရောက်ရှိနေပြီး လျှပ်စစ်ဓါတ်အား မရရှိခြင်းကြောင့် သာမန်နှစ်ထက် ပူပြင်းသည့် ရာသီဥတုဒဏ်ကိုလည်း ပိုမိုခံစားနေရသည်ဟု မြို့ခံများက ပြောဆိုကြသည်။
လျှပ်စစ်ဓါတ်အား ပြတ်တောက်မှု၏ အကျိုးဆက် အဖြစ် အိမ်သုံးမီးစက်များ၊ လုပ်ငန်းသုံးမီးစက်များ၊ ကွန်ဒိုနှင့် ရှော့ပင်းစင်တာ၊ ဟိုတယ်များမှ မီးစက်ကြီးများ၏ ဆူညံသံ၊ လေထုညစ်ညမ်းမှု နှင့်အတူ အပူရှိန် ပိုမြင့်တက်ခြင်းများ ဖြစ်ပွားလျက်ရှိသည်ဟု ရန်ကုန်မြို့နေထိုင်သူများက ပြောဆိုကြသည်။
ပုဇွန်တောင် မြို့နယ်တွင် နေထိုင်သူ တဦးက လွန်ခဲ့တဲ့ ၂၄ နာရီကတည်းက လျှပ်စစ်မီးက ၂နာရီ ၃နာရီ တောက်လျှောက် မရသေးဘူး။ မီးလာတာနဲ့ ချက်ခြင်း ရေလည်းစုပ်တင်လို့ မရဘူး။ အားလုံး ၀ိုင်းပြီး စုပ်နေကြတော့ မတက်တော့ဘူး။ အခုသုံးရေလည်း ကုန်ခါနီး ဖြစ်နေပြီ။ နွေရာသီ ပူတဲ့အချိန်ကျမှ ရေက မရှိဖြစ်နေတာ။ ညဘက် သန်းခေါင် မီး၁နာရီ ၂နာရီကြာလောက် လာချိန်မှာ
ရေစုပ်ဖြစ်ရင်စုပ်ဖြစ် နို့မဟုတ်ရင်တော့ မရတော့ဘူး။ ဒါကြောင့် အိပ်ရေးပျက်ခံပြီး လျှပ်စစ်မီးကို စောင့်နေရတယ်။” ဟုပြောဆိုသည်။
လျှပ်စစ်မီး မရသဖြင့် ရေတွန်းစက်များ ရေမတွန်းပို့နိုင်ခဲ့လျင် ရန်ကုန်မြို့လယ်ရပ်ကွက်များ အတွင်း ကြံ့ဖွံ့မှ တူးဖေါ်ထားသည့် စက်ရေတွင်းများဖြင့် ရေပေးဝေရန် ရန်ကုန်မြို့တော်ဝန်နှင့် ရန်ကုန်တိုင်း ကြံ့ဖွံ့တာဝန်ခံတဦး ဖြစ်သူ ဗိုလ်ချုပ်အောင်သိန်းလင်းက စီစဉ်ထားသည်ဟု စည်ပင် သာယာမှ ပြုလုပ်သည့် သတင်းမီဒီယာနှင့် တွေ့ဆုံပွဲများတွင်ပြောဆိုခဲ့သည်။
သို့ရာတွင် ကြံ့ဖွံ့အလံတင်ထူထားသည့် စက်ရေတွင်းမှ သုံးရေကို နေထိုင်သည့် အိမ်အသီးသီးသို့ သယ်ယူရာတွင် ပုံးများဖြင့် ကိုယ်တိုင်သယ်ယူရမည် ဖြစ်သဖြင့် ရေတွင်းနှင့် အလှမ်းကွာသူများနှင့် အထပ်မြင့်တွင် နေထိုင်သူများ အနေဖြင့် အခက်အခဲ ကြီးမားလိမ့်မည် ဖြစ်သည်ဟု ရန်ကုန်မြို့ခံတဦးက ပြောသည်။ ထို့ပြင် စက်ရေတွင်းမှ ထွက်ရှိသည့် ရေ သည်
သံဓါတ်ပါရှိနိုင်ခြင်း၊ ရေသွက်မဟုတ်ခြင်း တို့ကြောင့် ရန်ကုန်မြို့ခံများက သုံးစွဲလိုခြင်းမရှိကြဟု လည်းသိရှိရသည်။
ရန်ကုန်မြို့ရှိ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းများဖြစ်သည့် စားသောက်ဆိုင်များ၊ အင်တာနက်ဆိုင်များ အစရှိသည့် လုပ်ငန်းများတွင်လည်း မီးစက်ကို တရက်လျင် ၁၀နာရီကျော် မောင်းနှင်ရသဖြင့် ကုန်ကျစရိတ်ပိုမို မြင့်တက်လာပြီး စားသုံးသူ အရေအတွက် နည်းသည်နှင့် မီးစက်ရပ်ခါ ဆိုင်ကို စောစီးစွာ ပိတ်ကြရသည့် အဖြစ်များလည်း ဖြစ်ပွားလျက် ရှိနေပြီး ယခုရက်ပိုင်း ဓါတ်ဆီဈေး ယခင် တဂါလံ ကျပ် ၃၀၀၀ ၀န်းကျင်မှ ၃၄၀၀ ကျပ် သို့ မြင့်တက်ခဲ့သည်ဟုလည်း သိရသည်။
မည်သည့် အကြောင်းကြောင့် ရန်ကုန်မြို့တွင် ယခုလို လျှပ်စစ်မီး ဆိုးဝါးစွာ ပြတ်တောက် နေရသည်ကို တာဝန်ရှိသူများ အနေဖြင့် ပြည်တွင်းမီဒီယာများသို့ရှင်းလင်း ပြောဆိုခြင်း မရှိသော်လည်း အစိုးရပိုင်သတင်းစာများတွင်မူ ရဲရွာရေအား လျှပ်စစ်တာဘိုင် တလုံး စတင်လည်ပတ်ပြီ ဆိုသည့် သတင်းကို ပြီးခဲ့သည့် ဖေဖေါ်ဝါရီလက ဖေါ်ပြခဲ့သည်။ သို့သော်လည်း ရန်ကုန်မြို့၏ သုံးစွဲမှုကို ပြည့်မှီအောင် ပေးနိုင်ခြင်း မရှိသည့်ပြင် ယခင်လများထက် ၊ ယခင်နှစ်များထက် ပိုမိုဆိုးရွားစွာ ပြတ်တောက်လျက်ရှိသည်ကိုသာ ကြုံတွေ့နေရသည်။
“မီးမလာတာက အရေးမကြီးဘူး၊ အခုလို ၅မိနစ်  ၁၀မိနစ် ပေးလိုက် ပြန်ဖြတ်လိုက် လုပ်နေတာက သုံးစွဲတဲ့ သူတွေအတွက် စိတ်အနှောင့်အယှက် အရမ်းဖြစ်တယ်။ မီးလာပြီဆိုလို့ မီးစက်ကို ရပ်လိုက်ပြီး ထိုင်တောင်မထိုင်ရ သေးဘူး။ မီးကပြန်ပျက်သွားပြန်ရော လူကို အရူးဖြစ်နေရော”ဟု ကျောက်တံတားမြို့နယ် ရှိအင်တာနက်ဆိုင် တစ်ဆိုင်မှ ပြောဆိုသည်။
နအဖ စစ်အစိုးရက ရွေးကောက်ပွဲများ ကျင်းပပေးမည်ဟု ပြောဆိုထားသည့် ၂၀၁၀ ခုနှစ်တွင် ရန်ကုန်လူထု အနေဖြင့် ရွေးကောက်ပွဲ ၊ အန်အယ်လ်ဒီ နှင့်အခြားသော အတိုက်အခံပါတီများ နှင့်ပတ်သက်သည့် နိုင်ငံရေး ကိစ္စရပ်များကို စိတ်မ၀င်စားနိုင်စေရန် ရန်ကုန်လူထုကို ယခုကဲ့သို့ ဒုက္ခရောက် စေရန်ဖန်တီးထားခြင်းလား ဟူသည့် တွေးဆမှုများလည်း ရှိသည်ကို ကြားသိရသည်။
နိုင်ငံပိုင် လုပ်ငန်းများအား ပုဂ္ဂလိကပိုင် ပြုလုပ်ရေးအစီအစဉ်များအား မြန်မြန်ဆန်ဆန် လုပ်ဆောင် လျက်ရှိသည့် ယခုလိုအချိန်တွင် လျှပ်စစ်ဓါတ်အား ထုတ်လုပ်ပေးဝေခြင်းကိုလည်း ပုဂ္ဂလိကအား လုပ်ကိုင်စေမည့် ကောလဟလများ ထွက်ပေါ်လျက် ရှိသော်လည်း ပြိုင်ဆိုင်မှု မရှိသည့် စစ်အစိုးရနှင့် နီးစပ်သူ လုပ်ငန်းရှင်ကြီးများ လက်ထဲသို့ ထိုးအပ်ခဲ့လျင် မီတာကြေး တိုးမြှင့်ကောက်ခံ သည်မှလွဲပြီး ၀န်ဆောင်မှု တိုးတက်လာခြင်း မရှိမည့် အဖြစ်ကိုလည်း လူထုက စိုးရိမ်လျက် ရှိသည်။
ဥပမာအားဖြင့် လွန်ခဲ့သည့် ၂၀၀၉ ခုနှစ်ဆန်းမှ စတင်ကာ တခါသုံး ဂျီအက်စ်အမ် ဆင်းကဒ်များကို ထူးကုမ္ပဏီခွဲ စင်ထရယ် မားကက်တင်းက ရောင်းချပေးလျက် ရှိသော်လည်း ပြိုင်ဆိုင်မှု မရှိသည့်အတွက်ကြောင့် ၁လသက်တမ်းခံ ဖုန်းကဒ်မှာ ပြောဆိုခဈေးကြီးသည့် အပြင်
သတ်မှတ်ဈေးထက် ၃၊ ၄ထောင်မှ ၇ထောင် ကျပ်ဝန်းကျင်ထိ အပိုကြေးပေးဝယ် ရသည့် အဖြစ်ကို ကြုံတွေ့နေရသည်။

Than Khe - The Origin of Live and Let Die

“သူသေ ကိုယ်ရှင် တိုက်ပွဲဝင်” ရဲ့ စကားလုံး သခင်သို့
သံခဲ
မတ် ၃၁၊ ၂၀၁၀
သူသေကိုယ်ရှင် တိုက်ပွဲဝင် ။
ကျနော့်ဘဝမှာ ဒီစကားလုံး ပထမဆုံး စပြောတာက ဆရာကြီး ဦးတင်မိုး(ဆရာဂျမ်း)။
         ပြောတဲ့နေရာက ဆရာသာမည ခေါ် ကိုခင်မောင်စိုး၏ ချင်းမိုင် နေမာဟေမင်၊ ဆရာဂျမ်းအခေါ် ဟေမာနေဝင်း လမ်းရဲ့ တိုက်ခန်းမှာ။ အချိန်က ၂ဝဝ၆ ခုနှစ်ထဲက နေ့တနေ့ရဲ့ ညနေ ၇း၃ဝ၊ ၈းဝဝနာရီလောက်ဖြစ်မည်။
ထိုနေ့က ဆရာအား မဲဆောက်မှ ချင်းမိုင်သို့ ကျနော် ပြန်ခေါ်လာသည့် နေ့။ ဒါဟာ ဆရာ့အတွက် မဲဆောက် နောက်ဆုံးခရီးစဉ်လဲဖြစ်သည်။
ဒီဗီဘီရုံးသို့ ဆရာကို တီဗီမှတ်တမ်းရိုက်ပြီး အပြန်။ အင်တာဗျူးတဲ့ အကြောင်းကလည်း ဆရာ၏ ထောင်တွင်း အတွေ့အကြုံများ။ ဆရာပြောချင်တာ စိတ်လွတ်လက်လွတ် ပြောနိုင်ရန် ဧည့်ခန်း စက်တီပေါ်တွင် သက်သောင့်သက်သာထိုင်ရင်း ဒီဗီဘီတီဗီဝိုင်းတော်သားတွေက ရိုက်ကူးပေးခဲ့ကြသည်။ ဆရာက ဆေးလိပ်ကိုဖွာရင်း အေးအေးဆေးဆေး ပြောလိုက်၊ ခဏနားလိုက်၊ သတိရတဲ့ အကြောင်းတွေကို ပြန်ပြောလိုက်နဲ့။ ကျနော်ကတော့ တီဗီ ကင်မရာမြင်ကွင်းထဲမရောက်တဲ့ ဘေးတနေရာမှာထိုင်ရင်း ဆရာ့စကားတွေကို နားထောင်ကာ ဆရာနှင့်အတူ ဆရာ့ဘဝဇာတ်ကြောင်းထဲ မျောဝင်ခံစားနေသည်။

Maung Swan Yi - Remembering BaKaTha Zaw Win

ဗကသဇော်ဝင်း
မောင်စွမ်းရည်
မတ် ၂၄၊ ၂၀၁၀
          ကျနော် မကြာခဏ သတိရ လွမ်းဆွတ်မိသူတွေထဲမှာ ဗကသဇော်ဝင်းလို့ ကျောင်းသား လှုပ်ရှားမှုသမိုင်းမှာ နာမည်ကျော်တဲ့ ကိုဇော်ဝင်းလဲပါဝင်ပါတယ်။ သူက ရန်ကုန်တက္ကသိုလ်၊ ကျနော်က မန္တလေးတက္ကသိုလ်ဆိုတော့ ကျောင်းနေဖက်မဟုတ်ပါဘူး။ “ငယ်ပေါင်း” မဟုတ် “ကြီးဖေါ်” ပဲဖြစ်ပါတယ်။ ဒါပေမဲ့ ကျနော်တက္ကသိုလ်ရောက်လို့ ကျောင်းသားလှုပ်ရှားမှုတွေနဲ့ ဒွေးရောယှက်တင် ဖြစ်လာတဲ့အခါ “ဇော်ဝင်း” ဆိုတဲ့ နာမည်က မကြားမဖြစ် ကြားလာရပါတယ်။ ကျနော်က တကသ အမှုဆောင်ထဲသာ ပါဖူးပြီး ဗကသ အမှုဆောင်ထဲမှာ မပါဘူးလို့ သူနဲ့ စောစောစီးစီး မရင်းနှီးခဲ့ရဘူး။
          ကိုဇော်ဝင်းက မန္တလေးတို့ မြင်းခြံတို့ကို ဗကသကိစ္စတွေနဲ့ လာဖူးတယ်။ ကျနော့်အပေါင်းအသင်းတွေက ဗကသ၊ တကသ တွေ ဆိုတော့ သူတို့ကတဆင့် ဗကသဇော်ဝင်း ဆိုတဲ့နာမည်ကို နားယဉ်နေခဲ့ပါတယ်။ ဖြတ်သွားဖြတ်လာနဲ့ ကြုံဖူးဆုံဖူးကြတယ်။ မိုးတိုးမတ်တတ်ပါပဲ။

Tuesday, March 30, 2010

Cartoon Saw Ngo -2010 Game Plan

ကာတွန်းစောငို - ၂၀၁၀ ဖဲချပ်များ
မတ် ၃၁၊ ၂၀၁၀

NUP re-registers



တစည ပါတီ ပြန်လည်မှတ်ပုံတင်ပြီ
ဓာတ်ပုံသတင်း
မတ် ၃၁၊ ၂၀၁၀
တည်ဆဲပါတီ ၁၀ ခုအနက် တစည ခေါ် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ ပြန်လည် မှတ်ပုံတင်ကြောင်း ယနေ့ထုတ် မြန်မာ့အလင်းတွင် ဖော်ပြထားသည်။ NLD က မှတ်ပုံတင်မည် မဟုတ်ကြောင်း ကြေညာခဲ့ပြီး ဖြစ်သည်။ ကျန် ၈ ပါတီက မည်သို့ စီစဉ်ကြမည်ကို ကြေညာခြင်း မရှိကြသေးပေ။ တစည သည် ဦးနေ၀င်းနှင့် စစ်ဗိုလ်ချုပ်များ တည်ထောင်ခဲ့သည့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (၁၉၆၂-၁၉၈၈) ကို အမည်ပြောင်းထားခြင်း ဖြစ်သည်။

တည်ဆဲပါတီ ၁၀ ခု အမည်စာရင်းကို ဤနေရာတွင် ကြည့်ပါ။


Burmese Censorship Board added its opinion on NLD's news

NLD ပါတီ မှတ်ပုံမတင်မည့် သတင်းတွင် စိစစ်ရေး၏အာဘော်ကို ထည့်သွင်းပြီးမှ ဖော်ပြခွင့်ရ
မိုးမခ အထောက်တော်၊ ရန်ကုန်
မတ် ၃၀၊ ၂၀၁၀
ယနေ့ထုတ် အပတ်စဉ် သတင်းဂျာနယ် အချို့တွင် ယမန်နေ့က NLD ပါတီ၏ ရွေးကောက်ပွဲ မ၀င်ရန် ဆုံးဖြတ်ချက် ဖေါ်ပြထားသည့် သတင်းတွင် စာပေစိစစ်ရေးမှ သူတို့သဘောဖြင့် စာပိုဒ် တပိုဒ်ဖြည့်သွင်းပြီးမှ ဖေါ်ပြရန် ခွင့်ပြုစေခဲ့သည်ဟု မီဒီယာလောကမှ ပြောဆိုချက်အရ သိရသည်။
ယနေ့ ထုတ်ပြည်မြန်မာ ဂျာနယ်တွင် ဖေါ်ပြထားသည့် အဆိုပါ NLD သတင်း အဆုံးပိုဒ်တွင်
“ယခုကဲ့သို့ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲသို့ ၀င်ရောက်ခြင်း မပြုရန် ဆုံးဖြတ်ခြင်းသည် ဒီမိုကရေစီ စနစ်သို့ ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များကို အတိုင်းအတာ တစ်ခုအထိ ထိခိုက်နိုင်ကြောင်း နိုင်ငံရေး ကျွမ်းကျင်သူအချို့က ဝေဖန် သုံးသပ်လျက်ရှိသည်ကို သိရသည်”
ဟု ဖေါ်ပြထားသည်ကို တွေ့ရသည်။
ယနေ့ထုတ် အခြားဂျာနယ် တစ်စောင်ဖြစ်သည့် ရန်ကုန်တိုင်းဂျာနယ်တွင်လည်း အလားတူ ဝေဖန်ချက် သဘောပါရှိသည့် စာပိုဒ် တပိုဒ်ကိုဖြည့်စွက်ထားသည်ကို တွေ့ရပြီး အဆိုပါ ဂျာနယ်တွင်မူ ပြောကြားသူကို နိုင်ငံရေး သမားဟောင်းတဦးဟုဖေါ်ပြပါရှိသည်။
NLD ပါတီနှင့် နီးစပ်သူတဦး၏ ပြောဆိုချက်အရ ပါတီမှ တာဝန်ရှိသူက ဂျာနယ်တိုက်သို့ ဖုန်းဆက်မေးမြန်း ရာတွင် စာပေစိစစ်ရေးမှ အဆိုပါအပိုဒ် ထည့်သွင်းရန် ညွှန်ကြားခဲ့ပြီး ထိုစာပိုဒ်မပါရှိက ဖေါ်ပြခွင့် မပြုကြောင်း ဂျာနယ်တိုက်မှ ဖြေကြားခဲ့သည်ဟု ပြောဆိုသည်။
နအဖ အစိုးရအနေဖြင့် ရွေးကောက်ပွဲ ဥပဒေ ထွက်ရှိလာပြီး တစ်ပတ်ခန့်အကြာထိ ပြည်တွင်းဂျာနယ်များအား ရွေးကောက်ပွဲနှင့် ပတ်သက်သည့် သတင်းဖေါ်ပြခွင့်မပြုဘဲ ဒုတိယ သီတင်းပတ်မှစတင် စိစစ်ဖြတ်တောက်ပြီး အနည်းငယ်ခွင့်ပြုခဲ့သည်ဟု ပြည်တွင်းမီဒီယာ သမားများက ပြောပြသည်။
စာပေကင်ပေတိုင်ဟု လူသိများသည့် စာပေစိစစ်ရေးမှ ထိုသို့ ဖြတ်တောက် ဖြုတ်ပယ်ခြင်းများ ပြုလုပ်ပြီးနောက် ခွင့်ပြုနေရာမှ ယခုတဖန်ထည့်သွင်းသည့် သတင်းကို ပုံဖျက်ပြီး ဖေါ်ပြစေသည့် နည်းကို ထပ်မံ ကျင့်သုံးလျက်ရှိသည်ကို တွေ့ရခြင်းဖြစ်သည်။
မီဒီယာအနေဖြင့် ရွေးကောက်ပွဲတွင် ပြည်သူလူထုအား ရွေးကောက်ပွဲ နိုင်ငံရေးပါတီ၊ နိုင်ငံရေး သမားများနှင့် ပတ်သက်ပြီး အသိပေး ရန် တာဝန်ရှိသည်ဟု မြန်မာနိုင်ငံမှ မီဒီယာသမားများအနေဖြင့် ခံယူထားပြီး သတင်းများ၊ အင်တာဗျူးများ၊ ပြည်သူလူထုအား ရွေးကောက်ပွဲ ပညာပေးသည့် အစီအစဉ်များကို ဖေါ်ပြရန်ကြိုးစားလျက် ရှိသော်လည်း စာပေစိစစ်ရေး၏ များပြားလှသည့် ပယ်ခြင်း ဖြုတ်ခြင်းများကြောင့် လုပ်ကိုင်ရ ခက်ခဲလျက်ရှိသည်ဟု ပုံနှိပ်မီဒီယာ လောကသားများက ပြောဆိုကြသည်။

Naing Win Swe's book

နိုင်ဝင်းဆွေ၏ မဟူရာမေတ္တာ ကို ဂျာနယ်တစောင်တွင် အခန်းဆက် ဖော်ပြမည်
မိုးမခအထောက်တော် အမှတ် ၀၀၄
မတ် ၃၀၊ ၂၀၁၀

တော်လှန်ရေးသမား၊ စာရေးဆရာ နိုင်ဝင်းဆွေ၏ မဟူရာမေတ္တာ ဝတ္ထုကို ရန်ကုန်တွင် ထုတ်ဝေသည့် လျှပ်တစ်ပြက် ဂျာနယ်က အခန်းဆက် ဖော်ပြသွားမည်ဟု သိရသည်။

သောကြာနေ့ထုတ် လျှပ်တစ်ပြက် ဂျာနယ် http://www.snapshot-news.com/ တွင် စတင် ဖော်ပြထားကြောင်း တွေ့ရသည်။

"ခွင့်ပြုချက် ပေးခဲ့သော တောင်ငူမြို့၊ ချင်းကုန်းရွာနေ ဆရာနိုင်ဝင်းဆွေ၏ အစ်မကြီး ဒေါ်ခင်နုနှင့် တူမအရင်း ဒေါ်ကြင်ဦးတို့ကို လျှပ်တစ်ပြက် ဂျာနယ်မှ ကျေးဇူး အထူးတင်ရှိပါသည်" ဟု လျှပ်တစ်ပြက်က ဆိုသည်။

မဟူရာမေတ္တာ ကို http://sagarwarmyae.net/?p=5238 နှင့် http://ebooks.mmblogs.net/archives/42 တို့တွင်လည်း Ebook အဖြစ် တွေ့ရသည်။

ထိုင်းမြန်မာနယ်စပ်တွင် ကွယ်လွန်သူ စာရေးဆရာ နိုင်ဝင်းဆွေ အကြောင်းကို wikimyanmar.co.cc တွင် ဖတ်ရှုနိုင်သည်။


Monday, March 29, 2010

views in NPD

နေပြည်တော် မြင်ကွင်းများ
ဓာတ်ပုံသတင်း (daylife.com)
မတ် ၃၀၊ ၂၀၁၀

မတ်လ ၂၇ ရက်နေ့ ၀န်းကျင်တွင် နေပြည်တော်မြို့တော်သို့ ရောက်ရှိခဲ့သည့် စာနယ်ဇင်းသမားတို့ မှတ်တမ်းတင်ခဲ့သည့် ဓာတ်ပုံများ ဖြစ်သည်။
သနပ်ခါးအဖွေးသားနှင့် တွေ့ရသည့် အလုပ်သမားတဦး


ပျဉ်းမနားဒေသတွင် တွေ့ရသော သံဃာတချို့၊ ထီးတလက်နှင့် သီလရှင် ၃ ပါး

စားသောက်ဆိုင်တဆိုင်မှ စားသုံးသူများ



တည်ဆောက်ဆဲ လွှတ်တော် အဆောက်အအုံ



ဆောက်လုပ်ရေး အလုပ်သမားတချို့၊ ကလေးတချို့
ရွှေတိဂုံပုံစံတူ ဥပ္ပါတသန္တိစေတီ



ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နှင့် ထိပ်တန်း ဗိုလ်ချုပ်ကြီးများ




နေပြည်တော်ဘူတာရုံကြီး





အရောင်းဆိုင်တချို့ မြင်ကွင်း

နွေနေပူဒဏ်ကို ပုံစံမျိုးစုံဖြင့် ကာကွယ်ထားသည့် အလုပ်သမားတဦး

Reactions on NLD's decision


NLD ပါတီ၏ ဆုံးဖြတ်ချက် အပေါ် တုံ့ပြန်ချက်များ
မိုးမခ အထောက်တော်၊ ရန်ကုန်
မတ်၃၀၊ ၂၀၁၀သမိုင်းဝင် အစည်းအဝေး ပြုလုပ်စဉ် NLD ရုံးအနီး စုဝေးနေကြသော NLD အဖွဲ့ဝင်တချို့(ဓာတ်ပုံ - မိုးမခ)

NLD က ဆုံးဖြတ်လိုက်သည့် ပါတီ မှတ်ပုံ မတင်ရေး ဆုံးဖြတ်ချက် အပေါ် နိုင်ငံရေး စိတ်ဝင်စားသူ အများစုက ထောက်ခံပြီး အချို့သော သူများကမူ နအဖ ကြိုးဆွဲပါတီများကို ဆန့်ကျင်ရာတွင် အတိုက်အခံ ဘက်မှ ၀င်ရွေးမည့်သူ မရှိမည့် အဖြစ်ကို စိုးရိမ်ကာ ဆန့်ကျင်သည့် အမြင် ရှိသည်ကို ကြားသိရသည်။

ဆုံးဖြတ်ချက် ချမှတ်လိုက်သည့် ယမန်နေ့ ညနေပိုင်းတွင် NLD ရွေးကောက်ပွဲ ၀င်မည် မ၀င်မည်၊ ပါတီ မှတ်ပုံတင်မည် မတင်မည်ကို ပြည်ပ အခြေစိုက် ရေဒီယိုများမှ လည်းကောင်း၊ အချို့က အင်တာနက် သတင်းများကို ၀င်ရောက် ဖတ်ရှုခြင်းဖြင့် လည်းကောင်း စိတ်ဝင်တစား စောင့်ကြည့်ခဲ့ကြ သည်ကို တွေ့ရှိရသည်။ အသက် ၄၀ အရွယ်ရှိ ၀န်ထမ်းဟောင်း တဦးက ``ကျွန်တော်က ၃နာရီ ကျော်ကျော် ကတည်းက အင်တာနက်မှာ ကြည့်ပြီး သိတာ။ အခုလို လုပ်တာ မှန်တယ်၊ ကျွန်တော်တော့ ထောက်ခံတယ်၊ ၈၈ မျိုးဆက် ကျောင်းသားတွေတောင် ပါတီ မရှိဘဲ နိုင်ငံရေး အရ ရပ်တည်နိုင်သေးတာပဲ၊ NLD လည်း အဲလို ရပ်တည်နိုင်ရမှာပေါ့။ အခုလိုမ၀င်မှ နိုင်ငံတကာက အသိအမှတ် မပြုတဲ့ ရွေးကောက်ပွဲ ဖြစ်သွားမှာပေါ့၊ ဘာပဲပြောပြော NLD က သူ့သမိုင်းကို ဒီလိုရေးတာ ကောင်းတယ်´´ဟု ပြောသည်။

ကိုယ်ပိုင် ကျွမ်းကျင်မှုဖြင့် အသက်မွေးသူ တဦးကလည်း ``အရင် ရက်တွေက နယ်မြို့ NLD ပါတီ ခေါင်းဆောင်တွေရဲ့ အမြင်တွေကို ရေဒီယိုမှာ ကြားနေရတော့ အဖြေက အခုလိုပဲ ဖြစ်မယ် လို့တော့ ထင်မိတယ်။ အခုတော့ NLD ပါတီအပေါ် အစိုးရက ဘယ်လို တုံ့ပြန်မလဲ ဆိုတာ စောင့်ကြည့်ရမှာပဲ´´ဟု လာမည့် အကျိုးဆက်ကို စိတ်ဝင်စားစွာဖြင့် သူ့အမြင်ကို ပြောဆိုသည်။

မွန်ပြည်နယ်တွင် နေထိုင်ပြီး ယခင် ၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ဦးနု၏ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး အဖွဲ့ကိုယ်စားပြု အမတ်လောင်း အဖြစ် သထုံမြို့နယ်မှ ၀င်ရောက် ယှဉ်ပြိုင်ခဲ့သူက ``ကျွန်တော့်အမြင်တော့ NLD အနေနဲ့ ၀င်သင့်တယ် လို့ထင်တယ်။ ဒေါ်အောင်ဆန်းစုကြည် အပြင်မှာ ရှိရင်တော့ သူ့အနေနဲ့ လူထုကိုစည်းရုံးပြီး နအဖ အခြေခံဥပဒေကိုရော ရွေးကောက်ပွဲကိုပါ ဆန့်ကျင်ဖို့ လူထုကို ခေါင်းဆောင်နိုင်မယ်၊ အဲလိုမှ မဟုတ်ရင်တော့ ကျန်တဲ့ NLD ခေါင်းဆောင်တွေ အနေနဲ့ ဥပဒေ လမ်းကြောင်းထဲကပဲ စစ်အစိုးရကို ပြောင်းလဲလာဖို့ ကြိုးစားရမယ့် သဘောပဲ ရှိတယ်လို့ မြင်တယ်။ NLD အနေနဲ့ အခုလို ဆုံးဖြတ်တာ မှားတယ်လို့ ကျွန်တော့် အနေနဲ့ မြင်တယ်၊ မြန်မာပြည် နိုင်ငံရေး အတွက် ရှေ့ကိုမရောက်နိုင်ပဲ ဖြစ်သွားတဲ့ သဘော´´ဟု သူ့သုံးသပ်ချက်ကို မိုးမခသို့ ပြောဆိုသည်။

နယ်မြို့ကြီး တမြို့မှ အသက် ၃၈ နှစ်အရွယ် ကိုတိုး ကလည်း ``ကျွန်တော်တို့ ရပ်ကွက်က နိုင်ငံရေး စိတ်ဝင်စားတဲ့ သူတွေထဲမှာတော့ လာမယ့် ရွေးကောက်ပွဲမှာ အတိုက်အခံ ဘက်က မဲပုံး ထောင်ထားနိုင်မယ့် အနေအထားမျိုးကို ရှိစေချင်တယ်။ ဘာလို့ဆို ကြံ့ဖွံ့ရဲ့ ပါတီတွေကို ဆန့်ကျင်မဲ ပေးဖို့အတွက် NLD က ၀င်ရွေးနိုင်မှ မဲပေးလို့ရမှာ၊ အဲလိုမှ မဟုတ်ရင် သူတို့ ပါတီကိုပဲ ပေးလိုက်ရမယ့် အဖြစ်မျိုး ဖြစ်မှာ စိုးလို့၊ လူတွေရဲ့ ရင်ထဲမှာ အန်အယ်လ်ဒီကို ထောက်ခံတဲ့ ဆန္ဒ၊ စစ်တပ်ရဲ့ လွှမ်းမိုးမှုကို ဆန့်ကျင်တဲ့ ဆန္ဒက အခုချိန်ထိ ရှိနေဆဲပဲ ဟိုလွန်ခဲ့တဲ့ ၉၀ ရွေးကောက်ပွဲတုန်းက ကျွန်တော်က ပီဒီပီ (ဗိုလ်ချုပ်အစ်ကို ဦးအောင်သန်းနှင့် သခင်လွင်တို့ တည်ထောင်သည့် ပါတီ) ပါတီဝင်ပါ၊ ဒါပေမယ့် NLD ကိုလည်း အားပေးတယ်။ ထောက်ခံခဲ့တယ်။ အခု ကျွန်တော့် အနေနဲ့ နိုင်ငံရေး ဘာမှ မလုပ်နိုင်ပေမယ့် ရွေးကောက်ပွဲ ဖြစ်လာရင်တော့ ကိုယ်တတ်နိုင်တဲ့ ကဏ္ဍကနေ လုပ်နိုင်တာလေးကို လုပ်ပေးချင်တာပါပဲ´´ဟု ပြောသည်။

ရန်ကုန်မြို့မှ NLD လူငယ်အဖွဲ့ဝင် တဦးက ယခုလို ဆုံးဖြတ်ချက်နှင့် ပတ်သက်ပြီး ``ကျွန်တော်တို့ လိုချင်တာ ဒါပဲလေ၊ စစ်အစိုးရကို ပြတ်ပြတ် သားသား ဆန့်ကျင်မယ်၊ ဖြစ်လာတာကို ရင်ဆိုင်မယ်၊ မကြာခင် ဖြစ်လာမယ့် အကျိုးဆက်တွေ အတွက် ပြင်ထားပြီးသား အဖမ်းအဆီး ရှိလာမယ် ဆိုလည်း အထုပ် ပြင်ထားရုံပဲ´´ ဟု ပြောဆိုသည်။

မလေးရှားနိုင်ငံတွင် အလုပ် လုပ်ကိုင်နေရသည့် လူငယ်တဦးက ``အခုလိုဆုံးဖြတ်တာ မှန်တယ်။ ၉၀ ခုနှစ်မှာ အနိုင်ရခဲ့တဲ့ သိက္ခာကို ထိန်းရမယ်လေ၊ ကျွန်တော်တို့လို လူငယ်တွေ သူများနိုင်ငံမှာ အလုပ် လုပ်ကိုင်နေကြရတာ စစ်အစိုးရ မကောင်းလို့၊ ကိုယ့်အဖေ ဆုံးတာတောင် မပြန်နိုင်ဘူး။ အလုပ်ရှင်က လူလို ဆက်ဆံတာ မခံရလည်း ဘယ်သူ့ကိုမှ အားကိုးစရာမရှိဘူး၊ ကိုယ့်အစိုးရကမှ မကောင်းပဲ´´ဟု သူ့ အမြင်ကို ပြောဆိုသည်။

NLD ပါတီ၏ ဆုံးဖြတ်ချက်ကို စိတ်ဝင်စားစွာ ဖြင့်စောင့်စား နားထောင်သူများ ရှိသကဲ့သို့ နယ်မြို့တွင် နေထိုင်သည့် အချို့သောသူများ အနေဖြင့် ဂရုမထားမိသူများလည်း ရှိသည်ကို မေးမြန်းချက်များအရ သိရှိရသည်။

Swan Zarny banned for 3 yrs

ဇာတ်မင်းသား စွမ်းဇာနည် ၃ နှစ် အပိတ်ခံရ
မိုးမခအထောက်တော် အမှတ် ၀၀၅
မတ် ၃၀၊ ၂၀၁၀

ဒဏ်ခတ်ပိတ်ပင်မှုကို လိုက်နာခြင်းမရှိသည့် စွမ်းဇာနည်အား ဇာတ်ကခွင့်၂ နှစ် ထပ်မံ ပိတ်ပင်လိုက်ကြောင်း သဘင်အစည်းအရုံး တာဝန်ခံတဦးဖြစ်သည့် ဦးနန်းဝင်းက ပြောကြားသည်ဟု ယမန်နေ့ကရက်စွဲဖြင့် ထုတ်ဝေသည့် အလင်းတန်းဂျာနယ်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ သဘင်အစည်းအရုံးက သူ့အား ဇာတ်ကခွင့် ၁ နှစ်ပိတ်ပင်ထားသည့် အမိန့်ကို “မနာခံ၊ မထီမဲ့မြင်ပြုသည့်သဘော သက်ရောက်သဖြင့်” ထပ်မံ အပြစ်ပေးခြင်း ဖြစ်သည်ဟု ဆိုသည်။

မင်းသားကို ငှားရမ်းခဲ့သည့် ဇာတ်အဖွဲ့သည်လည်း ကပြခွင့် ၁ နှစ် ပိတ်ပင်ခံရမည်ဟု သဘင်အာအာဏာပိုင်အဖွဲ့ကို ကိုးကားပြီး အလင်းတန်းတွင် ရေးထားသည်။

မင်းသား စွမ်းဇာနည် ကနဦး ဒဏ်ခတ်ခံရသည့် အကြောင်းရင်းမှာ “ပရိသတ်အပေါ် မထီမဲ့မြင်ပြုမှု” ကြောင့် ဖြစ်သည်ဟု ဆိုသည်။

ဒဏ်ခတ်မှုနှင့် ပတ်သက်ပြီး ဇန်န၀ါရီ ၂၂ ရက်နေ့ထုတ် လျှပ်တစ်ပြက် ဂျာနယ်တွင် သဘင်အစည်းအရုံး တာဝန်ရှိသူတဦး၏ ပြောပြချက်ကို အောက်ပါအတိုင်း တွေ့ရသည်။

''စွမ်းဇာနည်နဲ့ ပတ်သက်လို့ ပခုက္ကူမြို့နဲ့ သုံးခွမြို့တို့က တိုင်ကြားလွှာကို သဘင်အစည်းအရုံးက ဆောင်ရွက်တဲ့ ကိစ္စမှာ တိုင်ကြားတဲ့ သူတွေဆီကို သူတို့က သွားတောင်းပန်တယ်။ ပြေလည်အောင် ညှိနှိုင်းခဲ့တယ်။ တိုင်ကြားတဲ့သူတွေ ကလည်း ကပြခွင့် ပိတ်တဲ့အထိ ပြင်းပြင်းထန်ထန် မလုပ်ဖို့ မေတ္တာရပ်ခံစာ ပြန်ပြီးတော့ အစည်းအရုံးကို တင်ပြလာတဲ့ အတွက် ဒီကနေ့ (၁၁၊၁၊ ၂ဝ၁ဝ)ရက်မှာ စွမ်းဇာနည်တို့ သားအမိနဲ့ မန်နေဂျာတို့ကို ခေါ်ပြီးညှိနှိုင်းတာပါ။ အဲဒီလို ညှိနှိုင်းတဲ့နေရာမှာ နောက်နောင်ကို ပရိသတ်များကို ယဉ်ကျေးပျူငှာစွာ ဆက်ဆံပြောကြားဖို့နဲ့ နောက်ပြီးတော့ သူ့ရဲ့ အရင်ဇာတ်ဆရာ ကိုစိုးပိုင်တို့နဲ့ ချုပ်ထားတဲ့ စာချုပ်ပါ စည်းကမ်းချက်အတိုင်း ဒီနှစ်တန်ခူးလကုန်အထိ ပွဲကပြမှု ရပ်ဆိုင်းထားဖို့၊ နောက်လာမယ့် ကဆုန်လမှပဲ ပွဲတည်ထောင်ကပြ ခွင့်ပြုနိုင်ဖို့ အစည်းအရုံးက ပံ့ပိုးပေးနိုင်မယ့် အကြောင်းနဲ့ ဧပြီလမကုန်ခင်အထိ သီဆိုကပြ ဖျော်ဖြေမှုတွေ မလုပ်ဖို့ကို သဘင်အစည်းအရုံး ဥက္ကဋ္ဌနဲ့ တာဝန်ရှိသူတွေက ခေါ်ယူပြောကြားတာပါ။ အခုလောလောဆယ်မှာ တခြား ဘယ်အဖွဲ့နဲ့မှလည်း ဧည့်သည် အနေနဲ့တောင် ဖျော်ဖြေသီဆိုခွင့် မရှိပါဘူး''

Inzali Maung Maung


ဂီတ ပညာရှင် အဉ္စလီမောင်မောင် ကွယ်လွန်ခြင်း ၁၅ နှစ်ပြည့်
ဓာတ်ပုံသတင်း
မတ် ၃၀၊ ၂၀၁၀
အဉ္စလီမောင်မောင် ကွယ်လွန်သည့် ၁၅ နှစ်ပြည့် အမှတ်တရအစီအစဉ်များကို ယခုလ ၂၁ ရက်နေ့က မန္တလေး နှင့် စစ်ကိုင်းမြို့များတွင် ပြုလုပ်ခဲ့သည်။ ကိုမောင်မောင်သည် သူရေးဖွဲ့ခဲ့သည့် အဉ္စလီ အမည်ရှိ သီချင်းတပုဒ် အောင်မြင်မှု ရပြီးနောက် အဉ္စလီမောင်မောင်ဟု ထင်ရှားခဲ့ခြင်း ဖြစ်သည်။
သီချင်းများကို အဆိုတော် ခိုင်ထူး၊ ခင်မောင်တိုး တို့အတွက် အများဆုံး ရေးဖွဲ့ပေးခဲ့သည်။
အသက် ၄၆ နှစ် အရွယ်တွင် ကွယ်လွန်ခဲ့သည်။ နိုင်ငံကျော် သင်္ကြန်မိုး ရုပ်ရှင်ဇာတ်ဝင်သီချင်း၏ ဖန်တီးရှင်လည်း ဖြစ်သည်။ (ကိုးကား - အလင်းတန်းဂျာနယ်)

Yan Yan Chan's wedding

ရန်ရန်ချန်း တနင်္ဂနွေနေ့တွင် မင်္ဂလာဆောင်မည်
ဓာတ်ပုံသတင်း
မတ် ၃၀၊ ၂၀၁၀
အဆိုတော် ရန်ရန်ချန်းသည် သူ၏ချစ်သူ မဝေလွင်ဦးနှင့် လာမည့် တနင်္ဂနွေတွင် လက်ထပ်မည်ဟု မတ်လ ၂၉ ရက်နေ့စွဲဖြင့် ထုတ်ဝေသည့် အလင်းတန်းဂျာနယ် သတင်းတပုဒ်တွင် အထက်ပါအတိုင်း တွေ့ရသည်။

NLD not recognize 2010 Election


အင်န်အယ်ဒီပါတီ ၂၉ အစည်းအဝေးက ရွေးကောက်ပွဲ မ၀င်ဟု ဆုံးဖြတ်
မိုးမခအထောက်တော် ၀၀၃
မတ် ၂၉၊ ၂၀၁၀
ယနေ့ အင်န်အယ်ဒီပါတီ ခေါင်းဆောင် ၁၀၀ ကျော်နှင့် ပါတီဝင်များ၊ လူငယ်များ၏ အရေးကြီးသော ပါတီရပ်တည်ရေးနှင့် ၂၀၁၀ ရွေးကောက်ပွဲ သဘောထားကို ဆုံးဖြတ် ထုတ်ပြန်ရာတွင် အားလုံး၏ ဆန္ဒဖြင့် ပါတီကို ၂၀၁၀ ရွေးကောက်ပွဲဥပဒေတွင် မှတ်ပုံမတင်ရန် ဆုံးဖြတ်သည်ဟု ဆိုသည်။ ထို့ကြောင့် စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲကိုလည်း အင်န်အယ်ဒီပါတီက ၀င်ရောက်မည်မဟုတ်ဟူသော သဘောထားဖြစ်သည်။ ယနေ့ အင်န်အယ်ဒီင်္၏ ရပ်တည်ချက်မှာ - “လူထုရှိလျင် ပါတီ ရှိသည်” ဟူသော သဘောဖြစ်ကြောင်း မျက်မြင်တဦးက ပြောကြားသည်။ 
နောက်တရက်တွင် အင်န်အယ်ဒီပါတီ၏ ထုတ်ပြန်ချက်သဘောထားများ တရားဝင်ပြန်ကြားမည်ဟု သိရပြီး ရန်ကုန်တမြို့လုံး လက်နက်ကိုင်လုံခြုံရေးများ၊ ထောက်လှမ်းရေးများအပြင် စွမ်းအားရှင်များကိုပါ တိုးမြှင့်ချထား အင်အားပြလျက်ရှိသည် ဆိုသည်။

(ဓာတ်ပုံများ - ၂၉ အစည်းအဝေး မြင်ကွင်း)

NLD D Day - Perspective

အန်အယ်လ်ဒီ ရုံးရှေ့ တ၀ိုက် ဒီဒေး (Dicision Day) မြင်ကွင်း
မိုးမခ အထောက်တော်၊ ရန်ကုန်
မတ်လ ၂၉၊ ၂၀၁၀
NLD ရုံးရှေ့တွင် တွေ့ရသော လူငယ်အဖွဲ့ဝင်တချို့ (ဓာတ်ပုံ - AP)
ပူလောင်လှသည့် မတ်လနောက်ဆုံး သီတင်းပတ်၏ နေရောင်ထဲ ရွှေဂုံတိုင် NLD ရုံးရှေ့တွင် ရှပ်အကျီ ဖြူများ ပင်နီတိုက်ပုံဝတ် ပါတီဝင်များ၊ စီစီ (ဗဟိုကော်မီတီ) များ ဖြင့်စည်ကားနေသလို အဆိုပါ ရွှေဂုံတိုင် အုတ်လမ်းမှတ်တိုင်နှင့် လင့်ခ်လမ်းမှတ်တိုင် တ၀ိုက်ကို ရဲများ၊ အရပ်ဝတ်ရဲများ၊ စရဖ၊ သတင်းပေးနှင့် ဒိုင်နာကားနှင့် အတူ စွမ်းအားရှင်များ အနည်းဆုံး ၃၊ ၄ရာမျှ စောင့်ကြည့်နေကြသည်ကို တွေ့ရသည်။
ယနေ့သည် NLD အနေဖြင့် လာမည့် ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင် မပြိုင်နှင့် ပါတီ မှတ်ပုံ တင်မတင်ကို ဆွေးနွေး ဆုံးဖြတ်ကြမည့်နေ့ ဖြစ်သဖြင့် နိုင်ငံရေး သမားများ၊ နိုင်ငံရေး စိတ်ဝင်စားသည့် ပြည်သူများ အပါအ၀င် နအဖကပါ စောင့်ကြည့်နေသည့် နေ့ဖြစ်သည်။ ယခုလ ၁၅ ရက်နေ့ တွင် ပါတီမှတ်ပုံတင်ရေး မတင်ရေးကို ဆွေးနွေးကြရာ မပြီးပြတ်သဖြင့် ယနေ့ ၂၉ ရက်နေ့သို့ ရွှေ့ဆိုင်းလိုက်ခြင်း ဖြစ်သည်။
ရုံးအရှေ့ လမ်းတဖက်ခြမ်းရှိ တာယာ လေထိုးကျွတ်ဖာဆိုင်တွင် ထောက်လှမ်းရေး ၃၊ ၄ဒါဇင်မျှ ထိုင်သူထိုင် ရုံးဘက်သို့ ကင်မရာဖြင့် ဓါတ်ပုံရိုက်သူရိုက်၊ ဗီဒီယို ရိုက်သူရိုက် ဖုန်းဆက်သူ ဆက်ဖြင့် စည်ကားလျက်ရှိသည်။ ဗဟန်း ရေတာရှည်လမ်းဟောင်းထိပ် တွင်လည်း ရဲကား၊ ဒိုင်နာကား၊ ရိုးရိုးအရပ်သုံးကားများဖြင့် စည်ကားနေပြီး အနီးအနားရှိ ထမင်းဆိုင်၊ ကြံရည်ဆိုင်၊ လက်ဘက်ရည်ဆိုင် ထဲတွင် ဝေါ်ကီတော်ကီကို ဘေးလွယ်အိတ်ထဲတွင် ထည့်ထားသည့် အရပ်ဝတ် ရဲများ၊ စရဖများလည်း ၀ိုင်းတိုင်း ၀ိုင်းတိုင်းတွင် ထိုင်လျက်ရှိကြသည်။
NLD ရုံးအ၀နှင့် မျက်နှာစာ သစ်ပင်ရိပ်အောက်တွင် စောင့်ဆိုင်းနေသည့် ပါတီဝင်များ ၁၅၀ ၀န်းကျင်မျှ ရှိသည်။ သူတို့မျက်နှာပေါ်တွင် ပါတီ၏ ရှေ့ရေးကို အဆုံးအဖြတ်ပေးမည့် အချိန်ကို စောင့်စားနေသည့် အသွင်နှင့် စိုးရိမ်ပူပန်နေသည့် မျက်နှာအသွင်ရှိသူများလည်း တွေ့မြင်ရသည်။
လင့်ခ်လမ်း မှတ်တိုင် အနီးရှိ စာသင်ကျောင်းထဲတွင်တော့ ဒိုင်နာကား ၄ စီး နှင့် သူတို့အားကွပ်ကဲသည့် မာဇဒါဂျစ်တစီး ရပ်ထားကာ စွမ်းအားရှင် ဟု ယူဆရသည့် အရပ်သား အယောက် ၂၀ ခန့်နှင့် သူတို့အား ကြည့်ကြပ်သည့် အရပ်ဝတ်ရဲ၊ ယူနီဖောင်းဝတ်ရဲတို့ကိုပါ ကျောင်းရှေ့ သစ်ပင်ရိပ်အောက်တွင် မြင်တွေ့ရသည်။ အချို့သော စွမ်းအားရှင်များက စာသင်ကျောင်းမှ ကလေးစီး ဒန်းပေါ်တွင် ထိုင်စောင့်နေသလို အချို့ ဒိုင်နာကားသမားတွေက ခြင်းလုံး ခတ်နေကြသည်ကို တွေ့ရသည်။
နေ့လည် ၁၂နာရီ မထိုးတထိုးတွင်တော့ အဆိုပါ ကျောင်းဝင်းထဲမှ စွမ်းအားရှင်နှင့် ရဲများအတွက် မှာထားဟန် တူသည့် ထမင်းအိုးဟင်း အိုးတွေကို သစ်ပင်ရိပ်အောက်ချကာ ဖော့ဘူးများနှင့် ထည့်ပေးနေသည် ကိုလည်း မြင်ရသည်။ သူတို့၏ နေ့လည်စာ ဖြစ်သည့် ကြက်သားအစပ်ဟင်း ကိုပင် တွေ့မြင်ရသည်။
NLD ပါတီဝင်တွေမှာတော့ စိတ်လှုပ်ရှားခြင်းနှင့် အတူ လွန်ခဲ့သည့် အနှစ် ၂၀ ၀န်းကျင်က ရွေးကောက်ပွဲ လုပ်စဉ်က မြင်ကွင်းများ၊ ရွေးကောက်ပွဲ အနိုင်ရစဉ် အောင်ပွဲရသည့် ပျော်ရွှင်ခြင်းများ၊ ထို့နောက် အစိုးရဖွဲ့ခွင့်မရသည့် အဖြစ်၊ ဂန္ဒီကြေငြာချက်၊ စင်ပြိုင်အစိုးရ ဖွဲ့ရန် စည်းဝေးသည့် အစည်းအဝေး၊ ပြည်ပသို့ တိမ်းရှောင်သွားသည့် လုပ်ဖေါ် ကိုင်ဘက်များ၊ အကျဉ်းထောင်ထဲ ရောက်ပြီး ကွယ်လွန်သွားသည့် NLD ပါတီဝင် ပြည့်သူ့ ကိုယ်စားလှယ်များ၊ ယခုလက်ရှိ အကျဉ်းထောင်ထဲတွင် ရှိနေသေးသည့် လုပ်ဖေါ်ကိုင်ဘက်များ၏ မျက်နှာများ စသည့်ပုံရိပ်များ တလှည့်စီ ပေါ်နေလိမ့်မည်ဟု တွေးဆကြည့်မိသည်။

Sunday, March 28, 2010

Live and Let ADie - 2010 Thangyat ready from Burmese AActivists in India

သူသေကိုယ်ရှင်တိုက်ပွဲဝင်ဘို့  အိန္ဒိယမှအသင့်ဖြစ်
မိုးမခအထောက်တော် - အိန္ဒိယ
မတ် ၂၈၊ ၂၀၁၀
               လာမည့် မြန်မာ့နှစ်ကူးသင်္ကြန်အမီ ဖြန့်ချိနိုင်ရန် အိန္ဒိရောက် မြန်မာ့ဒီမိုကရေစီအင်အားစုများ၏ တဒါဇင်မြောက်ခြေလှမ်းဖြစ်သော “သူသေကိုယ်ရှင်တိုက်ပွဲဝင်” ဟုအမည်ပေးထားသည့် သံချပ်ခွေကို တနင်္ဂနွေနေ့က နယူးဒေလီမြို့၌ စတင်အသံသွင်းယူခဲ့သည်၊၊
       “ပုံမှန်အတိုင်းဆို ခုလိုအချိန် မှာအသံသွင်းလို့ ပြီးပြီ၊ ဒီနှစ်က ပင်တိုင်သံချပ် ရေးတဲ့ ရာမြတ်ထက် ကျန်းမာရေးမကောင်းလို့ မရေးနိုင်တာကြောင့် သံချပ်ရေးဘို့လူရှာရ စာသားတွေရှာရနဲ့  နည်းနည်းနောက်ကျသွားတာ”
ဟု သံချပ်ဝိုင်းတော်သားတဦးကပြောသည်၊၊
“ဒေါက်တာအောင်ကျော်ဦး (သံချပ်ဆရာမြတ်ထက်)ရဲ့ သံချပ်စာသားတွေ ဒီနှစ်မပါနိုင်ပေမဲ့သံချပ်ခွေအတွက် ကြိုရေးးထားတဲ့ သူ့ရဲ့သီချင်း (၄) ပုဒ်တော့သုံးနိုင်ခဲ့ပါတယ်၊ ကောင်းအောင်တော့ အားလုံးက ကျိုးစားကြတာဘဲ ဒီနှစ်တော့အခက်အခဲအများကြီး ရင်ဆိုင်ရတယ် ၊ သံရုံးဆန္ဒပြလို့ ဝိုင်းတော်သားတချို့ ဖမ်းခံရတာကြောင့် သံချပ် တိုက်ချိန် ၅ ရက်ပဲရတယ် သီချင်းအားလုံးသွင်းလို့တောင်မပြီးသေးဘူး”
ဟု သံချပ်ခွေ စီစဉ်သူ ကျောက်မဲကျော်ကြီးက ပြောသည်၊၊
       ယခုနှစ်ထုတ်ဝေမည့်သံချပ် အစီအစဉ်တွင် ရွေးကောက်ပွဲဆန့်ကျင်သပိတ်မှောက်မှု၊ အပစ်အခတ်ရပ် ငြိမ်းချမ်းရေး၊ သာသနာရေး၊ ကုန်ဈေးနှုံးနှင့် လူနေမှုဘဝ ၊တိုက်ပွဲခေါ်သံ စသည့်အကြောင်းအရာတို့ပါဝင်ကြောင်းသိရသည်၊၊
တိုက်ပွဲဝင်သံချပ်များကို ပင်တိုင်ရေးသားနေသည့်အသက် ၅၂ နှစ်ရှိ သံချပ်ဆရာ မြတ်ထက်မှာ ယခုနှစ်ဇန်နဝါရီလ တတိယပတ်က လေဖြတ်သည့်ဝေဒနာကြောင့်ညာဘက်ကိုယ်တခြမ်းလှုပ်မရဘဲ အိန္ဒိယ နိုင်ငံ မဏိပူပြည်နယ် အင်ဖားမြို့ ဆေးရုံတွင်၂လ ခန့်ဆေးကုသခံယူရခဲ့ရာမှ ယခုအခါ နေအိမ်မှာအနားယူပြီးလေ့ကျင့်ခန်းများလုပ်နေကြောင်းလဲသိရသည်၊၊
“အခုတော့ တိုးတက်လာပါပြီ၊ စကားပြောတာနည်းနည်းပီလာပြီ၊လက်တွေ ခြေတွေတော့ ကောင်းကောင်းလှုပ်မရသေးဘူးပေါ့ ၊ ”
ဟု သံချပ်ဝိုင်းတော်သားတယောက်ကပြောသည်၊၊
၁၉၉၇ ခုနှစ်မှစတင်ထုတ်ဝေဖြန့်ချိပြီး ပြည်တွင်း ပြည်ပ ဒီမိုကရေစီအင်အားစုများ၏လှိုက်လှိုက်လှဲလှဲ အားပေး အာရုံစိုက်မှု ရခဲ့သည့်အိန္ဒိယရောက်ဒီမိုကရေစီအင်အားစုများ၏တိုက်ပွဲဝင်သံချပ်ခွေများမှ ယခုလအကုန်တွင် စတင်ဖြန့်ချိမည့် “သူသေကိုယ်ရှင်တိုက်ပွဲဝင်” ခွန်အားဖြည့်သံချပ်ခွေသည် ၁၂ခွေမြောက်ဟုသိရသည်၊၊
(ဓာတ်ပုံ = မြတ်ထက် ကို ၂၀၀၇ ခုနှစ်က တွေ့ရစဉ်)

မြန်မာအိုင်အက်စ်ပီက အထက်ပါသံချပ်ခွေကို အွန်လိုင်းပေါ်က ဖြန့်ချိတာကို အောက်ပါအတိုင်း တွေ့ရပါတယ်။ ၎င်းတို့ ၀က်ဆိုက်မှာသွားရောက် ရယုနိုင်ပါပြီ။


အဖွင့်စကားပြောနဲ့ ဒိုးပတ်သံ
အိန္ဒိယရောက် မြန်မာ့ ဒီမိုကရေစီ အင်အားစုတွေရဲ့ ၂ဝ၁ဝ ပြည့်နှစ်၊ မြန်မာ့ရိုးရာ အတာသင်္ကြန် 'သူသေ ကိုယ်ရှင် တိုက်ပွဲဝင် သံချပ်များ' မှ "အဖွင့်စကားပြောနဲ့ ဒိုးပတ်သံ" ဖြစ်ပါတယ်။ အရွယ်အစား 7.1 MB - ဖိုင်အမျိုးအစား audio/mpeg


အဖွင့်နိဒါန်း
အိန္ဒိယရောက် မြန်မာ့ ဒီမိုကရေစီ အင်အားစုတွေရဲ့ ၂ဝ၁ဝ ပြည့်နှစ်၊ မြန်မာ့ရိုးရာ အတာသင်္ကြန် 'သူသေ ကိုယ်ရှင် တိုက်ပွဲဝင် သံချပ်များ' မှ "အဖွင့်နိဒါန်း" ဖြစ်ပါတယ်။ အရွယ်အစား 5.7 MB - ဖိုင်အမျိုးအစား audio/mpeg


လူထုအခြေအနေ
အိန္ဒိယရောက် မြန်မာ့ ဒီမိုကရေစီ အင်အားစုတွေရဲ့ ၂ဝ၁ဝ ပြည့်နှစ်၊ မြန်မာ့ရိုးရာ အတာသင်္ကြန် 'သူသေ ကိုယ်ရှင် တိုက်ပွဲဝင် သံချပ်များ' မှ "လူထုအခြေအနေ" လွှမ်းမိုး 'ဆရာမ' အလိုက် သီချင်းနဲ့ သံချပ် အတိုင် အဖောက် ဖြစ်ပါတယ်။ အရွယ်အစား 16.7 MB - ဖိုင်အမျိုးအစား audio/mpeg


သံဃာတော်များ
အိန္ဒိယရောက် မြန်မာ့ ဒီမိုကရေစီ အင်အားစုတွေရဲ့ ၂ဝ၁ဝ ပြည့်နှစ်၊ မြန်မာ့ရိုးရာ အတာသင်္ကြန် 'သူသေ ကိုယ်ရှင် တိုက်ပွဲဝင် သံချပ်များ' မှ "သံဃာတော်များ" မာမာအေး သီဆိုတဲ့ 'အသဲနာ ကမ္ဘာမကြေ' သီချင်းနဲ့ သံချပ် အတိုင် အဖောက် ဖြစ်ပါတယ်။ အရွယ်အစား 10.0 MB - ဖိုင်အမျိုးအစား audio/mpeg 
အပစ်ရပ်
 အိန္ဒိယရောက် မြန်မာ့ ဒီမိုကရေစီ အင်အားစုတွေရဲ့ ၂ဝ၁ဝ ပြည့်နှစ်၊ မြန်မာ့ရိုးရာ အတာသင်္ကြန် 'သူသေ ကိုယ်ရှင် တိုက်ပွဲဝင် သံချပ်များ' မှ "အပစ်ရပ်" 'ငြိမ်းချမ်းရေး စစ်သား' Buffalo Soldier အလိုက် သီချင်းနဲ့ သံချပ် အတိုင် အဖောက် ဖြစ်ပါတယ်။ အရွယ်အစား 19.3 MB - ဖိုင်အမျိုးအစား audio/mpeg 

 ရွေးကောက်ပွဲ
အိန္ဒိယရောက် မြန်မာ့ ဒီမိုကရေစီ အင်အားစုတွေရဲ့ ၂ဝ၁ဝ ပြည့်နှစ်၊ မြန်မာ့ရိုးရာ အတာသင်္ကြန် 'သူသေ ကိုယ်ရှင် တိုက်ပွဲဝင် သံချပ်များ' မှ "ရွေးကောက်ပွဲ" ချောစုခင်ရဲ့ 'သတိရ' အလိုက် သီချင်းနဲ့ သံချပ် အတိုင် အဖောက် ဖြစ်ပါတယ်။ အရွယ်အစား 17.2 MB - ဖိုင်အမျိုးအစား audio/mpeg 

တိုက်ပွဲခေါ်သံ
အိန္ဒိယရောက် မြန်မာ့ ဒီမိုကရေစီ အင်အားစုတွေရဲ့ ၂ဝ၁ဝ ပြည့်နှစ်၊ မြန်မာ့ရိုးရာ အတာသင်္ကြန် 'သူသေ ကိုယ်ရှင် တိုက်ပွဲဝင် သံချပ်များ' မှ "တိုက်ပွဲခေါ်သံ" စိုင်းစိုင်းရဲ့ 'တောဂေါ်လီ' အလိုက် သီချင်းနဲ့ သံချပ် အတိုင် အဖောက် ဖြစ်ပါတယ်။ အရွယ်အစား 9.4 MB - ဖိုင်အမျိုးအစား audio/mpeg
မေတ္တာပို့နဲ့ ရွှေစင်ပန်းလို မွှေးစေသား သီချင်း
 အိန္ဒိယရောက် မြန်မာ့ ဒီမိုကရေစီ အင်အားစုတွေရဲ့ ၂ဝ၁ဝ ပြည့်နှစ်၊ မြန်မာ့ရိုးရာ အတာသင်္ကြန် 'သူသေ ကိုယ်ရှင် တိုက်ပွဲဝင် သံချပ်များ' အဆုံးသတ်ပိုင်း "မေတ္တာပို့" နဲ့ သိန်းဇော်ရဲ့ 'မြတ်ဆုမွန်' အလိုက် "ရွှေစင်ပန်းလို မွှေးစေသား" သီချင်းတို့ ဖြစ်ပါတယ်။ အရွယ်အစား 7.7 MB - ဖိုင်အမျိုးအစား audio/mpeg  

သူသေ ကိုယ်ရှင် တိုက်ပွဲဝင် သံချပ် စာအုပ်
အိန္ဒိယရောက် မြန်မာ့ ဒီမိုကရေစီ အင်အားစုတွေရဲ့ ၂ဝ၁ဝ ပြည့်နှစ်၊ မြန်မာ့ရိုးရာ အတာသင်္ကြန် "သူသေ ကိုယ်ရှင် တိုက်ပွဲဝင် သံချပ်" စာအုပ် ဖြစ်ပါတယ်။ အရွယ်အစား 256.1 kB - ဖိုင်အမျိုးအစား application/pdf

Moemaka Quotes in Mar

မိုးမခ၏ မတ်လ စာကိုး စကားကိုး
မတ် ၂၉၊ ၂၀၁၀

ဒေါ်အောင်ဆန်းစုကြည်မှတပါး ဒီနေ့ ဗမာပြည်သူလူထုကို ဦးဆောင်နိုင်တဲ့လူ၊ ဒေါ်အောင်ဆန်းစုကြည်မှတပါး တပ်မတော်နဲ့ ပြည်သူလူထုကို ရင်ကြားစေ့အောင် ဆောင်ရွက်နိုင်တဲ့လူ ဗမာပြည်မှာ ဘယ်သူမှ မရှိပါဘူး။

ဝါရင့်သတင်းစာဆရာကြီး လူထုဦးစိန်ဝင်း
မတ် ၂၄၊ VOAnews.com/burmese

ပါတီဖျက်တယ် ဆိုတာက ဘယ်အခါမဆို ဖျက်လို့ရတယ်။ ရွေးကောက်ပွဲ ၀င်ခါနီးမှာလည်း ကပ်ဖျက်လို့ရတယ်။ လွှတ်တော်ထဲကို ရောက်ခါနီးမှာလည်း ဖျက်လို့ရတယ်။ ပါတီဖျက်တာက လွယ်ပါတယ်။ ပါတီထောင်ဖို့သာ ခက်တယ်။ နိုင်ငံရေး တိုက်ပွဲကို အစီအစဉ် ရှိရှိသွားချင်တယ် ဆိုရင်တော့ ပါတီရပ်တည်ရေးက လိုနေတယ်။ ပါတီ မရှိတော့ဘူးဆိုရင် ဘာလုပ်မလဲဆိုတာ ရေရေရာရာ မရှိဘဲနဲ့တော့ ပါတီဖျက်ရေးကို သမိုင်း တရားခံ အဖြစ်မခံနိုင်ဘူး ဆိုတဲ့ သဘော ကျနော်ရပ်တည် တာပဲ ဖြစ်ပါတယ်။
NLD ခေါင်းဆောင် ဦးခင်မောင်ဆွေ
မတ် ၂၆ဧရာဝတီ

ဒီမိုကရေစီနည်း မဆန်တဲ့ အခြေခံဥပဒေလေးတွေကို တဖြည်းဖြည်း၊ တဖြည်းဖြည်းနဲ့ ရနိုင်မဲ့အခြေအနေလေးတွေ ပြောင်းလဲသွားဖို့ ရည်ရွယ်ပါတယ်။ နောက်ပြီးတော့ ကျွန်တော်တို့ အခု ဒီ လူထုဒီမိုကရေစီပါတီရဲ့ ကြွေးကြော်သံကတော့ ‘လွတ်လပ်၊ ညီမျှ၊ ချစ်ကြည်၊ လူထုဒီမိုကရေစီပါတီ’ ပါ ခင်ဗျ။ ကျွန်တော်တို့က ငြိမ်းချမ်းရေးကို ဖော်ဆောင်ချင်တာပါ။ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ဖော်ဆောင်ချင်တာပါ။ နောက် လူထုဘဝ အကျိုးစီးပွား မြှင့်တင်ရေးကို အဓိက ဖော်ဆောင်ချင်တာပါ။ အဲ တခြား ပြောချင်တာကတော့ ဒီရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ ကျွန်တော်တို့ရဲ့ မိတ်ဆွေများ၊ ဒီမိုကရက်တစ် အင်အားစုများကို ကျွန်တော်တို့ ဒီလို ၂ဝ၁ဝ ကို ဖြတ်သန်းတာကို နားလည်မှုပေးကြပါလို့ ကျွန်တော် ပြောချင်ပါတယ်။
ကျောင်းသားခေါင်းဆောင်ဟောင်း ကိုညိုထွန်း
မတ် ၂၅၊ RFA.org/burmese

ဒီမောဆို မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ချိုက စုံညီအစည်းအဝေးမှာ လွတ်လွတ်လပ်လပ် ပြောဆိုမယ်ဆိုပြီးတော့ လွတ်လပ်စွာ သွားပြောတဲ့အခါကျတော့ သဘာပတိအဖွဲ့ ဝင်ကတားပြီးတော့ လုပ်ထုံးလုပ်နည်းကို ဖောက်ဖျက်တယ်ဆိုပြီးတော့ တခါတည်း ညီလာခံကိုယ်စားလှယ် အဖြစ်ကနေ ထုတ်ပစ်လိုက်တယ်၊ ဒီဟာတွေကို ကြည့်ခြင်းအားဖြင့် အခုလာမယ့် ၂ဝ၁ဝ ရွေး ကောက်ပွဲမှာ၊ အထူးသဖြင့် လွှတ်တော်မှာ လွှတ်တော် လုပ်ထုံးလုပ်နည်း ပေါ်လာဦးမယ်၊ အခု လွှတ်တော်မှာ ပြောမယ်ဆိုမယ်၊ လွှတ်တော်ကနေပြီးတော့ ဖွဲ့စည်းပုံပြင်မယ်၊ ဒီမိုကရေစီ လမ်းကြောင်းပေါ် လုပ်မယ် ဆိုတဲ့လူတွေက အဲဒီအခါကျမှ သိမယ်။
ဦးထောင်ကိုထန်း၊ တမူးမြို့နယ် လွှတ်တော်ကိုယ်စားလှယ်

၂၄ မတ် - DVB.no

ဖြစ်စဉ် တစ်ရပ်တည်းတွင် ဆောင်ရွက်သော အပြုအမူများကို ခွဲခြားပြီး သီးခြားအမှုများ စွဲဆို အပြစ်ပေးခြင်း မပြုနိုင်ပါကြောင်း၊ သီးခြားစီ ကျူးလွန်သော ပြစ်မှုများအတွက်ကိုသာ သီးခြား မှုများ ခွဲ၍ စွဲဆို အပြစ်ပေးနိုင်ပါကြောင်း။
အောင်နိုင်(လက်ပံတန်း)
မတ် ၁၅၊ Voice ဂျာနယ်

ဆရာဝန်ဆိုတာလည်း လူပဲ၊ တစ်ခါ တလေမှာ ဒီလို ဖြစ်တတ်တာပဲလို့ နားလည်ပေးတတ်ကြစေချင်ပါတယ်။ မှားကြည့်၊ မှားတာနဲ့ တရားစွဲမယ်၊ (sue) လုပ်မယ်လို့တော့လည်း ကျိန်းဝါး မနေသင့်ပါဘူး။ ဆရာဝန်ဆိုတာ အသက် ကယ်တဲ့သူတွေပါ။ ဘယ်ဆရာဝန်မှ သူ့လူနာကို မသေစေချင်ပါဘူး။
ရန်အောင်(ဆေး-၁)
မတ် ၁၅၊ Voice ဂျာနယ်

သီချင်း နားထောင်ချင်ရင် အခွေ ရွေးနေစရာ မလိုတော့ဘူး။ ဒီမှာ အက်ဖ်အမ် နှစ်ခု နားထောင်လို့ ရနေတယ်။ တစ်ခုက အစီအစဉ် မကြိုက်ရင် နောက်တစ်ခု ပြောင်းပြီး နားထောင်ရုံပဲ။
ရန်ကုန်မြို့မှ အငှားယာဉ်မောင်နှင်သူတဦး
မတ် ၄၊ 7DAY Voice ဂျာနယ်

သူက တပ်ထဲဝင်တာက ၃ နှစ်လောက်ရှိပြီ။ ၆ လလောက် ကြာတော့ သူက သင်တန်းဆင်းပြီးတော့ ကျမဆီကို စစ်ဝတ်စစ်စားနဲ့ လာတယ်။ ၆ လလောက် တပ်ထဲမှာနေပြီးတော့ သူထွက်ပြေးတယ်တဲ့။ အဲ့ဒါ ည ၈ နာရီထိုးမှာ အိမ်ကို ရောက်လာတယ်။ သူပြေးလာတော့ စစ်သားတွေက လာရှာတယ်လေ။ ဝေဖြိုးအောင် အိမ်မှာ မိလို့ရှိရင်တဲ့ ဝေဖြိုးအောင် တနှစ်ကျရင် ကျမ ၂ နှစ် ကျမယ်တဲ့၊ သူတို့က အဲ့လိုပြောတယ်။ ကျမသား လာတဲ့အချိန် ဖြစ်နေတော့ သားကတဲ့၊ အမေနဲ့ အတူတူနေမယ် သား မဝင်ချင်တော့ဘူးတဲ့။ စစ်တပ်ထဲကို မဝင်ချင်တော့ဘူးဆိုတော့ အဲ့ဒါဆိုရင်လို့ သား အဖမ်းခံလိုက်ပေါ့လို့။ သား အဖမ်းခံလိုက်လို့ရှိရင် သားနဲ့ အမေကြီးနဲ့ အတူတူ နေရမယ် ဆိုပြီးတော့ ကျမက ပို့လိုက်တာ။ အဲ့ဒီ အောက်စခန်းမှာ သူက တရက်နေတယ်။ တရက်နေပြီးတော့ အုတ်ကျင်းကို ပို့လိုက်တယ်တဲ့။ အုတ်ကျင်းကနေပြီးတော့ ဟိုလည်းရောက်ရော ဦးနှောက်ထဲကို ငှက်ဖျားပိုး ဝင်သွားလို့တဲ့။ မင်္ဂလာဒုံ စစ်ဆေးရုံမှာ သေတာ တဲ့။
ဒေါ်မြင့်အေး၊ ကလေးစစ်သာ ဝေဖြိုးအောင်၏ မိခင်
မတ် ၂၈၊ RFA.org/burmese

လူငယ်ရဲ့ သဘောက ဆရာကြီး သိပ်လုပ်လို့ မရဘူး။ ပညာ အရမ်းပေးလို့ မရဘူး။ အခုခေတ် လူငယ်က ပိုဆိုးတယ်။ လူငယ်ရဲ့ သဘာဝကိုက အကန် တွေးတယ်။ အချွန် တွေးတယ်။ - - ဒီဟာ မှန်တယ် ဒီဟာ မှားတယ် ဆိုတာ အညင်သာဆုံး နည်းနဲ့ ချပြဖို့ပဲ လိုတယ်။
ဝင်းထွန်းထွန်း၊ ဗီဒီယို ဒါရိုက်တာ
မတ် ၉၊ POPULAR ဂျာနယ်

ကျနော်က အဖွဲ့ချုပ်ရုံးတွေ ပြန်ဖွင့်ခွင့်ပြုတယ်လို့ ကျနော် အဲဒီလို လက်မ ခံဘူး။ ကျနော်တို့ လက်ခံတာက ချိတ်ပိတ်တာကို ချိတ်ပြန်ဖြုတ်ပေးတာပဲ၊ ဖွင့်ခွင့် ဆိုတာက ပါတီတရပ်ရဲ့ လုပ်ပိုင်ခွင့်ပဲ၊
ဦးဉာဏ်ဝင်း၊ NLD ပြောခွင့်ရပုဂ္ဂိုလ်
မတ် ၁၂၊ DVB.no

Revolution participants - 22

အရေးတော်ပုံ ရင်ခုန်သူများ အပိုင်း ၂၂
အောင်ဝေး
မတ် ၂၈၊ ၂၀၁၀ သရုပ်ဖော် - အောင်လတ်

ကျောင်းသားတွေ ဦးဆောင်တဲ့ ရှစ်လေးလုံး အရေးတော်ပုံကြီး ဆင်နွဲခဲ့တဲ့ ၁၉၈၈ ခုနှစ်က ဒီနေ့လို သတင်းဆက်သွယ်ရေး နည်းပညာတွေ သိပ်ပြီး ခေတ်မစားသေးပါဘူး။ အင်တာနက် ဆိုတာ တွင်ကျယ်မလာသေးပါဘူး။

ဒီကနေ့ အမေရိကန်နိုင်ငံမှာ အင်တာနက် အသုံးပြုမှု အနှစ် ၄၀ ပြည့်တဲ့ အချိန်မှာ ကျွန်တော်တို့ တိုင်းပြည်မှာ အင်တာနက်ယဉ်ကျေးမှုက ဆယ်စုနှစ် တစ်ခု မပြည့်သေးပါဘူး။

ဒီအချိန်တိုကလေး အတွင်းမှာပဲ မြန်မာ့အရေး ကြိုးပမ်းသူတွေရဲ့ စွမ်းဆောင်မှုနဲ့ အင်တာနက်ကနေ ကမ္ဘာကို ပျံ့နှံ့ ရောက်ရှိသွားတဲ့ မြန်မာ့ သတင်း၊ ဓာတ်ပုံ၊ မှတ်တမ်းတွေကတော့ အံ့မခန်းလောက်အောင်ပင် ရှိခဲ့ပါပြီ။

အထူးသဖြင့် ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးဟာ ဒီမိုကရေစီ သတင်းမီဒီယာ အင်အားစုတွေနဲ့ စွမ်းဆောင်မှုကို သက်သေထူခဲ့တာပဲ မဟုတ်ပါလား။ ရွှေဝါရောင် တော်လှန်ရေး သံဃလှုပ်ရှားမှု၊ လူထုလှုပ်ရှားမှုဟာ ကမ္ဘာ့နိုင်ငံ အသီးသီးက မီဒီယာတွေကြားမှာ ထိပ်တန်းအဆင့် အထူးသတင်းအဖြစ် ရပ်တည်ခဲ့တာပါ။

အဲဒီသတင်းတွေကို ဘယ်သူတွေက ထုတ်လုပ် ဖြန့်ချိခဲ့ကြသလဲ၊ ဘယ်သူတွေက ပေးပို့ခဲ့ကြသလဲ။ ဓာတ်ပုံတွေ၊ ရုပ်သံမှတ်တမ်းတွေကကော။ အဲဒီ ဓာတ်ပုံတွေ ရုပ်သံမှတ်တမ်းတွေကို ဘယ်သူတွေက ရိုက်ကူးခဲ့ကြတာလဲ၊ ဘယ်သူတွေက မှတ်တမ်းတင်ခဲ့ကြတာလဲ။

၂၀၀၇ စက်တင်ဘာ မတိုင်ခင် သြဂုတ်လထဲမှာ ဖြစ်ခဲ့တဲ့ မနီလာသိန်း၊ မမီးမီး၊ မစုစုနွေး၊ မနော်အုန်းလှတို့ ဦးဆောင်ကြတဲ့ လူထုဆန္ဒပြပွဲတွေမှာကတည်းက ဆန္ဒပြသမားတွေရဲ့ သတင်းတွေ၊ ဓာတ်ပုံတွေဟာ ကမ္ဘာ့သတင်းမီဒီယာ အသီးသီးပေါ်ကို ရောက်ရှိနေခဲ့ပါပြီ။

၂၀၀၇ သြဂုတ်လ ၂၄ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ လှည်းတန်း ဆန္ဒပြပွဲမှာ ဦးဆောင်ခဲ့တဲ့ မစုစုနွေးကို နအဖ လုံထိန်းရဲတွေ နဲ့ ကြံ့ဖွတ် စွမ်းအားရှင်တွေက ခွေးဆွဲဝက်ဆွဲသလို အတင်း အဓမ္မ ဖမ်းဆီးဖို့ ကြိုးစားနေကြတဲ့ ဓာတ်ပုံဟာ နောက်တစ်နေ့ထုတ် ကမ္ဘာ့ သြဇာရှိ ဒေသ သတင်းစာတွေထဲမှာ တစ်ပြိုင်နက်တည်း ပါလာခဲ့ပါတယ်။

အဲဒီဓာတ်ပုံကို ရိုက်ကူး ပေးပို့ခဲ့သူကတော့ ပြည်ပ သတင်းဌာနတစ်ခုက ဓာတ်ပုံသတင်းထောက် တစ်ဦး ဖြစ်တဲ့ ကိုလောအယ်စိုးပါပဲ။ အလားတူ ကိုလောအယ်စိုး ရိုက်ကူးခဲ့တဲ့ သြဂုတ်လ လူထု ဆန္ဒပြပွဲ လှုပ်ရှားမှု ဓာတ်ပုံတချို့လည်း မရှေးမနှောင်းမှာပဲ ကမ္ဘာ့သတင်းစာကြီးတွေမှာ သတင်းနဲ့တကွ ဖော်ပြပါရှိခဲ့ပါတယ်။

ကိုလောအယ်စိုးဟာ သြဂုတ်လ မစုစုနွေးတို့ ဆန္ဒပြပွဲတွေကနေစပြီး စက်တင်ဘာ ၁၈ ရက် သံဃာတော်တွေ လမ်းပေါ် ကြွချီလာတာကနေ စက်တင်ဘာ ၂၄ နဲ့ ၂၅ ရက် ရွှေတိဂုံဘုရားမှာ အထွေထွေသပိတ်ကြီး ဆင်နွဲတာတွေ စက်တင်ဘာ ၂၆ က စပြီး စစ်တပ်က သံဃာတော်တွေကို ပစ်ခတ် နှိမ်နင်း ဖမ်းဆီးတာတွေအထိ စွန့်စား ပြေးလွှားပြီး သတင်းယူခဲ့တဲ့ ဓာတ်ပုံသတင်းထောက် တစ်ဦးပါပဲ။

ရွှေတိဂုံဘုရား အရှေ့ဘက်မုခ် ကြေးသွန်းဘုရားကြီးမှာ သပိတ်စခန်း ဖွင့်ပြီး ဆင်နွဲခဲ့တဲ့ အထွေထွေ သပိတ်ကြီးရဲ့ ပထမဆုံးနေ့ စက်တင်ဘာ ၂၄ ရက် ချီတက်ဆန္ဒပြပွဲ တစ်နေရာမှာ ကိုလောအယ်စိုး ရိုက်ခဲ့တဲ့ ကိုရင်လေးတစ်ပါး သပိတ်ကို လက်သီးစွပ်ပြီး မြှောက်ထားတဲ့ ဓာတ်ပုံဟာ ဆိုရင် ဒီနေ့ ကမ္ဘာကို ပျံ့နှံ့နေပါပြီ။

၁၉၈၈ တုန်းက မ၀င်းမော်ဦးနဲ့ ဆရာဝန်နှစ်ဦးတို့ ဓာတ်ပုံက ရှစ်လေးလုံး အရေးတော်ပုံကြီးကို ကိုယ်စားပြု သင်္ကေတ ပြုနိုင်သလို အခု ကိုလောအယ်စိုးရဲ့ လက်ရာ ကိုရင်ကလေးပုံက ရွှေဝါရောင်တော်လှန်ရေးကို သင်္ကေတပြုနိုင်၊ ကိုယ်စားပြုနိုင်တဲ့ သတင်းဓာတ်ပုံတစ်ပုံ ဖြစ်လာခဲ့ပါတယ်။

ရွှေဝါရောင်တော်လှန်ရေးအတွင်းမှာ နိုင်ငံခြား သတင်းထောက် တချို့လည်း စွန့်စား သတင်းယူခဲ့ကြပါတယ်။ တိုင်းမ် မဂ္ဂဇင်းကြီးက သတင်းဆောင်းပါးရှင် အင်ဒရူးမာရှယ်၊ အယ်ဂျာဇီးယား သတင်းဌာနက ရုပ်သံသတင်းထောက်၊ ဂျပန်သတင်းထောက် ခန်းဂျိနာဂအိ စသည်ဖြင့် စွန့်စွန့်စားစား သတင်းယူ သတင်းပို့ခဲ့ကြတာပါ။ အဲဒီအထဲမှာ ကိုလောအယ်စိုးလည်း တစ်ဦး အပါအ၀င် ဖြစ်ပြီး သူ့ရဲ့ ကိုရင်ကလေးဓာတ်ပုံက တစ်မူ ထူးခြား မှတ်တမ်းဝင်ခဲ့တာပါပဲ။

ကိုလောအယ်စိုးလိုပဲ ကင်မရာ ၇ လုံး၊ လူ ၇ ယောက်နဲ့ ရွှေဝါရောင် တော်လှန်ရေး အစကနေ အဆုံးအထိ ဗီဒီယို ရိုက်ကူးခဲ့ကြတဲ့ လူငယ် အနုပညာသမား အုပ်စုကိုလည်း ကျွန်တော် မှတ်တမ်းတင် ဂုဏ်ပြုပါတယ်။

လူတိုင်းဟာ ဒစ်ဂျစ်တယ်ကင်မရာကလေးတွေနဲ့ ကျရာနေရာကနေ သမိုင်းကို မှတ်တမ်း တင်ခဲ့ကြတာပါ။ အဲဒီ ဒစ်ဂျစ်တယ်ကင်မရာကလေးတွေထဲကနေပဲ အင်တာနက်ပေါ် ရောက်ပြီး ကမ္ဘာတစ်ခုလုံးက သိသွားကြတဲ့ သတင်းတွေ ဓာတ်ပုံတွေလည်း မနည်းလှပါဘူး။

ရွှေဝါရောင် တော်လှန်ရေးဟာ လူတိုင်း သတင်းထောက်လုပ်နိုင်တဲ့ Citizen Journalist ယဉ်ကျေးမှုကို မွေးဖွားပေးလိုက်တယ်လို့ ဆိုနိုင်ပါတယ်။ ဒီနေ့ ကမ္ဘာအနှံ့မှာ ပြသနေတဲ့ ရွှေဝါရောင်အရေးတော်ပုံ Burma VJ ရုပ်ရှင်ကားဟာ အဲဒီအချက်ရဲ့ အကောင်းဆုံး သာဓကပါပဲ။

တစ်ပြိုင်နက်တည်းမှာပဲ ရွှေဝါရောင် အရေးတော်ပုံဟာ ဘလော့ဂ်တွေ၊ ဘလော်ဂါတွေကိုလည်း မွေးထုတ်ပေးလိုက်တယ်လို့ ဆိုချင်ပါတယ်။ ကိုယ်ပိုင် စာမျက်နှာလည်းဖြစ် ကိုယ်တိုင်ရင်ဖွင့်ရာနေရာလည်း ဖြစ်တဲ့ ဘလော့ဂ်တွေဟာ အများနဲ့ ဆိုင်တဲ့ သတင်းတွေ၊ ဓာတ်ပုံတွေကိုလည်း မှတ်တမ်းတင် ဖြန့်ဝေတဲ့ နေရာတွေ ဖြစ်လာပါတယ်။

ဒီကနေ့ အစဉ်အလာရှိပြီးသား သြဇာရှိပြီးသား ပြည်ပ ရေဒီယို အသံလွှင့်ဌာတွေ အတွက်လည်း ဘလော့ဂ်တွေဟာ သတင်းအချက်အက် ရယူစရာ နေရာတွေ ဖြစ်လာပါတယ်။


အီရန်တက္ကသိုလ် ကျောင်းသားတွေနဲ့ အစိမ်းရောင်တော်လှန်ရေး အပေါ်မှာ တစ်စုံတစ်ရာ လှုံ့ဆော် ဂယက်ရိုက်ခဲ့တယ်လို့ ကမ္ဘာ့မီဒီယာတွေက သုံးသပ်ခဲ့ကြတဲ့ မြန်မာ့ ရွှေဝါရောင် တော်လှန်ရေးဟာ ဘလော့ဂ်ဂါတွေရဲ့ ကြိုးပမ်းမှုနဲ့ အင်တာနက်ကနေ တစ်ဆင့် အီရန် ပြည်သူတွေရင်ထဲကို ရောက်ရှိခဲ့တာပဲ မဟုတ်လား။

နအဖ စစ်အုပ်စုက Citizen Journalist တွေကို လျစ်လျူရှုမထားရဲတော့ပါဘူး။ ဓာတ်ပုံ၊ ဗီဒီယို သတင်းထောက်တွေကို စစ်အုပ်စုက ဦးတည် ချေမှုန်းတာကို ဂျပန် သတင်းထောက် ခန်းဂျိနာဂအိ သေဆုံးခဲ့ရတဲ့ အဖြစ်က သက်သေခံနေပါတယ်။

နာဂစ်လေမုန်တိုင်းဘေးတုန်းက စစ်အစိုးရရဲ့ လူမဆန်တဲ့ လူသားချင်း စာနာထောက်ထားမှု ကင်းတဲ့ တာဝန်မဲ့ လုပ်ရပ်ကို အဲဒီ Citizen Journalist တွေ ဘလော့ဂ်ဂါတွေကပဲ ဖော်ထုတ် ဖွင့်ချခဲ့ကြတာပဲ မဟုတ်လား။

မြန်မာပြည်မှာ အစောဆုံး ဖမ်းဆီး ထောင်ချခံရတဲ့ ဘလော့ဂ်ဂါကတော့ ကိုနေဘုန်းလတ်ပါ။ ကိုနေဘုန်းလတ်နဲ့ တကွ တာဝန်ကြေတဲ့ ဘလော့ဂ်ဂါတွေ အားလုံးကို ကျွန်တော်တို့ ဂုဏ်ပြုလိုက်ပါတယ်။

[ မူရင်း - လွတ်လပ်သည့် အာရှအသံ၊ မြန်မာဌာန - RFA.org/Burmese]

Saturday, March 27, 2010

NLD Party marked 65th Anniversary of Burma Revolution Day

၆၅ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ အင်န်အယ်ဒီရုံးချုပ်တွင် ကျင်းပ
မိုးမခဓာတ်ပုံသတင်း
မတ် ၂၈၊ ၂၀၁၀
ယမန်နေ့က ကျရောက်သော မြန်မာပြည်၏ ဖက်ဆစ်တော်လှန်ရေးနေ့ ၆၅ နှစ် နှစ်ပတ်လည် အခမ်းအနားကို ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ အင်န်အယ်ဒီပါတီရုံးချုပ်တွင် ကျင်းပခဲ့သည်ကိုတွေ့ရစဉ်။