အကျဉ်းသားများကို ကူညီသူ သခင်အုန်းမြင့် ကွယ်လွန်
မိုးမခအထောက်တော် အမှတ် ၀၀၂
စက်တင်ဘာ ၁၇၊ ၂၀၁၀
စက်တင်ဘာ ၁၇၊ ၂၀၁၀
သခင်အုန်းမြင့် ယနေ့နံနက် ၄ နာရီခွဲတွင် ကွယ်လွန်သွားသည်ဟု ရန်ကုန်မှ လာသော သတင်းများအရ သိရသည်။ ကွယ်လွန်ချိန်တွင် အသက် ၉၂ နှစ် ရှိပြီ ဖြစ်သည်။
သခင်အုန်းမြင့်သည် မြန်မာ့စာနယ်ဇင်းလောက၊ နိုင်ငံရေးလောကတွင် ထင်ရှားသူတဦး ဖြစ်သည်။
ကိုလိုနီခေတ် မြန်မာ့လွတ်လပ်ရေး တိုက်ပွဲတွင် ပါဝင်ခဲ့သည့် အတွက် ဗိုလ်ချုပ်အောင်ဆန်းနှင့် နီးစပ်သူ တဦးဖြစ်သည်။ ၁၉၈၈ နောက်ပိုင်း ဒီမိုကရေစီအရေး လှုပ်ရှားမှုတွင်လည်း ပါဝင်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်၏ လုပ်ဖော်ကိုင်ဘက် တဦး ဖြစ်ခဲ့သည်။ စစ်အစိုးရ အဆက်ဆက်က သူ့ကို အကြိမ်ကြိမ် ဖမ်းဆီး ထိန်းသိမ်းခဲ့သည်။
၁၉၉၈ ခုနှစ်က ကျောင်းသားလှုပ်ရှားမှုသမိုင်း မှတ်တမ်းတင်သူ တဦးကို ကူညီမှုဖြင့် နောက်ဆုံးအကြိမ် အထိန်းခံခဲ့ရသည်။ ထိုအချိန်က အသက် ၈၀ အရွယ် ရှိပြီ ဖြစ်သော သခင်အုန်းမြင့်သည် ထောင် ၇ နှစ် ချမှတ်ခံရသည်။
လက်ရှိ စစ်အစိုးရ လက်ထက် မြန်မာပြည် ထောင်များတွင် နိုင်ငံရေး အကျဉ်းသား ၂ ထောင်ဝန်းကျင် အစဉ်အမြဲ ရှိနေရာ ထိုသို့ အကျဉ်းကျနေသူများ၊ ၎င်းတို့၏ မိသားစုများကို အားပေး ကူညီသူများကြားတွင် သခင်အုန်းမြင့်က အထင်ရှားဆုံး ဖြစ်သည်။
NLD ၏ လူမှု အထောက်အကူပြု အဖွဲ့တွင် ဒုတိယဥက္ကဋ္ဌ တာဝန် ယူခဲ့ပြီး အကျဉ်းကျနေသော၊ ပြန်လည် လွတ်မြောက်လာသော နိုင်ငံရေးသမားများကို နှစ်ပေါင်း များစွာ ကူညီခဲ့သည်။
ကြွင်းကျန်သော ရုပ်ကလာပ်ကို တနင်္ဂနွေနေ့တွင် သင်္ဂြိုဟ်မည်ဟု သိရသည်။

Comments