USDP against journalists

ကြံ့ဖွံ့က ဇာတိပြပြီ၊ သတင်းထောက်များကို ရန်မူ
မိုးမခအထောက်တော်၊ ရန်ကုန်
နိုဝင်ဘာ ၂၊ ၂၀၁၀ (photo-AP)
ကြံ့ဖွံ့ခေါင်းဆောင် ဦးဌေးဦးကို ဂရုမစိုက်ဟု ဆိုသူ ကြံ့ဖွံ့ ကိုယ်စားလှယ် ဒေါ်လဲ့လဲ့ဝင်းဆွေ၏ ကြော်ငြာ

တာမွေမြို့နယ်တွင် မဲဆွယ်စည်းရုံး၊ လက်ကမ်းစာစောင် ဖြန့်ဝေနေသည့် ကြံ့ဖွံ့ပါတီဝင် အများအပြားက သတင်းယူသည့် သတင်းထောက် ၂ ဦးကို တနင်္ဂနွေနေ့က ခြိမ်းခြောက်ခဲ့သည်။

ပြည်ပ သတင်းအေဂျင်စီများအတွက် လုပ်ကိုင်နေသူ ဦးခင်မောင်ဝင်း၊ ဦးသစ္စာလှထွေးတို့ ရန်မူခံခဲ့ရခြင်း ဖြစ်သည်။

“အယောက် ရှစ်ဆယ်၊ တရာလောက် ရှိတယ်ဗျ။ သတင်းထောက် ၂ ယောက်ကို ရန်ရှာမယ် ပုံစံမျိုးနဲ့ ၀ိုင်းလာတာကို ကျနော်တို့ တွေ့ရတယ်” ဟူသော ရန်ကုန်မှ သတင်းထောက်တဦး၏ အတွေ့အကြုံကို BBC က ယနေ့ ထုတ်လွှင့်သွားသည်။

သို့သော်လည်း ကြံ့ဖွံ့တို့က ကိုယ်ထိလက်ရောက် တိုက်ခိုက်သည်အထိ မဖြစ်ခဲ့ပေ။

“တချို့လူတွေက စာရွက်ကို မယူဘူး၊ တချို့တွေကလည်း ယူတယ်၊ စာရွက်ကို ဖြဲပစ်တာတို့၊ ခြေထောက်နဲ့ နင်းသွားတာတို့ ရှိတယ်။ နောက် - စာရွက်ကို နင်းခြေတဲ့လူတွေ။ အဲဒါကို မကျေမချမ်း ဖြစ်နေတာ” ဟု သူက ဆက်လက် ရှင်းပြသည်။

ကြံ့ဖွံ့တို့က တာမွေ ဒေသခံတို့၏ တုံ့ပြန်မှုကြောင့် ဖြစ်ပေါ်လာသည့် မကျေနပ်မှုကို သတင်းထောက် ၂ ဦးအပေါ် ပုံချလိုက်ခြင်း ဖြစ်နိုင်သည်ဟု သူက ဆိုသည်။

မဲဆွယ်နေသည့် ကြံ့ဖွံ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်လဲ့လဲ့ဝင်းဆွေက ဓာတ်ပုံရိုက်မည့် သတင်းထောက်များကို တားမြစ်ရာမှ ထိုသို့ ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့သည်ဟု သိရသည်။

ကြံ့ဖွံ့ခေါင်းဆောင် ဦးဌေးဦးက မဲဆွယ်လှုပ်ရှားမှုကို သတင်းယူ၊ ဓာတ်ပုံရိုက်ခွင့်ပြုကြောင်း ရှင်းပြသော်လည်း ဒေါ်လဲ့လဲ့ဝင်းဆွေက လက်မခံဟု ဆိုသည်။

“ဦးဌေးဦး ဖြစ်ဖြစ်၊ ဦးဌေးဦးအဖေ ဖြစ်ဖြစ် ခွင့်မပြုနိုင်ဘူး” ဟု ပြန်ပြောကြောင်း သိရသည်။

ကြံ့ဖွံ့ ခေါင်းဆောင်များမှာ စစ်အစိုးရခေါင်းဆောင်များပင် ဖြစ်သည်။

လူမိုက်အဖွဲ့ဟု အများအပြားက ရွံရှာကြသည့် ကြံ့ဖွံ့၏ ရွေးကောက်ပွဲ ကြော်ငြာတွင် “ပြည်သူ့အတွက် ပြည်ခိုင်ဖြိုး၊ ပြည်သူ့အကျိုး ပြည်ခိုင်ဖြိုး” ဟု ရေးထားသည်။

သို့သော်လည်း တာမွေ ဒေသခံတို့က ထိုကြော်ငြာမှ စာသားတို့ကို ယုံကြည်ပုံ မပြပေ။

တာမွေ ဒေသခံများက ကြံ့ဖွံ့တို့ကို လက်မခံသည့် အချက်တခုမှာ သီချင်းကြောင့် ဖြစ်သည်ဟု VOA သတင်းဌာန၏ တနင်္လာနေ့ ထုတ်လွှင့်ချက်တွင် ပါရှိသည်။

“လူတွေက အများဆုံး မကျေနပ်တာက နဂါးနီသီချင်း ဆိုတဲ့ဟာကို သူတို့ပါတီ သီချင်းအဖြစ် ပြောင်းပြီး ဆိုထားတယ်ဗျ။ အဲဒါတွေ လူတွေက ပေါက်ကွဲတယ်” ဟု မျက်မြင်သက်သေ သတင်းထောက်တဦးက VOA ကို ပြောသည်။

“ကြံ့ဖွံ့ထဲမှာ ၀ိုင်းလာတဲ့ လူတွေကလည်း ၂၀၀၇ စက်တင်ဘာ ဘုန်းကြီး အရေးအခင်းတုန်းက ဘုန်းကြီးတွေနဲ့ လူတွေကို ရိုက်တဲ့ စွမ်းအားရှင်တွေလည်း ပါတာကို တွေ့တယ်ဗျ” ဟု သူက ဆက်ပြောသည်။

Comments