19th July - Burmese Martyrs Day and The Day of Disobedience

၁၉ ဇူလိုင် သည် အာဇာနည်နေ့ ပြီးတော့ …
ဗမာပြည်ရဲ့ စစ်အာဏာဖီဆန်ရေးနေ့ နှစ်ပတ်လည်
မောင်ရစ်
ဇူလိုင် ၁၈၊ ၂၀၁၀
၁၉၈၉ မှာ အင်န်အယ်ဒီပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့က “မတရားတဲ့ အမိန့်အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြ” လို့ ကြွေးကြော် ရပ်တည်ခဲ့တယ်။ အဲသည်လှုပ်ရှားမှုမှာ တတိုင်းပြည်လုံးက ကျောင်းသားလူငယ်တွေ မိဘပြည်သူတွေ ၀ိုင်းဝန်းခဲ့ကြတယ်။ စစ်အစိုးရဟာ “မတရားတဲ့ စစ်အာဏာတွေ” ကို အပြည့်အ၀သုံးစွဲပြီးတော့ ၁၉၈၉ ဇူလိုင် ၁၉ အာဇာနည်နေ့ မတိုင်ခင်မှာ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးနဲ့တကွ အင်န်အယ်ဒီပါတီဝင်တွေကို ဖမ်းဆီးထိန်းသိမ်းခဲ့တယ်။
          ၁၉၈၉ ဇူလိုင် ၁၉ မှာ စစ်အာဏာကို ဖီဆန်ပြီးတော့ လမ်းမတွေပေါ်မှာ စီတန်းလမ်းလျောက်ပြီး အာဇာနည်ကုန်းဆီကို အလေးပြုဖို့ ချီတက်လာတဲ့ ကျောင်းသားလူငယ်တွေကို စစ်အာဏာရှင်တွေက စစ်အင်အားတွေ သုံးပြီး ရက်ရက်စက်စက် ရိုက်နှက် ချေမှုန်းခဲ့တယ်။ ဖမ်းဆီး ထောင်ချခဲ့တယ်။
အဲသည်အချိန်ကတည်းက စတင်ပြီး ၁၉ ဇူလိုင်ဟာ ဗိုလ်ချုပ်အောင်ဆန်းတဲ့တကွ အမျိုးသားခေါင်းဆောင်ကြီးတွေ ကျဆုံးခဲ့တဲ့ အာဇာနည်နေ့ကြီး တနေ့အဖြစ်တင်သာမက လူထု လူတန်းစားပေါင်းစုံ၊ ကျောင်းသားလူငယ်တွေ၊ ပါတီဝင်တွေ၊ အတိုက်အခံခေါင်းဆောင်တွေ အားလုံးရဲ့ အထင်ကရ စစ်အာဏာရှင် ဆန့်ကျင်ရေးနေ့၊ စစ်အာဏာဖီဆန်ရေးနေ့ကြီးတခုအဖြစ် မော်ကွန်းဝင်ခဲ့တော့တာပဲ ဖြစ်ပါတယ်။
ဒါကြောင့် စစ်အစိုးရနဲ့ အာဏာရှင်တွေ ဖုံးကွယ် ကန့်သတ် အမှောင်ချလိုတဲ့ အာဇာနည်နေ့ ရောက်တိုင်း ရောက်တိုင်း မြန်မာပြည်အနှံက ပြည်သူလူထုဟာ ရ ရာ ရောက်ရာ နေရာ ဒေသ ဌာန အသီးသီးကနေ သောင်းသောင်းဖျဖျ လက်တွဲညီညာ ထကြွပြီးတော့ အာဇာနည်နေ့ကို အထိမ်းအမှတ်ပြုကြတယ်။ အလေးပြုကြတယ်၊ အာဇာနည်ကြီးတွေနဲ့ ဒီမိုကရေစီရေးနဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် ကျဆုံးသူ၊ စွန့်လွှတ် အနစ်နာခံသူ အညတရ အာဇာနည်များအတွက် ရဲရဲဝံ၀ံ ရပ်တည်ပြီး စစ်အာဏာပိုင်တွေကို ဖီဆန်မှုတွေကို ထုတ်ဖော်ပြသကြတာ ဖြစ်ပါတယ်။
၈၉ ကနေပြီး လက်ဆင့်ကမ်းလိုက်တဲ့ စစ်အာဏာဖီဆန်ရေး မီးရှူးတန်ဆောင်ဟာ ယခုအချိန်အထိ နှစ်စဉ် နှစ်တိုင် မျိုးဆက်သစ်တွေ အဆက်ဆက် လက်ဆင့်ကမ်းပြီး သယ်ဆောင် ချီတက်နေဆဲ ဖြစ်ပါတယ်။
ယခု ပြန်လည်ကောက်နုတ်ပြမှာကတော့ - ၂၀၀၈ က ရေးခဲ့တဲ့ ၈ လေးလုံး အနှစ် ၂၀ ဆောင်းပါးတခု ဖြစ်တဲ့ - ၈၈ အနှစ် ၂၀ (အခန်းဆက်များ) ၁၉၈၉ ဇူလိုင် ၁၉ … တခုသော အာဇာနည်နေ့ (မတရားတဲ့ အမိန့်အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြ) ဆောင်းပါးက ပြန်လည် ဖော်ပြတာ ဖြစ်ပါတယ်။
ဖတ်ကြည့်ပါဦး -
၁၉၈၉ အာဇာနည်နေ့ အခမ်းအနားဖြင့် လူထု ချီတက်ပွဲဆီသို့
ကျောင်းသားလူငယ်တွေကတော့ ၁၉၈၉ ဇူလိုင် ၁၉ ကို ပစ်မှတ်ထားပြီး အာဏာဖီဆန်ရေးတိုက်ပွဲကို စစ်တပ်နဲ့ ထိပ်တိုက်ရင်ဆိုင်ပြီး ဆင်နွဲမယ်လို့ သန္နိဋ္ဌာန်ချထားတဲ့အတိုင်း ပြင်ဆင်နေကြတော့တာပါပဲ။ ဗကသ အဖွဲ့ချုပ်က ကိုကိုကြီးတို့ ဦးဆောင်တဲ့ ကျောင်းသားလူငယ်တွေက မြို့ပြင် လမ်းကြောင်းတခု။ ဂျွိုင့်အက်ရှင်ကော်မီတီ - ဂျေအေစီ လို့ခေါ်တဲ့ သီးခြားသမဂ္ဂတွေ၊ လူငယ်တပ်ပေါင်းစုတွေပါတဲ့ အစုအဖွဲ့တခုက မြို့ထဲက လမ်းကြောင်းတခုနဲ့ အာဇာနည်ကုန်းကို ချီတက်ကြမယ်လို့ ပြင်ဆင်နေကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်အယ်ဒီပါတီကတော့ ရွှေဂုံတိုင်ကနေ ပါတီရုံးချုပ်ရှိရာ တက္ကသိုလ်ရိပ်သာလမ်းကနေ ချီတက်လာမယ်လို့ စဉ်းစားခဲ့ကြပုံ ရပါတယ်။
စစ်တပ်က အမိန့်ထုတ်ပြန်ထားတဲ့အတိုင်း ၅ ယောက်ထက် ပိုပြီး လူ မစုပါဘူး။ ဒါပေမယ့် လူတွေကို ၃ ယောက်၊ ၄ ယောက် တတန်း တန်းစီပြီး အင်အားကို ရာ ထောင်ချီတဲ့အထိ ချီတက်ကြမှာပါ။ ချီတက်သူများက လမ်းခရီးမှာ ကြွေးကြော်သံတွေ အော်ဟစ်တာ၊ ဆိုင်းဘုတ်တွေ ကိုင်ဆောင်တာ မလုပ်ပါဘူး။ အသံတိတ် စုဝေးချီတက်ပွဲ တခု ဆင်နွဲမှာ ဖြစ်ပါတယ်။ ခေါင်းဆောင်များက တားဆီးလာတဲ့ လုံခြုံရေးတွေ စစ်သားတွေကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်ပြီး ဖြေရှင်းမှာ ဖြစ်ပါတယ်။ မဆူ မပူဘဲ အာဇာနည်ခေါင်းဆောင်ကြီးများကို အလေးပြုဖို့ လာတဲ့ ကျောင်းသား လူငယ်တွေကို ဘာအမှုနဲ့ ဖမ်းမှာတဲ့လဲ။
ဖမ်းရင်လည်း အဖမ်းခံကြဖို့ ပြင်ဆင်ထားပြီး ဖြစ်ပါတယ်။ တယောက်ဖမ်းရင် သူနဲ့အတူ လိုက်အဖမ်းခံကြဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ စစ်တပ်က အဲဒီတုန်းက လူစုလူဝေးတွေကို ဖြိုခွဲဖို့အတွက် စစ်ကားပေါ်က ခုန်ဆင်း၊ ညာသံပေးပြီး တုတ်တွေနဲ့ လိုက်ရိုက်၊ အလဲလဲ အပြိုပြိုနဲ့ ပြည်သူတွေကို စစ်ကားတွေအပေါ် တိရစ္ဆာန်တွေလို ပစ်တင်ပြီး အကြမ်းဖက်တဲ့ လုပ်ရပ်ကို ထိပ်တိုက်ရင်ဆိုင်ဖို့အတွက် "အားလုံး မပြေးဘူး၊ အရိုက်ခံမယ်။ ငါတို့တွေရဲ့ သတ္တိကို အသေခံပြီး ပြကြမယ်" လို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
စတုတ္ထအကြိမ်နဲ့ နောက်ဆုံးအကြိမ် အာဏာဖီဆန်တဲ့ လူထုစုဝေးချီတက်ပွဲ
အကြမ်းမဖက်၊ ငြိမ်းချမ်းတဲ့၊ ညီညွတ်စုစည်းတဲ့၊ အာဏာဖီဆန်မှု၊ ထိပ်တိုက်ရင်ဆိုင်မှုနဲ့ စစ်အစိုးရကို စိန်ခေါ်ကြမယ်လို့ ပြင်ဆင်ထားသမျှဟာ ဇူလိုင် ၁၈ မှာ ပျက်စီးမတတ်ဖြစ်ခဲ့ရပါတယ်။ စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးနဲ့ အဲင်န်အယ်ဒီ ခေါင်းဆောင်များ၊ အဖွဲ့ဝင်များကို ၀င်ရောက်ဖမ်းဆီး ချုပ်နှောင်လိုက်ခြင်းနဲ့ စစ်တပ်က တုန့်ပြန်လိုက်တာ ဖြစ်ပါတယ်။
အဲဒီတုန်းက သမဂ္ဂတွေ လူငယ်တပ်ဦးတွေက ၁၉၈၉ ဇူလိုင် ၁၉ ကို သူတို့ချည်းနဲ့ ရင်ဆိုင်ဖြတ်သန်းဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ အားလုံးနဲ့ တိုင်ပင်ထားတဲ့အတိုင်း ဆင်ခြေဖုံးဖက်က စစ်ကြောင်းတခု၊ မြို့ထဲက စစ်ကြောင်းတခုနဲ့ ချီတက်ဖို့ စုဝေးကြခဲ့ကြတယ်။
အဲဒီတုံးက အာဇာနည်နေ့ တနေ့ဟာဖြင့် အဲဒီတုန်းက ပါဝင်ဆင်နွဲခဲ့တဲ့ ၈၈ မျိုးဆက် ကျောင်းသား လူငယ်များအားလုံးအတွက် ၁၉၉၀ ရွေးကောက်ပွဲ မတိုင်ခင်အတွင်း နောက်ဆုံးအကြိမ် အင်အားကုန်ထုတ်သုံးပြီး ဆင်နွှဲခဲ့တဲ့ အာဏာဖီဆန်တဲ့ ဆန္ဒပြပွဲကြီးတခုအဖြစ် ကျန်ရစ်ခဲ့ပါတယ်။
မြို့ထဲက ချီတက်လာတဲ့ ဂျေအေစီ အစုအဖွဲ့က မနက်ကတည်းက လေဟာပြင်ဈေးနားက စုဝေးပြီး မင်းမနိုင်အရပ် ဦးဝိစာရလမ်းအတိုင်း အာဇာနည်ကုန်းကို ၂ ယောက်တတန်း ငြိမ်သက်စွာ ချီတက်ခဲ့ကြပါတယ်။ လူတန်းကြီးက ထောင်ချီမယ်လို့ ခန့်မှန်းခဲ့ကြပြီး သူတို့တွေ အသံတစက်မှ မထွက်ခဲ့ကြပါဘူး။ အချင်းချင်း လက်တို့ပြီး သတိပေးနေတာက စည်းကမ်းရှိဖို့၊ မပြေးဖို့၊ အဖမ်းခံဖို့၊ အရိုက်ခံဖို့နဲ့ တစုတစည်းတည်း ရင်ဆိုင်ကြဖို့ပဲ ဖြစ်ပါတယ်။ တာဝန်ခံတဲ့ ခေါင်းဆောင်တွေက အဆင့်ဆင့် သတင်းပို့ပြီး တားဆီးလာတဲ့ စစ်တပ်က အရာရှိတွေကို ငြိမ်းချမ်းစွာ ရင်ဆိုင်ဆွေးနွေးဖို့ကို ပြင်ဆင်ထားပါတယ်။
သွားဖက်ဆိုင်ရာ ဆေးတက္ကသိုလ်ရှေ့မှာ တကြိမ် အတားခံရပေမယ့် အဲဒီက စစ်ဗိုလ်က မဆူတဲ့ လူတန်းကြီးကို သွားခွင့်ပြုလိုက်ပါတယ်။ သို့ပေမယ့် တပ်မတော် ခမ်းမရှေ့နားမှာတော့ ထိုစဉ်က ရန်ကုန်တိုင်း တိုင်းမှူး မျိုးညွန့်ကိုယ်တိုင် စီးနင်းလာတဲ့ သံချပ်ကာ ကားများ၊ စစ်ကားများက ပိတ်ဆို့ပြီး လူစုခွဲတာကို သူတို့ ကြုံခဲ့ကြပါတယ်။
စစ်သားတွေက ညာသံပေးပြီး တုတ်တွေ ဝှေ့ရမ်းကာ လူအုပ်ထဲကို ပြေးဝင်လာခဲ့ကြပေမယ့် သူတို့တွေက တပ်ဦးမပျက်ခဲ့ကြဘူး။ ရောက်နေတဲ့နေရာမှာ သူတို့ရပ်ပြီးတော့ ရင်ဆိုင်ပါတယ်။ ရှေ့ဆက်သွားလို့မရတဲ့အခါ စည်းကမ်းတကျပဲ နောက်လှည့်ပြီး ပြန်ချီတက်ကြပါတယ်။ စစ်သားတွေက အတင်းတိုးဝင်လာကြလို့ စစ်သားတွေက ချီတက်သူတွေ ကြားထဲ ပြန့်ဝင်ပြီး ကျွံကုန်ကြလို့ ကစဥ့်ကလျားဖြစ်မယ့် ဆန္ဒပြသူတွေကို ရိုက်နှက်ဖမ်းဆီးမယ်ဆိုတဲ့ အခြေအနေ မရလို့ စစ်သားတွေ အံ့အားသင့်ကျန်ရစ်ခဲ့ကြပါတယ်။
အဲဒီ နေ့ အဲဒီအချိန်မှာ ပြသလိုက်နိုင်တဲ့ သက်သေ (အမြတ်) ကတော့ အာဏာဖီဆန်တဲ့ ထိပ်တိုင်ရင်ဆိုင်တဲ့ ငြိမ်းချမ်းစွာ တည်တည်ငြိမ်ငြိမ် တစုတစည်းထဲ လှုပ်ရှားမှုဆိုတာ လက်နက်ကိုင်ထားတဲ့ အာဏာရှင်တွေကို ခြိန်းခြောက်နိုင်တယ်။ ခြောက်ခြားအောင် လုပ်နိုင်တယ် ဆိုတာပါပဲ။ ရလိုက်တဲ့ သင်ခန်းစာကတော့ အဲဒီအချိန်မှာ နိုင်ငံရေးအရ ဦးဆောင်မှု ဆုံးဖြတ်မှု လုပ်ငန်းစဉ် ဆက်လက်ချမှတ်ပေးနိုင်မယ့် ဦးဆောင်သူများနဲ့ အဆက်ပြတ်တောက်ပြီး အားပျော့သွားခဲ့ကြရတာပါ။
ညဖက်မှာ စစ်အစိုးရ ရုပ်မြင်သံကြားကနေ ဆူပူလှုံ့ဆော်သူတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဥပဒေနှင့်အညီ အရေးယူဖမ်းဆီးခြင်း၊ ဖြိုခွဲလိုက်ကြောင်း ကြေငြာပါတယ်။ မြို့ထဲက ချီတက်တဲ့ လမ်းကြောင်းက ကျောင်းသားခေါင်းဆောင်တွေ၊ အစုအဖွဲ့တွေကို ချက်ခြင်း ဖမ်းဆီးခြင်း မခံခဲ့ရပေမယ့်၊ မြို့ပြင်လမ်းကြောင်းက ကိုကိုကြီးနဲ့ ကျောင်းသားခေါင်းဆောင်အချို့ကိုတော့ စစ်တပ်က ခေတ္တဖမ်းဆီးထိမ်းသိမ်းခဲ့ပါတယ်။
In 2007 July 19th Martyrs Day Event, Ko Ko Gyi, Min Ko Naing and Htay Kywe
၁၉၈၉ ဇူလိုင် ၁၉ နောက်ဆက်တွဲ
မြန်မာပြည်ရဲ့ အာဇာနည်နေ့တိုင်းဟာ စစ်အစိုးရကို အာဏာဖီဆန်တဲ့ အထိမ်းအမှတ်နေ့ အဖြစ် ကျောင်းသားလူငယ်တွေ၊ နိုင်ငံရေးပါတီဝင်တွေအတွက် စွဲမှတ်ပြီး ကျန်ရစ်တယ်လို့ ပြောချင်ပါတယ်။
အဲဒီနေ့ကို နှစ်စဉ် ဖြတ်သန်းကြတိုင်းမှာ
- စစ်အစိုးရ မတရားသိမ်းပိုက်ထားတဲ့ ပြည်သူ့အာဏာ ပြည်သူ့လက်ထဲ ပြန်ရောက်ဖို့၊
- စစ်အစိုးရ ဖျက်ဆီးဖျောက်ဖျက်ဖို့ ကြိုးစားနေတဲ့ လွတ်လပ်ရေးနဲ့ အမျိုးသားရေးခေါင်းဆောင်ကြီးတွေကို ပြည်သူတို့ ထာဝရ သတိရနေကြောင်း ပြသဖို့နဲ့
- အာဇာနည်ကြီးတွေရဲ့ အမွေ တပ်မတော်စစ်သည်တွေကို မတရားသိမ်းပိုက်ထားတဲ့ စစ်အာဏာရှင်တွေရဲ့လက်ထဲကနေ ပြည်သူတွေဆီ စည်းရုံးဖို့အတွက်
ရဲရင့်တဲ့ ပြည်သူလူထုကြီးက စစ်အစိုးရရဲ့ မတရားတဲ့ အမိန့်အာဏာတွေကို ဖီဆန်ပြီး မြန်မာ့ဒီမိုကရေစီရေးအာဇာနည်တွေ အင်အားပြကြတဲ့ မြင့်မြတ်တဲ့ နေ့တနေ့ပဲ ဖြစ်ပါတော့တယ်။

Comments