Sunday, February 28, 2010

Revolution participants - 19


အရေးတော်ပုံ ရင်ခုန်သူများ အပိုင်း ၁၉
အောင်ဝေး
မတ် ၁၊ ၂၀၁၀ [သရုပ်ဖော် အောင်လတ်]

ကျွန်တော်ပြောရင် ယုံချင်မှ ယုံကြလိမ့်မယ်။ ကျွန်တော်တို့ တိုင်းပြည်မှာ အတိုက်အခံ နိုင်ငံရေး လှုပ်ရှားသူတွေ အစိုးရမကြိုက်တဲ့ နိုင်ငံရေးသမားတွေ စာရေးသားခွင့် မရကြပါဘူး။ အထူးသဖြင့် NLD အဖွဲ့ဝင်တွေ စာရေးခွင့် မရှိပါဘူး။

ဒါက ကျွန်တော့်ကိုယ်တွေ့မို့ ပြောနိုင်တာပါ။ ကျွန်တော် ၁၉၉၂ မှာ ထောင်က လွတ်လွတ်ချင်း ကဗျာစာအုပ်တစ်အုပ် ထုတ်ဖို့ စာပေစိစစ်ရေးကို စာမူ တင်လိုက်ပါတယ်။ အဲဒီအခါမှာ စာပေစိစစ်ရေး ညွှန်ကြားရေးမှူးဖြစ်တဲ့ ဗိုလ်မှူးဆိုသူက ကျွန်တော့်ကို NLD နဲ့ ကင်းရှင်းကြောင်း ထောက်ခံချက် တောင်းပါတော့တယ်။

ကျွန်တော့်အလုပ်ကလည်း စာပေတစ်ခုတည်းနဲ့ပဲ အသက်မွေးတဲ့ အလုပ် ဖြစ်နေတာမို့ အဲဒီအချိန်က ကျွန်တော် NLDကနေ နုတ်ထွက်စာ တင်ပြီး စာပေလောကထဲ ပြန်ဝင်ဖို့ တာစူခဲ့ရတာပါပဲ။

ထောင်ကပြန်လွတ်လာတဲ့ ဘယ် NLD အဖွဲ့ဝင် စာပေသမားမဆို န၀တ နအဖ အာဏာပိုင်တွေရဲ့ သတိပေး၊ ခြိမ်းခြောက်၊ အကျပ်ကိုင်တာမျိုး ဖိအား အမျိုးမျိုးကို ခံကြရတာပါပဲ။ နဂိုကမှ စာပေအနုပညာ လွတ်လပ်ခွင့် လုံးလုံး မရှိ ဖြစ်နေတဲ့ နိုင်ငံမှာ NLD နဲ့ ပတ်သက် ဆက်နွယ်နေတဲ့ စာရေးဆရာ၊ ကဗျာဆရာ၊ သတင်းစာဆရာတွေဟာ အထူးသဖြင့် ပိုပြီး ဖိနှိပ် ကန့်သတ်ခံရပါတယ်။

ယုံကြည်ချက်နဲ့ ကလောင်ကိုင်ထားတဲ့ လက်တွေ ဖြစ်တာမို့ NLD အဖွဲ့ဝင် ဒါမှမဟုတ် NLD လိုလားတဲ့ စာပေသမား အများစုဟာ NLDက နုတ်ထွက်ပြီး ဒါမှမဟုတ် NLD နဲ့ ခပ်ခွာခွာ နေပြီး မိခင် စာပေလောကထဲကို ပြန်ဝင်ကြရတာဟာ စစ်ကျွန်ခေတ်မှာ အစဉ်အလာ တစ်ရပ်လို ဖြစ်နေပါပြီ။

NLDနဲ့ ပတ်သက်နေတဲ့ စာရေးဆရာ၊ ကဗျာဆရာ၊ သတင်းစာဆရာ အတော်များများကလည်း န၀တ နအဖခေတ် တလျှောက်မှာ ထောင်တွေထဲကို အများကြီး ရောက်ကြရတာ မဟုတ်လား။ မှတ်မိသလောက် ဆရာဦးဝင်းတင်ကနေ စပြီး ပြန်ပြောကြည့်ရရင် ဆရာမောင်သော်က၊ ဆရာမောင်မိုးသူ၊ ဆရာမောင်ဝံသ၊ ဆရာမောင်ကိုယု၊ ဆရာမင်းသိင်္ခ၊ ဆရာမ စမ်းစမ်းနွဲ့(သာယာဝတီ)၊ ဆရာမ ရွှေကူမေနှင်း၊ ဆရာမ မသီတာ (စမ်းချောင်း)၊ ဆရာမင်းလူ၊ ဆရာမျိုးမြင့်ငြိမ်း၊ စံပယ်ဦး ဦးတင်စိုး၊ မုံရွာအောင်ရှင်၊ ဖျာပုံနီလုံဦး စသည်ဖြင့် တွေ့နိုင်ပါတယ်။ ဆရာဦးအုန်းကြိုင်(အောင်ဝင့်)၊ ဆရာ ဦးစိန်လှဦး (မောင်နွယ်ဦး) စတဲ့ သတင်းစာဆရာတွေလည်း အများကြီး ပါပါတယ်။

ယခင်က စစ်အစိုးရ ပြည်ထဲရေး ၀န်ကြီး ဌာန လက်အောက်ခံ အခုတော့ ပြန်ကြားရေး ၀န်ကြီးဌာန လက်အောက်ကို ရောက်လာတဲ့ စာပေစိစစ်ရေး ဌာနဟာ စာပြန်ရေးခွင့် ယူကြတဲ့ NLD ထွက်၊ NLD ဟောင်း စာရေးဆရာတွေရဲ့ စာတွေကိုဆိုရင် အသေအလဲ စောင့်ကြည့် စိစစ်နေတာပါ။ မတရားသဖြင့် အဓိပ္ပာယ်မဲ့ ပိတ်ပင်တားဆီးနေတာပါ။

အဆင့်အတန်းရှိတဲ့ စာတွေလည်း ရေး၊ ကဗျာတွေလည်း ရေးနေတဲ့ ကျွန်တော်တို့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် သည်ပင်လျှင် စစ်အစိုးရ လက်ထက်မှာ ဘယ်တုန်းအခါကမှ ပြည်တွင်း စာနယ်ဇင်းတွေမှာ ကဗျာတစ်ပုဒ် စာတစ်ပုဒ် ပုံနှိပ်ဖော်ပြခွင့် စိုးစဉ်းမျှ မရခဲ့ပါဘူး။

အဲဒီလို နဂိုကမှ စာပေ အနုပညာ လွတ်လပ်ခွင့် လုံးလုံး မရှိရတဲ့အထဲ NLD ဖြစ်နေရင် ပိုပြီး ဆိုးဝါးတဲ့ အခြေအနေကြားမှာပဲ NLDက စာပေအနုပညာအင်အားစုဟာ သမိုင်းဝင် ကဗျာစာအုပ် တစ်အုပ်ကို ရဲရဲဝံ့ဝံ့ ထုတ်ဝေခဲ့ကြတာကိုတော့ ကျွန်တော်တို့ လေးစား အသိအမှတ်ပြုကြရမှာပါ။

အဲဒီစာအုပ်ကတော့ ၁၉၉၉ ခုနှစ်မှာ NLDက ထုတ်ဝေခ့တြဲ့ ဒေါက်တာမိုက်ကယ်အဲရစ် အမှတ်တရ ဂုဏ်ပြုကဗျာစာအုပ်ပါပဲ။

၁၉၉၉ ခုနှစ် မတ်လ ၂၇ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခင်ပွန်းဖြစ်သူ ပါရမီဖက် ဒေါက်တာမိုက်ကယ်အဲရစ် အင်္ဂလန်နိုင်ငံမှာ ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားပါတယ်။

ခင်ပွန်းသည်ရဲ့ ဈာပနကို ဒေါ်အောင်ဆန်းစုကြည် သွားခွင့် မသာခဲ့ပါဘူး။ ခင်ပွန်းသည် မကွယ်လွန်ခင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ကိုလည်း မြန်မာစစ်အစိုးရက ဒေါက်တာမိုက်ကယ်အဲရစ်ကို မြန်မာပြည်ဝင်ခွင့် ဗီဇာ မပေးခဲ့ပါဘူး။

န၀တ စစ်အာဏာရှင် စနစ်ရဲ့ မညှာမတာ ရိုက်ပုတ်တဲ့ ဒဏ်ကို ဒေါ်အောင်ဆန်းစုကြည်ရော ဒေါက်တာမိုက်ကယ်အဲရစ်ပါ သူတို့ ဇနီးမောင်နှံ နှစ်ဦးစလုံး အတူ ခါးစည်း ခံခဲ့ကြရတဲ့ အဖြစ်ပါ။

ဒေါ်အောင်ဆန်းစုကြည် မြန်မာ့ဒီမိုကရေစီ အရေးတော်ပုံထဲမှာ နောက်မဆုတ်တမ်း ရှေ့ကို တိုးပြီး မဆုတ်မနစ် ကြိုးပမ်းနေတဲ့ အချိန် တစ်လျှောက်လုံး ဒေါက်တာမိုက်ကယ်အဲရစ်ဟာ ပါရမီဖြည့်ဖက် တစ်ယောက် အနေနဲ့ ရပ်တည် ထောက်ခံ အားပေးခဲ့တဲ့သူပါ။ ဒေါက်တာမိုက်ကယ်အဲရစ်ဟာ မြန်မာပြည်သူ တစ်ရပ်လုံးရဲ့ ဘ၀ကို စာနာ နားလည်ပေးနိုင်ခဲ့တဲ့ ပုဂ္ဂိုလ်ပါ။

အဲဒီလို ပုဂ္ဂိုလ်မျိုး တစ်ယောက်ကို ထိုက်ထိုက်တန်တန် ဂုဏ်ပြုတဲ့ အနေနဲ့ NLDက ကဗျာစာအုပ် ထုတ်ပါတယ်။

အဲဒီတော့ အမြဲ ထောင်ချောက်ဆင် အသင့် စောင့်ဖမ်းနေတဲ့ န၀တ အာဏာပိုင်တွေက အဲဒီ ကဗျာစာအုပ်ထဲမှာ ပါဝင် ရေးသားကြတဲ့ ကဗျာဆရာတွေကို စာပေစိစစ်ရေးမှာ တရားဝင် စာရေးခွင့်ကနေ ပိတ်ပင် တားမြစ်လိုက်ပါတော့တယ်။

ကျွန်တော် မှတ်မိသလောက် ဆရာကြီး မင်းသုဝဏ်၊ ဆရာ ဖျာပုံနီလုံဦးတို့က စပြီး ကဗျာဆရာ လှသန်း၊ ကဗျာဆရာ လေပြေသုန်၊ ကဗျာဆရာ ထွန်းနိုင်နောင် စတဲ့ လူကြီးလူငယ် ကလောင်တော်တော်များများ အဲဒီတုန်းက စာရေးခွင့် အပိတ်ခံခဲ့ကြရတာပါ။

ဒေါက်တာမိုက်ကယ်အဲရစ်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခင်ပွန်းသည် ဖြစ်နေလို့ရယ်မှ မဟုတ်ပါဘူး။ လေးစားသင့် လေးစားထိုက်တဲ့ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်တာမို့ မြန်မာကဗျာဆရာတွေက နှလုံးသားနဲ့ ရင်းပြီး အထိုက်တန်ဆုံး ပေးဆပ်ခဲ့ကြတာပါပဲ။

ဗုဒ္ဓဘာသာ လေ့လာ ကျွမ်းကျင်သူ ပညာရှင်တစ်ယောက်လည်း ဖြစ်နေတဲ့ ဒေါက်တာ မိုက်ကယ်အဲရစ်ကို အဲဒီ ကဗျာစာအုပ်ထဲမှာ ဆရာကြီး မင်းသုဝဏ် ဂုဏ်ပြု ပေးဖွဲ့ထားတာကို နားဆင်ကြည့်ပါ။ ကဗျာခေါင်းစဉ်က ‘အမျှဝေပါ၏’ တဲ့။

မောင်မိက္ခေလ တစ်ခါက

သူ့ဇနီးနှင် တူတကွ

ရောက်လာပါကြ အိမ်ထဲကို

မြန်မာ့ရိုးရာ သိချင်လို။

သိလိုသည်ကို ပြောပြလိုက်

ပြောပြပြီးသော ထိုအခိုက်

ကြမ်း၌ဆင်းကာ တူတကွ

သုံးကြိမ်သုံးခါ ဦးနှိမ်ချ။

မောင်မိက္ခေလ ယခုခါ

သွားရှာလေပေါ့ အနိစ္စာ

ကောင်းရာရောက်ပါစေကြောင်းဗျ

ဝိုင်း၍ဆုတောင်းပါလေကြ။

‘မိက္ခေလ’ ဆိုတာက အင်္ဂလိပ်အသံထွက် ‘မိုက်ကယ်’ Michael ကို ဆရာမင်းသုဝဏ်က မြန်မာသံ ဖလှယ်ထားတာပါ။

ဆရာကြီးမင်းသုဝဏ် နှင့် ဒေါက်တာမိုက်ကယ်အဲရစ်တို့ နှစ်ဦးစလုံး ကောင်းရာ ဘုံမှာ အတူတကွ စံစားနိုင်ကြပါစေ။



[ မူရင်း - လွတ်လပ်သည့် အာရှအသံ၊ မြန်မာဌာန - RFA.org/Burmese]

Burmese Activists inside Burma pay respect to senior Burmese Wrtiers & Journalists

မြန်မာပြည်တွင်းရှိ အမျိုးသားရေးစွမ်းဆောင်သူ စာပေပညာရှင်ကြီးများကို ဂါရ၀ပြုကြ
မိုးမခအထောက်တော် ၀၀၃
မတ် ၁၊ ၂၀၁၀
ယမန်နေ့က ရန်ကုန်မြို့၊ တောင်ဥက္ကလာမြို့နယ် နေအိမ် တအိမ်တွင် မြန်မာအမျိုးသားရေး လှုပ်ရှားဆောင်ရွက်သူများ၊ လူငယ်များ စုဝေးကြပြီး အမျိုးသားရေးစွမ်းဆောင်သူ သက်ကြီး စာပေပညာရှင်ကြီးများကို ဂါရ၀ပြုကန်တော့ခဲ့ကြသည်ဟု သိရသည်။
ဆရာ နန်းညွန့်ဆွေ၊ ဆရာ ဦးဝင်းတင်နှင့် ဆရာ ဦးလေးမြင့်တို့ တက်ရောက်ကြပြီး၊ ဦးတင်ဦးနှင့် ဒဂုန်တာရာတို့ ၂ ဦးမှာ ကျန်းမာရေးအခြေအနေအရ အရောက်မလာနိုင်ခဲ့ကြဟု ဆိုသည်။
“ဆရာဦးဝင်းတင်က ကျန်းမာရေးကောင်းတယ်သာ ဆိုတယ်။ ခြေထောက်တွေ ယောင်နေတာ တွေ့တယ်။ သို့သော် စိတ်ဓာတ်နဲ့ အင်အားကတော့ အပြည့်ပဲ။ ပြီးတော့ အဲသည်နားက အဝေးရောက်နေတဲ့ နိုင်ငံရေးအကျဉ်းသားတဦးရဲ့ အမေရဲ့ ဆွမ်းကျွေးကို ဆက်ချီတက်သွားတာကို တွေ့ရပါတယ်” ဟု မိတ်ဆွေတဦးက မိုးမခကို ပြောကြားသည်။
စာပေပညာရှင်၊ သတင်းစာဆရာကြီးတဦးဖြစ်သူ လူထုစိန်ဝင်းကိုလည်း လူငယ်များက နေအိမ်သို့ သွားရောက်ကန်တော့ကြခဲ့ကြောင်းလည်း သိရှိရသည်။

MoeMaKa and its Friends pay respect to Maung Swan Yi as senior Burmese artist

မိုးမခမီဒီယာနှင့် မိတ်ဆွေများ၏ သက်ကြီးစာပေပညာရှင် မောင်စွမ်းရည် ကို နယူးယောက်တွင်ဂါရ၀ပြု
မိုးမခ
မတ် ၁၊ ၂၀၁၀
ဖေဖော်ဝါရီလ ၂၈ ရက်နေ့က နယူးယောက်မြို့၊ သာသနမောဠိ၏ ညီမူရာခန်းမတွင် ပြည်ပရောက် သက်ကြီးစာပေညာရှင်ကြီးတဦးအဖြစ် ဆရာမောင်စွမ်းရည်ကို ၎င်း၏မိတ်ဆွေများ၊ စာပေချစ်သူများက စုဝေး ဂါရ၀ပြုခဲ့ကြသည်။
မိတ်ဆွေများ၏ ဂါရ၀ပြုပွဲတွင် သံဃာတော်များအား ဆွမ်းကပ်ခြင်း၊ ဧည့်သည်များအား ကြာဇံဟင်းခါးဖြင့် ဧည့်ခံခြင်း၊ နယူးယောက်နေ ပန်းချီဆရာ မျိုးသိန်းထွန်းက ဆရာကြီးမွေးနေ့အမှတ်တရ ပုံတူပန်းချီကား လက်ဆောင်ပေးအပ်ခြင်း၊ မိုးမခမီဒီယာ၏ စာပေဂါရ၀အမှတ်တရအဖြစ် ဓာတ်ပုံပန်းကန်ပြားလက်ဆောင်နှင့် ၀တ္ထုအလှူငွေ ၅၅၀ ဒေါ်လာကို မိုးမခမိတ်ဆွေများက ပေးအပ်ဂါရ၀ပြုခြင်း၊ မြို့ခံနှင့် ဧည့်သည်မိသားစုများက လက်ဆောင်များနှင့် ၀ိုင်းဝန်းဂါရ၀ပြု ကန်တော့ကြခြင်းနှင့် မိတ်ဆွေများက အမှတ်တရစကားများ ပြောကြားကြကြောင်း သိရှိရသည်။ ဧည့်ပရိသတ် ၅၀ ခန့် ရှိကြောင်း မိတ်ဆွေတဦးက မိုးမခသို့ ပြောကြားသည်။
ဆရာမောင်စွမ်းရည်က အမှတ်တရစကားပြောကြားရာတွင် ငယ်စဉ်က သာမဏေပြုရန် ရှင်လောင်းလှည့်ပွဲတွင် မိမိအား သံဃာစင်အနီး နေရာထိုင်ခင်းပေးထားစဉ် ကလေးမလေးများ၊ အပျိုကလေးများက လာရောက်ဝိုင်းဝန်းကြည့်ရှုခြင်း ခံရစဉ် ရှက်ကိုးရှက်ကန်းဖြစ်ရသကဲ့သို့ ယခု အသက်ရွယ်ကြီးရင့်ပြီးခါမှ သည်တကြိမ်တွင်လည်း မိမိမှာ ထိုသို့ ၀ိုင်းဝန်းအမှတ်တရပြုကြသည်ကို ရှက်ကိုးရှက်ကန်း ခံစားမိကြောင်း ရယ်ပွဲဖွဲ့စကားပြောကြားခဲ့သည်။ စာပေချစ်သူ ဧည့်မိတ်ဆွေများ စည်ကားသိုင်းဝိုင်းစွာဖြင့် ဂါရ၀ပြုပွဲမှာ ပျော်ရွှင်ဖွယ်ဖြစ်သည်ဟု မျိုးသိန်းထွန်းက မိုးမခသို့ ပြောကြားသည်။
လာမည် မတ်လ ၆ ရက်နေ့ တွင်လည်း အင်ဒီယာနာပြည်၊ ဖို့ဝိန်းမြို့နေ ဂီတပညာရှင် အဆိုတော် မာမာအေးအတွက် သက်ကြီးစာပေပညာရှင် ဂါရ၀ပြုပွဲကို ကျင်းပရန် စီစဉ်ထားပြီးဖြစ်ရာ မိုးမခမိတ်ဆွေများ၏ ဖိတ်စာကို သည်မှာ တွေ့နိုင်ပါသည်။

28th Feb 2010 - MoeMaKa Radio

ဖေဖော်ဝါရီ ၂၈၊ ၂၀၁၀ - မိုးမခရေဒီယိုအစီအစဉ်
မာမာအေးရဲ့ စတီရိယိုတေး - သုံးသပ်ချက်၊ ဦးပန်တျာ
သတင်းတိုထွာ၊ သီချင်းပဒေသာ
မြန်မာလေတပ်မတော်သမိုင်း - ဝေလင်း၊ ခေတ်ပြိုင်
ထိုင်းအလုပ်သမားလုပ်ခ ဘယ်လောက်ရသလဲ - ရွှေနန္ဒ
ခင်မျိုးချစ်အပေါ် မောင်ဝံသ သုံးသပ်ချက် - ပိတောက်ပွင့်သစ်
တိုင်းပြည်စီးပွားရေး မောင်ပိုင်စီးသူများ - ဒီဗီဘီ
ညိုကြီးရဲ့ နေပြည်တော်အိတ်ဖွင့်ပေးစာ - ကဗျာ
မွေခံထိုက်စေ - တွံတေးသိန်းတန်နဲ့ သားသမီးများ
လူကြီးဟာသပုံပြင် - ဗိုလ်သိန်းထိန်ရဲ့ “ဗလာဝတ်လဲတော်”
အထူးကဏ္ဍ - တောင်သမန်သီချင်းနဲ့ ကဗျာမြင်ကွင်း - မောင်စွမ်းရည်၊ ခင်ညွန့်ရီ
စီစဉ်သူများ - ဦးပန်တျာ၊ သံစဉ်ရတနာ၊ မေရီ

unlucky 5000 notes

ငါးထောင်တန် ငွေစက္ကူ သုံးစွဲရခြင်းကို လာဘ်မကောင်းဟု ယူဆနေကြ
မိုးမခ အထောက်တော်၊ ရန်ကုန်
ဖေဖော်ဝါရီ ၂၈၊ ၂၀၁၀

ယမန်နှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် ပေါ်ထွက်လာသည့် ငါးထောင် ကျပ်တန် ငွေစက္ကူအား လာဘ်လာဘ မကောင်းသည့် ငွေစက္ကူ အဖြစ်သုံးစွဲသူအများ အပြားက ရှုမြင်လျက်ရှိကြပြီး လက်ဝယ် ကြာရှည်စွာ ကိုင်မထားလိုဘဲ လျင်မြန်စွာ ပြန်လည် လဲလှယ် သုံးစွဲကြသည်ဟု ရန်ကုန်မြို့ခံများက ပြောဆိုသည်။

အမည် မဖေါ်လိုသည့် တက္ကသိုလ် ဒုတိယနှစ် ကျောင်းသူတဦးက “သမီးတို့ သူငယ်ချင်း အများစုက အဲဒီ ငါးထောင်တန် တရွက်ကို မကိုင်ဘူးလို့ ရပြီးနောက်သိမ်းထားလိုက်တာ၊ အဲဒီနောက် ငွေထပ်မ၀င်တော့ဘူး၊ အဲဒီအတွေ့အကြုံမျိုး အခြားသူတွေလည်း ကြုံဖူးကြတယ် လို့ ပြောတယ်။ အဲဒါနဲ့ နောက်ဆို ငါးထောင်တန်ကို မသိမ်းတော့ဘူး။ လာဘ်ပိတ်တဲ့ သဘော ယူဆနေကြတယ်” ဟု ပြောသည်။

ထို့ပြင် တက်စီမောင်းသူ တဦးက ``ကျွန်တော့်မိတ်ဆွေ တဦးက အရင်ပြောတယ်။ ငါးထောင်တန်က လာဘ်ပိတ်တယ်လို့၊ အဲနောက် ကျွန်တော်လည်း တရွက် ရလာတော့ သိမ်းထားလိုက်တယ်။ အဲဒီနောက် ၀င်ငွေ လျော့သွားတယ်။ အဲဒါနဲ့ အဲဒီတရွက်ကို ပြန်သုံးလိုက်တယ်´´ ဟုဆိုသည်။

ရန်ကုန်မြို့မှ ကျောင်းသူတဦးကလည်း ငါးထောင်တန် အိတ်ထဲတွင် ထည့်ထားသည့်အခါ ပိုက်ဆံမရှိသကဲ့သို့ ခံစားရပြီး သုံးစွဲ လဲလှယ်ရာတွင်လည်း အခက်အခဲရှိသည့် အတွက် သိမ်းမထားတော့ဘဲ ပြန်သုံးလိုက်သည်ဟု ပြောဆိုသည်။

နယ်မြို့တမြို့ဖြစ်သည့် သထုံမှ မြို့ခံတချို့ကမူ ငါးထောင်တန်၏ ဆင်ရုပ်ဦးကင်းပေါ်တွင် အဆင်တန်ဆာ တပ်ဆင်ထာသည့် ပုံသည် လိပ်နှင့် တူသည့် အတွက် လာဘ်မကောင်းဟု ယူဆကာ ကြိုက်နှစ်သက်ခြင်း မရှိကြကြောင်း ပြောဆိုသည်။

မြန်မာနိုင်ငံတွင် ငါးထောင်တန် ငွေစက္ကူ အသစ် ထုတ်ဝေမည့် အကြောင်းကို စက်တင်ဘာတွင် နအဖ စစ်အစိုးရက ထုတ်ပြန်ကြေညာခဲ့ပြီး အောက်တိုဘာလဆန်းတွင် စတင် ထုတ်ဝေခဲ့သည်။ သို့ရာတွင် နေ့စဉ် သုံးစွဲမှုတွင် ယခုအချိန်ထိ ကျယ်ကျယ်ပြန့်ပြန့် မတွေ့ရှိရသေးဘဲ တခါတရံသာ မြင်တွေ့ရလေ့ရှိသည်။

ငွေကြေး ဖောင်းပွမှု တနှစ်ထက်တစ်နှစ် သိသာလျက် ရှိသည့် မြန်မာနိုင်ငံအနေဖြင့် ယခင် ၁၀ နှစ် ၀န်းကျင်က ကျပ်တထောင်တန် ငွေစက္ကူကို နေ့စဉ်သုံးစွဲမှုများတွင် ကျယ်ကျယ် ပြန့်ပြန့်မတွေ့ရှိ ခဲ့ရသော်လည်း ယနေ့လက်ရှိ လှည့်လည်သုံးစွဲမှုတွင် ၂၀၀ကျပ်နှင့် ၅၀၀ကျပ်မှာ နည်းပါးလာနေပြီး ၁၀၀၀ ကျပ်တန်သာ အသုံးများဆုံး ငွေစက္ကူ အဖြစ် သုံးစွဲလျက်ရှိသည်ကို တွေ့ရှိရသည်။

နအဖ အစိုးရအနေဖြင့် ကျပ်တထောင်တန် ငွေစက္ကူ ရိုက်နှိပ်ရခြင်းမှာ ငွေစက္ကူတန်ဖိုး နီးပါး ကုန်ကျစရိတ် မြင့်တက်လာသည့် အတွက် ငါးထောင်ကျပ်တန်ကို ရိုက်နှိပ်ရခြင်း ဖြစ်သည်ဟု ငွေစက္ကူ ရိုက်နှိပ်ရေးမှ အမည် မဖော်လိုသည့် တပ်မတော် အရာရှိတဦးက ပြောဆိုသည်။

images after Chile earthquake

ချီလီငလျင်အလွန် မြင်ကွင်းများ
ဓာတ်ပုံသတင်း
ဖေဖော်ဝါရီ ၂၈၊ ၂၀၁၀
ယမန်နေ့က လှုပ်ခတ်ခဲ့သည့် ငလျင်ကြီးကြောင့် ဆူနာမီ လှိုင်းလုံးကြီးများ ဆိုက်ရောက်လာဖွယ်ရှိသည်ဟု တပ်လှန့်ထားသည့် ဂျပန်နိုင်ငံ မြောက်ပိုင်း Shichigahama ဒေသမှ ဒေသခံများ ယနေ့ ပင်လယ်ကို စောင့်ကြည့်နေကြပုံ။ ဆူနာမီလှိုင်းလုံးတချို့ ဂျပန်သို့ ယနေ့ ရောက်လာသော်လည်း ပျက်စီးထိခိုက်မှု မရှိဟု သိရသည်။ (ဓာတ်ပုံများ - AP)
အနည်းဆုံး လူ ၃၀၀ ကျော် သေဆုံးစေခဲ့သည့် ငလျင်ကြီး လှုပ်သွားသော ချီလီနိုင်ငံတွင် အရပ်သားများက ကုန်တိုက်ကြီးများရှိ ပစ္စည်းများကို ယနေ့ သွားရောက် လုယက် ယူဆောင်လျက် ရှိသည်။ လုယက်သူတချို့ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့သည်။


Sing Hip Hop?

ငါ ဟစ်ပ်ဟော့ ဆိုရရင် ကောင်းမလား
ယောဟန်အောင်
ဖေဖော်ဝါရီ ၂၈၊ ၂၀၁၀

[မူရင်း - yaw-han-aung.blogspot.com]
(ဒီကဗျာကို အသံထွက်ဖတ်ပါ။)

ငါပြောချင်နေတာ တော်တော်များ
ငါ ဟစ်ပ်ဟော့ဆိုရရင် ကောင်းမလားတွေး။

လူငယ်တွေကလည်း အချစ်အကြောင်းတွေချည်းပဲပြော...
ငါကလည်း နည်းနည်း ဆရာကြီး လုပ်ချင်နေတာနဲ့မော။
သူတို့ အိုင်ဒီယာ ပြောနေတာတွေလည်း သဘောမကျ...
မယ်လိုဒီ မဖန်ဆင်းနိုင်တဲ့ ငါ့လက်သံအစုတ်အပြတ်ကိုလည်း ဒေါပွ။
ရေးတဲ့ကဗျာတွေ မဂ္ဂဇင်း မရွေးတာလည်း တဒုက္ခ
နောက်ဆုံးတော့ ဘလော့ဂါ လုပ်ရတာပဲ မုချ....။

လမ်းရိုးဟောင်းကိုလည်း
မလိုက်ချင်ဘူး။
အဆန်းထွင်ချင်တဲ့ ဥာဉ်နဲ့ပဲ
ငါ့မှာရူး။
တော်လှန်ရေးနတ်ကလည်း ပူးသေး
ကလေးကလားတွေကြားထဲ
ကူးဝင်ကာ ပေါက်ကွဲမယ်...
ကိုယ့်ကိုယ်ကို ထင်တလုံးနဲ့ ကိုယ်ပြောချင်တာကို ကိုယ်ပြောမယ်။
ကိုယ့်ဒုက္ခကို တသသနဲ့ ရင်ဖွင့်တာကိုပဲ ဂုဏ်လုပ်ဆဲ။

ရိုးသားမှုကို တရွတ်ဆွဲ ကံအမြဲလွဲနေရတဲ့ ဘဝ
ချစ်သူကလည်း အထင်သေးရဲ့ ......
တံခါးတွေပိတ်ထား... ဘာမှ အစွမ်းပြခွင့်မရ
မိဘတွေကလည်း သက်ပြင်းချ
ပါရမီ မရှိလှတဲ့ ရပ်ကွက်ကလည်း
သူ့လို မမိုက်ကြနဲ့တဲ့ ဥပမာပြ ...
(အင်း....) ဂြိုဟ်သားတယောက်ပမာ ငါ့ဘ၀..
ငါပြောချင်နေတာကလည်း ဘယ်နေရာမှာ ပြောရပါ့...။

ကဗျာလေးရေးမိပါတယ်... လေးလုံးစပ် မဟုတ်ဖူးတဲ့ ရှုံ့ချ..
နိုင်ငံရေး ၀င်ဆွေးနွေးမိပါတယ်... အတိုက်အခံဆိုရင် နည်းနည်းမှ မဝေဖန်ရတဲ့ ပယ်ချ...
စာတိုလေးရေးမိပါတယ်... ရပ်တည်ချက် မရှိဖူးတဲ့ အုပ်စုလိုက် တွယ်ကြ...
ဘလော့မှာ တကုတ်ကုတ်ရေးမိပါတယ်... အရေမရ အဖတ်မရတဲ့ အလကား....။

ငါ့မှာ.....
မိုက္ကရိုဖုန်း လိုတယ်။
စင်မြင့်ကနားလိုတယ်။
သူများတကာ ဖျားသွားစေဖို့
စာသားတွေလည်း လိုတယ်။
ငါ့အစွမ်းရဲ့ ချီးမွမ်းခန်းလည်း
တခန်းတနားလေး ကြားချင်သေးတယ်..

ငါ့အတွက်လည်း ထွက်ပေါက်ဖြစ်...
ဒေါသတွေလည်း မြစ်မျောပစ်
အိပ်ပျော်နေတဲ့ ခေတ်ကိုလည်း
ထစ်ချုံးဖောက်ခွဲ လိုက်ချင်သေးတယ်။

ငါ့ကဗျာတွေက ကာရန်မဲ့
ငါ့စာသားတွေက “မာရု” လိုရင့်သီးခဲ့
မီးလောင်ပြင်က အပင်လို ခပ်ရိုင်းရိုင်းကြီးပြင်းခဲ့...
သဘာဝအတိုင်း အရိုးရင့်
ငါကိုယ်တိုင်က ဒေါသဆင့်
ခံစားမှု အရိုင်းထည်က
ငါ့ရင်နဲ့အပြည့် တိုးမြင့်။

လက်ညှိုးထိုးပြီး ပြောချင်
ရင့်ရင့်သီးသီး ပြောချင်
ပျက်စီးနေတဲ့ စနစ်ဆိုတဲ့
ခေတ်ကိုချည်း ပုံမချဘဲ
လူတွေပျက်နေတာလည်း ပြောချင်။

ငါက ငြိမ်းချမ်းရေးအကြောင်းလည်း ပြောချင်
အချစ်အကြောင်းလည်း ပြောချင်
သဘာဝပတ်ဝန်းကျင်၊ အမှန်တရားနဲ့ ရှင်သန်ခြင်းအကြောင်း
တရားမျှတမှုနဲ့ လွတ်လပ်မှု အကြောင်း၊
ခေတ်နောက်ကျနေတဲ့ လူအဟောင်းတွေကိုလည်း ပြောချင်။
နားမထောင်ရင် နားရွက်ဆွဲ
မနေနိုင်အောင်ပဲ ပြောချင်
သည်းခံနိုင်လွန်းတဲ့ လူတွေကိုလည်း
ဘုရားမဖြစ်နိုင်ကြောင်း ပြောချင်။
၂၁ ရာစု လူသားတွေအတွက်
ကမ္ဘာဦးတရားလည်း ဟောချင်။

(အင်း....) ရင့်သီးနေတဲ့ ငါ့ကဗျာတွေ
အချိုသတ်ဖို့
စိတ်ကောက်နေတဲ့ ချစ်သူလေးအတွက်
လိုအပ်လို့...
ကံကိုယုံနေတဲ့ သည်လူသားတွေ
တရားချဖို့
ဟောသည်ကောင် ယောဟန်အောင်က ပြောချင်နေတာများ
ငါ ဟစ်ပ်ဟော့ဆိုရရင် ကောင်းမလား။ ။

စက် ၅၊ ၂၀၀၃။ (ရေး) ဇွန် ၂၀၊ ၂၀၀၇ (ထပ်ပြင်)။

Saturday, February 27, 2010

quakes in Chile and Haiti

ချီလီ နှင့် ဟေတီ ငလျင်ကြီး ၂ ခု နှိုင်းယှဉ်ချက်
AP သတင်းဌာန ဖေဖော်ဝါရီ ၂၈၊ ၂၀၁၀


ငလျင်ဒဏ်ခံခဲ့ရသည့် ဒေသသို့ သွားရောက်စစ်ဆေးသော ချီလီနိုင်ငံ အမျိုးသမီး သမ္မတနှင့် အရာရှိများ။
ဟေတီနိုင်ငံ ငလျင်အပြီးမြင်ကွင်းတခု။

ချီလီငလျင် - ၂၇ ဖေဖော်ဝါရီ ၂၀၁၀၊ ရစ်တာစကေး ၈.၈
ဟေတီငလျင် - ၁၂ ဇန်န၀ါရီ ၂၀၁၀၊ ရစ်တာစကေး ၇.၃

ချီလီ - လူ ၃၀၀ ကျော် သေဆုံး (ဖေဖော်ဝါရီ ၂၈ ခန့်မှန်းချက်)
ဟေတီ - ၂ သိန်းကျော် သေဆုံး

ချီလီ - ငလျှင်ဗဟိုချက်တွင် လူဦးရေ နည်းပါး။ မြို့တော်နှင့် မိုင် ၂၀၀ ကွာဝေး။
ဟေတီ - ငလျှင်ဗဟိုချက်က လူဦးရေထူထပ်။ မြို့တော်နှင့် ၁၅ မိုင်သာ ကွာဝေး။

ချီလီ - အဆောက်အအုံ ဆောက်လုပ်ရေး ဆိုင်ရာ စည်းကမ်းချက် တင်းကျပ်။
ဟေတီ - စည်းကမ်းချက် မရှိခဲ့။

ချီလီ - အရေးပေါ်အခြေနေ တုံ့ပြန်မှုပေးရန် ကြိုတင်ပြင်ဆင်မှု ရှိ။ သမ္မတ ကိုယ်တိုင် ချက်ချင်း ကိုင်တွယ်။ ဆက်သွယ်ရေးစနစ် မပျက်စီး။
ဟေတီ - ပြင်ဆင်မှု မရှိခဲ့။ အစိုးရခေါင်းဆောင်များ အဆက်အသွယ် ပြတ်တောက်။ ဆက်သွယ်ရေးစနစ်များ ပျက်စီး။

ချီလီ - အရေးပေါ်အကူအညီ မြန်ဆန်။
ဟေတီ - နောက်ကျ။