MoeMaKa - Suu & NLD obstacle to National Unity ?

သတင်းစာဆရာတဦးနဲ့ မိုးမခစကားလက်ဆုံ
ဒေါ်စုနဲ့ အင်န်အယ်ဒီ ဟာ ဆူးညှောင့်ခလုတ်တွေလား
မိုးမခ
နိုဝင်ဘာ ၂၀၊ ၂၀၁၀
ဒီတရက်မှာ သတင်းစာဆရာကြီးနဲ့ ဆက်ပြီး စကားပြောဖြစ်တယ်။ မြန်မာပြည်တွင်းမှာ လက်ကိုင်ဖုန်းတွေ သက္ကရာဇ် ၂၀၀၀ အကျော်မှာ အတော် ပေါများလာတယ်။ အင်တာနက်တွေ မပွင့်တပွင့် ဖြစ်လာတယ်။ အဲသည်တုန်းက လက်ဝါးကြီးအုပ်ထားတယ် ဆိုတဲ့ ဗိုလ်နေ၀င်းမိသားစုတွေကို စစ်ဗိုလ်ချုပ်တွေက ဖယ်ရှားလိုက်တယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်အုပ်စုတို့ဟာ အကျယ်ချုပ်ချထားစဉ်မှာ အကြိမ်ကြိမ် တွေ့ဆုံညှိနှိုင်းခဲ့ကြတယ် ဆိုတာမျိုးတွေကို ပြည်သူတွေက မီဒီယာများကတဆင့် သဲ့သဲ့ကြားနေရပြီး အသေးစိတ်တော့ ပြည်သူတွေက မသိခဲ့ကြရဘူး။

ကဲ … ၂၁ ရာစုအ၀င်မှာ မြန်မာပြည်ရဲ့ နိုင်ငံရေးရေချိန်ကို ပြောပြပါလား ဆရာ။
၂၁ ရာစုအ၀င်မှာတော့ အချို့သောပြည်သူတွေမှာ နိုင်ငံရေးလှုပ်ရှားမှုတွေနဲ့ ဝေးကွာသွားတဲ့ သဘောရှိပါတယ်။ နိုင်ငံရေးနိုးကြားမှုတွေ အေးစက်နေတဲ့ကာလလို့ ပြောရင်တောင် ရမယ်။ ဒေါ်စုနဲ့ အင်န်အယ်ဒီတို့ရဲ့ စစ်အစိုးရနဲ့ကြား တွေ့ဆုံဆွေးနွေးကြတာတွေ၊ ဥပဒေကြောင်းအရ ရွေးကောက်ပွဲရလဒ်တွေ အကောင်အထည်ဖော်ဖို့ ကြိုးစားနေကြတာတွေဟာ သာမန်လူတွေအတွက် အသေးစိတ်နားလည်သိရှိမှုတွေ မရနိုင်တဲ့ အခြေအနေလို့ ဆိုချင်ပါတယ်။ သာမန်ပြည်သူတွေအဖို့ ကြောက်ရွံစိုးရိမ်မှုတွေ ရှိနေတယ်။ ပြီးတော့ အဲသည်တုံးက နိုင်ငံရေး လှုပ်ရှားလာမှုတွေကို ဥာဏ်မမီကြဘူး ဆိုပြီး ကြည့်နေရတဲ့ သဘောလို့ ပြောရမယ် ထင်ပါတယ်။

အဲသည်အချိန်တုန်းက တချို့ဖြစ်ရပ်တွေ မီးမောင်းထိုးပြပါလား။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ကို အမွေဆိုင်အဖြစ် အောင်ဆန်းဦးတို့ လင်မယားက တရားစွဲတယ်။ အဲသည်တုန်းက အတွင်းရေးမှုး ၂ နဲ့ စစ်ဗိုလ်ချုပ်အချို့ ရဟတ်ယာဉ်ပျက်ကျပြီး သေဆုံးတယ်။ အမျိုးသားရင်ကြားစေ့ရေးတို့၊ တိုင်းရင်းသား၊ တပ်မတော်နဲ့ ဒေါ်စုဦးဆောင်တဲ့ အင်န်အယ်ဒီတို့ ၃ ပွင့်ဆိုင် ဆွေးနွေးသင့်တယ်ဆိုတာတွေ ပြည်တွင်း ပြည်ပမှာ ပြောလာကြတယ်။ တပ်မတော်ကို လုပ်ကြံတယ်ဆိုပြီးတော့ ဦးနေ၀င်းရဲ့ မိသားစုဝင်တွေကို ဖမ်းဆီးတာတွေ၊ အရေးယူတာတွေ လုပ်တယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အကြိမ်ကြိမ် လျို့ဝှက်ဆွေးနွေးပွဲတွေ လုပ်နေသော်လည်း ထူးခြားတဲ့ ပွင့်လင်းမှုတွေကို လူထုက မမြင်ကြရဘူး။ မြန်မာပြည်ရဲ့ တပါတီအာဏာရှင်ကြီး ဦးနေ၀င်း ဆုံးသွားတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်က ပြန်လွှတ်ပေးလိုက်တယ်။ အဲသည်လိုမျိုး ၂၀၀၁ ကနေ ၂၀၀၂ အတွင်းကို ပြောရမယ် ထင်ပါတယ်။

၂၀၀၃ မေလမှာ မြန်မာပြည်အနှံ့ကို စည်းရုံးရေးခရီးစဉ်တွေ ထွက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဒီပဲယင်းမှာ စစ်အစိုးရ ကျောထောက်နောက်ခံပေးနေတဲ့ အကြမ်းဖက်သမားတွေက လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားလိုက်တယ်။ မြန်မာပြည်သူတွေအားလုံးကော၊ နိုင်ငံတကာက လူထုတရပ်လုံး အကြီးအကျယ် တုန်လှုပ်ခြောက်ခြားသွားကြတယ်။ ပြည်တွင်းမှာ သတင်းမှောင်ချထားပြီး အကြီးအကျယ်ဖိနှိပ်ချုပ်ချယ်ထားလို့ သတင်းတွေ ဖြစ်ရပ်မှန်တွေကို လူတွေက မသိကြရဘူး။ ပြည်ပမှာလည်း အခုလိုလုပ်ကြံမှုကြီးကို ဖော်ထုတ်အရေးယူနိုင်ဖို့လည်း ဖြစ်မလာခဲ့ဘူး။ အများက မျှော်လင့်နေတဲ့ အင်န်အယ်ဒီပါတီခေါင်းဆောင်တွေဆီကလည်း ပွင့်လင်းတဲ့ ထုတ်ဖော်ပြောဆိုမှုတွေ မရခဲ့ကြဘူးလို့ ထင်ပါတယ်။ အဲသည်နောက်ပိုင်းမှာ ဘာဖြစ်လာသလဲ။
၂၀၀၄ ခုနှစ်မှာ အမျိုးသားညီလာခံ ပြန်တက်ဖို့ကို စစ်အစိုးရနဲ့ အင်န်အယ်ဒီကြားထဲမှာ ပြန်ညှိကြတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် သဘောတူတယ်။ အဲသည်တော့ ဗိုလ်ခင်ညွန့်နဲ့ ညှိနှိုင်းတာမှာ အောင်မြင်သွားတယ်။ အင်န်အယ်ဒီဖက်က လူရွေးပြီးသွားပြီလို့ သိရတယ်။ သို့သော် ဗိုလ်သန်းရွှေက အဲဒီကောင်တွေ မမြင်ချင်ဘူးကွာလို့ ပြောလိုက်တာ။ အဲသည်မှာ အောက်ကလူတွေက အင်န်အယ်ဒီမလာပါနဲ့လို့ ပြောရတော့တာပဲ။ သိပ်မကြာပါဘူး။ ဗိုလ်ခင်ညွန့်လည်း ရာထူးက ဖယ်ရှားခံရတော့တာပဲ။
အမျိုးသားညီလာခံကို တက်ဖို့ ညှိတဲ့နေရာမှာ အင်န်အယ်ဒီက အထုတ်ခံထားရတဲ့ အမတ်တွေကို ပါ လိုက်လံညှိနှိုင်းခဲ့တာ ဖြစ်တယ်လို့ သိရတယ်။ အင်န်အယ်ဒီက အထုတ်ခံထားရတဲ့ အမတ်ပဲ ဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် အမတ်တွေဆိုတာက လူထုက ရွေးကောက်တင်မြှောက်ထားတဲ့ အမတ်တွေဖြစ်တယ်ဆိုတဲ့ ခံယူချက်နဲ့ အမတ်တွေကိုယ်တိုင်ကလည်း အလေးအနက်ထားကြတယ်လို့ သိရတယ်။ သို့သော်လည်း အမတ်တွေကလည်း တညီတညွတ်တည်းပဲ ပါတီက ကိုယ်စားလှယ်အဖြစ် ရွေးပေးလို့ အမျိုးသားညီလာခံကို တက်ကြရတာမျိုး လိုလားတယ်လို့ တောင်းဆိုခဲ့ကြတယ်လို့ ဆိုတယ်။ အဲသည်လိုမျိုး နိုင်ငံရေးအခြေအနေတရပ် ဖြစ်ပေါ်လာမယ်လို့ ဖြစ်လာစဉ်မှာပဲ ဗိုလ်သန်းရွှေက ဒီကောင်တွေ မမြင်ချင်ဘူးလို့ ပြောလိုက်တာမှာ ပျက်ပြယ်သွားတာပဲ။

အဲသည်နောက်ပိုင်းမှာ စစ်ခေါင်းဆောင်တွေရဲ့ မတရားဖိနှိပ်မှုတွေ၊ အကြမ်းဖက်မှုတွေကို မျက်ဝါးထင်ထင်မြင်လိုက်ရတဲ့ လူကြီးတွေ၊ လူငယ်တွေရဲ့ နိုင်ငံရေး နိုးကြားမှုက ပြန်လည် ပေါ်ပေါက်လာတယ်လို့ ထင်ပါတယ်။ အဲသည်မှာ လူထုတွေရဲ့ စိတ်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းချုပ်ထားချိန်မှာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ တယောက်တလက် နိုင်ငံရေးအလုပ်တွေ၊ လူမှုရေးအလုပ်တွေ လုပ်ကြဖို့ စိတ်တွေ ဖြစ်လာတယ်။ အဲသည်ကို ဦးတည်လာကြတယ်လို့ မြင်မိတယ်။ ဘယ်လို ပြောချင်သလဲ။

ဒေါ်စုမပါဘဲနဲ့ နိုင်ငံရေးလုပ်ရမယ်၊ အပြောင်းအလဲတွေ လုပ်ရမယ်ဆိုတဲ့ အင်အားစုတွေ၊ အတွေးအမြင်တွေကတော့ လူတစုမှာ၊ လူတချို့မှာ ရှိနေတယ်လို့ ပြောချင်ပါတယ်။ သူတို့တတွေက ပြည်တွင်းမှာကော၊ ပြည်ပမှာပါ ဒီအတွေးအမြင်ကို သွေးတိုးစမ်းတယ်။ ထုတ်ဖော်ပြောဆိုတယ်။ လူထု အများစုကြီးက ဒေါ်စုမပါဘဲနဲ့ လုပ်ကြမယ်ဆိုတဲ့ နိုင်ငံရေးအတွေးအမြင် မရှိဘူးလို့ ဆိုရမယ်။ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ခံထားရချိန်မှာ၊ သူတို့ကို တိုက်ရိုက်ဦးဆောင်မှု မပေးနိုင်ချိန်မှာ လူကြီး လူငယ် နိုင်ငံရေးလှုပ်ရှားသူတွေက၊ တက်ကြွလာသူတွေကိုယ်တိုင်က ကိုယ့်နည်းကိုယ့်ဟန်နဲ့ တယောက်တလက်နိုင်ငံရေး ဆိုလို့ ပြောနိုင်တဲ့ လှုပ်ရှားမှုတွေ လုပ်လာကြတယ်လို့ ပြောလို့ ရမယ် ထင်ပါတယ်။

၂၀၀၄ နဲ့ ၂၀၀၅ နောက်ပိုင်းမှာ ၈၈ မျိုးဆက်ကျောင်းသားလူငယ်တွေ အကျဉ်းထောင်တွေကနေ လွတ်မြောက်လာတယ်။ သူတို့တတွေက ၈၈ မျိုးဆက်ကျောင်းသားများဆိုတဲ့ အစုအဖွဲ့နဲ့ လှုပ်ရှားတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တွေ့ဆုံဆွေးနွေး အဖြေရှာရေးတွေကို တောင်းဆိုတယ်။ နောက်တော့ လှုပ်ရှားမှုတွေဟာ အင်န်အယ်ဒီပါတီက လူငယ်တွေနဲ့ လက်တွဲပြီး လှုပ်ရှားမှုတွေ ဖြစ်လာတယ် လို့ မြင်ပါတယ်။ အဲသည်လိုမျိုး စုဖွဲ့မှုတွေဟာ စစ်အစိုးရရဲ့ သဘောထား တင်းမာမှု၊ ရန်လိုမှုတွေနဲ့ပဲ ရင်ဆိုင်ရတယ်လို့ ထင်ပါတယ်။ ဥပမာ အာဇာနည်နေ့ အလေးပြုဖို့ သွားရောက်တဲ့ကိစ္စတွေမှာ ကြံ့ဖွံ့တွေ စွမ်းအားရှင်တွေက တားမြစ်တာတွေ၊ စသည်ဖြင့် …

ဟုတ်ပါတယ်။ အဲသည်တုန်းက အမှတ်ရတာလေး တခုပြောရရင်၊ ၈၈ မျိုးဆက်ကျောင်းသားလူငယ်တွေကို အတိုက်အခံနိုင်ငံရေးထက် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် စေ့စပ်ဆွေးနွေးပေးနိုင်တဲ့ အင်အားစုအဖြစ် ရပ်တည်ပေးကြပါလားလို့ အကြံဥဏ်ပေးကြတာမျိုးတွေ ကြားရတယ်။ စစ်အုပ်စုနဲ့ ရွေးကောက်ပွဲ အနိုင်ရထားတဲ့ ဒေါ်စုဦးဆောင်တဲ့ နို်င်ငံရေး အင်အားစုတွေ ကြားထဲမှာပေါ့နော်။ ဒါပေမယ့် ၈၈ မျိုးဆက် ကျောင်းသားတွေကိုယ်တိုင်လည်း ၂၀၀၇ သြဂုတ်လ လောင်စာဆီအရေးအခင်းမှာ နိုင်ငံရေးလှုပ်ရှားမှုထဲကို ၀င်ရောက်လာကြတော့တာပဲ။
အဲသည်မှာ နောက်ထပ် အမှတ်ရတာတခုပြောရရင် ၁၉၈၉ မှာ မင်းကိုနိုင်တို့ အင်းစိန်ထောင်ထဲမှာ ရှိနေတုန်းက ၈၈မျိုးဆက် ကျောင်းသားတွေအနေနဲ့က ဒေါ်အောင်ဆန်းစုကြည်ကို ဒီမိုကရေစီအရေးတော်ပုံရဲ့ ရဲဘော်တွေ၊ လုပ်ဖော်ကိုင်ဖက်တွေလို သဘောထားတယ်လို့ ပြောခဲ့ဖူးတယ်။ ဒါပေမယ့် အခု ၁၀ စုနှစ် အကျော်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို အမျိုးသားခေါင်းဆောင်တဦးအဖြစ် သူတို့ ၈၈မျိုးဆက်တွေက သဘောထားလိုက်ကြတယ်။ အင်န်အယ်ဒီလူငယ်တွေနဲ့ အတူ လက်ချင်းချိတ်ပြီး ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံပါတဲ့ တီရှပ်တွေနဲ့ ၈၈ မျိုးဆက်ကျောင်းသားလူငယ်တွေက စစ်အစိုးရကို ရင်ဆိုင်နေရတာကို တွေ့ကြရတယ် လို့ ပြောချင်ပါတယ်။
နောက် အမှတ်ရတာတွေ ပြောရရင် ခုနင်ကပြောတဲ့ တယောက်တလက်နိုင်ငံရေး လှုပ်ရှားမှုတွေထဲမှာ ဖြူဖြူသင်းတို့က အေအိုင်ဒီအက်စ်၊ အိပ်ခ်ျအိုင်ဗီ လူနာတွေ စောင့်ရှောက်မှု၊ မစုစုနွေးတို့ရဲ့ အဓမ္မလုပ်အားပေးအမှုတွေကို ထုတ်ဖော်တွန်းလှန်မှုတွေ၊ မသန်းမြင့်အောင်တို့ စာပေအနုပညာရှင်တွေရဲ့ လူမှုရေးလုပ်ငန်းတွေ၊  တကိုယ်တော် ဆန္ဒပြတဲ့သူတွေ၊ ရှေ့နေကြီးတွေဖြစ်တဲ့ ဦးအေးမြင့်၊ ဦးမြင့်အေးတို့က လူ့အခွင့်အရေးဆိုင်ရာ အမှုအခင်းတွေ ရင်ဆိုင် ထုတ်ဖော်လာတာတွေ ရှိလာတယ်။ မီဒီယာတွေမှာ အထူးသဖြင့် ပြည်ပရေဒီယိုတွေမှာ ပြည်တွင်းကနေပြီး အစိုးရကို ပြန်ဝေဖန်တဲ့သူတွေ ရှိလာတယ်။ လူထုဒေါ်အမာတို့လို လူထုဦးစိန်ဝင်းတို့ကိုယ်တိုင်က မြန်မာပြည်အရေးကို ပြောဆိုမှုတွေ အများကြီးပဲ။ နောက်တော့ ကိုဇာဂနာက စစ်အစိုးရကို ဝေဖန်လို့ဆိုပြီး အပိတ်ခံရတယ်။ ဒါတွေဟာ တယောက်တလက်နိုင်ငံရေးလှုပ်ရှားမှုတွေ လို့ ပြောရမယ် ထင်တယ်။ အော် နောက်ပြီးတော့ ကိုကျော်သူတို့ရဲ့ နာရေးကူညီမှုအသင်း လှုပ်ရှားမှုတွေလည်း လူငယ်တွေက စိတ်ဝင်စားကြတယ်ဗျ။

ဟုတ်ကဲ့ပါဆရာ။ နောက်တခု ထပ်ပြောချင်တာက အင်တာနက်ဆက်သွယ်ရေးက မွေးဖွားလိုက်တဲ့ လှိုင်းသစ်ပေါ့နော်။ ဘလော့ဂ်တွေ၊ ဇော်ဂျီဖောင့်နဲ့ အင်တာနက်မှာ တိုက်ရိုက် မြန်မာလို ရေးသားလာကြတာတွေက အစပျိုးနေပြီလေ။ ၂၀၀၇ မတိုင်ခင်ကတည်းက လူငယ်တွေကိုယ်တိုင်က သူုတို့ ခံစားချက်တွေ အတွေးအမြင်တွေကို လွတ်လပ်စွာ ဖော်ထုတ် တင်ပြတာတွေ၊ ဆွေးနွေး ငြင်းခုံကြတာတွေ ရှိလာနေပြီလို့ ပြောလို့ ရမယ် ထင်တယ် ဆရာ။

ဟုတ်တယ်။ ခင်ဗျားတို့ ၂၀၀၇ မှာ ရွှေဝါရောင် တော်လှန်ရေးဖြစ်လာတာကို ခင်ဗျားတို့ မျှော်လင့်ထားသလား။ ဆူးလေးဘုရားလမ်းမကြီးမှာ သံဃာတော်တွေက မေတ္တာသုတ်တွေ ရွတ်ဆိုပြီး ကြွချီလာကြတယ်။ မျိုးဆက်သစ်လူငယ်တွေက ဘေးကနေ လက်တွေ စီတန်း ချိတ်လို့ လိုက်ပါလာတာဗျာ။ ကျနော်တို့မှာ ကြက်သီးတွေ တဖြန်းဖြန်းထတယ်။ ရင်ထဲမှာ တုန်လိုက်တာလေ။ မြန်မာပြည်ကြီးအတွက် ငြိမ်းချမ်းစွာနဲ့ အသွင်ကူးပြောင်းမယ်၊ အမျိုးသားပြန်လည် ရင်ကြားစေ့မယ်၊ ညီညွတ်ကြတော့မယ် ဆိုတဲ့ မျှော်လင့်ချက်တွေ အရမ်းကို မြင့်မားလာခဲ့တယ်လေ။
ဒါပေမယ့် ကျနော်တို့ မျက်စိရှေ့မှာ ဂျပန်သတင်းထောက် ကို စစ်အုပ်စုက ပစ်သတ်လိုက်တယ်။ သတင်းတွေကလည်း ဘယ်လောက်မြန်သလဲဆိုရင် ကျနော်တို့က ရန်ကုန်မှာ မျက်ဝါးထင်ထင် တွေ့နေရသလိုမျိုး အင်တာနက်မှာ သတင်းတွေ တက်နေပြီ။ မြန်မာပြည်အနှံ့ကလူတွေက အယ်ဂျာဇီးရားက သတင်းတွေကို ကြည့်နေရပြီ။
ဒါပေမယ့် စစ်အုပ်စုက ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်ဒီပါတီကို ချေမှုန်းခဲ့သလိုမျိုးပဲ၊ အခုပေါ်ထွက်လာတဲ့ ရွှေဝါရောင်တော်လှန်ရေးက အင်အားစုတွေ၊ လှုပ်ရှားမှုတွေကို ချေမှုန်းခဲ့တာ ဖြစ်တယ် လို့ ပြောချင်ပါတယ်။ ပြောချင်တာ တခုက တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို တောင်းဆိုနေတာတွေက တိုင်းပြည်ကို ပျက်စီးစေတဲ့ ဆူးညှောင့်ခလုပ်တွေမို့လို့ စစ်အုပ်စုက ဖယ်ရှားပစ်လိုက်တာလားလို့ မေးချင်စရာဖြစ်လာတယ်။

တကယ်တမ်းကတော့ ဆရာရယ်၊ ကျနော်တို့မြင်တာကတော့ ၈၈ မျိုးဆက်ကျောင်းသားတွေကို အဲသည်တုန်းက စစ်အုပ်စုက သြဂုတ်လ လောင်စာဆီအရေးအခင်းမှာ ဖမ်းတယ်။ စုစုနွေးတို့၊ ကိုထင်ကျော်တို့လူတွေကို ဖမ်းတယ်။ စက်တင်ဘာ ရွှေဝါရောင်မှာ ဘုန်းကြီးကျောင်းတွေကို စီး၊ သံဃာတွေကို နှင်ထုတ်၊ ရွှေဝါရောင်အရေးအခင်းကြောင့် လူတွေ၊ သံဃာတွေဟာ တိုင်းတပါးအထိ ထွက်ပြေးကြရတယ်။ ကိုကျော်သူတို့၊ ဖြူဖြူသင်းတို့၊ သန်းမြင့်အောင်တို့ကို ရန်ရှာတယ်။ ပိတ်ဆို့တယ်။ ကိုဇာဂနာကို တွေ့ဆုံဆွေးနွေးတယ် ဆိုပြီး ခေါ်ယူ ထိန်းသိမ်းလိုက်တယ်။ ဖမ်းဆီးထားတဲ့ ကျောင်းသားတွေ၊ လူငယ်တွေ၊ ဘုန်းကြီးတွေကို ၂၀၀၈ မှာ ထောင်ဒဏ် နှစ် ရှည်တွေ ချတယ်။ ဒါတွေကို ပြောမယ်ဆိုရင် ဆုံးမယ် မထင်ပါဘူး။ ဒါပေမယ့် အဲသည်မှာ တယောက်တလက် နိုင်ငံရေးက တကယ်တန်းမှာ ဘယ်ကိုပဲ လမ်းကို ဦးတည်သလဲ။ ဒေါ်အောင်ဆန်းစုကြည်ဆီကိုပဲ အားလုံးရဲ့ အာရုံက ပြန်ရောက်သွားတယ် မဟုတ်လား ဆရာ။ နိုင်ငံရဲ့ အဖြေဟာ နိုင်ငံရေးအကြပ်အတည်းရဲ့ ထွက်ပေါက်က ဒေါ်အောင်ဆန်းစုကြည် ပတ်သက်မှုကိုပဲ ပြန်ဦးတည်တယ် မဟုတ်လား။

၂၀၀၇ မျိုးဆက်တွေကို အမှတ်ရတာ ပြောရရင် သူတို့ဟာ အသက် ၂၀ နဲ့ ၃၀ ကြား ကလေးတွေ၊ လူငယ်လေးတွေ ဖြစ်တယ်။ ၈၈ အရေးအခင်းတုန်းက သူတို့က မွေးခါစ၊ သို့မဟုတ် ငယ်ငယ်ပဲ ရှိဦးမယ်။ သူတို့မျိုးဆက်က သံဃာ့အရေးအခင်းမှာ ပထမဦးဆုံး သံဃာတွေကို လက်ဆင့်ကမ်းချိတ်ပြီး ချီတက်လာတယ်။ ဒါဟာ စစ်အစိုးရကို သူတို့အနေနဲ့ ပထမဦးဆုံး ဆန့်ကျင်ကန့်ကွက်တဲ့ အတွေ့အကြုံပဲ။ ဒါပေမယ့် သူတို့ ဘာဆက်လုပ်ရမှန်းမသိဘူး။ ဘာဆက်လုပ်ကြမှာလဲ ဆိုတဲ့ မေးခွန်းက အချင်းချင်းကြားမှာ မေးကြတယ်။ ပြည်ပက အဆက်အသွယ်တွေကိုလည်း မေးမြန်းကြတယ်။ သူတို့အသိုင်းအ၀ိုင်းမှာ တကယ်တန်းကျတော့ ဒီကနေ ဘယ်ဆက်လုပ်ရမယ် ဆိုတာက အဖြေမရှိဘူး။
အဲသည်မှာ အင်န်အယ်ဒီပါတီကိုယ်တိုင်ကလည်း ဘာမှ ပတ်သက်လာတာမျိုး မရှိဘူးလေ။ ဒီတော့ နောက်ဆုံးမှာ ချီတက်ကြရင်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ကျခံနေရတဲ့ အိမ်ကို သံဃာတော်တွေ၊ လူငယ်တွေ ရောက်သွားတယ်။ အဲဒါဟာ ရွှေဝါရောင်အရေးတော်ပုံရဲ့ ထွက်ပေါက်ဆိုတာရဲ့ နမိတ်ပုံပဲ လို့ ပြောကြရမယ်။
ဒီလိုနဲ့ မြန်မာပြည်ရဲ့ နိုင်ငံရေးအကြပ်အတည်းဟာ နိုင်ငံတကာအလယ်မှာ ဖြေရှင်းရဖို့ ဖြစ်လာတော့ ပြည်သူတွေ ကိုယ်တိုင်က၊ ဒေါ်အောင်ဆန်းစုကြည်ဆီကို သံဃာတော်တွေနဲ့ ရွှေဝါရောင်တုန်းက ချီတက်ခဲ့သလိုမျိုး၊ နိုင်ငံတကာက ဒီအရေးအခင်းမှာ စစ်အုပ်စုနဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာဖို့က ဒေါ်အောင်ဆန်းစုကြည်ကိုပဲ ဦးတည်ခဲ့တာကို တွေ့ရပါတယ်။ စစ်အုပ်စုက ဗိုလ်အောင်ကြည်ကို ဆက်ဆံရေးဝန်ကြီးခန့်တယ်။ ကုလသမဂ္ဂကိုယ်စားလှယ်တွေနဲ့ ပေးတွေ့တယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတင်းစကားကို နိုင်ငံတကာကို ထပ်ဆင့် ဖြန့်ချိတယ်။ ဒါပေမယ့် စစ်အုပ်စုရဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့က ဒေါ်စုက မြန်မာပြည်အရေးကို ဖြေရှင်းဖို့ တိုင်းရင်းသားတွေကို ကိုယ်စားမပြုဘူးလို့ ထုတ်ဖော်ပြောဆိုတာတွေ ရှိလာတယ်လေ။
ဒါပေမယ့် ဒေါ်စုဟာ ပြည်သူလူထုအတွက် တိုင်းပြည်အတွက် အဖြေရှာနိုင်ဖို့ လိုအပ်ချက်ဖြစ်တယ်။ ဆူးညှောင့်ခလုတ်မဟုတ်ဘူးဆိုတာ အဲသည်မှာ ပေါ်လွင်လာတယ်လို့ ပြောချင်ပါတယ်။
            ကဲ … ဒီမှာ ခဏ နားကြပါစို့ဗျာ။ ကျနော်တို့ ရန်ကုန်မှာက ဖုံးတွေကို အကြာကြီး ဒါမျိုး ပြောလို့ သိပ်ကောင်းတာ မဟုတ်ဘူး။

Comments