USDA Party recruiting members by force or by tricks

ရန်ကုန်မြို့တွင် ကြံ့ဖွံ့ပါတီဝင်စုဆောင်းရေး စတင်ပြီ
မိုးမခ အထောက်တော်၊ ရန်ကုန်
ဇွန် ၂၄၊ ၂၀၁၀
မကြာသေးမီက ပါတီအဖြစ် မှတ်ပုံတင်ခဲ့သည့် ကြံ့ဖွံ့ (ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေး ) ပါတီ၏ ပါတီဝင်သစ် စုဆောင်းသည့် လှုပ်ရှားမှုများ ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ရန်ကုန်မြို့၏ မြို့နယ်အချို့တွင် စတင်နေပြီဟု မြို့ခံများက ပြောဆိုသည်။
လွန်ခဲ့သည့် သီတင်းပတ်က မြောက်ဥက္ကလာနှင့် မြောက်ဒဂုံမြို့နယ်ရှိ ရပ်ကွက်များတွင် မြို့နယ် ကြံ့ဖွံ့ စည်းရုံးရေးမှူးများက ရ၀တ၊ ဆယ်အိမ်မှူးများ လိုက်ပါပြီး တအိမ်တက်ဆင်း ပါတီဝင်ရန် လိုက်လံ စည်းရုံးလျက်ရှိသည်ဟု အဆိုပါ မြို့နယ်များတွင် နေထိုင်သူများက ပြောဆိုသည်။
မြောက်ဥက္ကလာ မြို့နယ်တွင်နေထိုင်သူ ကျောင်းဆရာ တဦးက
“ပြီးခဲ့တဲ့ တစ်ပတ်က ကျွန်တော်တို့ လမ်းထဲကို ကြံ့ဖွံ့စည်းရုံးရေးမှူးတွေ လာပြီး ပါတီဝင်ဖို့ပြောတယ်။ ကျွန်တော်က ခင်ဗျားတို့ အိမ်ရှေ့က လမ်းကို နိုင်လွန်ကတ္တရာလမ်းဖြစ်အောင် ခင်းပေးမယ်လို့ အာမခံရင် ကျွန်တော်ဝင်မယ်လို့ စိမ်ခေါ်တော့ ၊ ဟာ အဲဒါတော့ အာမ မခံနိုင်ဘူးဗျာဆိုပြီး နောက်ဆုတ်သွားတယ်။ ကျွန်တော်က နကိုကတည်းက မ၀င်ချင်တာ၊ မဖြစ်နိုင်တဲ့ဟာနဲ့ စိမ်ခေါ်ကြည့်လိုက်တာ” ဟု ပြောသည်။
          အလားတူပင် မြောက်ဒဂုံမြို့နယ်တွင် နေထိုင်သူ တဦးကလည်း ပြီးခဲ့သည့် သီတင်းပတ် အတွင်းက သူတို့အိမ်သို့ ဆယ်အိမ်မှူး အပါအ၀င် မြို့နယ် ကြံ့ဖွံ့စည်းရုံးရေးမှူးများ ရောက်လာပြီး အိမ်ရှိ အရွယ်ရောက်သူများအား ကြံ့ဖွံ့ပါတီဝင်ရန် စည်းရုံးပြောဆိုခဲ့သည်ဟု ဆိုသည်။ အသက်အရွယ်ကြီးသူ အငြိမ်းစား ၀န်ထမ်းဖြစ်သူ အဖိုးအဖွားနှစ်ဦးစလုံးကို ကြံ့ဖွံ့ပါတီသို့ ၀င်ရန် ပြောဆိုပြီး ဓါတ်ပုံရိုက်ယူကာ ကိုယ်ရေး အချက်အလက်များ ကောက်ယူသွားခဲ့သည်ဟု ပြောဆိုသည်။
ကာယကံရှင်နှစ်ဦးက အသက်အရွယ်ကြီးရင့်သည်ကို အကြောင်းပြပြီး မ၀င်လိုဟု ငြင်းပယ်သော်လည်း ရာအိမ်မှူးနှင့် နယ်မြေမှူး တို့၏ မျက်နှာကို ကြည့်ပြီး ၀င်ရောက်လိုက်ရသည်ဟု ဆိုသည်။
မြို့နယ်စည်းရုံးရေးမှူးက  ဆယ်အိမ်မှူးလုပ်သူကို လက်ညှိုးထိုးပြီး
“ဆယ်အိမ်မှူးတောင် ပါနေတာ ခင်ဗျားတို့က ဘာကိုစိုးရိမ်စရာ လိုလို့လဲ။ ဘာလုပ်ပေးရမယ်လို့ မဟုတ်ပါဘူး။ ၀င်ထားရုံပါပဲ”
ဟု မလိမ့်တပတ်ပြောဆိုပြီး စည်းရုံးသဖြင့် အဖွဲ့ဝင်ဖြစ်သွားခဲ့ရသည်ဟုလည်း သိရှိရသည်။
အဆိုပါ စည်းရုံးသည့် အဖွဲ့က ပါလာသည့် ဒစ်ဂျစ်တယ် ကင်မရာဖြင့် အဖွဲ့ဝင်သူများအား ဓါတ်ပုံရိုက်ယူကာ ၊ မွေးသက္ကရာဇ်၊ အလုပ်အကိုင် လိပ်စာ အစရှိသည့် အချက်များကို ကောက်ယူပြီး လိပ်စာကဒ်အရွယ်ရှိ အစိမ်းရောင်ပြေး ရိုက်နှိပ်ထားသည့် ကဒ်ပြားတွင် လက်မှတ်ထိုးပေး လိုက်ရသည်ဟု ပြောပြသည်။
ယခုကဲ့သို့ စည်းရုံးခြင်းကို တအိမ်တက်ဆင်း လုပ်ဆောင်ခဲ့သည်ဟု လည်းရပ်ကွက်နေသူများက ပြောသည်။
ထို့ပြင် ရန်ကုန်မြို့ရှိ အနှိပ်ခန်းကဲ့သို့သော အစိုးရဥပဒေနှင့် မလွတ်ကင်းသည့် လုပ်ငန်းလုပ်ကိုင်နေသူများအား ကြံ့ဖွံ့ပါတီက အမာခံစာရင်းထဲ တည့်သွင်းထားခြင်း ခံရသည်ဟု အမည်မဖေါ်လိုသည့် အနှိပ်ခန်း မန်နေဂျာလုပ်ကိုင်သူ တဦးပြောဆိုသည်။
ကြံ့ဖွံ့အသင်းတွင် စည်းရုံးရေး တာဝန်ယူထားသူ ရန်ကုန် မြို့တော်ဝန် ဦးအောင်သိန်းလင်းက ယခုလို အမာခံ ၅၀၀ ရှာဖွေဖွဲ့စည်းစေခဲ့ခြင်း ဖြစ်သည်ဟုလည်း သိရှိရသည်။ အမာခံဟု စာရင်းထည့်သွင်းခံထားရသူများ အနေဖြင့် သက်ဆိုင်ရာ နယ်မြေ အာဏာပိုင်အဖွဲ့တဖွဲ့ဖြစ်သည့် ရဲတပ်ဖွဲ့နှင့် ပြေလည်အောင် ပေါင်းသင်းနေရသည့် အတွက် ယခုကဲ့သို့ ကြံ့ဖွံ့ပါတီအမာခံ အဖြစ်ထည့်သွင်းခံရ ခြင်းကို ငြင်းဆိုဖို့ မတတ်နိင်ခဲ့ဟုလည်း အဆိုပါ မန်နေဂျာက ပြောသည်။
ရန်ကုန်မြို့နေ လူထု အများစုမှာ ကြံ့ဖွံ့အဖွဲ့မှ စွမ်းအားရှင် ဆိုသည့်အဖွဲ့ကို ဖွဲ့စည်းပြီး ၂၀၀၇ ခုနှစ်ရွှေဝါရောင် တော်လှန်ရေးတွင် ရဟန်းသံဃာများအား ရိုက်နှက် သေကျေစေခဲ့သည့် အဖြစ်ကို မျက်မြင်တွေ့ဖူးခဲ့သဖြင့် ကြံ့ဖွံ့အဖွဲ့ သို့မဟုတ် ပါတီကို မ၀င်လိုကြဟုလည်း ဒဂုံမြို့သစ်တွင် နေထိုင်သူ တဦးကပြောဆိုသည်။
ကြံ့ဖွံ့အသင်း၏ ပါတီဝင်သစ် စုဆောင်းရေး အစီအစဉ်၌ ကြံ့ဖွံ့အဖွဲ့၏ မြို့နယ်အဆင့် တာဝန်ရှိသူ တဦးလျင် ပါတီဝင်သစ် လူ၅၀- ၁၀၀ စည်းရုံးပေးရမည်ဆိုသည့် ညျွန်ကြားချက်များလည်း ရှိနေသည်ဟု ရပ်ကွက်အတွင်း စည်းရုံးရေး ဆင်းသည့် ရ၀တအဖွဲ့ဝင် တချို့၏ ပြောဆိုချက်အရ သိရှိရသည်။
ရန်ကုန်မြို့တော်ဝန် ဖြစ်သူ ဦးအောင်သိန်းလင်း (ယခင်ဗိုလ်မှူးချုပ်)သည် ကြံ့ဖွံ့အဖွဲ့တွင်လည်း ရန်ကုန်တိုင်းစည်းရုံးရေး တာဝန်ရှိသူ တဦးဖြစ်သဖြင့် စည်ပင်သာယာ အဖွဲ့အနေဖြင့် ရန်ကုန်မြို့နေလူထုအတွက် လုပ်ဆောင်ပေးရမည့် လမ်းခင်းခြင်း၊ ရေဖြန့်ဝေခြင်း၊ စက်ရေတွင်းတူးခြင်းများကို ကြံ့ဖွံ့အသင်းမှ လူထုအတွက် လုပ်ဆောင်ပေးနေသယောင် ဆိုင်းဘုတ်များ အလံများတင်လွှင့်ပြီး လုပ်ဆောင်နေသည်မှာ နှစ်နှင့်ချီရှိနေသည်ကိုတွေ့ရှိရသည်။
ရန်ကုန်မြို့တွင် နေထိုင်သူများနှင့်  စီးပွားရေး လုပ်ကိုင်သူများထံမှ ကောက်ယူထားသည့် အခွန်အကောက်ငွေများဖြင့် လမ်းခင်းခြင်း၊ စက်ရေတွင်းတူးခြင်းကို ကြံ့ဖွံ့အသင်း သို့မဟုတ် ပါတီ စည်းရုံးရေး အတွက် လုပ်ဆောင်ခြင်းမှာ ရွေးကောက်ပွဲ ဥပဒေအရ တရားဝင် မ၀င်ကို အချို့သော နိုင်ငံရေး ဝေဖန်သူများက မေးခွန်းထုတ် ပြောဆိုသည်။

Comments